ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၂ ၅/၁၅ စာ. ၂၄-၂၇
  • ဂွာဟီရိုအင်းဒီးယန်းများ လိုလိုလားလားတုံ့ပြန်ကြ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဂွာဟီရိုအင်းဒီးယန်းများ လိုလိုလားလားတုံ့ပြန်ကြ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ပထမဆုံးစွဲမှတ်စေသည့်အရာ
  • အိမ်များရှာဖွေခြင်း
  • ဂွာဟီရိုတို့နှင့်တေ့တေ့ဆိုင်ဆိုင်တွေ့ဆုံခြင်း
  • မမျှော်လင့်သောအစုအဝေး
  • အောင်မြင်သည့်အကျိုးရလဒ်
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
က၉၂ ၅/၁၅ စာ. ၂၄-၂၇

ဂွာဟီရိုအင်းဒီးယန်းများ လိုလိုလားလားတုံ့ပြန်ကြ

မြေကြီးတရွတ်တိုက်သည့် အပေါ်ရုံအင်္ကျီမဲကြီးကိုဝတ်ဆင်ထားပြီး သစ်ပင်ကြီးတစ်ပင်၏အရိပ်အောက်တွင် ထိုင်နေသောမိန်းမကြီးတစ်ဦးသည် အလွန်ခြားနားသည့်ယဉ်ကျေးမှုမှ ဖြစ်ဟန်ရှိသည်။ သူပြောသောဘာသာစကားမှာလည်း ကျွန်ုပ်တို့နားနှင့် စိမ်းနေသည်။ “တစ်ခေါက်ပြန်လာပါဦး” ဟုစိတ်အားထက်သန်စွာ သူမပြောသည်။ သူမနှင့် လူမျိုးတူသော၊ သူမကိုဝိုင်း၍ထိုင်နေကြသည့် အခြားလူ ၅၀ ကိုလက်ညှိုးထိုးပြပြီး “ကျွန်မတို့အားလုံး ရှင့်ကိုပြန်လာစေချင်တယ်။ အပတ်တိုင်းလာပါ” ဟုပြောသည်။

ဤလူများကား မည်သူများနည်း။ ယခင်က ကျွန်ုပ်တို့ကိုတစ်ခါမျှမတွေ့ဖူးသော်လည်း အဘယ်ကြောင့် ဤမျှကျွန်ုပ်တို့အားပြန်လာစေလိုကြသနည်း။ ဗင်နီဇွဲလားအနောက်မြောက်ပိုင်းနှင့်ကပ်နေသော၊ ကိုလံဘီယာမြောက်ပိုင်းရှိ ဂွာဟီရိုအင်းဒီးယန်းများနေထိုင်သော လာဂွာဟီရာကျွန်းဆွယ်သို့ တစ်ရက်ခရီးစဉ်အကြောင်းကို ကျွန်ုပ်တို့သင့်အားပြောပြခွင့်ပြုပါ။

ပထမဆုံးစွဲမှတ်စေသည့်အရာ

ဗင်နီဇွဲလားနိုင်ငံ၏မြို့တော် ကဲရကတ်စ်မှထွက်ပြီးနောက် ကျွန်ုပ်တို့၏ပထမဆုံးခရီးစဉ်မှာ မာရကိုင်ဘိုမြို့ ဖြစ်သည်။ မြို့ထဲသို့ကျွန်ုပ်တို့ ကားဖြင့်ဝင်လာသောအခါ ရှည်လျား၍အရောင်စုံသော အပေါ်ဝတ်ရုံများဝတ်ဆင်ထားပြီး လမ်းလျှောက်လာသည့် မိန်းကလေးသုံးယောက်ကို ကျွန်ုပ်တို့သတိထားမိကြသည်။ သူတို့၏အသွင်သည် သာမန်ဗင်နီဇွဲလားပြည်သူများနှင့်မတူဘဲ မြင့်သောပါးရိုး၊ ညိုသောအသားအရေ၊ မဲနက်ဖြောင့်တန်းသောဆံပင်များရှိကြသည်။ ပထမဆုံးအကြိမ် ရုတ်တရက်မြင်လိုက်၍ပင် သူတို့၏ပြေပြစ်၍ ဣန္ဒြေရှိသောလမ်းလျှောက်ပုံကို ကျွန်ုပ်တို့သတိထားမိသောအခါ ဂွာဟီရိုအင်းဒီးယန်းများကို စိတ်ဝင်စားမှုနှိုးဆွခံခဲ့ကြရသည်။

လာဂွာဟီရာကျွန်းဆွယ်သို့ ကျွန်ုပ်တို့၏ခရီးစဉ်သည် ချောချောမောမောစတင်ခဲ့သည်။ နံနက်နေမမြင့်မီ ကျွန်ုပ်တို့လူ ၅၀ သည် ဘတ်စ်ကားတစ်စီးဖြင့် စီးနင်းလိုက်ပါလာကြသည်။ ဤသို့ဝေးလံသည့်ဗင်နီဇွဲလားနိုင်ငံတွင် ကျမ်းစာသတင်းကို လူမျိုးတစ်မျိုးလုံးအား ယူဆောင်ပေးရသည့်အဖွဲ့ထဲတွင် ပါဝင်ခွင့်ရခြင်းအတွက် ကျွန်ုပ်တို့စိတ်လှုပ်ရှားတက်ကြွနေခဲ့ကြသည်။ ကိုလံဘီယာနယ်စပ်တွင်ရှိသော ပါရဂွာချောန်မြို့သို့ ကျွန်ုပ်တို့ဦးတည်လာခဲ့ကြသည်။

မာရကိုင်ဘိုမှကျွန်ုပ်တို့လွန်လာပြီးနောက် ဈေးနှင့်ဆိုင်ခန်းများအသီးသီးရှိကြသော၊ ယက်ထားသည့်ဖိနပ်များနှင့် မန်တပ်စ်ဟုခေါ်သောရှည်လျားပြီး လှပသည့်အပေါ်ရုံအင်္ကျီများရောင်းချသော မြို့ငယ်ရွာငယ်များစွာကို ကျွန်ုပ်တို့ကျော်ဖြတ်လာခဲ့ရသည်။ ရွာတိုင်းတွင် သပ်ယပ်သည့်ရွာလယ်မြေကွက်လပ်နှင့် ရောင်စုံဘုရားကျောင်းတစ်ကျောင်းရှိသဖြင့် မြင်ကွင်းတစ်ခုလုံးရောင်စုံဖြစ်စေသည်။ လူအားလုံးသည် အင်းဒီးယန်းရုပ်ရည်ရှိကြသည်။ သူတို့သည် ကျွန်ုပ်တို့နှင့်အသွင်အပြင်အလွန်ကွာခြားသော်လည်း ပင်မဗင်နီဇွဲလားလူမျိုးတစ်မျိုးသာဖြစ်ကြောင်း ကျွန်ုပ်တို့ကိုယ်ကိုပြန်သတိပေးရသည်။

အိမ်များရှာဖွေခြင်း

နောက်ဆုံးတွင် ကျွန်ုပ်တို့လိုရာခရီးသို့ရောက်ခဲ့ကြသည်။ ကျွန်ုပ်တို့စီးလာသောဘတ်စ်ကားသည် ပြန့်ကားထွက်နေသော သစ်ပင်ကြီးတစ်ပင်၏အရိပ်အောက်ရှိ နိမ့်သောအုတ်နံရံတစ်ခုရှိသည့် လမ်းဘေးတစ်နေရာတွင် ထိုးရပ်လိုက်သည်။ အုတ်နံရံ၏အခြားတစ်ဖက်တွင် ကျေးရွာစာသင်ကျောင်းရှိသည်။ တနင်္ဂနွေနေ့ဖြစ်သောကြောင့် ကျောင်းပိတ်ထားသည်။

ကျွန်ုပ်တို့အုပ်စုနှစ်စုခွဲပြီး အိမ်များရှာဖွေရန် တစ်ဖွဲ့တစ်လမ်းစီထွက်ခွာသွားခဲ့ကြသည်။ ကျောင်းမြေကွက်လပ်တွင် ထိုနေ့မွန်းလွဲသုံးနာရီအချိန် ဂွာဟီရိုဘာသာစကားဖြင့်ဟောပြောမည့် ကျမ်းစာဟောပြောပွဲတက်ရောက်ရန် လူတိုင်းကိုကျွန်ုပ်တို့ခေါ်ဖိတ်ရမည်ဖြစ်သည်။ ဂွာဟီရိုအင်းဒီးယန်းတိုင်းရင်းသားဖြစ်သူ အက်ဗလင်ဒါးသည် ကျွန်ုပ်တို့နှင့်အတူပါလာသည်။ ကျွန်ုပ်တို့သည် စပိန်ဘာသာစကားကိုပြောတတ်ကြသော်လည်း ဂွာဟီရိုဘာသာစကားကို လုံးဝမပြောတတ်ကြသောကြောင့် သူပါခြင်းအားဖြင့် ကျွန်ုပ်တို့ကိုပိုမိုလက်ခံကြဖွယ်ရှိသည်ဟု ကျွန်ုပ်တို့မျှော်လင့်ခဲ့ကြသည်။

ရွာအပြင်ဘက်ရောက်သောအခါ အိမ်တစ်အိမ်နှင့်တစ်အိမ်ကြား လမ်းများစွာလျှောက်ရသည်။ ဘေးနှစ်ဘက်စလုံးတွင် ချုံနွယ်ပိတ်ပေါင်းများ ထူထပ်စွာပေါက်ရောက်နေသည့် ရှည်လျားဖြောင့်တန်းသောလမ်းတစ်လမ်းကို ကျွန်ုပ်လျှောက်လာစဉ် ဆယ်နှစ်ခန့်ရှိမည့်ယောက်ျားလေးတစ်ယောက်သည် ကျွန်ုပ်တို့နှင့်ယှဉ်လျှောက်လာပြီး ကျွန်ုပ်တို့အားပြောင်ပြောင်တင်းတင်းပင်စူးစမ်းတော့သည်။ အက်ဗလင်ဒါးက သူ့ကိုပြုံးပြပြီး ဤနေရာသို့ကျွန်ုပ်တို့ရောက်ရှိလာရသည့်ရည်ရွယ်ချက်ကို ဂွာဟီရိုစကားဖြင့် ရှင်းပြသည်။ သူ၏အမည်မှာ အိုမားရ်ဖြစ်ပြီး ဟောပြောပွဲသို့သူ့ကိုကျွန်ုပ်တို့ခေါ်ဖိတ်ပြီးသောအခါ သူပြေးထွက်သွားခဲ့သည်။

လမ်းမမှခွဲထွက်ပြီးနောက် လမ်းထွင်ထားခြင်းမရှိ၊ မကြာမီကမိုးရွာထားသောကြောင့် စိုထိုင်းဆဲရှိနေသေးသည့် လမ်းမြှောင်ကလေးတစ်ခုအတိုင်း ကျွန်ုပ်တို့လိုက်လာခဲ့သည်။ ဤလမ်းများသည် ကိုလံဘီယာနှင့်ဗင်နီဇွဲလားနိုင်ငံများအကြား မှောင်ခိုကုန်သွယ်ရာလမ်းဖြစ်ကြောင်း ကျွန်ုပ်တို့သိရှိခဲ့ရသည်။ လေသည် အလွန်သန်စွမ်းသောသီးနှံပင်များ၏ရနံ့ဖြင့် ကြိုင်လှိုင်စွာသင်းပျံ့နေသည်။ ပူအိုက်စွတ်စိုမှုသည် ကျွန်ုပ်တို့ကိုအနည်းငယ်နွမ်းလျစေသော်လည်း ကျွန်ုပ်တို့၏စိတ်အားထက်သန်မှုကို မတုံ့ဆိုင်းသွားစေပါ။ အပူပိုင်းအပင်များဖြင့်ရှုပ်ထွေးထူထပ်နေသောလမ်းကို ကျွန်ုပ်တို့ဖြတ်လျှောက်ခဲ့ရပြီးနောက် ကျယ်သောကွက်လပ်တွင်ရှိ ဂွာဟီရိုပုံစံအိမ်ခြံဝင်းတစ်ခုကို ဘွားကနဲတွေ့လိုက်ရသောအခါ ကျွန်ုပ်တို့၏မောပန်းနွမ်းနယ်မှုများအားလုံးကို မေ့လျော့ကုန်တော့သည်။

ဂွာဟီရိုတို့နှင့်တေ့တေ့ဆိုင်ဆိုင်တွေ့ဆုံခြင်း

လှပသောအဖြူရောင်၊ အမဲရောင်၊ သစ်ခေါက်ရောင်များရှိသော ဆိတ်တစ်ဒါဇင်ခန့်တို့သည် အရိပ်တွင်နားနေကြပြီး အစာဝါးရင်းကျေနပ်ပီတိဖြစ်နေကြသည်။ သစ်ပင်နှစ်ပင်ကြားတွင် ဆင်ထားသောကြိုးပုခက်ပေါ်တွင် မိန်းမတစ်ဦးကလေးနို့တိုက်နေသည်။ အနားတွင် ကလေးငယ်နှစ်ဦးဆော့ကစားနေကြသည်။ ရွှံ့နှင့်ကြိမ်ရိုးများဖြင့်ပြုလုပ်ထားပြီး သက်ငယ်မိုးထားကာ တုတ်နှင့်သံကြိုးများဖြင့် ကာရံထားသောအိမ်၏ ခြံစည်းရိုးအပြင်ဘက်တွင် ထိုမိန်းမရှိနေခြင်းဖြစ်သည်။ ထိုနေရာတွင် ကနားဖျင်းတဲငယ်သုံးလေးလုံးရှိသည်။ ဒယ်အိုးကြီးပုံစံအိုးများကြားတွင် မြေကြီးပေါ်၌မီးတောက်လောင်နေသောထင်းများရှိသည့်တဲမှာ မီးဖိုတဲဖြစ်ကြောင်းသေချာသည်။ အနားတွင် ဆိတ်သားရေများကို အခြောက်ခံဆွဲထားသည်။

ခြံစည်းရိုးအဝတွင်ထနေသောလူတစ်ဦးသည် ကျွန်ုပ်တို့လာနေသည်ကိုမြင်သောအခါ ရှေ့သို့ပြေးထွက်လာပြီး ပုခက်တွင်ရှိသောမိန်းမနားတွင် ခွေးခြေနှစ်လုံးချပေးသည်။ အက်ဗလင်ဒါးက ထိုလူနှင့်မိန်းမကိုနှုတ်ဆက်ပြီး ကမ္ဘာသားဘဝထာဝရစံစားကြ ဘရိုရှာပါရုပ်ပုံများကိုအသုံးပြု၍ သူတို့၏ဘာသာစကားဖြင့် ကျမ်းစာပါအနာဂတ်မျှော်လင့်ချက်များကို ရှင်းပြသည်။ တည်ငြိမ်အေးဆေးသောအခြေအနေက ဤနေရာသည် နိုင်ငံတကာပြဿနာများ သို့မဟုတ် လူဦးရေအဆမတန်တိုးပွား၍ဝင်ငွေနည်းပါးမှုကြောင့်ဖြစ်ပေါ်သော အကြမ်းဖက်လုယက်မှုများလုံးဝမရှိကြောင်း ဖော်ပြနေသည်။ ဂွာဟီရိုအင်းဒီးယန်းများသည် အနည်းငယ်ရှက်ကြောက်တတ်သဖြင့် သူတို့ကိုလှိုက်လှဲဖော်ရွေမှုနှင့် ပုဂ္ဂိုလ်ရေးအရစစ်မှန်သောစိတ်ဝင်စားမှုကို အစကနဦးတင်ပြရန်အရေးကြီးကြောင်း ကျွန်ုပ်တို့အဖွဲ့မှသက်သေခံတစ်ဦးကပြောပြသည်။ “မိသားစုကျန်းမာရေးအခြေအနေ၊ ရိတ်သိမ်းခြင်းအကြောင်း၊ မကြာမီကမိုးရွာမရွာနဲ့ တခြားအကြောင်းစသည်တို့ကို ကျွန်တော်တို့မေးတတ်ကြတယ်။ အဲဒါက ဘုရားသခင်ရဲ့နိုင်ငံတော်အကြောင်း၊ ဒုက္ခဆင်းရဲတွေနဲ့ အထူးသဖြင့်သူတို့ကြောက်တဲ့စာတန်မာရ်နတ်ကို မကြာမီယေဟောဝါဖယ်ရှားပစ်တော့မယ့်အကြောင်းတွေကိုပြောပြဖို့ လမ်းပွင့်စေတယ်” ဟုသူမပြောပြသည်။

အက်ဗလင်ဒါးစကားပြောသောအခါ သူ့ကိုနားထောင်သူက သဘောတူကြောင်းတင်ပြပြီး မကြာမီ ကလေးများစွာနှင့်အခြားမိန်းမတစ်ဦး ကျွန်ုပ်တို့ထံရောက်ရှိလာသည်။ ဂွာဟီရိုဥပဒေအရ လူတစ်ယောက်သည် မိန်းမတစ်ယောက်ထက်မကယူနိုင်ကြောင်းကို အစကတည်းကကျွန်ုပ်တို့သိထားသည်။ ယင်းသည် ဤနေရာတွင်အကျုံးဝင်သလော။ မာရကိုင်ဘိုမြို့တွင်နေထိုင်သော ဆွဲဆောင်မှုရှိသည့် အသက် ၂၁ နှစ်အရွယ်ရှိ ယဲနီခေါ်ဂွာဟီရိုသူတစ်ယောက်အကြောင်း ကျွန်ုပ်တို့စဉ်းစားစရာဖြစ်လာသည်။ ဂွာဟီရိုသူဌေးသားတစ်ယောက်က သူမကိုကွမ်းဖိုးကောင်းကောင်းတင်တောင်းသည်။ သို့သော် ယေဟောဝါသက်သေများမဟုတ်သော သူမ၏မိဘများသည် အချင်းချင်းသဘောထားမတိုက်ဆိုင်ကြချေ။ သူမ၏မိခင်ကသဘောတူသော်လည်း ဖခင်ဖြစ်သူကငြင်းဆန်သည်။ ယဲနီကိုပိုးပန်းသူပင် ယဲနီ၏ညီမနှင့်အိမ်ထောင်ကျသွားပြီဖြစ်သည်။

အက်ဗလင်ဒါးတင်ပြပြောဆိုခြင်းပြီးသွားသောအခါ ထိုလူသည် ဘရိုရှာတစ်အုပ်ရရှိသည်။ သူ့နောက်နားတွင်ရပ်နေသောမိန်းမကလည်း တစ်အုပ်တောင်းရာ ကျွန်ုပ်တို့ကသူမအားဝမ်းသာစွာပေးလိုက်သည်။ ထိုအခါ ကျွန်ုပ်တို့၏အဖော်များသည် ကျွန်ုပ်တို့ကိုဖြတ်ကျော်သွားကြသည်။ ထို့ကြောင့် ကျွန်ုပ်တို့မကျွမ်းကျင်သောဤတောနယ်ဒေသတွင် ပျောက်ကျန်ခဲ့မည်စိုးသောကြောင့် ထိုမိသားစုကို မွန်းလွဲပိုင်းဟောပြောချက်တက်ရောက်ရန်ဖိတ်ခေါ်ပြီး ထွက်လာခဲ့ကြသည်။

သက်သေခံတစ်ဦးက သူတွေ့ ကြုံခဲ့ရသည့်အကြောင်းများကို ပြန်ပြောပြသည်။ လူတစ်ယောက်သည် ကြိုးပုခက်ပေါ်တွင်ထိုင်ရင်း စူးစိုက်နားထောင်ခဲ့သည်။ သူ့ဇနီးက ပြောင်းဖူးဖြင့်ပြုလုပ်သော ချီချားနှစ်ခွက်ကိုလာချပေးသည်။ ညီအစ်ကိုက ယဉ်ကျေးစွာပင်လက်ခံ၍သောက်လိုက်သည်။ နောက်ပိုင်းတွင် ထိုဖျော်ရည်ကိုမည်သို့ ပြုလုပ်ကြောင်း သူ၏ဂွာဟီရိုအဖော် မာဂါလီ ကပြန်ပြောပြသည်။ အများအားဖြင့် ပြောင်းဖူးကို သွားဖြင့်ဝါးပြီးကြေညက်အောင်ပြုကြသည်။ ယင်းကိုသူသိသည်နှင့် သူ့မျက်နှာမှာဖြူဖပ်ဖြူရော်ဖြစ်သွားသည်ကို သူမကမအောင့်နိုင်တော့ဘဲ ဝါးလုံးကွဲရယ်ချလိုက်တော့သည်။

အခြားဂွာဟီရိုအင်းဒီးယန်းလူကြီးတစ်ယောက်သည် ကျွန်ုပ်တို့၏ညီအစ်ကိုများသည် သူ့အားကျမ်းစာသတင်းကောင်းပြောပြရန် ကြိုးစားလာရောက်ခဲ့ခြင်းကြောင့် သူ့စိတ်နှလုံးထိမိသွားပြီး ပုခက်ထဲမှခုန်ဆင်းလိုက်သည်။ ထို့နောက် အင်္ကျီတစ်ထည်ဝတ်လိုက်ပြီး ညီအစ်ကိုများကို ပုန်းကွယ်နေသောရွာငယ်တစ်ရွာသို့ သူကိုယ်တိုင်ခေါ်သွားသည်။

မိသားစု၏လူကြီးများနှင့် ကျွန်ုပ်တို့အဖော်များစကားပြောနေသော အခြားမြေကွက်လပ်တစ်ခုကိုကျော်ဖြတ်စဉ် သစ်ပင်တစ်ပင်အောက်၌ ဗိုက်ပူနံကားနှင့် ကိုယ်လုံးတီးဖြစ်နေသောကလေးငယ်တစ်စုသည် ငြိမ်သက်စွာရပ်နေကြသည်ကို ကျွန်ုပ်တို့တွေ့မြင်ခဲ့ရသည်။ ယင်းသို့ ဖြစ်ရခြင်းမှာ အာဟာရချို့တဲ့ခြင်းနှင့် သန်ကောင်များကြောင့်ဖြစ်ကြောင်း ကျွန်ုပ်တို့သိရှိခဲ့ရသည်။ ထိုတွင်နေထိုင်သောလူများအတွက် စီးဆင်းနေသောရေမရှိ၊ လျှပ်စစ်မရှိပါ။ ထို့ကြောင့် ရေခဲသေတ္တာ၊ ပန်ကာ၊ မီးများလည်းမရှိပါ။

မမျှော်လင့်သောအစုအဝေး

နံနက်ပိုင်းသည် လျင်မြန်စွာကုန်ဆုံးသွားသည်။ နေ့လည်စာစားရန် ကျွန်ုပ်တို့ဘတ်စ်ကားဆီသို့ပြန်သွားသောအခါ ကျမ်းစာဟောပြောပွဲသို့ ဖိတ်ခေါ်ခံရသူမည်မျှလာရောက်နားထောင်ကြမည်နည်းဟု ကျွန်ုပ်တို့စဉ်းစားနေကြသည်။

မွန်းလွဲ ၂:၄၅ နာရီရောက်သောအခါ ဒေသခံဘာသာစကားဖြင့် ၄၅ မိနစ်ဟောပြောချက်ပြင်ဆင်ထားသော ဂွာဟီရိုညီအစ်ကို၏ပရိသတ်သည် ဘတ်စ်ကားဖြင့်ပါလာသောကျွန်ုပ်တို့အဖွဲ့သာလျှင်ဖြစ်မည်လောဟု ကျွန်ုပ်တို့ထင်နေကြသည်။ သို့သော် ထိုသို့မဟုတ်ချေ။ ပထမဆုံး မိသားစုငယ်တစ်ခုက ကျောင်းမြေကွက်လပ်သို့ ရှက်ကိုးရှက်ကန်းဖြင့်ဝင်လာသည်။ လူတိုင်း သူတို့ကိုလိုလိုလားလားဖြင့်ကြိုဆိုကြသည်ကို တွေ့ရသောအခါ သူတို့အလွန်အံ့အားသင့်နေကြပေမည်။ နောက်ထပ်မိနစ်အနည်းငယ်အကြာတွင် ထပ်မံရောက်ရှိလာကြပြန်သည်။ အချို့တို့သည် ခရီးဝေးလျှောက်လာရဟန်ရှိသည်။ မြေကွက်လပ်တွင်နေပြီး ဆိတ်တစ်ဒါဇင်ရှိသောမိသားစုလည်း ရောက်လာကြသည်။ ပုခက်ထဲတွင်ကျွန်ုပ်တို့တွေ့ မြင်ခဲ့ရသောအမျိုးသမီးသည် ယခုအမဲရောင်မန်တာအင်္ကျီဖြင့် ကြည့်ကောင်းနေသည်။ ကျွန်ုပ်တို့လမ်းတွင်တွေ့၍ စကားပြောခဲ့သောအိုမားရ်ကလေးပင် ကိုယ်တိုင်ရောက်ရှိလာသည်။ လူများထပ်မံရောက်ရှိလာသောအခါ ကျောင်းမြေကွက်လပ်ရှိ ရှည်လျားသောအုတ်လှေကားတစ်ခုသည် ခုံတန်းရှည်အဖြစ်လူများပြည့်သွားသည်။ ထိုအခါ သဘောကောင်းသောကျွန်ုပ်တို့၏ဘတ်စ်ကားမောင်းသူသည် ဟောပြောပွဲပြုလုပ်နေစဉ်အတွင်း လူများထိုင်နိုင်ရန် ဘတ်စ်ကားမှထိုင်ခုံများကို ဆွဲထုတ်လာပေးသည်။

အက်ဒဝဒ်ဒိုက ကျမ်းစာဟောပြောချက်ပေးနေစဉ် ဂွာဟီရိုအင်းဒီးယန်း ၅၅ ယောက်ထိုင်နားထောင်ခဲ့ကြသည်။ သူတို့သည် လုံးဝငြိမ်သက်စွာနားထောင်နေခဲ့ကြခြင်းတော့မဟုတ်ပါ။ ဟောပြောသူတင်ပြသည့်အချက်ကို သူတို့သဘောတူသည့်အခါ အင်းတစ်ချချနှင့် သဘောကျကြောင်းတင်ပြကြသည်။ ဆိုးသွမ်းမှုများနိဂုံးချုပ်တော့မည့်အကြောင်းသူပြောသောအခါ ဤဆောင်းပါးအစတွင်ဖော်ပြခဲ့သောမိန်းမကြီးက ပါဝင်ပြောဆိုလာသည်။ “ဟုတ်ပါတယ်။ ဆိုးသွမ်းမှုတွေအများကြီးရှိနေပါတယ်” ဟု အားလုံးကြားသာအောင်သူမပြောလိုက်သည်။ “တကယ်တော့ ဒီမှာတင် ဆိုးသွမ်းတဲ့သူတချို့ထိုင်နေကြပါတယ်။ သူတို့နားထောင်နေကြတယ်လို့ကျွန်မမျှော်လင့်ပါတယ်” ဟုသူမဆက်ပြောသည်။ ညီအစ်ကိုအက်ဝါဒိုက အကင်းပါးစွာရိပ်မိပြီး ဟောပြောချက်ကို ဆက်၍ဟောနေသည်။

ဟောပြောပွဲပြီးသွားသောအခါ ကျွန်ုပ်တို့အဖွဲ့မှညီအစ်ကိုတစ်ယောက်က ဓာတ်ပုံရိုက်ပါသည်။ ယင်းကို ဂွာဟီရိုများနှစ်သက်ကြပြီး နောက်တစ်ပုံတွင် သူတို့၏ ကမ္ဘာသားဘဝ ဘရိုရှာကို ထောင်ထားခိုင်းပါသည်။ အချို့တို့သည် တဖြည်းဖြည်းနှင့်ပြန်သွားကြသည်။ သို့သော် တစ်ဝက်ခန့်မှာ ကျွန်ုပ်တို့ဘတ်စ်ကားပေါ်တက်သည့်အထိ စောင့်ကြည့်ကျန်ခဲ့ကြသည်။ ကျွန်ုပ်တို့ထပ်မံပြန်လာရန်ကတိတောင်းဆိုကြပြီး သူတို့၏မြင်ကွင်းမှဘတ်စ်ကားပျောက်သွားသည်အထိ လက်ဝှေ့ယမ်းလျက်ကျန်ခဲ့ကြသည်။

ကျွန်ုပ်တို့ပြန်လာသောအခါ ထိုလူများထံ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းယူသွားပေးရခြင်းသည် အခွင့်ထူးကြီးတစ်ရပ်ဖြစ်ကြောင်း ကျွန်ုပ်တို့အမှန်ယူမှတ်ကြသည်။ အများစုမှာ ပထမဆုံးအကြိမ်ကြားနာကြရခြင်းဖြစ်သည်။ မာရကိုင်ဘိုမှညီအစ်ကိုများသည် နောက်တစ်ခေါက်ပြန်လည်ပတ်ရန်အကြောင်းပြောပြီးနေကြပေပြီ။ အကျိုးရလဒ်ရှိပါမည်လော။

အောင်မြင်သည့်အကျိုးရလဒ်

နှစ်ပတ်ကြာသောအခါ ညီအစ်ကိုများပြန်လာကြသည်။ ကျမ်းစာ၊ စာပေများစွာကိုဝေငှခဲ့ကြရပြီး စိတ်ဝင်စားသူများစွာကိုလည်း ပြန်လည်ပတ်မှုများပြုလုပ်ပြီး ကျမ်းစာသင်အံမှုစတင်ခဲ့ကြသည်။ ထို့အပြင် ဒုတိယအကြိမ်လေဟာပြင်လူထုတရားဟောပြောပွဲကို လူပေါင်း ၇၉ ယောက်တက်ရောက်ခဲ့ကြသည်။ ထိုအခါတွင် ညီအစ်ကိုများက တိုက်နယ်အစည်းအဝေးရှိသောကြောင့် နှစ်ပတ်ကြာအစား သုံးပတ်ကြာမှ ပြန်လာနိုင်မည်ဖြစ်ကြောင်းပြောပြသည်။ ထိုအခါ အင်းဒီးယန်းတို့သည် လှုပ်လှုပ်ရွရွဖြစ်သွားကြသည်။ “အဲဒီမတိုင်ခင် ကျွန်တော်တို့သေသွားနိုင်တယ်” ဟုသူတို့ထဲမှတစ်ယောက်ကပြောသည်။ တိုက်နယ်အစည်းအဝေးဆိုသည်မှာ အဘယ်နည်းဟုသူတို့မေးခဲ့ကြသည်။ ကောင်းမွန်ရည်လည်စွာသူတို့သိရှိသွားသောအခါ သူတို့လည်း ထိုအစည်းအဝေးကိုတက်ရောက်လိုကြောင်း ဆုံးဖြတ်ချက်ချသည်အထိဖြစ်ခဲ့သည်။ အစီအစဉ်များပြုလုပ်ပြီး သူတို့အထဲမှ ၃၄ ယောက်သည် မာရကိုင်ဘိုတွင်အစည်းအဝေးတက်ရောက်နိုင်ခဲ့သည်။ စပိန်ဘာသာဖြင့်ကျင်းပသောအစီအစဉ်ကို သူတို့နားလည်ကြရန် ဂွာဟီရိုစကားပြောသောညီအစ်ကိုများက သူတို့ကိုကူညီကြသည်။

ယေဟောဝါ၏အလိုတော်မှာ “လူအပေါင်းတို့သည် . . . သမ္မာတရားကိုသိစေခြင်းငှာ” ဖြစ်သည်။ (၁ တိမောသေ ၂:၃၊ ၄) သမ္မာတရားကိုရှာဖွေနေကြသော လာဂွာဟီရာကျွန်းဆွယ်မှ အင်းဒီယန်းလူမျိုးများ၏ လိုလိုလားလားတုံ့ ပြန်မှုကိုမြင်ရခြင်းသည် မည်မျှ ရွှင်လန်းဖွယ်ပါတကား။

[စာမျက်နှာ ၂၆ ပါ လေးထောင့်ကွက်]

ကျမ်းစာသမ္မာတရားဖြင့် အသက်တာကြွယ်ဝ

ဂွာဟီရိုဆယ်ကျော်သက်နှစ်ဦးဖြစ်သူ အီးရစ္စနှင့်မာဂရီးတာတို့သည် ကမ္ဘာသားဘဝထာဝရစံစားကြ ဘရိုရှာကို နှစ်သက်ကြသည်။ သို့ရာတွင် သူတို့၌ပြဿနာရှိကြသည်။ ယင်းကို သူတို့မဖတ်တတ်ကြချေ။ သက်သေခံတစ်ဦးက သူတို့ထံလည်ပတ်ပြီး စာရေးစာဖတ်လေ့လာခြင်း စာအုပ်ငယ်ဖြင့် သူတို့ကိုကူညီပေးသည်။ မကြာမီမှာပင် ထိုမိန်းကလေးများသည် စာရေးတတ်လာကြပြီး ယေဟောဝါဟူသောအမည်ကို ပီသစွာခေါ်လာနိုင်ကြသည်။

သူတို့တိုးတက်လာကြသောအခါ ကျမ်းစာတွင်ဖော်ပြထားသော ထူးမြတ်သည့်မျှော်လင့်ချက်ကို သူတို့အံ့အားသင့်နေကြသည်။ အထူးသဖြင့် လူသားအားလုံးလွတ်လပ်မှုကို ခံစားရတော့မည်ဟူသော ကတိတော်က သူတို့၏စိတ်နှလုံးကို စွဲငြိစေခဲ့သည်။ “ဒီနေရာမှာ ကျွန်မတို့လိုဆယ်ကျော်သက်အရွယ်တွေအတွက် သိပ်ဝမ်းနည်းဖို့ကောင်းတယ်။ ကျွန်မတို့ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ချခံရပြီး မတရားပြုကျင့်ခံရတာတွေဟာ အမြဲတမ်းအန္တရာယ်ကြီးတစ်ခုဖြစ်တယ်” ဟုသူတို့ရှင်းပြသည်။

အီးရစ္စနှင့်မာဂရီးတာတို့အတွက် အထူးခြားဆုံးအချက်မှာ မာရကိုင်ဘိုတွင် သူတို့တိုက်နယ်အစည်းအဝေးတက်ရောက်ခြင်းပင်ဖြစ်သည်။ သူတို့၏မျက်နှာသည် နှလုံးသားမှခံစားရသောရွှင်လန်းမှုထင်ဟပ်နေသည်။ အထူးသဖြင့် သီချင်းဆိုသောအခါများ၌ဖြစ်သည်။ ကျမ်းစာသင်အံမှုပြုလုပ်ရန် သက်သေခံလာသောအခါတိုင်း အိမ်တံခါးဝတွင် သူတို့စိတ်အားတက်ကြွစွာစောင့်ဆိုင်းနေတတ်ကြသည်။ သူတို့၏ရွာတွင်ကျင်းပသောလူထုတရားဟောပြောပွဲကိုလည်း သူတို့ဘယ်တော့မျှမပျက်ကွက်ကြချေ။ မိမိတို့၏ဘဝတွင် ယေဟောဝါဘုရားသခင်ကိုသိကျွမ်းခြင်းအသိပညာနှင့် ကိုယ်တော်၏ရည်ရွယ်တော်မူချက်များဖြင့် အမှန်ကြွယ်ဝလျက်ရှိသည်ဟု ဤမိန်းကလေးများခံစားနေကြရသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ