မိုဇမ်ဘစ်၏အထူးစိတ်ဝင်စားဖွယ်မြို့တော် မာပူတိုတွင်ဟောပြောခြင်း!
၁၉၉၁ ခုနှစ်တွင် မိုဇမ်ဘစ်၌ ယေဟောဝါသက်သေများသည် တရားဝင်အသိအမှတ်ပြုခြင်းခံခဲ့ရသည်။ ထိုအချိန်မှစ၍ အာဖရိက အရှေ့တောင်ဘက်ကမ်းရိုးတန်းပေါ်ရှိ ဤအပူပိုင်းနိုင်ငံတွင် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းဟောပြောခြင်းသည် အကြီးအကျယ်တိုးတက်လာခဲ့သည်။ အောက်ပါဆောင်းပါးသည် မိုဇမ်ဘစ်တွင်၊ အထူးသဖြင့် မြို့တော်မာပူတိုနှင့်အနီးတစ်ဝိုက်တွင် ကျမ်းစာပညာပေးလုပ်ငန်းကို ယေဟောဝါသက်သေများမည်သို့လုပ်ဆောင်နေကြကြောင်းမှတ်တမ်းဖြစ်သည်။
ပူနွေးသည့် အိန္ဒိယသမုဒ္ဒရာ၏အရှိန်အဝါကြောင့် မိုဇမ်ဘစ်နိုင်ငံသည် ပူနွေးသောရာသီဥတုကို ထိတွေ့ခံစားရသည်။ ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်တွင် လှပသောစွန်ပလွံပင်များဖြင့်အနားသတ်ထားသည့် သဲသောင်ပြင်များနှင့် သန္တာကျောက်တန်းများစွာရှိကြသည်။ ရေများလွှမ်းမိုးထားသည့်ပင်လယ်အော်ကြီးတစ်ခုသည် နိုင်ငံ၏တောင်ဘက်ဆီသို့ဝင်သွားသည်။ ထိုတွင်ပင် ယင်း၏မြို့တော်မာပူတိုတည်ရှိရာအရပ်ဖြစ်သည်။
ဤနိုင်ငံ၏အလှအပနှင့်အေးဆေးငြိမ်သက်မှုတို့သည် ယင်း၏ကြမ်းတမ်းသည့်နောက်ခံရာဇဝင်ကို ဖုံးကွယ်ထားသည်။ ပထမတွင်အာရပ်၊ နောက်ပေါ်တူဂီနိုင်ငံတို့ဖြစ်သော တိုင်းတစ်ပါး၏လွှမ်းမိုးမှုကို နှစ်ရာစုပေါင်းများစွာခံခဲ့ရသည်။ ပေါ်တူဂီသည် ကက်သလစ်ချာ့ချ်၏အပြည့်အဝထောက်ခံအားပေးမှုဖြင့် ယင်းနိုင်ငံ၏ရတနာများဖြစ်သော ဆင်စွယ်၊ ရွှေနှင့် ကျွန်းများကိုလုယက်တိုက်ခိုက်ရန် ဝင်ရောက်လာခဲ့သည်။ နောက်ဆုံးတွင် ရာစုနှစ်ပေါင်းများစွာနယ်ချဲ့ဖိနှိပ်မှုကိုခံရပြီးနောက်ပိုင်း ၁၉၇၅ ခုနှစ်တွင် ပြင်းထန်သည့်ပြည်တွင်းဆန့်ကျင်မှုကြီးပေါက်ကွဲခဲ့ရာ လွတ်လပ်ရေးရရှိခဲ့ကြသည်။ ဝမ်းနည်းစရာကား အပြောင်းအလဲများသည် လူ့ဘဝကို ပိုမိုလုံခြုံမှုမပေးနိုင်ခဲ့ပါ။ နိုင်ငံသည် ပြည်တွင်းစစ်တွင်ပါဝင်ပတ်သက်ခြင်းကြောင့် လူများသည် ဒုက္ခများစွာတွေ့ကြုံခံစားခဲ့ကြရသည်။ အထူးသဖြင့်အပြစ်မဲ့တောနေလူတန်းစားများဖြစ်သည်။
မြို့တော်မာပူတို
လွန်ခဲ့သည့်ဆယ်စုနှစ်အတွင်းက မိုဇမ်ဘစ်လူမျိုးထောင်ပေါင်းများစွာတို့သည် အတော်အတန်လုံခြုံမှုရှိသည့်မြို့ကြီးမြို့ငယ်များသို့ ထွက်ပြေးကြသည်။ အထူးသဖြင့် မာပူတိုတွင် ပို၍သတိထားမိနိုင်သည်။ စိတ်ဝင်စားဖွယ်များစွာရှိသောအာဖရိကသည် တစ်မူထူးသောပေါ်တူဂီဗိသုကာလက်ရာများနှင့်ပေါင်းစပ်ပြီး မြို့တော်ကိုအုတ်အုတ်ကျက်ကျက်သက်ဝင်လှုပ်ရှားစေသည်။ ယနေ့မာပူတိုမြို့တော်ရှိ သစ်ပင်များစီတန်းစိုက်ထားသောလမ်းကျယ်ကြီးအတိုင်း အပျင်းပြေလမ်းလျှောက်သွားမည်ဆိုလျှင် လူတို့သည် မိမိတို့၏နေ့စဉ်လုပ်ငန်းဆောင်တာအတွက် သွားလာလှုပ်ရှားနေကြသည်ကို ဦးစွာသင်သတိထားမိမည်။ သို့သော် ခြားနားချက်ရှိသည်။ “အသွားအလာကျပ်သိပ်ပြီး နေ့စဉ်ဘဝအတွက်ခက်ခက်ခဲခဲရုန်းကန်နေရတဲ့ကြားထဲက လူတွေဟာ ပြုံးပြဖို့အဆင်သင့်ရှိနေကြတယ်။ ရိုင်းပျတဲ့လူတွေကိုတွေ့ရခဲတယ်” ဟုမာပူတိုရှိသာသနာပြုတစ်ဦးဖြစ်သူ ရိုဒရီဂိုကပြောပြသည်။ မှန်ပါသည်။ မိုဇမ်ဘစ်လူမျိုးများသည် လှိုက်လှိုက်လှဲလှဲရှိပြီးခင်မင်ဖွယ်ကောင်းကြသည်။
အာဖရိကဒေသအများစုမှာကဲ့သို့ လူများကိုတွေ့ဆုံနိုင်သည့်နေရာသည် ဒေသန္တရဈေး၌ပင်ဖြစ်သည်။ ထိုသို့ရောက်ရန် လူထုပို့ဆောင်ရေးအဖြစ်အသုံးပြုသော ဒေသခံအခေါ် ချားပါး ၁၀၀ အမိုးပါထရပ်ကားများဖြင့် စီးနင်းလိုက်ပါနိုင်သည်။ အများအားဖြင့် အထဲတွင်စီးသည့်လူများထက် အပြင်တွင်တွယ်စီးကြသူများပုံရသည်။ သို့အစား လမ်းလျှောက်လျှင်ပို၍ကောင်းပေမည်။
မိုဇမ်ဘစ်လူမျိုးများသည် ဝါရင့်စီးပွားရေးလုပ်ငန်းရှင်များဖြစ်ကြသည်။ မာပူတိုသို့သွားရောက်လည်ပတ်သူများသည် လမ်းများတစ်လျှောက်နှင့်လမ်းထောင့်များတွင် ဆိုင်ခန်းငယ်ကလေးများကိုထောင်၍ စီးပွားရေးလုပ်ကိုင်နေကြသည်ကို တွေ့ရှိရမည်။ လတ်ဆတ်သည့်အသီးများ၊ ဟင်းသီးဟင်းရွက်များ၊ ဆေးဖက်ဝင်သည့်အပင်များ သို့မဟုတ် ဟင်းခတ်အမွှေးအကြိုင်များကို သင်ဝယ်လိုသလော။ လှည့်ပတ်ရှာနေစရာမလိုပါ။ ကြက်အရှင်၊ သီဟိုဠ်သရက်စေ့၊ အိမ်ဆောက်ရန်ကျူများကိုသင်ရလိုသလော။ အရာအားလုံးအခက်အခဲမရှိဘဲ မိတ်ဆွေစိတ်ဓာတ်ဖြင့် လုပ်ဆောင်ကြသည်။ ဖိနပ်အရောင်တင်ခြင်း၊ ကားရေဆေးခြင်းလုပ်ငန်းများလည်းရှိသည်။ လူငယ်ကလေးတစ်ယောက်သည် ပူသည့်သံချောင်းတစ်ခုနှင့်ပလပ်စတစ်ချပ်တစ်ခုဖြင့် သင့်အရေးကြီးစာရွက်စာတမ်းများကို ပလပ်စတစ်လောင်းပေးနိုင်သည့်နေရာလည်းရှိသည်။
အမှန်မှာ လမ်းပေါ်စီးပွားရေးလုပ်ငန်းအားလုံးသည် တရားဝင်များမဟုတ်ကြပါ။ သို့သော် ထိုသို့ပင်လုပ်နေကြသည်။ တရားမဝင်သည့်ဈေးသည်များကို “ကိုယ့်ခြေထောက်ကိုယ်အားကိုး” ဟုအဓိပ္ပာယ်ရသည့် ဒမ်ဘာနင်ဂ် ဟုခေါ်ကြသည်။ ထိုအတိုင်းပင်ဖြစ်သည်။ စစ်ဆေးရန်အာဏာပိုင်များလှည့်လာသောအခါ သူတို့၏အန္တရာယ်များ၍အတည်တကျမရှိသောအလုပ်ဆက်လက်မြဲမြံရန် ခြေထောက်အားကိုး၍ထွက်ပြေးခြင်းသည် အသုံးဝင်သည်။
အနံ့ရခြင်းဖြင့် ငါးဈေးတန်းနားသို့ကျွန်ုပ်တို့နီးလာကြောင်းသိရသည်။ နေ့စဉ်မွန်းတိမ်းချိန်ရောက်လျှင် ကိုစ်တာဒိုစောလ် ကမ်းခြေတစ်လျှောက်တွင် ငါးဖမ်းလှေများသည် တစ်နေ့တာမိမိတို့ဖမ်းယူရရှိသည့်ငါးများကိုသယ်ဆောင်လျက် လူးလားခေါက်ပြန်သွားလာနေကြသည်။ ပုံစံအမျိုးမျိုး၊ အရွယ်အစားအမျိုးမျိုးရှိသောငါးများအပြင် ဂဏန်းများ၊ ကျောက်ပုစွန်တုပ်များနှင့် နာမည်ကြီးမိုဇမ်ဘစ်ပုစွန်တုပ်များလည်းရှိသည်။ သို့သော် မာပူတိုမြို့တွင်းနှင့်အနီးတစ်ဝိုက်တွင်ပြုလုပ်သော အခြားငါးဖမ်းခြင်းတစ်မျိုးကိုလည်း သင်စိတ်ဝင်စားပေလိမ့်မည်။
“လူကိုမျှားသောတံငါများ”
မိုဇမ်ဘစ်တွင် တရားဝင်အသိအမှတ်ပြုခံရပြီးကတည်းကစ၍ ယေဟောဝါသက်သေများသည် လူထု၏ကောင်းစွာတုံ့ပြန်မှုကိုရခဲ့ကြသည်။ လူတစ်ဦးသည် သူ၏လေးမြတ်မှုကို ဤသို့တင်ပြပြောဆိုသည်– “လန်ဒန်မှာ ခင်ဗျားတို့အဖွဲ့ဝင်များစွာကို လမ်းပေါ်မှာကျွန်တော်တွေ့ခဲ့ရတယ်။ အမှန်တော့ ကျွန်တော်ဘယ်ကိုပဲရောက်ရောက် ယေဟောဝါသက်သေတွေကိုတွေ့တယ်။ ခင်ဗျားတို့ကို ဒီမှာတစ်ခါထပ်တွေ့ရတာ ကျွန်တော်ဝမ်းသာတယ်။”
ဒေသခံဘာသာစကား ပေါ်တူဂီနှင့်စွန်ဂါတို့ဖြင့်ရေးသားထားသော ကျမ်းစာနှင့်ကျမ်းစာအခြေပြုသည့်စာပေများကို ယူသောသူသည် ဝိညာဉ်ရေးရာကို လိုလားသောသူဖြစ်ကြောင်းအမှတ်အသားတစ်ခုဖြစ်သည်။ ပုံမှန်စနေနေ့မနက်တွင် ဈေး သို့မဟုတ် ဗဟိုဈေးကွက်တွင် မဂ္ဂဇင်း ၅၀ ထက်မနည်းဝေငှရဖို့အကြောင်းရှိကြောင်း အခြားသာသနာပြုတစ်ဦးဖြစ်သူ ပေါလာက ပြန်ပြောပြသည်။။ လူငယ်များအမေး—တာသွားသည့်အဖြေစာအုပ်ဆိုလျှင် အလွန်ရေပန်းစားသည်။ လူငယ်များစွာသည် စစ်ပွဲတွေကြောင့် အိုးအိမ်မဲ့ သို့မဟုတ် မိဘမဲ့ဖြစ်ရကြသည့်အတွက် ဤစာအုပ်၏တန်ဖိုးနှင့်လမ်းညွှန်မှုများကို သူတို့အလွန်တန်ဖိုးထားပုံရသည်။
အာဖရိကလူမျိုးများ၏ လုံးဝအတားအဆီးမရှိသည့်ပုံစံပီပြင်စွာပင် စိတ်ဝင်စားသူများသည် သာသနာပြုများကိုဝိုင်းအုံစုရုံးကြပြီး နားထောင်ကြမည်ဖြစ်သည်။ ယင်းသို့လမ်းပေါ်စုရုံးခြင်းများသည် ထက်သန်သည့်ကျမ်းစာဆွေးနွေးပွဲများအဖြစ် တက်လှမ်းခဲ့ရမြဲဖြစ်သည်။ ညီအစ်မတစ်ဦးက စိတ်တက်ကြွဖွယ်တွေ့ကြုံမှုတစ်ခုကို ပြန်ပြောပြသည်။
“လမ်းပေါ်သက်သေခံခြင်းပြုလုပ်နေတဲ့တစ်ခါမှာ ကျွန်မနားကို စစ်ကားတစ်စီးထိုးရပ်လိုက်တဲ့အသံကြောင့် သိပ်ကိုလန့်သွားခဲ့တယ်။ ငယ်ရွယ်တဲ့စစ်သားတစ်ယောက်က ရပ်နားထောင်နေတဲ့သူတွေကို ‘ဟေ့၊ အဲဒီနားကလူတွေ။ အဲဒီအမျိုးသမီးကို ဒီကိုလာဖို့ပြောလိုက်စမ်း’ လို့ လှမ်းအော်ပြောလိုက်တယ်။ စစ်သားနားကိုကျွန်မရောက်တော့ သူ့မျက်နှာကလှိုက်လှဲတဲ့အပြုံးပန်းတွေပေါ်လာပြီး ‘ခင်ဗျားတို့တွေဟာ လူကောင်းတွေပဲ။ ခင်ဗျားကိုဒီမှာတွေ့ရတာ ကျွန်တော်တို့ဝမ်းသာတယ်။ ခင်ဗျားမှာ လူငယ်တွေနဲ့ပတ်သက်တဲ့စာအုပ်ပါလိမ့်မယ်လို့ကျွန်တော်မျှော်လင့်တယ်။ ကျွန်တော်လည်း တစ်အုပ်လိုချင်တယ်’ လို့ပြောတယ်။ ကျွန်မမှာတစ်အုပ်မှမရှိတော့တဲ့အကြောင်း၊ ဒါပေမဲ့ စာအုပ်ကိုရရချင်း သူ့အိမ်ကိုတစ်အုပ်လာပို့ပေးမယ်ဆိုတာစိတ်ချဖို့အကြောင်း ကျွန်မပြန်ပြောလိုက်တယ်။”
ဂိုဒေါင်ဖြင့်ဖြန့်ချိရေး
တိုးများနေသော စာအုပ်စာတမ်းလိုအပ်ချက်ကို ဖြည့်ဆည်းရန် တောင်အာဖရိကရှိ ကင်းမျှော်စင်အသင်းဌာနခွဲရုံးက နှစ်ပတ်တစ်ခါ မာပူတိုရှိဂိုဒေါင်တစ်ခုသို့ စာအုပ်စာတမ်းများကို ထောက်ပံ့သည်။ သာသနာပြုတစ်ဦးဖြစ်သူ မယ်နျူးဝဲလ် က ထိုဂိုဒေါင်ကိုထိန်းသိမ်းစောင့်ရှောက်ရပြီး စာအုပ်စာတမ်းများကိုစီစဉ်ထားသိုခြင်းနှင့် ဖြန့်ဝေခြင်းတို့ကို တာဝန်ယူရသည်။
တစ်မနက်တွင် လူရွယ်တစ်ဦးသည် ဖြည်းဖြည်းချင်းဝင်လာပြီး ဤနေရာကို မည်သည့်အတွက်အသုံးပြုကြောင်းမေးမြန်းခဲ့သည်။ မယ်နျူးဝဲလ်က ကျမ်းစာ,စာပေများကို ထားသိုသည့်ဂိုဒေါင်ဖြစ်ကြောင်း ပြန်ဖြေသည်။ ထိုလူပြန်ထွက်သွားခဲ့သည်။ သို့သော် တစ်မိနစ်အတွင်း သူပြန်လှည့်လာသည်။
“ဒါတွေဟာ ကျမ်းစာ,စာအုပ်တွေလို့ခင်ဗျားပြောခဲ့တယ်မဟုတ်လား” ဟုထိုသူမေးသည်။
“ဟုတ်တယ်၊ အဲဒါမှန်တယ်” ဟု မယ်နျူးဝဲလ်ပြန်ဖြေသည်။
“ဒါ၊ ဘယ်အဖွဲ့အစည်းကစာပေတွေလဲ” ဟုထိုလူမေးသည်။
“ယေဟောဝါသက်သေတွေပါ” ဟု မယ်နျူးဝဲလ်ပြန်ဖြေသည်။ “ကျွန်တော်တို့ရဲ့ဒေသခံအသင်းတော်တွေကို ဒီစာအုပ်တွေနဲ့ထောက်ပံ့တယ်” ဟုသူဆက်ပြောသည်။
“အာ၊ ယေဟောဝါသက်သေတွေ” ထိုလူမျက်နှာတောက်ပလာပြီး “ခင်ဗျားတို့ကို ကျွန်တော်ကြိုက်တာတွေအများကြီးရှိတယ်။ ဒါပေမဲ့ တစ်ချိန်ထဲမှာ ကျွန်တော်မကြိုက်တာလည်းရှိတယ်” ဟုပြောသည်။
“အင်း၊ ဒါဆို ကျွန်တော်တို့ကိုခင်ဗျားဘာတွေကြိုက်သလဲ” ဟုမယ်နျူးဝဲလ်က လိမ္မာပါးနပ်စွာမေးသည်။
“စိတ်ဝင်စားဖို့ကောင်းပြီး ပညာပေးတဲ့ခင်ဗျားတို့စာအုပ်ကို ကျွန်တော်သဘောကျတယ်” ဟုထိုလူရှင်းပြသည်။ “ကျွန်တော်မကြိုက်တာကတော့ အဲဒါတွေကို ကျွန်တော်ကြိုက်သလောက်ဘယ်တော့မှမရဘူး။ ကျွန်တော်တို့ဒီမာပူတိုမှာ ခင်ဗျားတို့စာအုပ်တွေလိုမျိုးစာအုပ်တွေကို ဘယ်လောက်ငတ်နေကြသလဲဆိုတာ ခင်ဗျားယုံနိုင်မှာမဟုတ်ဘူး။” ထို့နောက် ကင်းမျှော်စင်အသင်းထုတ်စာပေများကိုရေးမှတ်ထားသည့် စာရင်းစာရွက်တစ်ခုကိုထုတ်လိုက်သည်။ ထိုတွင် သူမရလိုက်သော ကင်းမျှော်စင် နှင့် နိုးလော့! မဂ္ဂဇင်းလထုတ်အဟောင်းများလည်း ပါဝင်သည်။
“ဒီစာရွက်ကို ကျွန်တော်အမြဲယူသွားတယ်။ ယေဟောဝါသက်သေတွေကိုတွေ့တိုင်း သူတို့မှာရှိတဲ့ဘယ်စာအုပ်မဆို ကျွန်တော်ရဖို့ကြိုးစားတယ်။ ကျွန်တော့်စာရင်းထဲမှာပါတဲ့စာအုပ်တွေကို ခင်ဗျားပေးနိုင်မယ်ဆိုရင်တော့ ဘယ်လောက်ပဲပေးရပေးရ ကျွန်တော်ဝန်မလေးဘူး” ဟုထိုသူပြောသည်။
ဆက်၍စကားပြောခဲ့ကြသည်။ ထိုလူသည် ၁၉၅၀ ခုနှစ်တွင် Creation ဟူသောစာအုပ်ကိုဖတ်မိရာမှ ယေဟောဝါသက်သေများနှင့်ဆက်သွယ်မိခဲ့ခြင်းဖြစ်ကြောင်း မယ်နျူးဝဲလ်သိရှိခဲ့ရသည်။ သို့ရာတွင် ပေါ်တူဂီအစိုးရလက်အောက်တွင် ယေဟောဝါသက်သေများ၏လုပ်ငန်းသည် ပိတ်ပင်ခံခဲ့ရသောကြောင့် အနည်းငယ်သာတိုးတက်မှုရှိခဲ့သည်။
နောက်ပိုင်းထိုလူ၏ရုံးသို့သွားရောက်လည်ပတ်သောအခါ သူ၌ရှိထားသည့်ကင်းမျှော်စင်မဂ္ဂဇင်းအားလုံးကို ပလပ်စတစ်ဖြင့်ကောင်းမွန်စွာထုပ်ထားပြီး သပ်ရပ်စွာဖိုင်သွင်းထားသည်ကို မယ်နျူးဝဲလ်တွေ့ရှိခဲ့ရသည်။ ထိုလူလိုအပ်နေသောစာစောင်များကို မယ်နျူးဝဲလ်ပေးနိုင်ခဲ့ပြီး သူနှင့်သူ့မိသားစုကျမ်းစာသင်အံမှုပြုလုပ်ရန် စီစဉ်နိုင်ခဲ့သည်။
ဤဝိညာဏစိုက်ပျိုးခြင်းနှင့် ရေလောင်းခြင်းအားလုံးကို ဆက်၍ ဘုရားသခင် “ကြီးထွားစေ” သည်နှင့်အမျှ အသီးအပွင့်များစွာစတင်သီးပွင့်နေသည်။ မိုဇမ်ဘစ်တွင် စိတ်နှလုံးရိုးဖြောင့်သူများကိုရိတ်သိမ်းခြင်းလုပ်ငန်းတွင် ပြည့်ဖြိုးအောင်မြင်သောအသီးအနှံများသီးပွင့်လာမည့်လက္ခဏာအလွန်ထင်ရှားနေသည်။—၁ ကောရိန္သု ၃:၆။ ယောဟန် ၄:၃၆။
အနှောင့်အယှက်များကြားမှ သီအိုကရက်တစ်တိုးတက်မှု
ယခုအခါ မာပူတိုမြို့နှင့်အနီးတစ်ဝိုက်တွင် အသင်းတော် ၅၀ ကျော်ရှိသည်။ သို့သော် ယေဟောဝါသက်သေများ၏နိုင်ငံတော်ခန်းမတစ်ခုမျှမတွေ့ရချေ။ အဘယ့်ကြောင့်နည်း။ အချို့တို့သည် နှစ်ရှည်လများမြေယာများပိုင်ဆိုင်ထားကြသော်လည်း စီးပွားရေးချို့တဲ့မှုအခြေအနေကြောင့် အသင်းတော်များသည် ခန်းမ,မဆောက်နိုင်ကြချေ။a
သို့ရာတွင် ဤအတားအဆီးမျိုးသည် တိုးတက်မှုကို မနှောင့်နှေးစေနိုင်ပါ။ လောလောဆယ်တွင် တောင်ပိုင်းမိုဇမ်ဘစ်၌ ကျမ်းစာသင်အံမှု ၅,၀၀၀ ကျော်ကျင်းပနေသည်။ ထို့ကြောင့် အလျင်အဦးလုပ်ရမည့်အရာများကိုချမှတ်ရသည့်အထိ ကျမ်းစာသင်အံမှုတောင်းဆိုခြင်းများပြားနေသည်။ လူတစ်ဦးသင်အံမှုတောင်းဆိုပါက အသင်းတော်အစည်းအဝေးအားလုံးကို သူတက်ရောက်ရမည်ဖြစ်သည်။
မြို့ဆင်ခြေဖုံးရှိအသင်းတော်တစ်ခုသည် သတင်းကောင်းကြေညာသူ ၇၁ ဦးသာရှိသော်လည်း မကြာသေးမီက တနင်္ဂနွေအစည်းအဝေးတက်ရောက်သူပေါင်း ၁၈၉ ယောက်ရှိခဲ့သည်။ ဤလူအုပ်ကြီးသည် အိမ်ရှေ့မြေကွက်လပ်တွင် စုဝေးခဲ့ကြသည်။ ထိုနေရာကို လူအများမြင်ကွင်းတွင်မရှိအောင် သွပ်ပြားများ၊ ကျူများဖြင့်ကာရံထားသည်။ အစည်းအဝေးတစ်ခုစီမတိုင်မီ ထိုနေရာကို ကောင်းမွန်စွာလှည်းကျင်းသန့်ရှင်းထားသည်။ လူကြီးများစွာပါဝင်သောလူအများစုသည် မြေကြီးပေါ်တွင်ခင်းထားသည့်ကျူဖျာများပေါ်တွင်ထိုင်ကြသည်။ အစီအစဉ်ကို သူတို့မည်မျှအာရုံစူးစိုက်စွာနားထောင်ကြသည်တကား! လူသစ်များစွာတို့သည် ကင်းမျှော်စင် သင်တန်းအတွက် စာအုပ်မရှိသဖြင့် အပိုဒ်ဖတ်သောအခါ စူးစိုက်စွာနားထောင်ကြပြီး လူများစွာလက်ထောင်၍ အဖြေပေးကြသည်။
ကြေညာသူ ၅၉ ယောက်ရှိအခြားအသင်းတော်တစ်ခုတွင် ပုံမှန်တက်ရောက်သူ ၁၄၀ ကျော်ရှိသည်။ ပုံမှန်အားဖြင့် အိမ်ရှေ့မြေကွက်လပ်တွင် သူတို့စည်းဝေးကြသည်။ သို့သော် မိုးတွင်းရောက်သောအခါ အသင်းတော်သည် အဆောက်အအုံငယ်ကလေးတစ်ခုရှိအခန်းနှစ်ခန်းအတွင်းတွင် ပြွတ်သိပ်လျက်ရောက်ရှိသွားသည်။ စင်္ကြံလမ်း၊ မီးဖိုဆောင်၊ လသာဆောင်များပါမကျန် လူပြည့်လျှံလျက်ရှိသည်။ ဤတွင်တစ်ဖန်မလွဲဧကန်တွေ့ရှိရသည့်အရာမှာ လူငယ်များအပါအဝင် လူအားလုံးသည် အစီအစဉ်ကို လေးစားစွာနှင့်အာရုံစူးစိုက်နားထောင်နေကြခြင်းပင်ဖြစ်သည်။
စည်းဝေးပွဲများသည် အနာဂတ်တိုးတက်မှုအတွက် တွန်းအားအပေးဆုံးသောနေရာဖြစ်ကြောင်း ထင်ရှားသည်။ မကြာမီက မြို့လယ်ရပ်နွားရိုင်းသတ်ကွင်းတွင် တိုက်နယ်စည်းဝေးပွဲတစ်ခုကျင်းပခဲ့သည်။ ကြေညာသူ ၃,၀၀၀ တို့သည် အစီအစဉ်တက်ရောက်သူ ၁၀,၀၀၀ ကျော်ရှိသည်ကိုသိရသည့်အတွက် မည်မျှအံ့သြကြမည်ကို စဉ်းစားကြည့်နိုင်သည်။
“စပါးရိတ်စရာများစွာရှိ”
ထိုတွေ့ကြုံမှုများက မိုဇမ်ဘစ်တွင် အလုပ်လုပ်စရာများစွာရှိနေသေးကြောင်း ထင်ရှားစွာဖော်ပြသည်။ အချို့အသင်းတော်များမှာ ဌာနခွဲရုံးမှစေလွှတ်သော နယ်လှည့်ကြီးကြပ်မှူးများ၏ပထမဦးဆုံးလည်ပတ်မှုကို မကြာသေးမီကမှရရှိကြသည်။ သူတို့သည် အသင်းတော်တွင် အဖွဲ့အစည်း၏အစီအစဉ်အတိုင်းလိုက်လျှောက်လုပ်ကိုင်နိုင်ရန် အကူအညီဖြစ်စေသည့် ထောက်ပံ့ဖေးမမှုများကို ရရှိခဲ့ကြသည်။
မကြာမီကရောက်ရှိလာခဲ့သော ဂိလဒ်သာသနာပြုများအတွက်လည်း အသင်းတော်များက အလွန်ကျေးဇူးတင်ကြသည်။ မာပူတိုရှိအကြီးအကဲတစ်ဦးဖြစ်သူ ဖရန်စစ္စကိုက “ဒါကျွန်တော်တို့အတွက် ရှေ့တိုးရမယ့်ခြေလှမ်းကြီးတစ်ရပ်ဖြစ်တယ်။ ကျွန်တော်တို့ဇွဲရှိကြတယ်။ ကျွန်တော်တို့မေတ္တာရှိကြတယ်။ အဲဒါတောင်မှ အဖွဲ့အစည်းနဲ့ပတ်သက်တဲ့ကိစ္စတော်တော်များများမှာ ကျွန်တော်တို့အဆက်ပြတ်နေခဲ့ကြတယ်။ ကျွန်တော်တို့အမှန်လိုအပ်နေတာက ဘယ်လိုလုပ်ကိုင်ရမယ်ဆိုတာကို အရင်းခံကျကျသိရှိနားလည်တဲ့သူတစ်ယောက်က ကျွန်တော်တို့ကိုသင်ပေးဖို့ပဲ။ အခု ကျွန်တော်တို့ဆီကိုသာသနာပြုတွေရောက်လာတာ ကျွန်တော်တို့သိပ်ဝမ်းသာကြပါတယ်” ဟုပြောခဲ့သည်။
သာသနာပြုများဘက်ကလည်း မိမိတို့၏ညီအစ်ကိုများကိုကူညီရမည့်အတွက် ဝမ်းသာကြသည်။ ဘရာဇီးလ်တွင် အနှစ် ၂၀ အမှုဆောင်ပြီးနောက် မကြာမီက မိုဇမ်ဘစ်တွင်ခန့်အပ်ခံရသော ဟန်းစ်က ဤသို့အကျဉ်းချုံး၍ဆိုသည်– “မိုဇမ်ဘီကန်လယ်ကွင်းမှာ လုပ်ဆောင်ရတာအခွင့်အရေးကြီးပဲ! ဒီမှာအလုံးအရင်းနဲ့ တိုးပွားဖို့ဆဲဆဲဖြစ်နေတယ်လို့ ကျွန်တော်တို့ခံစားမိတယ်။ လုပ်စရာတွေအများကြီးရှိတယ်။ မာပူတိုတစ်ခုထဲမှာတောင် နောက်ထပ်သာသနာပြု ၁၀ (ဝါ) ၂၀ လောက်ကိုသုံးနိုင်သေးတယ်။”
မိုဇမ်ဘစ်တွင် မြင့်မားနေသော သီအိုကရက်တစ်အရှိန်အဟုန်သည် ယေရှု၏အရေးပေါ်စကားတစ်ခုကို ကျွန်ုပ်တို့အားပြန်လည်သတိရစေသည်။ “စပါးရိတ်စရာများစွာရှိ၏။ ရိတ်သောသူတို့သည် နည်းကြ၏။ ထို့ကြောင့် လုပ်ဆောင်သောသူတို့ကို စပါးရိတ်စေခြင်းငှာစေလွှတ်တော်မူမည်အကြောင်း စပါးရှင်ကိုဆုတောင်းကြလော့။” (မဿဲ ၉:၃၇၊ ၃၈) မိုဇမ်ဘစ်ရှိမိမိ၏ကျေးကျွန်များနှင့်ပတ်သက်၍ ထိုအရေးပေါ်တောင်းလျှောက်ချက်ကို ယေဟောဝါဖြေကြားတော်မူမည်ဖြစ်ကြောင်း ကျွန်ုပ်တို့ယုံကြည်ရန်အကြောင်းအခိုင်အလုံရှိပါသည်။ (w92 8/15)
ယေဟောဝါသက်သေထောင်ပေါင်းများစွာတို့သည် အနောက်မြောက်ပိုင်းမိုဇမ်ဘစ်ရှိ ထိန်းသိမ်းရေးစခန်းများတွင် ၁၂ နှစ်ထက်မက ရောက်ရှိနေခဲ့ကြသည်။ မကြာမီက မာပူတိုသို့ပြန်ရောက်လာကြသူအချို့တို့တွင် ခါးပတ်ရန်နံငယ်ပိုင်းသာကျန်တော့သည်။ သူတို့တွင်ကြွယ်ဝစွာရှိသည့် အရာကား ယုံကြည်ခြင်းသာလျှင်ဖြစ်သည်တကား! ပတ်ဝန်းကျင်နိုင်ငံများရှိသူတို့၏သက်သေခံချင်းမိတ်ဆွေများက အဝတ်အစားများကို ရက်ရောစွာပေးကမ်းခြင်းအားဖြင့် သူတို့၏ဘဝတစ်ဖန်ပြန်လည်စတင်ရန် ကူညီပေးကြသည်။
[အောက်ခြေမှတ်ချက်များ]
a လူတစ်ဦးသည် ဤတွင်အကြောင်းသင့်၍အလုပ်ရခဲ့သော် ပျမ်းမျှလုပ်ခသည် တစ်လလျှင် ဒေါ်လာ ၂၀ မှ ၃၀ ဖြစ်သည်။
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
စနေနေ့နံနက်ပိုင်းခရစ်ယာန်သက်သေခံထွက်ခြင်းတွင်ပါဝင်ကြသော အသင်းတော်သားများ
၅ နှစ်သားဂျာအီမီတိုအားတွေ့ရပုံ။ သူ့ကို ထိန်းသိမ်းရေးစခန်းတွင်မွေးဖွားခဲ့သည်။ ယနေ့ဂျာအီမီတို၏မိဘများသည် မာပူတိုတွင်ပြန်နေရသည့်အတွက် ပျော်ရွှင်နေကြသည်။ ဂျာအီမိတို၏ဖခင်ဖြစ်သူ ဖရန်စစ္စကိုသည် မိသားစုတစ်ခုလုံးနှင့် တစ်ပတ်တစ်ခါကျမ်းစာသင်အံမှုကျင်းပသည်။ သူတို့မိဘနှစ်ဦးလုံးသည် လယ်ကွင်းဓမ္မအမှုလုပ်ငန်းတွင် သားသမီးများကို ထိရောက်စွာသွန်သင်ပေးနိုင်သည့်ဆရာသမားများဖြစ်အောင်လေ့ကျင့်ပေးရာတွင် အချိန်များစွာအသုံးပြုကြသည်။ ဂျာအီမီတိုသည် မြို့လယ်ဈေးကွက်တွင် စာပေများဝေငှရခြင်းကို သဘောကျသည်။
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
အသင်းတော်များတွင် စည်းဝေးခန်းမများမရှိခြင်းက သူတို့၏တိုးတက်မှုကိုမရပ်ဆိုင်းစေခဲ့ပါ။ အများအားဖြင့် ကြေညာသူနှစ်ဆကျော်သော အရေအတွက်တို့ အစည်းအဝေးတက်ရောက်ကြသည်