ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၂ ၁၀/၁၅ စာ. ၂၄-၂၇
  • ရေပေါများသည့်ရွာတွင် သမ္မာတရားအမြစ်စွဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရေပေါများသည့်ရွာတွင် သမ္မာတရားအမြစ်စွဲ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ရာဗေ၌ ယခင်နှင့်ယခု တွေ့ဆုံခြင်း
  • ရာဗေရွာသို့ သမ္မာတရားရေ ရောက်လာ
  • တိုးတက်မှုကြောင့် အတိုက်အခံတွေ့ရှိ
  • သမ္မာတရားသည် ရာဗေရွာ၌ အမြစ်စွဲ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
က၉၂ ၁၀/၁၅ စာ. ၂၄-၂၇

ရေပေါများသည့်ရွာတွင် သမ္မာတရားအမြစ်စွဲ

ထူးဆန်းလှပါပေသည်။ ရေပေါများပါသည်ဟု ကျော်ကြားသောနယ်မြေတွင် ငတ်ပြတ်မွတ်သိပ်နေသည်။ ရေပေါများသောအရပ်ဒေသသည် ခြောက်သွေ့ပတ်ကြားအက်ကွဲနေသည်။ ဤသို့သောငတ်ပြတ်မှုကို ဘုရားသခင့်နှုတ်ကပါဌ်တော်သမ္မာကျမ်းစာမှ သမ္မာတရားရေသာ အာသာပြေစေနိုင်မည်။ ဤတွင် ဘေရွတ်မြို့မှ မိုင် ၈၀ ဝေးသော လက်ဘနွန်နိုင်ငံ၏မြောက်ဘက်ရှိ တောင်တန်းဒေသတွင်တည်ရှိသော လူဦးရေ ၂,၂၀၀ ရှိရာဗေရွာကလေးအကြောင်း ပြောပြနေပါသည်။

ရာဗေဟူသည် အာရပ်စကားအရ “ကျယ်ဝန်းသောအရပ်” ဖြစ်၍ “အလွန်ကျယ်ပြန့်သည်၊ ဖြာထွက်သည်” ဟူ၍အဓိပ္ပာယ်ရှိသော ရှေမစကားမှထွက်ပေါ်လာသည်။ ထိုအတိုင်းပင် ယင်းရွာကလေးသည် ပင်လယ်ရေမျက်နှာပြင်မှ ပေ ၂,၀၀၀ ခန့်မြင့်သောတောင်နှစ်လုံးပေါ် တည်ရှိပါသည်။ ဆောင်းနှင့်နွေဦးပိုင်းရာသီတွင် အရှေ့ဘက်ရှိ တောင်များပေါ် နှင်းခဲများကျနေသည်ကိုတွေ့ရှိရသည်မှာ ထည်ဝါခန့်ညားလှပေသည်။ အထူးသဖြင့် ရာဗေသည် ရေပေါများသောရွာဖြစ်သည်။ ထိုဒေသ၌ မြစ်ချောင်းကြီးငယ် စုစုပေါင်း ၃၆၀ ရှိရာ ဝန်းကျင်ရှိချိုင့်ဝှမ်းများ၌ ဂျုံစပါး၊ တရုတ်ဆီးသီး၊ သစ်တော်သီး၊ မက်မွန်သီးနှင့် စပျစ်သီးစိုက်ပျိုးရေးအတွက် ရေကောင်းစွာရရှိစေသည်။

ရာဗေ၌ ယခင်နှင့်ယခု တွေ့ဆုံခြင်း

ကျမ်းစာခေတ်ကတည်းကအခြေအနေများသည် ရာဗေရွာ၌ အပြောင်းအလဲမရှိလှပါ။ အိမ်ခြေများသည် နီးကပ်စွာဆောက်ထားသည်။ လမ်းများသည် ကျဉ်းမြောင်း၍ကွေ့ပတ်သွားသည်။ မြည်းနှင့်နွားများမှအစ လူသွားလူလာများပါသည်။ မော်တော်ကား အနည်းအကျဉ်းရှိသော်လည်း တိရစ္ဆာန်များကို ဦးစားပေးရပါသည်။ တိရစ္ဆာန်ပိုင်ရှင်များသည် သူတို့အပေါ်ကုန်များတင်ကာ လယ်ကွင်းမှ သူတို့ဖာသာအိမ်ပြန်သွားရန် စေလွှတ်လေ့ရှိကြသည်။ တိရစ္ဆာန်များကလည်း လမ်းကျဉ်းအတိုင်း သူ့လမ်းသူရှာပြီး အိမ်ပြန်သွားတတ်ကြသည်။ ဟေရှာယက “နွားသော်လည်း မိမိအရှင်ကိုသိ၏။ မြည်းသော်လည်း မိမိသခင်၏မြည်းဇောင်းကိုသိ၏” ဟုဆိုရာတွင် ဤအခြေအနေနှင့် အလားတူဖြစ်မည်လော။—ဟေရှာယ ၁:၃။

ရာဗေရွာသည် ခြားနားမှုများသောရွာကလေးလည်းဖြစ်သည်။ ဤရွာတွင် တက္ကသိုလ်ကျောင်းဆင်းများနှင့် မြို့ ကြီးကို မရောက်ဖူးသည့် ရွာသားများကိုပါ တွေ့ရှိနိုင်မည်။ ဥယျာဉ်ခြံများအလယ် အိမ်ကြီးအိမ်ကောင်းများကို တွေ့ရှိရသည်နည်းတူ မွေးမြူထားသောတိရစ္ဆာန်များ ပြေးလွှားသွားလာနေသည့် တဲအိမ်ငယ်များလည်း ရှိပါသည်။ အိမ်တိုင်းနီးပါးတွင် လျှပ်စစ်ပစ္စည်းများတပ်ဆင်ထားကြသော်လည်း လျှပ်စစ်မီးမရသည်ကား များပါသည်။ ယင်းကြောင့် အိမ်တော်တော်များများတွင်မီးစက်များ ရှိသည်။ ရွာ၏လမ်းမကြီးများကို ကျောက်ခင်းထားသော်လည်း လယ်တောသို့ထွက်သောလမ်းများမူကား ကျောက်မခင်းဘဲ လမ်းကြမ်းပါသည်။ ယင်းကြောင့် လယ်ကွင်းမှထွက်ကုန်များကို အိမ်မွေးတိရစ္ဆာန်များဖြင့် သယ်ယူပို့ဆောင်ကြသည်။ လယ်ကွင်းများတွင် ကျွဲနွားတိရစ္ဆာန်များနှင့်အတူ တွဲဖက်အသုံးပြုကြသည့် လယ်ထွန်စက်ကြီးစက်ငယ်များကို ဓာတ်အားပေးရန် မီးစက်များကို မြည်းများပေါ်တင်ပြီး သယ်ယူပို့ဆောင်သည်ကိုပင် တွေ့ရှိနိုင်မည်။

ထိုနည်းထပ်တူပင် ရွာ၏နေထိုင်မှုသည်လည်း ပြောင်းလဲခြင်း မရှိလှပေ။ ရွာတွင်ညဉ့်အိပ်မည်ဆိုလျှင် နံနက်နှစ်နာရီသုံးနာရီအချိန်တွင် ကြက်တွန်သံကြား၍ နိုးသွားပေမည်။ နေ့စဉ်လုပ်ငန်းဆောင်တာများကို စောစီးစွာလုပ်ကိုင်တတ်ကြသဖြင့် တိရစ္ဆာန်များကို အသင့်ပြင်ဆင်ပေးစဉ် အချင်းချင်းတစ်ယောက်ကိုတစ်ယောက် အမှောင်ထဲစကားလှမ်းပြောဆိုနေကြသည်ကို မအံ့သြသင့်ပေ။ ဝေလီဝေလင်းအချိန်တွင်ပင် ရွာသားအများသည် တိရစ္ဆာန်များပေါ်ကုန်စည်များတင်ပြီးသားဖြစ်၍ လယ်ကွင်းသို့လည်းကောင်း၊ ဈေးမှာ ပစ္စည်းများရောင်းချဖို့လည်းကောင်း သွားနေကြသည်ကိုတွေ့ရှိလိမ့်မည်။

နေထွက်လာသည်နှင့် ကလေးငယ်များ လမ်းပေါ်ထွက်လာကာကစားကြသည်ကို တွေ့ရှိရလိမ့်မည်။ “မြို့လမ်းတို့သည်လည်း ကစားသောသူငယ်ယောက်ျားမိန်းမတို့နှင့် အပြည့်ရှိကြလိမ့်မည်” ဟုရှေးယေရုရှလင်မြို့အကြောင်း ဇာခရိဖော်ပြခဲ့သကဲ့သို့ပင် သူတို့၏ကစားသံ၊ ရယ်မောသံများ ကြားနေရကြသည်။ (ဇာခရိ ၈:၅) ရွာသားများသည် အလွန်ဖော်ရွေသည်သာမက စူးစမ်းသိချင်စိတ်များကြသည်။ တွေ့သမျှသူတို့သည် သင်မည်သူဖြစ်ကြောင်း၊ အဘယ်အရပ်မှလာကြောင်း၊ အဘယ်အတွက်လာရောက်နေကြောင်း၊ အဘယ်အရပ်သို့သွားမည်ဖြစ်ကြောင်း သိလိုသူများဖြစ်ကြရာ လူတိုင်းကို သင်နှုတ်ဆက်စကားပြောရလိမ့်မည်။ အချင်းချင်းတစ်ယောက်အကြောင်းတစ်ယောက် သိကြ၍ ခင်မင်ရင်းနှီးကြပါသည်။

ရာဗေရွာသို့ သမ္မာတရားရေ ရောက်လာ

ဤမျှရင်းနှီးခင်တွယ်သောအရပ်တွင် သတင်းပျံ့ရန်လွယ်ကူပါသည်။ ၁၉၂၃ ခုနှစ်တွင် အမေရိကန်ပြည်မှ ရာဗေရွာသို့ အာစပ်ဒ် ယူနစ္စပြန်ရောက်ရှိလာသောအခါ ထိုအတိုင်းဖြစ်ခဲ့သည်။ အမေရိကန်ပြည်တွင် သူငယ်ချင်းအာစပ်ဒ် သူဌေးဖြစ်လာမလာသိချင်စိတ်ဖြင့် အာဗဒလာ ဘလဲလ်သည် သူ့ထံအလည်သွားသည်။ ငွေအကြောင်းပြောမည့်အစား အာစပ်ဒ် က The Harp of God စာအုပ်ကိုပေးပြီး “ဒီမှာ စစ်မှန်သောစည်းစိမ်ရှိတယ်” ဟုပြောပါသည်။ ပရိုတက်စတင့်ဖြစ်သူ အာဗဒလာသည် ဤကျမ်းစာအခြေခံသည့်စာအုပ်ကိုဖတ်ရှုပြီးနောက် အလွန်နှစ်သက်သဘောကျသွားပါသည်။ သိရှိထားသည့်အကြောင်းကို အာစပ်ဒ်ကိုယ်တိုင် များစွာလုပ်ဆောင်ခြင်းမရှိသော်လည်း အာဗဒလာမူကား ထိုတရားကြောင့် အလွန်စိတ်တက်ကြွကာ မိမိသမ္မာတရားတွေ့ရှိပြီဟု လိုက်လံပြောဆိုပါသည်။

နောက်များမကြာမီ အာဗဒလာသည် လက်ဘနွန်မြောက်ပိုင်းရှိ တြီပိုလီမြို့ ကြီးသို့ရွှေ့ပြောင်းနေထိုင်ခဲ့သည်။ ထိုတွင် ထိုစဉ်ကယေဟောဝါသက်သေများအားခေါ်လေ့ရှိသည့် ကျမ်းစာကျောင်းသားအချို့နှင့်တွေ့ဆုံကာ ကျမ်းစာလေ့လာမှုတွင် တိုးသိနားလည်မှုရရှိခဲ့သည်။ ထိုနောက် မိမိသိရှိခဲ့သောသတင်းကောင်းကိုဟောပြောခြင်းငှာ ရာဗေရွာသို့ ပြန်ပြောင်းလာခဲ့သည်။ သုံးပါးတစ်ဆူ၊ လူ၌ ဝိညာဉ်စိုးလ်ရှိမရှိ၊ မီးငရဲ၊ ဓမ္မဆရာအတန်းအစား၊ မာ့စ်ပွဲ အစရှိသည့်အကြောင်းများကို ရွာသူရွာသားများနှင့်ဆွေးနွေးပြီး ကျမ်းစာ၏သွန်သင်ချက်များကို တင်ပြပြောဆိုပေးပါသည်။

ရွာသားအချို့လည်း စိတ်ဝင်စားကြသည်။ အာဗဒလာနှင့်အတူ သုံးလေးဦးတို့သည် ဟောပြောကြသည်။ ထိုနောက် တနင်္ဂနွေနေ့တွင် စည်းဝေးများကျင်းပကြသည်။ စည်းဝေးတွင် ဓာတ်ပြားမှ ဟောပြောချက်တစ်ခု သို့မဟုတ် ကျမ်းချက်ဖတ်ပြခြင်းကို နားထောင်ကြပြီး ယင်းကိုဆွေးနွေးလေ့ရှိသည်။ နောင်တွင် ကျမ်းစာလေ့လာရေးအတွက်ဖြစ်သည့် The Harp of God Riches နှင့် “ဘုရားသခင်၏သစ္စာတော်သည် တည်စေသတည်း” အစရှိသောစာအုပ်များကို လေ့လာကြသည်။ တက်ရောက်သူ ဆယ်ဦးထက်မကျော်ပါ။ အများကလည်း စိတ်ဝင်စားသည်ထက် စူးစမ်းသိချင်ကြသည်က များပါသည်။ အချို့ဆိုလျှင် စည်းဝေးပြီးတိုင်း ကျွေးမွေးသည့်အစာအတွက်သာ လာကြပါသည်။

၁၉၄၀ ပြည့်လွန်နှစ်များတွင် အာဗဒလာ ဘလဲလ်သည် ရာဗေရွာမှအုပ်စုငယ်ကို တာဝန်ယူကြီးကြပ်ခွင့်ရရှိခဲ့သည်။ သူသည် ဇွဲရှိသော ယေဟောဝါ၏သစ္စာရှိကျေးကျွန်ဖြစ်ပြီး ပုံသက်သေကောင်းပြသူလည်းဖြစ်သည်။ အုပ်စုအဝင် ညီအစ်ကို မာတာရ်က သူတို့၏ဟောပြောခြင်းလုပ်ငန်းအကြောင်း ဤသို့ပြောပြပါသည်။ “ထိုစဉ်က ကားမရှိသည့်အတွက် ညီအစ်ကိုဘလဲလ်နှင့်ကျွန်တော် အနီးအနားရွာများထံ ခြေလျင်သွား ဟောပြောကြသည်။ ဓာတ်စက်ကို ကျွန်တော်သယ်ပြီး ညီအစ်ကိုဘလဲလ်သည် ဦးဆောင်ဟောပြောပါသည်။ အိမ်သို့မပြန်လာဘဲ နှစ်ရက်သုံးရက် ခရီးထွက်လေ့ရှိသည်။” ၁၉၇၉ ခုနှစ်တွင် အသက် ၉၈ နှစ်အရွယ်ရှိ ညီအစ်ကိုဘလဲလ်သည် ယေဟောဝါအားသစ္စာတည်ကြည်စွာ သေဆုံးသွားပါသည်။

တိုးတက်မှုကြောင့် အတိုက်အခံတွေ့ရှိ

လုပ်ငန်းတိုးတက်လာသည်နှင့်အမျှ ညီအစ်ကိုများ အတိုက်အခံကြုံတွေ့ရသည်။ ၁၉၅၀ ခုနှစ်တွင် ရွာမှဓမ္မဆရာ၏တိုက်တွန်းမှုဖြင့် ရာဗေရွာရှိ ညီအစ်ကိုများကို ညှဉ်းပန်းနှိပ်စက်ကြလေသည်။ ဓမ္မဆရာက ညီအစ်ကိုများသည် ချာ့ချ်ကိုညစ်ညူးစေသည်ဟု မတရားစွပ်စွဲသည်။ ရွာသားအချို့မှာ ဒေါသပြင်းထန်စွာနှင့် ညီအစ်ကိုများကို ခဲနှင့်ပေါက်ကြသည်။ ညီအစ်ကိုအချို့ကိုဖမ်းဆီးပြီးထောင်ချကြသည်။ သို့ရာတွင် နောက်ပိုင်းစစ်ဆေးမေးမြန်းချက်အရ စွပ်စွဲချက်များသည် မမှန်ကန်ကြောင်းပေါ်သွားပါသည်။ သို့နှင့်ပင် ညီအစ်ကိုများကို ရက်အနည်းငယ် ထောင်ချထားပါသေးသည်။

သူတို့၏အိမ်များသို့ ညီအစ်ကိုများထပ်ခါတလဲလည်ပတ်ကာ အနှောင့်အယှက်ပေးသည်ဟုဆိုပြီး အခြားအခြားစွပ်စွဲချက်များကို ရေးဆွဲထားသည့်စာရွက်စာတမ်းတစ်ခုကို အခြားအတိုက်အခံပြုသူတစ်ဦး ရေးသားပြုစု၍ စာပေကောင်းစွာ မတတ်မြောက်သူများဖြစ်ကောင်းဖြစ်မည့် ရွာသားအချို့ကို လက်မှတ်ရေးထိုးစေခဲ့သည်။ ဤစာကို လူများများလက်မှတ်ရေးထိုးပေးရန်အလို့ငှာ လုပ်သားတစ်ဦးအား ရွာသို့ပြန်ရွှေ့ပြောင်းပေးရန်အတွက် လျှောက်လွှာဖြစ်သည်ဟု သူပြောပါသည်။ လက်မှတ်ရေးထိုးသူများက ထိုစာတမ်းသည် အမှန်မှာ သက်သေခံများကိုစွပ်စွဲခြင်းဖြစ်ကြောင်း သိရှိလေသော် သူတို့လက်မှတ်များကို ဖျက်ပစ်လိုက်ကြပါသည်။ ဤကဲ့သို့သောအဖြစ်အပျက်များကြောင့် ထိုဒေသမှ အရာရှိတို့ရှေ့ကောင်းစွာ သက်သေခံခွင့်ရရှိခဲ့သည်။

ဤသို့သောဗြောင်အတိုက်အခံပြုမှုကို ရင်ဆိုင်ရသည့်အပြင် ညီအစ်ကိုများသည် အခြားအတားအဆီးတစ်ခုကို ကြုံတွေ့ရသည်။ တစ်ယောက်ကိုတစ်ယောက် သိကျွမ်းသည့် ဤကဲ့သို့သောရွာငယ်ကလေးတစ်ရွာတွင် သု၊ ၂၉:၂၅ ၌ကျမ်းစာဖော်ပြသည်အတိုင်း “လူကိုကြောက်ရွံ့ ခြင်းသဘောသည် ကျော့ကွင်းကိုထောင်တတ်၏။” အမြဲအပြစ်တင်ကဲ့ရဲ့တတ်သော အိမ်နီးနားချင်း၊ မိတ်ဆွေသူငယ်ချင်းနှင့် ဆွေမျိုးတို့အား ဟောပြောသက်သေခံရန် ညီအစ်ကိုများ၌ သတ္တိရှိရပေမည်။ ထိုကြောင့် မဿဲ ၁၀:၃၆ ပါ “ကိုယ်အိမ်သူအိမ်သားတို့သည်လည်း ကိုယ်ရန်သူဖြစ်ကြလိမ့်မည်” ဟူသောယေရှု၏စကားသည် အလွန်မှန်ကန်နေသည်။ သို့ဖြစ်၍ပင် ပညာရှိစကားက ဆက်ပြောသည်အတိုင်းပင် “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုခိုလှုံသောသူမူကား လုံခြုံလိမ့်မည်” ဖြစ်သည်။ ညီအစ်ကိုများ၏ သစ္စာတည်ကြည်မှုနှင့်ခံနိုင်ရည်ကြောင့် ထူးခြားသောရလဒ်များ ပေါ်ထွန်းခဲ့ပြီ။

သမ္မာတရားသည် ရာဗေရွာ၌ အမြစ်စွဲ

နှစ်ပေါင်းများစွာကုန်လွန်လေသော် ယေဟောဝါသက်သေများ၏ အကျင့်ကောင်းများကို ရွာသားများ သတိပြုမိကာ လေးစားကြ၍ သမ္မာတရားကို လက်ခံသူတိုးများလာပါသည်။ ၁၉၆၉ ခုနှစ်တွင် ရာဗေရွာ၌ ဒုတိယအသင်းတော်တစ်ခု တည်ထောင်ရသည့်အတွက် ညီအစ်ကိုများ အလွန်ဝမ်းမြောက်ခဲ့ကြပါသည်။ သူတို့ဆက်ကြိုးစားကြပါသည်။ အချိန်ပြည့်လုပ်ငန်းကို များစွာသောသူတို့လုပ်ကိုင်ကြ၍ အချို့ဆိုလျှင် ဘေရွတ်မြို့ပါအပါအဝင် အခြားရပ်ကွက်များသို့ ရွှေ့ပြောင်းအမှုဆောင်ကြသူများပင်ရှိသည်။ သူတို့၏ကြိုးပမ်းမှုကို ယေဟောဝါကောင်းချီးပေးတော်မူသဖြင့် ၁၉၈၃ ခုနှစ်တွင် ရာဗေရွာ၌ တတိယအသင်းတော်တစ်ခု တည်ထောင်လိုက်ရသည်။ ဤအချိန်အတောအတွင်း မြို့ကြီးများသို့ ရွှေ့ပြောင်းနေထိုင်သော ညီအစ်ကိုများစွာရှိသည်။ သို့ဖြစ်၍ပင် ဆက်တိုးတက်နေ၍ ၁၉၈၉ ခုနှစ်တွင် ရာဗေရွာ၌ စတုတ္ထအသင်းတော်၊ ထိုနောက် ၁၉၉၀ ခုနှစ်တွင် ပဉ္စမအသင်းတော်တို့ကို တည်ထောင်လိုက်ရပါသည်။

ဤအချိန်တိုင်လေသော် ရွာထဲရှိမိသားစုတိုင်းနီးပါးတွင် ဆွေမျိုး သို့မဟုတ် မိတ်ဆွေတစ်ဦးသည် သက်သေခံတစ်ဦးဖြစ်နေပါသည်။ တစ်ချိန်က ရန်လိုစိတ်ထားမျိုးကို မတွေ့ရတော့ပါ။ လူအများသည် သက်သေခံတို့အကြောင်း ပို၍သိရှိလာကြသည်။ “အကြီးအကဲ”၊ “ရှေ့ဆောင်”၊ “တိုက်နယ်ကြီးကြပ်မှူး”၊ “စည်းဝေးပွဲ”၊ “အာမဂေဒုန်” အစရှိသောစကားအသုံးအနှုန်းများကိုပင် ရွာသားများ သုံးစွဲပြောဆိုနေကြပေသည်။ အထူးအချိန်အခါများဖြစ်သည့် တိုက်နယ်ကြီးကြပ်မှူးလည်ပတ်ချိန်၊ သို့မဟုတ် သတိရအောက်မေ့ပွဲနေ့တွင် လမ်းပေါ်သွားလာသူများမရှိတော့ဘဲ နိုင်ငံတော်ခန်းမများတွင် လူပြည့်ကျပ်နေတော့သည်။ အချို့အသင်းတော်များဆိုလျှင် အနီးတစ်ဝိုက်ရှိသူများအဆင်ပြေမှုအတွက် ခန်းမအပြင်ဘက်၌ အသံချဲ့စက်များ တပ်ဆင်ပေးပါသည်။

ယခု ရာဗေရွာတွင် ဘုရားသခင့်နိုင်ငံတော်ကြေညာသူ ၂၅၀ ကျော်ရှိပြီ။ ယင်းကြောင့် ရွာသား ၈ ယောက်လျှင် သက်သေခံတစ်ဦးရှိနေပါသည်။ ကြေညာသူ ၅၁ ယောက်ရှိသောအသင်းတော်တစ်ခုသည် မိမိရပ်ကွက်တွင် အိမ်ခြေ ၇၆ လုံးရှိ၍ ယင်းကို ပတ်စဉ်လည်ပတ်ဟောပြောကြပါသည်။ ထိုကြောင့် လွန်ခဲ့သောနှစ်၏မတ်လနှင့်ဧပြီလများတွင် ကြေညာသူ ၂၅၀ အနက် ၉၈ ယောက်တို့သည် ရာဗေရွာရှိ မှန်မှန်ရှေ့ဆောင် ၁၃ ယောက်နှင့်အတူ အရန်ရှေ့ဆောင်ခဲ့ကြသောအခါ မည်သို့ဖြစ်ပျက်ခဲ့မည်ကို စဉ်းစားကြည့်ပါ။ ရပ်ကွက်ကို ပတ်စဉ်ပင် အကြိမ်ကြိမ်လည်ပတ်ဟောပြောခဲ့သည်။ တစ်အိမ်တည်းကို ကြေညာသူ နှစ်တွဲသုံးတွဲ တစ်နေ့တည်းမက၊ တစ်ကြိမ်တည်းတွင် ရောက်ရသည်အထိဖြစ်ရခြင်းကား မထူးဆန်းတော့ချေ။ ရွာသားအများအတွက် ဤလည်ပတ်မှုများသည် လုပ်ရိုးလုပ်စဉ်ပင်ဖြစ်လာပေပြီ။ သို့သော် လူတစ်ယောက်ကငြီးငြူသောအခါ ကြေညာသူက “ကျမ်းစာသင်အံမှုကမ်းလှမ်းပေးခြင်းကို သင်လက်ခံလိုက်မည်ဆိုလျှင် တစ်ပတ်တစ်ခါသာ လာပါတော့မည်” ဟုဖြေဆိုပါသည်။ လယ်တောတွင်တွေ့ဆုံသူအားလုံး၊ လယ်ထွန်နေသူ၊ မျိုးကြဲသူ၊ ရေလောင်းသူ၊ မြည်းစီးနေသူ အစရှိသူတို့အား သူတို့သက်သေခံကြပါသည်။

သမ္မာတရားရေသည် ရေပေါများသောရာဗေရွာတွင် အမှန်တကယ်ပင်အမြစ်စွဲနေပါပြီ။ ထိုမျှမကသေးချေ။ ပတ်ဝန်းကျင်ရှိရွာကလေးများအတွက် ရာဗေရွာသည် လန်းဆန်းကြည်လင်သောရေ သွယ်ပို့ပေးရသည့်နည်းတူ အသက်ပေးသောသမ္မာတရားရေကိုလည်း ပို့ပေးနေပါသည်။ ရာဗေရွာမှကြေညာသူများသည် အနီးတစ်ဝိုက်ရှိရွာကလေးများထံ ခြေလျင်ခရီးဖြင့်လည်းကောင်း၊ ကားများဖြင့် လူစုဖွဲ့၍ အနီးငယ်ဝေးလံသောရွာများသို့လည်းကောင်း တစ်နေ့တာလုံး သွားသက်သေခံကြပါသည်။ ကြေညာသူအချို့မူကား အခြားမြို့များသို့ရွှေ့ပြောင်း အမှုထမ်းကြပါသည်။ ယေဟောဝါ၏ကောင်းချီးဖြင့် ကောင်းကင်ခမည်းတော်ယေဟောဝါဘုရားသခင်၏ ဘုန်းတော်ထပ်ထင်ရှားရေးအတွက် ထပ်ဆင့်တိုးတက်စရာအကြောင်းရှိနေပါသေးသည်။

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

ရာဗေရွာတွင်း လမ်းပေါ်မြင်ကွင်းတစ်ခု

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ