ဘုရားသခင်သည် သုံးပါးတစ်ဆူဖြစ်ကြောင်း ကနဦးအသင်းတော်က သွန်သင်ခဲ့သလော
အပိုင်း ၄ — သုံးပါးတစ်ဆူအယူသည် အဘယ်အချိန်နှင့် အဘယ်နည်းဖြင့် စပေါ်ပေါက်လာသနည်း
ဤအစီအရီ၏ ပထမဆောင်းပါးသုံးခုက သုံးပါးပေါင်းတစ်ဆူအယူကို ယေရှုနှင့်တပည့်တော်များသော်လည်းကောင်း၊ စောစောပိုင်းအသင်းတော်ဦးဆောင်သူများသော်လည်းကောင်း မသွန်သင်ခဲ့ကြောင်း ဆွေးနွေးတင်ပြခဲ့သည်။ (၁၉၉၂ ဖေဖော်ဝါရီ ၁၊ ဇွန် ၁၅နှင့် ဩဂုတ် ၁ ကင်းမျှော်စင်) ဤနောက်ဆုံးဆောင်းပါးသည် သုံးပါးတစ်ဆူအယူမည်သို့စတင်ဖြစ်ပေါ်လာ၍ စီအီး ၃၂၅ တွင်နိုက်စီရာကောင်စီစည်းဝေးက အဘယ်ကဏ္ဍ၌ပါဝင်ခဲ့ကြောင်း ဆွေးနွေးတင်ပြမည်။
စီအီး ၃၂၅ ခုနှစ်တွင် ရောမဧကရာဇ်မင်းကွန်စတင်တိုင်းသည် အာရှမိုင်းနားရှိ နိုက်စီရာမြို့တွင် ဂိုဏ်းချုပ်များ၏ကောင်စီစည်းဝေးကိုတင်သွင်းခဲ့သည်။ သူ၏ရည်ရွယ်ချက်ကား၊ ဘုရားသခင်၏သားတော်နှင့် အနန္တတန်ခိုးရှင်ဘုရားသခင်၏တော်စပ်ပုံကို ဘာသာရေးသဘောတရားအရ ဆက်အငြင်းပွားနေခြင်းကို ဆုံးဖြတ်စီရင်ပေးရန်ဖြစ်သည်။ ထိုကောင်စီစည်းဝေး၏ ရလဒ်နှင့်ပတ်သက်၍ Encyclopœdia Britannica ကဤသို့ဆိုသည်။
“ကွန်စတင်တိုင်းကိုယ်တိုင်ဦးစီးနာယကပြုကာ ဆွေးနွေးပွဲများတွင်ပါဝင်ညွှန်ကြား၍ ‘ခမည်းတော်နှင့်အထည်ကိုယ်တစ်ခု (တစ်ဇာတိ) တည်း [ဟိုမိုအူစီအော့စ်] ဖြစ်သည်’ . . . ဟူသော ကောင်စီထုတ်ဆင့်သည့်အယူဝါဒတွင်ပါသည့် ဘုရားသခင်နှင့်ခရစ်တော်၏တော်စပ်ပုံကို ကိုယ်တိုင်အဆိုတင်သွင်းပါသည်။ . . . ဧကရာဇ်၏သြဇာအရှိန်ကြောင့် ဂိုဏ်းအုပ်နှစ်ဦးမှအပ အားလုံးလက်မှတ်ရေးထိုးကြသော်လည်း အများအားဖြင့်သဘောမတူညီနိုင်ဘဲလျက်ဖြစ်သည်။”1
ဤမင်းသည် သူ၏ကျမ်းစာအခြေခံသောယုံကြည်ချက်များကြောင့် ပါဝင်ဆွေးနွေးခဲ့ခြင်းလော။ မဟုတ်ပါ။ A ShortHistory of Christian Doctrine ကဤသို့ဆိုသည်။ “ဂရိဘာသာရေးပညာတွင် မေးမြန်းခဲ့သမျှမေးခွန်းများကို ကွန်စတင်တိုင်းလုံးဝနားမလည်ခဲ့ပါ။”2 သူသဘောပေါက်နားလည်ထားသည်ကား ဘာသာရေးအငြင်းပွားမှုများကြောင့် သူ့အင်ပါယာ၏ စည်းလုံးမှုပြိုပျက်သွားနိုင်စရာအကြောင်းရှိ၍ ယင်းတို့ကိုဖြေရှင်းလိုခဲ့သည်။
ယင်းသည်သုံးပါးတစ်ဆူအယူကို အတည်ပြုခဲ့သလော
နိုက်စီရာကောင်စီက သုံးပါးတစ်ဆူအယူကို ခရစ်ယာန်ဘောင်၏အယူဝါဒအဖြစ် တည်စေခဲ့၊ သို့မဟုတ် အတည်ပြုခဲ့ပါသလော။ ယင်းသို့ဖြစ်ပျက်ခဲ့သည်ဟု အများယူမှတ်ကြသည်။ သို့သော် ဖြစ်ရပ်မှန်တို့က ထိုသို့မဆိုပါ။
ထိုကောင်စီကြေညာခဲ့သည့်အယူဝါဒသည် ဓမ္မဆရာအချို့ကို ဘုရားသခင့်သားတော်အား ခမည်းတော်ဘုရားနှင့် တစ်နည်းတစ်ပုံစံအားဖြင့် တန်းတူအဖြစ်ယူမှတ်ရန်ထင်မြင်စေသည့် အချက်များကိုအဆိုသွင်းသည်မှန်၏။ သို့တိုင် နိုက်စီယန်အယူဝါဒ မတင်ပြသည့်အချက်တို့ကိုသိရှိရခြင်းသည် များစွာသဘောပေါက်စေမည်။ အစမူလကကြေညာသည်အတိုင်း အယူဝါဒတစ်ရပ်လုံးက ဤသို့ဆိုသည်။
“မိုးမြေ၊ ရူပ၊ အရူပ အရာခပ်သိမ်းကိုဖန်ဆင်းပြုပြင်တော်မူထသော၊ အနန္တတန်ခိုးနှင့်ပြည်စုံတော်မူထသော၊ တစ်ပါးတည်းဖြစ်တော်မူထသော၊ ခမည်းတော်ဘုရားသခင်ကို ကျွန်ုပ်တို့ယုံကြည်ပါ၏။
“ဧကပုတ္တဖြစ်တော်မူထသော၊ ရှေးကမ္ဘာမရှိမီ ခမည်းတော်အားဖြင့် ဖြစ်ပွားစေခြင်းခံတော်မူသော ဘုရားမှဘုရား၊ အလင်းမှအလင်း၊ မုချဘုရားမှ မုချဘုရားဖြစ်တော်မူထသော ဖန်ဆင်းခြင်းအားဖြင့်မဟုတ်၊ ဖြစ်ပွားစေခြင်းအားဖြင့် ဖြစ်တော်မူထသော ခမည်းတော်ဘုရားနှင့်တစ်ဇာတိတည်းဖြစ်တော်မူထသော၊ အရာခပ်သိမ်းကိုဖြစ်စေတော်မူထသော၊ လူသတ္တဝါအပေါင်းတို့ကို ကယ်တင်အံ့သောငှာ ကောင်းကင်ဘုံမှဆင်းသက်ကြွလာတော်မူထသော၊ လူ့ဇာတိကိုယူဆောင်တော်မူထသော၊ ဒုက္ခဝေဒနာ၌ကျင်လည်တော်မူထသော၊ သေခြင်းမှတတိယနေ့တွင်ထမြောက်တော်မူထသော၊ ကောင်းကင်ဘုံသို့တက်ကြွတော်မူထသော၊ သေသူရှင်သူတို့ကို စီရင်ဆုံးဖြတ်ခြင်းငှာ တစ်ဖန်ကြွလာတော်မူအံ့သော တစ်ပါးတည်းသောအရှင်သခင် ယေရှုခရစ်ကိုလည်း ကျွန်ုပ်တို့ယုံကြည်ပါ၏။
“သန့်ရှင်းသောဝိညာဉ်တော်ကိုလည်း ကျွန်ုပ်တို့ယုံကြည်ပါ၏။”3
ဤယုံကြည်ချက်က ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်တို့သည် ဘုရားတစ်ဆူ၌ရှိသော ပုဂ္ဂိုလ်သုံးပါးဟုဆိုပါသလော။ ထိုသုံးပါးသည် ထာဝရအဖြစ်၊ တန်ခိုးအာဏာ၊ အဆင့်ရာထူးနှင့် ဉာဏ်ပညာတန်းတူရည်တူရှိသည်ဟု ဆိုပါသလော။ ထိုသို့မဆို။ မည်သို့ပင်ဆိုစေ ဤတွင်သုံးပါးတစ်ဆူပုံသေနည်း လုံးဝမရှိပါ။ အစပထမနိုက်စီယန်အယူဝါဒသည် သုံးပါးတစ်ဆူအယူကို တည်စမပြု၊ အတည်လည်းမပြုခဲ့ပါ။
ထိုအယူဝါဒသည် အလွန်ဆုံးအနေနှင့် ခမည်းတော်နှင့်သားတော်သည် “တစ်ဇာတိတည်း” ဖြစ်သည်ဟူ၍သာဆိုထားသည်။ သို့သော် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပတ်သက်၍မူ ထိုသို့ဘာမျှမဆိုထားပါ။ ဆိုထားသည်ကား “သန့်ရှင်းသောဝိညာဉ်တော်၌ ကျွန်ုပ်တို့ယုံကြည်သည်” ဟူ၍သာဖြစ်သည်။ ယင်းသည်ကား ခရစ်ယာန်ဘောင်၏သုံးပါးတစ်ဆူအယူမဟုတ်ပါ။
“တစ်ဇာတိတည်း” [ဟိုမိုအူစီအော့စ်] ဟူသောအဓိကစကားစုပင်လျှင် ခမည်းတော်နှင့်သားတော်သည် အရေအတွက်အားဖြင့် တန်းတူညီတူဖြစ်သည်ဟု ကောင်စီအဖွဲ့ကယုံကြည်ကြောင်း ဆိုလိုစရာအကြောင်းမရှိပေ။ New Catholic Encyclopedia ကဤသို့ဆိုသည်။
“ခမည်းတော်နှင့်သားတော်သည် တစ်ဇာတိတည်းဟုဆိုရာတွင် ကောင်စီအနေနှင့် အရေအတွက်ကိုဖော်ညွှန်းလိုမလိုကို အတိအကျမသိနိုင်။”4
သားတော်နှင့်ခမည်းတော်သည် အရေအတွက်အားဖြင့် တစ်ယောက်တည်းဖြစ်သည်ဟု ကောင်စီကဆိုလိုသည်တိုင် သုံးပါးတစ်ဆူဖြစ်မည်မဟုတ်သေးချေ။ တစ်ဆူ-တွင်-နှစ်ပါး သာလျှင်ဖြစ်မည်ဖြစ်ပြီး၊ သုံးပါးတစ်ဆူအယူဝါဒသွန်သင်သည့်အတိုင်း တစ်ဆူ-တွင်-သုံးပါး ဖြစ်မည်မဟုတ်ချေ။
“လူနည်းစုရှုမြင်ချက်”
နိုက်စီရာတွင်ဂိုဏ်းချုပ်အများက သားတော်သည် ဘုရားသခင်နှင့်တန်းတူရည်တူဖြစ်သည်ဟု ယုံကြည်ခဲ့ကြပါသလော။ မယုံခဲ့ပါ။ ထင်မြင်ချက်များ ကွဲပြားနေပါသည်။ ဥပမာ၊ အချိန်အားဖြင့် သားတော်သည်အစရှိရာ ဘုရားသခင်နှင့်တန်းတူမဖြစ်နိုင်သဖြင့် အဘက်ဘက်တွင် လက်အောက်ခံဖြစ်သည်ဟုသွန်သင်သူ အေရီယပ်စ်၏ရှုမြင်ချက်ရှိပါသည်။ အာသန်နေစီယပ်စ်မူကား သားတော်သည် ခမည်းတော်နှင့်တစ်နည်းအားဖြင့် တန်းတူဖြစ်သည်ဟုယူဆသည်။ အခြားထင်မြင်ချက်များလည်းရှိပါသေးသည်။
သားတော်သည် ဘုရားသခင်နှင့်အထည်ကိုယ်တစ်ခု (တစ်ဇာတိ) တည်းဖြစ်သည်ဟု ကောင်စီ၏ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ မာတင် မာတီက ဤသို့ဆိုသည်။ “အမှန်သော်ကား နိုက်စီရာသည် လူနည်းစုရှုမြင်ချက်ကိုသာ ကိုယ်စားပြုခဲ့သည်။ အေရီယပ်စ်အမြင်မရှိသူအများစုသည် ထိုဆုံးဖြတ်ချက်ကိုလက်မခံနိုင်၊ စိတ်မသိုးမသန့်ဖြစ်ခဲ့ကြသည်။”5 ထိုနည်းတူစွာ A Select Library of Nicene and Post-Nicene Fathers of the Christian Church စာအုပ်က ဤသို့သတိပြုစေသည်။ “အေရီယပ်စ်အယူနှင့်ဆန့်ကျင်သည့် ပြတ်သားစွာပုံသေတွက်ထားသောအယူဝါဒကို လူနည်းစုသာခံယူခဲ့ကြသော်လည်း ဤလူနည်းစု၏အဆိုတင်သွင်းခြင်းကို ထိုနေ့တွင် လက်ခံလိုက်ကြသည်။”6 A Short History of Christian Doctrine ကလည်းဤသို့သတိပြုစေသည်။
“အရှေ့ဘက်မှဖြစ်သောဂိုဏ်းချုပ်များနှင့်ဘာသာရေးဆရာများ အထူးသဖြင့်သဘောမတူနိုင်သည်ကား ကွန်စတင်တိုင်းကိုယ်တိုင် ထိုအယူဝါဒ၌ထည့်သွင်းခဲ့သည့် ဟိုမိုအူစီအော့စ် [“တစ်ဇာတိတည်း”] အယူအဆဖြစ်သည်။ ယင်းသည် အများလက်ခံသည့်အယူကိုလက်ခံသူများနှင့် မိစ္ဆာအယူလက်ခံသူတို့စပ်ကြား စိတ်ဝမ်းကွဲပြားစရာဖြစ်ခဲ့သည်။”7
ကောင်စီစည်းဝေးပြီးနောက် ဆယ်စုနှစ်များစွာအငြင်းအခုံ ဆက်ဖြစ်ပွားခဲ့သည်။ အနန္တတန်ခိုးရှင်ဘုရားသခင်နှင့် သားတော်ကို တန်းတူထားလိုသူများသည် တစ်ခေတ်တွင်မျက်နှာပျက်ခဲ့ကြရသည်။ ဥပမာ၊ မာတင်မာတီက အာသနေစီယပ်စ်အကြောင်း ဤသို့ဆိုသည်။ “သူ့အားလူကြိုက်များသည့်အချိန်၊ နည်းသည့်အချိန်ရှိခဲ့ရာ [ကောင်စီစည်းဝေးပြီးနောက်ပိုင်းတွင်] ကြိမ်ဖန်များစွာပြည်နှင်ခံခဲ့ရသဖြင့် ပြည်ပမှဝင်ထွက်နေရသူဖြစ်ချေသည်။”8 ဘုရားသခင်နှင့်သားတော်ကို တစ်တန်းတစ်စားတည်းဖြစ်သည်ဟူသော သူ၏ယူဆချက်များကြောင့် နိုင်ငံရေးနှင့်အသင်းတော်အရာရှိများက သူ့အားဆန့်ကျင်သဖြင့် အာသနေစီယပ်စ်သည် နှစ်ချီ၍ပြည်နှင်ခံခဲ့ရသည်။
ထိုကြောင့် စီအီး ၃၂၅ ခုကနိုက်စီရာကောင်စီသည် သုံးပါးတစ်ဆူအယူကိုတည်စပြုသည်၊ သို့မဟုတ် အတည်ပြုခဲ့သည်ဟုဆိုခြင်းမှာ မမှန်ပါ။ နောင်တွင်သုံးပါးတစ်ဆူသွန်သင်ချက်ဖြစ်လာသည့်အယူသည် ထိုစဉ်ကမရှိခဲ့ချေ။ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်တစ်ပါးစီသည် စစ်မှန်သောဘုရားဖြစ်၍ ထာဝရအဖြစ်၊ တန်ခိုးအာဏာ၊ အဆင့်ရာထူးနှင့် ဉာဏ်ပညာဘက် တန်းတူရည်တူဖြစ်သည့်တိုင် သို့သော် ဘုရားတစ်ဆူတည်း—ဘုရားတစ်ဆူ-တွင်-သုံးပါး— ဖြစ်သည်ဟူသောအယူအဆကို ထိုကောင်စီသော်လည်းကောင်း၊ စောစောပိုင်းကအသင်းတော်ဖခင်များသော်လည်းကောင်း ပြုစုပျိုးထောင်ပေးခဲ့သည်မဟုတ်ပါ။ The Church of the First Three Centuries ကဤသို့ဆိုသည်။
“မျက်မှောက်အချိန် လူအများခံယူထားသည့် သုံးပါးတစ်ဆူအယူအတွက် . . . ဂျပ်စတင် [မာတာ] ၏စကားအသုံးအနှုန်းမှ အဘယ်ထောက်ခံချက်မျှမရရှိနိုင်ပါ။ နိုက်စီရာအစည်းအဝေးမတိုင်မီကဖခင်များအားလုံးဖြစ်သည့် ခရစ်တော်မွေးဖွားပြီးနောက် သုံးရာစုအတွင်းမှ ခရစ်ယာန်စာရေးဆရာအားလုံးနှင့်စပ်လျဉ်း၍လည်း ထပ်တူပင်ဆိုရမည်။ ခမည်းတော်၊ သားတော်၊ ပရောဖက်ပြုဆိုင်ရာ သို့မဟုတ် သန့်ရှင်းသောဝိညာဉ်တော်အကြောင်း သူတို့ပြောဆိုကြသည်မှန်၏။ သို့သော် သုံးပါးတစ်ဆူဝါဒီများ ယခုခံယူသည့်သဘောမျိုးဖြင့် ယင်းတို့သည် တန်းတူရည်တူဖြစ်သည်၊ အရေအတွက်တစ်ပါးတည်းဖြစ်သည်၊ တစ်ဆူတွင်သုံးပါးဖြစ်သည် ဟုမပြောဆိုခဲ့ကြချေ။ ယင်းနှင့်လားလားကြီးဆန့်ကျင်ဘက်ကိုသာ ပြောဆိုခဲ့ကြ၏။ ဤဖခင်များရှင်းပြထားသည့် သုံးပါးတစ်ဆူအယူသည် မျက်မှောက်ခေတ်အယူဝါဒနှင့် အနှစ်သာရအားဖြင့်ကွဲပြားခြားနားပါသည်။ ခေတ်ကာလများတစ်လျှောက် မည်သည့်လူ့ထင်မြင်ချက်များကိုမဆို သက်သေအထောက်အထားပြနိုင်သကဲ့သို့ ယင်းကိုလည်း အမှန်အဖြစ် ကျွန်ုပ်တို့တင်ပြထားပါသည်။”
“ပထမသုံးရာစုအတွင်း မျက်မှောက်ခေတ်သဘောအတိုင်း ဤ [သုံးပါးတစ်ဆူ] အယူကိုခံယူခဲ့သော မည်သည့်မှတ်စုရှင်စာရေးဆရာတစ်ဦးကိုမဆို ဖော်ပြပေးရန် မည်သူမဆိုအား ကျွန်ုပ်တို့စိန်ခေါ်ပါသည်။”9
သို့သော် နိုက်စီရာသည် အထူးအရေးကြုံရာတစ်ခုကိုတင်စားခဲ့သည်။ သားတော်သည်ခမည်းတော်နှင့်တန်းတူဖြစ်သည်ဟူ၍ တရားဝင်ခံယူကြရန် လမ်းစဖွင့်ပေးခဲ့ပြီး နောင်သုံးပါးတစ်ဆူအယူအတွက် လမ်းခင်းပေးခဲ့ပါသည်။ ဂျေ၊ အေ၊ ဘာ့ကလေ၏ Second Century Orthodoxy စာအုပ်ကဤသို့ဆိုသည်။
“အနည်းဆုံးဒုတိယရာစုနှစ်၏အကုန်ပိုင်းတိုင်အောင် လူခပ်သိမ်းတို့၏ချာ့ချ်သည် အခြေခံသဘောတစ်ခု၌ စည်းလုံးနေခဲ့သည်။ ယင်းတို့အားလုံးသည် ခမည်းတော်၏ကြီးမြတ်မှုကို လက်ခံထားကြသည်။ အနန္တတန်ခိုးရှင်ခမည်းတော်ဘုရားသခင်သာလျှင် အထွတ်အထိပ်အာဏာစက်၊ မပြောင်းလဲနိုင်၊ မဖော်ပြနိုင်၊ အစကနဦးမရှိ . . . ဟုသူတို့အားလုံး ယူမှတ်ကြသည်။
“ထိုဒုတိယရာစုစာရေးဆရာများနှင့်ခေါင်းဆောင်များ ကွယ်လွန်ပြီးနောက် ချာ့ချ်သည် မူလအစယုံကြည်ခြင်းမှ တစ်စစတိမ်းပါးခဲ့ရာ နိုက်စီရာကောင်စီတွင် အထွတ်အထိပ်သို့တရွေ့ရွေ့ရောက်သွားရန် . . . မလွဲဧကန်ဖြစ်ရလေသည်။ . . . ထိုတွင်စိတ်ထားပြောင်းလဲလွယ်သောလူနည်းစုသည် မငြင်းဆန်ဘဲသဘောတူလိုက်သည့်လူအများစုအား ယင်း၏မိစ္ဆာအယူကိုလက်ခံစေခဲ့ရာ သန့်ရှင်းစင်ကြယ်သောယုံကြည်ခြင်းကို အညစ်အကြေးနှင့်ကင်းစင်နေစေရန် ကြိုးစားအားထုတ်သူများကို ဩဇာအရှိန်အဝါဖြင့် တိုက်တွန်းသွေးဆောင်ခြိမ်းခြောက်ခဲ့လေသည်။”10
ကွန်စတင်တီနိုပဲလ်ကောင်စီအစည်းအဝေး
စီအီး ၃၈၁ တွင် ကွန်စတင်တီနိုပဲလ်ကောင်စီစည်းဝေး၌နိုက်စီရန်အယူဝါဒကို အတည်ပြုလိုက်သည်။ ၎င်းပြင် တစ်စုံတစ်ခုကိုပင် ထည့်သွင်းသေးသည်။ ၎င်းက သန့်ရှင်းသောဝိညာဉ်တော်ကို “သခင်” ဟူ၍သော်လည်းကောင်း၊ “အသက်ပေးရှင်” ဟူ၍သော်လည်းကောင်းခေါ်ဆိုခဲ့သည်။ ဤတွင်ခရစ်ယာန်ဘောင်သည် ပြီးပြည့်နေသော သုံးပါးတစ်ဆူအခြေခံဝါဒကို ပုံစံဖော်လုဆဲဆဲရှိနေကြောင်း (ယနေ့ချာ့ချ်များတွင် အများအပြားလက်ခံသည့် “နိုက်စီရန်အယူဝါဒ” ဖြစ်သည့်) စီအီး ၃၈၁ ၌တိုးချဲ့လာသောယုံကြည်ချက်ကထင်ရှားစေသည်။ သို့တိုင် ဤကောင်စီပင်လျှင် ထိုအယူဝါဒကိုမပြီးပြည့်စေနိုင်ခဲ့သေးချေ။ New Catholic Encyclopedia ကဤသို့ဝန်ခံထားသည်။
“ပထမအကြိမ်နိုက်စီရာအပြီး နှစ်ပေါင်း ၆၀ အကြာတွင်ကျင်းပသည့် ပထမအကြိမ်ကွန်စတင်တီနိုပဲလ်ကောင်စီစည်းဝေး၌ [စီအီး ၃၈၁] သန့်ရှင်းသောဝိညာဉ်တော်၏ ဘုရားအဖြစ်အဓိပ္ပာယ်ဖွင့်ဆိုချက်တွင် ဟိုမိုအူစီအော့စ် ကိုမသုံးဘဲနေခဲ့ခြင်းကား စိတ်ဝင်စားစရာပင်ဖြစ်သည်။”11
“ဤအယူဝါဒကိုရှင်းပြရာတွင် စကားအသုံးအနှုန်းမလေးနက်ရခြင်း၊ ခမည်းတော်နှင့်သားတော်ကို အထည်ကိုယ်တစ်ခု (တစ်ဇာတိ) တည်းဟုဆိုသကဲ့သို့ သန့်ရှင်းသောဝိညာဉ်တော်နှင့်စပ်လျဉ်း၍ ဟိုမိုအူစီအော့စ် ကိုမသုံးခဲ့ခြင်းကို ပညာတတ်များနားလည်ရခက်နေကြသည်။”12
ထိုစွယ်စုံကျမ်းကပင် ဤသို့ဝန်ခံပါသည်။ “ဟိုမိုအူစီအော့စ်သည် ကျမ်းစာတွင်မပါမရှိပါ။”13 ဘုရားသခင်နှင့်အထည်ကိုယ်တစ်ခု (တစ်ဇာတိ) တည်းဖြစ်သည်ဟူ၍ သမ္မာကျမ်းစာသည် ထိုစကားလုံးကို သန့်ရှင်းသောဝိညာဉ်တော်အတွက်သော်လည်းကောင်း၊ သားတော်အတွက်သော်လည်းကောင်း အသုံးမပြုထားပါ။ ယင်းသည်သမ္မာကျမ်းစာအသုံးအနှုန်းမဟုတ်ပါ။ ယင်းက သမ္မာကျမ်းစာတွင်မပါ၊ ကျမ်းစာနှင့်ပင်ဆန့်ကျင်သည့် သုံးပါးတစ်ဆူအယူဝါဒ ဖြစ်ပေါ်လာစေရန် လမ်းကြောင်းပေးခဲ့သည်။
ကွန်စတင်တီနိုပဲလ်ပြီးနောက်ပင် ခရစ်ယာန်ဘောင်လောကတစ်လျှောက် သုံးပါးတစ်ဆူအယူကို ရာစုပေါင်းများစွာကြာမှသာ လက်ခံခဲ့ကြပါသည်။ New Catholic Encyclopedia ကဤသို့ဆိုသည်။ “အနောက်တိုင်းတွင် . . . ပထမအကြိမ်ကွန်စတင်တီနိုပဲလ်နှင့် ယင်း၏အယူဝါဒနှင့်စပ်လျဉ်း၍ အများအားဖြင့်တိတ်ဆိတ်နေကြပုံရှိသည်။”14 သတ္တမ သို့မဟုတ် အဌမရာစုတိုင်အောင် ထိုကောင်စီ၏အယူဝါဒကို အနောက်တိုင်းတွင် ကျယ်ကျယ်ပြန့်ပြန့်လက်မခံကြသေးကြောင်း ဤအထောက်အထားကတင်ပြပါသည်။
အာသနေစီယန်အယူဝါဒကို သုံးပါးတစ်ဆူအယူအတွက် စံတင်အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ထောက်ခံချက်အဖြစ် အများအားဖြင့်ကိုးကားကြသော်လည်း ယင်းကိုအာသနေစီယပ်စ်မရေးသားခဲ့ဘဲ၊ နောက်ပိုင်းအတန်ကြာကာလ၌သာ အမည်မသိစာရေးဆရာတစ်ဦးကရေးသားခဲ့ကြောင်း ပညာတတ်များအသိအမှတ်ပြု ဝန်ခံကြပါသည်။ The New Encyclopœdia Britannica က ဤသို့မှတ်ချက်ချသည်။
“ထိုအယူဝါဒကို ၁၂ ရာစုတိုင်အောင် အရှေ့ပိုင်းချာ့ချ်လုံးဝမသိရှိခဲ့ပါ။ အာသနေစီယန်အယူဝါဒကို အာသနေစီယပ်စ် (၃၇၃ ခုနှစ်တွင်ကွယ်လွန်သည်) မရေးသားခဲ့ပဲ ယင်းကို ပြင်သစ်နိုင်ငံတောင်ပိုင်း၌ ပဉ္စမရာစုအတွင်းက ရေးဆွဲခဲ့ပုံရှိသည်ဟု ၁၇ ရာစုကတည်းက ပညာတတ်များသည် ယေဘုယျအားဖြင့်သဘောတူညီခဲ့ကြသည်။။ . . . ထိုအယူဝါဒ၏သြဇာအရှိန်အဝါသည် ပြင်သစ်နိုင်ငံတောင်ပိုင်းနှင့် စပိန်နိုင်ငံတို့တွင် ဆဌမနှင့်သတ္တမရာစုများအတွင်း ဦးဆုံးလွှမ်းမိုးခဲ့ပုံရှိသည်။ ယင်းကို ဂျာမနီနိုင်ငံရှိချာ့ချ်ဘုရားရှိခိုးစာ၌ နဝမရာစုတွင်ထည့်သွင်းအသုံးပြုခဲ့ပြီး ရောမနိုင်ငံတွင် ထိုအချိန်နောက်ပိုင်းတွင်အသုံးပြုခဲ့သည်။”15
ယင်းမည်သို့ဖြစ်ပေါ်လာ
ရာစုအသီးသီးအတွင်း သုံးပါးတစ်ဆူအယူဝါဒသည် တဖြည်းဖြည်းစတင်ဖြစ်ပေါ်လာခဲ့သည်။ ခရစ်တော်မတိုင်မီ ရာစုပေါင်းများစွာကအသက်ရှင်ခဲ့သည့် ပလေတိုအစရှိသော ဂရိအတွေးအခေါ်ပညာရှင်များ၏ သုံးပါးတစ်ဆူအယူအဆများသည် ချာ့ချ်သွန်သင်ချက်များအတွင်းသို့ တဖြည်းဖြည်းစိမ့်ဝင်လာသည်။ The Church of the First Three Centuries တင်ပြသည်ကားဤသို့။
“သုံးပါးတစ်ဆူအယူဝါဒသည် တဖြည်းဖြည်းနှင့် နောက်ပိုင်းအချိန်၌သာ အကောင်အထည်ပေါ်လာခဲ့ကြောင်း၊ ဂျူးနှင့်ခရစ်ယာန်ကျမ်းစာစောင်များ၏ပြင်ပမှ စတင်ဖြစ်ပေါ်လာကြောင်း၊ ပလေတိုအယူကိုလက်ခံသောဖခင်များကြောင့် တဖြည်းဖြည်းအကောင်အထည်ပေါ်လာပြီး ခရစ်ယာန်ဘာသာတရားအတွင်း ထည့်သွင်းဆက်ခံယူခဲ့ကြောင်း၊ ဂျပ်စတင်အချိန်နှင့်နောက်ပိုင်းကာလအတန်ကြာအထိ သားတော်သည် သီးခြားပုဂ္ဂိုလ်ဖြစ်ပြီး အဆင့်နိမ့်ကြောင်း ကျယ်ကျယ်ပြန့်ပြန့်သွန်သင်လျက်ရှိကြောင်း၊ ထိုအချိန်ကျမှသာ သုံးပါးတစ်ဆူအရိပ်အရောင်သန်းစပြုလာကြောင်း ကျွန်ုပ်တို့အခိုင်အမာပြောဆိုနိုင်သည်။”16
ပလေတိုမတိုင်မီက ဗာဗုလုန်နှင့်အီဂျစ်နိုင်ငံများတွင် သုံးဦးပေါင်း၊ သို့မဟုတ် သုံးပါးတစ်ဆူများစွာရှိနှင့်နေပြီဖြစ်သည်။ ရောမနယ်ပယ်ရှိ မယုံကြည်သူများအား ချာ့ချ်ခေါင်းဆောင်များက ကြိုးစားဆွဲဆောင်ဖျောင်းဖျရာမှ ခရစ်ယာန်ဘာသာတရားအတွင်းသို့ ထိုအယူအဆအချို့ တဖြည်းဖြည်းဝင်လာလေသည်။ ယင်းက သားတော်နှင့်သန့်ရှင်းသောဝိညာဉ်တော်သည် ခမည်းတော်နှင့်တန်းတူညီတူဖြစ်သည် ဟူသောအယူအဆကို လက်ခံသည့်အဆင့်သို့ တဖြည်းဖြည်းလမ်းကြောင်းပေးခဲ့သည်။a
“သုံးပါးတစ်ဆူ” ဟူသောစကားလုံးကိုပင် တဖြည်းဖြည်းသာလက်ခံလာခဲ့ကြသည်။ “သုံးဦးပေါင်း” သို့မဟုတ် “သုံးပါးတစ်ဆူ” ဟုအဓိပ္ပာယ်ရှိသည့် ထရိုင်အက်စ်ဟူသောစကားလုံးကို ရှုရိပြည်အန္တိအုတ်မြို့၏ဂိုဏ်းချုပ်၊ သီသြဖိလပ်စ်သည် ဒုတိယရာစု၏နောက်ပိုင်းကာလတွင် ဂရိစကားဖြင့်စတင်တီထွင်အသုံးပြုခဲ့ပါသည်။ ထိုနောက် မြောက်အာဖရိက၊ ကာသေ့ဂ်ျမြို့ရှိ လက်တင်စာရေးဆရာ တာတူလျန်သည် သူ၏အရေးအသားတွင် “သုံးပါးတစ်ဆူ” ဟုအဓိပ္ပာယ်ရှိသော ထြီနီတာ့စ် ကိုဦးဆုံးထွင်လိုက်သည်။bသို့သော် ထရိုင်အက်စ် ဟူသောစကားလုံးကို မှုတ်သွင်းခံ ခရစ်ယာန်ဂရိကျမ်းစောင်များတွင် မတွေ့ရပါ ထြီနီတာ့စ် ဟူသောစကားလုံးကိုလည်း Vulgate ခေါ်လက်တင်ဘာသာပြန်ကျမ်း၌ မတွေ့ရပါ။ နှစ်ခုစလုံးသည် ကျမ်းစာအသုံးအနှုန်းများမဟုတ်ပါ။ သို့သော် လောကီအယူများကိုအခြေခံသည့် “ထြီနတီ” (သုံးပါးတစ်ဆူ) စကားလုံးသည် ချာ့ချ်စာပေများအတွင်းသို့စိမ့်ဝင်လာပြီး စတုတ္ထရာစုနောက်ပိုင်းတွင် သူတို့၏အခြေခံအယူဝါဒအဝင်ဖြစ်လာလေသည်။
သို့ဖြစ်၍ ဤအယူဝါဒကိုကျမ်းစာ သွန်သင်သည်၊ မသွန်သင်သည်ကို ပညာတတ်များအသေအချာလေ့လာခဲ့ခြင်းမရှိပါ။ ယင်းအစား လောကီနှင့်ချာ့ချ်နိုင်ငံရေးတရားက ထိုအယူဝါဒကိုဆုံးဖြတ်စီရင်ပေးခြင်းခဲ့ဖြစ်သည်။ The Christian Tradition စာအုပ်တွင် စာရေးဆရာဂျာရိုစလဗ် ပဲလီကန်ဆိုသူသည် “ယင်းတို့၏အကျိုးဖြစ်ထွန်းချက်ကို ထပ်ခါတလဲဆုံးဖြတ်စီရင်ပေးပုံရှိသော်လည်း ယင်းတို့ကဲ့သို့သော အခြားအင်အားစုများက ပြန်တိုက်လှန်သည့် စကားရည်လုပွဲပါ ဘာသာရေးနှင့်မဆိုင်သောအပိုင်းကဏ္ဍများ” ကိုအာရုံပြုစေသည်။ “အယူဝါဒမည်သည် ချာ့ချ်နိုင်ငံရေးရာနှင့် ပုဂ္ဂိုလ်ရေးပဋိပက္ခများ၏ သားကောင် သို့မဟုတ် ရလဒ်ဖြစ်လေ့ရှိသည်။”17 ယေးလ်ပါမောက္ခ အီး၊ ဝါရှ်ဘန်း ဟော့ပ်ကင်းစ် က ဤသို့ရှင်းပြသည်။ “သုံးပါးတစ်ဆူကိုနောက်ဆုံး ဆုံးဖြတ်စီရင်ပုံသည် အမှန်ဆိုလျှင် ချာ့ချ်နိုင်ငံရေးရာအတိုင်းသာဖြစ်သည်။”18
ဘုရားသခင်သည် အထွတ်အထိပ်အာဏာပိုင်ဖြစ်၍ ပြိုင်ဘက်မရှိဟူသော သမ္မာကျမ်းစာ၏ရိုးရှင်းသောသွန်သင်ချက်နှင့် သုံးပါးတစ်ဆူအယူဝါဒကို နှိုင်းယှဉ်ခြင်းသည် မည်မျှယုတ္တိမတန်လိုက်လေခြင်း။ ဘုရားသခင်မိန့်တော်မူသကဲ့သို့ “သင်တို့သည် ငါ့ကိုအဘယ်သူနှင့်ပုံပြကြမည်နည်း။ အဘယ်သူနှင့်တူစေကြမည်နည်း။ တူအောင် အဘယ်သူနှင့်ခိုင်းနှိုင်းကြမည်နည်း။”—ဟေရှာယ ၄၆:၅။
ယင်းအဘယ်အရာကိုကိုယ်စားပြု
တဖြည်းဖြည်းပေါ်ထွက်လာသည့် သုံးပါးတစ်ဆူအယူသည် အဘယ်အရာကိုကိုယ်စားပြုသနည်း။ ယေရှုကြိုတင်ဟောခဲ့သည့် စစ်မှန်သောခရစ်ယာန်ဘာသာတရားမှ သွေဖည်သွားခြင်းအဝင်ဖြစ်သည်။ (မဿဲ ၁၃:၂၄-၄၃) ပေါ်ပေါက်လာမည့်အယူဖောက်ပြန်မှုကို တမန်တော်ပေါလုလည်း ကြိုတင်ဟောပြောခဲ့သည်။
“လူတို့သည် ကောင်းမြတ်သောသွန်သင်ချက်နှင့်ကျေနပ်နေမည့်အစား နောက်ဆုံးပေါ်ထူးခြားသည့်အရာကိုတလိုတလားဖြစ်ပြီး မိမိအကြိုက်နှင့်ညီသော ဆရာများနောက်လိုက်၍ သမ္မာတရားကိုနာယူမည့်အစား ဒဏ္ဍာရီစကားကိုလက်ခံကြမည့်အချိန် အမှန်ရောက်ရလတ္တံ့။”—၂ တိမောသေ ၄:၃၊ ၄၊ ကက်သလစ် Jerusalem Bible.
ယင်းဒဏ္ဍာရီတစ်ခုကား သုံးပါးတစ်ဆူသွန်သင်ချက်ဖြစ်သည်။ ခရစ်ယာန်ဘာသာတရားနှင့်မစပ်ဆိုင်သည့် တဖြည်းဖြည်းပေါ်ထွက်လာသောအခြားဒဏ္ဍာရီများမှာ လူ့ဝိညာဉ် (စိုလ်း) မသေနိုင်ခြင်း၊ ငရဲကလေး၊ လင်ဘိုနှင့် မီးငရဲတွင် ထာဝစဉ်ညှဉ်းဆဲခြင်းတို့ဖြစ်သည်။
ထိုကြောင့် သုံးပါးတစ်ဆူအယူအဆကားအဘယ်နည်း။ လူတို့ကိုလှည့်ဖြားကာ ဘုရားသခင်ကိုရှုပ်ထွေးရာ၊ နက်နဲရာအဖြစ်ထင်မြင်စေရန် စာတန်ဖြစ်ပေါ်စေသည့်အယူဖြစ်သည်။ ယင်းကြောင့်လည်း အခြားမှောက်မှားသောအယူအဆများနှင့် မှားယွင်းသောအကျင့်များကိုလက်ခံရန် သာ၍လွယ်ကူစေပါသည်။
“သူတို့၏အကျင့်အားဖြင့်”
မဿဲ ၇:၁၅-၁၉ တွင်မှားသောဘာသာနှင့် မှန်သောဘာသာကို ဤနည်းဖြင့်ခွဲခြားသိမြင်နိုင်ကြောင်း ယေရှုပြောဆိုသည်။
“အတွင်း၌ကြမ်းတမ်းသောတောခွေးဖြစ်လျက်၊ သိုးရေကိုခြုံ၍ သင်တို့ရှိရာသို့လာသောမိစ္ဆာပရောဖက်တို့ကိုသတိနှင့်ရှောင်ကြလော့။ ထိုသူတို့၏အကျင့်ကိုထောက်၍ သူတို့၏သဘောကိုသိကြလိမ့်မည်။ ဆူးပင်၌စပျစ်သီးကိုဆွတ်တတ်သလော။ ဆူးလေပင်၌ သင်္ဘောသဖန်းသီးကိုဆွတ်တတ်သလော။ ကောင်းသောအပင်သည်ကောင်းသောအသီး၊ မကောင်းသောအပင်သည် မကောင်းသောအသီးကိုသီးတတ်၏။ . . . ကောင်းသောအသီးမသီးသောအပင်ရှိသမျှတို့ကိုခုတ်လှဲ၍ မီးထဲသို့ချလိုက်တတ်၏။”
ဥပမာတစ်ခုကိုသုံးသပ်ပါ။ ယောဟန် ၁၃:၃၅ တွင်ယေရှုဤသို့ဆိုသည်။ “သင်တို့သည် အချင်းချင်းချစ်ကြလျှင် လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်ဖြစ်သည်ကိုသိရကြလိမ့်မည်။” ၁ ယောဟန် ၄:၂၀ နှင့် ၂၁ တွင်လည်း ဘုရားသခင့်မှုတ်သွင်းခံနှုတ်ကပါဌ်တော်က ဤသို့ဆိုသည်။
“တစ်စုံတစ်ယောက်သောသူက ‘ငါသည် ဘုရားသခင်ကိုချစ်၏’ ဟုဆိုလျက်ပင် မိမိညီအစ်ကိုကိုမုန်းလျှင် ထိုသူသည် မုသာကိုသုံးသောသူဖြစ်၏။ မိမိမြင်ရသောမိမိညီအစ်ကိုကိုမချစ်လျှင် မမြင်သေးသောဘုရားသခင်ကို အဘယ်သို့ချစ်နိုင်မည်နည်း။ ဘုရားသခင်ကိုချစ်သောသူသည် မိမိညီအစ်ကိုကိုချစ်ရမည်ဟူသောပညတ်တော်ကို ငါတို့သည် ခရစ်တော်ထံ၌ခံရကြပြီ။”
စစ်မှန်သောခရစ်ယာန်များသည် အချင်းချင်းကိုချစ်ရမည်ဟူသောအခြေခံမူကို ဤရာစုနှစ်အတွင်းဖြစ်ခဲ့သည့် ကမ္ဘာ့စစ်ပွဲကြီးနှစ်ခုနှင့်အခြားအဓိကရုဏ်းများ၌ မည်သို့ကျင့်သုံးခဲ့သည်ကို သုံးသပ်ကြည့်ပါ။ လူမျိုးရေးဝါဒကွဲပြားမှုကြောင့် ခရစ်ယာန်ဘောင်ဘာသာဝင်အချင်းချင်း စစ်တလင်းသို့ဆင်းကာသတ်ဖြတ်ခဲ့ကြသည်။ နှစ်ဦးနှစ်ဘက်စလုံးက ခရစ်ယာန်အမည်ခံ၍ မိမိတို့ဘက်တွင် ဘုရားသခင်ရှိသည်ဟုဆိုသော ယင်းတို့ဓမ္မဆရာများ၏အားပေးတိုက်တွန်းမှုကိုခံခဲ့ကြရသည်။ “ခရစ်ယာန်” တစ်ဦးအား အခြား “ခရစ်ယာန်” တစ်ဦးသတ်ဖြတ်ခဲ့ခြင်းသည် ပုပ်ပျက်နံစော်သောအသီးပင်ဖြစ်သည်။ ခရစ်ယာန်မေတ္တာတရားကိုချိုးဖောက်ဖျက်ဆီးခြင်း၊ ဘုရားသခင့်ပညတ်တော်ကို ငြင်းပယ်ခြင်းသာဖြစ်သတည်း။—၁ ယောဟန် ၃:၁၀-၁၂ ကိုလည်းရှု။
စီရင်ဆုံးဖြတ်ခံရမည့်နေ့ရက်
သို့ဖြစ်၍ ခရစ်ယာန်ဘာသာတရားဖောက်ပြန်သွေဖည်ခြင်းသည် သုံးပါးတစ်ဆူ အစရှိသည့် ဘုရားတရားနှင့်မဆိုင်သောယုံကြည်ချက်များသို့ တွန်းပို့ပေးသည်သာမက ဘုရားတရားနှင့်မဆိုင်သောအကျင့်များကိုလည်း ကျင့်ကြံပြုမူစေသည်။ သို့ပင်ငြားလည်း တရားစီရင်ဆုံးဖြတ်ခံရမည့်နေ့ရက်ရောက်လိမ့်မည်။ အကြောင်းမူကား “ကောင်းသောအသီးမသီးသောအပင်ရှိသမျှတို့ကိုခုတ်လှဲ၍ မီးထဲသို့ချလိုက်တတ်၏” ဟုယေရှုမိန့်တော်မူခဲ့သည်။ ထိုကြောင့် ဘုရားသခင့်နှုတ်ကပါဌ်တော်က ဤသို့တိုက်တွန်းထားရခြင်းဖြစ်သည်။
“ငါ၏လူမျိုးတို့၊ သူ၏အပြစ်တို့ကိုဆက်ဆံခြင်းနှင့်လည်းကောင်း၊ သူ၏ဘေးဒဏ်များကိုခံခြင်းနှင့်လည်းကောင်း ကင်းလွတ်အံ့သောငှာ သူ၏အထဲထွက်ကြလော့။ သူ၏အပြစ်တို့သည် ကောင်းကင်ဘုံတိုင်အောင် မီကြသည်ဖြစ်၍ သူ၏မတရားသောအမှုတို့ကို ဘုရားသခင်သတိရတော်မူပြီ။”—ဗျာဒိတ် ၁၈:၄၊ ၅။
များမကြာမီ ဗာဗုလုန်ဘာသာကို နိုင်ငံရေးအာဏာရှင်များ ဆန့်ကျင်ဘက်ပြုတိုက်လှန်ရန် ဘုရားသခင်သည် ‘သူတို့နှလုံး၌ အကြံပေါ်စေ’ တော်မူမည်။ ထိုအခါ သူတို့သည် “သူ၏စည်းစိမ်ကိုဖျက်ဆီးလိမ့်မည်။ . . . သူ၏အသားကိုကိုက်စားလိမ့်မည်။ သူ၏ကိုယ်ကိုလည်း မီးရှို့လိမ့်မည်။” (ဗျာဒိတ် ၁၇:၁၆၊ ၁၇) ဘုရားသခင်နှင့်စပ်လျဉ်းသည့် မိစ္ဆာအတွေးခေါ်များနှင့်အတူ ဗာဗုလုန်ဘာသာသည် ထာဝစဉ်ပျက်သုဉ်းဆုံးရှုံးလိမ့်မည်။ ယေရှုသက်တော်ထင်ရှားစဉ်က ဗာဗုလုန်ဘာသာဝင်များအား “သင်တို့နေသောအိမ်သည် သင်တို့၌လူဆိတ်ညံလျက်ကျန်ရစ်ရ၏” ဟုမိန့်တော်မူသကဲ့သို့ပင် ဘုရားသခင်လည်းထိုနည်းတူမိန့်တော်မူလိမ့်မည်။—မဿဲ ၂၃:၃၈။
စစ်မှန်သောဘာသာမူကား ဘုရားသခင့်စီရင်ချက်ကိုလွတ်မြောက်မည်ဖြစ်၍ အဆုံးစွန်တွင် “မှန်သောဘုရားသခင်တစ်ဆူတည်း” ဖြစ်တော်မူသည်ဟု ယေရှုဖော်ညွှန်းခဲ့သောအရှင်သခင်အား ဘုန်းတန်ခိုးအာနုဘော်၊ ဂုဏ်ကျက်သရေရှိရှိသမျှ အပ်နှင်းခြင်းခံရလိမ့်မည်။ “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ဟူ၍နာမတော်ရှိသော ကိုယ်တော်တစ်ပါးတည်းသာလျှင် မြေကြီးတစ်ပြင်လုံးအပေါ်မှာ အမြင့်ဆုံးသောဘုရားဖြစ်တော်မူကြောင်းကို သိကြပါစေသော” ဟုဆာလံဆရာဖော်ညွှန်းသူကား ဤအရှင်သခင်ဖြစ်သတည်း။—ယောဟန် ၁၇:၃။ ဆာလံ ၈၃:၁၈။
ရည်ညွှန်းချက်များ
1. Encyclopædia Britannica, 1971, Volume 6, page 386.
2. A Short History of Christian Doctrine, by Bernhard Lohse, 1963, page 51.
3. Ibid., pages 52-3.
4. New Catholic Encyclopedia, 1967, Volume VII, page 115.
5. A Short History of Christianity, by Martin E. Marty, 1959, page 91.
6. A Select Library of Nicene and Post-Nicene Fathers of the Christian Church, by Philip Schaff and Henry Wace, 1892, Volume IV, page xvii.
7. A Short History of Christian Doctrine, page 53.
8. A Short History of Christianity, page 91.
9. The Church of the First Three Centuries, by Alvan Lamson, 1869, pages 75-6, 341.
10. Second Century Orthodoxy, by J. A. Buckley, 1978, pages 114-15.
11. New Catholic Encyclopedia, 1967, Volume VII, page 115.
12. Ibid., Volume IV, page 436.
13. Ibid., page 251.
14. Ibid., page 436.
15. The New Encyclopædia Britannica, 1985, 15th Edition, Micropædia, Volume 1, page 665.
16. The Church of the First Three Centuries, page 52.
17. The Christian Tradition, by Jaroslav Pelikan, 1971, page 173.
18. Origin and Evolution of Religion, by E. Washburn Hopkins, 1923, page 339.
[အောက်ခြေမှတ်ချက်များ]
a ထပ်မံသိလိုလျှင် ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းမှထုတ်ဝေသည့် Should You Believe in The Trinity? ဘရိုရှာကိုရှု။
b ဤအစီအရီ၏ယခင်ကဆောင်းပါးများတွင်တင်ပြခဲ့သည်အတိုင်း သီအိုဖိလပ်စ်နှင့်တာတူလျန်တို့သည့် ဤစကားလုံးများကိုအသုံးပြုခဲ့သော်လည်း ယနေ့ခရစ်ယာန်ဘောင်လက်ခံထားသည့် သုံးပါးတစ်ဆူမျိုး သူတို့စိတ်ထဲမရှိခဲ့ပါ။