ကမ္ဘာတွင်အကြီးဆုံးဆိပ်ကမ်းတစ်ခု၌ဟောပြောရန်စိန်ခေါ်မှု
ရော့တ်တဒမ်သည် မြောက်ဘက်ပင်လယ်သို့စီးဆင်းသွားသော ဥရောပတိုက်၏သွားလာလှုပ်ရှားမှုအများဆုံးရှိသည့် ရိုင်းမြစ်ပေါ်တွင် တည်ရှိသည်။ ယင်းသည် ကမ္ဘာ့အကြီးဆုံးပင်လယ်ဆိပ်ကမ်းမြို့များတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ရေကြောင်းပို့ဆောင်ရေးဌာန ၅၀၀ ကျော်မှသင်္ဘောများဝင်ထွက်သွားလာနေသဖြင့် ကမ္ဘာတစ်ဝန်းရှိနိုင်ငံပေါင်း ၈၀၀ ကျော်နှင့် တိုက်ရိုက်ဆက်သွယ်မှုရှိနေသည်။ ယင်းသည် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းအမှန်ဖြစ်သည်။
သို့သော် နှစ်ပေါင်း ၆၅၀ ကြာတည်ရှိခဲ့သည့် ဤဒတ်ချ်ဆိပ်ကမ်းသည် သင်္ဘောလမ်းဆုံဖြစ်ရုံမက လူများတွေ့ဆုံရာနေရာလည်းဖြစ်သည်။ ကမ္ဘာ့ဒေသအသီးသီးမှသင်္ဘောသားများသည် နေ့စဉ်မစဲရောက်ရှိလာကြသည်။ ဤသင်္ဘောသားများသည် နယ်သာလန်ရှိယေဟောဝါသက်သေများနှင့်မလွဲနိုင်ပါ။ အခြားဒေသရှိသက်သေခံများနည်းတူ သူတို့လည်း ဘုရားသခင့်နိုင်ငံတော်က ကမ္ဘာကြီးကိုပရဒိသုအသွင်သို့ မကြာမီပြောင်းလဲပေးတော့မည့် ကမ္ဘာ့အကောင်းဆုံးသတင်းကို သင်္ဘောသားများအပါအဝင် ဒေသအသီးသီးမှလူများအားဟောပြောရန် နည်းလမ်းရှာဖွေကြသည်။—ဒံယေလ ၂:၄၄။ လုကာ ၂၃:၄၃။ ၁ တိမောသေ ၄:၁၀။
“ပြောင်းပြန်သာသနာပြုတာဝန်”
လွန်ခဲ့သည့်နှစ်အနည်းငယ်ခန့်က ရော့တ်တဒမ်ဆိပ်ကမ်းတစ်လျှောက်ရှိ သင်္ဘောတစ်စီးမှတစ်စီးသို့ဟောပြောခြင်းလုပ်ရန် နယ်သာလန်ရှိကင်းမျှော်စင်အသင်းသည် အချိန်ပြည့်ဟောပြောသူ သို့မဟုတ် ရှေ့ဆောင် ခြောက်ဦးကို ခေါ်ဖိတ်ခဲ့သည်။ ရှေ့ဆောင်များသည် အခွင့်အရေးကို အားတက်သရောလက်ခံခဲ့ကြသည်။ သူတို့သည် ဆိပ်ကမ်းအာဏာပိုင်များထံမှ သိသင့်သိအပ်သည့်အချက်အလက်များကိုစုဆောင်းရယူခြင်း၊ ဆိပ်ကမ်းအခြေအနေကိုလေ့လာခြင်းများပြုပြီးသောအခါ မိမိတို့သည် စိန်ခေါ်မှုတာဝန်တစ်ရပ်ကို ရရှိခဲ့ကြောင်း သိမြင်လာခဲ့သည်။
ဆိပ်ကမ်းဟောပြောခြင်းလုပ်ငန်းညှိနှိုင်းရေးမှူး မီနဒ်က “ပြောင်းပြန်သာသနာပြုတာဝန်နဲ့တူတယ်” ဟုပြောသည်။ သူဘာကိုဆိုလိုသနည်း။ “ခါတိုင်းဆိုရင် သာသနာပြုတွေဟာ လူတွေဆီရောက်ဖို့ ခရီးအဝေးကြီးသွားကြရတယ်။ ဒါပေမယ့် ကျွန်တော်တို့ကြတော့ ခရီးအဝေးကြီးကလူတွေဟာ ကျွန်တော်တို့ဆီကိုလာကြတယ်။ ကျွန်တော်တို့ဟောပြောရတဲ့ရပ်ကွက်ဟာ ဟောနိုင်သလောက် နိုင်ငံစုံရောက်တယ်” ဟုသူဆက်၍ပြောသည်။ ၁၉၈၅ ခုနှစ်ထုတ် ရော့တ်တဒမ်ယူရိုပို့တ် နှစ်ချုပ်စာအုပ်တွင် ရှေ့ဆောင်များဤအထူးလုပ်ငန်းကိုစတင်သည့် ၁၉၈၃ ခုနှစ်က ရော့တ်တဒမ်ဆိပ်ကမ်းသို့ ၇၁ နိုင်ငံမှ ပင်လယ်ကူးသင်္ဘော ၃၀,၈၂၀ စင်းဆိုက်ကပ်ခဲ့သည်ဟု ဖော်ပြခဲ့သည်။ ယင်းကား နိုင်ငံစုံပင် ဖြစ် ပေသည်။
မကြာမီ သင်္ဘောသားများက ရှေ့ဆောင်များကိုခေါ်သည့် “ဆိပ်ကမ်းသာသနာပြုများ” ဟူသောအမည်သည် အပြည်ပြည်ဆိုင်ရာခံစားချက်ကိုဖြစ်ပေါ်စေသည်။ ဂဲရက်တ်၊ ပီတာနှင့် သူ၏ဇနီးကာရီးန်တို့သည် ဒတ်ချ်လူမျိုးများဖြစ်ကြပြီး ဒယ်နီယယ်လ်နှင့်မီနဒ်တို့က အင်ဒိုနီးရှားမှလာကြသည်။ စော်လမွန်ကမူ အီသီယိုးပီးယားလူမျိုးဖြစ်သည်။ သူတို့သည် ဥရောပ၊ အာရှ နှင့်အာဖရိကတို့မှ အသီးသီးဆင်းသက်လာကြရာ ဘာသာစကားကွာခြားမှုတံတိုင်းရှစ်ခုကို သူတို့ကျော်လွှားနိုင်ကြသော်လည်း ဤလုပ်ငန်းတွင်သူတို့အောင်မြင်ရန် အခြားအတားအဆီးများကို ကျော်လွှားကြရဦးမည်ဖြစ်သည်။
“စက်ဘီးအသင်းတော်”
“သင်္ဘောဆိပ်ခံပေါ်ကနေလျှောက်သွား၊ တံတားပေါ်တက်ပြီး သင်္ဘောတက်စီးရုံလုပ်လို့တော့မရဘူး” ဟု အသက် ၃၂ နှစ်ရှိ သင်္ဘောသားဖြစ်ခဲ့ဖူးသူပီတာက ပြောပြသည်။ “ဒေသဆိုင်ရာခွင့်ပြုချက်များလိုတယ်။” ယင်းကား ဆိပ်ကမ်းနယ်မြေထဲဝင်ရန်၊ သင်္ဘောပေါ်သို့တက်ရန် ခွင့်ပြုချက်များလိုသည်ဟုဆိုလိုခြင်းဖြစ်သည်။ “စည်းကမ်းသိပ်ကြပ်မတ်တယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ဓာတ်ပုံတွေနဲ့ တရားဝင်တံဆိပ်တွေပါတဲ့ခွင့်ပြုချက်ရှစ်ခုရပြီးတဲ့နောက်ပိုင်းမှာ ကျွန်တော်တို့အစွမ်းကုန်ကြိုးစားနိုင်ဖို့ အဆင်သင့်ဖြစ်ခဲ့တယ်” ဟုပီတာကပြန်ပြောပြသည်။ ၂၃ မိုင်ရှည်သောဆိပ်ကမ်းကို အပိုင်းသုံးပိုင်းပိုင်းပြီး တစ်ပိုင်းစီကို ရှေ့ဆောင်နှစ်ဦးစီတာဝန်ယူကြရန်ဖြစ်သည်။
နိုင်ငံတကာက ဘာသာစကားမျိုးစုံပြောသောသင်္ဘောသားများနှင့် သင်မည်သို့ဆက်ဆံမည်နည်း။ ရှေ့ဆောင်တို့သည် ဘာသာစကားပေါင်းသုံးဆယ်ဖြင့် ကျမ်းစာစာပေများကိုစုဆောင်းထားပြီး သူတို့၏စက်ဘီးများတွင် နိုင်သရွေ့တင်သွားသည့်တိုင် စာပေများလုံလောက်သည်ဟူ၍မရှိပါ။ “ဘယ်ဘာသာစကားနဲ့စာပေကိုလိုအပ်တယ်ဆိုတာ ဘယ်တော့မှအသေအချာမသိနိုင်ဘူး။ မယူသွားမိတဲ့ဘာသာစကားနဲ့စာပေကို သင်္ဘောသားတွေလိုချင်ပြီး သူတို့သင်္ဘောက သုံးနာရီလောက်ကြာရင်ထွက်တော့မယ်ဆိုတာမျိုး ခဏခဏကြုံရတယ်” ဟုအသက် ၃၀ နှစ်ရှိစော်လမွန်က ခပ်ပြုံးပြုံးပြောပြသည်။ ရှေ့ဆောင်တစ်ဦးက သင်္ဘောသားများကိုစိတ်ပျက်မသွားစေလိုသဖြင့် ရယူလိုသည့်စာပေကို အမြန်ပြန်ပြေးယူပေးသည်။ “စက်ဘီးနဲ့သုံးနာရီခရီးဝေးတဲ့ သင်္ဘောဆိပ်နယ်မြေထဲမှာ ကျွန်တော်တို့ဟောပြောနေတုန်း အဲဒီလိုပြဿနာမျိုးကြုံရရင် ဒါကိုဖြေရှင်းဖို့နောက်တစ်နည်းလိုအပ်လာတယ်ဆိုတာထင်ရှားလာတယ်” ဟုပီတာကပြောပြသည်။
တစ်နေ့တွင် အဝတ်လျှော်စည်ပိုင်းအရွယ်ရှိ စက်ဘီးနှင့်ဆွဲ၍ရသည့်နောက်တွဲနှစ်တွဲနှင့်ရှေ့ဆောင်များကို ဆိပ်ကမ်းနယ်မြေအတွင်းနေထိုင်သောသက်သေခံအချို့တို့ တအံ့တသြတွေ့လိုက်ရကြသည်။ ရှေ့ဆောင်များသည် လိုအပ်သည့်ဘာသာစကားနှင့်စာပေများကို နောက်တွဲများတွင်အပြည့်ထည့်ပြီး စက်ဘီးနှင့်တွဲကာ ဆိပ်ကမ်းသို့မောင်းနှင်လာကြသည်။ မကြာမီ စက်ဘီးနောက်တွဲများသည် မြင်နေကျမြင်ကွင်းဖြစ်သွားတော့သည်။ “အဲဒါတွေဟာ ကျွန်တော်တို့ရှိနေတယ်ဆိုတဲ့အမှတ်အသားပဲ” “ဂိတ်စောင့်က ကျွန်တော်တို့လာတာတွေ့ပြီဆိုရင် တံခါးကိုဖွင့်ပြီး ကျွန်တော်တို့ဝင်နိုင်ကြောင်းလက်ဝှေ့ရမ်းပြတယ်။ နောက် ‘စက်ဘီးအသင်းတော်သွားပြီဟေ့’ လို့အော်ပြောတယ်” ဟုရှေ့ဆောင်တစ်ဦးကပြောသည်။ အခြားအချိန်များတွင် “စက်ဘီးအသင်းတော်” လာနေသည်ကို အစောင့်သတိထားမိသောအခါ တံခါးဖွင့်ပေးပြီး “ပေါလစ်ရှ် (ပိုလန်) နှစ်စင်း ချိုင်းနိစ် (တရုတ်) တစ်စင်း” ဟုအော်ပြောတတ်သည်။ ဤသို့အကူအညီဖြစ်စေသည့် စကားရိပ်ပေးခြင်းသည် သင့်တော်သောဘာသာစကားနှင့်စာပေများကိုယူပြီး သင်္ဘောပေါ်တက်နိုင်ရန် ရှေ့ဆောင်များကိုအထောက်အကူပြုသည်။ သို့သော် သင့်တော်သောအချိန်တွင်သွားရန်လည်းလိုသေးသည်။ အဘယ်ကြောင့်နည်း။
တော်လျော်ချိန်တွင်လည်ပတ်ခြင်းများနှင့်အချိန်တန်သတင်း
ရှေ့ဆောင်တို့သည် သင်္ဘောသားများနံနက်နှင့်မွန်းလွဲပိုင်းခေတ္တအနားယူချိန်များနှင့် နေ့လည်စာစားချိန်များတွင်သာ သူတို့နှင့်စကားပြောနိုင်ကြသည်။ ထမင်းချက်မှာမူ အလုပ်ချိန်ကွာခြားပြီး ကပ္ပတိန်နှင့်အခြားအရာရှိများကိုမူ တစ်ချိန်လုံးတွေ့နိုင်သည်။ ထို့ပြင် ဗြိတိသျှသင်္ဘောများသည် ရော့တ်တဒမ်ဆိပ်ကမ်းသို့ ဗြိတိသျှအချိန်နာရီ (ဒတ်ချ်အချိန်နှင့်တစ်နာရီကွာ) အတိုင်းအတိအကျဆိုက်ကပ်သည်။ သို့မှသာ ဗြိတိသျှမဟုတ်သူအခြားသင်္ဘောသားများအလုပ်ပြန်ဆင်းချိန်တွင် သူတို့၏သင်္ဘောသားများသည် ထမင်းစားခန်းသို့ဝင်နိုင်ကြမည်ဖြစ်သည်။ ထို့ကြောင့် ဆိပ်ကမ်းရှေ့ဆောင်တစ်ဦးအတွက် နာရီကောင်းကောင်းတစ်လုံးလိုအပ်သည်မှာ ထင်ရှားသည်။
သင်္ဘောသားများသည် သူတို့ခေတ္တအနားယူချိန်များတွင် ကျမ်းစာအကြောင်းဆွေးနွေးရန် ဆန္ဒရှိကြပါသလော။ “အများအားဖြင့်တော့ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းနဲ့ပတ်သက်ရင် သူတို့သဘောထားကြီးကြပါတယ်။ လူသားတွေရဲ့ပျက်ကွက်မှုကို သူတို့တိုက်ရိုက်မြင်လို့ဖြစ်နိုင်တယ်” ဟုအသက် ၃၁ နှစ်ရှိ ဂဲရက်တ်ကပြောသည်။ ဥပမာအားဖြင့်၊ သင်္ဘောသားအချို့က ဂဲရက်တ်ကိုဤသို့ပြောပြသည်။ အငတ်ဘေးဆိုက်နေသောအီသီယိုးပီးယားသို့ မိမိတို့သင်္ဘောဖြင့် အသီးအနှံများစွာကို သွားရောက်ပို့ပေးရာ လပေါင်းများစွာကြာ၍ ထိုဆိပ်ကမ်းသို့မိမိတို့တစ်ဖန်ပြန်လည်ရောက်ရှိသည့်အခါ ယင်းတို့သည် ဆိပ်ကမ်း၌ပင်ရှိနေသေးပြီး ပုပ်သိုး၍ကြွက်များဖျက်ဆီးထားကြောင်းကို တွေ့ရသည်။ “သင်္ဘောသားများစွာဟာ လူတွေရဲ့အပြုအမူအပေါ်မှာ မျှော်လင့်ချက်မထားတော့တာ အံ့သြစရာမဟုတ်ဘူး။ ဒါကြောင့် လူသားအားလုံးအတွက် ကျမ်းစာပေးထားတဲ့ကတိတော်ဟာ သူတို့ကိုဆွဲဆောင်မှုဖြစ်စေတယ်” ဟုဂဲရက်တ်က မှတ်ချက်ချသည်။
“လွန်ခဲ့တဲ့ဆယ်နှစ်လောက်ကဆိုရင် သူ့သင်္ဘောသားတွေဟာ ကျွန်တော့်ကိုသင်္ဘောပေါ်ကနေမောင်းထုတ်ကြမှာပဲ။ ဒါပေမယ့် ဒီနေ့ပြောင်းလဲနေတဲ့ကမ္ဘာ့အခြေအနေက ကျမ်းစာရဲ့အချိန်တန်သတင်းစကားတွေကို သူတို့စိတ်ဝင်စားဖို့ နှိုးဆွပေးတယ်လို့ ဂျာမန်လူမျိုးကပ္ပတိန်တစ်ယောက်က ကျွန်တော့်ကိုပြောတယ်” ဟုပီတာပြောသည်။ ကိုရီးယားသင်္ဘောသားထမင်းချက်တစ်ယောက်က အီရန်အီရတ်စစ်ပွဲအတွင်းတွင် မိမိအလုပ်လုပ်သော အကြီးစားရေနံတင်သင်္ဘောအား ဒုံးကျည်ထိမှန်ပြီး ပါးရှန်းပင်လယ်ကွေ့တွင် မီးလောင်သွားသည်။ သူဆက်အသက်ရှင်ခဲ့လျှင် ဘုရားကိုရှာမည်ဟု သူသစ္စာပြုခဲ့သည်။ သူအမှန်လွတ်မြောက်ခဲ့ပြီး နောက်ပိုင်းရော့တ်တဒမ်ဆိပ်ကမ်း၌ ရှေ့ဆောင်များသူ့ကိုတွေ့သောအခါ ကိုရီးယားဘာသာစကားဖြင့်ရနိုင်သမျှသောစာအုပ်များကို သူတောင်းဆိုခဲ့သည်။
သင်္ဘောအများစုသည် ဆိပ်ကမ်းတွင် ရက်ပေါင်းများစွာဆိုက်ကပ်ကြသည်။ ဤသို့ဖြင့် အလုပ်ပြီးချိန်တွင်ကျမ်းစာဆွေးနွေးရန် ရှေ့ဆောင်များပြန်လည်ပတ်ဖို့ နှစ်ကြိမ်သုံးကြိမ် သို့မဟုတ် ထိုထက်ပို၍အချိန်ရစေသည်။ သို့သော် သင်္ဘောစက်ပျက်သောအခါ သုံးပတ်ခန့်ကျောက်ချထားရသည်။ “အဲဒါ ကုမ္ပဏီအတွက် မကောင်းဘူး။ ဒါပေမယ့် ကျွန်တော်တို့လုပ်ငန်းအတွက်ကောင်းတယ်” ဟုရှေ့ဆောင်တစ်ဦးက ပြုံးစစနှင့်ပြောသည်။ ရှေ့ဆောင်များသည် ကျမ်းစာဆွေးနွေးခြင်းကို ဆက်လက်ပြုလုပ်နိုင်သည့်အပြင် “ကျမ်းစာ—ဤလူမျိုးဆက်အတွက်စာအုပ်တစ်အုပ်” အမည်ရှိသော အသင်းမ၏ရုပ်သေအစီအစဉ်ကို ထမင်းစားခန်းတွင်ပြသရန် စီစဉ်ကြသည်။ သင်္ဘောသားအချို့သည် ရော့တ်တဒမ်ရှိ နိုင်ငံခြားဘာသာစကားများပြောသည့် ယေဟောဝါသက်သေတို့၏အစည်းအဝေးများကို သင်္ဘောစက်ပြန်ကောင်းသည်အထိ တက်ရောက်ကြသည်။ စက်ပြန်ကောင်းသောအခါ ကျမ်းစာကိုပိတ်၊ သင်္ဘောကြိုးလည်းဖြုတ်၊ သင်္ဘောလည်းဆိပ်ကမ်းမှခွာပြီး တစ်စတစ်စနှင့်ပျောက်ကွယ်သွားတော့သည်။ သို့သော် ရှေ့ဆောင်များ၏စိတ်ထဲတွင်မူ ပျောက်မသွားပါလေ။
အားရှိစရာသင်္ဘောသားဇာတ်လမ်းများ
ဆိပ်ကမ်းရှေ့ဆောင်များသည် သတင်းစာများ သို့မဟုတ် ဆိပ်ကမ်းအာဏာပိုင်များ၏လူထုကွန်ပြူတာစနစ်များအားဖြင့် မိမိတို့လည်ပတ်ခဲ့သည့်သင်္ဘောများ၏အဝင်အထွက်ကို မျက်ခြည်မပြတ်စောင့်ကြည့်ကြသည်။ ယင်းတို့ထဲမှ တစ်စင်းစင်းဝင်လာသည်နှင့် ယခင်လည်ပတ်ခဲ့ဖူးသည့်သင်္ဘောသားများ မည်သို့ရှိကြသည်ကို သိလိုစိတ်ပြင်းပြကြသည်။ သင်္ဘောသားများပြောပြသည့်အဖြစ်အပျက်များကား စိတ်ဝင်စားဖွယ်ပါတကား။
သင်္ဘောသားတစ်ယောက် သင်္ဘောထွက်သွားသောအခါ သူ့လုပ်ဖော်ဆောင်ဖက်ငါးယောက်ကို သင်သည်မြေကြီးပရဒိသုတွင်ထာဝစဉ်အသက်ရှင်နိုင် စာအုပ်များဝေပေးပြီး ထိုခြောက်ဦးတို့သည် ကျမ်းစာသင်အံမှုပြုလုပ်ကြသည်။ ထိုသူသည် မိသားစုဘဝနှင့်ပတ်သက်သောအခန်းကိုလည်း အသံသွင်းထားပြီး ထမင်းစားခန်းထဲတွင် သင်္ဘောသားအားလုံးအတွက်အကျိုးရှိရန် ပြန်ဖွင့်ပြသည်။ အနီးအနားရှိ အဲန်တွပ်ဆိပ်ကမ်းတွင်ရှိသော ယေဟောဝါသက်သေတို့၏နိုင်ငံတော်ခန်းမသို့ သွားရောက်လည်ပတ်ဖူးသောသင်္ဘောသားတစ်ယောက်က ထမင်းစားခန်းနံရံတွင် စာလုံးကြီးဖြင့် “ယေဟောဝါသက်သေများ၏နိုင်ငံတော်ခန်းမ” ဟူသည့်စာတန်းကို ချိတ်ဆွဲထားသည်။ ထိုနောက် ကျမ်းစာစည်းဝေးပွဲကိုသူကျင်းပနေစဉ် သူနှင့်လာတက်ရောက်ရန် အခြားသင်္ဘောသားများကို သူဖိတ်ခေါ်ခဲ့သည်။ ထိုစာတန်းကိုမဖြုတ်မီ နောက်စည်းဝေးပွဲတစ်ခုကို သင်္ဘောသားများအား ထပ်မံခေါ်ဖိတ်သည်။ နောက်တစ်ပတ်တွင် စာတန်းနှင့်သင်္ဘောသားများသည် ထိုနေရာသို့တစ်ဖန်ရောက်ရှိလာကြပြန်သည်။
အချို့သင်္ဘောသားများသည် သူတို့၏စာအုပ်များကို ချောင်ထိုးမထားကြကြောင်းကိုလည်း ရှေ့ဆောင်များတွေ့ရှိရသည်။ “အနောက်အာဖရိကဆက်သွယ်ရေးအရာရှိအိုင်းဇက်ရဲ့အခန်းထဲဝင်လိုက်တဲ့အခါ အသင်းမထုတ်မဂ္ဂဇင်းတွေ၊ စာအုပ်တွေနဲ့ မှန်ပြမာတိကာစာအုပ်တို့ ပွင့်လျက်သားပြန့်ကျဲနေကြတာ ထိုင်စရာတောင်မရှိတာကိုတွေ့ရတယ်” ဟုမီနဒ်ကပြန်ပြောပြသည်။ အိုင်းဇက်လည်း မေးစရာကျမ်းစာမေးခွန်းတသီတတန်းကြီးဖြင့် ရှေ့ဆောင်များ၏တစ်ဖန်ပြန်လည်ပတ်မှုကို စောင့်မျှော်နေခဲ့သည်။
အချို့သင်္ဘောသားများသည် ရှေ့ဆောင်များသူတို့ထံပြန်လည်ပတ်သည်အထိမစောင့်ဆိုင်းကြချေ။ တစ်ညတွင် ဂဲရက်တ်အိပ်ရာဝင်ပြီးနောက်ပိုင်း သူ့တယ်လီဖုန်းသံမြည်လာသည်။
“ဘယ်သူများပါလိမ့်” ဟုတယ်လီဖုန်းကိုစမ်းရင်း ဂဲရက်တ်ရေရွတ်လိုက်သည်။
“ဟဲလို၊ ခင်ဗျားရဲ့မိတ်ဆွေပြောနေပါတယ်” ဟုရွှင်ပျသည့်အသံတစ်သံကိုကြားရသည်။
မည်သူများဖြစ်နိုင်မည်နည်းဟု ဂဲရက်တ်စဉ်းစားနေသည်။
“သင်္ဘောပေါ်ကခင်ဗျားရဲ့မိတ်ဆွေပါ” ဟုအသံထပ်မံထွက်ပေါ်လာသည်။
“အခု၊ မနက်သုံးနာရီထိုးပဲရှိသေးတယ်” ဟုဂဲရက်တ်ကပြောသည်။
“ဟုတ်ပါတယ်။ ဒါပေမယ့်၊ ရော့တ်တဒမ်ကို ကျွန်တော့်သင်္ဘောနောက်တစ်ခေါက်ပြန်ရောက်ရောက်ချင်း ခင်ဗျားဆီဖုန်းဆက်ရမယ်လို့ခင်ဗျားပြောထားတယ်လေ။ အခုကျွန်တော်ရောက်နေပြီ။” မကြာမီအတွင်း ဂဲရက်တ်သည် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို စိတ်ဝင်စားသော ထိုမိတ်ဆွေထံသို့ထွက်သွားလေတော့သည်။
“သင်၏အစာကိုပစ်ချလော့”
သင်္ဘောသားများထံမှ ကျမ်းစာစာပေများအတွက်ကျေးဇူးတင်စာကိုလည်း ရှေ့ဆောင်များရရှိကြသည်။ အောက်ပါတို့သည် ကောက်နှုတ်ထားရာအချို့ဖြစ်သည်။
‘သင်သည်မြေကြီးပရဒိသုတွင်ထာဝစဉ်အသက်ရှင်နိုင် စာအုပ်ကိုကျွန်တော်စဖတ်နေပါပြီ၊ . . . အရင်ကကျွန်တော်နားမလည်တဲ့အရာတော်တော်များကို အခုနားလည်လာပါပြီ။ ရော့တ်တဒမ်ကို ကျွန်တော်တို့သင်္ဘောတစ်ခါပြန်လာဦးမယ်လို့ မျှော်လင့်ပါတယ်။’—အဲန်ဂျလို။
‘စာအုပ်ကိုကျွန်မဖတ်ပြီးတော့ ရှင်တို့စာနဲ့ဖြေပေးဖို့ မေးခွန်းတွေပို့ပေးလိုက်တယ်’—အယ်လ်ဘာတာ။
‘အခုကျမ်းစာကို ကျွန်တော်နေ့တိုင်းဖတ်နေပါပြီ။ ခင်ဗျားတို့ရဲ့မိတ်ဆွေဖြစ်ရတာ ကျွန်တော်ဝမ်းသာပါတယ်။ ဘုရားသခင်ထံလမ်းညွှန်ပေးနိုင်တဲ့မိတ်ဆွေများကိုရရှိခြင်းဟာ ကျွန်တော့်ဘဝမှာ အကောင်းဆုံးဖြစ်ရပ်ပါပဲ။’—နီကီး။
အချို့သောစိတ်နှလုံးနွေးထွေးစေသည့်စာများသည် ဒေသနာ ၁၁:၁ တွင် “သင်၏အစာကို ရေပေါ်မှာပစ်ချလော့။ ကာလကြာမြင့်မှ တစ်ဖန်တွေ့လေဦးမည်” ဟူသည့်ကျမ်းစကားကို ရှေ့ဆောင်များအား သတိရစေသည်။ သင်္ဘောသားအချို့တို့သည် ယေဟောဝါဘက်တွင်ရပ်တည်လာကြသည်ကို သိရသောအခါ သူတို့အထူးရွှင်လန်းကြသည်။
ဥပမာအားဖြင့် ပိုလန်သင်္ဘောသား စတာနီစလာ့ဗ် သည် အသင်းမစာအုပ်မှ လေ့လာသိရှိရသည့်အရာများအတွက် နှစ်သက်ခိုက်သွားသည်။ ချက်ချင်းပင် ကျမ်းစာစာပေဆိုင်ရာစာကြည့်တိုက်ငယ်ကလေးတစ်ခုကို ကြိုးစားရယူပြီး ပင်လယ်ထဲရောက်နေစဉ် စာအုပ်တိုင်းကိုသူလေ့လာသည်။ “နောက်တစ်ခါသူ့ဆီကကျွန်တော်တို့သတင်းရတော့ သူနှစ်ခြင်းခံပြီးပြီလို့စာရေးပါတယ်” ဟုမီနဒ်ကပြောသည်။
ပြည်တွင်းခရီးတိုသွားလာရေးသင်္ဘောကပ္ပတိန်ဖော့ကတ်သည် ရော့တ်တဒမ်တွင် ပထမဆုံးအကြိမ်ဘုရားသခင့်နိုင်ငံတော်သတင်းကို ကြားခဲ့သည်။ နှစ်လကြာပြီးတိုင်း ကမ်းခြေတွင် တစ်ပတ်ကြာပြန်နေရရာ ထိုနားရက်ခုနှစ်ရက်ဆက်တိုက် ကျမ်းစာလေ့လာမှုကို သူပြုလုပ်သည်။ နောက်ထပ်နှစ်လခရီးမထွက်ခွာမီ ရှေ့ဆောင်များကသူ့အား သူ့သင်္ဘောခရီးစဉ်အတွင်းရှိ နိုင်ငံတော်ခန်းမလိပ်စာများကို ပေးသည်။ ခန်းမများသို့ဖော့ကတ်လည်ပတ်သောအခါ လှိုက်လှဲစွာကြိုဆိုခံရသည့်အတွက် သူ့စိတ်နှလုံးကိုထိမိခဲ့သည်။ မကြာမီ ဤကပ္ပတိန်လည်းနှစ်ခြင်းခံယူပြီး ယခု ယေဟောဝါ၏ဝတ်ပြုရေးတွင် ဇွဲရှိရှိပါဝင်နေသည်။
ဗြိတိသျှရေတပ်အရာရှိမစ်ခ်သည် သင်္ဘောမထွက်ခွာမီ သက်သေခံများနှင့်အဆက်အသွယ်ရှိပြီး သင်္ဘောထွက်ခွာသောအခါ ကျမ်းစာကိုဆက်လေ့လာနေခဲ့သည်။ တစ်ချိန်တွင် သူ၏သင်္ဘောသည် ရော့တ်တဒမ်တွင်ဆိုက်ကပ်သောအခါ သူ၏ခေါက်စက်ဘီးဖြင့် နိုင်ငံတော်ခန်းမသို့သွားခဲ့သည်။ သူတွေ့မြင်ခဲ့ရသည့်မေတ္တာနှင့်စည်းလုံးမှုက သူ့ကိုနှစ်သက်သွားစေသဖြင့် သူ့အလုပ်ကိုစွန့်လွတ်ရန် သူ့မိတ်ဆွေများအားပြောသည်။ အတော်များသည့်အတိုင်းအတာရှိပင်စင်လစာရရှိရန် လေးနှစ်သာလိုသော်လည်း သူ၏ဆုံးဖြတ်ချက်တွင်စွဲမြဲပြီး နောက်ဆုံးနှစ်ခြင်းယူခဲ့သည်။
“မစ်ခ်၊ စတာနီစလာ့ဗ်၊ ဖော့ကတ်နဲ့ ယေဟောဝါကိုဝတ်ပြုလာမဲ့ တခြားသောသူတွေရဲ့စိတ်ထက်သန်မှုဟာ ဆိပ်ကမ်းမှာသူတို့လိုလူတွေကိုဆက်လက်ရှာဖွေဖို့ ကျွန်တော်တို့ကို တိုက်တွန်းပေးတယ်” ဟုမီနဒ်ပြောခဲ့သည်။
သင်ပါဝင်နိုင်မည်လော
ကမ္ဘာ့အကြီးဆုံးဆိပ်ကမ်းတစ်ခုတွင် ဆယ်နှစ်နီးပါးကြာဟောပြောခြင်းလုပ်ငန်းကို ပြန်ကြည့်လိုက်သောအခါ ယင်းတာဝန်သည် စိန်ခေါ်မှုဖြစ်ခဲ့သော်လည်း ဆုလာဘ်လည်းဖြစ်ကြောင်း “ဆိပ်ကမ်းသာသနာပြု” ခြောက်ဦးစလုံးစိတ်ရောကိုယ်ပါသဘောတူညီကြသည်။ “တစ်နေ့တာဟောပြောပြီး စက်ဘီးနဲ့အိမ်ပြန်တိုင်း သင်္ဘောသားတချို့တော့ ကျွန်တော်တို့ပြန်လည်ပတ်တာကို စောင့်နေတော့မှာပဲလို့ ခံစားကြရတယ်” ဟုမီနဒ်ကပြောသည်။
သင့်ဒေသရှိဆိပ်ကမ်းတွင် သင့်လည်ပတ်မှုကိုစောင့်နေမည့်သင်္ဘောသားများရှိနိုင်သလော။ ဤစိန်ခေါ်မှုလည်းဖြစ် ဆုလာဘ်လည်းဖြစ်သောလုပ်ငန်းတွင် သင်ပါဝင်နိုင်ရန် သင့်အသင်းတော်အကြီးအကဲများစီစဉ်ပေးနိုင်ပါလိမ့်မည်။
[စာမျက်နှာ ၂၀ ပါ လေးထောင့်ကွက်]
ပိတ်ပင်ထားသည့်ရပ်ကွက်များသို့တိုးချဲ့လုပ်ဆောင်ခြင်း
မကြာသေးမီနှစ်တစ်နှစ်က ယေဟောဝါသက်သေများ၏လုပ်ငန်းကို ပိတ်ပင်ထားသောနိုင်ငံများမှ သင်္ဘော ၂,၅၀၀ ကျော်သည် ရော့တ်တဒမ်ဆိပ်ကမ်းတွင် လာ၍လွန်းတင်ကြရသည်။ ဆိပ်ကမ်းရှေ့ဆောင်များသည် ယင်းကို ကျမ်းစာသတင်းဟောပြောခြင်းတိုးချဲ့လုပ်ဆောင်ရန်အတွက် အခွင့်အရေးတစ်ရပ်အဖြစ်ယူမှတ်ကြသည်။
အာရှမှသင်္ဘောတစ်စင်းကိုသူတို့လည်ပတ်သောအခါ ရှေ့ဆောင်များသည် မိမိတို့ယူဆောင်လာသောစာအုပ် ၂၃ အုပ်ကို အကုန်ဝေငှကြရသည်။ အချို့သင်္ဘောသားများ စာအုပ်မရသဖြင့် မကျေမနပ်ဖြစ်ကျန်ခဲ့ကြသည်။ အခြားအာရှသင်္ဘောတစ်စင်းမှ စားဖိုခန်းလုပ်သားလူငယ်တစ်ဦးက ပို၍ပါးနပ်သည်။ ရှေ့ဆောင်တစ်ဦးထံမှ စာအုပ်တစ်အုပ်ရရှိသောအခါ စာအုပ်ကိုစက္ကူနှင့်ထုပ်ပိုးပြီး လိပ်စာရေးကာ ရှေ့ဆောင်အားပြန်ပေးလိုက်သည်။ ရှေ့ဆောင်သဘောပေါက်သွားသည်။ စာအုပ်ကိုသူနှင့်အတူယူသွားရန်မှာ အလွန်အန္တရာယ်များသည်။ ထိုစာအုပ်သည် ထိုနေ့ချင်းတွင်ပင် အရှေ့ဖျားဒေသသို့စာတိုက်မှပို့လိုက်ခြင်းခံရသည်။
အာဖရိကသင်္ဘောတစ်စင်းတွင်ပါလာသောသင်္ဘောသားတစ်ယောက်သည် သူ့အိမ်တွင်ကျန်ခဲ့သောသက်သေခံများလိုချင်သည့်စာအုပ်များစာရင်းနှင့်ရောက်လာသည်။ ထိုအချိန်မှစ၍ ထိုသင်္ဘောသားအိမ်ပြန်တိုင်း သူ့အဝတ်အစားသေတ္တာတွင် စာအုပ်စာတမ်းအပြည့်ပါသွားသည်။ အခြားအာဖရိကနိုင်ငံတစ်ခုမှသင်္ဘောသားတစ်ယောက်က သူ့ကိုကျမ်းစာသင်ပေးသူရှေ့ဆောင်က သူ့အား သင့်မိသားစုဘဝကိုရွှင်လန်းစေခြင်း စာအုပ်သုံးအုပ်သာပေးနိုင်သဖြင့် အလွန့်အလွန်စိတ်ပျက်နေသည်။ သူ့လက်ကိုပစ်မြှောက်လိုက်ပြီး စိတ်ပျက်စွာဖြင့် “ဒါလေးနဲ့ဘာသွားလုပ်မလဲ။ အိမ်မှာကျန်ခဲ့တဲ့ညီအစ်ကိုတွေက စာအုပ် ၁,၀၀၀ လောက်လိုနေတာ” ဟုမြည်တမ်းသည်။ ရှေ့ဆောင်များက သူ့လုံခြုံမှုအတွက် တစ်ခေါက်လျှင်စာအုပ် ၂၀ သာယူရန် ကန့်သတ်ပေးသည်။
သက်သေခံများသည် မိမိတို့၏ယုံကြည်ချက်ကြောင့် ညှဉ်းဆဲခြင်း၊ ပစ္စည်းဥစ္စာနှင့်အလုပ်များဆုံးရှုံးခြင်းခံရသောနိုင်ငံတစ်ခုမှ သင်္ဘောတစ်စင်းဆိုက်ရောက်လာခြင်းသည် ရှေ့ဆောင်များအတွက်ကြေကွဲဖွယ်အကောင်းဆုံးအချိန်ပင်ဖြစ်နိုင်သည်။ သင်္ဘောတွင်ပါလာသူရိက္ခာထိန်းသည် သက်သေခံဖြစ်ကြောင်းကိုသူတို့သိရှိသောအခါ ကပ္ပတိန်ထံသွားပြီး ထိုသင်္ဘောဖြင့်ကယ်ဆယ်ရေးပစ္စည်းများယူသွားပေးရန် ခွင့်တောင်းလေသည်။ ကပ္ပတိန်ကသဘောတူညီသဖြင့် နောက်ရက်အနည်းငယ်ကြာသောအခါ အဝတ်အထည်များ၊ ဖိနပ်များ နှင့်အခြားသောပစ္စည်းများပါဝင်သည့် အိတ်ကြီးတစ်ရာကို ထိုနိုင်ငံရှိသက်သေခံများထံတင်ပို့လိုက်သည်။
[စာမျက်နှာ ၂၁ ပါ လေးထောင့်ကွက်]
သင်္ဘောတစ်စင်းမှတစ်စင်းသို့ဟောပြောခြင်း—အမျိုးသမီးတစ်ဦး၏အမြင်
“ပထမကတော့ ပီတာနောက်လိုက်ဖို့ ကျွန်မဝန်လေးခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ သင်္ဘောသားတွေဟာ ကြမ်းတမ်းပြီး အရက်သမားတွေလို့ ကျွန်မကြားဖူးထားတယ်။ ဒါပေမယ့်၊ အများစုဟာရည်မွန်ကြတာကို ကျွန်မသိလာရတယ်။ သင်္ဘောသားတစ်ယောက်က ကျွန်မတို့ဟာဇနီးမောင်နှံဖြစ်ကြောင်းသိသွားတဲ့အခါ သူ့ရဲ့မိန်းမနဲ့ကလေးတွေရဲ့ဓာတ်ပုံကိုထုတ်ပြပြီး သူ့မိသားစုအကြောင်းကို ပြောပြတော့တာပါပဲ။ အဲဒီလိုနဲ့ သင့်မိသားစုဘဝကိုရွှင်လန်းစေခြင်း စာအုပ်အများကြီးဝေငှကြရတယ်” ဟု ရှေ့ဆောင်များထဲတွင် တစ်ဦးတည်းသောအမျိုးသမီးဖြစ်သူ ကာရီးန်က ပြန်ပြောပြသည်။
သင်္ဘောများသို့ ဇနီးမောင်နှံလည်ပတ်ခြင်းသည်လည်း သင်္ဘောသားများ၏ဇနီးသည်များနှင့် တစ်ခါတစ်ရံသူနာပြုလုပ်သောအခြားအမျိုးသမီးများနှင့် အဆက်အသွယ်ရရန်လွယ်ကူစေသည်။ “ခါတိုင်းဆိုရင်တော့ သူတို့ဟာဧည့်သည်နဲ့သိပ်အတွေ့မခံကြဘူး။ ဒါပေမယ့် ကျွန်မကိုသူတို့သတိထားမိလာတဲ့အခါ ကျွန်မနဲ့စကားပြောချင်လာကြတယ်” ဟုကာရီးန်ကပြောပြသည်။
သူမအတွက်မည်သည့်အရာက အကြီးမားဆုံးစိန်ခေါ်မှုဖြစ်သနည်း။ “ကြိုးလှေခါးပဲ။ အဲဒီလောက်အန္တရာယ်များတဲ့ဟာကိုကျွန်မသိပ်မုန်းတယ်” ဟုကာရီးန်ဖြေသည်။ သို့သော် ကြောက်ရွံ့မှုကို သူမအောင်မြင်ခဲ့ပါသလော။ “တစ်ခါက သင်္ဘောပေါ်တက်ဖို့ကျွန်မချီတုံချတုံဖြစ်နေတုန်းမှာ ပါရာဂွေးနိုင်ငံကသင်္ဘောသားတစ်စုက ‘ဘုရားကိုသာယုံပါ။ ရမှာပါ’ လို့ကျွန်မကိုလှမ်းအော်ပြောတယ်။ ဒါနဲ့ကျွန်မလည်း တခြားရွေးစရာမရှိတော့ပဲ အပေါ်ကိုတက်လိုက်ရတယ်” ဟုကာရီးန်က ရယ်၍ပြောပြသည်။ သူမ၏ခင်ပွန်းက သူမအား ဤသို့ချီးမွမ်းပြောဆိုသည်။ “လေးနှစ်ကြာလို့ ကြိုးလှေခါးတွေအတော်များများတက်ပြီးတဲ့နောက် ခုဆိုရင်သူလည်းသင်္ဘောသားတွေလိုတက်နိုင်ပြီ။”
ကာရီးန်နှင့်သူမ၏ခင်ပွန်းပီတာတို့သည် ယူနိုက်တက်စတိတ်ရှိဂိလျဒ်ကျမ်းစာကျောင်းတွင် ၈၉ ကြိမ်မြောက်သင်တန်းကို တက်ခဲ့ကြသည်။ ၁၉၉၀ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်တွင် သူတို့၏ခန့်အပ်ခံရပ်ကွက်သစ်ဖြစ်သော ပင်လယ်ဆိပ်ကမ်းတစ်ခုရှိသည့် အက်ကွေဒေါနိုင်ငံသို့ထွက်ခွာသွားကြသည်။ သူတို့၏ဒေသကဲ့သို့ယူမှတ်ကြပေမည်။
[စာမျက်နှာ ၂၂ ပါ လေးထောင့်ကွက်]
သင်သည်သင်္ဘောသားတစ်ယောက်ဖြစ်သလော
ကမ္ဘာ့ဆိပ်ကမ်းကြီးများမှတစ်ခုခုတွင် သင့်သင်္ဘောကျောက်ချသောအခါ အင်္ဂလိပ်ဘာသာစကားဖြင့် ယေဟောဝါသက်သေများကျင်းပသည့်အစည်းအဝေးကို သင်တက်ရောက်လိုပါသလော။ အောက်ပါနိုင်ငံတော်ခန်းမလိပ်စာစာရင်းကို သင့်လက်ဝယ်သိမ်းထားပါ။
Hamburg, Schellingstr. 7–9; စနေနေ့၊ ညနေ ၄:၀၀ နာရီ။ ဖုန်း၊ ၀၄၀–၄၂၀၈၄၁၃
Hong Kong, 26 Leighton Road; တနင်္ဂနွေနေ့၊ နံနက် ၉:၀၀ နာရီ။ ဖုန်း၊ ၅၇၇၄၁၅၉
Marseilles, 5 Bis, rue Antoine Maille; တနင်္ဂနွေနေ့၊ နံနက် ၁၀:၀၀ နာရီ။ ဖုန်း၊ ၉၁ ၇၉ ၂၇ ၈၉
Naples, Castel Volturno (40 km north of Naples), Via Napoli, corner of Via Salerno, Parco Campania; တနင်္ဂနွေနေ့၊ ညနေ ၂:၄၅ နာရီ။ ဖုန်း၊ ၀၈၁/၅၀၉၇၂၉၂
New York, 512 w. 20 Street; တနင်္ဂနွေနေ့၊ နံနက် ၁၀:၀၀ နာရီ။ ဖုန်း၊ ၂၁၂–၆၂၇–၂၈၇၃
Rotterdam, Putsestraat 20; တနင်္ဂနွေနေ့၊ နံနက် ၁၀:၀၀ နာရီ။ ဖုန်း၊ ၀၁၀–၄၁ ၆၅ ၆၅၃
Tokyo, 5–5–8 Mita, Minato–ku; တနင်္ဂနွေနေ့၊ ညနေ ၄:၀၀ နာရီ။ ဖုန်း၊ ၀၃–၃၄၅၃–၀၄၀၄
Vancouver, 1526 Robson Street; တနင်္ဂနွေနေ့၊ နံနက် ၁၀:၀၀ နာရီ။ ဖုန်း၊ ၆၀၄–၆၈၉–၉၇၉၆