နမီးဘီးယားနိုင်ငံ—တွင် သွန်သင်ပေးခြင်း
“ကျွန်ုပ်မသိပါ” ဟူသောအသုံးအနှုန်းကို သင်ဘာသာစကားမည်မျှဖြင့်ကြားဖူးသနည်း။“ဟီး နိုကူသူဗား” ဟူ၍ရိုးရာသင်တိုင်းရှည်နှင့် ချိုပုံစံခေါင်းအုပ်ကို ဝတ်ဆင်ထားသော ဟရဲရိုအမျိုးသမီးကပြောသည်။ “ ငီ ဥဒီတေကို ” ဟုကွမ်ယာမာ လုံမလေးက အပြုံးကလေးဖြင့် ပြောပါသည်။ “ကန်ဒူဗီတေ ကို ” ဟူ၍ ငုံဂါရွာသားက ပခုံးတွန့်ကာဖြေဆိုသည်။ “ကာပီး နာ ကုဇူးဗား” ဟုကွမ်ဂါလီ ဆိတ်ကျောင်းသားပြောလိုက်သည်။
ဤသူအပေါင်းတို့က “ကျွန်ုပ်မသိပါ” ဟုဆိုနေကြပါသည်။ စတုရန်းမိုင် ၃၁၈,၀၀၀ ခန့်ရှိဤကြီးမားသောအရပ်ဒေသတွင်နေထိုင်သူ လူဦးရေ ၁,၃၇၀,၀၀၀ ထံသတင်းကောင်းရောက်စေရန် နမီးဘီးယားနိုင်ငံရှိ ယေဟောဝါသက်သေများ ကြုံတွေ့ရသည့် ဘာသာစကားပြဿနာ မည်မျှကြီးမားသည်ကို ယင်းက ကောင်းစွာဖော်ပြပါသည်။
စဉ်းစားကြည့်ပါလေ။ နမီးဘီးယားနိုင်ငံတွင်နေထိုင်သော ဟရဲရိုနှင့်နာမာလူမျိုးသာမက အိုဘန်ဘို၊ ကဗန်ဂို၊ စဝါနာ၊ ကပရီဗီရန်၊ ဟီဗာ၊ တောတွင်းသား၊ ဒမာရာအမျိုးအနွယ်တို့မှာ ကိုယ်စီကိုယ်င သီးခြားဘာသာများပြောဆိုကြပါသည်။ သက်သေခံများတွင်မူ အင်္ဂလိပ်နှင့်အဲဖရီကမ်စ္စ ဘာသာစကားဖြင့် ထုတ်ဝေထားသောစာပေများသာ ရှိကြသည်။ ထိုကြောင့်သမ္မာတရားကိုလူအများ သဘောပေါက်နားလည်လာရန် ဘာသာပြန်ခြင်းလုပ်ငန်းသည် အလွန်အရေးပါနေကြောင်း ထင်ရှားပါသည်။ ယင်းဘာသာပြန်လုပ်ငန်းကို ထိုစဉ်က အနောက်တောင်အာဖရိကအမည်ရှိနိုင်ငံ၏ မြို့တော်ဖြစ်သော ဝင်ဒ်ဟိုခ်မြို့တွင် နှစ်ပေါင်းများစွာအချိန်က အနည်းအကျဉ်းစတင်ခဲ့ပါသည်။
“ဝင်ဒ်ဟိုခ်မြို့တွင် ကျွန်ုပ်တို့၏သက်သေခံခြင်းလုပ်ငန်းကို ဘာသာရေးနှင့်ရဲအဖွဲ့မှ အတိုက်အခံပြုမှုကို အပြင်းအထန်ခံခဲ့ရသည်” ဟုဒစ်ခ် ဝေါလ်ဒရင် နောက်ကြောင်းပြန်ပြောပြသည်။ သူ၏ဇနီးဖြစ်သူ ကောရလီနှင့်အတူ ဂိလဒ်ခေါ် ကင်းမျှော်စင်ကျမ်းစာကျောင်းဆင်းအဖြစ် ၁၉၅၃ ခုနှစ်က ဤနိုင်ငံသို့သူရောက်ရှိခဲ့သည်။ “လူမည်းများနေထိုင်ရာဒေသများသို့ ကျွန်ုပ်တို့သွားခွင့်မရရှိခဲ့ပါ။ လူမည်းတို့နှင့် စကားပြောဆိုနေသည်ကိုတွေ့ရှိခဲ့လျှင် ကျွန်ုပ်တို့သည်တိုက်ခိုက်နှောင့်ယှက်ပေးခြင်းခံခဲ့ရသည်။ နောက်ဆုံးတွင် အနှောင့်အယှက်ပေးမခံရသည့်အရပ်ဖြစ်သော ဂမ်မင်းစ်မြစ်၏ ခြောက်သွေ့နေသည့်မြစ်ကြမ်းပြင်ကို တွေ့ရှိခဲ့သည်။ ထိုအရပ်မှာ မြို့ ပြင်တွင်ရှိသည်။ ထနောင်းပင်များအောက် မမြင်သာသောနေရာများတွင်နေ၍ ကျမ်းစာသင်အံမှုများကျင်းပခဲ့ကြပါသည်။”
ဒေသခံဘာသာစကားများသို့ ကင်းမျှော်စင်အသင်း၏စာပေများကို ဤနေရာတွင်ပင် ဦးဆုံးဘာသာပြန်ဆိုခဲ့ပါသည်။ ယင်းတို့တွင် ကွမ်ယာမာစကားဖြင့် ဝေစာအနည်းငယ်၊ နာမာစကားဖြင့် “နိုင်ငံတော်နှင့်ယှဉ်သော ဤသတင်းကောင်း” တို့ပါဝင်ပါသည်။ စိတ်ဝင်စားသူတစ်ဦးအကူအညီဖြင့် ဤစာအုပ်ငယ်လေးကိုဘာသာပြန်နေစဉ် ကြုံတွေ့ခဲ့ရသော ရယ်ရွှင်စရာအတွေ့အကြုံတစ်ခုကို ညီအစ်ကိုဝေါလ်ဒရင် သတိပြန်ရပါသည်။ “အာဒံသည် စုံလင်သောလူသားဖြစ်သည်” ဟူသောဝါကျအတွက် နာမာစကားဖြင့် တူညီသောစကားအသုံးအနှုန်းရှာမတွေ့နိုင်သည့်အတွက် စိတ်ဝင်စားသူက “အာဒံသည် မှည့်ရွှမ်းသောမက်မွန်သီးနှင့်တူသည်ဟူ၍သာ ရေးလိုက်ပါ။ သူစုံလင်သည်ဟု နာမာလူမျိုး သဘောပေါက်ပါလိမ့်မည်” ဟုပြောပါသည်။ ဤနည်းဖြင့် နမီးဘီးယားတိုင်းရင်းသားရှိ လူအများကို ကျမ်းစာပညာစသွန်သင်ပေးခဲ့ပါသည်။—ဒံယေလ ၁၁:၃၃ နှိုင်းယှဉ်။
မှတ်သားလောက်သည့်အဖြစ်အပျက်သို့ ရောက်ရှိခြင်း
ထာဝရအသက်သို့ပို့ဆောင်သောသမ္မာတရား စာအုပ်ကို ၁၉၇၀ ပြည့်လွန်နှစ်အစောပိုင်းတွင် ငုံဂါနှင့်ကွမ်ယာမာဘာသာစကားသို့ပြန်ဆိုခဲ့ချိန်သည် မှတ်သားလောက်သည့်အချိန်ဖြစ်သည်။ ယင်းတို့သည် ဝင်ဒ်ဟိုခ်မြို့၏မြောက်ဘက် မိုင်ပေါင်း ၄၅၀ ခန့်ရှိ အိုဘန်ဘိုနယ်မြေတွင်နေထိုင်သော နမီးဘီးယားနိုင်ငံသားအများစုပြောဆိုသည့် အဓိကဘာသာစကားနှစ်ရပ်ဖြစ်သည်။ ထိုအခါ အိုဘန်ဘိုနယ်မြေရှိ မြို့သစ်ဖြစ်သော အောန်ဒန်ဝါအရပ်တွင် ရှေ့ဆောင်အိမ်စဖွင့်လိုက်သည်။ ကင်းမျှော်စင် ကိုအခြေခံ၍ ပတ်စဉ်ကျမ်းစာဆွေးနွေးခန်းမှ ဤအရပ်ဒေသရှိ စိတ်ဝင်စားသူများ အကျိုးခံစားရစေရန် အိုဘန်ဘိုနယ်မြေတွင် အမှုဆောင်သောအထူးရှေ့ဆောင်များတာဝန်မှာ အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေထားသည့် လေ့လာရာဆောင်ပါးများ၏အကျဉ်းချုပ်ကို ငုံဂါနှင့်ကွမ်ယာမာဘာသာစကားသို့ ပြန်ဆိုပေးရန်ဖြစ်သည်။
ဘာသာပြန် “ဌာန” မှာမော်တော်ကားရုံ၌ အခန်းဖွဲ့ ထားသည့်ထောင့်တစ်ထောင့်ဖြစ်သည်။ ဤတွင် ဘာသာပြန်ပြီးသား ကင်းမျှော်စင်ဆောင်းပါးများကို မိတ္တူကူးစက်ဟောင်းတစ်ခုမှ ထုတ်ပေးပါသည်။ ထိုစဉ်ကအခြေအနေများမှာ အရိုင်းသက်သက်ဖြစ်နေသေး၍ နွေအခါတွင် အပူချိန်မှာ ၁၀၀ မှ ၁၁၀ ဒီဂရီ ဖာရင်ဟိုက်ရှိသည့်အတွက် ဤလိုအပ်လျက်နေသောလုပ်ငန်းပေါ်အာရုံပြုရန် မလွယ်ကူလှခဲ့ပါ။ မည်သို့ဆိုစေကာမူ ဤနေရာတွင်ပင် ဘရိုရှာအသစ်များနှင့် သင်သည် ကမ္ဘာ့ပရဒိသုတွင် ထာဝစဉ်အသက်ရှင်နိုင်သည် စာအုပ်ကိုဘာသာပြန်ခဲ့ပါသည်။
အိုဘန်ဘိုနယ်မြေနှင့်နမီးဘီးယားနိုင်ငံတစ်လျှောက် အခြားဒေသများတွင် အသင်းတော်များတည်ထောင်ပေးရာတွင် လက်သင့်ခံတုံ့ပြန်မှုများပြားလှသဖြင့် အိမ်ဝင်းခြံပိုကျယ်ကျယ်၊ သာ၍ကောင်းသောနေရာများ လိုအပ်လာသည်။ ထို့ပြင်နိုင်ငံတွင်းရှိ အခြားဒေသများ၏လိုအပ်ရာများကို ဖြည့်စွက်ပေးနိုင်ရန် သာ၍ဗဟိုကျသောနေရာတစ်ခု လိုအပ်နေသည်။ ဤအတောအတွင်း ဘုရားသခင်နိုင်ငံတော်သတင်းကောင်းဟောပြောခြင်းလုပ်ငန်းကို မကြိုက်သည့်သဘောထားလည်း လျော့နည်းလာသည်။ သို့နှင့်ဝင်ဒ်ဟိုခ်မြို့မှ ယေဟောဝါသက်သေတစ်ဦး လှူဒါန်းသည့်မြေကွက်ကြီးတစ်ခုပေါ် အဆောက်အဦစတင်ဆောက်ခွင့်ပြုရန်အမိန့်ကို လျှောက်ယူခဲ့၍ရရှိသည်နှင့်မကြာမီပင် စေတနာ့ဝန်ထမ်းလုပ်သား ၄၀ ကျော်တို့ကို ထိုမြေကွက်တွင် နေရာထိုင်ခင်းဆောက်လုပ်ပေးခဲ့သည်။ ထိုနောက် ဒီဇင်ဘာ ၁၉၉၀ တွင်ဘာသာပြန်ဌာန ဆောက်ပြီးသွားပါသည်။
ယခုဤခေတ်မီတိုက်အိမ်ကြီးတွင် နေပျော်ဖွယ်ကောင်းသောရုံးခန်းများ၌ လူအများအားသွန်သင်ပေးခြင်းလုပ်ငန်းနှင့်စပ်လျဉ်းသည့်အလုပ်ကို ဆောင်ရွက်နေပါသည်။ ဟရဲရိုနှင့်ကွမ်ဂါလီဘာသာစကားဖြင့် စာပေအသစ်များကို မှန်မှန်ထုတ်ဝေပေးနေပါသည်။ ငုံဂါနှင့်ကွမ်ယာမာဘာသာစကားဖြင့် ကင်းမျှော်စင် ဆောင်းပါးများကို လစဉ်ထုတ်မဂ္ဂဇင်းတစ်စောင်တည်းတွင် ယခုရောင်စုံဖြင့်ထုတ်ဝေပေးနေပါပြီ။ ထိုတွင် လေ့လာရန်ဆောင်းပါးအားလုံးအပြင် အခြားဆောင်းပါးများလည်း ပါဝင်သည်။ ဤမည်ကား လွန်ခဲ့သောနှစ်ပေါင်းများစွာက မြစ်၏ ခြောက်သွေ့နေသည့်မြစ်ကြမ်းပြင်၌ စတင်ခဲ့သည့်မူလအစနှင့် အခြားကြီးခြားနားပါသည်။
ယခု “ကျွန်ုပ်မသိပါ” ပြောဆိုသံ မကြားရသလောက်ဖြစ်ပါသည်။ ယင်းအစား နမီးဘီးယားနိုင်ငံရှိ ယေဟောဝါသက်သေ ၆၀၀ ကျော်တို့သည် ကောင်းကင်ခမည်းတော်ကို အလွန်ကျေးဇူးတင်စွာဖြင့် ဤသို့ချီးမွမ်းထောမနာပြုနိုင်ကြပါသည်။ “နှုတ်ကပါဌ်တော်ကိုဖွင့်ပြခြင်းသည် အလင်းကိုပေး၍ မလိမ္မာသောသူတို့ကို လိမ္မာစေတတ်ပါ၏။”—ဆာလံ ၁၁၉:၁၃၀။
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]
ဟရဲရိုလူများကြား သတင်းကောင်းကြွေးကြော်နေခြင်း
နမီးဘီးယားနိုင်ငံသားများအကျိုးအလိုငှာ ခရစ်ယာန်စာပေများကို ဘာသာပြန်ခြင်း
နမီးဘီးယားနိုင်ငံရှိ ဘာသာပြန်ဌာနများ