ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၂ ၅/၁ စာ. ၃-၅
  • ၁၉၁၄—ကမ္ဘာကိုတုန်လှုပ်စေခဲ့သောခုနှစ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ၁၉၁၄—ကမ္ဘာကိုတုန်လှုပ်စေခဲ့သောခုနှစ်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရုတ်တရက်၊ ဩဂုတ်လတွင်
  • ခရစ္စမတ်စ်မတိုင်မီ ပြီးဆုံးမည်လော
  • အကုန်အစင်ပြောင်းလဲ
  • ၁၉၁၄ လူမျိုးဆက်အဘယ်ကြောင့်ထင်ရှားရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • နောက်ဆုံးကာလ
    ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
က၉၂ ၅/၁ စာ. ၃-၅

၁၉၁၄—ကမ္ဘာကိုတုန်လှုပ်စေခဲ့သောခုနှစ်

“၁၉၁၄–၁၈ ခုနှစ်၏စစ်ပွဲကြီးသည် ကျွန်ုပ်တို့ခေတ်မှ ထိုခေတ်နှင့်ခွဲခြားပေးသည့် မီးလောင်ပြင်ကြီးကဲ့သို့ဖြစ်သည်။ လူများစွာသေဆုံးခဲ့ခြင်း . . . ယုံကြည်ချက်များကိုဖျက်ဆီးခြင်း၊ ထင်မြင်ချက်တို့ကို ပြောင်းလဲခဲ့ခြင်း၊ ကုစားမပေးနိုင်သည့် စိတ်ပျက်ခြင်းဒဏ်ရာများရစေခြင်းဖြင့် ခေတ်သမယနှစ်ခုစပ်ကြား ပကတိနှင့်စိတ်ဘက်ဆိုင်ရာ ချောက်ကမ်းပါးကြီးဖြစ်စေခဲ့ပြီ။”—ဘာဘရာတပ်ခ်မင်ရေးသည့် The Proud Tower—A Portrait of the World Before the War 1890-1914 မှ။

“သမိုင်းအဝင်ဖြစ်တော့မည်။ လုံးဝမဖြစ်ရသေးသည်ကား ဤထူးခြားသောနှစ်ဆယ်ရာစုအစပိုင်းတွင် လူငယ်မျှဖြစ်ခဲ့သူ ထောင်ပေါင်းများစွာတို့သည် အသက်ရှင်နေတုန်းပင်ဖြစ်သည်။”—၁၉၈၇ ခုတွင်ထုတ်ဝေခဲ့သည့် လင်န်မက္ခဒေါ်နယ်လ်ရေးသော ၁၉၁၄ စာအုပ်မှ။

၁၉၁၄ ခုနှစ်ကိုကျွန်ုပ်တို့အဘယ်ကြောင့် စိတ်ဝင်စားသင့်နည်း။ ‘အတိတ်ကာလမဟုတ် အနာဂတ်သာ ကျွန်ုပ်နှင့်ဆိုင်သည်’ ဟုသင်ဆိုမည်။ ကမ္ဘာ့ညစ်ညမ်းမှု၊ မိသားစုဘဝပြိုကွဲခြင်း၊ ရာဇဝတ်မှုတိုးပွားလာခြင်း၊ စိတ္တဇရောဂါနှင့်အလုပ်လက်မဲ့ဖြစ်ရခြင်းတို့ကြောင့် လူ့အနာဂတ်သည် စိတ်မောဖွယ်ဖြစ်သည်။ သို့ရာတွင် ၁၉၁၄ ခုနှစ်သည် မည်မျှအရေးပါသည်ကို သုံးသပ်ခဲ့သူများစွာတို့သည် တောက်ပသောအနာဂတ်ကို မျှော်လင့်နိုင်စရာအကြောင်း တွေ့မြင်ထားသည်။

၁၉၁၄ ခုနှစ်တွင် လောကီသားတို့သည် “ဒုက္ခဆင်းရဲခြင်း၏အစအဦး” ဟူ၍ခေါ်ဆိုထားသည့် အဖြစ်အပျက်ကို ကြုံတွေ့နေရကြောင်း ကင်းမျှော်စင် ကဆယ်စုနှစ်များစွာ ရှင်းပြထားခဲ့ပြီ။ ထိုအခေါ်အဝေါ်သည် လူ့စနစ်ဆိုး၏အဆုံးမတိုင်မီ အဖြစ်အပျက်များနှင့်စပ်လျဉ်းသည့် ယေရှုခရစ်၏ပရောဖက်ပြုချက်တွင် ပါဝင်ခဲ့သည်။—မဿဲ ၂၄:၇၊ ၈။

ယနေ့ ၁၉၁၄ ခုနှစ်၏ထူးခြားသောအဖြစ်အပျက်များကို မှတ်မိနိုင်သေးသူ လူနည်းစုသာကျန်ကြွင်းပါသည်။ ကမ္ဘာပျက်သုဉ်းမသွားမီ ထိုသက်ကြီးရွယ်အိုလူမျိုးဆက်လည်း ပျောက်ကုန်ရမည်လော။ သမ္မာကျမ်းစာပရောဖက်ပြုချက်အရ မဟုတ်ပါ။ ယေရှုကတိပေးသည်ကား ဤသို့။ “ထိုအကြောင်းအရာအလုံးစုံတို့ကိုမြင်ရလျှင် လူသားသည် တံခါးဝတိုင်အောင် အနီးသို့ရောက်တော်မူသည်ကိုသိမှတ်ကြလော။ ငါအမှန်ဆိုသည်ကား ယခုဖြစ်သောလူများမကုန်မီ ထိုအကြောင်းအရာအလုံးစုံတို့သည်ဖြစ်ကြလိမ့်မည်။”—မဿဲ ၂၄:၃၃၊ ၃၄။

သမိုင်းတွင် ၁၉၁၄ ခုနှစ်သည် ဤမျှအရေးပါရခြင်းကို သဘောပေါက်နိုင်ရန် ၁၉၁၄ ခုနှစ်အလယ်ပိုင်းအထိ ကမ္ဘာ့အခြေအနေကို သုံးသပ်ကြည့်ပါ။ ထိုအချိန်မတိုင်မီ ရုရှားနိုင်ငံမှ ဇာရ်နစ်ကိုလပ်စ်၊ ဂျာမနီနိုင်ငံမှ ကိုင်ဇာဝီလ်ဟင် နှင့် ဩစတြီးယား-ဟန်ဂေရီမှ ဧကရာဇ် ဖရန့်ဇ်ယိုးဇက်ဖ် အစရှိသည့်သက်ဦးဆံပိုင်ဧကရာဇ်များသည် တန်ခိုးအာဏာလွှမ်းမိုးခဲ့သည်။ ဤသူတစ်ဦးစီအနေနှင့် စစ်သည်လေးသန်းကျော်ကို စစ်မြေပြင်သို့စေလွှတ်တိုက်ခိုက်စေနိုင်ခဲ့သည်။ သို့သော် သူတို့၏ဘိုးဘေးများက တစ်ခုတည်းသော “ခရစ်ယာန်လူမျိုး” ကြီးကို အရပ်ဒေသအသီးသီး၌အုပ်စိုးရန် မိမိတို့အား ခန့်အပ်ထားသည်ဟုအဆိုပြုသော မြင့်မြတ်သောမဟာမိတ်စာချုပ်ကို သဘောတူလက်မှတ်ရေးထိုးခဲ့ပါသည်။

The Encyclopœdia Britannica အရဆိုလျှင် ယင်းစာချုပ်သည် “၁၉ ရာစုအတွင်း ဥရောပတိုက်ရှိနိုင်ငံချင်းဆက်ဆံမှုကို များစွာသြဇာပြုသည်။” ယင်းကိုအသုံးပြု၍ ဒီမိုကရေစီလှုပ်ရှားမှုများကို ဆန့်ကျင်ကာ ရှင်ဘုရင်တို့ရရှိထားသည်ဟုဆိုကြသော ဘုရားပေးအခွင့်အာဏာကို ပစားပေးသည်။ ဇာရ်နစ်ကိုလပ်စ်ထံ ကိုင်ဇာဝီလ်ဟင်က ဤသို့ရေးသားခဲ့သည်။ “ခရစ်ယာန်ဘုရင်မင်းမြတ်များအနေနှင့် ကျွန်ုပ်တို့ကောင်းကင်မှရရှိထားသည့် မြင့်မြတ်သောတာဝန်မှာ [မင်းတို့၏ ဘုရားပေးအခွင့်အာဏာ] မူကိုထောက်ခံပေးရန်ဖြစ်သည်။” ယင်းကြောင့် ဥရောပတိုက်ရှိမင်းများသည် ဘုရားသခင့်နိုင်ငံတော်နှင့် တစ်နည်းနည်းဖြင့် ဆက်စပ်နေသည်ဟု နားလည်ရမည်လော။ (၁ ကောရိန္သု ၄:၈ နှိုင်းယှဉ်။) ထိုရှင်ဘုရင်များကို ထောက်ခံသည့် ချာ့ချ်များကော။ သူတို့ခံယူထားသည့် ခရစ်ယာန်ဘာသာတရားသည် စစ်မှန်ပါသလော။ ၁၉၁၄ ခုနှစ်နောက်ပိုင်းနှစ်များအတွင်း ထိုမေးခွန်းများ၏အဖြေပေါ်လာပါသည်။

ရုတ်တရက်၊ ဩဂုတ်လတွင်

ဗြိတိသျှနိုင်ငံ့ခေါင်းဆောင် ဝင်စတင်ချာချီလ် ဤသို့ရေးသားခဲ့သည်။ “၁၉၁၄ ခုနှစ်၏နွေဦးနှင့်နွေကာလတို့သည် ဥရောပတိုက်တွင် ထူးခြားစွာအေးချမ်းသာယာခဲ့သည်။” အနာဂတ်အခြေအနေများ ကောင်းလာဖို့သာ လူတို့တွေ့မြင်နေကြသည်။ World War I ဟူသည့်စာအုပ်တွင် လူဝစ်စနိုင်ဒါက “၁၉၁၄ ခုနှစ်သည်လောကီသားအပေါင်း ကောင်းရာမွန်ရာဖြစ်လာဖို့ကိုသာ မျှော်လင့်နေကြသည်” ဟုရေးခဲ့သည်။

မှန်သည်၊ ဂျာမနီနှင့်ဗြိတိန်နိုင်ငံတို့သည် နှစ်ချီ၍တုပြိုင်နေကြသည်။ မည်သို့ဆိုစေ၊ သမိုင်းဆရာ ဂျီပီဂွပ်ချ်သည် သူရေးသော Under Six Reigns စာအုပ်တွင်ပြောသည်အတိုင်းပင် “၁၉၁၄ ခုနှစ်မှာထက် ၁၉၁၁၊ ၁၉၁၂၊ သို့မဟုတ် ၁၉၁၃ ခုနှစ်တွင် ဥရောပအတွင်းပဋိပက္ခဖြစ်စရာအကြောင်း ပိုရှိခဲ့သည်။ . . . ထိုနှစ်၌မူကား ယင်းအစိုးရနှစ်ခု၏ဆက်ဆံရေးသည် ယခင်နှစ်များထက် သာ၍သင့်မြတ်နေပါသည်။” ဗြိတိန်နိုင်ငံ၏ ၁၉၁၄ ခုနှစ်ဝန်ကြီးအဖွဲ့ဝင်ဖြစ်သူ ဝင်စတင်ချာချီလ်က “ကျွန်ုပ်တို့နည်းတူ ဂျာမနီလည်း ငြိမ်းချမ်းရေးကိုသာ လိုလားပုံရှိနေသည်” ဟုဆိုသည်။

သို့ရာတွင် ဇွန်လ ၂၈ ရက်၊ ၁၉၁၄ ခုနှစ်တွင်သြစတြီးယား-ဟန်ဂေရီအင်ပါယာ၏ အိမ်ရှေ့မင်းသားအား စာရာဂျီဗိုမြို့၌ လုပ်ကြံသတ်ပစ်သည်နှင့် မိုးကုတ်စက်ဝိုင်းပေါ် အန္တရာယ်ပေါ်လာသည်။ တစ်လအကြာတွင် ဧကရာဇ် ဖရန့်ဇ်ယိုးဇက်ဖ်သည် စာဘီယာနိုင်ငံကိုစစ်ကြေညာလိုက်ပြီး ဝင်တိုက်ခိုက်လေတော့သည်။ ထိုအချိန်အတွင်း ၁၉၁၄ ခုနှစ် ဩဂုတ်လ ၃ ရက်နေ့ညတွင် ကိုင်ဇာဝီလ်ဟင်အမိန့်နှင့် ဘဲလ်ဂျီယံနိုင်ငံကို ဂျာမန်တပ်မဟာသည် ရုတ်တရက်စီးနင်းဝင်ရောက်တိုက်ခိုက်၍ ပြင်သစ်နိုင်ငံအထိစစ်ဆင်သွားသည်။ နောက်နေ့တွင်ပင် ဗြိတိန်က ဂျာမနီကိုစစ်ကြေညာပြန်သည်။ ဇာရ်နစ်ကိုလပ်စ်မူကား ဂျာမနီနှင့်သြစတြီယား-ဟန်ဂေရီနိုင်ငံကို တိုက်ခိုက်ဖို့အတွက် ကြီးမားသောရုရှားစစ်တပ်ကို အသင့်ပြင်ဆင်ထားရန်အမိန့်ပေးခဲ့သည်။ ဥရောပတိုက်ရှိဘုရင်များအား အချင်းချင်းသွေးသွန်းသတ်ဖြတ်ခြင်းမပြုစေရန် မြင့်မြတ်သောမဟာမိတ်စာချုပ်က လုံးဝမတားဆီးနိုင်ခဲ့ပါ။ သို့သော် ထိုထက်မကထိတ်လန့်စရာများ ရှိသေးသည်။

ခရစ္စမတ်စ်မတိုင်မီ ပြီးဆုံးမည်လော

စစ်ဖြစ်လာသည့်အတွက် လူတို့စိတ်မပျက်ခဲ့ပါ။ ယင်းကအခြေအနေသာ၍ကောင်းလာစေမည်ဟု ထင်မှတ်ကြပြီး ဥရောပတစ်လျှောက် ယင်းကို ထောက်ခံအားပေးသူ အမြောက်အမြားပေါ်လာသည်။ The Struggle for Mastery in Europe—1848-1918 စာအုပ်တွင် အေ၊ ဂျေ၊ ပီ တေလာ ဤသို့ရေးသားခဲ့သည်။ “၁၉၁၄ ခုနှစ်ကစစ်၏အန္တရာယ်ကို မည်သူမျှအလေးအနက်သဘောမထားကြပါ။ စစ်မှုသက်သက်သာဟု ယူမှတ်ကြသည်။ . . . လူမှုရေးကပ်ကြီးဆိုက်မည်ဟု တစ်ယောက်မျှမမျှော်လင့်ခဲ့ပေ။” ယင်းအစား လအနည်းငယ်အတွင်း စစ်ပွဲတိုက်ပြီးမည်ဟူ၍သာ လူအများကြိုပြောကြသည်။

သို့ရာတွင် ဥရောပတိုက်သားများအတွက် ၁၉၁၄ ခုနှစ်ခရစ္စမတ်စ်မတိုင်မီ တောင်ဘက်ဆွစ်ဇလန်နိုင်ငံမှ မြောက်ဘက်ဘယ်လ်ဂျီယံနိုင်ငံကမ်းခြေအထိ မိုင် ၄၅၀ ကျော်တစ်လျှောက်ရှိ မြေကတုတ်ကျင်းတို့တွင် သွေးချောင်းစီးသည့်ရှေ့မတိုးနောက်မဆုတ်အခြေအနေ ဖြစ်ပေါ်လာပေပြီ။ ယင်းကိုနောက်ဘက်ပိုင်းရှေ့တန်းဟုခေါ်ကြသည်။ ဂျာမန်စာရေးဆရာ ဟာဘတ်ရှိုးလ်စ်ဘတ်ခ်က ယင်းအကြောင်းကို ၁၉၁၄ ခုနှစ်၏နောက်ဆုံးရက်စွဲတွင် သူ၏နေ့စဉ်မှတ်တမ်း၌ ဤသို့ရေးသားထားသည်။ “ဤကြောက်မက်ဖွယ်စစ်ပွဲသည် ဆက်တိုက်ဆက်တိုက်သာ ဖြစ်ပျက်နေသည်။ စစ်စဖြစ်ချိန်က ရက်သတ္တပတ်အနည်းငယ်အတွင်း ပြီးဆုံးမည်ဟု သင်ထင်ခဲ့သော်လည်း အဆုံးတိုင်ရန်လမ်းစကို လုံးဝမမြင်ပါ။” ဥရောပတိုက်အတွင်း အခြားအရပ်ဒေသများတွင်လည်း ရုရှား၊ ဂျာမနီ၊ ဩစတြီးယား-ဟန်ဂေရီနှင့် စာဘီယာတွင် သွေးချောင်းစီးသောတိုက်ပွဲများဆင်နွှဲနေကြသည်။ ထိုတိုက်ပွဲသည် မကြာမီပင် ဥရောပတိုက်ကိုကျော်ပြီး သမုဒ္ဒရာများတွင်၊ အာဖရိကတိုက်၊ အရှေ့အလယ်ပိုင်းဒေသနှင့် ပစိဖိတ်ရှိကျွန်းများပေါ်တွင် စစ်ပွဲများဆင်နွှဲလေတော့သည်။

နောင်လေးနှစ်အကြာတွင် ဥရောပတိုက်သည် အကြီးအကျယ်ပျက်စီးလေ၏။ ဂျာမနီ၊ ရုရှားနှင့်သြစတြီးယား-ဟန်ဂေရီနိုင်ငံများအသီးသီး စစ်သားတစ်သန်းမှနှစ်သန်း ဆုံးရှုံးခဲ့သည်။ ၁၉၁၇ ခုနှစ်၊ ဗိုလ်ရှီဗစ်တော်လှန်ရေးအတွင်း ရုရှား၏မင်းအာဏာစက်ပင် လုံးဝပျောက်ဆုံးခဲ့သည်။ ဥရောပရှိရှင်ဘုရင်များနှင့် သူတို့ကိုချီးမြှင့်သည့်ဓမ္မဆရာများ အထိတ်တလန့်ဖြစ်ကြရသည်တကား။ ခေတ်သမိုင်းဆရာများ ယခုတိုင်အံ့သြတကြီးဖြစ်နေကြတုန်းပင်။ ဂေါ်ဒင် ဘရွတ်ရှဲပတ်ရေးသော Royal Sunset စာအုပ်တွင် သူကဤသို့မေးမြန်းထားသည်။ “သွေးသား သို့မဟုတ် အိမ်ထောင်ပြုခြင်းဖြင့် အများအားဖြင့်အမျိုးတော်စပ်သူ ရှင်ဘုရင်များသည် မင်းမျိုးရာဇာတည်တံ့ရေးကို ကြိုးစားစီမံလျက်နှင့် သူတို့အများစုသေဆုံးရပြီး ကျန်ကြွင်းသူများ အာဏာလျော့နည်းရသည်အထိ မောင်နှမချင်းသတ်ဖြတ်သွေးစီးခြင်းအမှုကို ပြုကြသည်တိုင် မည်သို့ဖြစ်ပျက်ရသနည်း။”

ပြင်သစ်သမ္မတနိုင်ငံသည်လည်း စစ်သားတစ်သန်းကျော်ဆုံးရှုံးခဲ့ရသည်။ စစ်မဖြစ်မီကတည်းက မင်းအာဏာစက်၏အရှိန်အဝါကျဆင်းနေသည့် ဗြိတိသျှအင်ပိုင်ယာသည် စစ်သည် ၉၀၀,၀၀၀ ကျော်ဆုံးရှုံးခဲ့ရ၏။ စုစုပေါင်းဆိုလျှင် စစ်သည် ၉ သန်းကျော်သေကျေပျက်စီး၍ အခြား ၂၁ သန်းမူကားဒဏ်ရာရခဲ့ကြသည်။ ပျက်စီးခဲ့သောစစ်မှုထမ်းမဟုတ်သူများနှင့်စပ်လျဉ်း၍ The World Book Encyclopedia ကဤသို့ဆိုသည်။ “အရပ်သားများအနက် ရောဂါ၊ ငတ်ပြတ်မှုနှင့်စစ်မှုကြောင့် မည်မျှသေဆုံးသည်ကိုကား အတိအကျမပြောနိုင်ပါ။ သမိုင်းဆရာအချို့က သေဆုံးသူအရပ်သားတို့၏အရေအတွက်မှာ စစ်မှုထမ်းများနှင့် အတူတူပင်ဖြစ်သည်ဟုဆိုကြသည်။ ၁၉၁၈ ခုနှစ်စပိန်တုတ်ကွေးသည်လည်း တစ်ကမ္ဘာလုံးတွင် လူ ၂၁,၀၀၀,၀၀၀ တို့၏အသက်ကိုစတေးခဲ့သည်။

အကုန်အစင်ပြောင်းလဲ

ထိုစဉ်က စစ်ပွဲကြီးဟုခေါ်ဝေါ်ခဲ့သည့် ယင်းတိုက်ပွဲပြီးနောက် ကမ္ဘာသည် လုံးဝပြောင်းလဲသွားသည်။ ယင်း၌ ခရစ်ယာန်ဘောင်ချာ့ချ်များစွာ အားတက်သရောပါဝင်တိုက်ခိုက်ခဲ့ရာ ကပ်ကျော်သူများစွာသည် စိတ်ပျက်စွာဖြင့် ဘာသာရေးကိုကျောခိုင်းပြီး ဘုရားမရှိအယူကို သက်ဝင်ယုံကြည်လေသည်။ အခြားသူများမှာမူ စည်းစိမ်ဥစ္စာနှင့်အပျော်အပါးကို ဆည်းပူးလေတော့သည်။ ပါမောက္ခမိုဒရစ္စအဲခ်စတိုင်းစ်ရေးသည့် Rites of Spring အရဆိုလျှင် ၁၉၂၀ ပြည့်လွန်နှစ်များတွင် “ဇိမ်ခံပျော်ပါး၊ အတ္တတပ်မက်လွန်ဝါဒများကို လွန်ကျွံစွာလိုက်စားခြင်းကို တွေ့ရှိရသည်။”

“ယင်းစစ်ပွဲသည် သီလစံချိန်များကို တိုက်လှန်ချိုးဖျက်ခဲ့သည်” ဟုပါမောက္ခအဲခ်စတိုင်းစ်ရှင်းပြသည်။ နှစ်ဘက်စလုံးမှလူတို့အား အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းကို သီလရေးကောင်းသည်ဟု ယူမှတ်ရန် သွန်သင်ခံကြရသည်။ ယင်းသည် “ရဟူဒီ-ခရစ်ယာန်ကျင့်ဝတ်တရားကိုအခြေခံသည်ဟုဆိုသော ကိုယ်ကျင့်တရားစနစ်စဉ်ကို ရိုင်းစိုင်းစွာတိုက်ခိုက်ခြင်းမျှသာဖြစ်သည်” ဟုအဲခ်စတိုင်းစ်ဝန်ခံသည်။ “မကြာမီပင် အနောက်ဘက်ရှေ့တန်းတွင် ပြည့်တန်ဆာအိမ်များကို စစ်စခန်းများအတွက် အဓိကတွဲထားပေးလေ့ရှိသည်။ . . . စစ်မှုတွင်မပါဝင်သူများအသိုင်းအဝိုင်းတွင်လည်း သီလရေးယိုယွင်းပျက်ပြားကုန်သည်။ ပြည့်တန်ဆာလုပ်ငန်းသည် အလွန်တွင်ကျယ်လာ၏။”

၁၉၁၄ ခုနှစ်သည်များစွာပြောင်းလဲမှုပြုခဲ့သည်။ ယင်းကြောင့် သာ၍ကောင်းသောကမ္ဘာ မဖြစ်ပေါ်လာပါ။ ထိုစစ်သည်လည်း လူအများမျှော်လင့်သကဲ့သို့ “စစ်ပွဲတကာကို အဆုံးသတ်သည့်စစ်” မဖြစ်ခဲ့ပါ။ ယင်းအစား သမိုင်းဆရာမ ဘာဘရာတပ်ခ်မင်သတိပြုခဲ့သည်အတိုင်းပင် “၁၉၁၄ ခုနှစ် အထိကြီးကျယ်စွာမျှော်မှန်းခဲ့ရာများနှင့် စိတ်ဓာတ်တက်ကြွမှုများသည် စိတ်ပျက်ပြားခြင်းပင်လယ်ပြင်အောက် ဖြည်းဖြည်းချင်းကျဆင်းသွားလေတော့သည်။”

သို့ရာတွင် ၁၉၁၄ ခုနှစ်၏ဝမ်းနည်းဖွယ်အဖြစ်ကို တွေ့မြင်သူအချို့မူကား ထိုနှစ်၏အဖြစ်အပျက်များကြောင့် အထိတ်တလန့်မဖြစ်ခဲ့ပါ။ အမှန်ဆိုရလျှင် စစ်ပွဲမဖြစ်မီကတည်းက “ပြင်းထန်သောဒုက္ခကာလ” ဖြစ်မည်ကို သူတို့ကြိုသိရှိထားကြသည်။ ဤသူများကား မည်သူတို့နည်း။ အခြားသူများမသိသည့် အဘယ်အကြောင်းကို သူတို့ကြိုသိကြသနည်း။

[စာမျက်နှာ ၅ ပါ လေးထောင့်ကွက်]

၁၉၁၄ တွင်ဗြိတိသျှလူမျိုး၏ အကောင်းမြင်ဝါဒ

“အနှစ်တစ်ရာအတွင်း ကျွန်ုပ်တို့၏ကျွန်းပတ်လည်ရှိပင်လယ်ရေတွင် ရန်သူမပေါ်မထွန်းခဲ့ပါ။ . . . ဤငြိမ်းချမ်းသောကမ်းခြေတစ်လျှောက် အန္တရာယ်ပေါ်ထွက်လာမည်ဟူ၍ပင် စဉ်းစားယူရခဲယဉ်းခဲ့သည်။ . . . လန်ဒန်မြို့သည်လည်း တစ်ခါနှင့်မျှမတူ မြူးထူးပျော်ပါး၊ ဖွံ့ဖြိုးတိုးတက်နေသည်။ လုပ်ကိုင်သင့်၊ ကြည့်ရှုသင့်၍ကြားနာသင့်သည့်အရာများသည်လည်း ဤအခါသမယမျှ မပေါများခဲ့ပါ။ ပြိုင်နှိုင်းဘက်မရှိသော ၁၉၁၄ ခုနှစ်အချိန်သည် ခေတ်တစ်ခေတ်၏အဆုံးဖြစ်ကြောင်းကို သက်ကြီးသက်ငယ်များ တွေ့မြင်နေရသည့်အရာတို့က သံသယမဝင်စေခဲ့ပါ။”—ဂျက်ဖရီမားကပ်စ်ရေးသားသည့် Before the Lamps Went Out.

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ