ပိတ်ပင်မှုအောက်ရှိ ကျွန်ုပ်တို့အား ယေဟောဝါစောင့်ရှောက်အပိုင်း ၂
ဒုတိယကမ္ဘာစစ်အတွင်း ကျွန်တော်၏နာဇီစစ်ဝတ်စုံ ခါးပတ်ခေါင်း၌ “ဘုရားသခင် ငါတို့နှင့်အတူရှိသည်” ဟူသောကမ္ဗည်းပါသည်။ ကျွန်တော့်အတွက် ယင်းက ဘာသာရေးသည် စစ်မှုနှင့်သွေးသွန်းခြင်း၌ ပါဝင်နေခြင်း၏ နောက်ထပ်သာဓကတစ်ခုသာဖြစ်နေသည်။ ထိုအမှုကို ကျွန်တော်တကယ်ရွံခဲ့သည်။ ထိုကြောင့်အရှေ့ဂျာမနီနိုင်ငံ၊ လင်ဘာ့ခ်အိုဘာဖရိုနာမြို့တွင် ယေဟောဝါသက်သေခံနှစ်ဦးနှင့် ဆုံတွေ့ချိန်တွင် ကျွန်တော်သည် ဘာသာတရားကိုအလွန်စိတ်ပျက်ပြီး ဘုရားမရှိဝါဒီနှင့် ဆင့်ကဲကိုယုံသူတစ်ဦးဖြစ်နေပါသည်။
သို့နှင့်သက်သေခံများအား “ကျွန်တော်ခရစ်ယာန်ဖြစ်လာမယ်လို့ မမျှော်လင့်နဲ့” ဟုပြောခဲ့သည်။ သို့သော် သူတို့အခြေအတင်ပြောဆိုချက်တို့က ဘုရားအမှန်ရှိကြောင်းကို ကျွန်တော့်အားလက်ခံစေသည်။ စူးစမ်းချင်စိတ်ကြောင့်လည်း ကျမ်းစာတစ်အုပ်ဝယ်ကာ သူတို့နှင့်ကျမ်းစာစလေ့လာတော့သည်။ ထိုအချိန်က ၁၉၅၃ နွေဦးကာလ၊ အရှေ့ဂျာမနီနိုင်ငံတွင် သက်သေခံများ၏လုပ်ငန်းကို သုံးနှစ်နီးပါး ပိတ်ပင်နှင့်သည့်အချိန်တွင်ဖြစ်သည်။
၁၉၅၃ ဩဂုတ်လ ၁၅ ထုတ်ကင်းမျှော်စင် ကထိုအချိန်ရှိ ယေဟောဝါသက်သေများအခြေအနေကို ဤသို့ဖော်ပြသည်။ “အမြဲထောက်လှမ်းခံနေရ၍ ခြိမ်းခြောက်ခံနေရငြား၊ မိမိနောက်တွင် ထောက်လှမ်းနေသူပါမပါ ဂရုပြုပြီးနောက်မှသာ အချင်းချင်းထံ လည်ပတ်ရငြား၊ ကင်းမျှော်စင်စာပေများကို လက်ထဲတွေ့ရှိက ‘လှုံ့ဆော်ပေးသည့်စာရွက်စာတမ်းများ ဖြန့်ဝေမှု’ နှင့်နှစ်နှစ်သုံးနှစ် ထောင်ဒဏ်သင့်နိုင်ငြား၊ ဦးစီးခဲ့သော ရင့်ကျက်သည့်ညီအစ်ကိုများ ရာနှင့်ချီ၍ထောင်ကျနေကြငြား အရှေ့ဂျာမနီရှိ ယေဟောဝါ၏ကျေးကျွန်များသည် ဆက်ဟောပြောနေဆဲရှိကြသည်။”
၁၉၅၅ တွင်ကျွန်တော့်အမျိုးသမီး ရဂျီနာနှင့်အတူ အနောက်ဂျာမနီနိုင်ငံ၊ နျူရမ်ဘာ့မြို့တွင် ယေဟောဝါသက်သေများ၏ အပြည်ပြည်ဆိုင်ရာစည်းဝေးပွဲကြီးကို တက်ရောက်ခဲ့ပါသည်။ နောက်တစ်နှစ်တွင် အနောက်ဘာလင်မြို့၌ ကျွန်တော်တို့နှစ်ယောက်စလုံး နှစ်ခြင်းယူခဲ့ပါသည်။ ထိုအချိန်က အရှေ့ဂျာမနီကို အနောက်ဘာလင်မှ ဖြတ်တောက်ပစ်ရန် ၁၉၆၁ ခုနှစ်၊ အုတ်တံတိုင်းမဆောက်မီအချိန်ကဖြစ်သည်။ သို့သော်ကျွန်တော်နှစ်ခြင်းမယူမီကတည်းက ယေဟောဝါဘုရားသခင်ကို သစ္စာရှိမရှိ စမ်းသပ်ခံခဲ့ရပါသည်။
တာဝန်လက်ခံခြင်း
လင်ဘာ့ခ်အိုဘာဖရိုနာမြို့တွင် ကျွန်တော်တို့စတက်ခဲ့သည့် ယေဟောဝါသက်သေများ၏အသင်းတော်အတွက် အနောက်ဘာလင်မှ ကျမ်းစာစာပေများ သယ်ယူပေးရန်လူ လိုလာခဲ့သည်။ ကျွန်တော့်မှာစီးပွားရေးလုပ်ငန်းငယ်တစ်ခုနှင့် ကလေးနှစ်ယောက်ရှိသော်လည်း ယေဟောဝါအမှုတော်ထမ်းခြင်းသည် ကျွန်တော်တို့အတွက် အဓိကလုပ်ငန်းဖြစ်လာနေပြီ။ သို့နှင့်ကျွန်တော်တို့၏ကားတွင် စာအုပ်ပေါင်း ၆၀ အထိဝှက်နိုင်ရန် ကားကိုယ်ထည်ကိုပြုပြင်လိုက်သည်။ ဤသို့သယ်ယူပို့ဆောင်သူဖြစ်ရခြင်းကား အတော်စွန့်စားမှုဖြစ်သော်လည်း ယေဟောဝါကို ကျွန်တော်အားကိုးတတ်လာသည်။
အရှေ့ဘာလင်မှ အနောက်ပိုင်းသို့ ကားနှင့်ကူးသန်းသွားခြင်းသည် မလွယ်ကူလှပါ။ မည်သို့အောင်မြင်ခဲ့သည်ကို ကျွန်တော်အကြိမ်ကြိမ်စဉ်းစားခဲ့ဖူးသည်။ လွတ်လပ်သောဒေသသို့ရောက်သည့်အခါ စာပေစာတမ်းများကိုယူပြီး အရှေ့ဂျာမနီနယ်စပ်မှမကူးမီ ကားထဲတွင် ၄င်းတို့ကိုအသေအချာဝှက်ထားကြသည်။
တစ်ချိန်တွင် စာအုပ်များကိုဝှက်ပြီးရုံရှိစဉ် တိုက်ခန်းတစ်ခုမှ သူစိမ်းတစ်ဦးလာပြီး “ဟေ့” ဟုလှမ်းခေါ်လိုက်ရာ ကျွန်တော်နှလုံးတုန်သွားသည်။ တွေ့သွားပြီဟုထင်မိသည်။ “နောက်တစ်ခါ တခြားနေရာကိုသွား။ အရှေ့ဂျာမန်ရဲကားများ ဟိုထောင့်မှာရပ်နေတတ်တယ်။ ခင်ဗျားကို မသင်္ကာဖြစ်နေမယ်” ဟုသတိပေးစကားများပြောပါသည်။ ထိုအချိန်မှ သက်ပြင်းချနိုင်ခဲ့သည်။ နယ်စပ်ကိုကျွန်တော်တို့လေးယောက် ချောချောမောမောဖြတ်နိုင်ခဲ့သဖြင့် တစ်လမ်းလုံးသီချင်းဆိုပြီး ပြန်လာကြသည်။
သီးခြားနေရခြင်းအတွက် အသင့်ပြင်ဆင်ခြင်း
၁၉၅၀ ပြည့်လွန်နှစ်များတွင် အရှေ့ဂျာမနီရှိညီအစ်ကိုများသည် အနောက်ဘက်မှ ညီအစ်ကိုများကို စာအုပ်စာတမ်းနှင့်လမ်းပြညွှန်ကြားမှုအတွက် အားကိုးရကြသည်။ သို့သော် ၁၉၆၀ ခုနှစ်တွင် မိမိအရပ်ဒေသရှိ သက်သေခံချင်းတို့နှင့် အဆက်အသွယ်ရှိရန် အရှေ့ဂျာမနီရှိ သက်သေခံတစ်ဦးစီအတွက် အကူအညီများပြုလုပ်ပေးသည်။ ထိုနောက် ဇွန် ၁၉၆၁ ခုတွင် အကြီးအကဲများအတွက် နိုင်ငံတော်ဓမ္မအမှုဆောင်ကျောင်းကို ဘာလင်မြို့တွင် ပထမအကြိမ်ကျင်းပခဲ့သည်။ ပထမလေးပတ်သင်တန်းကို ကျွန်တော်တက်ရောက်ခွင့်ရခဲ့သည်။ နောက်ခြောက်ပတ်အတွင်းပင် ဘာလင်တံတိုင်းတည်ဆောက်လိုက်၍ အနောက်ဘက်နှင့် ရုတ်တရက် ဖြတ်တောက်ခံခဲ့ရသည်။ သို့နှင့်ကျွန်တော်တို့၏လုပ်ငန်းသည် မြေအောက်လုပ်ငန်းဖြစ်ရုံမက သီးခြားအဖြစ်သို့လည်း ရောက်ခဲ့ရသည်။
အရှေ့ဂျာမနီရှိ ယေဟောဝါသက်သေများ၏လုပ်ငန်းသည် တစ်ဖြည်းဖြည်း ရပ်တန့်သွားမည်ဟု အချို့ထင်မှတ်ကြသည်။ သို့ရာတွင် လွန်ခဲ့သောတစ်နှစ်အတွင်း ဖွဲ့စည်းပုံ၏ပြုပြင်ချက်များက ဝိညာဏစည်းလုံးမှုနှင့်ခွန်အားရှိရန် များစွာကူညီပေးပါသည်။ ထို့ပြင်နိုင်ငံတော်ဓမ္မအမှုဆောင်ကျောင်း၏ ပထမအကြိမ်သင်တန်းကိုတက်ခွင့်ရခဲ့သော အကြီးအကဲများသည် အခြားအကြီးအကဲများအား ပြန်သင်တန်းပေးရန် အသင့်ရှိစေခဲ့သည်။ ဤနည်းဖြင့် ၁၉၄၉ ခုနှစ်ခရိုင်စည်းဝေးပွဲများအားဖြင့် ၁၉၅၀ ၌ပိတ်ပင်မှုအတွက် အသင့်ပြင်ဆင်ပေးတော်မူခဲ့သည်နည်းတူ ကျွန်တော်တို့သီးခြားထားခံရသည့်အဖြစ်အတွက် ယေဟောဝါကြိုတင်ပြင်ဆင်ပေးပါသည်။
အနောက်ဘက်မှဖြတ်တောက်ခံရသော် အဖွဲ့အစည်းဆက်တည်ရှိရေးအတွက် ကျွန်တော်တို့ဦးစီးဦးဆောင်ပြုလုပ်ရတော့မည် ထင်ရှားပါသည်။ အနောက်မှခရီးသည်များ သွားလာနိုင်သည့် အရှေ့ဘက်ရှိအဝေးပြေးလမ်းမကြီးပေါ် အနောက်ဘာလင်မြို့မှ ကျွန်တော်တို့၏ခရစ်ယာန်ညီအစ်ကိုများနှင့် တွေ့ဆုံရန် စာရေးအကြောင်းကြားပါသည်။ ချိန်းချက်ထားသည့်နေရာတွင် ကျွန်တော်တို့ကားပျက်သွားဟန်ဆောင်လိုက်သည်။ မိနစ်အနည်းငယ်အတွင်းပင် ညီအစ်ကိုများရောက်ရှိလာ၍ ကျမ်းစာစာပေများ ယူဆောင်ပေးခဲ့သည်။ လုံခြုံရေးအတွက် ဘာလင်မြို့တွင် ကျွန်တော်ချန်ရစ်ခဲ့သော နိုင်ငံတော်ဓမ္မအမှုဆောင်ကျောင်းညွှန်းစာအုပ်၊ ကျွန်တော်၏မှတ်စုများနှင့်ကျမ်းစာအုပ်ကိုပါ ညီအစ်ကိုများယူလာပေးခဲ့သဖြင့် အားရဝမ်းသာဖြစ်ခဲ့ရသည်။ နောက်နှစ်အနည်းငယ်အတွင်း ယင်းစာတိုစာတမ်းများကို မည်မျှအသုံးပြုရလိမ့်မည်အကြောင်း ထိုစဉ်က မသိခဲ့ပါ။
မြေအောက်ကျောင်း
နောက်ရက်အနည်းငယ်တွင် အရှေ့ဂျာမနီတစ်လျှောက်ဒေသအသီးသီးတွင် နိုင်ငံတော်ဓမ္မအမှုဆောင်ကျောင်းကို စီစဉ်၍ သင်တန်းများပေးရန် ညွှန်ကြားခံခဲ့ရသည်။ ကျွန်တော်အပါအဝင် သင်တန်းကိုင်သူလေးဦးကို ခန့်အပ်ခဲ့သည်။ သို့သော်၊ လုပ်ငန်းပိတ်ပင်ထားချိန်တွင် အကြီးအကဲအားလုံးကို လေ့ကျင့်ပေးရန်အစီအစဉ်ကား မဖြစ်နိုင်သောတာဝန်တစ်ရပ်ဟူ၍ ကျွန်တော်ယူဆမိသည်။ ကျွန်တော်တို့၏သင်တန်းပို့ချမှုကို အကဲမခတ်မိရန် သင်တန်းများကို အပန်းဖြေထွက်သည့်ပုံစံမျိုးဖြင့် ပြုလုပ်ပါသည်။
သင်တန်းတစ်ခုစီတွင် ကျောင်းသားလေးဦးနှင့်သင်တန်းကိုင်သူ ကျွန်တော်တစ်ယောက်အပြင် ထမင်းချက်ညီအစ်ကိုတစ်ဦးပါဝင်သည်။ သားမယားများလည်း လိုက်ပါသွားကြသည်။ သို့ဖြစ်၍ လူ ၁၅ မှ ၂၀ ယောက်အထိရှိတတ်ပါသည်။ အများသွားလာတတ်သည့် အပန်းဖြေစခန်းကိုအသုံးပြုဖို့ကား မဖြစ်သည့်အတွက် ကျွန်တော်တို့မိသားစုသည် သင့်တော်သောနေရာများကို လိုက်လံရှာဖွေပေးလေ့ရှိသည်။
တစ်ချိန်တွင် တောရွာကလေးတစ်ခုကို ဖြတ်သန်းသွားစဉ် လမ်းမကြီးများမှ ဝေးလံသော သစ်တောအုပ်တစ်စုကိုတွေ့မြင်ခဲ့သည်။ အလွန်သင့်တော်ပုံရှိသည့်နေရာဖြစ်သဖြင့် မြို့ဝန်ထံသွား၍ “တခြားမိသားစုအနည်းငယ်နှင့်အတူ နှစ်ပတ်သုံးပတ်လောက် အပန်းဖြေနိုင်မယ့်နေရာကို ကျွန်တော်ရှာနေတယ်။ ကလေးတွေ ပြေးလွှားကစားနိုင်ရအောင်ပေါ့။ အဲ့ဒါ ဟိုကတောအုပ်မှာ လာအပန်းဖြေစခန်းချနိုင်မလား” ဟုမေးမြန်းခဲ့ရာ သူသဘောတူညီသည့်အတွက် စီစဉ်လိုက်ပါသည်။
ထိုတွင် ပြင်ပမှထိုးထွင်းမမြင်နိုင်သော လေးထောင့်ပုံမြေကွက် ပတ်လည် တဲရှင်များကိုထိုးပြီး ကျွန်တော်၏ကားဖြင့်ဆွဲယူသွားနိုင်သောအိမ်ခန်းကိုပါ ရပ်ထားလိုက်သည်။ ထိုကားဆွဲအိမ်ခန်းက ကျွန်တော်တို့၏သင်တန်းခန်းဖြစ်သည်။ ထိုတွင် တစ်နေ့လျှင် ၈ နာရီ၊ ၁၄ ရက်တိုင် စူးစိုက်လေ့လာသင်တန်းယူကြပါသည်။ မမျှော်လင့်ဘဲ ဧည့်သည်များရောက်လာပါက အပန်းဖြေစခန်းအမြင်ရှိရန် မြေကွက်တွင် ထိုင်ခုံများနှင့်စားပွဲများ ချပေးထားသည်။ ရောက်လည်းရောက်လာကြသည်။ ဤအချိန်အခါမျိုးတွင် ကျွန်ုပ်တို့မိသားစုများ၏ပံ့ပိုးမှုရခဲ့သည့်အတွက် သူတို့ကိုအလွန်ကျေးဇူးတင်ရမည်။
သင်တန်းတက်နေကြစဉ် ကျွန်တော်တို့မိသားစုများက စောင့်ကြပ်ကြည့်ရှုပေးပါသည်။ ဤတစ်ကြိမ်တွင် ဒေသခံကွန်မြူနစ်ပါတီအတွင်းရေးမှူးလည်းဖြစ်သော မြို့ဝန်သည် ကျွန်တော်တို့သစ်တောအုပ်သို့ လမ်းကြားတစ်ခုမှ လာနေသည်ကို ကြိုတွေ့ရှိလိုက်သည်။ အစောင့်က ကားဆွဲအိမ်ခန်းအတွင်းရှိ နှိုးစက်သို့သွယ်ထားသော ကြေးနန်းကြိုးခလုတ်ကိုနှိပ်၍ သတိပေးသည်နှင့် အိမ်ခန်းမှအားလုံးချက်ချင်းထွက်လာကြပြီး စားပွဲပေါ်မှာကိုယ်စီနေရာယူကာ ဖဲချပ်များကစားနေကြသည်။ ယုတ္တိရှိရန် ဂျင်အရက်ပုလင်းကြီးတစ်ပုလင်းကိုပါ တွေ့ရှိနိုင်သည်။ မြို့ဝန်လည်း ခင်မင်စွာလည်ပတ်စကားပြောဆိုသွားပြီး ပြန်သွားလေသည်။
၁၉၆၂ နွေဦးကာလမှ ၁၉၆၅ ကုန်ပိုင်းအထိ နိုင်ငံတော်ဓမ္မအမှုဆောင်ကျောင်းများ၏ သင်တန်းများကို တစ်ပြည်လုံးတွင် ပို့ချပေးခဲ့ပါသည်။ ထိုတွင်အာရုံစူးစိုက်သင်တန်းပေးခဲ့သည့်အကြောင်းတွင် အရှေ့ဂျာမနီရှိ ထူးခြားသောအခြေအနေကို မည်သို့ကိုင်တွယ်ရခြင်း၊ ဟောပြောခြင်းလုပ်ငန်းကို ကြီးကြပ်ပေးရန် အကြီးအကဲများကို အသင့်ပြင်ဆင်ပေးခြင်းတို့ပါဝင်သည်။ သင်တန်းများကိုတက်နိုင်ကြရန် အကြီးအကဲများသည် သူတို့အပန်းဖြေအနားယူချိန်ကို စွန့်လွှတ်ကြရုံမက အဖမ်းခံရရန်အကြောင်းရှိလျက်ပင် စွန့်စားတက်ရောက်ကြသည်။
ကျောင်း၏အကျိုးကျေးဇူးများ
ကျွန်ုပ်တို့လုပ်ငန်းကို အာဏာပိုင်များ အသေအချာစူးစမ်းလေ့လာကြရာ ၁၉၆၅ ခုနှစ်အကုန်ပိုင်းတွင် ကျွန်ုပ်တို့အဖွဲ့အစည်းကို ရပ်တန့်လိုက်ရန် ကြိုးစားကြသည်။ ထိုအချိန်တိုင်သော် အကြီးအကဲအများစုသည် သင်တန်းဆင်းပြီးသားဖြစ်နေကြပြီ။ လုပ်ငန်းဦးစီးသူများဟု သူတို့ယူမှတ်သူ သက်သေခံ ၁၅ ယောက်ကိုဖမ်းဆီးခဲ့သည်။ အသေအချာပြင်ဆင်ထားဟန်ရှိသည့် တစ်ပြည်လုံးနှံ့ပျံ့သွားသည့် အရေးယူမှုဖြစ်ပါသည်။ ဤအချိန်တွင်လည်း သက်သေခံများ ပျောက်လွင့်သွားမည်ဟု လူအများယူမှတ်ကြသည်။ သို့သော်ယေဟောဝါအကူအညီဖြင့် အခြေအနေကိုပြုပြင်ပြောင်းလဲသွားနိုင်ပြီး ယခင်အတိုင်းပင် လုပ်ငန်းတော်ကို ဆက်ဆောင်ရွက်နိုင်ခဲ့ကြသည်။
ဤသို့ဖြစ်စေနိုင်ခဲ့သည်ကား နိုင်ငံတော်ဓမ္မအမှုဆောင်ကျောင်းတွင် အကြီးအကဲများရရှိခဲ့သောသင်တန်းနှင့် ထိုသင်တန်းကာလအတွင်း ညီအစ်ကိုများ တစ်ဦးနှင့်တစ်ဦး အားကိုးအားထားနိုင်သော နှောင်ကြိုးများကြောင့်သာဖြစ်သည်။ ဤနည်းဖြင့် အဖွဲ့အစည်းသည် အရည်အချင်းပြည့်မီကြောင်း တင်ပြနိုင်ခဲ့သည်။ အဖွဲ့အစည်း၏ညွှန်ကြားချက်ကို ကျွန်တော်တို့အတိအကျလိုက်နာကျင့်သုံးခဲ့ကြသည့်အတွက် များစွာတာသွားခဲ့သည်။—ဟေရှာယ ၄၈:၁၇။
အစိုးရအာဏာပိုင်များ၏ နှံ့စပ်သောချုပ်ချယ်ပိတ်ပင်မှုသည် ကျွန်တော်တို့၏လုပ်ငန်းကို မထိခိုက်သွားကြောင်း နောက်လအနည်းငယ်၏အခြေအနေက ထင်ရှားစေပါသည်။ တစ်ခဏအကြာတွင် နိုင်ငံတော်ဓမ္မအမှုဆောင်ကျောင်းသင်တန်းများကို တစ်ဖန်ပြန်စ ပို့ချပေးနိုင်ခဲ့ပါသည်။ ကျွန်တော်တို့၏အား ပြန်တက်လာမှုကို အာဏာပိုင်များသတိပြုမိကြရာ သူတို့နည်းစနစ်ကို ပြောင်းလဲရတော့သည်။ ယေဟောဝါအောင်ပွဲခံနိုင်သည်တကား။
ဓမ္မအမှုတွင် လှုပ်ရှားတက်ကြွနေခြင်း
ထိုအချိန်က ကျွန်တော်တို့၏အသင်းတော်စာအုပ်ကြီးသင်တန်းများသည် လူငါးယောက်အုပ်စုလေးများဖြစ်သည်။ ဤစာအုပ်ကြီးသင်တန်းအုပ်စုအစီအစဉ်မှတစ်ဆင့် ကျမ်းစာစာပေများကို တစ်ဦးစီရရှိကြပြီး ဟောပြောခြင်းလုပ်ငန်းကို ဤအုပ်စုငယ်ကလေးများမှ ညှိနှိုင်းစီစဉ်ပေးပါသည်။ အစကတည်းကပင် ကျွန်တော်နှင့်ရဂျီနာသည် ကျမ်းစာလေ့လာလိုသူများစွာကိုတွေ့ရသည့်ကောင်းချီးကို ယေဟောဝါပေးပါသည်။
ကျွန်တော်တို့၏ တစ်အိမ်မှတစ်အိမ်လုပ်ငန်းကို သတိမပြုမိရန်၊ ဖမ်းဆီးပိတ်ပင်မခံရရန် ပြုပြင်လုပ်ကိုင်လေ့ရှိသည်။ အိမ်တစ်အိမ်သို့လည်ပတ်သွားပြီးနောက် သုံးလေးငါးအိမ်ကျော်မှ နောက်တစ်အိမ်ကို ဝင်သက်သေခံပါသည်။ တစ်အိမ်တွင် အမျိုးသမီးတစ်ဦးက ကျွန်တော်နှင့်ရဂျီနာကို အိမ်ထဲဝင်ခွင့်ပြုပါသည်။ သူမနှင့်ကျမ်းချက်တစ်ချက်ဆွေးနွေးနေစဉ် သူမ၏သားက အခန်းထဲဝင်လာပြီး ဤသို့အတိအလင်းပြောသည်။
“ခင်ဗျားတို့ဘုရားကို မြင်ဖူးလို့လား။ ခင်ဗျားကိုသိစေချင်တာက ကျွန်တော်မြင်မှယုံတယ်။ ကျန်တာအားလုံး အလကား။”
“ဟုတ်ပါ့မလား။ မင်းရဲ့ဦးနှောက်ကို မြင်ဖူးသလား။ မင်းမှာဦးနှောက်ရှိမှန်း မင်းလုပ်ကိုင်လေသမျှကတော့ တင်ပြတာဘဲ” ဟုကျွန်တော်ပြန်ဖြေခဲ့သည်။
မမြင်နိုင်ဘဲ လက်ခံထားရသည့် လျှပ်စစ်ကဲ့သို့သော အခြားအရာများကိုလည်း ကျွန်တော်နှင့်ရဂျီနာ ဥပမာပေးပါသည်။ ထိုလူငယ်သည် ဂရုစိုက်နားထောင်၍ သူနှင့်သူ့မိခင်အား ကျမ်းစာသင်အံမှုကမ်းလှမ်းခဲ့ရာ သူတို့နှစ်ဦးစလုံး သက်သေခံများဖြစ်လာကြပါသည်။ ကျွန်တော်နှင့်ကျွန်တော့်အမျိုးသမီး ကျမ်းစာသင်ပေးခွင့်ရသူ ၁၄ ဦးသက်သေခံများဖြစ်လာကြသည်။ ထိုအရေအတွက်မှ တစ်ဝက်မျှကို တစ်အိမ်မှတစ်အိမ်လုပ်ငန်းတွင် ကျွန်တော်တို့တွေ့ဆုံခဲ့သည်။ ကျန်အခြားတစ်ဝက်ကိုကား အလွတ်သဘောသက်သေခံချိန်တွင် ဆုံတွေ့ခဲ့သူများဖြစ်သည်။
အိမ်တွင်းကျမ်းစာသင်အံမှုကို မှန်မှန်ကျင်းပနိုင်ပြီး ထိုသူအား ယုံကြည်စိတ်ချနိုင်သူဟူ၍ ယူမှတ်နိုင်ပြီးဆိုလျှင် စည်းဝေးတစ်ခုခုသို့ သူတို့အားဖိတ်ခေါ်ပါသည်။ ကျွန်တော်တို့အဓိကထည့်စဉ်းစားရသည်ကား ကျမ်းစာလေ့လာနေသူသည် ဘုရားသခင့်လူမျိုးကို အန္တရာယ်ပြုနိုင်သူ ဖြစ်မဖြစ်စဉ်းစားရ၏။ ဤသို့အားဖြင့် ကျမ်းစာလေ့လာနေသူအား စည်းဝေးတက်ရန်မဖိတ်ခေါ်မီ တစ်နှစ် သို့မဟုတ် ထိုထက်မက စောင့်ကြည့်ရ၏။ တစ်ခါတစ်ရံ ထိုထက်ပင်ကြာရှည်အကဲခတ်လေ့လာရသည်။ နာမည်ကျော်ကြားသူတစ်ဦးကို သတိရသည်။ သူသည် ကွန်မြူနစ်ပါတီဝင် အရာရှိများနှင့် တရင်းတနှီးရှိသူတစ်ဦးဖြစ်သည်။ ဤသူသည် ကိုးနှစ်တိုင် ကျမ်းစာလေ့လာပြီးနောက်မှ စည်းဝေးများစတက်ခွင့်ရသည်။ ယနေ့ဤသူသည် ကျွန်တော်တို့၏ ခရစ်ယာန်ညီအစ်ကိုတစ်ဦးဖြစ်သည်။
အာဏာပိုင်များ ကျွန်တော်တို့ကို ထောက်လှမ်းနေတုန်း
၁၉၆၅ နောက်ပိုင်းတွင် သိမ်းကျုံးဖမ်းချုပ်ခံရခြင်း ထပ်မပေါ်လာသော်လည်း အေးဆေးငြိမ်သက်စွာ အမှုဆောင်ခွင့်မရရှိခဲ့ပါ။ ကျွန်တော်တို့ကို ဂရုတစိုက် ဆက်ထောက်လှမ်းနေသေးသည်။ ဤအချိန်လောက်တွင် ကျွန်တော်သည် ကျွန်တော်တို့အဖွဲ့အစည်း၏လှုပ်ရှားမှုတွင် အနီးကပ်ပါဝင်လာသောကြောင့် အာဏာပိုင်များ၏အထူးအာရုံစိုက်မှုကို ကျွန်တော့်ခံခဲ့ရသည်။ ကြိမ်ဖန်များစွာ ကျွန်တော့်ကိုခေါ်မေးမြန်းခဲ့သည်။ ရဲစခန်းသို့ခေါ်သွားပြီး စစ်ဆေးခံရသည်။ “အခုခင်ဗျားလွတ်လွတ်လပ်လပ် သွားလာနိုင်မယ်မထင်နဲ့။ ထောင်ကျလိမ့်မယ်” ဟုခြိမ်းခြောက်တတ်ကြသည်။ သို့သော် နောက်ဆုံးတွင် အမြဲပြန်လွှတ်ခံခဲ့ရ၏။
၁၉၇၂ ခုတွင် အရာရှိနှစ်ဦးသည် ကျွန်တော့်ထံရောက်လာပြီး အဖွဲ့အစည်းကိုအမှတ်တမဲ့ ချီးမွမ်းစကားပြောခဲ့သည်။ ကျွန်တော်တို့၏ ကင်းမျှော်စင် သင်တန်းကို သူတို့ကြားမိခဲ့သည်။ “အဲ့ဒီဆောင်းပါးဟာ ကျွန်တော်တို့ကိုထိခိုက်တယ်။” ထိုဆောင်းပါးကို အခြားသူများဖတ်ကြလျှင် ကွန်မြူနစ်အယူကိုမကြိုက်မှာ သူတို့စိုးရိမ်၍ ဤသို့ဆိုသည်။ “တကယ်ဆိုတော့ ကင်းမျှော်စင် ဟာ ငါးသန်းမှခြောက်သန်းအထိ ဖြန့်ချိနေရပြီး ဖွံ့ဖြိုးဆဲနိုင်ငံများမှာ ဖတ်ရှုနေကြတဲ့မဂ္ဂဇင်းဘဲ။ အပေါစားစာစဉ်မဟုတ်ဖူး။” ကျွန်တော့်စိတ်ထဲတွင် ‘မှန်လိုက်တာ’ ဟု စဉ်းစားမိသည်။
၁၉၇၂ ခုတိုင်သော် ပိတ်ပင်မှုအောက်တွင် ၂၂ နှစ်ရှိသွားပါပြီ။ တစ်ချိန်လုံး ကျွန်တော်တို့ကို မေတ္တာရှိရှိ၊ ပညာပါစွာ ယေဟောဝါလမ်းပြညွှန်ကြားခဲ့သည်။ ကိုယ်တော့်ညွှန်ကြားချက်များကို အသေအချာလိုက်နာခဲ့ကြပြီ။ သို့သော် အရှေ့ဂျာမနီရှိသက်သေခံများ တရားဝင်အသိအမှတ်ပြုခံရရန် နောက်ထပ် ၁၈ နှစ်စောင့်ရသေးသည်။ ကျွန်တော်တို့ဘုရားသခင် ယေဟောဝါရှင်ကို ကိုးကွယ်ဝတ်ပြုရန် ယခုရရှိသောလွတ်လပ်မှုများအတွက် တကယ်ကျေးဇူးတင်မဆုံးနိုင်ပါ။—ဟဲလ်မွတ် မာတင်ပြောပြသည်။