ကျွန်ုပ်တို့အား နားထောင်သူတစ်ဦးရှိရန်လို
လူ သားများအနေနှင့် ဘဝတွင် ရွှင်လန်းမှုနှင့်ရောင့်ရဲမှုကို ကျွန်ုပ်တို့ရှာဖွေကြသည်။ သို့ရာတွင် ကိုယ်ရေးကိုယ်တာပြဿနာများပေါ်ပေါက်ခဲ့သော် ကျွန်ုပ်တို့၏အခက်အခဲများကို တစ်စုံတစ်ဦးအားဖွင့်ပြောပြနိုင်သည်ဆိုလျှင် အကူအညီနှင့်နှစ်သိမ့်မှုမည်မျှဖြစ်စေမည်ပါတကား။
ဒေါက်တာ၊ ဂျော့ဂ်ျ အက်စ်၊ စတီဗင်ဆင်က “ပြဿနာများကို ပြောဆိုရှင်းထုတ်ပစ်ခြင်းသည် သင့်အတွက် တင်းမာမှုများကိုလျော့ပါးစေပြီး သင့်ပူပင်သောကများကို ပိုမိုရှင်းလင်စွာသိနားလည်စေပြီး မကြာခဏဆိုသလို ယင်းနှင့်ပတ်သက်၍သင်ဘာလုပ်နိုင်သည်ကိုပင် ဖော်ပြနိုင်သည်” ဟုပြောသည်။ ဒေါက်တာ၊ ရို့စ် ဟေးလ်ဖာဒင်းက “ကျွန်ုပ်တို့အားလုံး မိမိတို့၏အခက်အခဲများ၊ ပူပင်သောကများကို ဝေမျှပေးရမည်။ ဤလောကတွင် ကျွန်ုပ်တို့အား နားထောင်ရန်ဆန္ဒရှိပြီးနားလည်နိုင်သူတစ်ဦးရှိသည်ဟု ယူမှတ်ရမည်” ဟုမှတ်ချက်ချသည်။
မှန်ပါသည်။ မည်သည့်လူသားတစ်ဦးတစ်ယောက်မျှ ဤလိုအပ်ချက်ကိုမဖြည့်စွက်နိုင်ပါ။ အချိန်နှင့်အခြားအကြောင်းများတွင် အကန့်အသတ်ဖြစ်နေသောကြောင့် ကျွန်ုပ်တို့၏ လူသားယုံကြည်အားထားရသူများကို အလိုအပ်ဆုံးသောအချိန်တွင် မရနိုင်ဘဲ သို့မဟုတ် ကျွန်ုပ်တို့၏အရင်းနှီးဆုံးမိတ်ဆွေများနှင့်ပင် အကြောင်းအရာတစ်ခုကိုဆွေးနွေးရန် နှောင့်နှေးနေပေမည်။
သို့သော် ခရစ်ယာန်စစ်များအတွက်မူ ဘယ်တော့မျှဥပေက္ခာပြုခြင်းမခံရပါ။ အကြောင်းမှာ ဆုတောင်းခြင်းကိုအမြဲပြုနိုင်ကြသောကြောင့်ဖြစ်သည်။ ယေဟောဝါဟူ၍နာမတော်ရှိသော ကျွန်ုပ်တို့၏ဖန်ဆင်းရှင်ထံဆုတောင်းကြရန် ကျမ်းစာက ထပ်ခါထပ်ခါအားပေးထားသည်။ ကျွန်ုပ်တို့သည် စိတ်ရင်းမှန်နှင့် ယေရှု၏နာမတော်မှတစ်ဆင့် ဘုရားသခင်၏အလိုတော်နှင့်အညီဆုတောင်းရန် လမ်းညွှန်ခံရကြသည်။ ကိုယ်ရေးကိုယ်တာနှင့် သီးသန့်ကိစ္စများအတွက်ပင် ဆုတောင်းနိုင်သည်။ ဖိလိပ္ပိ ၄:၆ တွင် ဘုရားသခင်အား “အရာရာ၌ . . . ဆုတောင်းပတ္ထနာ” ပြုကြရန် ကျွန်ုပ်တို့အားပြောထားသည်။ မှတ်သားဖွယ်ဆုကျေးဇူးပါတကား။ ကျွန်ုပ်တို့၏စကြဝဠာပိုင်သအုပ်စိုးရှင်သည် နှိမ့်ချမှုရှိသောမိမိကျေးကျွန်များ မိမိကိုချဉ်းကပ်လိုသောအခါတိုင်း သူတို့၏ဆုတောင်းခြင်းကို လက်ခံပြီးနားထောင်တော်မူသည်။—ဆာလံ ၈၃:၁၈။ မဿဲ ၆:၉-၁၅။ ယောဟန် ၁၄:၁၃၊ ၁၄။ ၁ ယောဟန် ၅:၁၄။
သို့သော် ဘုရားသခင်အမှန်နားထောင်တော်မူပါသလော။ ဆုတောင်းခြင်း၏ထိရောက်မှုသည် လူသား၏အရည်အချင်းအားဖြင့် အကန့်အသတ်ဖြစ်နေမည်ဆိုလျှင် လူအချို့အံ့သြပေလိမ့်မည်။ လူတစ်ဦးဆုတောင်းသောအခါ သူ့စိတ်ထဲရှိသည့်အရာများကိုစီစဉ်ပြီး စကားအားဖြင့်ဖော်ပြသည်။ ဤသို့ဖြင့် သူ၏ပြဿနာကိုသိမြင်နားလည်လာသောအခါ သင့်တော်သည့်ဖြေရှင်းနည်းကိုရှာဖွေလာပြီး ရှာဖွေတွေ့ရှိရန် အရာရာတွင်နိုးကြားနေပေမည်။ သူ့ပြဿနာပြေလည်သွားသောအခါ ဘုရားသခင်ကိုသူကျေးဇူးတင်ပေမည်။ သို့သော် ယင်းသည် သူ့စိတ်ရောကိုယ်ပါကြိုးစားမှု၏ရလဒ်ဖြစ်သည်။
ယနေ့လူများစွာတို့က ဆုတောင်းခြင်း၏အဖြေမှာ ဤမျှသာဖြစ်ကြောင်း ယူဆကြသည်။ သင်လည်းထိုသို့ယူဆသလော။ ထို့ကြောင့် ဆုတောင်းခြင်း၏တန်ခိုးသည် အကန့်အသတ်ဖြစ်နေသလော။ လူတစ်ဦး မိမိ၏ဆုတောင်းချက်နှင့်အညီ စိတ်ရောကိုယ်ပါကြိုးစားအားထုတ်မှုသည် အဖြေရရှိရန်အရေးကြီးသည့်ကဏ္ဍတွင်ပါဝင်သည်။ ဘုရားသခင်၏ကဏ္ဍကားအဘယ်နည်း။ ကိုယ်တော့်ထံသင်ဆုတောင်းသောအခါ ကိုယ်တော်နားထောင်တော်မူပါသလော။ သင့်ဆုတောင်းခြင်းကိုအရေးကြီးသည်ဟုကိုယ်တော်ယူမှတ်ပြီး ပါဝင်သောအချက်အလက်များကိုအရေးယူကာအဖြေပေးပါသလော။
ဤမေးခွန်းများ၏အဖြေများသည် အရေးကြီးသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ဆုတောင်းခြင်းများကို ဂရုသာမစိုက်လျှင် ဆုတောင်းခြင်းသည် စိတ်ဓာတ်ရေးရာအကျိုးအာနိသင်သက်သက်ကိုသာပေးမည်။ အခြားတစ်ဖက်ကကြည့်လျှင်မူ ကျွန်ုပ်တို့၏ဆုတောင်းချက်တိုင်းကို ဘုရားသခင်လက်ခံပြီး စိတ်ဝင်စားစွာနားထောင်တော်မူလျှင် ယင်းအစီအစဉ်အတွက် ကျွန်ုပ်တို့မည်မျှကျေးဇူးတင်ထိုက်ပါသည်တကား။ ယင်းအစီအစဉ်ကိုနေ့စဉ်အသုံးပြုရန် ကျွန်ုပ်တို့လှုံ့ဆော်ခံရသင့်သည်။
နောက်ဆောင်းပါးပါအကြောင်းများကိုဆက်လက်ဖတ်ကြည့်ရန် သင့်အားခေါ်ဖိတ်ပါသည်။