အပြင်ပန်းလက္ခဏာများသည် လှည့်ဖြားတတ်
“အပြင်ပန်းလက္ခဏာများကို စိတ်မချနိုင်” ဟုအိုင်ရစ်ပြဇာတ်ဆရာ ရစ်ချတ် ရှဲရီဒန်ပြောခဲ့သည်။ ဤစကားသည် လူနှင့်သစ်ပင်များနှင့်ပါ သက်ဆိုင်ပါသည်။
စီအီး ၃၃ မတ်လကုန်ခါနီးအချိန် တစ်နေ့သ၌ ဗေသနိရွာမှယေရုရှလင်မြို့သို့ တပည့်တော်များနှင့်အတူ ယေရှုခရစ်ခရီးသွားနေစဉ် သင်္ဘောသဖန်းပင်တစ်ပင်ကို တွေ့ မြင်တော်မူခဲ့သည်။ အရွက်ဝေဆာနေသော်လည်း အနီးကပ်ကြည့်သည့်အခါ အသီးလုံးဝမရှိသည်ကို တွေ့ခဲ့ရသည်။ ထိုကြောင့်ယေရှုက “ယခုမှစ၍အစဉ်မပြတ် သင်၏အသီးကို အဘယ်သူမျှမစားစေနှင့်” ဟုမိန့်တော်မူလေသည်။—မာကု ၁၁:၁၂-၁၄။
“သင်္ဘောသဖန်းသီးဆွတ်သောအချိန်ကာလမရောက်သေး” ဟုမာကုရှင်းပြထားလျက်နှင့် ထိုအပင်ကို ယေရှုအဘယ်ကြောင့်ကျိန်ဆိုခဲ့ရသနည်း။ (မာကု ၁၁:၁၃) အမှန်မှာ၊ သင်္ဘောသဖန်းပင်သည် အရွက်နှင့်ပြည့်စုံသောအခါ အသီးစောစောသီးတတ်ပါသည်။ ထိုအချိန်ပိုင်း၌ သင်္ဘောသဖန်းပင်ပေါ် အရွက်ရှိနေခြင်းသည် ထူးခြားပါသည်။ သို့သော်အရွက်ရှိနေသဖြင့် ယေရှုက သင်္ဘောသဖန်းသီးများရှိလိမ့်မည်ဟု ယူဆထိုက်ပေသည်။ (အထက်ပါရုပ်ပုံကိုရှု။) အပင်ပေါ်အရွက်သာရှိနေခြင်းက အသီးသီးလိမ့်မည်မဟုတ်ကြောင်း ထင်ရှားစေသည်။ ယင်း၏အပြင်ပန်းလက္ခဏာသည် လှည့်ဖြားမှုဖြစ်ခဲ့သည်။ အသီးပင်များကို အခွန်ခံယူလေ့ရှိ၍ အသီးမသီးသောအပင်သည် ငွေရေးကြေးရေးဘက် ဝန်ထုပ်ဝန်ပိုဖြစ်နေရာ ခုတ်ပစ်ဖို့သာကျန်တော့သည်။
ယုံကြည်ခြင်းနှင့်စပ်လျဉ်းပြီး အရေးကြီးသည့်သင်ခန်းစာတစ်ခုကို သွန်သင်ပေးရန် ထိုအသီးမသီးသောသင်္ဘောသဖန်းပင်ကို ပုံဥပမာအဖြစ် ယေရှုအသုံးပြုခဲ့တော်မူသည်။ နောက်နေ့တွင် ထိုအပင်သည်သွေ့ခြောက်နေသည်ကို တပည့်တော်များတွေ့ မြင်၍ အံ့သြသွားကြသည်။ သို့ဖြစ်၍ ယေရှု ဤသို့ရှင်းပြသည်။ “သင်တို့သည် ဘုရားသခင်ကိုယုံကြည်ခြင်းရှိကြလော့။ သင်တို့သည် ဆုကျေးဇူးကိုရမည်ဟု ယုံကြည်သောစိတ်နှင့်ဆုတောင်းသမျှတို့ကို ရကြလိမ့်မည်။” (မာကု ၁၁:၂၂-၂၄) ယုံကြည်စွာဆုတောင်းရန်လိုကြောင်း ဥပမာဖြင့်ရှင်းပြသည့်အပြင် ယုံကြည်ခြင်းမရှိသောလူမျိုးအား ဘာဖြစ်နိုင်သည်အကြောင်းကို သွေ့ခြောက်သောသင်္ဘောသဖန်းပင်က သရုပ်သကန်ပေါ်အောင်ဖော်ပြပါသည်။
သုံးနှစ်တိုင် အသီးမသီးခဲ့၍ ဆက်အသီးမသီးပါက ခုတ်လှဲပစ်ရမည့်သင်္ဘောသဖန်းပင်နှင့် ဂျူးလူမျိုးတူနေကြောင်း လွန်ခဲ့သောလအနည်းငယ်က ယေရှုခိုင်းနှိုင်းဖော်ပြခဲ့သည်။ (လုကာ ၁၃:၆-၉) ယေရှုမသေမီ လေးရက်အလိုလေးတွင်ပင် သင်္ဘောသဖန်းပင်ကိုကျိန်ဆိုခြင်းအားဖြင့် ဂျူးလူမျိုးသည် နောင်တတရားနှင့်ဆိုင်သောအသီးများကို မသီးသည့်အတွက် ဖျက်ဆီးခံထိုက်ကြောင်း ကိုယ်တော်ရှင်းပြခဲ့သည်။ ထိုလူမျိုးသည် သင်္ဘောသဖန်းပင်ကဲ့သို့ပင် အပြင်ပန်းလက္ခဏာပုံစံအရ ကျန်းမာသန်စွမ်းပုံရှိသော်လည်း အနီးကပ်၍အသေအချာလေ့လာကြည့်သော် မေရှိယကိုငြင်းပယ်သည်အထိ ယုံကြည်ခြင်းအားနည်းနေကြောင်း ထင်ရှားပါသည်။—လုကာ ၃:၈၊ ၉။
ယေရှု၏တောင်ပေါ်ဒေသနာတွင် ကိုယ်တော်က “မိစ္ဆာပရောဖက်” ကိုသတိပြုကြရန် ဤသို့မှာကြားခဲ့သည်။ “ထိုသူတို့၏အကျင့်ကိုထောက်၍ သူတို့၏သဘောကိုသိကြလိမ့်မည်။ ဆူးပင်၌ စပျစ်သီးကိုဆွတ်တတ်သလော။ ဆူးလေပင်၌ သင်္ဘောသဖန်းသီးကိုဆွတ်တတ်သလော။ ကောင်းသောအပင်သည် ကောင်းသောအသီး၊ မကောင်းသောအပင်သည် မကောင်းသောအသီးကိုသီးတတ်၏။ ကောင်းသောအပင်သည် မကောင်းသောအသီး၊ မကောင်းသောအပင်သည် ကောင်းသောအသီးကိုမသီးနိုင်။ ကောင်းသောအသီး မသီးသောအပင်ရှိသမျှတို့ကို ခုတ်လှဲ၍ မီးထဲသို့ချလိုက်တတ်၏။ သို့ဖြစ်လျှင် ထိုပရောဖက်တို့၏အကျင့်ကိုထောက်သော် သူတို့၏သဘောကိုသိရကြလိမ့်မည်။” (မဿဲ ၇:၁၅-၂၀) ယေရှု၏ ဤမှာကြားချက်နှင့် ကျိန်ဆိုခံရသောသင်္ဘောသဖန်းပင်အကြောင်းက ဝိညာဉ်ရေးအရလည်း ကျွန်ုပ်တို့သတိရှိရန်လိုကြောင်း အတိအလင်းဖော်ပြပါသည်။ အကြောင်းမူကား၊ ဘာသာရေးအပြင်ပန်းလက္ခဏာများသည်လည်း လှည့်ဖြားတတ်ပါသည်။