အိမ်ထောင်မင်္ဂလာသည် ပျော်ရွှင်မှု၏ တစ်ခုတည်းသောသော့ချက်လော
“သူမသည် သခင်ဘုရား၌သာ သူမနှစ်သက်သူကို လက်ထပ်ရန်လွတ်လပ်ခွင့်ရှိ၏။ သို့သော်လည်း လက်ရှိအတိုင်းဆက်နေလျှင် သာ၍ပျော်ရွှင်၏။”—၁ ကောရိန္သု ၇:၃၉၊ ၄၀၊ ကဘ။
၁။ ကျမ်းစာက ယေဟောဝါကို မည်သို့ဖော်ပြထားသနည်း။ မိမိ၏သတ္တဝါများအတွက် ကိုယ်တော်ဘာပြုထားပေးသနည်း။
ယေဟောဝါသည် “ပျော်ရွှင်သောဘုရား” ဖြစ်တော်မူ၏။ (၁ တိမောသေ ၁:၁၁) “ကောင်းမြတ်စုံလင်သောဆုကျေးဇူးရှိသမျှ” ကို ပေးကမ်းသောအရှင်အနေနှင့် မိမိ၏အသိဉာဏ်ရှိသတ္တဝါများဖြစ်သော လူသားနှင့်နာမ်ဝိညာဉ်အားလုံးသည် ကိုယ်တော်အားပျော်ရွှင်စွာဝတ်ပြုနိုင်ရေးအတွက် လိုအပ်သည့်အရာအားလုံးကိုရရှိရန် ကိုယ်တော်စီမံပေးထားသည်။ (ယာကုပ် ၁:၁၇) ထိုအကြောင်းကြောင့် သီချင်းဆိုနေသည့်ငှက်ကလေးတစ်ကောင်၊ ခုန်ပေါက်မြူးထူးနေသည့်ခွေးပေါက်ကလေးတစ်ကောင်၊ ဆော့ကစားနေသည့်လင်းပိုင်ငါးတစ်ကောင်တို့သည် မိမိတို့၏ဗီဇအသိဉာဏ်အလိုက် ဘဝကိုပျော်မွေ့ရန် တိရစ္ဆာန်များကို ဘုရားသခင်ဖန်ဆင်းထားကြောင်း သက်သေထူသည်။ ဆာလံဆရာက အတိုင်းထက်အလွန်ဖွဲ့နွဲ့၍ ကဗျာဆန်ဆန်ဤသို့ပြောထားသည်။ “ထာဝရဘုရား၏သစ်ပင်၊ စိုက်တော်မူသောလေဗနုန်အာရဇ်ပင်တို့သည်လည်း ရောင့်ရဲလျက်ရှိကြ၏။”—ဆာလံ ၁၀၄:၁၆။
၂။ (က) ယေရှုသည် ခမည်းတော်၏အလိုတော်ကိုဆောင်ရာတွင် ပျော်ရွှင်မှုရှိကြောင်း မည်သည့်အရာကပြသနည်း။ (ခ) ယေရှု၏တပည့်တော်များ၌ မည်သည့်ပျော်ရွှင်နိုင်သည့်အကြောင်းများရှိခဲ့ကြသနည်း။
၂ ယေရှုခရစ်သည် ‘ဘုရားသခင့်အဖြစ်တော်၏ တိကျသောပုံသဏ္ဌာန်’ ဖြစ်တော်မူ၏။ (ဟေဗြဲ ၁:၃) ယေရှုသည် “ပျော်ရွှင်သော၊ တစ်ပါးတည်းဖြစ်တော်မူသောမင်း” ဟူ၍အခေါ်ခံထိုက်သည်မှာ အဆန်းမဟုတ်ပါ။ (၁ တိမောသေ ၆:၁၅၊ ကဘ) ယေဟောဝါ၏အလိုတော်ဆောင်ခြင်းသည် အစာထက်သာ၍နှစ်သက်ဖွယ်ဖြစ်ပြီး ပျော်ရွှင်မှုအပြည့်အဝဖြစ်စေနိုင်ကြောင်းကို ကျွန်ုပ်တို့အား ကိုယ်တော်သည်ကောင်းမြတ်သည့် ပုံသက်သေပေးတော်မူသည်။ ဘုရားသခင်ကိုကြောက်ရွံ့ခြင်း၊ တစ်နည်းအားဖြင့် နက်ရှိုင်းသည့်ရိုသေလေးမြတ်ခြင်းနှင့် ကိုယ်တော်ငြိုငြင်မည်ကို အပြည့်အဝကြောက်ရွံ့ခြင်းတို့ဖြင့်လုပ်ဆောင်လျှင် ပျော်ရွှင်မှုရရှိနိုင်ကြောင်း ကျွန်ုပ်တို့အားယေရှုတင်ပြတော်မူခဲ့သည်။ (ဆာလံ ၄၀:၈။ ဟေရှာယ ၁၁:၃။ ယောဟန် ၄:၃၄) ဟောပြောခြင်းလုပ်ငန်းမှ “ဝမ်းမြောက်သောစိတ်” နှင့် တပည့်တော် ၇၀ တို့ပြန်လာကြသောအခါ ယေရှုကိုယ်တော်တိုင် ‘သန့်ရှင်းသောဝိညာဉ်တော်ဖြင့်ဝမ်းမြောက်တော်မူ’ ခဲ့သည်။ မိမိ၏ဝမ်းမြောက်ခြင်းကို ခမည်းတော်ထံ ဆုတောင်းခြင်းအားဖြင့်တင်ပြတော်မူပြီးနောက် တပည့်တော်များဘက်သို့လှည့်၍ “ယခုမြင်သမျှသောအရာတို့ကို သင်တို့မြင်သောကြောင့် သင်တို့မျက်စိသည် မင်္ဂလာရှိ [ပျော်ရွှင်၊ ကဘ] ၏။ ငါဆိုသည်ကား သင်တို့မြင်ရသောအရာတို့ကို ပရောဖက်များနှင့် ရှင်ဘုရင်များတို့သည် မြင်ခြင်းငှာအလိုရှိသော်လည်း မမြင်ရကြ။ သင်တို့ကြားရသောအရာတို့ကို ကြားခြင်းငှာအလိုရှိသော်လည်း မကြားရကြ” ဟုမိန့်တော်မူ၏။—လုကာ ၁၀:၁၇-၂၄။
ပျော်ရွှင်ရသည့်အကြောင်းများ
၃။ ပျော်ရွှင်နိုင်သည့်အကြောင်းအချို့ကားအဘယ်နည်း။
၃ ဤဆုံးခန်းကာလအတွင်း ယေဟောဝါ၏နှုတ်ကပါဌ်တော်နှင့် ရည်ရွယ်တော်မူချက်များ ပြည့်စုံလာသည်ကို မြင်ရသော ကျွန်ုပ်တို့၏ မျက်စိများသည် ပျော်ရွှင်ရန်မသင့်ပေလော။ သစ္စာရှိပရောဖက်များနှင့်ဘုရင်များဖြစ်ကြသော ဟေရှာယ၊ ဒံယေလနှင့် ဒါဝိဒ်တို့ပင် နားမလည်ခဲ့ကြသောပရောဖက်ပြုချက်များကို ကျွန်ုပ်တို့နားလည်ရသည့်အတွက် နှစ်ထောင်းအားရမဖြစ်သင့်ပေလော။ ကျွန်ုပ်တို့၏ ပျော်ရွှင်သောဘုရင်ယေရှုခရစ်၏ ဦးဆောင်မှုအောက်တွင် ပျော်ရွှင်သောဘုရားသခင်ယေဟောဝါကို ဝတ်ပြုရခြင်းသည် ကျွန်ုပ်တို့အတွက် ဝမ်းမြောက်ဖွယ်မဟုတ်ပေလော။ ကျွန်ုပ်တို့အမှန်ဝမ်းမြောက်ကြပါသည်။
၄၊ ၅။ (က) ယေဟောဝါ၏လုပ်ငန်းတော်၌ပျော်ရွှင်ရန် မည်သည့်အရာကို ကျွန်ုပ်တို့ရှောင်ရမည်နည်း။ (ခ) ပျော်ရွှင်မှုတွင်ပါဝင်သောအရာအချို့ကားအဘယ်နည်း။ သို့သော် ယင်းက အဘယ်မေးခွန်းကိုပေါ်ပေါက်စေသနည်း။
၄ ဘုရားသခင်၏လုပ်ငန်းတော်တွင် ကျွန်ုပ်တို့ဆက်၍ပျော်ရွှင်နေလိုပါက ကျွန်ုပ်တို့ဦးစားပေးသည့်အရာများကို လောကီအတွေးအခေါ်များအပေါ် အခြေမပြုထားရပါ။ ယင်းတို့သည် ကျွန်ုပ်တို့၏စဉ်းစားတွေးတောမှုကို လွယ်ကူစွာလွှမ်းမိုးသွားနိုင်သည်။ အကြောင်းမှာ ယင်းတို့တွင် ရုပ်ပစ္စည်းကြွယ်ဝချမ်းသာမှု၊ ဝါကြွားသည့်ဘဝပုံစံနှင့် အလားတူအရာများပါဝင်သောကြောင့်ဖြစ်သည်။ ယင်းကဲ့သို့သောအရာများအပေါ်အခြေပြုသည့် မည်သည့် “ပျော်ရွှင်မှု” မဆို ကြာရှည်မတည်မြဲပါ။ အကြောင်းမှာ ဤလောကသည် ရွေ့သွားကွယ်ပျောက်လျက်ရှိသောကြောင့်ဖြစ်သည်။—၁ ယောဟန် ၂:၁၅-၁၇။
၅ လောကပန်းတိုင်များကို လက်လှမ်းမီခြင်းသည် စစ်မှန်သောပျော်ရွှင်မှုကိုမပေးကြောင်း ယေဟောဝါ၏ဆက်ကပ်အပ်နှံကျေးကျွန်အများစု သိကြသည်။ ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်သာလျှင် စစ်မှန်သောပျော်ရွှင်မှုကိုဖြစ်စေသည့် ဝိညာဏနှင့်ကာယရေးရာများကို မိမိ၏ကျေးကျွန်များအား ပေးသနားတော်မူသည်။ “သစ္စာနှင့်သတိပညာရှိသောကျွန်” မှတစ်ဆင့် ကျွန်ုပ်တို့အားကျွေးမွေးသည့်ဝိညာဏအစာအတွက် မည်မျှကျေးဇူးတင်ကြပါသည်တကား။ (မဿဲ ၂၄:၄၅-၄၇) ဘုရားသခင်၏ မေတ္တာရှိသောလက်တော်မှ ကာယအစာနှင့် အခြားရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်များကို လက်ခံရရှိသည့်အတွက်လည်း ကျွန်ုပ်တို့ကျေးဇူးတင်ကြသည်။ အိမ်ထောင်မင်္ဂလာနှင့် ယင်းနှင့်ဆက်နွယ်လျက်ရှိသော ရွှင်လန်းသည့်မိသားစုဘဝလည်းရှိသေးသည်။ နောမိက မုဆိုးမဖြစ်ကြသော သူ၏ချွေးမများအား ဤသို့လှိုက်လှိုက်လှဲလှဲဆန္ဒပြုလိုက်ခြင်းမှာ အံ့ဩစရာမဟုတ်ပါ။ “ယေဟောဝါသည် သင်တို့အတွက် လက်ဆောင် ကိုဖြစ်စေပြီး သင်တို့တစ်ဦးစီ၏လင်ယောက်ျားများအိမ်တွင် ကောင်းမွန်သောခိုနားရာအရပ်ဖြစ်စေရန် ပြုပေးပါစေ။” (ရုသ ၁:၉၊ ကဘ) ထို့ကြောင့် အိမ်ထောင်မင်္ဂလာသည် ကြီးမားသောပျော်ရွှင်မှုတံခါးကို ဖွင့်ပေးနိုင်သည့်သော့တစ်ချောင်းဖြစ်သည်။ သို့ရာတွင် အိမ်ထောင်မင်္ဂလာသည် ပျော်ရွှင်သည့်ဘဝတံခါးသို့ဝင်ရောက်နိုင်ရန် ဖွင့်ပေးနိုင်သည့်တစ်ခုတည်းသော သော့ဖြစ်သလော။ ငယ်ရွယ်သောသူများသည် ယင်းသို့ဟုတ်မဟုတ်ကို အလေးအနက်စစ်ဆေးသင့်သည်။
၆။ ကမ္ဘာဦးကျမ်းအရ အိမ်ထောင်အစီအစဉ်၏မူလရည်ရွယ်ချက်ကား အဘယ်နည်း။
၆ အိမ်ထောင်မင်္ဂလာ၏အစကို ကျမ်းစာကဤသို့ပြန်ပြောပြသည်။ “ထိုသို့ဘုရားသခင်သည် မိမိပုံသဏ္ဌာန်နှင့်အညီ လူကိုဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီ လူယောက်ျား၊ လူမိန်းမကို ဖန်ဆင်းပြီးလျှင်၊ ‘အချင်းတို့ များပြားစွာမွေးဖွားကြလော့။ မြေကြီးကိုပြည့်စေ၍နိုင်ကြလော့’ . . . ဟုမိန့်တော်မူ၍ သူတို့ကိုကောင်းချီးပေးတော်မူ၏။” (ကမ္ဘာဦး ၁:၂၇၊ ၂၈) အိမ်ထောင်မင်္ဂလာကို ယေဟောဝါစတင်တည်ထောင်တော်မူခြင်းအားဖြင့် လူသားသတ္တဝါများစွာဖြစ်ပေါ်လာစေရန် အာဒံအသုံးပြုခံခဲ့ရပြီး လူသားမျိုးနွယ်တိုးပွားများပြားလာသည်။ သို့သော် အိမ်ထောင်ပြုရန် ထိုထက်မကလိုအပ်ပါသေးသည်။
“သခင်ဘုရား၌သာ”
၇။ အဘယ်အိမ်ထောင်ဆိုင်ရာတောင်းဆိုချက်ကိုပြည့်မီရန် သစ္စာရှိရှေးဘိုးဘေးတစ်ဦး ကြီးစွာအားထုတ်ခဲ့သနည်း။
၇ ယေဟောဝါဘုရားသခင်သည် အိမ်ထောင်မင်္ဂလာကို အစပြုသူဖြစ်ရာ ကိုယ်တော်၏ကျေးကျွန်များအတွက် ပျော်ရွှင်မှုအကျိုးဖြစ်ထွန်းစေမည့် အိမ်ထောင်ရေးစံချိန်များကို ချမှတ်ပေးတော်မူမည်ဟုမျှော်လင့်နိုင်သည်။ ရှေးဘိုးဘေးများအချိန်က ယေဟောဝါကိုဝတ်မပြုသူများအား လက်ထပ်ခြင်းကို ပြင်းပြင်းထန်ထန်ပြစ်တင်ရှုတ်ချခဲ့ကြသည်။ အာဗြဟံသည် ရှေးဘိုးဘေး၏သားဣဇာက်အတွက် ခါနာန်အမျိုးသမီးနှင့်မပေးစားရန် သူ၏အစေခံဧလျာဇာအား ယေဟောဝါကိုတိုင်တည်၍ ကျိန်ဆိုစေခဲ့သည်။ ဧလျာဇာသည် ခရီးရှည်ကြီးထွက်သွားပြီး ‘သူ့သခင်၏သားအတွက် ယေဟောဝါသတ်မှတ်ပေးသောမိန်းမ’ ကိုရှာတွေ့ရန်အတွက် အာဗြဟံ၏ညွှန်ကြားချက်များကို သတိပညာဖြင့်လိုက်နာခဲ့သည်။ (ကမ္ဘာဦး ၂၄:၃၊ ၄၄) ထို့ကြောင့် ဣဇာက်သည် ရေဗက္ကကိုလက်ထပ်ယူလိုက်သည်။ သူတို့၏သားဧသောသည် ဟိတ္တိလူမျိုးများမှ မိန်းမရှာယူခဲ့သဖြင့် “ဣဇာက်နှင့်ရေဗက္ကတို့အတွက် စိတ်နှလုံးပူပန်စရာအကြောင်း” ဖြစ်ခဲ့ရသည်။—ကမ္ဘာဦး ၂၆:၃၄၊ ၃၅။ ၂၇:၄၆။ ၂၈:၁၊ ၈။
၈။ ပညတ်ပဋိညာဉ်က အိမ်ထောင်ပြုခြင်းနှင့်ပတ်သက်၍ အဘယ်တားမြစ်ချက်ကိုပြုသနည်း။ အဘယ်ကြောင့်နည်း။
၈ ပညတ်ပဋိညာဉ်အောက်တွင် သီးခြားလူမျိုးဖြစ်သောခါနာန်လူမျိုးယောက်ျား သို့မဟုတ် မိန်းမနှင့် လက်ထပ်ခြင်းကို တားမြစ်ထားသည်။ “သူတို့နှင့်စုံဖက်ခြင်းကိုမပြုရ။ သင်၏သမီးကို သူ၏သားနှင့်လည်းကောင်း၊ သင်၏သားကို သူ၏သမီးနှင့်လည်းကောင်း ထိမ်းမြားပေးစားခြင်းကို မပြုရ။ အကြောင်းမူကား၊ သူတို့သည် သင်၏သားကို ငါ၌မဆည်းကပ်စေဘဲ အခြားတစ်ပါးသောဘုရားကိုဝတ်ပြုစေခြင်းငှာ သွေးဆောင်ကြလိမ့်မည်။ ထိုအခါ [ယေဟောဝါ၊ ကဘ] အမျက်ထွက်၍ သင်တို့ကိုချက်ချင်းဖျက်ဆီးတော်မူလိမ့်မည်” ဟု ယေဟောဝါသည် မိမိလူများအား ညွှန်ကြားတော်မူခဲ့သည်။—တရားဟောရာ ၇:၃၊ ၄။
၉။ အိမ်ထောင်ပြုခြင်းနှင့်ပတ်သက်၍ ခရစ်ယာန်များကို သမ္မာကျမ်းစာက အဘယ်အကြံဉာဏ်များပေးထားသနည်း။
၉ ယေဟောဝါကိုဝတ်မပြုသူအားလက်ထပ်ခြင်းကို အလားတူတားမြစ်ချက်များသည် ခရစ်ယာန်အသင်းတော်နှင့်လည်းသက်ဆိုင်နေသည်မှာ အံ့ဩစရာမဟုတ်ပါ။ တမန်တော်ပေါလုသည် မိမိ၏ယုံကြည်သူချင်းများအား ဤသို့ဆုံးမခဲ့သည်။ “မယုံကြည်သောသူတို့နှင့်တွဲဖက်၍ ဆန့်ကျင်ဘက်ဖြစ်သောထမ်းပိုးကို မထမ်းကြနှင့်။ တရားသောအမှုသည် မတရားသောအမှုကို အဘယ်သို့လက်ခံနိုင်မည်နည်း။ အလင်းသည် မှောင်မိုက်နှင့်အဘယ်သို့ဆက်ဆံနိုင်မည်နည်း။ ခရစ်တော်သည် ဗေလျာလနှင့် အဘယ်သို့သင့်တင့်နိုင်မည်နည်း။ ယုံကြည်သောသူသည် မယုံကြည်သောသူနှင့် အဘယ်အကျိုးအပြစ်ကိုခံရမည်နည်း။” (၂ ကောရိန္သု ၆:၁၄၊ ၁၅) ယင်းသွန်သင်ချက်သည် နည်းအမျိုးမျိုးဖြင့်သက်ဆိုင်ပြီး စင်စစ်အိမ်ထောင်ပြုခြင်းနှင့်သက်ဆိုင်သည်။ ဆက်ကပ်အပ်နှံထားသည့်ယေဟောဝါ၏ကျေးကျွန်အားလုံးအား ပေါလု၏တိကျသောညွှန်ကြားချက်မှာ “သခင်နှင့်တစ်သဘောတည်းရှိသောသူ” များကိုသာလက်ထပ်ရန် ရွေးချယ်သင့်ကြောင်းဖြစ်သည်။—၁ ကောရိန္သု ၇:၃၉၊ ကဘ။ အောက်ခြေမှတ်ချက်။
“သခင်ဘုရား၌” လက်မထပ်နိုင်ခြင်း
၁၀။ အိမ်ထောင်မရှိသည့်ခရစ်ယာန်များစွာ ဘာလုပ်နေကြသနည်း။ အဘယ်မေးခွန်းပေါ်ပေါက်သနည်း။
၁၀ တစ်ကိုယ်ရေခရစ်ယာန်များစွာတို့သည် တစ်ကိုယ်ရေဘဝ၏ဆုကျေးဇူးများကိုပြုစုပျိုးထောင်ခြင်းအားဖြင့် ယေရှု၏ပုံသက်သေကိုလိုက်လျှောက်ရန် ရွေးချယ်ကြသည်။ “သခင်ဘုရား၌” လက်ထပ်ရန် လောလောဆယ်တွင် ဘုရားကိုကြောက်ရွံ့သောအိမ်ထောင်ဖက်ကိုမတွေ့သေးသော သစ္စာရှိခရစ်ယာန်များစွာတို့သည် ယေဟောဝါကိုယုံစားကာ မယုံကြည်သူကိုလက်ထပ်မည့်အစား တစ်ကိုယ်ရေဘဝဖြင့်ဆက်၍နေနေကြသည်။ သူတို့၏နှလုံးထဲတွင် ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ ယုံကြည်ခြင်း၊ ချုပ်တည်းခြင်း စသည့်အသီးများသီးပွင့်ရန် ဘုရားသခင့်ဝိညာဉ်တော်ကလှုံ့ဆော်ပြီး စင်ကြယ်သောတစ်ကိုယ်ရေဘဝကိုဖြစ်စေသည်။ (ဂလာတိ ၅:၂၂၊ ၂၃) ဘုရားသခင်ကိုဆက်ကပ်ရန်ဤစိမ်ခေါ်ချက်ကို အောင်မြင်စွာရင်ဆိုင်သောသူများထဲတွင် မြောက်မြားစွာသော ကျွန်ုပ်တို့အလွန်လေးစားသည့်ခရစ်ယာန်ညီအစ်မများလည်း ပါဝင်ကြသည်။ နိုင်ငံများစွာတို့တွင် သူတို့သည် ညီအစ်ကိုများထက် အရေအတွက်များပြားသဖြင့် ဟောပြောခြင်းလုပ်ငန်းတွင် အဓိကပါဝင်နေကြသည်။ မှန်ပါသည်၊ “ယေဟောဝါကိုယ်တော်တိုင်မိန့်တော်မူသည်မှာ သတင်းကောင်းပြောသောမိန်းမများသည် တပ်မဟာကြီးတစ်ခုဖြစ်သည်။” (ဆာလံ ၆၈:၁၁၊ ကဘ) အမှန်မှာ လက်မထပ်ရသေးသောဘုရားသခင့်ကျေးကျွန်အမျိုးသားအမျိုးသမီးများစွာတို့သည် သမာဓိစောင့်သိနေကြခြင်းမှာ ‘ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ယုံစားကြပြီး ကိုယ်တော်က သူတို့၏လမ်းခရီးကိုပဲ့ပြင်’ ပေးသောကြောင့်ဖြစ်သည်။ (သု၊ ၃:၅၊ ၆) သို့ရာတွင် ယခု “သခင်ဘုရား၌” လက်မထပ်နိုင်သေးသောသူများအတွက် ပျော်ရွှင်မှုကင်းမဲ့မည်လော။
၁၁။ ကျမ်းစာစံချိန်နှင့်အညီ တစ်ကိုယ်တည်းနေသောခရစ်ယာန်များအတွက် မည်သည့်အာမခံချက်ရှိသနည်း။
၁၁ ကျွန်ုပ်တို့သည် ပျော်ရွှင်သောဘုရင်ယေရှုခရစ်၏လက်အောက်တွင်အမှုဆောင်နေကြသည့် ပျော်ရွှင်သောဘုရားယေဟောဝါ၏ သက်သေများဖြစ်ကြသည်ကို သတိရကြစို့။ “သခင်ဘုရား၌” အိမ်ထောင်ဖက်ကို ရှာမတွေ့သဖြင့် သမ္မာကျမ်းစာတွင် ရှင်းလင်းစွာတားမြစ်ထားသည့်အချက်များကို လိုက်နာသောအားဖြင့် တစ်ကိုယ်ရေတစ်ကာယနေထိုင်သည်ဆိုလျှင် ဘုရားသခင်နှင့်ယေရှုခရစ်တို့သည် ကျွန်ုပ်တို့ကို ပျော်ရွှင်မှုကင်းမဲ့စေမည်လော။ လုံးဝမဟုတ်ပါ။ ထို့ကြောင့် ခရစ်ယာန်များသည် အိမ်ထောင်မရှိသည့်အခြေအနေ၌လည်း ပျော်ရွှင်နိုင်ကြကြောင်းကို ကျွန်ုပ်တို့ယူမှတ်ရမည်။ အိမ်ထောင်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကျွန်ုပ်တို့ပျော်ရွှင်အောင် ယေဟောဝါလုပ်ပေးနိုင်သည်။
စစ်မှန်သောပျော်ရွှင်မှု၏သော့ချက်
၁၂။ နာခံမှုမရှိသောကောင်းကင်တမန်များဖြစ်ရပ်က အိမ်ထောင်ပြုခြင်းနှင့်ပတ်သက်၍ ဘာကိုညွှန်ပြသနည်း။
၁၂ ဘုရားသခင်၏ကျေးကျွန်အားလုံးအတွက် အိမ်ထောင်မင်္ဂလာသည် ပျော်ရွှင်မှု၏ တစ်ခုတည်းသောသော့ချက်မဟုတ်ပါ။ ကောင်းကင်တမန်များကို ဥပမာကြည့်ပါ။ ရေလွှမ်းမိုးခြင်းမတိုင်မီ အချို့သောကောင်းကင်တမန်တို့သည် နာမ်ဝိညာဉ်သတ္တဝါများအတွက်ပုံမှန်မဟုတ်သောတပ်မက်စိတ်ကို မွေးမြူခဲ့ကြပြီး သူတို့အိမ်ထောင်မပြုနိုင်ခြင်းကို မကျေမနပ်ဖြစ်လာကာ လူမိန်းမများကိုယူရန် အသွေးအသားကိုယ်ခန္ဓာကိုပြောင်းယူကြသည်။ ဤကောင်းကင်တမန်များသည် “မိမိတို့အခွင့်အရာကိုမစောင့်” ကြသောကြောင့် ဘုရားသခင်သည် သူတို့အား “ကြီးစွာသောနေ့၌ စစ်ကြောစီရင်ခြင်းအလိုငှာ ထာဝရချည်နှောင်ခြင်းအားဖြင့် မှောင်မိုက်ထဲမှာချုပ်ထားတော်မူ၏။” (ယုဒ ၆။ ကမ္ဘာဦး ၆:၁၊ ၂) ကောင်းကင်တမန်များသည် အိမ်ထောင်ပြုရန် ဘုရားသခင်အစီအစဉ်မရှိခဲ့သည်မှာ ရှင်းပါသည်။ ထို့ကြောင့် မင်္ဂလာဆောင်ခြင်းသည် သူတို့ပျော်ရွှင်ရန်အတွက် တစ်ခုတည်းသောသော့ချက်မဟုတ်ပါ။
၁၃။ သန့်ရှင်းသောကောင်းကင်တမန်များအဘယ်ကြောင့်ဝမ်းမြောက်ကြသနည်း။ ယင်းက ဘုရားသခင့်ကျေးကျွန်အားလုံးအတွက် အဘယ်အရာကိုဖော်ပြသနည်း။
၁၃ သို့ရာတွင် သစ္စာရှိသောကောင်းကင်တမန်များသည် ပျော်ရွှင်ကြသည်။ ယေဟောဝါသည် မြေကြီးအုတ်မြစ်ကိုတည်သောအခါ “နံနက်ကြယ်တို့သည် တညီတညွတ်တည်းသီချင်းဆို၍ ဘုရားသခင်၏သားအပေါင်းတို့သည် ဝမ်းမြောက်” ခဲ့ကြသည်။ (ယောဘ ၃၈:၇) သန့်ရှင်းသောကောင်းကင်တမန်များ အဘယ်ကြောင့်ပျော်ရွှင်ခဲ့ကြသနည်း။ အကြောင်းမှာ သူတို့သည် ယေဟောဝါထံတော်ပါးတွင် အစဉ်အမြဲနေကြပြီး ကိုယ်တော်၏အမှုတော်ကိုဆောင်ရန် “နှုတ်ကပါဌ်တော်အသံကို နားထောင်” နေကြသည်။ ကိုယ်တော်၏ “အလိုတော်သို့လိုက်” ရန် သူတို့ပျော်ရွှင်ကြသည်။ (ဆာလံ ၁၀၃:၂၀၊ ၂၁ အောက်ခြေမှတ်ချက်) မှန်ပါသည်၊ သန့်ရှင်းသောကောင်းကင်တမန်များအတွက် ယေဟောဝါကိုသစ္စာရှိစွာအမှုဆောင်ခြင်းမှ ပျော်ရွှင်မှုခံစားကြရသည်။ ယင်းသည် လူသားများအတွက်လည်း ပျော်ရွှင်မှု၏သော့ချက်ဖြစ်သည်။ ထိုအကြောင်းကြောင့် ယခု ဘုရားသခင်ကို ပျော်ရွှင်စွာအမှုဆောင်နေကြသော အိမ်ထောင်သည်ဘိသိက်ခံခရစ်ယာန်များသည် ကောင်းကင်အသက်တာအဖြစ်ရှင်ပြန်ထမြောက်သောအခါ အိမ်ထောင်ပြုကြတော့မည်မဟုတ်သော်လည်း ဘုရားသခင်၏အလိုတော်ကိုထမ်းဆောင်သောနာမ်ဝိညာဉ်သတ္တဝါများအဖြစ် သူတို့ပျော်ရွှင်ကြမည်။ အိမ်ထောင်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ယေဟောဝါ၏သစ္စာရှိကျေးကျွန်အားလုံးသည် ပျော်ရွှင်နိုင်ကြသည်။ အကြောင်းမှာ ပျော်ရွှင်မှု၏အခြေအမြစ်မှာ ဖန်ဆင်းရှင်ကို သစ္စာရှိစွာအမှုဆောင်ခြင်းဖြစ်သောကြောင့်တည်း။
“သားသမီးတို့ထက်မြတ်သောအရာ”
၁၄။ ရှေးဣသရေလအချိန်က ဘုရားကိုကြောက်ရွံ့သောမိန်းမစိုးများကို အဘယ်ပရောဖက်ပြုကတိတော်ပေးခဲ့သနည်း။ ယင်းသည်အဘယ်ကြောင့်ထူးဆန်းပုံရသနည်း။
၁၄ သစ္စာရှိခရစ်ယာန်တစ်ဦးသည် ဘယ်တော့မျှအိမ်ထောင်မပြုသည့်တိုင် သူ၏ပျော်ရွှင်မှုကို ဘုရားသခင်အာမခံနိုင်သည်။ ရှေးခေတ်ဣသရေလလူမျိုးများအချိန်က မိန်းမစိုးများအားပြောသည့် ပရောဖက်ပြုစကားများအားဖြင့် အားယူနိုင်သည်။ “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] မိန့်တော်မူသည်ကား ငါ၏ဥပုသ်နေ့ကိုစောင့်လျက် ငါနှစ်သက်သောအရာကိုရွေးယူ၍ ငါ၏ပဋိညာဉ်ကိုမှီဝဲသော [မိန်းမစိုး၊ သမ] တို့အား သားသမီးတို့ထက်မြတ်သောအရာ၊ မြတ်သောနာမကို ငါ့အိမ်၊ ငါ့တံတိုင်းအတွင်း ငါပေးမည်။ မပျောက်နိုင်သောထာဝရနာမကို သူတို့အားငါပေးမည်။” (ဟေရှာယ ၅၆:၄၊ ၅) ထိုသူတစ်ဦးစီသည် သူတို့၏အမည်များဆက်လက်တည်မြဲရန် မိန်းမနှင့်သားသမီးများရမည်ဟု ကတိပြုခံရကြောင်း ယူဆကြပေမည်။ သို့သော် ဘုရားသခင်၏အိမ်တော်တွင် သူတို့၏အမည်နာမများထာဝရတည်မြဲခွင့်ရခြင်းတည်းဟူသော “သားသမီးတို့ထက်မြတ်သောအရာ” ကို ကတိပြုခြင်းခံရကြသည်။
၁၅။ ဟေရှာယ ၅၆:၄၊ ၅ ပြည့်စုံချက်နှင့်ပတ်သက်၍ ဘာပြောစရာရှိသနည်း။
၁၅ ဤမိန်းမစိုးများသည် “ဣသရေလလူမျိုး၏ဘုရားသခင်” နှင့်ပတ်သက်၍ ပရောဖက်ပြုပုံစံအဖြစ်ယူမှတ်ခြင်းခံရလျှင် သူတို့သည် ယေဟောဝါ၏ဝိညာဏအိမ်တော် သို့မဟုတ် ဗိမာန်တော်အတွင်းတွင် ထာဝရတည်မြဲသည့်နေရာကို ရရှိထားကြသည့်ဘိသိက်ခံများကို ကိုယ်စားပြုသည်။ (ဂလာတိ ၆:၁၆) ဤပရောဖက်ပြုချက်သည် ရှင်ပြန်ထမြောက်ခြင်းခံရမည့် ရှေးခေတ်ဣသရေလလူမျိုးများလက်ထက်က ဘုရားသခင်ကိုကြောက်ရွံ့သောမိန်းမစိုးများအတွက် စာသားအရမှန်ကန်မည်ကို သံသယဖြစ်စရာမလိုပါ။ သူတို့သည် ခရစ်တော်၏ရွေးဖိုးပူဇော်သက္ကာကိုလက်ခံပြီး ယေဟောဝါနှစ်သက်သည့်လမ်းစဉ်ကို ဆက်လက်ရွေးချယ်နေမည်ဆိုလျှင် ဘုရားသခင့်ကမ္ဘာသစ်တွင် “မပျောက်နိုင်သောထာဝရနာမ” ကိုရရှိကြမည်။ ဤအချက်သည် ဆုံးခန်းကာလအတွင်း ယေဟောဝါ၏လုပ်ငန်းတော်တွင် မိမိတို့ကိုယ်ကိုပိုမိုပေးဆက်နိုင်ရန် မင်္ဂလာဆောင်ခြင်းနှင့်သားသမီးရခြင်းအဖြစ်ကို စွန့်လွှတ်သော “အခြားသိုးများ” အတွက်လည်း မှန်ကန်ပေသည်။ (ယောဟန် ၁၀:၁၆) သူတို့တွင် အချို့တို့သည် အိမ်ထောင်မရှိ၊ ကလေးမရှိဘဲသေဆုံးသွားကြပေမည်။ သို့သော် သူတို့သစ္စာရှိပါက ရှင်ပြန်ထမြောက်ရာကာလတွင် “သားသမီးတို့ထက်မြတ်သောအရာ” တည်းဟူသော “မပျောက်နိုင်သောထာဝရနာမ” ကို စနစ်သစ်တွင် သူတို့ရရှိကြမည်။
အိမ်ထောင်မင်္ဂလာပြုခြင်းသည်ပျော်ရွှင်မှု၏ တစ်ခုတည်းသောသော့ချက်မဟုတ်
၁၆။ အိမ်ထောင်ပြုခြင်းသည် ပျော်ရွှင်မှုကို အမြဲမဖြစ်စေကြောင်း အဘယ်ကြောင့်ပြောနိုင်သနည်း။
၁၆ အချို့လူများက ပျော်ရွှင်မှုသည် အိမ်ထောင်ပြုခြင်းနှင့်ခွဲမရအောင် ဆက်စပ်နေသည်ဟုယူမှတ်ကြသည်။ ယနေ့ ယေဟောဝါ၏လူများအလယ်၌ပင် အိမ်ထောင်ပြုခြင်းသည် ပျော်ရွှင်မှုကို အစဉ်အမြဲမဖြစ်စေကြောင်း ဝန်ခံရပေမည်။ ယင်းသည် ပြဿနာအချို့ကိုဖြေရှင်းပေးနိုင်သော်လည်း တစ်ကိုယ်ရေသမားများ၏အခြေအနေထက် ပို၍ခက်ခဲမှုများကို မကြာခဏဖြစ်စေသည်။ ပေါလုက အိမ်ထောင်ပြုခြင်းသည် ‘ကာယရေးဒုက္ခ’ ကိုဖြစ်စေသည်ဟု ပြောခဲ့သည်။ (၁ ကောရိန္သု ၇:၂၈) အိမ်ထောင်သည်တစ်ယောက်သည် “စိုးရိမ်ပူပန်မှု” နှင့် “ဒွိဟဖြစ်မှု” ကိုကြုံတွေ့ရသောအချိန်ရှိတတ်သည်။ သူသို့မဟုတ်သူမသည် ‘အာရုံထွေပြားမှုမရှိဘဲ သခင်ဘုရား၏အမှုကို တစ်သမတ်တည်းပြုစု’ နိုင်ရန် မကြာခဏအခက်အခဲတွေ့ရပေမည်။—၁ ကောရိန္သု ၇:၃၃-၃၅။
၁၇၊ ၁၈။ (က) နယ်လှည့်ကြီးကြပ်မှူးအချို့ အဘယ်အရာကိုအစီရင်ခံသနည်း။ (ခ) ပေါလုမည်သို့အကြံပြုခဲ့ပြီး ယင်းကိုလိုက်လျှောက်လျှင် အဘယ်ကြောင့်အကျိုးရှိမည်နည်း။
၁၇ အိမ်ထောင်ပြုခြင်းနှင့် တစ်ကိုယ်တည်းနေခြင်းနှစ်မျိုးလုံးသည် ဘုရားသခင်ပေးတော်မူသည့်လက်ဆောင်ဖြစ်သည်။ (ရုသ ၁:၉။ မဿဲ ၁၉:၁၀-၁၂) ဤအခြေအနေနှစ်ခုလုံး၌ အောင်မြင်မှုရနိုင်ရန် ဆုတောင်း၍စဉ်းစားခြင်းလိုအပ်သည်။ နယ်လှည့်ကြီးကြပ်မှူးများ၏အစီရင်ခံချက်များအရ သက်သေခံများစွာတို့သည် အလွန်ငယ်သည့်အရွယ်တွင်အိမ်ထောင်ပြုကြပြီး ယင်း၏တာဝန်များကိုထမ်းဆောင်ရန် အသင့်မဖြစ်မီ မိဘဘဝသို့ရောက်ရှိသွားကြသည်။ ဤကဲ့သို့သောအချို့အိမ်ထောင်များသည် ပြိုကွဲရကြသည်။ အချို့စုံတွဲများသည် ပျော်ရွှင်မှုမဖြစ်ဘဲ ပြဿနာများကို ရင်ဆိုင်ဖြေရှင်းနေရသည်။ အင်္ဂလိပ်ပြဇာတ်စာရေးဆရာ ဝီလျံ ကောန်ဂရိဗ်က အဆောတလျင်အိမ်ထောင်ပြုသူများသည် “ရေရှည်သံဝေဂရမည်” ဟုရေးသားခဲ့သည်။
၁၈ အချို့ငယ်ရွယ်သူညီအစ်ကိုများသည် တစ်ကိုယ်ရေဘဝဖြင့် အချိန်အတော်အတန်နေရန် တောင်းဆိုချက်ကြောင့် ဗေသလလုပ်ငန်းလျှောက်ထားရန် သို့မဟုတ် ဓမ္မအမှုထမ်းကျောင်းတက်ရောက်ရန်တို့ကို ရှောင်ကြသည်ဟု တိုက်နယ်ကြီးကြပ်မှူးများက အစီရင်ခံကြသည်။ သို့သော် တမန်တော်ပေါလုက “လူငယ်ဘဝ၏အပွင့်လန်းဆုံးအချိန်” မတိုင်မီ အိမ်ထောင်မပြုသေးရန် အကြံပြုခဲ့သည်။ ဆိုလိုသည်မှာ လိင်စိတ်စတင်ထကြွလှုံ့ဆော်မှုလျော့နည်းသွားသည့်အချိန်အထိ စောင့်ဆိုင်းရန်ဖြစ်သည်။ (၁ ကောရိန္သု ၇:၃၆-၃၈) တစ်ကိုယ်ရေသမားလူကြီးပိုင်းဘဝသည် လူတစ်ဦးအား တန်ဖိုးရှိအတွေ့အကြုံနှင့် ထိုးထွင်းသိမြင်ဉာဏ်ကိုရရှိစေပြီး၊ အိမ်ထောင်ဖက်ရွေးချယ်ရန်၊ သို့မဟုတ် တစ်ကိုယ်တည်းနေဖို့ သေချာစွာစဉ်းစားဆုံးဖြတ်နိုင်ရန် အကောင်းဆုံးအခြေအနေကို ဖြစ်စေသည်။
၁၉။ ကျွန်ုပ်တို့အိမ်ထောင်ပြုရန် အမှန်ပင်မလိုအပ်ကြောင်းသိရှိရလျှင် ယင်းကိုမည်သို့ယူမှတ်မည်နည်း။
၁၉ ကျွန်ုပ်တို့ထဲမှအချို့သည် ပြင်းထန်စွာလိင်စိတ်လှုံ့ဆော်ခံရသည့် လူငယ်ဘဝ၏အပွင့်လန်းဆုံးအချိန်ကို ကျော်ဖြတ်လာခဲ့ကြပြီးဖြစ်သည်။ တစ်ခါတစ်ရံ အိမ်ထောင်ပြုခြင်း၏ကောင်းချီးများကို ကျွန်ုပ်တို့ပြန်ပြောင်းစဉ်းစားမိမည်ဖြစ်သော်လည်း အမှန်၌မူ တစ်ကိုယ်ရေဘဝ၏ဆုကျေးဇူးကို ခံစားနေရသည်။ ကျွန်ုပ်တို့သည် တစ်ကိုယ်ရေဘဝဖြင့် ယေဟောဝါကို ထိထိရောက်ရောက်အမှုဆောင်နိုင်ပြီး၊ လုပ်ငန်းတော်တွင် ဆုကျေးဇူးတစ်စုံတစ်ရာကိုလက်လွတ်နိုင်သည့် အိမ်ထောင်ပြုခြင်းကို ကျွန်ုပ်တို့အမှန်မလိုအပ်ကြောင်း ကိုယ်တော်မြင်ပေမည်။ အကယ်၍အိမ်ထောင်ပြုခြင်းသည် ကျွန်ုပ်တို့၏ကိုယ်ပိုင်လိုအပ်ချက်မဟုတ်လျှင်၊ အိမ်ထောင်ဖက်အားဖြင့် ကျွန်ုပ်တို့ကောင်းချီးမခံစားရလျှင် ဘုရားသခင်သည် ကျွန်ုပ်တို့အတွက် အခြားအရာတစ်ခုကို စီစဉ်ပေးတော်မူပေလိမ့်မည်။ ကျွန်ုပ်တို့လိုအပ်ရာကို ကိုယ်တော်ပေးတော်မူမည်ဖြစ်ကြောင်း ယုံကြည်ခြင်းတင်ပြကြစို့။ ကျွန်ုပ်တို့အတွက် ဘုရားသခင်၏အလိုတော်မည်သို့ရှိကြောင်းပေါ်လွင်လာသည့်အတိုင်း နှိမ့်ချစွာခံယူခြင်းသည် အကြီးမားဆုံးပျော်ရွှင်မှုကိုဖြစ်စေသည်။ ဘုရားသခင်သည် တစ်ပါးအမျိုးသားများအသက်ရစေရန် နောင်တတရားကိုပေးကြောင်း ဂျူးလူမျိုးညီအစ်ကိုများသိသောအခါ ‘မငြင်းဆန်ဘဲ ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်း’ ခဲ့ကြသကဲ့သို့ပင်ဖြစ်သည်။—တမန်တော် ၁၁:၁-၁၈။
၂၀။ (က) ဤတွင် ငယ်ရွယ်သောခရစ်ယာန်များကို တစ်ကိုယ်တည်းနေခြင်းနှင့်ပတ်သက်၍ အဘယ်အကြံဉာဏ်များပေးထားသနည်း။ (ခ) ပျော်ရွှင်မှုနှင့်ပတ်သက်၍ အဘယ်အခြေခံအချက်က အမြဲမှန်ကန်နေသနည်း။
၂၀ ထို့ကြောင့် အိမ်ထောင်ပြုခြင်းသည် ပြဿနာတံခါးကို ဖွင့်ပေးနိုင်သော်လည်း ပျော်ရွှင်မှုအတွက်သော့ချက်တစ်ခုလည်းဖြစ်နိုင်သည်။ တစ်ခုသေချာသည်ကား အိမ်ထောင်ပြုခြင်းသည် ပျော်ရွှင်မှုကိုတွေ့ရှိရန် တစ်ခုတည်းသော နည်းလမ်းမဟုတ်ပါ။ အထူးသဖြင့်ခရစ်ယာန်လူငယ်များသည် အရာရာကို ပညာရှိစွာစဉ်းစားဆင်ခြင်ပြီး တစ်ကိုယ်ရေဘဝဖြင့် နှစ်ပေါင်းများစွာနေနိုင်ရန် အခွင့်အရေးရှာသင့်သည်။ ယေဟောဝါ၏အမှုတော်ထမ်းဆောင်ရန်နှင့် ဝိညာဏရေးရာတွင်တိုးတက်ရန် ထိုနှစ်များကို ကောင်းစွာအသုံးချနိုင်သည်။ အသက်အရွယ်နှင့်ဝိညာဏတိုးတက်မှုမည်၍မည်မျှရှိစေကာမူ ဤအခြေခံအချက်သည် ဘုရားသခင်ထံအကြွင်းမဲ့ဆက်ကပ်အပ်နှံထားသူအားလုံးအတွက် မှန်ကန်သည်။ စစ်မှန်သောပျော်ရွှင်မှုကား ယေဟောဝါကိုသစ္စာရှိစွာအမှုဆောင်ခြင်းအားဖြင့်ရရှိနိုင်သည်။
သင်မည်သို့တုံ့ပြန်မည်နည်း
▫ ယေဟောဝါ၏ကျေးကျွန်များအဘယ်ကြောင့်ပျော်ရွှင်ကြသနည်း။
▫ အိမ်ထောင်ပြုခြင်းသည် အကြီးမားဆုံးသောပျော်ရွှင်မှုအတွက်သော့ချက် အဘယ်ကြောင့် မဟုတ်သနည်း။
▫ အိမ်ထောင်ဖက်ရွေးချယ်ရာတွင် အဘယ်တောင်းဆိုချက်သည် ယေဟောဝါ၏လူများအတွက် သက်ဆိုင်သနည်း။
▫ တစ်ကိုယ်တည်းနေသောခရစ်ယာန်သည် ပျော်ရွှင်နိုင်သည်ဟုယုံကြည်ခြင်းသည် အဘယ်ကြောင့်ကျိုးကြောင်းညီညွတ်သနည်း။
▫ အိမ်ထောင်ရေးနှင့်ပျော်ရွှင်မှုတို့နှင့်ပတ်သက်၍ အဘယ်အရာကို ဝန်ခံရမည်နည်း။