ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၂ ၆/၁ စာ. ၂၆-၃၀
  • ဘူခန္နဝေါလ်ဒ်နောက်ပိုင်း—ကျွန်တော်သမ္မာတရားတွေ့လာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘူခန္နဝေါလ်ဒ်နောက်ပိုင်း—ကျွန်တော်သမ္မာတရားတွေ့လာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အဖမ်းခံရခြင်း
  • ဂျာမနီသို့ခရီးရှည်ထွက်ခြင်း
  • နေ့စဉ်အသက်တာ
  • ခြားနားသောအဖွဲ့တစ်ဖွဲ့
  • မရဏာရထား
  • ခြေလှမ်းသစ်
  • အမှန်တရားထက် ကောင်းသည့်အရာ ဘာမျှမရှိ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
က၉၂ ၆/၁ စာ. ၂၆-၃၀

ဘူခန္နဝေါလ်ဒ်နောက်ပိုင်း—ကျွန်တော်သမ္မာတရားတွေ့လာ

၁၉၃၀ပြည့်လွန်နှစ်များအတွင်း ပြင်သစ်နိုင်ငံ ဂရနိုးဘလ်မြို့တွင် ကျွန်တော်ကြီးပြင်းလာခဲ့သည်။ ပြင်သစ်လူမျိုးဖြစ်သူ ကျွန်တော်၏ဂျာမန်ဘာသာစကားဆရာသည် တစ်ယူသန်နာဇီဝါဒီတစ်ဦးဖြစ်သည်။ ဂျာမန်ဘာသာစကားသည် တစ်နေ့နေ့တွင် “အသုံးဝင်” လာလိမ့်မည်ဟု ကျောင်းတွင် ကျွန်တော့်ကိုမကြာခဏပြောသည်။ သို့သော် ပထမကမ္ဘာစစ်ပြန်များဖြစ်သော ကျွန်တော်၏ဆရာအများစုမှာ ဂျာမနီတွင် နာဇီဝါဒပေါ်ထွန်းလာမည်ကို စိုးရိမ်နေကြသည်။ စစ်ပွဲကြီးသည် တစ်စထက်တစ်စနီးကပ်လာနေသည်နှင့်အမျှ ကျွန်တော်လည်းစိုးရိမ်လာမိသည်။

ဒုတိယကမ္ဘာစစ်ကြီး၏အစပိုင်း၊ ၁၉၄၀ ခုနှစ်တွင် ပြင်းထန်သော စမ်းမ် မြစ်တိုက်ပွဲ၌ ကျွန်တော်ချစ်သောဦးလေးဖြစ်သူကို ကျွန်တော်ဆုံးရှုံးခဲ့ရသည်။ ကျွန်တော်အလွန်နာကြည်းခဲ့သော်လည်း ပြင်သစ်တပ်မတော်သို့ဝင်ရန် ကျွန်တော်အလွန်ငယ်သေးသည်။ နောက်သုံးနှစ်အကြာ ပြင်သစ်ကိုဂျာမန်တို့ဝင်ရောက်သိမ်းပိုက်ချိန်အတွင်းတွင် ကျွန်တော်သည် ပြင်သစ်မြေအောက်လှုပ်ရှားမှုအဖွဲ့တွင် အစီအစဉ်များနှင့်ပုံကြမ်းရေးဆွဲသူအဖြစ် ကျွန်တော်၏ကျွမ်းကျင်မှုကို အသုံးပြုရသည့်အခွင့်အရေးရရှိခဲ့သည်။ လက်မှတ်အတုထိုးခြင်း၊ ဂျာမန်ရာဘာတံဆိပ်တုံးအတုများပြုလုပ်ခြင်းတို့တွင် ကျွန်တော်အထူးကျွမ်းကျင်ခဲ့သည်။ ကျွန်တော်တို့ကိုဝင်ရောက်သိမ်းပိုက်ထားသောရန်သူတပ်များအား ဤနည်းဖြင့်တိုက်ခိုက်ရခြင်းကို ကျွန်တော်မည်မျှကျေနပ်သနည်းဟူမူ ထိုအချိန်က ကျွန်တော်၏ကွန်မြူနစ်အပေါင်းအသင်းများသည် ကျွန်တော့်အတွက်အရေးမပါသူများဖြစ်ခဲ့ကြသည်။

အဖမ်းခံရခြင်း

၁၉၄၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်ရောက်သောအခါ ဒေသခံတော်လှန်ရေးအဖွဲ့သည် ပထမကမ္ဘာစစ်အတွင်းက ယာယီအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို သတိရသည့်အထိမ်းအမှတ်အနေနှင့် စီတန်းလှည့်လည်ရန် ဖိတ်ခေါ်ခဲ့သည်။ ပြင်သစ်မော်တော်ယာဉ်အစောင့်တပ်က စစ်ပွဲအမှတ်တရနေရာသို့သွားသည့်တံတားထိပ်တွင် ပိတ်ဆို့ထားကြပြီး ကျွန်တော်တို့ကိုအိမ်ပြန်ကြရန် တိုက်တွန်းကြသည်။ ကျွန်တော်တို့စီတန်းလှည့်လည်သည့်အဖွဲ့သည် မြို့တွင်းရှိ အခြားစစ်ပွဲအထိမ်းအမှတ်ကျောက်တိုင်တစ်ခုဆီသို့ ချီတက်ရန် ဆုံးဖြတ်ခဲ့ကြသည်။ သို့ရာတွင် ကျွန်တော်တို့မေ့သွားသည့်အရာတစ်ခုမှာ ထိုကျောက်တိုင်သည် ဂက်စ္စတာပိုရုံးများနှင့်အလွန်နီးကပ်စွာတည်ရှိနေခြင်းဖြစ်သည်။

ကျွန်တော်တို့အဖွဲ့သည် လက်နက်ကိုင်စစ်သားများ၏ အလျင်စလိုဝိုင်းထားခြင်းကိုခံလိုက်ရပြီး ကျွန်တော်တို့အား နံရံတစ်ခုတွင်တန်းစီ၍မှီခိုင်းလိုက်သည်။ စစ်သားများက ကျွန်တော်တို့ကိုရွေ့ရှားစေသောအခါ မြေကြီးပေါ်တွင် ခြောက်လုံးပြူးသေနတ်များစွာကိုတွေ့သွားကြသည်။ မိမိပိုင်ဆိုင်ကြောင်းမည်သူတစ်ဦးတစ်ယောက်မျှဝန်မခံလိုသဖြင့် စစ်သားများသည် မိန်းမများနှင့် အသက် ၁၆ နှစ်နှင့်ယင်းထက်ငယ်သောလူငယ်များကိုသာပြန်လွှတ်ခဲ့သည်။ ထိုအချိန်က ကျွန်တော့်အသက် ၁၈ နှစ်ရှိပြီဖြစ်ရာ အခြားအကျဉ်းသား ၄၅၀ နှင့်အတူ ကျွန်တော်လည်းထောင်ချခံခဲ့ရသည်။ နောက်ရက်အနည်းငယ်ကြာသောအခါ ကျွန်တော်တို့ကို ပြင်သစ်နိုင်ငံမြောက်ပိုင်း ကော့မ်ပ်ယေးန်မြို့ရှိ အပြောင်းအရွှေ့စခန်းတစ်ခုသို့ပို့လိုက်ကြသည်။

ဂျာမနီသို့ခရီးရှည်ထွက်ခြင်း

၁၉၄၄ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့တွင် သူတို့၏သံခမောက်ဘယ်ဘက်၌စကြာတံဆိပ်နှင့် ညာဘက်၌ (Shutzstaffel) ဟူသောစာလုံး၏အတိုကောက်အမှတ်အသား SS ရေးထိုးထားသော ဂျာမန်စစ်သားများနှင့် ပထမဆုံးအကြိမ်–ဝမ်းနည်းဖွယ်ရာကား နောက်ဆုံးအကြိမ်မဟုတ်–တွေ့ဆုံခဲ့ရသည်။ သူတို့သည် အကျဉ်းသားရာပေါင်းများစွာကို စုပေါင်းခေါ်ဆောင်သွားကာ ကော့မ်ပ်ယေးန်မြို့ရထားဘူတာရုံသို့ ကျွန်တော်တို့လမ်းလျှောက်သွားကြရသည်။ ကျွန်တော်တို့သည် အလုံပိတ်ရထားတွဲများအတွင်းသို့ ကန်သွင်းခံရသည်ဟုဆိုရသလောက်ဖြစ်ခဲ့သည်။ ကျွန်တော်ပါသောတွဲတစ်ခုတည်း၌ပင် အကျဉ်းသား ၁၂၅ ယောက်ပါရှိသည်။ သုံးနေ့နှင့်နှစ်ညတိုင်တိုင် ကျွန်တော်တို့ဘာမျှမစားရမသောက်ရချေ။ နာရီအနည်းငယ်အတွင်း အားအင်ချိနဲ့သူများသည် အားပြတ်ပြီး ကျော်နင်းခြင်းခံရကြသည်။ နှစ်ရက်ကြာသောအခါ ဂျာမနီနိုင်ငံ၏အတွင်းပိုင်းကျသော ဝီမာရ်မြို့အနီးရှိ ဘူခန္နဝေါလ်ဒ်မြို့သို့ ကျွန်တော်တို့ရောက်ရှိခဲ့ကြသည်။

ရောဂါပိုးစင်အောင်ပြုခြင်းနှင့်ခေါင်းရိတ်ခြင်းခံရပြီးနောက် ကျွန်တော့်ကို ကွန်မြူနစ်အကြမ်းဖက်သမားတစ်ဦးအဖြစ်သတ်မှတ်ကာ မှတ်ပုံတင်အမှတ် ၄၁,၁၀၁ ကိုပေးခဲ့သည်။ သီးခြားခွဲထားခံရချိန်အတွင်း ဒိုမီနီကန်ဘုန်းတော်ကြီး မိုက်ကယ်ရီခဲ နှင့်ကျွန်တော်တွေ့ဆုံခဲ့သည်။ သူသည်စစ်ကြီးပြီးသောအခါ ပါရီမြို့ရှိနိုထရယ်ဒိမ်းဘုရားကျောင်းတွင်ဟောသောတရားဟောပြောချက်ဖြင့် နာမည်ကြီးလာမည့်သူဖြစ်သည်။ ဤကြောက်မက်ဖွယ်ရာများက ဘုရားသခင်အဘယ်ကြောင့်ခွင့်ပြုရကြောင်းကို ကျွန်တော်နှင့်အခြားရွယ်တူလူငယ်များကို သူ့အားမေးကြသည်။ သူက “မင်းတို့ကောင်းကင်သွားဖို့ထိုက်တန်အောင် ဒီဒုက္ခတွေကိုခံစားရမယ်” ဟုပြန်ဖြေခဲ့သည်။

နေ့စဉ်အသက်တာ

တန်းလျား ၆၁ ခုတွင်နေထိုင်သူအားလုံးသည် နံနက်လေးနာရီခွဲခန့်အိပ်ရာထကြရသည်။ ကျွန်တော်တို့သည် အပေါ်အင်္ကျီချွတ်ပြီး ခဲလုမတတ်အေးသောရေဖြင့် ကိုယ်ကိုဆေးကြောကြရသည်။ ကျန်းမာရေးကောင်းကောင်းဆိုးဆိုး၊ လူတိုင်းထိုသို့ပြုကြရသည်။ ထိုနောက်ပေါင်မုန့်ဝေပေးသည်။ ၇ အောင်စမှ ၁၁ အောင်စလောက်သာရှိပြီး အရသာကင်းမဲ့သောပေါင်မုန့်ကို အသီးအရွက်ထောပတ်တစ်မျှင်စာနှင့် ယိုဟုဆိုသောအရောအနှောအနည်းငယ်ကို တစ်နေ့စာအတွက်ပေးသည်။ နံနက် ၅:၃၀ နာရီတွင် အမည်စာရင်းခေါ်ရန် လူစုရသည်။ ညကသေဆုံးသွားသူများအား ကျွန်တော်တို့ပခုံးပေါ်တင်၍ထမ်းထုတ်ရသည်မှာ မည်မျှထိတ်လန့်ဖွယ်ပါတကား။ အလောင်းများကိုသင်္ဂြိုဟ်ခြင်းဖြင့်ထွက်လာသောအနံ့ဆိုးများသည် ကျွန်တော်တို့၏အဖော်များကို ပြန်သတိရစေသည်။ ကျွန်တော်တို့လည်း ထိုလမ်းအတိုင်းလိုက်ကြရမည်ဖြစ်သောကြောင့် နာကြည်းသော၊ မျှော်လင့်ချက်မဲ့သော၊ မုန်းတီးသောခံစားချက်များသည် ကျွန်တော်တို့ကိုလွှမ်းမိုးလျက်ရှိသည်။

ဆောက်လုပ်ရေးအဖွဲ့ ၂ တွင် ကျွန်တော်ပါဝင်လုပ်ကိုင်ရသောအလုပ်မှာ မည်သည့်ရည်ရွယ်ချက်အတွက်မှမဟုတ်သော မြေကျင်းများတူးရခြင်းပါဝင်သည်။ အတော်ကြာကြာတူးလိုက်ရ၍ ခုနစ်ပေနက်သောကျင်းကိုရလာသောအခါ ထိုကျင်းကိုဂရုတစိုက်ပြန်ဖြည့်ရပြန်သည်။ နံနက် ၆:၀၀ နာရီတွင်အလုပ်စရပြီး နေ့လည်တွင်နာရီဝက်ခန့်နားကာ ည ၇:၀၀ နာရီအထိဆက်လုပ်ကြရသည်။ ညနေပိုင်းအမည်စာရင်းခေါ်ခြင်းသည် ဘယ်တော့မျှမပြီးဆုံးနိုင်ဟုထင်ရသည်။ ရုရှားစစ်မျက်နှာတွင် ဂျာမန်များအကျအဆုံးများသောအခါတိုင်း ယင်းသည်သန်းခေါင်တိုင်သည်အထိဖြစ်သည်။

ခြားနားသောအဖွဲ့တစ်ဖွဲ့

စခန်းမှထွက်ပြေးရန်ကြိုးစားသူတိုင်း အလွယ်တကူမှတ်မိခံရနိုင်သည်။ အကြောင်းမှာ ကျွန်တော်တို့အားလုံး မတူညီသောဆံပင်ပုံစံများရှိကြသောကြောင့်ဖြစ်သည်။ ကျွန်တော်တို့ဆံပင်မှာ လုံးဝပြောင်အောင်တုံးထားခြင်း သို့မဟုတ် အလယ်သို့မဟုတ်ဘေးဘက်တွင် အလွန်တိုအောင်ညှပ်ထားခြင်းခံရသည်။ သို့သော် အချို့အကျဉ်းသားများမှာမူ ပုံမှန်အတိုင်းဆံပင်ပုံစံရှိကြသည်။ သူတို့မည်သူများနည်း။ ကျွန်တော်တို့တန်းလျားရှိခေါင်းဆောင်က ကျွန်တော်တို့သိလိုသည်များကို ပြောပြသည်။ “သူတို့ဟာကျမ်းစာကျောင်းသားတွေပဲ” ဟုပြောပြသည်။ ‘ဒီအကျဉ်းစခန်းမှာ ဒီကျမ်းစာကျောင်းသားတွေဘာလာလုပ်တာလဲ’ ဟုကျွန်တော်အံ့သြနေသည်။ “ယေဟောဝါကိုကိုးကွယ်လို့သူတို့ဒီကိုရောက်နေကြတာပဲ။” ယေဟောဝါကိုကျွန်တော်ကြားခဲ့ရသည်။ ယင်းသည် ဘုရားသခင်၏အမည်ကို ပထမဆုံးအကြိမ်ကျွန်တော်ကြားဖူးခြင်းဖြစ်သည်။

နောက်ဆုံးတွင် ကျမ်းစာကျောင်းသားများနှင့်ပတ်သက်၍ အနည်းငယ်ပိုသိခွင့်ရခဲ့သည်။ သူတို့အများစုမှာ ဂျာမန်များဖြစ်ကြသည်။ သူတို့အထဲမှအချို့သူများသည် ၁၉၃၀ ပြည့်လွန်နှစ်များအလယ်လောက်ကတည်းက ဟစ်တလာကိုနာခံရန်ငြင်းဆန်မှုကြောင့် အကျဉ်းစခန်းများတွင်ရောက်နေခဲ့ကြသည်။ လွတ်မြောက်နိုင်ကြသော်လည်း သူတို့အလျှော့မပေးကြ။ SS များက သူတို့ကိုဆံပင်ညှပ်ပေးခိုင်းကြသည်။ အုပ်ချုပ်ရေးတပ်များရှိအလုပ်များကဲ့သို့ ယုံကြည်စိတ်ချရသည့်အမှုထမ်းများလိုအပ်သော အရေးကြီးသည့်အလုပ်များကို သူတို့လုပ်ကြရသည်။ ကျွန်တော်တို့၏စိတ်ဝင်စားမှုကို အနှိုးဆွဆုံးသောအရာမှာ သူတို့၏အေးဆေးတည်ငြိမ်ခြင်း၊ မုန်းတီးခြင်း သို့မဟုတ် ဆန့်ကျင်ကန့်ကွက်ခြင်းနှင့်ကလဲ့စားချေခြင်းစိတ်ဓာတ်များလုံးဝကင်းစင်ခြင်းဖြစ်သည်။ ယင်းကိုကျွန်တော်တို့နားမလည်နိုင်ခဲ့ပါ။ ထိုအချိန်က သူတို့နှင့်စကားစမြည်ပြောနိုင်လောက်အောင် ကျွန်တော်ဂျာမန်စကားမတတ်ခဲ့ပါ။

မရဏာရထား

မဟာမိတ်များရှေ့တိုးလာသည်နှင့်အမျှ အကျဉ်းသားများကို နိုင်ငံ၏အတွင်းပိုင်းပိုကျသောစခန်းများသို့ပို့ကြသည်။ သို့သော် ယင်းသို့ပြုခြင်းသည် ဆိုးဝါးသောလူဦးရေထူထပ်မှုကိုဖြစ်စေသည်။ ၁၉၄၅ ခုနှစ်ဧပြီလ ၆ ရက်တွင် ကျွန်တော်တို့လူ ၅,၀၀၀ ကို ၆ မိုင်ဝေးသောဝီရ်မာမြို့သို့ SS များက အတင်းအကြပ်လမ်းလျှောက်စေခဲ့သည်။ မီအောင်မလိုက်နိုင်သူများသည် သွေးအေးအေးဖြင့်လည်ပင်းကိုသေနတ်နှင့်ပစ်သတ်ခြင်းခံရကြသည်။ ဝီရ်မာမြို့ဘူတာရုံသို့ရောက်သောအခါ အမိုးဖွင့်ကုန်တွဲများပေါ်သို့ကျွန်တော်တို့တက်ရကြပြီး ရထားထွက်ခွာသွားသည်။ ရထားသည် ဂျာမနီကိုဖြတ်၍ ချက်ကိုစလိုဗားကီးယားနိုင်ငံသို့ဦးတည်ကာ ရက်ပေါင်း ၂၀ ကြာမောင်းနှင်ခဲ့သည်။

တစ်မနက်တွင် ကျွန်တော်တို့စီးလာသောရထားသည် လမ်းဘေးလမ်းခွဲတစ်နေရာသို့ တစ်ပိုင်းတစ်စနှင့်ထိုးရပ်ခဲ့သည်။ စစ်သားများသည် သေနတ်များချိန်ကာ ကုန်တွဲတံခါးများကိုဖွင့်၍ဝင်လာပြီး ရုရှားအကျဉ်းသားအားလုံးကို အစုလိုက်အပြုံလိုက်ပစ်သတ်လိုက်ကြသည်။ အကြောင်းမှာ ညက အကျဉ်းသားတစ်ဒါဇင်ခန့်သည် သူတို့၏အစောင့်များကိုသတ်ပစ်လိုက်ကြသောကြောင့်ဖြစ်သည်။ ရထားတွဲပေါ်မှ ရထားလမ်းပေါ်သို့ သွေးများယိုစီးကျခဲ့သည်ကို ယခုတိုင်ကျွန်တော်မြင်ယောင်နေသေးတော့သည်။

နောက်ဆုံးတွင် ဒါခူမြို့သို့ကျွန်တော်တို့ရောက်ရှိလာသည်။ ယင်းသို့ရောက်ပြီးနောက်နှစ်ရက်အကြာတွင် အမေရိကန်စစ်တပ်က ကျွန်တော်တို့ကိုလွတ်မြောက်စေခဲ့သည်။ ရက်ပေါင်း ၂၀ ကြာခရီးတစ်လျှောက်လုံး ကျွန်တော်တို့သည် စားစရာအတွက် အာလူးစိမ်းအနည်းငယ်နှင့်ရေအချို့ကိုသာရရှိခဲ့ကြသည်။ ခရီးစထွက်လာစဉ်က ကျွန်တော်တို့လူပေါင်း ၅,၀၀၀ ရှိခဲ့သော်လည်း လူ ၈၀၀ သာအသက်ရှင်ကျန်ခဲ့ကြသည်။ ရက်အနည်းငယ်ကြာပြီးနောက် သေဆုံးသူများစွာလည်းရှိကြသည်။ ကျွန်တော့်အတွက်မူ ခရီးစဉ်တစ်ခုလုံးလိုလို အလောင်းတစ်လောင်းပေါ်တွင်ထိုင်၍လိုက်ပါလာခဲ့ရသည်။

ခြေလှမ်းသစ်

ဘူခန္နဝေါလ်ဒ်ရှိပြင်သစ်ကွန်မြူနစ်ပါတီတွင် နာမည်ကြီးသူများအပါအဝင် အဖွဲ့ဝင်တော်တော်များများနှင့်ရင်းနှီးစွာဆက်ဆံခဲ့ဖူးသဖြင့် ကျွန်တော်လွတ်မြောက်ပြီးနောက်ပိုင်းတွင် ယင်းအဖွဲ့ကို တက်ကြွစွာထောက်ကူရန်သာရှိတော့သည်။ ဂရနိုးဘလ်တွင် ကျွန်တော်သည် အကူပါတီဝင်ဖြစ်လာပြီး ပါရီမြို့တွင် စီမံခန့်ခွဲရေးလေ့ကျင့်မှုသင်တန်းသွားတက်ရန် အားပေးခံခဲ့ရသည်။

သို့သော် မကြာမီကျွန်တော်စိတ်ပျက်လာသည်။ ၁၉၄၅ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ပါရီမြို့စစ်ရေးပြပွဲတွင်ပါဝင်ရန် ကျွန်တော်တို့ခေါ်ဖိတ်ခံခဲ့ရသည်။ ကျွန်တော်တို့အုပ်စုခေါင်းဆောင်သည် ကျွန်တော်တို့၏တည်းခိုစားသောက်စရိတ်ငွေအချို့ကိုရရှိထားသည်။ သို့သော် ယင်းငွေကို ကျွန်တော်တို့အတွက်လိုလိုလားလားသုံးလိုပုံမရပေ။ ကျွန်တော်တို့အားစည်းရုံးနိုင်ရန် ရိုးသားခြင်းနှင့်ချစ်ခင်ရင်းနှီးမှုဆိုင်ရာမူဝါဒများကို သူ့အားမကြာခဏသတိပေးရသည်။ ကျွန်တော်သိသောလူကြီးပိုင်းများစွာတို့သည်လည်း ကမ္ဘာ့ပြဿနာများကိုမဖြေရှင်းပေးနိုင်ကြောင်း ကျွန်တော်သဘောပေါက်လာခဲ့သည်။ ထို့အပြင် အများအားဖြင့် သူတို့သည် ဘုရားမဲ့ဝါဒီများဖြစ်ကြပြီး ကျွန်တော်ကဘုရားသခင်ကိုယုံကြည်သူဖြစ်သည်။

နောက်ပိုင်းတွင် လီယွန်မြို့သို့ကျွန်တော်ပြောင်းရွှေ့ပြီး အစီအစဉ်များနှင့်ပုံကြမ်းရေးဆွဲသူအဖြစ် ဆက်လက်လုပ်ကိုင်ခဲ့သည်။ ၁၉၅၄ ခုနှစ်အတွင်းတွင် ယေဟောဝါသက်သေနှစ်ဦးကျွန်တော့်ထံလာလည်ခဲ့ရာ နိုးလော့ မဂ္ဂဇင်းကို နှစ်စဉ်ကြေးပေး၍ ကျွန်တော်ယူလိုက်သည်။ နောက်နှစ်ရက်ကြာသောအခါ ယခင်လာဖူးသောအမျိုးသမီးနှစ်ဦးအနက်မှ တစ်ဦးနှင့်အတူ အမျိုးသားတစ်ယောက်ကျွန်တော့်ထံရောက်လာခဲ့သည်။ ကျွန်တော်နှင့်ကျွန်တော့်ဇနီးနှစ်ဦးစလုံးသည် ဝိညာဏရေးရာများတွင် စိတ်ဝင်စားနေကြောင်း ကျွန်တော်တို့ချက်ချင်းသိရှိလိုက်ကြသည်။

ထိုနောက်ဆွေးနွေးကြရာတွင် ဘူခန္နဝေါလ်ဒ်တွင် မိမိတို့၏ယုံကြည်ခြင်းအတွက် အလွန်တည်ကြည်ဖြောင့်မတ်ခဲ့ကြသော ကျမ်းစာကျောင်းသားများကို ကျွန်တော်သတိရလာသည်။ ကျမ်းစာကျောင်းသားများနှင့် ယေဟောဝါသက်သေများသည် အတူတူသာဖြစ်ကြောင်း ထိုအချိန်ကျမှ ကျွန်တော်သိလာခဲ့ရသည်။ ကျမ်းစာသင်အံမှုအတွက်ကျေးဇူးတင်စရာပင်။ ကျွန်တော်နှင့် ကျွန်တော့်ဇနီးတို့သည် ၁၉၅၅ ခုနှစ် ဧပြီလတွင် ယေဟောဝါအတွက်ရပ်တည်ခဲ့ကြပြီး နှစ်ခြင်းခံယူခဲ့ကြသည်။

အကြောင်းအရာများသည် မနေ့တစ်နေ့ကဖြစ်ပျက်ခဲ့သကဲ့သို့ပင် ကျွန်တော်သတိရနေဆဲဖြစ်သည်။ ခါးသီးသည့်တွေ့ကြုံမှုများကို ကျွန်တော်ဘယ်တော့မျှမမေ့နိုင်ပါ။ ယင်းတို့သည် ကျွန်တော့်ကိုအားရှိစေပြီး လက်ရှိလူများသည် ဘာမျှမတတ်နိုင်ကြကြောင်းကို ကျွန်တော်သဘောပေါက်လာခဲ့သည်။ ကိုယ်ပိုင်တွေ့ကြုံမှုများသည် အခြားသူများကို အကန့်အသတ်ဖြင့်သာအကူအညီပေးနိုင်သည်မှန်သော်လည်း ကျွန်တော်၏တွေ့ကြုံမှုများသည် ယနေ့လူငယ်များအား ဤလောက၏လှည့်စားမှုကိုနားလည်စေပြီး နောက်ဆုံးတွင် ယေရှုသင်ပေးခဲ့သည့်ခရစ်ယာန်ယုံကြည်ခြင်း၏ကောင်းမြတ်သော၊ ဖြောင့်မတ်သောအနှစ်သာရများကို ရှာဖွေရယူနိုင်ရန် အကူအညီဖြစ်စေမည်ဆိုလျှင် ကျွန်တော်ဝမ်းသာရပေမည်။

ယနေ့အချိန်တွင် ဒုက္ခဆင်းရဲခြင်းနှင့်မတော်မတရားမှုများသည် နေ့စဉ်ဘဝအသက်တာတွင်တွေ့ကြုံရစမြဲအရာများဖြစ်ကြသည်။ အကျဉ်းစခန်းများတွင်ရှိခဲ့သောကျမ်းစာကျောင်းသားများကဲ့သို့ပင် ကျွန်တော်လည်း ညီအစ်ကိုချင်းကဲ့သို့သောမေတ္တာနှင့်တရားမျှတမှုများသည် အကြမ်းဖက်မှုနှင့်တစ်ယူသန်သည့်စိတ်ကူးစိတ်သန်းများကို အစားထိုးလွှမ်းမိုးလာမည့် ကမ္ဘာသစ်ကိုမျှော်လင့်နေသည်။ တစ်ချိန်တည်းတွင် ကျွန်တော်သည် ဇနီးသည်၊ သားသမီးများနှင့်အတူ ခရစ်ယာန်အသင်းတော်တစ်ခုတွင် အကြီးအကဲတစ်ဦးအနေဖြင့် ဘုရားသခင်နှင့်ခရစ်တော်တို့အတွက် အတတ်နိုင်ဆုံးအမှုဆောင်နိုင်ရန် ကြိုးစားနေပါသည်။ (ဆာလံ ၁၁၂:၇၊ ၈)—ရေနီး စီးဂလပ် ပြောပြသည်။

[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]

အထက်–စခန်းအတွင်းအမည်စာရင်းခေါ်ခြင်း

ဝဲ–ဘူခန္နဝေါလ်ဒ်မြို့ဝင်ပေါက်။ ရေးမှတ်ထားချက်မှာ “လူယောက်တိုင်းအတွက် ထိုက်တန်သောအရာ” ဟူ၍ဖြစ်သည်။

[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]

အထက်–ဘူခန္နဝေါလ်ဒ်ရှိမီးသင်္ဂြိုဟ်စက်

ဝဲ–တစ်ဆင့်စီတွင် အကျဉ်းသားတစ်ဆယ့်ခြောက်ယောက်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ