လွတ်လပ်သောလူမျိုးဖြစ်သော်လည်း စာရင်းရှင်းရန်ရှိ
“သမ္မာတရားကိုလည်းသိကြသဖြင့် ထိုတရားသည် သင်တို့ကိုလွှတ်လိမ့်မည်။”—ယောဟန် ၈:၃၂။
၁၊ ၂။ (က) လူ့သမိုင်းတွင် လွတ်လပ်မှုသည် မည်သို့ပေါ်လွင်ထင်ရှားခဲ့ပြီနည်း။ (ခ) မည်သူတစ်ဦးတည်းသာ အမှန်လွတ်လပ်သနည်း။ ရှင်းပြပါ။
လွတ်လပ်မှု။ မည်မျှအားရှိဖွယ်စကားပါတကား။ လူသားများသည် လွတ်လပ်လိုသည့်ဆန္ဒကြောင့် မရေတွက်နိုင်သော စစ်ပွဲများ၊ တော်လှန်မှုများ၊ လူမှုရေးပြဿနာများကို ရင်ဆိုင်ခံရပ်လာခဲ့ကြရပြီ။ The Encyclopedia Americana စွယ်စုံကျမ်းက ‘ယဉ်ကျေးမှုတော်လှန်ရေးတွင် လွတ်မြောက်မှုထက်သာ၍အရေးပါသော တွေးတောကြံဆမှုမရှိခဲ့ပါ’ ဟုဆိုထားသည်။
၂ သို့သော် လူမည်မျှအမှန်လွတ်လပ်သနည်း။ လွတ်လပ်မှုသည် မည်သည့်အရာဖြစ်ကြောင်း လူဘယ်နှစ်ယောက်သိသနည်း။ The World Book Encyclopedia စွယ်စုံကျမ်းက “လူများသည် စုံလင်ပြည့်ဝသည့်လွတ်လပ်မှုကိုရရှိရန် သူတို့၏အတွေးအခေါ်၊ အပြောအဆို၊ အလုပ်အကိုင်တို့အပေါ် ကန့်သတ်ချုပ်ချယ်မှုလုံးဝမရှိရ။ မည်သည်များသည် သူတို့၏ရွေးချယ်ပိုင်ခွင့်များဖြစ်သည်ကို သူတို့သိရှိထားရမည်ဖြစ်ပြီး ယင်းတို့ကို ဆုံးဖြတ်ရွေးချယ်နိုင်သည့်သြဇာအာဏာရှိရမည်” ဟုဆိုထားသည်။ ယင်းအဆိုအရ မည်သူတစ်ဦးတစ်ယောက်သည် အမှန်လွတ်လပ်သနည်း။ မိမိတို့၏ “အတွေးအခေါ်၊ အပြောအဆို၊ အလုပ်အကိုင်တို့အပေါ် ကန့်သတ်ချုပ်ချယ်မှုလုံးဝမရှိ” ဟုမည်သူပြောနိုင်သနည်း။ အမှန်အားဖြင့် စကြဝဠာတစ်ခွင်လုံးတွင် ဤသရုပ်သကန်နှင့်ကိုက်ညီသည့်ပုဂ္ဂိုလ်တစ်ဦးတည်းသာရှိသည်။ ယင်းပုဂ္ဂိုလ်မှာ ယေဟောဝါဘုရားသခင်ဖြစ်သည်။ ကိုယ်တော်တစ်ပါးတည်း၌သာလျှင် ပြည့်ဝစုံလင်သည့်လွတ်လပ်မှုရှိတော်မူသည်။ ကိုယ်တော်သာလျှင် မိမိအလိုရှိသည့် မည်သည့်ရွေးချယ်မှုမဆိုပြုလုပ်နိုင်ပြီး ဆန့်ကျင်တားဆီးမှုကြားမှ ယင်းကိုပြီးမြောက်အောင်မြင်စေနိုင်သည်။ ကိုယ်တော်သည် “အနန္တတန်ခိုးရှင်” ဖြစ်တော်မူသည်။—ဗျာဒိတ် ၁:၈။ ဟေရှာယ ၅၅:၁၁။
၃။ လူသားများသည် အများအားဖြင့် မည်သည့်အခြေအနေပေါ်မူတည်၍ လွတ်လပ်မှုကိုခံစားနိုင်သနည်း။
၃ နိမ့်ကျသောလူသားများအတွက်မူ လွတ်လပ်မှုသည် အကန့်အသတ်အားဖြင့်သာဖြစ်သည်။ အများအားဖြင့် အာဏာပိုင်တစ်စုံတစ်ယောက်ကပေးခြင်း၊ သို့မဟုတ် အာမခံခြင်းအားဖြင့်ရရှိပြီး ထိုအာဏာပိုင်ကိုလက်အောက်ခံခြင်းနှင့်ဆက်နွယ်နေသည်။ အမှန်မှာ ကိစ္စအားလုံးလိုလို၌ လူတစ်ဦးသည် မိမိအား လွတ်လပ်မှုအာမခံပေးသူ၏အခွင့်အာဏာကို အသိအမှတ်ပြုမှသာလျှင် လွတ်လပ်မှုရှိနိုင်မည်။ ဥပမာအားဖြင့် “လွတ်လပ်သည့်လောက” တွင်နေထိုင်သူတစ်ဦးစီသည် လွတ်လပ်စွာလှုပ်ရှားနိုင်ခွင့်၊ လွတ်လပ်စွာပြောဆိုနိုင်ခွင့်၊ လွတ်လပ်စွာဝတ်ပြုကိုးကွယ်နိုင်ခွင့် စသည့်အကျိုးကျေးဇူးများစွာကို ခံစားကြရသည်။ ဤလွတ်လပ်မှုများကို မည်သည့်အရာကအာမခံသနည်း။ ထိုနိုင်ငံ၏ဥပဒေကဖြစ်သည်။ လူတစ်ဦးသည် ဥပဒေကိုနာခံနေသရွေ့သာ ယင်းတို့ကိုခံစားနိုင်သည်။ မိမိ၏လွတ်လပ်မှုကိုအလွဲသုံးပြီး ဥပဒေကိုချိုးဖောက်သောသူသည် အာဏာပိုင်များနှင့်စာရင်းရှင်းရန်တာဝန်ရှိပြီး သူ၏လွတ်လပ်မှုသည် ထောင်ဒဏ်စီရင်ချက်ဖြင့် ရုတ်တရက်ဖြတ်တောက်ခြင်းခံရပေမည်။—ရောမ ၁၃:၁-၄။
ဘုရားပေးလွတ်လပ်မှု—စာရင်းရှင်းရန်တာဝန်နှင့်အတူ
၄၊ ၅။ ယေဟောဝါကိုဝတ်ပြုသူများသည် မည်သည့်လွတ်လပ်မှုကိုခံစားကြရသနည်း။ မည်သည့်အတွက် သူတို့ကို ကိုယ်တော်စာရင်းရှင်းမည်နည်း။
၄ ပထမရာစုနှစ်အတွင်းက လွတ်လပ်မှုအကြောင်းယေရှုပြောခဲ့သည်။ ကိုယ်တော်က ဂျူးလူမျိုးများအား “သင်တို့သည် ငါ၏ဒေသနာ၌တည်လျှင် ငါ့တပည့်အမှန်ဖြစ်ကြ၏။ သမ္မာတရားကိုလည်းသိကြသဖြင့် ထိုတရားသည် သင်တို့ကိုလွှတ်လိမ့်မည်” ဟုမိန့်တော်မူခဲ့သည်။ (ယောဟန် ၈:၃၁၊ ၃၂) အပြောအဆိုလွတ်လပ်မှု၊ ဘာသာရေးလွတ်လပ်မှုများအကြောင်း ကိုယ်တော်ပြောနေခြင်းမဟုတ်ပါ။ ဂျူးလူမျိုးအများစုကတမ်းတနေသည့် ရောမတို့၏ဖိနှိပ်မှုအောက်မှလွတ်မြောက်ခြင်းအကြောင်းကို ကိုယ်တော်ပြောနေခဲ့ခြင်းလုံးဝမဟုတ်ပါ။ များစွာသာ၍တန်ဖိုးရှိပြီး၊ လူ့ဥပဒေသများ၊ သို့မဟုတ် ထင်ရာစိုင်းသည့်အချို့မင်းများအားဖြင့်မဟုတ်ဘဲ အထွတ်အမြတ်ဆုံးစကြဝဠာပိုင်သအုပ်စိုးရှင်ယေဟောဝါဘုရားသခင်အားဖြင့်ဖြစ်သည်။ ယင်းသည် အယူသည်းခြင်းမှလွတ်မြောက်မှု၊ ဘာသာရေးအသိပညာခေါင်းပါးခြင်းမှလွတ်မြောက်မှုနှင့် အခြားအခြားသောအရာမြောက်မြားစွာပါဝင်သည်။ ယေဟောဝါပေးသည့်လွတ်လပ်မှုသည် စစ်မှန်ပြီးထာဝရတည်တံ့သွားမည်။
၅ တမန်တော်ပေါလုက “ယေဟောဝါသည် နာမ်ဝိညာဉ်ဖြစ်တော်မူ၏။ ယေဟောဝါ၏ဝိညာဉ်တော်ရှိရာအရပ်၌ လွတ်လပ်မှုရှိ၏” ဟုပြောခဲ့သည်။ (၂ ကောရိန္သု ၃:၁၇၊ ကဘ ) ရာစုနှစ်များစွာတစ်လျှောက် သစ္စာရှိသူများသည် “ဘုရားသခင့်သားတို့၏ထူးမြတ်သောလွတ်ခြင်းချမ်းသာ” ဖြစ်သော အကောင်းဆုံး၊ အကြီးမြတ်ဆုံးသောလူ့လွတ်လပ်မှုကိုရရှိရန် ဘုရားသခင်သည် လူသားများနှင့်ဆက်ဆံတော်မူခဲ့သည်။ (ရောမ ၈:၂၁) တစ်ချိန်တည်းတွင် ယေဟောဝါသည် ကျမ်းစာသမ္မာတရားအားဖြင့် ကျွန်ုပ်တို့အားလွတ်လပ်မှုအတန်အရာပေးပြီး၊ ထိုလွတ်လပ်မှုကို ကျွန်ုပ်တို့အလွဲသုံးလျှင် ကျွန်ုပ်တို့နှင့်စာရင်းရှင်းတော်မူမည်။ တမန်တော်ပေါလုက “ငါတို့ကိုစစ်ကြောစီရင်တော်မူသောသူရှေ့၌ မထင်ရှားသောအရာတစ်စုံတစ်ခုမျှမရှိ၊ ခပ်သိမ်းသောအရာတို့သည် အကွယ်အကာမရှိဘဲ မျက်မှောက်တော်၌လှန်ထားလျက်ရှိကြ၏” ဟုရေးခဲ့သည်။—ဟေဗြဲ ၄:၁၃။
၆-၈။ (က) အာဒံနှင့်ဧဝတို့သည် မည်သည့်လွတ်လပ်မှုများကိုခံစားခဲ့ကြရသနည်း။ မည်သည့်အခြေအနေပေါ်မူတည်၍ ထိုလွတ်လပ်မှုများကို သူတို့ဆက်လက်ထိန်းသိမ်းထားနိုင်သနည်း။ (ခ) အာဒံနှင့်ဧဝတို့သည် မိမိတို့အတွက်နှင့်မိမိတို့၏သားစဉ်မြေးဆက်အတွက် မည်သည့်အရာဆုံးရှုံးခဲ့ကြသနည်း။
၆ ကျွန်ုပ်တို့၏ကနဦးလူသားမိဘ အာဒံနှင့်ဧဝတို့အသက်ရှင်ခဲ့စဉ်က ယေဟောဝါနှင့်စာရင်းရှင်းရန်တာဝန်သည် ပေါ်လွင်ထင်ရှားခဲ့သည်။ ယေဟောဝါသည် သူတို့အား ထူးမြတ်သည့်ဆုကျေးဇူးဖြစ်သည့် ပြုလိုစိတ်လွတ်ဖြင့် ဖန်ဆင်းတော်မူခဲ့သည်။ ထိုပြုလိုစိတ်လွတ်ကို သူတို့ချင့်ချင့်ချိန်ချိန်ဖြင့်အသုံးပြုနေသေးသရွေ့ ကြောက်ရွံ့ခြင်းမှလွတ်လပ်မှု၊ ဖျားနာခြင်းမှလွတ်လပ်မှု၊ သေခြင်းမှလွတ်လပ်မှုနှင့် မိမိတို့၏ကောင်းကင်ခမည်းတော်ကို ဩတ္တပ္ပစိတ်ကြည်လင်စွာချဉ်းကပ်နိုင်သည့်လွတ်လပ်မှု စသည့်အခြားသောလွတ်လပ်မှုများကို သူတို့ခံစားခဲ့ကြရသည်။ သို့သော် ထိုပြုလိုစိတ်လွတ်ကို သူတို့အလွဲသုံးလိုက်သောအခါ ထိုအရာအားလုံးပြောင်းလဲခဲ့သည်။
၇ ယေဟောဝါသည် အာဒံနှင့်ဧဝတို့ကို ဧဒင်ဥယျာဉ်တွင်နေရာချခဲ့ပြီး သူတို့၏ပျော်ရွှင်မှုအတွက် အပင်တစ်ပင်မှလွဲ၍ ကျန်အပင်အားလုံး၏အသီးများကို ပေးတော်မူခဲ့သည်။ ထိုတစ်ပင်ကိုမူ မိမိအတွက်ထားတော်မူခဲ့သည်။ ထိုအပင်ကား “ကောင်းမကောင်းကိုသိကျွမ်းရာအပင်” ဖြစ်သည်။ (ကမ္ဘာဦး ၂:၁၆၊ ၁၇) အာဒံနှင့်ဧဝတို့သည် ထိုအပင်၏အသီးကိုမစားခြင်းအားဖြင့် မည်သည့်အရာကောင်းမကောင်းဟူသည့်စံချိန်ကို ယေဟောဝါတစ်ပါးတည်းသာလျှင် ချမှတ်နိုင်သည့်လွတ်လပ်မှုရှိကြောင်း သူတို့ဝန်ခံရာရောက်သည်။ သူတို့စဉ်းစဉ်းစားစားပြုမူပြီး ထိုတားမြစ်ထားသည့်အသီးကိုမစားဘဲနေပါက ယေဟောဝါသည် သူတို့အား အခြားလွတ်လပ်မှုများကို ကတိပြုတော်မူမည်ဖြစ်သည်။
၈ ဝမ်းနည်းဖွယ်ရာကား ဧဝသည် သူမကိုယ်တိုင် “ကောင်းမကောင်းကိုသိ” သင့်သည်ဟူသော မြွေ၏စဉ်းလဲသည့်အကြံကို နားထောင်ခဲ့သည်။ (ကမ္ဘာဦး ၃:၁-၅) ပထမတွင်သူမ၊ နောက်အာဒံတို့သည် ထိုတားမြစ်ထားသည့်အသီးကို စားခဲ့ကြသည်။ ရလဒ်မှာ ယေဟောဝါဘုရားသခင်သည် သူတို့နှင့်စကားပြောရန် ဧဒင်ဥယျာဉ်သို့ကြွလာတော်မူသောအခါ သူတို့သည် ရှက်ကြောက်ပြီးပုန်းအောင်းနေခဲ့ကြသည်။ (ကမ္ဘာဦး ၃:၈၊ ၉) ယခုသူတို့သည် ကြည်လင်သောသြတ္တပ္ပစိတ်မှဖြစ်ပေါ်လာသည့် ဘုရားသခင်ကိုချဉ်းကပ်နိုင်သည့်လွတ်လပ်မှုခံစားခွင့်ဆုံးရှုံးသော အပြစ်သားများဖြစ်သွားသည်။ ယင်းကြောင့် သူတို့နှင့်သူတို့၏သားစဉ်မြေးဆက်အားလုံးအတွက် ဖျားနာခြင်းနှင့်သေခြင်းမှလွတ်လပ်မှုတို့ကိုလည်း သူတို့ဆုံးရှုံးခဲ့ကြရသည်။ “အပြစ်တရားသည် တစ်ယောက်သောသူ [အာဒံ] အားဖြင့် ဤလောကသို့ဝင်၍ အပြစ်တရားအားဖြင့်သေခြင်းတရားဝင်သည်နှင့်အညီ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ရောက်ရကြ၏” ဟုပေါလုပြောခဲ့သည်။—ရောမ ၅:၁၂။ ကမ္ဘာဦး ၃:၁၆၊ ၁၉။
၉။ မိမိတို့ခံစားရသည့်လွတ်လပ်မှုအတိုင်းအတာကို ကောင်းမွန်စွာအသုံးချရာတွင် ထင်ရှားသူများကား မည်သူများနည်း။
၉ သို့သော် လူသားများသည် ပြုလိုစိတ်လွတ်ရှိနေဆဲဖြစ်ပြီး ခေတ်ကာလတစ်လျှောက် မစုံလင်သောလူသားအချို့သည် ယေဟောဝါကိုဝတ်ပြုရန် ထိုစိတ်ကိုတိုင်းတိုင်းဆဆဖြင့်အသုံးပြုခဲ့ကြသည်။ ထိုသူအချို့တို့၏အမည်များကို ရှေးကတည်းက ကျွန်ုပ်တို့အတွက်သိုမှီးထားခဲ့ပြီ။ အာဗေလ၊ ဧနောက်၊ နောဧ၊ အာဗြဟံ၊ ဣဇာက်၊ ယာကုပ် (ဣသရေလဟုလည်းခေါ်) စသည့်လူများသည် မိမိတို့၏လွတ်လပ်မှုကို ဘုရားသခင့်အလိုတော်ထမ်းဆောင်ခြင်းတွင် အသုံးချခဲ့ကြသူများထဲမှ နမူနာအချို့ဖြစ်သည်။ ရလဒ်အနေနှင့် သူတို့အတွက်လည်း အဆင်ပြေခဲ့သည်။—ဟေဗြဲ ၁၁:၄-၂၁။
ဘုရားသခင်ရွေးချယ်သည့်လူမျိုး၏လွတ်လပ်မှု
၁၀။ ယေဟောဝါသည် မိမိ၏အထူးလူမျိုးတော်နှင့်ဖွဲ့သောပဋိညာဉ်တွင် မည်သည့်အရာများပါဝင်သနည်း။
၁၀ မောရှေအချိန်က ယေဟောဝါသည် သန်းနှင့်ချီသောဣသရေလလူမျိုးများကို အီဂျစ်တို့၏ကျေးကျွန်ဘဝမှလွတ်မြောက်စေခဲ့ပြီး သူတို့နှင့်ပဋိညာဉ်ဖွဲ့ခဲ့သဖြင့် သူတို့သည် ကိုယ်တော်၏အထူးလူများဖြစ်လာကြသည်။ ထိုပဋိညာဉ်အောက်တွင် ဣသရေလလူများအတွက် ယဇ်ပုရောဟိတ်အစီအစဉ်နှင့် သူတို့၏အပြစ်များကို တစ်စိတ်တစ်ဒေသဖုံးအုပ်ပေးသည့် တိရစ္ဆာန်ယဇ်ပူဇော်ခြင်းအစီအစဉ်တစ်ခုရှိခဲ့သည်။ ဤနည်းဖြင့် ဝတ်ပြုရေးတွင် ဘုရားသခင်ကိုချဉ်းကပ်ရာ၌ လွတ်လပ်မှုရရှိခဲ့ကြသည်။ အယူသည်းသည့်အကျင့်များနှင့် အခြားသောဝတ်ပြုရေးမှလွတ်မြောက်ရန် သူတို့အတွက် ပညတ်များနှင့်စည်းမျဉ်းဥပဒေသများဆိုင်ရာအစီအစဉ်တစ်ခုလည်းရှိခဲ့သည်။ နောက်ဆုံးတွင် ဘုရားသခင်၏အကူအညီအားဖြင့် သူတို့၏ရန်သူများကိုအောင်မြင်ပြီး ကတိတော်ထားရာပြည်ကို အမွေရကြမည်ဖြစ်သည်။ ပဋိညာဉ်နှင့်ပတ်သက်၍ သူတို့၏တာဝန်မှာ ယေဟောဝါ၏ပညတ်တော်များကို စောင့်ထိန်းရန်ဖြစ်သည်။ ဣသရေလလူမျိုးများသည် ဤအခြေအနေကို စိတ်လိုကိုယ်လျောက်လက်ခံခဲ့ကြပြီး “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] မိန့်တော်မူသမျှတို့ကို ကျွန်ုပ်တို့သည်ပြုပါမည်” ဟု ပြောခဲ့ကြသည်။—ထွက်မြောက်ရာ ၁၉:၃-၈။ တရားဟောရာ ၁၁:၂၂-၂၅။
၁၁။ ဣသရေလလူမျိုးသည် ယေဟောဝါနှင့်ဖွဲ့သောပဋိညာဉ်ကို သူတို့လိုက်လျှောက်ရန်ပျက်ကွက်သောအခါ မည်သည့်ရလဒ်ဖြစ်ပေါ်လာခဲ့သနည်း။
၁၁ ဣသရေလလူမျိုးများသည် နှစ်ပေါင်း ၁,၅၀၀ ကျော်အထိ ယေဟောဝါနှင့်အထူးဆက်ဆံရေးရှိခဲ့ကြသည်။ သို့သော် သူတို့သည် ပဋိညာဉ်ကိုစောင့်ထိန်းရန် မကြာခဏပျက်ကွက်ခဲ့ကြသည်။ သူတို့သည် စစ်မှန်သောဝတ်ပြုရေးမှ မကြာခဏလမ်းလွဲခဲ့ကြသည်။ ထို့ကြောင့် သူတို့၏ရန်သူများလက်အောက်တွင် ကျွန်ခံရရန် ဘုရားသခင်ခွင့်ပြုတော်မူသည်။ (တရားသူကြီး ၂:၁၁-၁၉) သူတို့သည် ပဋိညာဉ်ကိုစောင့်ထိန်းခြင်းမှ လွတ်လပ်မှုဆိုင်ရာကောင်းချီးများကိုခံစားရမည့်အစား ပြစ်ဒဏ်ခံခဲ့ကြရသည်။ အကြောင်းမှာ ယင်းကိုသူတို့ချိုးဖောက်ကြသောကြောင့်ဖြစ်သည်။ (တရားဟောရာ ၂၈:၁၊ ၂၊ ၁၅) နောက်ဆုံး ဘီစီအီး ၆၀၇ ခုနှစ်ရောက်သောအခါ ထိုလူမျိုးကို ဗာဗုလုန်လူမျိုးများလက်အောက်ကျွန်ခံရန် ယေဟောဝါခွင့်ပြုတော်မူခဲ့သည်။—၂ ရာဇဝင်ချုပ် ၃၆:၁၅-၂၁။
၁၂။ မောရှေပညတ်နှင့်ပတ်သက်၍ နောက်ဆုံးမည်သည့်အချက်ထင်ရှားလာသနည်း။
၁၂ ယင်းသည် အထိနာသောသင်ခန်းစာဖြစ်ခဲ့သည်။ ပညတ်တော်ကိုစောင့်ထိန်းသင့်ကြောင်း ယင်းအဖြစ်မှ ပညာရသင့်သည်။ မည်သို့ဆိုစေ နှစ်ပေါင်း ၇၀ နောက်ပိုင်းတွင် ဣသရေလလူမျိုးများသည် သူတို့နေရင်းပြည်သို့ပြန်လာခဲ့ကြပြီး ပညတ်ပဋိညာဉ်ကိုစောင့်ထိန်းရန် ပျက်ကွက်မြဲပျက်ကွက်ခဲ့ကြသည်။ သူတို့ပြန်လာကြပြီး နှစ်ပေါင်းတစ်ရာနီးပါးခန့်တွင် ယေဟောဝါက ဣသရေလလူမျိုးတို့၏ယဇ်ပုရောဟိတ်များအား “သင်တို့မူကား လမ်းလွဲကြပြီ။ လူများတို့သည် တရားတော်ကိုထိမိ၍လဲစေခြင်းငှာပြုကြပြီ။ လေဝိအမျိုးနှင့်ဖွဲ့သောပဋိညာဉ်ကိုဖျက်ကြပြီ” ဟုမိန့်တော်မူခဲ့သည်။ (မာလခိ ၂:၈) အမှန်မူ ဣသရေလလူမျိုးများထဲမှ စိတ်ရင်းအမှန်ဆုံးလူများပင် စုံလင်သောပညတ်တော်၏စံချိန်များကို မလိုက်နိုင်ခဲ့ကြချေ။ ကောင်းချီးခံစားကြရမည့်အစား တမန်တော်ပေါလုပြောသကဲ့သို့ “ကျိန်ခြင်း” သာဖြစ်ခဲ့သည်။ (ဂလာတိ ၃:၁၃) သစ္စာရှိသောမစုံလင်သည့်လူသားများကို ဘုရားသခင့်သားတို့၏ထူးမြတ်သောလွတ်ခြင်းချမ်းသာသို့ပို့ဆောင်ပေးရန် မောရှေပညတ်ပဋိညာဉ်အပြင် အခြားအရာတစ်ခုလိုအပ်သည်မှာ ထင်ရှားသည်။
ခရစ်ယာန်လွတ်လပ်မှု၏သဘာဝ
၁၃။ နောက်ဆုံးတွင် အဘယ်သာ၍ကောင်းသောလွတ်လပ်မှု၏အခြေအမြစ်ကို ပေးကမ်းခဲ့သနည်း။
၁၃ ထိုအခြားအရာမှာ ယေရှုခရစ်၏ရွေးဖိုးပူဇော်သက္ကာပင်ဖြစ်သည်။ စီအီး ၅၀ ခုနှစ်ခန့်က ဂလာတိမြို့ရှိဘိသိက်ခံခရစ်ယာန်အသင်းတော်ထံ ပေါလုစာရေးခဲ့သည်။ ယေဟောဝါသည် သူတို့ကို ကျွန်အဖြစ်မှပညတ်ပဋိညာဉ်အောက်သို့ မည်သို့ပို့ဆောင်ခဲ့ကြောင်းဖော်ပြပြီး ဤသို့ပြောခဲ့သည်။ “ထိုလွတ်လပ်မှုအတွက် ကျွန်ုပ်တို့အားခရစ်တော်လွတ်မြောက်စေခဲ့ပြီ။ ထို့ကြောင့် ခိုင်မြဲစွာရပ်တည်ကြပါ။ ကျွန်ခံရာထမ်းပိုးအောက်သို့ တစ်ဖန်ပြန်ချုပ်နှောင်ခံရရန် သင်တို့ကိုယ်ကို ခွင့်မပြုကြနှင့်။” (ဂလာတိ ၅:၁၊ ကဘ) ယေရှုသည် လူသားများကို မည်သည့်နည်းဖြင့်လွတ်မြောက်စေခဲ့သနည်း။
၁၄၊ ၁၅။ ယေရှုသည် မည်သည့်အံ့ဖွယ်နည်းများဖြင့် ဂျူးနှင့်ဂျူးမဟုတ်သူများကို လွတ်မြောက်စေခဲ့သနည်း။
၁၄ ယေရှုသေဆုံးပြီးနောက်တွင် ကိုယ်တော်အားမေရှိယအဖြစ်လက်ခံပြီး တပည့်တော်များဖြစ်လာကြသောဂျူးများသည် ပညတ်ပဋိညာဉ်ဟောင်းကိုအစားထိုးသော ပဋိညာဉ်သစ်အောက်ရောက်ရှိခဲ့ကြသည်။ (ယေရမိ ၃၁:၃၁-၃၄။ ဟေဗြဲ ၈:၇-၁၃) ဤပဋိညာဉ်သစ်အောက်တွင် သူတို့နှင့် နောက်ပိုင်းသူတို့ကဲ့သို့ယုံကြည်လာသော ဂျူးလူမျိုးမဟုတ်သူများသည် ဇာတိဣသရေလလူမျိုးများကိုအစားထိုးသော ဘုရားသခင်၏အထူးလူမျိုးဖြစ်သည့် ဝိညာဏလူမျိုးသစ်အဝင်ဖြစ်လာခဲ့သည်။ (ရောမ ၉:၂၅၊ ၂၆။ ဂလာတိ ၆:၁၆) ဤနည်းဖြင့် “သမ္မာတရားသည်သင်တို့ကိုလွတ်လိမ့်မည်” ဟူသောယေရှု၏ကတိပေးခဲ့သည့်လွတ်လပ်မှုကို သူတို့ခံစားခဲ့ရကြသည်။ မောရှေပညတ်၏ကျိန်ခြင်းအောက်မှလွတ်မြောက်ခြင်းတစ်စိတ်တစ်ဒေသအနေနှင့် သမ္မာတရားက ဂျူးလူမျိုးခရစ်ယာန်များကို သူတို့အပေါ်ဘာသာရေးခေါင်းဆောင်များကတင်သော ဝန်ပိစေသည့်ထုံးတမ်းစဉ်လာများမှ လွတ်မြောက်စေခဲ့သည်။ ယင်းသည် ဂျူးလူမျိုးမဟုတ်သောခရစ်ယာန်များကို သူတို့၏အယူသည်းမှုများနှင့်ဘာသာဟောင်းမှ လွတ်မြောက်စေခဲ့သည်။ (မဿဲ ၁၅:၃၊ ၆၊ ၂၃:၄။ တမန်တော် ၁၄:၁၁-၁၃၊ ၁၇:၁၆) ထိုထက်မကရှိသေးသည်။
၁၅ လွတ်မြောက်စေသည့်သမ္မာတရားအကြောင်းပြောရာတွင် ယေရှုက “သင်တို့ကိုငါဧကန်အမှန်ပြောသည်ကား၊ အပြစ်ပြုသောသူတိုင်း အပြစ်၏ကျွန်ဖြစ်ကြ၏” ဟုမိန့်တော်မူခဲ့သည်။ (ယောဟန် ၈:၃၄၊ ကဘ) အာဒံနှင့်ဧဝတို့သည် အပြစ်ပြုခဲ့ကြသဖြင့် အသက်ရှင်ခဲ့သမျှလူတို့သည် အပြစ်သားများဖြစ်ကြပြီး အပြစ်၏ကျေးကျွန်များဖြစ်ကြသည်။ တစ်ဦးတည်းသောခြွင်းချက်ရှိသူမှာ ယေရှုခရစ်ဖြစ်ပြီး ကိုယ်တော်၏ပူဇော်သက္ကာသည် ယုံကြည်သူများအား ထိုကျွန်အဖြစ်မှလွတ်မြောက်စေသည်။ သူတို့သည် ဇာတိအားဖြင့် မစုံလင်၍အပြစ်ရှိသူများဖြစ်ဆဲဖြစ်သည်မှာ မှန်ပါသည်။ သို့သော် ယခုအခါ ယေရှု၏ပူဇော်သက္ကာကိုအခြေပြုပြီး သူတို့၏အပြစ်များအတွက်နောင်တယူကာ ခွင့်လွတ်မှုကိုတောင်းခံနိုင်သည်။ သူတို့တောင်းလျှောက်မှုနားထောင်ခြင်းခံရမည်ကို ယုံကြည်စိတ်ချနိုင်ကြသည်။ (၁ ယောဟန် ၂:၁၊ ၂) ယေရှု၏ရွေးဖိုးပူဇော်သက္ကာအားဖြင့် သူတို့ကိုဖြောင့်မတ်သည်ဟု ဘုရားသခင်ကြေညာပြီး ကိုယ်တော်အား ကြည်လင်သည့်သြတ္တပ္ပစိတ်ဖြင့် ချဉ်းကပ်နိုင်ကြသည်။ (ရောမ ၈:၃၃) ထို့အပြင် ရွေးဖိုးသည် ထာဝရအသက်ရှင်ရန်ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်ကိုဖြစ်စေရာ သမ္မာတရားသည် သူတို့အား သေခြင်းကိုကြောက်ရွံ့ခြင်းမှပင် လွတ်မြောက်စေသည်။—မဿဲ ၁၀:၂၈။ ဟေဗြဲ ၂:၁၅။
၁၆။ ခရစ်ယာန်လွတ်လပ်မှုသည် လောကလွတ်လပ်မှုထက် မည်သို့ပို၍ကျယ်ပြန့်သနည်း။
၁၆ ခရစ်ယာန်လွတ်လပ်မှုသည် မည်သည့်အခြေအနေ၌မဆိုရှိသည့် ယောက်ျား၊ မိန်းမများအတွက် အံ့ဖွယ်နည်းဖြင့် လမ်းပွင့်နေသည်။ ဆင်းရဲသားများ၊ အကျဉ်းသားများနှင့် ကျွန်များပင် လွတ်လပ်နိုင်သည်။ အခြားတစ်ဖက်တွင် ခရစ်တော်နှင့်ပတ်သက်သည့်သတင်းကိုငြင်းဆန်သော လူမျိုးများမှအခြေအနေမြင့်မားသူများသည် အယူသည်းမှု၊ အပြစ်နှင့် သေခြင်းကိုကြောက်ရွံ့ခြင်း၏ကျွန်အဖြစ်တွင်ရှိဆဲဖြစ်သည်။ ကျွန်ုပ်တို့ခံစားရသည့်လွတ်လပ်မှုအတွက် ယေဟောဝါကိုစဉ်ဆက်မပြတ်ကျေးဇူးတင်သင့်သည်။ လောကမှရနိုင်သည့်မည်သည့်အရာတစ်စုံတစ်ခုမျှ ယင်းကိုယှဉ်၍မမီနိုင်ချေ။
လွတ်လပ်သော်လည်းတာဝန်ရှိ
၁၇။ (က) ပထမရာစုရှိလူအချို့တို့သည် မိမိတို့၏လွတ်လပ်မှုကို မည်သို့ဆုံးရှုံးခဲ့ကြသနည်း။ (ခ) စာတန့်လောကတွင် လွတ်လပ်မှုဟုထင်ရသောအရာအားဖြင့် ကျွန်ုပ်တို့အဘယ်ကြောင့်လှည့်ဖျားမခံရသင့်သနည်း။
၁၇ ပထမရာစုတွင် ဘိသိက်ခံခရစ်ယာန်အများစုတို့သည် မိမိတို့၏လွတ်လပ်မှုတွင်ဝမ်းမြောက်ခဲ့ကြပြီး မည်သို့ဆိုစေ သူတို့၏သမာဓိကိုစောင့်ထိန်းခဲ့ကြသည်။ ဝမ်းနည်းစရာကား အချို့တို့သည် ခရစ်ယာန်လွတ်လပ်မှုနှင့် ယင်း၏ကောင်းချီးများကိုမြည်းစမ်းကြည့်ကြပြီးမှ အထင်အမြင်သေးစွာငြင်းပယ်ပြီး လောက၏ကျွန်ဘဝသို့ တစ်ဖန်ပြန်သွားခဲ့ကြသည်။ အဘယ်ကြောင့်ထိုသို့ဖြစ်ခဲ့ရသနည်း။ ထိုလူများ၏ယုံကြည်ခြင်းသည် မလွဲမသွေအားနည်းလာပြီး သူတို့သည် ‘နစ်မျော’ ခဲ့ကြသည်။ (ဟေဗြဲ ၂:၁၊ ကဘ) အချို့တို့ကမူ ‘ယုံကြည်ခြင်းနှင့်ကောင်းသောသြတ္တပ္ပစိတ်ကို တွန်းထုတ်ပစ်ပြီး ယုံကြည်ခြင်းသင်္ဘောပျက်ခဲ့ကြပြီ။’ (၁ တိမောသေ ၁:၁၉၊ ကဘ) ရုပ်ပစ္စည်းတပ်မက်မှု သို့မဟုတ် စာရိတ္တယိုယွင်းသည့်ဘဝပုံစံသို့ကျဆင်းသွားခြင်းဖြစ်နိုင်သည်။ ကျွန်ုပ်တို့၏ယုံကြည်ခြင်းကိုစောင့်ရှောက်ပြီးတည်ဆောက်သွားရန်၊ ကိုယ်ပိုင်လေ့လာမှုတွင်အလုပ်များနေရန်၊ ပေါင်းသင်းခြင်း၊ ဆုတောင်းခြင်းနှင့် ခရစ်ယာန်လုပ်ရပ်များကိုလုပ်ဆောင်နေရန် မည်မျှအရေးကြီးလှသည်တကား။ (၂ ပေတရု ၁:၅-၈) ကျွန်ုပ်တို့သည် ခရစ်ယာန်လွတ်လပ်မှုအား လေးမြတ်တန်ဖိုးထားခြင်းကို မည်သည့်အခါမျှမရပ်စဲစေပါနှင့်။ မှန်ပါသည်။ အချို့မှာ အသင်းတော်ပြင်ပတွင်သူတို့တွေ့မြင်သော ပေါက်လွတ်ပဲစားအခြေအနေများအားဖြင့်သွေးဆောင်ခံရကြပြီး ပြင်ပလောကရှိလူများသည် ကျွန်ုပ်တို့ထက်ပို၍လွတ်လပ်သည်ဟုထင်ကြသည်။ သို့သော် လောကတွင် လွတ်လပ်ဟန်ရှိသည့်အရာသည် အများအားဖြင့် စည်းမဲ့ကမ်းမဲ့အရာများသာဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ကျေးကျွန်မဖြစ်လျှင် အပြစ်၏ကျေးကျွန်သာဖြစ်ပြီး ထိုအဖြစ်သည် ဆိုးရွားသည့်အခကိုသာဖြစ်စေသည်။—ရောမ ၆:၂၃။ ဂလာတိ ၆:၇၊ ၈။
၁၈-၂၀။ (က) အချို့တို့သည် မည်သို့အားဖြင့် “လက်ဝါးကပ်တိုင်ကိုရန်ဖက်ပြုသူများ” ဖြစ်လာကြသနည်း။ (ခ) အချို့တို့သည် မည်သို့အားဖြင့် “မိမိ၏လွတ်လပ်မှုကို တဇောက်ကန်းအသုံးချသောသူ” ဖြစ်လာကြသနည်း။
၁၈ ထို့အပြင် ဖိလိပ္ပိမြို့သားများထံရေးသောပေါလု၏စာတွင် “အကြောင်းမူကား၊ အထက်အဖန်ဖန်ငါပြော၍ ယခုပင်မျက်ရည်ကျလျက်နှင့်ပြောသည်အတိုင်း ခရစ်တော်၏လက်ဝါးကပ်တိုင်ကို ရန်ဘက်ပြု၍ကျင့်သောသူအများရှိကြ၏” ဟုဆိုထား၏။ (ဖိလိပ္ပိ ၃:၁၈) ယုံကြည်ခြင်း၏ရန်သူဖြစ်သွားသော အယူဖောက်ပြန်သူများပင်ဖြစ်လာသည့် ခရစ်ယာန်ဖြစ်ဖူးသူများလည်းရှိသည်။ သူတို့၏လမ်းစဉ်ကို ကျွန်ုပ်တို့ရှောင်ရန်မည်မျှအရေးကြီးလှပါသည်တကား။ ပေတရုလည်းဤသို့ရေးသားခဲ့သည်။ “လွတ်လပ်သောသူများကဲ့သို့ဖြစ်သော်လည်း သင်တို့၏လွတ်လပ်မှုကို ကိုင်စွဲထားကြပါ။ မကောင်းမှုကို မမြင်တတ်သူကဲ့သို့မဟုတ်ဘဲ ဘုရားသခင်၏ကျွန်များကဲ့သို့ဖြစ်ကြပါ။” (၁ ပေတရု ၂:၁၆၊ ကဘ) လူတစ်ဦးသည် မည်သည့်နည်းအားဖြင့် မကောင်းမှုကိုမမြင်တတ်သူကဲ့သို့ မိမိ၏လွတ်လပ်မှုကိုအသုံးပြုနိုင်သနည်း။ ခရစ်ယာန်အသင်းတော်နှင့်ပေါင်းသင်းနေစဉ်တွင်ပင် လျှို့ဝှက်စွာပြုခြင်းဖြစ်နိုင်သည့် ကြီးလေးသောအပြစ်များကိုပြုခြင်းအားဖြင့်ဖြစ်သည်။
၁၉ ဒယောတရပ်ကိုသတိရပါ။ သူနှင့်ပတ်သက်၍ ယောဟန်ဤသို့ပြောခဲ့သည်။ “[အသင်းတော်တွင်] အကဲအမှူးလုပ်ချင်သောဒယောတရပ်သည် ငါတို့အားအခွင့်မပေး . . . ညီအစ်ကိုတို့ကို ကိုယ်တိုင်လက်မခံ၊ လက်ခံချင်သောသူတို့ကိုလည်းမြစ်တား၍ အသင်းတော်ထဲကနှင်ထုတ်တတ်၏။” (၃ ယောဟန် ၉၊ ၁၀) ဒယောတရပ်သည် ကိုယ်ကျိုးရည်မှန်းချက်အတွက် မိမိ၏လွတ်လပ်မှုကို တဇောက်ကန်းအသုံးချသောသူနှင့်တူသည်။
၂၀ တပည့်တော်ယုဒဤသို့ရေးသားခဲ့သည်။ “ငါတို့ဘုရားသခင်၏အလိုတော်ကို ကိလေသာ၏ညစ်ညူးခြင်းအလိုငှာမှောက်လှန်လျက် တစ်ပါးတည်းအစိုးရတော်မူသောအရှင်ငါတို့သခင်ယေရှုခရစ်ကိုငြင်းပယ်လျက် အပြစ်ခံစေခြင်းငှာ ရှေးကစီရင်မှတ်သားနှင့်သောအဓမ္မလူအချို့တို့သည် ပရိယာယ်နှင့်အမှတ်တမဲ့ဝင်ကြပြီ။” (ယုဒ ၄) ထိုလူများသည် အသင်းတော်နှင့်ပေါင်းသင်းနေစဉ်တွင် ပျက်စီးခြင်းသြဇာသက်ရောက်စေသူများဖြစ်ကြသည်။ (ယုဒ ၈-၁၀၊ ၁၆) ပေရဂံနှင့်သွာတိရအသင်းတော်များတွင် သင်းခွဲမှု၊ ဝတ်ပြုရေးဖောက်ပြန်မှု၊ စာရိတ္တယိုယွင်းမှုများရှိခဲ့ကြောင်း ဗျာဒိတ်ကျမ်းတွင် ကျွန်ုပ်တို့ဖတ်ရသည်။ (ဗျာဒိတ် ၂:၁၄၊ ၁၅၊ ၂၀-၂၃) ခရစ်ယာန်လွတ်လပ်မှုကိုအလွဲသုံးခြင်းပါတကား။
၂၁။ မိမိတို့၏ခရစ်ယာန်လွတ်လပ်မှုကိုအလွဲသုံးသူများမည်သို့ဖြစ်မည်နည်း။
၂၁ ဤနည်းဖြင့်မိမိတို့၏ခရစ်ယာန်လွတ်လပ်မှုကိုအသုံးချသူများအတွက် မည်သို့ဖြစ်မည်နည်း။ ဣသရေလလူမျိုးမည်သို့ဖြစ်ခဲ့သည်ကိုသတိရပါ။ ဣသရေလလူမျိုးသည် ဘုရားသခင်ရွေးချယ်ခဲ့သောလူမျိုးဖြစ်သော်လည်း နောက်ဆုံးတွင်သူမကိုယေဟောဝါငြင်းပယ်ခဲ့သည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ဣသရေလလူမျိုးများသည် ဘုရားသခင်နှင့်မိမိတို့၏ဆက်ဆံရေးကို မကောင်းမှုကိုမမြင်တတ်သူများကဲ့သို့ကျင့်သုံးခဲ့ကြသည်။ သူတို့သည် အာဗြဟံ၏သားများဖြစ်သည်ဟုဝါကြွားကြသော်လည်း အာဗြဟံ၏မျိုးနွယ်နှင့်ယေဟောဝါရွေးချယ်သောမေရှိယဖြစ်သည့်ယေရှုကို ငြင်းပယ်ကြသည်။ (မဿဲ ၂၃:၃၇-၃၉။ ယောဟန် ၈:၃၉-၄၇။ တမန်တော် ၂:၃၆။ ဂလာတိ ၃:၁၆) “ဘုရားသခင်၏ဣသရေလအမျိုး” တစ်ရပ်လုံးအနေဖြင့်မူ အလားတူသစ္စာမဲ့ကြောင်းမပြချေ။ (ဂလာတိ ၆:၁၆) သို့သော် ဝိညာဏ သို့မဟုတ် စာရိတ္တညစ်ညမ်းမှုဖြစ်စေသော မည်သည့်ခရစ်ယာန်တစ်ဦးတစ်ယောက်မဆို ဆုံးမခြင်းခံရပြီး နောက်ဆုံးတရားစီရင်ခြင်းကိုပင် ခံရမည်။ ကျွန်ုပ်တို့၏ခရစ်ယာန်လွတ်လပ်မှုကို မည်သို့အသုံးပြုနေသည်နှင့်ပတ်သက်၍ ကျွန်ုပ်တို့အားလုံးစာရင်းရှင်းရန်တာဝန်ရှိကြသည်။
၂၂။ ဘုရားသခင်၏ကျေးကျွန်ဖြစ်ရန် မိမိတို့၏လွတ်လပ်မှုကိုအသုံးပြုသူများအတွက် မည်သည့်ရွှင်လန်းမှုရှိသနည်း။
၂၂ ဘုရားသခင်ကိုကျွန်ခံပြီး စစ်မှန်သောလွတ်လပ်မှုခံစားရခြင်းကား မည်မျှသာ၍ကောင်းလေစွ။ ယေဟောဝါသာလျှင် တန်ဖိုးရှိသောလွတ်လပ်မှုကို ပေးသနားတော်မူသည်။ နယပုံပြင်ကျမ်းက “ငါ့သား ပညာရှိလော့။ ကဲ့ရဲ့သောသူ၏စကားကိုငါချေနိုင်အောင် ငါ့စိတ်ကိုရွှင်လန်းစေလော့” ဟုဆိုထားသည်။ (သု၊ ၂၇:၁၁) ယေဟောဝါသည်အပြစ်တင်ခွင့်ကင်းကြောင်းတင်ပြရန် ကျွန်ုပ်တို့၏ခရစ်ယာန်လွတ်လပ်မှုကိုအသုံးချကြစို့။ ကျွန်ုပ်တို့ထိုသို့ပြုလျှင် ကျွန်ုပ်တို့၏အသက်တာသည် အဓိပ္ပာယ်ရှိလာ၍ ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်အားရွှင်လန်းစေပြီး နောက်ဆုံးတွင် ဘုရားသခင်သားတို့၏ထူးမြတ်သောလွတ်ခြင်းချမ်းသာ၌မွေ့လျော်သူများတွင် ကျွန်ုပ်တို့လည်းအပါအဝင်ဖြစ်မည်။
သင်ရှင်းပြနိုင်သလော
▫ မည်သူတစ်ဦးတည်းသာအမှန်လွတ်လပ်သနည်း။
▫ အာဒံနှင့်ဧဝတို့သည် မည်သည့်လွတ်လပ်မှုများကိုခံစားခဲ့ကြရပြီး အဘယ်ကြောင့် ထိုလွတ်လပ်မှုဆုံးရှုံးခဲ့ကြရသနည်း။
▫ ဣသရေလလူမျိုးများသည် ဘုရားသခင်နှင့်မိမိတို့ဖွဲ့ဆိုထားသောပဋိညာဉ်ကိုစောင့်ထိန်းစဉ် မည်သည့်လွတ်လပ်မှုများကိုခံစားခဲ့ကြရသနည်း။
▫ ယေရှုကိုလက်ခံသူများမည်သည့်လွတ်လပ်မှုများကိုခံစားကြရသနည်း။
▫ ပထမရာစုရှိသူအချို့သည် မိမိတို့၏လွတ်လပ်မှုကို မည်သို့ဆုံးရှုံး သို့မဟုတ် အလွဲသုံးခဲ့ကြသနည်း။
[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]
ယေရှုပေးခဲ့သည့်လွတ်လပ်မှုသည် လူသားပေးနိုင်သည့်မည်သည့်လွတ်လပ်မှုထက်မဆို များစွာသာ၍ကောင်း၏