ကိပ်ဗဒ်တွင် “အသက်ရေ” ပွက်ထ
“၁၉၅၈ ခုနှစ်ကတည်းက ကိပ်ဗဒ်တွင်တည်ရှိပြီး လှုပ်ရှားနေခဲ့သော ယေဟောဝါသက်သေတို့၏ဝတ်ပြုရေးသည် မှတ်သားလောက်သည့်အဖြစ်တစ်ခုဖြစ်သည်” ဟု ကိပ်ဗဒ်သမ္မတနိုင်ငံ တရားရေးဝန်ကြီးကရှင်းပြသည်။ သူ့ရုံးသို့ဆင့်ခေါ်ခံရသောသက်သေခံနှစ်ဦးအား ဤသို့သူပြောခဲ့သည်။ “ယေဟောဝါသက်သေတွေ တရားဝင်ဖွဲ့စည်းခွင့်ရဖို့သိပ်ကြာသွားတာကို ကျွန်တော်တို့ဝမ်းနည်းပါတယ်။”
၁၉၉၀ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်တွင်ကျင်းပသောအစည်းအဝေးကို ကိပ်ဗဒ်တွင်ရှိသောယေဟောဝါသက်သေများ ကြာရှည်စွာမှတ်မိနေကြပေလိမ့်မည်။ ယင်းက သူတို့၏နိုင်ငံတွင် တရားဝင်ဘာသာရေးအဖွဲ့အစည်းအဖြစ် သူတို့အသိအမှတ်ပြုခံရကြောင်းကိုညွှန်ပြသည်။ ယင်းသည် ယခုသက်သေခံနှစ်ဦးအဖို့ စိတ်လှုပ်ရှားဖွယ်ကိုယ်ပိုင်တွေ့ကြုံမှုကဲ့သို့ဖြစ်သည်။ အကြောင်းမှာ ၁၉၅၈ ခုနှစ်တွင် ယင်းနှစ်ဦးမှတစ်ဦးဖြစ်သူ လူးဝစ္စအန္ဒရာဒေး သည် ကင်းမျှော်စင်အသင်းမှထုတ်ဝေသော ကျမ်းစာ,စာပေအချို့ကို တွေ့ရှိခဲ့သည်။ စာအုပ်များကို အစအဆုံးဖတ်ပြီးသောအခါ မိမိသည်အလင်းတရားရပြီဖြစ်ကြောင်း သူသိလိုက်သည်။ သူသိရှိသည့်အရာများကို သူ့မိတ်ဆွေအရင်းအချာဖြစ်သူ ဖရန်စစ္စကိုတားဗာရပ်စ် ကို စိတ်အားထက်သန်စွာဝေမျှခဲ့သည်။ နောက်နှစ်အနည်းငယ်ကြာသောအခါ ထိုနှစ်ဦးတို့သည် ကင်းမျှော်စင် နှင့် နိုးလော့ မဂ္ဂဇင်းများကို နှစ်စဉ်ကြေးယူဖတ်ရှုခြင်းအားဖြင့် ဆက်၍သမ္မာတရားရေကို မှန်မှန်သောက်သုံးလာခဲ့ကြသည်။ ဆယ်နှစ်အကြာ ၁၉၆၈ ခုနှစ်ရောက်သောအခါ ကိပ်ဗဒ်သို့နယ်လှည့်ကြီးကြပ်မှူးလည်ပတ်စဉ် သူတို့နှစ်ခြင်းခံခဲ့ကြသည်။
ညီအစ်ကိုအန္ဒရာဒေးနှင့် ညီအစ်ကိုတားဗရပ်စ်တို့သည် “လာကြ . . . အသက်ရေကိုအဖိုးမပေးဘဲယူကြ” ဟူသောခေါ်ဖိတ်ချက်ကိုတုံ့ပြန်ခြင်းတွင် မိမိတို့ပါဝင်ရန်တာဝန်ရှိကြောင်း သဘောပေါက်လာကြသည်။ (ဗျာဒိတ် ၂၂:၁၇။ ကဘ) ကျယ်ပြန့်ပြီးခက်ခဲသော သူတို့ရပ်ကွက်တွင် အမှုဆောင်ရန်စိမ်ခေါ်ချက်ကို လက်ခံကြရန် သူတို့ဆန္ဒရှိကြသည်။ ကိပ်ဗဒ်သည် ဆီနီဂဲလ်နိုင်ငံဒါကာမြို့အနောက်ဘက် မိုင် ၃၅၀ ခန့်အကွာ အတ္တလန်တိတ်သမုဒ္ဒရာအတွင်းရှိ ပင်မကျွန်းကြီးဆယ်ကျွန်းနှင့် ကျွန်းငယ်များပါဝင်သည်။ “အစိမ်းရောင်အငူ” အဓိပ္ပာယ်ရှိသော ကိပ်ဗဒ်အမည်သည် မူလအားဖြင့် အာဖရိကကမ်းရိုးတန်းရှိကျွန်းဆွယ်နှင့်သက်ဆိုင်သည်။ သို့သော် ဤကျွန်းများသည် မိုးနည်းသဖြင့် စိမ်းစိုမနေဘဲ ကျွန်းနေလူဦးရေ ၃၅၀,၀၀၀ တို့သည် ခြောက်သွေ့သောမြေတွင် လုပ်ကိုင်စားသောက်ကြရသည်။
လွန်ခဲ့သည့်အနှစ် ၃၀ အတွင်းက သာသနာပြုများနှင့်အထူးရှေ့ဆောင်များသည် အချိန်ပြည့်ဓမ္မအမှုဆောင်များအဖြစ် ကျွန်းများပေါ်သို့အသက်ရေယူဆောင်ပေးခြင်းလုပ်ငန်းကို ကြိုးစားလုပ်ဆောင်ခဲ့ကြသည်။ လုပ်ငန်း၏အကျိုးရလဒ်ကားအဘယ်နည်း။ မကြာမီက ပေါ်တူဂီရှိနယ်လှည့်ကြီးကြပ်မှူးတစ်ဦးသည် ကိပ်ဗဒ်ရှိအသင်းတော်များသို့သွားရောက်လည်ပတ်ခဲ့သည်။ သူတွေ့ကြုံခဲ့သည့်အရာများကို ကျွန်ုပ်တို့အားပြောပြပါစေ။
“စင်ကြယ်သောဘာသာစကား” ကို “စယ်အိုဗီစင်တ” ကြားနာရ
ကိပ်ဗဒ်တွင် စယ်အိုဗီစင်တကျွန်းရှိ ပိုတူဂရဲန်ဒါမြို့တော်သို့ ကျွန်ုပ်တို့ပထမဆုံးရောက်ရှိကြသည်။ လေဆိပ်မှမြို့ထဲသို့လာရာခရီးလမ်းတစ်လျှောက်၌ လေတိုက်၍လွင့်ပါလာသောသဲများဖြင့်ဖုံးအုပ်နေသည့် ကျောက်တောင်တန်းကိုတွေ့ကြရသည်။ မြောက်အာဖရိကသဲကန္တာရသည် ကိပ်ဗဒ်ကျွန်းများအထိပင်ရောက်ရှိဖြစ်ထွန်းသည်။ ဒီဇင်ဘာလမှဖေဖော်ဝါရီလအတွင်း ဆဟာရသဲကန္တာရမှ ပူပြင်းခြောက်သွေ့ပြီး သဲနီများကိုသယ်ဆောင်လာသောလေသည် ပင်လယ်ကိုဖြတ်ပြီး ကျွန်းများကို သဲဖုန်လွှာများဖြင့်ဖုံးလွှမ်းစေသည်။ အချိန်ကြာသော် မပျောက်ပျက်နိုင်တော့သည့်သဲလွင်ပြင်ကြီးအဖြစ် သဲများဖုံးလွှမ်းနေလေတော့သည်။ အနည်းငယ်သောသီးနှံပင်များသည် ထိုလေပူကြီးတိုက်လာသောအခါ အားလုံးခြောက်သွေ့ကုန်တော့သည်။
ဤနေရာတွင် ဝိညာဏရေ အရေးတကြီးလိုအပ်နေသည်။ ပိုတူဂရဲန်ဒါမြို့တော်တွင် ယေဟောဝါသက်သေများသည် အသင်းတော်နှစ်ခုတည်ထောင်ထားပြီး ဘုရားသခင့်နိုင်ငံတော်ကြေညာသူ ၁၆၇ ယောက်တို့သည် သမ္မာတရားအသက်ရေကို စယ်အိုဗီစင်တကျွန်းသား ၄၇,၀၀၀ အားဝေငှပေးခြင်းတွင် အလုပ်များနေကြသည်။ စနေတနင်္ဂနွေနေ့များတွင် လူပေါင်း ၄၀၀ ခန့်တို့သည် ခန်းမတွင်ကျင်းပသော ကျမ်းအခြေပြုသည့်အစည်းအဝေးများကို လာ၍တက်ရောက်ကြသည်။
တစ်ပတ်ကြာလည်ပတ်မှုအတွင်း “စင်ကြယ်သောဘာသာစကား” ခရိုင်စည်းဝေးပွဲကြီးကို ထိုမြို့ရှိ အကောင်းဆုံးကပွဲရုံတစ်ရုံတွင် ကျင်းပရန်အပြီးသတ်စီစဉ်မှုများကို ပြုလုပ်ခဲ့သည်။ (ဇေဖနိ ၃:၉) ဒေသခံလူများနှင့်အတူ စဲန်တာအဲန်တေအို၊ စယ်အွန်နီကူလောင်းကျွန်းများမှ ပွဲလာကိုယ်စားလှယ်များဖြင့် အများဆုံးတက်ရောက်သူ ၇၅၆ ယောက်ရှိခဲ့ပြီး နှစ်ဆယ့်လေးယောက်နှစ်ခြင်းခံခဲ့သည်။ သက်သေခံများတင်ဆက်သော ကျမ်းစာပြဇာတ်အစီအစဉ်လည်းပါဝင်သည်။ ရုပ်ရှင်ထုတ်လုပ်ရေးမှ သရုပ်ဆောင်ဒါရိုက်တာဖြစ်ခဲ့ဖူးသူတစ်ဦးသည် ပြဇာတ်ကိုတက်ရောက်ကြည့်ရှုပြီး “ကျွန်တော်တို့နှစ်နဲ့ချီလေ့ကျင့်ပေးတာတောင်မှ ပြဿနာအများကြီးတွေ့ရသေးတာ ခင်ဗျားတို့ပြဇာတ်မှာပါတဲ့လူတွေကျတော့ နှစ်လထဲလေ့ကျင့်ပြီး အများကြီးပိုကောင်းအောင်သရုပ်ဆောင်နိုင်ကြတယ်” ဟုမှတ်ချက်ချခဲ့သည်။ စည်းဝေးပွဲကြီးကို အောင်မြင်စွာကျင်းပပြီးစီးသောအခါ ကိပ်ဗဒ်သမ္မတနိုင်ငံ၏မြို့တော်ဖြစ်သော စယ်အိုတီယာဂူးကျွန်းပေါ်ရှိ ပရိုင်ယာမြို့တော်သို့သွားရန် အချိန်ကျရောက်လာသည်။
သန့်ရှင်းသောလူများ
မကြာမီနှစ်များအတွင်းက အခြားကျွန်းရှိနေထိုင်သူများသည် မြို့တော်တွင်အလုပ်ရှာရန် အုပ်စုလိုက်ရောက်ရှိလာကြသည်။ မြို့ပြင်ဆင်ခြေဖုံးရပ်များတွင် ရှေးကျသောတဲများထောင်နှင့်ချီ၍ ဆောက်လုပ်နေထိုင်လာကြရာ ရေဝေခြင်း၊ သန့်ရှင်းခြင်းအစီအစဉ်များကို ပိုမိုဂရုစိုက်လုပ်ဆောင်လာကြရသည်။ အိမ်ထောင်စုများစွာတို့သည် မိမိတို့၏ဝင်ငွေကို ပို၍အထောက်အပံ့ဖြစ်အောင် ဆိတ်၊ ဝက်၊ ကြက်များကို မွေးမြူကြသည်။ လမ်းပေါ်တွင် အကောင်ဗလောင်များလွတ်လပ်စွာပြေးလွှားသွားလာနေသည်ကို မြင်ရစမြဲဖြစ်သည်။ ယင်းက ရောဂါပိုးများကိုပြန့်ပွားစေသည်။
ဤသို့ခက်ခဲသည့်အခြေအနေများကြားမှပင် ယခုအခါ ပရိုင်ယာမြို့တော်၌ တိုးတက်နေသောအသင်းတော်နှစ်ခုရှိပြီး ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းဟောပြောသူစုစုပေါင်း ၁၃၀ခန့်ရှိသည်။ ဤပျော်ရွှင်သောသက်သေခံများသည် မိမိတို့သိရှိထားသောကျမ်းစာအသိပညာများကို လက်တွေ့ကျင့်သုံးခြင်းအားဖြင့် ‘မိမိတို့ကိုယ်ကိုအကျိုးဖြစ်ထွန်း’ စေကြသည်။ ကျွန်ုပ်တို့ညီအစ်ကိုညီအစ်မများသည် သန့်ရှင်းစင်ကြယ်သောလူမျိုးဖြစ်ရန်ကြိုးစားကြသောကြောင့် သူတို့နှင့်သူတို့၏ကလေးများသည် ကာယရေးနှင့်ဝိညာဉ်ရေးနှစ်တန်စလုံးတွင် ကျန်းမာပျော်ရွှင်နေကြသည်။ သူတို့၏ဘဝသည် ခက်ခဲသော်လည်း ဝိညာဉ်ရေးအရကြွယ်ဝနေကြသည်။—ဟေရှာယ ၄၈:၁၇။ ၁ ပေတရု ၁:၁၅၊ ၁၆။
ကျွန်ုပ်တို့ရောက်သွားသောအခါ ညီအစ်ကိုများသည် ခရိုင်စည်းဝေးပွဲကြီးအတွက်အလုပ်များနေကြသည်။ စယ်အိုတီယာဂူး၊ စယ်လ်၊ ဖိုဂူကျွန်းများရှိ သက်သေခံများနှင့် စိတ်ဝင်စားသူများသည် ခရိုင်စည်းဝေးပွဲကြီးသို့တက်ရောက်လာကြပြီး အများဆုံးတက်ရောက်သူ ၄၇၂ ယောက်ဖြင့် ဘုရားသခင်၏ကောင်းချီးကိုခံစားကြရသည်။ လူတိုင်းပျော်ရွှင်နေကြပြီး၊ ကလေးသူငယ်များကအစ မျက်နှာကြည်လင်ရွှင်ပျနေကြသည်။ အာရုံစူးစိုက်နားထောင်နေသောလူအုပ်ကြီးအထဲတွင် ကျွန်ုပ်တို့ထိုင်လိုက်သောအခါ မည်သည့်အခါမှ “အမှုငယ်ပြုသောနေ့ရက်ကိုမထီမဲ့မြင်မပြုသင့်ကြောင်း” အထောက်အထားပေါ်လွင်လာသည်။ (ဇာခရိ ၄:၁၀) ဤကြီးပွားမှုများသည် လွန်ခဲ့သည့်အနှစ် ၃၀ ကျော်က သမ္မာတရားကိုလေ့လာခဲ့သောလူနှစ်ယောက်မှ စတင်ခဲ့သည်။
ကျွန်ုပ်တို့ထိုကျွန်းမှမထွက်ခွာမီ မြို့ပြင်ရှိ ဗီလာအစိုမာဒါ နှင့် တာရာဖားလ်ခေါ် အုပ်စုငယ်လေးနှစ်ခုကို သွားရောက်လည်ပတ်ခဲ့ကြသည်။ ကျွန်းသည် တောင်ထူထပ်ပြီး သစ်ပင်ငယ်များသာပေါက်၍ ခြောက်သွေ့သည်။ သို့သော် အုန်း၊ ငှက်ပျော၊ သင်္ဘော၊ သရက်နှင့် အခြားသီးနှံပင်ဧကများစွာ ဟိုတစ်စုဒီတစ်စုစိမ်းစိုစွာသီးပွင့်နေကြသည်ကို ကျွန်ုပ်တို့မြင်ခဲ့ကြရသည်။ ယင်းက ကန္တာရသည်သီးပွင့်လိမ့်မည်ဟူသော ဟေရှာယပရောဖက်ပြုချက်ကို ကျွန်ုပ်တို့ပြန်သတိရစေသည်။ (ဟေရှာယ ၃၅:၁) ဝိညာဉ်ရေးအရခြောက်သွေ့နေသောနေရာတွင် သက်သေခံအုပ်စုငယ်ကလေးနှစ်ခုတို့သည် ထောင်နှင့်ချီသောဒေသနေလူများကို ဝိညာဏအစားအသောက် ဖူဖူလုံလုံဖြန့်ဖြူးပေးလျက် ရှိသည်။
ဖိုဂူကျွန်းတွင်တောက်လောင်သောဇွဲ
နောက်ကျွန်းတစ်ခုမှာ “မီး” ဟုအဓိပ္ပာယ်ရှိသည့် ဖိုဂူကျွန်းဖြစ်သည်။ မီးတောင်များရှိသောကြောင့် ထိုအမည်တွင်ရခြင်းဖြစ်သည်။ ကာနူးပိခ်သည် မီးတောင်ရှင်ဖြစ်နေဆဲဖြစ်သည်။ ယင်းသည် ခုံးပုံဆန်ဆန်ဖြင့် ပင်လယ်ပြင်အထက် အမြင့်ဆုံးပေ ၉,၃၀၀ နီးပါးမြင့်တက်သွားသည်။ မကြာသေးမီက ထိုကျွန်းတွင်မိုးကြီးရွာခဲ့ရာ နှစ်ပေါင်းများစွာတစ်လျှောက်တွင် ပထမဆုံးအကြိမ်ဤမျှများပြားသောမိုးရွာခြင်းဖြစ်သည်။ လူများ၏အသွင်အပြင်သည် တက်ကြွနေပြီး ကိပ်ဗဒ်၏အဓိကအစားအသောက်ဖြစ်သော ပဲ၊ ပီလောပီနံခင်းများတွင် မကြုံစဖူးထူးကဲစွာပင်အလုပ်များနေကြသည်။
သို့သော် အလေးတစ်မူရှိသောဤသူများသည် ခေတ္တရပ်၍ ကျမ်းစာသမ္မာတရားရေကိုမရယူနိုင်သည့်အထိ အလုပ်မများကြပါ။ သီးခြားအုပ်စုသုံးခုကို ကျွန်ုပ်တို့တွေ့ဆုံခွင့်ရခဲ့ကြသည်။ ကားများရှားပါးပြီး ကားစုတ်များဖြင့်သာသွားရသဖြင့် သူတို့ထံသွားရခြင်းမှာ စွန့်စားမှုဖြစ်သည်။ အစည်းအဝေးကို လူပေါင်း ၁၆၂ ယောက်တက်ရောက်လာသည်ကိုမြင်ပြီး ကျွန်ုပ်တို့အလွန်ပျော်ခဲ့ကြသည်။ အကြောင်းမှာ ထိုကျွန်းတွင် ကြေညာသူ ၄၂ ယောက်သာရှိသောကြောင့်ဖြစ်သည်။ ဖိုဂူကျွန်းသား ၃၂,၀၀၀ ကို သမ္မာတရားရေယူဆောင်ပေးရန် လစဉ်ပျမ်းမျှ ၁၅ နာရီအသုံးပြုသော ဤအုပ်စုငယ်ကလေးရှိညီအစ်ကိုညီအစ်မများ၏ ဇွဲလုံ့လတန်ပြန်မှုအကျိုးပင်ဖြစ်သည်။
ကက်သလစ်နယ်မြေမှအသီးအပွင့်
စဲန်တာအဲန်တေအို နှင့် စယ်အိုနီကူလောင်းကျွန်းများရှိ ညီအစ်ကိုများထံ ကျွန်ုပ်တို့သွားရောက်လည်ပတ်ရဦးမည် ဖြစ်သည်။ ဤကျွန်းများ၏အမည်က ရာစုနှစ်ပေါင်းများစွာ ကက်သလစ်ချာ့ချ်များလွှမ်းမိုးခဲ့ကြောင်း ညွှန်ပြသည်။ ကိပ်ဗဒ်တွင် ကက်သလစ်သည် အဓိကဘာသာဖြစ်နေသေးသော်လည်း စိတ်ရိုးဖြောင့်သူများစွာတို့သည် လန်းဆန်းစေသည့်သမ္မာတရားရေကိုရရန် သမ္မာကျမ်းစာဘက်လှည့်လာနေကြသည်။
စဲန်တာအဲန်တေအို၏အခြားအစွန်းတစ်ဖက်ရှိ အသင်းတော်ငယ်ကလေးနှစ်ခုတွင် ကြေညာသူ ၄၉ ယောက်တို့သည် ထိုကျွန်းတွင်နေထိုင်သူ ၄၄,၀၀၀ တို့၏ ဝိညာဏလိုအပ်ရာများကိုဖြည့်စွက်ပေးနိုင်ရန် အလွန်ကြိုးစားနေကြသည်။ ပိုတာနိုဗိုအသင်းတော်တွင်ကျင်းပသော လူထုကျမ်းစာဟောပြောပွဲသို့ လူပေါင်း ၅၁၂ ယောက်တက်ရောက်သောအခါ စဲန်တာအဲန်တေအိုရှိ သိုးကဲ့သို့သောသူအများအပြားသည် သမ္မာတရားရေကို ဆာမွတ်နေကြကြောင်း ထိုအသင်းတော်ရှိကြေညာသူ ၃၂ ယောက်အားသိသာစေသည်။
စယ်အိုနီကူလောင်ကျွန်းတွင် လွန်ခဲ့သည့်နှစ်အနည်းငယ်ခန့်က ပေါ်တူဂီရှိအထူးရှေ့ဆောင်ညီအစ်မတစ်ဦးက ထိုကျွန်းပေါ်ရှိမိသားစုတစ်စုနှင့် စာပေးစာယူကျမ်းစာသင်အံမှုပြုလုပ်ခဲ့ခြင်းမှ လုပ်ငန်းတော်စတင်ခဲ့ခြင်းဖြစ်သည်။ ထိုနောက် ၁၉၇၈ ခုနှစ်ရောက်သောအခါ အခြားရှေ့ဆောင်တစ်ယောက်သည် မိမိ၏ဇာတိဖြစ်သော စယ်အိုနီကူလောင်ကျွန်းသို့ပြန်၍ ကျွန်းသား ၁၅,၀၀၀ အား ကျမ်းစာသမ္မာတရား ဝေငှပေးရန် ဆုံးဖြတ်ခဲ့သည်။ ထိုကျွန်းတွင် ပထမဆုံးအကြိမ်ကျမ်းစာဟောပြောပွဲပြုလုပ်ခဲ့စဉ်က တက်ရောက်သူမှာ သူကိုယ်တိုင်တစ်ဦးတည်းသာဖြစ်သည်။ သို့ရာတွင် ထိုအစည်းအဝေးတွင် သူ၏ထက်သန်သောဆုတောင်းချက်ကို ယေဟောဝါဘုရားသခင်ဖြေကြားတော်မူခဲ့သည်။ ကျွန်ုပ်တို့လည်ပတ်စဉ်အတောအတွင်း ထိုတွင်ရှိအသင်းတော်သုံးခုမှ ကြေညာသူ ၄၈ ဦး တို့သည် အစည်းအဝေးများတက်ရောက်သူစုစုပေါင်း ၃၃၅ ယောက်ကိုမြင်၍ စိတ်အားတက်ကြွခဲ့ကြသည်။
ထိုကျွန်းအတွက် ပထမဆုံးအကြိမ်တိုက်နယ်အစည်းအဝေးကို ကျွန်ုပ်တို့လည်ပတ်စဉ်အတွင်းတွင် ဒေသခံကပွဲရုံတစ်ခုကို အခမဲ့ငှားရမ်းကျင်းပနိုင်ခဲ့ကြသည်။ မြို့အရာရှိက ကျွန်ုပ်တို့အား အသံချဲ့စက်နှင့် ပို့ဆောင်ရေးအစီအစဉ်အားလုံးကို အခမဲ့ထောက်ပံ့ပေးခဲ့သည်။ ဒေသခံအသင်းတော်မှ ကြေညာသူ ၁၉ ယောက်တို့သည် စည်းဝေးပွဲလာသူ ၁၀၀ အတွက်တည်းခိုစရာနှင့် စည်းဝေးတက်ရောက်သူ ၂၀၈ ယောက်အတွက် အစားအစာများကို စီမံပြင်ဆင်ပေးကြသည်။ နေ့စဉ်အခက်အခဲများကြားမှပင် ကျွန်ုပ်တို့၏ညီအစ်ကိုများသည် အသင်းမပိုင်ဘုရားသခင့်နိုင်ငံတော်ခန်းမဆောင်အတွက် အလှူငွေများကိုထည့်လှူကြသည်။
ဤတွင် ယေဟောဝါသက်သေတို့၏ ကောင်းမွန်သောအပြုအမူအကျင့်အကြံထင်ရှားသည်။ အလုပ်ရှင်များသည် လုပ်သားလိုအပ်လျှင် သူတို့ကိုရှာဖွေကြသည်။ ဥပမာအားဖြင့် ထိုကျွန်းရှိတစ်ခုတည်းသောဓာတ်ဆီဆိုင်ပိုင်ရှင်သည် ရိုးသားသောလုပ်သားတစ်ဦးလိုအပ်သဖြင့် သက်သေခံတစ်ဦးအား မိမိလုပ်ငန်းတွင်ဝင်လုပ်ရန်ပြောသည်။ ညီအစ်ကိုက မိမိအလုပ်ရှိထားနှင့်ပြီဖြစ်ရာ အခြားတစ်ယောက်ယောက်တွေ့လျှင် ပြောမည်ဖြစ်ကြောင်း ပြန်ပြောသည်။ “နှစ်ခြင်းခံပြီးသားသက်သေခံပဲဖြစ်ပါစေ” ဟုဆိုင်ရှင်ကအဆိုပြုသည်။ နှစ်လကြာသောအခါ ထိုဆိုင်ရှင်ကညီအစ်ကိုအား “ငွေကြေးကိုင်တွယ်တာကို ယေဟောဝါသက်သေတွေပဲလုပ်သင့်တယ်” ဟုပြောခဲ့သည်။
နောက်ဆုံးခရီးစဉ်–စယ်လ်ကျွန်း
ဤခရီးစဉ်တွင် ကျွန်ုပ်တို့နောက်ဆုံးရပ်နားသည့်နေရာမှာ စယ်လ်ကျွန်းဖြစ်သည်။ ယင်းအမည်၏အဓိပ္ပာယ်မှာ “ဆား” ဖြစ်ပြီး ယင်းသည် ဤကျွန်း၏အဓိကလုပ်ငန်းဖြစ်ကြောင်း ညွှန်ပြသည်။ ဤတွင် ကြေညာသူ ၂၂ ယောက်ရှိသောအသင်းတော်ငယ်ကလေးသည် ကျွန်းသား ၆,၅၀၀ ယောက်တို့အား ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကိုဝေငှရန် အလုပ်များနေကြသည်။ ထိုကျွန်းသားများကိုသတင်းကောင်းဝေငှရသည်မှာ အလွန်ပျော်စရာကောင်းသည်။ အကြောင်းမှာ အိမ်တိုင်းလိုလို အိမ်ထဲဝင်ခွင့်ပြုကြပြီး အိမ်သားများစွာနှင့်စကားပြောခွင့်ရကြသောကြောင့်ဖြစ်သည်။
စယ်လ်ကျွန်းသို့လည်ပတ်ခြင်းဖြင့် ကျွန်ုပ်တို့၏လည်ပတ်ခြင်းပြီးဆုံးသည်။ ကိပ်ဗဒ်ရှိ ယေဟောဝါ၏ ဤသစ္စာရှိကျေးကျွန်များနှင့် အလုပ်လုပ်ခဲ့ရသည်မှာ ကောင်းချီးတစ်ရပ်ပါတကား။ ယခုအခါ ထိုကျွန်းများတွင် ဘုရားသခင့်နိုင်ငံတော်ကြေညာသူ ၅၃၁ ယောက်ရှိသည်။ ၁၉၉၁ ခုနှစ်က ယေရှုသေခြင်းကိုသတိရအောက်မေ့ပွဲတက်ရောက်ခဲ့သူ ၂,၅၆၇ ယောက်တို့သည် ဝိညာဏအစာကိုဆက်လက်ရရှိသည်နှင့်အမျှ ကြေညာသူအရေအတွက်လည်း တိုးတက်လာရန်သေချာသည်။ ဤတွင်ရှိသောယေဟောဝါသက်သေအများစုမှာ ရုပ်ပိုင်းဆိုင်ရာချို့တဲ့ကြသော်လည်း၊ ဝိညာဉ်ရေးရာတွင်မူ ကောင်းစွာကြွယ်ဝ ပြည့်ဖြိုးနေကြသည်။ ယေဟောဝါသည် မိမိ၏ဘုန်းတော်နှင့် ဂုဏ်ကျက်သရေအတွက် ဤကျွန်းပေါ်တွင် သမ္မာတရားရေ ပေါကြွယ်ဝစွာ ပွက်ထစေသည့်အတွက် သူတို့မည်မျှ ကျေးဇူးတင်လိုက်ကြမည် ဖြစ်ခြင်း။