“ပရဒိသု” တွင် စစ်မှန်သောပျော်ရွှင်မှုသူတို့တွေ့ရှိနေကြ
ပရဒိသုဆိုပါတကား။ ဟာဝိုင်ယီကျွန်းကိုစဉ်းစားလိုက်လျှင် ထိုစကားလုံးကိုသတိရတတ်ကြခြင်းသည် အကြောင်းများစွာရှိသည်။ ပရဒိသုအခြေအနေဟု လူအများထင်မှတ်ကြမည့် မျှတသောရာသီဥတုရှိသည့်အပြင် ကြည်ပြာရောင်ကောင်းကင်အောက် ယိမ်းနွဲ့နေသောအုန်းပင်၊ ထန်းပင်များပေါများပြီး သန့်ရှင်းလတ်ဆတ်သောလေနှင့်သဲသောင်ပြင်များကို ဤနေရာဒေသများတွင် အလျှံပယ်တွေ့ရှိနိုင်သည်။
ယင်းလက္ခဏာများကြောင့် ရပ်ဝေးရပ်နီးမှလူအမြောက်အမြားရောက်ရှိလာခဲ့ကြသည်။ အာရှတိုက်၊ ပစိဖိတ်သမုဒ္ဒရာ၊ အမေရိကတိုက်များမှမက ကရေဘီယန်ကျွန်းစုနှင့်ဥရောပတိုက်မှ လူတို့ပင်ရောက်လာကြပါသည်။ နှစ်ပတ်လည် မျှတသောရာသီဥတုရှိသည့်အတွက် ဤနေရာသို့ပြောင်းရွှေ့နေထိုင်ကြသူ အမြောက်အမြားရှိပါသည်။ အခြားသူတို့မှာမူ စီးပွားရေးကောင်းရန်၊ ပျော်ရွှင်မှုရရှိရန် ပြောင်းရွှေ့လာကြသည်။ ယင်းကြောင့်လူမျိုးအသီးသီး၊ လူမျိုးစုအမြောက်အမြား ယဉ်ကျေးမှုနှင့်ဘာသာတရားအမျိုးမျိုး ရောရောထွေးထွေး၊ တစ်စုတစ်လုံးတည်းနေထိုင်နေကြပါသည်။
သို့ရာတွင်ဤအခြေအနေမျိုးတွင်ပင် ဟာဝိုင်ယီသည် အခြားလှပသောနေရာအမြောက်အမြားနည်းတူ ရာဇဝတ်မှု၊ မူးယစ်ဆေးဝါး၊ ဝတ္တရားပျက်ကွက်မှု၊ ညစ်ညမ်းမှုနှင့် အခြားအခြားသော လူ့မိသားစုပြဿနာဒဏ်ကို ခံနေရပါသည်။ လူတို့၏ပေါ့ဆပျက်ကွက်မှုနှင့်အတ္တဆန်မှုကြောင့် ဟာဝိုင်ယီကျွန်းများသည် သဘာဝအလှတဖြည်းဖြည်းလျော့နည်းသွားနေပါသည်။ လူတို့သည် ပရဒိသုကိုလိုလားသော်လည်း ဤနေရာဒေသ၌နေထိုင်သူတိုင်းသည် ဤကျွန်းစုများကို ပရဒိသုဖြစ်နေစေရန် ဂရုမစိုက်ကြပါ။ ပရဒိသုဖြစ်နေရန် လှပတင့်တယ်သောရှုခင်းနှင့် မျှတသောရာသီဥတုရှိရုံထက်မက လိုအပ်နေပါသည်။
သို့ရာတွင် ဤပရဒိသုအခြေအနေမျိုးတွင် စစ်မှန်သောပျော်ရွှင်မှုရရှိနေသည့် အရေအတွက်တိုးများလာနေသော လူစုတစ်စုရှိပါသည်။ ဤသူများသည် ကျမ်းစာမှသမ္မာတရားကိုပွေ့ပိုက်ခံယူကာ “မိုးကောင်းကင်သစ်နှင့်မြေကြီးသစ်ကို ငါဖန်ဆင်းမည်။ အရင်မိုးကောင်းကင်နှင့်မြေကြီးကို မအောက်မေ့ရ။ နှလုံးမမှတ်မိရ” ဟူသောဘုရားသခင့်ကတိတော်မြတ်ကို တန်ဖိုးထားသူများဖြစ်ကြသည်။ ဤသူများကား “ယခုရှိသမျှသောအရာတို့သည်ပျက်ရသော်လည်း ဖြောင့်မတ်ခြင်းတရားတည်နေရာ မိုးကောင်းကင်သစ်နှင့်မြေကြီးသစ်ကို ငါတို့သည် ကတိတော်နှင့်အညီ မျှော်လင့်ကြ၏” ဟူသောတမန်တော်ပေတရု၏စကားများကို စွဲမှတ်ထားပြီး အနာဂတ်ကိုအားရဝမ်းသာစွာ စောင့်မျှော်နေသူများဖြစ်ကြသည်။ (ဟေရှာယ ၆၅:၁၇။ ၂ ပေတရု ၃:၁၃) ဤသူတို့သည် မည်သူများနည်း။ သမ္မာကျမ်းစာမှ ဤအံ့ချီးဖွယ်မျှော်လင့်ချက်ကို မည်သို့သိရှိလာကြသနည်း။ သူတို့ဘဝအသက်တာတွင် အဘယ်ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာသနည်း။
သေခြင်းတရားကို ကြောက်စိတ်ပျောက်ကင်း
အစ္စဘဲလ်နှင့်သူ၏ခင်ပွန်း ဂျော့ဂ်ျတို့၏ဘိုးဖွားတို့သည် ဖိလစ်ပိုင်နိုင်ငံမှဖြစ်သည်။ သူမသည် ကျမ်းစာကိုတစ်ခါမျှမလေ့လာခဲ့ဖူးသော်လည်း မိဘတို့၏ ရိုမင်ကက်သလစ်ဘာသာကိုကျင့်သုံးရန် လေ့ကျင့်သွန်သင်ခံခဲ့ရသူဖြစ်သည်။ လူ့ဝိညာဉ်စိုးလ်သည် မသေနိုင်ဟု အစ္စဘဲလ်သွန်သင်ခံခဲ့ရ၏။ ဤဗာဗုလုန်အယူဝါဒကို သူမမည်သို့သဘောထားသနည်း။ ခေါင်းထဲအရှင်လတ်လတ်ထည့်၍ ပိတ်ထားခံရပြီး သူမ၏ဝိညာဉ်စိုးလ် လွတ်မြောက်ရာလမ်းမရှိဘဲဖြစ်မည့်အယူအဆကြောင့် သေရမည်ကို သူမအလွန်စိုးရိမ်ကြောက်ရွံ့နေပါသည်။ ၁၉၇၃ ခုနှစ်တွင်မူ ယေဟောဝါသက်သေများနှင့် အစ္စဘဲလ်သည် ကျမ်းစာစလေ့လာခဲ့သည်။ လူ့ဝိညာဉ်စိုးလ်သည် သေနိုင်ကြောင်း၊ ရှင်ပြန်ထမြောက်စေခြင်းအားဖြင့် သေခြင်းကိုဘုရားသခင်ပပျောက်စေမည့်အကြောင်း သူမသိရှိလာသောအခါ အလွန်အားရဝမ်းသာပြီး စိတ်သက်သာမှုလည်းရှိလာလေသည်။ (ယေဇကျေလ ၁၈:၄၊ ၂၀။ ယောဟန် ၅:၂၈၊ ၂၉) ကျမ်းစာမှသမ္မာတရားသည် သူမအတွက်စွဲမက်စရာဖြစ်လာသည့်အတွက် အလျင်အမြန်ပင်တိုးတက်လာခဲ့သည်။
ဂျော့ဂ်ျကော။ သူလည်း ကျမ်းစာဆွေးနွေးချိန်တွင် ထိုင်နားထောင်သော်လည်း သက်သေခံများမှားနေပြီဟု ထောက်ပြရန်ရည်ရွယ်ချက်ဖြင့် ထိုသို့ပြုခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် သူတို့မောင်နှံစုံသင်ယူသိရှိလာသည့်အကြောင်းအရာတို့တွင် အမှားအယွင်းမတွေ့ မြင်နိုင်ခဲ့ချေ။ သင်အံမှုစယူသည့်အချိန်မှ အချိန်အနည်းငယ်အတွင်းပင် သွေးအကြောင်းဆွေးနွေးစရာဖြစ်ပေါ်လာသည်။ ထိုအချိန်အထိ ဂျော့ဂ်ျမှာ သွေးနှင့်ရောချက်ပြုတ်သည့် စားစရာများကို အလွန်ကြိုက်ခဲ့သူတစ်ဦးဖြစ်သည်။ သို့သော်ကျမ်းစာက သွေးစားခြင်းကိုပိတ်ပင်ထားကြောင်းတွေ့ရှိသည်နှင့် ဖြတ်လိုက်ပါသည်။ (ကမ္ဘာဦး ၉:၃၊ ၄။ ဝတ်ပြုရာ ၁၇:၁၀-၁၂။ တမန်တော် ၁၅:၂၈၊ ၂၉) ကျမ်းစာကိုဆက်လေ့လာ၍ သမ္မာတရားကိုရရှိလာသည့်အတွက်လည်း သူအလွန်ဝမ်းသာခဲ့ပါသည်။ ယနေ့အစ္စဘဲလ်၊ ဂျော့ဂ်ျနှင့်သူတို့၏ကလေးလေးယောက်တို့သည် ဘုရားသခင့်စံချိန်များအတိုင်း အသက်ရှင်နေထိုင်ခြင်း၌ စစ်မှန်သောပျော်ရွှင်မှုရရှိနေကြသည်။
စစ်မှန်သောခရစ်ယာန်ဘာသာတရားကို မြတ်နိုးခြင်း
ဂျော့ဂ်ျအမည်ရှိ ဂျပန်အမျိုးသားတစ်ဦးနှင့် သူ၏ပေါ်တူဂီလူမျိုးဇနီး လိလျန်တို့မှာ အသက်ခြောက်ဆယ်ကျော်ပြီဖြစ်သည်။ သူတို့နှစ်ဦးစလုံး ဟာဝိုင်ယီတွင်မွေးပြီးကြီးပြင်းလာကြသည်။ ဂျော့ဂ်ျ၏မိဘများသည် ဘာသာရေးဘက်သွန်သင်မှုမပြုလုပ်ပေးခဲ့သည့်အတွက် ဘာသာတရားကို အလေးအနက်မထားခဲ့ပါ။ သို့သော် ဘုရားကိုအမြဲယုံကြည်သူတစ်ဦးဖြစ်ပါသည်။ လိလျန်၏မိဘများမူကား ရိုမင်ကက်သလစ်ဘာသာဝင်များဖြစ်ကြပြီး ဘာသာတရားကိုင်းရှိုင်းရန် သွန်သင်ပေးခဲ့ပါသည်။
ဂျော့ဂ်ျသည် သမ္မာကျမ်းစာကိုဖတ်ကျင့်မရှိသော်လည်း ကင်းမျှော်စင် နှင့် နိုးလော့ကိုဖတ်ရှုခဲ့သည်ကား နှစ်ပေါင်း ၃၀ ခန့်ရှိပြီ။ ထိုကြောင့်သမ္မာကျမ်းစာအကြောင်း အတော်အတန်သိရှိခဲ့ပါသည်။ သို့သော် ဆေးလိပ်နှင့်အရက်ကို အလွန်အကျွံသောက်သုံးသူဖြစ်သည့်အတွက် ပြုပြင်ပြောင်းလဲရန်နှေးကွေးနေသည်။ မဂ္ဂဇင်းများကိုနှစ်ပေါင်းများစွာဆက်ဖတ်ရှုခဲ့ရာ ယေဟောဝါသက်သေများ၏နိုင်ငံတော်ခန်းတွင်ကျင်းပသော ခရစ်ယာန်အစည်းအဝေးများကို တစ်ခါတစ်ရံတက်ရောက်ခဲ့ပါသည်။ သူဤသို့အဘယ်ကြောင့်ဆက်ပြုလုပ်နေပါသနည်း။ သူပြောသည်အတိုင်း ကျမ်းစာပိတ်ပင်ထားသည့် မကောင်းသောအမှုများကိုခွင့်ပြုထားသည့် “အခြားဘာသာဂိုဏ်းဂဏများသည် သူတော်ကောင်းဟန်ဆောင်ကြလွန်း” သည့်အတွက်ဖြစ်သည်။ ယေဟောဝါသက်သေများမူကား သူတို့နှင့်မတူကြောင်း သူသဘောပေါက်ထားသည်။
ဂျော့ဂ်ျ၏ချစ်ဇနီးလိလျန်သည် မိဘများ၏ဘာသာ၌ အမြစ်စွဲနေလျက်ပင် ဘုရားသခင့်နှုတ်ကပါဌ်တော်ပါသမ္မာတရားကို အဘယ်ကြောင့်မြတ်နိုးတန်ဖိုးထားတတ်လာသနည်း။ သူ၏အမဖြစ်သူသည် ယေဟောဝါသက်သေများ၏နိုင်ငံတော်ခန်းမ၌ စည်းဝေးများတက်ရန် ခေါ်ဖိတ်ခဲ့သည်။ “အဲ့ဒီက ပျော်ရွှင်တဲ့မိသားစုစိတ်ဓာတ်နဲ့ ပြုံးရွှင်တဲ့မျက်နှာတွေကို ကျွန်မအတော်သဘောကျတယ်” ဟုလိလျန်ပြောပြပါသည်။ ယေဟောဝါလူမျိုး၌တွေ့ရှိရသည့် စစ်မှန်သောမေတ္တာက သူတို့၌သမ္မာတရားရှိသည်ဟု သူ့အားစိတ်ဆုံးဖြတ်စေခဲ့ပါသည်။ (ယောဟန် ၁၃:၃၄၊ ၃၅) သို့နှင့်ကျမ်းစာသင်အံမှုလက်ခံခဲ့ပြီး အတန်ကြာလေသော် ယေဟောဝါဘုရားသခင်ထံဆက်ကပ်အပ်နှံပြီး သူမ၏အမျိုးသား နှစ်ခြင်းယူပြီးနောက် များမကြာအချိန်ပင် သူလည်းနှစ်ခြင်းခံယူခဲ့သည်။
ဂျော့ဂ်ျသည် ယခုဆေးလိပ်မသောက်၊ အရက်ကိုမူးသည်အထိ မသောက်တော့ပါ။ လိလျန်လည်း သူမ၏ဗာဗုလုန်ဘာသာတရားအားလုံးကို စွန့်လွှတ်ပစ်လိုက်ပြီ။ ချစ်ခြင်းမေတ္တာပြည့်လျှံစွာဖြင့် သူတို့၏မြေး ၂၅ ဦး၊ မြစ် ၄ ဦးတို့ကိုပါအပါအဝင် သိရှိလာလေသမျှကို သွန်သင်ပေးနေကြပါသည်။ သူတို့မျက်နှာများကိုကြည့်လျှင် မည်မျှပျော်ရွှင်သူများဖြစ်ကြောင်း တွေ့ရှိနိုင်ပါသည်။
ငြိမ်သက်မှုနှင့်ပျော်ရွှင်မှုရရှိပြီ
လူလတ်ပိုင်းအိုင်းရစ်အမျိုးသားပက်ထရစ်ခ်နှင့် သူ၏ဂျူးအမျိုးသမီး၊ နီနာတို့သည် အနောက်မြောက်အမေရိကန်ပြည်မှ ဟာဝိုင်ယီသို့ရွှေ့ပြောင်းနေထိုင်သူများဖြစ်ကြသည်။ ယခင်ကသူတို့သည် လွတ်လပ်သောဘဝဟုခေါ်တွင်သည့် မူးယစ်ဆေးဝါးများကိုလွတ်လပ်စွာသုံးစွဲပြီး ဘာသာတရားအမျိုးမျိုးကို စမ်းသပ်ကြည့်ကာ အကျင့်ယိုယွင်းလျက်နေထိုင်ခဲ့ကြသည်။ ဂိုဏ်းဝင်များအဖြစ် နှစ်ချီပြီး မူးယစ်ဆေးဝါးသုံးစွဲကာ ကမ္မဌာန်းထိုင်ခြင်းနှင့် သီးသန့်ဂူရူဆရာအကူအညီဖြင့် ဈာန်ဝင်နိုင်ရန် ကြိုးစားခဲ့သည်။ သို့နှင့်အတန်ကြာသော် ‘ဈာန်ဝင်’ ပြီးသူများအချင်းချင်း မနာလိုဝန်တိုခြင်း၊ ခိုက်ရန်ဒေါသဖြစ်ခြင်းကိုတွေ့မြင်ရပြီး ပက်ထရစ်ခ်စိတ်ဓာတ်ကျမိသည်။ ထိုအသင်းမှထွက်ပြီး စိတ်တည်ငြိမ်မှုရရှိရန် ဟာဝိုင်ယီသို့ပြန်လာနေထိုင်ခဲ့သည်။ နောက်ပိုင်းတွင် သူ၏သမီးရည်းစားဖြစ်သူ နီနာအား အလည်အပတ်ခေါ်လိုက်သည်။ နောက်ဆုံး သူတို့အိမ်ထောင်ပြု၍ ဟာဝိုင်ယီတွင်အခြေချခဲ့သည်။
နီနာနှင့်ပက်ထရစ်ခ်တို့မှာ ငြိမ်သက်မှုနှင့်ပျော်ရွှင်မှုကို ရှာပုံတော်ဖွင့်ခဲ့ရာ နောက်ဆုံးယေဟောဝါသက်သေများနှင့် ကျမ်းစာလေ့လာသည့်အဖြစ်သို့ဆိုက်မည်ဟု လုံးဝမထင်မှတ်ခဲ့ကြပါ။ တစ်သက်လုံးဘုရားမဲ့ဝါဒီဖြစ်ခဲ့သူ နီနာသည် ဆိုးသွမ်းမှုအဘယ်ကြောင့်ရှိသည်၊ လူကောင်းများ အဘယ်ကြောင့်ဆိုးကျိုးများကြုံတွေ့ရသည် အစရှိသည့်မေးခွန်းများကို ကျေနပ်လောက်ဖွယ်ကောင်းစွာ သမ္မာကျမ်းစာဖြေဆိုပေးကြောင်း တွေ့ရှိခဲ့သည်။ ပက်ထရစ်ခ်လည်း သမ္မာတရားကို ဆယ်နှစ်တိုင်ရှာပုံတော်ပြုခဲ့၍ ယခုအားရရွှင်လန်းနိုင်ပြီဖြစ်သည်။ သမ္မာကျမ်းစာမှ သူတို့သိရှိလာသည့်အကြောင်းများက သူတို့၏သီလရေးကိုလည်း မြှင့်တင်ပေးစေခဲ့သည်။ ကြာမြင့်စွာကြိုးစားပြီးနောက်တွင် ဆေးလိပ်သောက်ခြင်းကို သူလုံးဝဖြတ်ပစ်နိုင်ခဲ့သည်။ သူနှင့်သူ၏ဇနီးလည်း ဘုရားသခင့်စံချိန်နှင့်အညီ စာရိတ္တသန့်ရှင်းဖြူစင်စွာအသက်ရှင်ခဲ့သည်မှာ ယခုဆယ်နှစ်တိုင်ရှိပြီ။ စင်ကြယ်သောနှလုံး၊ ကြည်လင်သောသြတ္တပ္ပစိတ်များဖြင့် သူတို့ဆည်းပူးခဲ့သည့်ငြိမ်သက်မှု၌ ပျော်မွေ့နေကြပါသည်။
စွန့်စားမှုများနှင့် ဆုလာဘ်များ
“ကျဉ်းမြောင်းသောတံခါးဝကိုဝင်ခြင်းငှာ ကြိုးစားအားထုတ်ကြလော့။ အကြောင်းမူကား၊ အများသောသူတို့သည် ဝင်ခြင်းငှာ အလိုရှိသော်လည်း မစွမ်းနိုင်ကြ။” (လုကာ ၁၃:၂၄) ဘုရားသခင့်အမှုတော်ထမ်းပြီး ကျမ်းစာစံချိန်မီ အသက်ရှင်နေထိုင်ရန် မလွယ်ကူလှကြောင်း ယေရှုခရစ်၏အထက်ပါစကားများက တင်ပြပါသည်။ ထိုသို့ပြုလိုသူမည်သူမဆိုသည် လိုအပ်သလိုကြိုးစားအားထုတ်ရမည်သာမက စွန့်စားစရာများလည်းရှိမည်။ ဤဆောင်းပါးတွင်ဖော်ပြထားသူတို့သည် ထိုသို့အမှန်ပြုလုပ်ခဲ့ရကြပြီ။ သို့သော် ခံစားရသောကျိုးများလည်း မနည်းပါ။
ဥပမာအနေနှင့် ပက်ထရစ်ခ်နှင့်နီနာတို့အဖြစ်ကိုကြည့်ကြစို့။ တစ်ချိန်က ငွေအလုံးအရင်းသုံးစွဲရသည့်ဘဝမှ အချိန်ပိုင်းဝမ်းစာရှာအလုပ်ဖြင့် အချိန်ပြည့်ခရစ်ယာန်ဓမ္မအမှုကို လုပ်ကိုင်သည့်ဘဝသို့ သူတို့ပြောင်းလဲခဲ့ပါသည်။ ဥစ္စာဓနစွန့်လွှတ်ခဲ့သော်လည်း သူတို့ရရှိနေသည့် ဝိညာဏအကျိုးကျေးဇူးများက သာလွန်သည်ဟုတထစ်ချပြောဆိုနိုင်ကြပါသည်။ တကယ်လည်း ပျော်ရွှင်နေကြပါ၏။
အသက်အရွယ်ကြောင့် ဂျော့ဂ်ျနှင့်လိလျန်တို့အတွက် ပြုပြင်ပြောင်းလဲရန် မလွယ်ကူလှပါ။ ခရစ်ယာန်အစည်းအဝေးများတက်ခြင်း၊ ဓမ္မအမှု၌ပါဝင်ခြင်းပြုရန် အချိန်ပေးရန်၊ ကာယရေးကိုဂရုစိုက်ပြီး ကြိုးစားအားထုတ်ရန်လိုပါသည်။ သို့ရာတွင် သူတို့ကျန်းမာရေးပိုကောင်းလာသည်ကိုတွေ့ရှိရသည်။ ယခုသူတို့၏ဘဝအသက်တာမှာလည်း တက်ကြွပြည့်ဝ၍ရွှင်လန်းအားရဖွယ်ဖြစ်သည်ကား အထင်ရှားကြီးဖြစ်သည်။
ဂျော့ဂ်ျနှင့်အစ္စဘဲလ်တို့အတွက်ဆိုလျှင် သူတို့သားသမီးများကိုလေ့ကျင့်သွန်သင်ပြီး အသက်လမ်းပေါ်သွားလာရန် ကူညီပေးခြင်းကို အတော်အတန်ကြိုးစားခဲ့ရ၏။ သားသမီးလေးယောက်ကို ခရစ်ယာန်စည်းဝေးများအတွက်သော်လည်းကောင်း၊ ခရစ်ယာန်ဓမ္မအမှုတွင်ပါဝင်ဖို့အတွက်လည်းကောင်း အသင့်ပြင်ဆင်ပေးရန် အချိန်ယူ၊ ခွန်အားစိုက်ထုတ်ခဲ့ရကြသည်။ တစ်ချိန်တွင် ဤမျှဖိကြိုးစားခဲ့ရသည့်အတွက် ဂျော့ဂ်ျနှင့်အစ္စဘဲလ်တို့သည် မိဘတာဝန်ကျေပွန်မှုဘက် လက်ပန်းကျပြီးပျက်ကွက်သွားပါသည်။ သို့သော် “ကိုယ်ကျိုးစွန့်စိတ်ဓာတ်ကို အသစ်မွမ်းမံခြင်း” ခေါင်းစဉ်ရှိကျမ်းစာဟောပြောချက်က သားသမီးလေးယောက်အား ‘ယေဟောဝါ၏ပဲ့ပြင်ဆုံးမခြင်းနှင့်စိတ်သဘောတော်ဆိုင်ရာ စည်းမျဉ်းဥပဒေအရ မွေးမြူပေး’ ရန်နှစ်ဆတိုင် ပြန်ကြိုးစားအားထုတ်လှုံ့ဆော်ပေးခဲ့ပါသည်။ ဤသို့ကြိုးစားအားထုတ်ခဲ့၍လည်း ကြွယ်ဝသောဆုကျေးဇူးများကိုခံစားခဲ့ရသည်ကား အမှန်ပင်။—ဧဖက် ၆:၄။
ဤသူတို့နှင့်အခြားအခြားသောသူတို့အား စစ်မှန်သောပျော်ရွှင်မှုရရှိစေသည်ကား တင့်တယ်လှပသောရှုမျှော်ခင်း၊ မျှတသောရာသီဥတုနှင့် အေးဆေးငြိမ်သက်သောဘဝပုံစံမဟုတ်ပါ။ ဘုရားသခင့်အလိုအတော်နှင့်အညီ သူတို့ဘဝအသက်တာကိုအသုံးပြု၍ ဘုရားသခင့်နှုတ်ကပါဌ်တော်သမ္မာကျမ်းစာ၏စံချိန်နှင့် လိုက်လျောညီထွေ အသက်ရှင်နေကြသည်ကို သိရှိခြင်းက သူတို့အားပျော်ရွှင်မှုရရှိစေသည်။ (ဒေသနာ ၁၂:၁၃) ထို့ပြင် မြေကြီးတစ်ဝန်းကမ္ဘာ့ပရဒိသု ပြန်လည်တည်ထောင်လာမည့် ရွှင်လန်းအားရစရာအချိန်ကို တွေးတောဆင်ခြင်လိုက်သည့်အခါ စစ်မှန်သောပျော်ရွှင်မှုသည် သူတို့နှလုံးတွင် ပြည့်လျှံလာပါသည်။—လုကာ ၂၃:၄၃။
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]
ဂျော့ဂ်ျ၊ အစ္စဘဲလ်နှင့် သူတို့၏ကလေးများသည်ကျမ်းစာဖတ်ရှုခြင်းကို ပျော်မွေ့ကြသည်
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
ဂျော့ဂ်ျနှင့် လိလျန် တို့သည်ခရစ်ယာန်ဓမ္မအမှုတွင် ပျော်ရွှင်ကြသည်
[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]
ပက်ထရစ်ခ်နှင့် နီနာတို့သည် ယေဟောဝါ၏လုပ်ငန်းတော်၌စစ်မှန်သောငြိမ်သက်မှုကို ခံစားနေကြသည်