ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၂ ၁၀/၁ စာ. ၅-၈
  • မေရှိယစစ်မှန်သောမျှော်လင့်ရာဖြစ်သလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မေရှိယစစ်မှန်သောမျှော်လင့်ရာဖြစ်သလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ၂၀ ရာစုမေရှိယများ
  • စစ်မှန်သောမျှော်လင့်ရာလော
  • လူသားတို့၏ကယ်တင်ရှင်
  • မေရှိယနှင့်အစိုးရ
  • မေရှိယ! ဘုရားသခင့်ကယ်တင်ရာနည်းလမ်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • “ငါတို့သည်မေရှိကိုတွေ့ကြပြီ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • “ငါတို့သည် မေရှိယကို တွေ့ကြပြီ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • သူတို့ မေရှိယကို စောင့်မျှော်ခဲ့ကြ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
က၉၂ ၁၀/၁ စာ. ၅-၈

မေရှိယစစ်မှန်သောမျှော်လင့်ရာဖြစ်သလော

သူ့ကိုယ်သူ မောရှေဟုခေါ်သည်။ သူ၏နာမည်အစစ်ကမူ သမိုင်းတွင်မေ့ပျောက်ခဲ့ပြီ။ စီအီး ငါးရာစုတွင် ကရေတေကျွန်းတစ်လျှောက် သူခရီးလှည့်လည်ကာ ဂျူးများစောင့်မျှော်ခဲ့သောမေရှိယသည် မိမိပင်ဖြစ်သည်ဟု ယုံကြည်ရန် လိုက်လံသွေးဆောင်ခဲ့သည်။ မကြာမီ သူတို့သည် ဖိစီးမှု၊ ပြည်နှင်ခံရခြင်း၊ ချုပ်နှောင်မှုအောက်မှ လွတ်မြောက်ရကြတော့မည်ဟု အားတက်စေခဲ့သည်။ သို့နှင့် သူတို့ယုံကြည်အားထားလိုက်ကြသည်။ လွတ်မြောက်ရာနေ့ရက်ရောက်လေသော် “မောရှေ” နောက်လိုက်၍ ဂျူးများသည် မြေထဲပင်လယ်ထဲသို့ ငေါထွက်နေသည့်အငူတစ်ခုပေါ်တက်သွားကြသည်။ ပင်လယ်ထဲခုန်ချလိုက်ရုံဖြင့် ပင်လယ်သည် သူတို့ရှေ့နှစ်ခြမ်းကွဲသွားလိမ့်မည်ဟု ထိုသူပြောခဲ့ပါသည်။ နှစ်ခြမ်းမကွဲခဲ့သောပင်လယ်ထဲ နာခံမှုရှိရှိခုန်ချခဲ့သူများစွာတို့သည် နစ်မြုပ်သေဆုံးခဲ့၍ အချို့မှာမူ သင်္ဘောသားများနှင့်တံငါသည်များကြောင့် အသက်ကယ်ဆယ်ခံခဲ့ရကြသည်။ မောရှေကိုကား ရှာမတွေ့တော့ပါ။ ထိုမေရှိယ ပပျောက်သွားခဲ့သည်။

မေရှိယကားအဘယ်နည်း။ “ကယ်တင်ရှင်၊” “ရွေးနှုတ်သူ၊” နှင့် “ခေါင်းဆောင်” ဟူသောစကားလုံးများကို သတိရကောင်းရစေမည်။ မေရှိယမည်သည် မိမိ၏တပည့်နောက်လိုက်များအား ဖိစီးနှိပ်ကွပ်မှုအောက်မှ လွတ်လပ်မှုသို့ပို့ဆောင်ပေးမည်ကတိဖြင့် မျှော်လင့်ချက်ရှိစေပြီး အားထားကြည်ညိုခံရသူဖြစ်သည်ဟု အများထင်မြင်ကြသည်။ လူ့သမိုင်းသည် ဖိစီးနှိပ်ကွပ်မှုဖြင့်သာ ပြည့်လျှံနေသဖြင့် ရာစုနှစ်များတစ်လျှောက် ဤကဲ့သို့သောမေရှိယပေါင်းများစွာ ပေါ်ထွက်လာခဲ့ခြင်းသည် အံ့ဩစရာမဟုတ်ပါ။ (ဒေသနာ ၈:၉ နှိုင်းယှဉ်။) သို့သော်မောရှေအမည်ခံယူသူ ကရေတေကျွန်းသားနည်းတူပင် ဤမေရှိယများသည် လွတ်မြောက်စေမည့်အစား စိတ်ပျက်ပြားအကျိုးနည်းခြင်းသို့သာ ရောက်စေခဲ့ကြသည်။

“ဤသူသည် မေရှိယဘုရင်တည်း။” အရိုအသေခံရသောရဗ္ဗိဆရာ၊ အခေဗား ဘင် ဂျိုးစက် သည် စီမီယန် ဘားရ်ခေါ့ဘားအား စီအီး ၁၃၂ ခုနှစ်က ထိုသို့နှုတ်ဆက်ခဲ့သည်။ ဘားရ်ခေါ့ဘားသည် အင်အားကြီးမားသောစစ်တပ်ကိုဦးစီးခဲ့သော အာဏာကြီးမားသူတစ်ဦးဖြစ်သည်။ ရောမကမ္ဘာ့အာဏာစက်လက်အောက်၌ ကြာမြင့်စွာဖိစီးခံခဲ့ရသောအဖြစ်မှ ဤသူသည် အမှန်လွတ်မြောက်စေတော့မည်ဟု ဂျူးများစွာယူမှတ်ကြသည်။ ဘားရ်ခေါ့ဘားသည် မစွမ်းဆောင်နိုင်ခဲ့ပါ။ သို့နှင့်သူ၏နိုင်ငံသားထောင်သောင်းများစွာတို့ သေကျေပျက်စီးသွားခဲ့သည်။

၁၂ ရာစုတွင် ယီမင်နိုင်ငံ၌ အခြားဂျူး “မေရှိယ” တစ်ဦးပေါ်လာပြန်သည်။ ကဲလက်ဖ်ခေါ်အုပ်စိုးရှင်က သူ၏မေရှိယအဖြစ်ကိုသာဓကဖော်ပြရန် တောင်းဆိုသည့်အခါ ကဲလက်ဖ်သည် မိမိခေါင်းကိုဖြတ်ပစ်လိုက်လျှင် သူချက်ချင်းရှင်ပြန်ထမြောက်လာခြင်းက သာဓကပင်ဖြစ်မည်ဟုဆိုသည်။ ထိုအတိုင်းကဲလက်ဖ်ပြုလုပ်ခဲ့ရာ ယီမင်မေရှိယလည်း ပျောက်ဆုံးသွားလေတော့သည်။ ထိုရာစုနှစ်တွင်ပင် ဒေးဗစ် အဲလ်ရွိုင်ဆိုသူက သန့်ရှင်းရာပြည်တော်သို့ ကောင်းကင်တမန်များ၏တောင်ပံများကိုစီးပြီး မိမိနောက်လိုက်ဖို့ အသင့်ပြင်ထားကြရန် အရှေ့အလယ်ပိုင်းမှဂျူးများအား ပြောဆိုခဲ့သည်။ သို့နှင့် ထိုသူသည် မေရှိယဖြစ်မည်ဟု များစွာသောသူတို့ယုံကြည်ကြသည်။ ဘက်ဂ်ဒက်မြို့မှဂျူးတို့သည် သူတို့အိမ်ခေါင်မိုးများပေါ် စိတ်ရှည်ရှည်စောင့်ဆိုင်းနေစဉ် သူခိုးများသည် သူတို့ပစ္စည်းဥစ္စာများကိုခိုးယူနေကြောင်း မသိကြရှာချေ။

စာဘတ်ထိုင် ဇေးဗီးသည် စမုရနနယ်မှ ၁၇ ရာစုတွင်ထွက်ပေါ်လာသည်။ မိမိမေရှိယဖြစ်ကြောင်းကို ဥရောပတစ်လျှောက်ရှိဂျူးများအား သူကြွေးကြော်ခဲ့သည်။ ခရစ်ယာန်များလည်း သူ့စကားကို နာယူကြသည်။ သူ၏နောက်လိုက်များအား အပြစ်တရားကို ချုပ်ချယ်တားဆီးမှုမရှိ ကျင့်ကြံစေခြင်းအားဖြင့် လွတ်လပ်မှုပေးမည်ဟု ပြောဆိုခဲ့ဟန်တူသည်။ သို့နှင့်သူ၏အပေါင်းအသင်းများသည် တရားလွန်သောက်စားပျော်ပါးကြသည်၊ ဝတ်လစ်စားလစ်ဝါဒ၊ မတရားမေထုန်ပြုခြင်း၊ သွေးသားနီးစပ်သူနှင့်အိမ်ထောင်ဖက်ခြင်း အစရှိသည်တို့ကိုပြုပြီးနောက် ကိုယ်ကိုယ်ကိုရိုက်နှက်ခြင်း၊ နှင်းတောတွင် ကိုယ်တုံးလုံးလူးလှိမ့်ခြင်း၊ အေးစက်သောမြေကြီးတွင် လည်ပင်းထိတိုင် ကိုယ့်ကိုယ်ကိုနှစ်မြှုပ်ထားခြင်းတို့ကိုပြု၍ ကိုယ်ကိုယ်ကိုဒဏ်စီရင်ကြသည်။ တူရကီသို့ သူခရီးသွားသည့်အခါ ဇေးဗီးသည် ဖမ်းချုပ်ခံရပြီး အစ္စလာမ်ဘာသာမဝင်လျှင် အသတ်ခံရမည်ဟု ခြိမ်းခြောက်ခံခဲ့ရသည်။ သို့နှင့်သူဘာသာပြောင်းခဲ့သည်။ ထိုအခါ သူ့အားကြည်ညိုသူအမြောက်အမြား စိတ်ပျက်အားနည်းသွားကြပါသည်။ သို့ဖြစ်၍ပင် နောက်ထပ်ရာစုနှစ်ခုတိုင်အောင် အချို့သူတို့က ဇေးဗီးအား မေရှိယဟု ယူမှတ်ခေါ်ဆိုလျက်ပင်ရှိသည်။

ခရစ်ယာန်ဘောင်သည်လည်း မေရှိယများကို ဖော်ထုတ်ပေးခဲ့ပါသည်။ ၁၂ ရာစုတွင် တန်ကဲလ်မ်ဆိုသူသည် တပည့်နောက်လိုက်တပ်တစ်တပ်ဖြင့် အိန့်ဝါ့ပ်မြို့ကိုကြီးစိုးခဲ့သည်။ ဤမေရှိယသည် မိမိကိုယ်ကို ဘုရားတစ်ဆူဟုခေါ်ကာ သူချိုးထားသည့်ရေကိုပင် သစ္စာရေအဖြစ် တပည့်နောက်လိုက်သောက်သုံးရန် ရောင်းချခဲ့သည်။ အခြား “ခရစ်ယာန်” မေရှိယနောက်တစ်ဦးမှာ ၁၆ ရာစုခေတ်က ဂျာမနီသား သောမတ်စ် မြွန်ဇာဖြစ်သည်။ ဒေသခံအာဏာပိုင်များကို သူ တော်လှန်ပုန်ကန်ပြီး တပည့်နောက်လိုက်တို့အား ထိုပြည်တွင်းစစ်သည် အာမဂေဒုန်ဖြစ်သည်ဟုပြောဆိုခဲ့သည်။ ရန်သူ့အမြောက်ဆန်များကို မိမိအင်္ကျီလက်ဖြင့်ဖမ်းမည်ဟု ကတိပြုသော်လည်း သူ့လူများအသတ်ခံခဲ့ရပြီး မြွန်ဇာမှာမူ ခေါင်းဖြတ်ခံခဲ့ရသည်။ ရာစုတစ်လျှောက်ပင် ဤကဲ့သို့သောမေရှိယများ ခရစ်ယာန်ဘောင်အတွင်း ပေါ်ထွက်လာခဲ့ပါသည်။

၂၀ ရာစုမေရှိယများ

စစ်မှန်သောမေရှိယတစ်ဦး၏အကူအညီကို ကျွန်ုပ်တို့၏ရာစုတွင် ယခင်ကထက်ယခုပို၍အရေးတကြီးလိုအပ်နေသည်။ ယင်းကြောင့် ထိုဘွဲ့ကိုခံယူခဲ့သူများပေါ်ထွက်လာခြင်းသည် အံ့ဩစရာမဟုတ်ပါ။ အာဖရိကကွန်ဂိုတွင် ၁၉၂၀၊ ၃၀ နှင့် ၄၀ ပြည့်လွန်နှစ်များအတွင်း စိုင်မွန် ကင်ဘမ်ဂူ နှင့် သူ၏နောက်ဆက်ခံ အန်ဒရေ “ယေရှု” မတ်စွာတို့အား မေရှိယများအဖြစ် ခေါ်တွင်ကြသည်။ သူတို့သေဆုံးပြီးနောက်ပင်လျှင် အာဖရိကလူမျိုးတို့အတွက် အနှစ်တစ်ထောင်ကာလရောက်လာစေရန် ပြန်လာလိမ့်မည်ဟုစောင့်မျှော်နေဆဲရှိကြသည်။

ဤရာစုတွင် နယူးဂီနီကျွန်းနှင့် မဲလနီရှားကျွန်းစုများ၌ “ကုန်စည်ဂိုဏ်းများ” ကိုလည်းတွေ့ရှိရသည်။ ထိုအသင်းဝင်သူတို့သည် မိမိတို့အားချမ်းသာကြွယ်ဝစေပြီး လူသေများပင်ရှင်ပြန်ထမြောက်လာမည့် ပျော်ရွှင်ရာခေတ်သမယကို ရောက်လာစေမည့် မေရှိယကဲ့သို့သော မျက်နှာဖြူများမောင်းနှင်သည့် သင်္ဘော သို့မဟုတ် လေယာဉ်ပျံတစ်စင်းကို စောင့်မျှော်နေကြသည်။

စက်မှုလက်မှုထွန်းကားသောနိုင်ငံများတွင်လည်း မေရှိယများပေါ်ပေါက်ခဲ့ကြပါသည်။ အချို့သူတို့မှာ စန် မြွန် မူးန် ကဲ့သို့သောဘာသာရေးခေါင်းဆောင်များဖြစ်ကြသည်။ ထိုသူသည် မိမိအားကြည်ညိုသူများအားဖြင့် ကမ္ဘာကိုသန့်ရှင်းစေမည့် ယေရှုခရစ်ကိုဆက်ခံသူ အမည်ခံယူထားသူဖြစ်သည်။

နိုင်ငံရေးအတွေးအခေါ်ပညာနှင့် အဖွဲ့အစည်းများသည်လည်း မေရှိယအဖြစ်မျိုးကိုခံယူခဲ့ကြပြီ။ ဥပမာ၊ မာခ်စ်အယူကိုအခြေခံ၍ လီနင်ပြုစုပျိုးထောင်ခဲ့သော ကွန်မြူနစ်ဝါဒတွင် မေရှိယသဘောတရားများပါဝင်သည်ဟု The Encyclopedia Americana ကဆိုသည်။ ယူအဲန်အဖွဲ့ကို ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် တစ်ခုတည်းသောမျှော်လင့်ချက်ဟု ကြွေးကြော်ထားကြရာ လူအများအတွက် ယင်းသည် မေရှိယအစားပေါ်လာသည့်အဖွဲ့ ဖြစ်ချေပြီ။

စစ်မှန်သောမျှော်လင့်ရာလော

ဤသို့အတိုချုပ် ခြုံ၍ကြည့်ရှုလိုက်ရုံဖြင့် မေရှိယလှုပ်ရှားမှုသမိုင်းသည် လှည့်စားခြင်းသက်သက်၊ ပျက်ပြားသောမျှော်လင့်ချက်နှင့် မှားယွင်းသောစွဲလမ်းရာများသာဖြစ်ခဲ့ကြောင်း သမိုင်းကအကျယ်တဝင့်ဖော်ပြပါသည်။ ထိုကြောင့် မေရှိယမျှော်ကိုးခြင်းကိစ္စကို ယနေ့လူအမြောက်အမြားက အဆိုးမြင်သည်မှာမဆန်းချေ။

သို့သော် မေရှိယ၌မျှော်လင့်ခြင်းအကြောင်းကို လုံးလုံးလျားလျားပစ်ပယ်မည့်အစား ယင်းမျှော်လင့်ချက်သည် အဘယ်သို့ဖြစ်ပေါ်လာသည်ကို ဦးဆုံးလေ့လာကြည့်ရန်လိုပါသည်။ အမှန်သော်ကား “မေရှိယ” မည်သည်ကား ကျမ်းစာစကားလုံးပင်ဖြစ်သည်။ ဟေဗြဲစကားလုံးမှာ မာရှီအာခ် သို့မဟုတ် “ဘိသိက်ခံ” ဖြစ်သည်။ သမ္မာကျမ်းစာခေတ်က ရှင်ဘုရင်များနှင့် ယဇ်ပုရောဟိတ်များအား ရာထူးခန့်အပ်ရာတွင် သူတို့၏ခေါင်းပေါ် ဆီမွှေးလောင်းခြင်း၊ ဘိသိက်ခံပေးသည့်အခမ်းအနားကို ပြုလေ့ပြုထရှိသည်။ ယင်းကြောင့် မာရှီအာခ် ဟုသူတို့နှင့်စပ်လျဉ်း၍ မှန်ကန်စွာအသုံးပြုကြပါသည်။ ဘိသိက်ပေးခြင်းအခမ်းအနားမပြုဘဲ ဘိသိက်ခံသူ သို့မဟုတ် အထူးရာထူးသို့ခန့်အပ်ခံရသူများလည်းရှိပါသည်။ ဘုရားသခင်၏ပရောဖက်နှင့်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရသောကြောင့် ဟေဗြဲ ၁၁:၂၄-၂၆ တွင် မောရှေအား “ခရစ်တော်” သို့မဟုတ် “ဘိသိက်ခံ” ဟုခေါ်ထားပါသည်။

မေရှိယအား “ဘိသိက်ခံရသူ” အဖြစ်ရှင်းလင်းဖော်ပြထားသည့်အတွက် ကျမ်းစာဆိုင်ရာမေရှိယများသည် ကျွန်ုပ်တို့ဆွေးနွေးတင်ပြခဲ့သောမေရှိယများနှင့် ခြားနားလှပါသည်။ သမ္မာကျမ်းစာပါမေရှိယများသည် ကိုယ်ကိုယ်ကိုခန့်အပ်သူများမဟုတ်ကြပါ။ ကြည်ညိုအားထားသူလူအုပ်က ရွေးချယ်တင်မြှောက်ခံရသူများလည်းမဟုတ်ပါ။ သူတို့၏ခန့်အပ်ချက်သည် အထက်အရပ် ယေဟောဝါဘုရားသခင်ကိုယ်တော်တိုင်၏ ခန့်အပ်ခြင်းဖြစ်သည်။

သမ္မာကျမ်းစာက မေရှိယအမြောက်အမြားအကြောင်း ဖော်ပြထားသည်မှန်သော်လည်း အခြားသူတို့ထက် တစ်ဦးတစ်ယောက်အား ထူးကဲစွာချီးမြှင့်ထားပါသည်။ (ဆာလံ ၄၅:၇) ဤမေရှိယသည် သမ္မာကျမ်းစာပရောဖက်ပြုချက်၏ အဓိကပုဂ္ဂိုလ်ဖြစ်၍ ကျမ်းစာ၏အားယူစရာအရှိဆုံးကတိတော်များ၏ ပြည့်စုံခြင်းဆိုင်ရာသော့ချက်ဖြစ်သည်။ ဤမေရှိယသည် ယနေ့ကျွန်ုပ်တို့ကြုံတွေ့နေရသည့်ပြဿနာများကို အမှန်တကယ်ပိုင်နိုင်စွာ စူးစိုက်ဖြေရှင်းပေးပါသည်။

လူသားတို့၏ကယ်တင်ရှင်

သမ္မာကျမ်းစာ၏မေရှိယသည် လူ့ပြဿနာများ၏အရင်းအမြစ်ကိုရှာယူကာ ဖြေရှင်းပေးပါသည်။ ပုန်ကန်သူနာမ်ဝိညာဉ်စာတန်၏ လှုံ့ဆော်အားပေးမှုဖြင့် ဖန်ဆင်းရှင်ကို ကျွန်ုပ်တို့၏ ပထမမိဘ၊ အာဒံနှင့်ဧဝတို့ပုန်ကန်ခဲ့သောအခါ မိမိတို့၌အုပ်ချုပ်ပိုင်ခွင့်ရှိသည်ဟု အဆိုပြုနေဘိသကဲ့သို့ဖြစ်သည်။ အမှား၊ အမှန်ကို ကိုယ်တိုင်ဆုံးဖြတ်လိုကြသည်။ ယင်းသို့ပြုခဲ့သည့်အတွက် ယေဟောဝါ၏ကရုဏာရှိ အကွယ်အကာပေးသောအုပ်ချုပ်မှုအောက်မှထွက်၍လူမျိုးတစ်မျိုးလုံးအား ကိုယ်တိုင်စိုးမိုးခြင်း၏ဖရိုဖရဲနှင့်ဒုက္ခဆင်းရဲ၊ မစုံလင်မှုနှင့် သေခြင်းသို့ဆိုက်ရောက်စေခဲ့သည်။—ရောမ ၅:၁၂။

ထိုကြောင့် လူ့သမိုင်းမှောင်မိုက်ရာထိုအချိန်တွင်ပင် လူသားအပေါင်းအား မျှော်လင့်ချက်အလင်းရောင်ရေးရေးကို တွေ့မြင်စေလိုတော်မူသည့် ယေဟောဝါဘုရားသခင်သည် မေတ္တာကြီးမားလှသည်တကား။ ပုန်ကန်သူလူမောင်နှံအားဒဏ်စီရင်ရာတွင် သူတို့အမျိုးအနွယ်အားကယ်ဆယ်မည့်သူ ပေါ်လာလိမ့်မည်အကြောင်း ဘုရားသခင်ကြိုတင်ဟောပြောတော်မူသည်။ “မျိုးစေ့” ဟုထိုသူအားခေါ်ဆိုကာ ဤကယ်တင်ရှင်သည် ဧဒင်အရပ်၌ စာတန်ပြုခဲ့သောဆိုးရွားမှုကို ချေမှုန်းဖျက်ဆီးပစ်မည်။ မျိုးစေ့သည် “ရှေးမြွေဟောင်း” စာတန်၏ခေါင်းကိုကြိတ်၍ လုံးဝဖျက်ဆီးပစ်မည်။—ကမ္ဘာဦး ၃:၁၄၊ ၁၅။

ရှေးအချိန်ကတည်းက ဤပရောဖက်ပြုချက်သည် မေရှိယနှင့်ဆိုင်ကြောင်း ဂျူးများသဘောပေါက်နားလည်ကြသည်။ ပထမရာစုတွင် အများအသုံးပြုသော ကျမ်းစာစောင်များ၏ ဂျူးစကားပြေများဖြစ်သည့် တာဂမ်ကျမ်းအများက ဤပရောဖက်ပြုချက်သည် “မေရှိယဘုရင်၏နေ့ရက်၌” ပြည့်စုံလိမ့်မည်ဟု ရှင်းပြထားပါသည်။

ယင်းကြောင့် အစကနဦးကတည်းက လာလတ္တံ့သောမျိုးစေ့ သို့မဟုတ် ကယ်တင်ရှင်နှင့်ဆိုင်သည့် ဤကတိတော်ကြောင့် ယုံကြည်သူများ ဘဝင်လှိုက်ဖိုဖြစ်ခဲ့ကြခြင်းသည် အံ့ဩစရာမဟုတ်ပါ။ ထိုမျိုးစေ့သည် မိမိ၏အမျိုးအနွယ်မှဆင်းသက်ကာ ထိုမျိုးစေ့အားဖြင့် မိမိ၏သားစဉ်မြေးဆက်သာမက “လူမျိုးအပေါင်းတို့သည် ကောင်းချီးမင်္ဂလာကိုခံရလိမ့်မည်” ဟုအာဗြဟံအား ယေဟောဝါမိန့်တော်မူခဲ့သောအခါ သူ၏ခံစားချက်များကိုသာ စဉ်းစားကြည့်ပါလေ။—ကမ္ဘာဦး ၂၂:၁၇၊ ၁၈။

မေရှိယနှင့်အစိုးရ

နောက်ပိုင်းပရောဖက်ပြုချက်များက ကောင်းမြတ်သောအုပ်ချုပ်မှုနှင့် ဤမျှော်လင့်ချက်ကို ကွင်းဆက်ပေးပါသည်။ ကမ္ဘာဦး ၄၉:၁၀ တွင်အာဗြဟံ၏မြေးဖြစ်သူယုဒသည် ဤသို့မှာကြားခံရသည်။ “ရှိလောမရောက်မီတိုင်အောင် ရာဇလှံတံသည် ယုဒထံမှလည်းကောင်း၊ မင်းအာဏာသည် သူ၏အမျိုးအနွယ်ထံမှလည်းကောင်း မရွေ့ရ။ ရှိလော၌ လူမျိုးတို့သည် ဆည်းကပ်ကြလိမ့်မည်။” ဤ “ရှိလော” သည်အုပ်ချုပ်ခွင့်ရမည်ကား ထင်ရှား၏။ သူသည် ဂျူးများကိုသာမက “လူမျိုးတို့” ကိုစိုးမိုးမည်ဖြစ်သည်။ (ဒံယေလ ၇:၁၃၊ ၁၄ နှိုင်းယှဉ်။) ရှေးခေတ်ဂျူးများသည် ရှိလောအား မေရှိယဟုသတ်မှတ်ကြသည်။ ဂျူးတာဂမ်ကျမ်းအချို့ဆိုလျှင် “ရှိလော” အစား “မေရှိယ” သို့မဟုတ် “မေရှိယဘုရင်” ဟုခေါ်ဆိုထားပါသည်။

မှုတ်သွင်းခံပရောဖက်ပြုချက်၏အလင်းရောင်သည် ပိုမိုထွန်းတောက်လာသည့်အခါ ဤမေရှိယ၏အစိုးရအကြောင်း တိုး၍သိရှိနားလည်လာကြပါသည်။ (သု၊ ၄:၁၈) ယုဒ၏မျိုးနွယ်ဖြစ်သူဒါဝိဒ်မင်းကြီးမှ ထိုမျိုးစေ့ဆင်းသက်လာလိမ့်မည်အကြောင်း ၂ ဓမ္မရာဇဝင် ၇:၁၂-၁၆ တွင်မှာကြားခံရသည်။ ထို့ပြင်ဤမျိုးစေ့သည် ထူးခြားသောဘုရင်တစ်ပါးဖြစ်လိမ့်မည်အကြောင်း သိရှိခဲ့ရသည်။ ထိုမင်း၏ပလ္လင် သို့မဟုတ် သူ၏အစိုးရသည် ထာဝစဉ်တည်တံ့မည်ပါတကား။ ဟေရှာယ ၉:၆၊ ၇ ကဤအချက်ကိုထောက်ခံသည်။ “ငါတို့အဖို့သူငယ်ကိုဖွားမြင်၏။ ငါတို့အား သားကိုသနားတော်မူ၏။ ထိုသူသည် အုပ်စိုးခြင်းအာဏာစက်ရှိလိမ့်မည်။ . . . နိုင်ငံတော်ကို နောင်ကာလအစဉ်မပြတ်၊ တရားတော်အတိုင်း ဖြောင့်မတ်စွာစီရင်၍ အမြဲတည်စေတော်မူမည်အကြောင်း၊ အာဏာတော်တိုးတက်ခြင်းနှင့်ငြိမ်သက်တော်မူခြင်းသည် နိစ္စအမြဲရှိလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည်အလိုတော်အားကြီး၍ ထိုအမှုကိုပြီးစီးစေတော်မူလိမ့်မည်။”

ဤကဲ့သို့သောအစိုးရမျိုးကို သင်စဉ်းစားကြည့်နိုင်ပါသလော။ ငြိမ်သက်ခြင်းတည်ရှိမည့် ထာဝစဉ်အစိုးရသော၊ တရားမျှတ၍ ဖြောင့်မတ်သောအစိုးရမင်းဖြစ်သည်။ သမိုင်းတစ်လျှောက် ပေါ်ထွက်လာသည့် အတုအယောင်မေရှိယပေါင်းများစွာတို့နှင့် အခြားကြီးခြားလှပါတကား။ လှည့်စားတတ်သော ကိုယ်ကိုယ်ကိုခန့်အပ်သည့်ခေါင်းဆောင်တစ်ဦးဖြစ်မည့်အစား သမ္မာကျမ်းစာမေရှိယသည် ကမ္ဘာ့အခြေအနေများကို ပြုပြင်ပြောင်းလဲပေးရန် တန်ခိုးအာဏာပြည့်စုံသော သမ္မာကျမ်းစာဆိုင်ရာ မေရှိယဖြစ်ပါသည်။

ဤမျှော်လင့်နိုင်စရာအလားအလာသည် ကျွန်ုပ်တို့၏ဒုက္ခများမြောင်ရာကာလတွင် အလွန်အဓိပ္ပာယ်ရှိသည်။ ယင်းမျှော်လင့်ချက်ကို တစ်ချိန်တစ်ခါနှင့်မျှမတူအောင် ယခင်ကထက် ယခုအချိန်တွင် လူသားတို့လိုအပ်နေပါ၏။ သို့သော်မှားယွင်းသောမျှော်လင့်ရာတို့ကို အားကိုးမိရန် လွယ်ကူလွန်းလှသည့်အတွက် ဤမေးခွန်းကို ကျွန်ုပ်တို့ယောက်စီယောက်တိုင်း အသေအချာလေ့လာသုံးသပ်ကြည့်ရန် အရေးကြီးသည်။ လူအမြောက်အမြားယုံကြည်သည့်အတိုင်း နာဇရက်မြို့သားယေရှုသည် ကြိုတင်ဟောထားသောမေရှိယဖြစ်သလော။ နောက်ဆောင်းပါးက ယင်းကို ဆင်ခြင်သုံးသပ်ပေးပါလိမ့်မည်။

[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်]

ဘရုတ်ကလင်တွင် မေရှိယတစ်ပါး

အစ္စရေးလ်နိုင်ငံတွင် ကြော်ငြာစာများ၊ ကြော်ငြာကပ်ပြားနှင့် လျှပ်စစ်မီးဖြင့်ဖော်ပြသည့် ဆိုင်းဘုတ်များက “မေရှိယ ကြွလာခြင်းအတွက် အသင့်ပြင်ဆင်နေ” ဟူ၍ များမကြာမီကကြွေးကြော်ခဲ့သည်။ ဤဒေါ်လာ ၄၀၀,၀၀၀ အကုန်အကျခံလူသိရှင်ကြားလှုပ်ရှားမှုကို ဟာစီဒစ်ဂျူးများ၏ အလွန်တစ်ယူသန်သော ဂိုဏ်းတစ်ဂိုဏ်း၊ လူဘာဗစ်ချာတို့ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အသင်းဝင် ၂၅၀,၀၀၀ ရှိသူတို့ကလည်း ဘရုတ်ကလင်၊ နယူးယောက်မှ သူတို့၏ရဗ္ဗိဆရာကြီး မီနာခိမ် မဲန်ဒဲလ် ရှနီယန်စန်သည် မေရှိယဖြစ်သည်ဟု ယုံကြည်ကြသည်။ အဘယ်ကြောင့်နည်း။ ဤလူမျိုးဆက်အတွင်း မေရှိယကြွလာမည်ဟု ရှနီယန်စန် သွန်သင်ပေးသည်မှန်၏။ Newsweek မဂ္ဂဇင်းအရဆိုလျှင် မေရှိယမပေါ်လာမီ အသက် ၉၀ ရှိသောသူတို့၏ရဗ္ဗိဆရာသေမည်မဟုတ်ဟု လူဘာဗစ်ချာအသင်းအရာရှိများ အခိုင်အမာဆိုသည်။ လူမျိုးဆက်တိုင်းတွင် မေရှိယဖြစ်ရန်အရည်အချင်းရှိသူ အနည်းဆုံးတစ်ယောက်ရှိသည်ဟု ရာစုနှစ်ပေါင်းများစွာကတည်းက ဤဂိုဏ်းဂဏသွန်သင်ပေးခဲ့သည်။ ရှနီယန်စန်သည် မေရှိယဖြစ်နိုင်သည်ဟု သူ၏တပည့်များယူမှတ်ကြသည်။ သူ့မှာလည်း နောက်ဆက်ခံမရှိချေ။ သို့သော် ဂျူးအများစုကမူ ထိုသူအား မေရှိယအဖြစ်မယူမှတ်ကြပါဟု Newsweek ဆိုသည်။ Newsday သတင်းစာအရဆိုလျှင် သူ၏ပြိုင်ဘက် ၉၆ နှစ်ရှိ ရဗ္ဗိအီလိုင်ဇာ စကာ့ချ်က သူ့ကို “မေရှိယအယောင်အဆောင်” ဟူ၍ခေါ်ဆိုခဲ့သည်။

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ကရေတေကျွန်းသားမောရှေကို မေရှိယဖြစ်သည်ဟုယုံကြည်ခြင်းက များစွာသောသူတို့၏အသက် ဆုံးရှုံးခြင်းဖြစ်စေခဲ့သည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ