ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၂ ၂/၁၅ စာ. ၂၁-၂၆
  • အိန္ဒိယသမုဒ္ဒရာရှိကျွန်းများသို့သတင်းကောင်းရောက်ရှိ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အိန္ဒိယသမုဒ္ဒရာရှိကျွန်းများသို့သတင်းကောင်းရောက်ရှိ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ရိုဒရီဂတ်စ်တွင် —ပထမခရီးတစ်ထောက်
  • ဝေးလံသောဆေးရှဲလ်စ်
  • ရီယူနီယံသို့ပြန်လှည့်
  • မားယော့တ်–ရေမွှေးကျွန်း
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
က၉၂ ၂/၁၅ စာ. ၂၁-၂၆

အိန္ဒိယသမုဒ္ဒရာရှိကျွန်းများသို့သတင်းကောင်းရောက်ရှိ

အနောက်အိန္ဒိယသမုဒ္ဒရာအတွင်းတွင် စတုရန်းမိုင်ပေါင်း ၁.၅ သန်းခန့်အတွင်း မာဒါဂတ်စ်ကာကို ရိုဒရီဂက်စ်၊ မော်ရေးရှပ်စ်၊ ရီယူနီယံ၊ ဆေးရှဲလ်စ်၊ မားယော့တ်နှင့် ကမ္မရိုးကျွန်းများက စက်ဝိုင်းခြမ်းပုံဝန်းရံလျက်နေကြသည်။ ထိုမျှကျယ်ဝန်းသည့်ဒေသအတွင်းတည်ရှိနေကြသော်လည်း ထိုကျွန်းများစုစုပေါင်းလိုက်လျှင် ကုန်းဧရိယာစတုရန်းမိုင်ပေါင်း ၂,၈၀၀ ခန့်သာရှိသည်။ ကမ္ဘာတွင် လူဦးရေအထူထပ်ဆုံးသောကျွန်းများအဖြစ် လူဦးရေ ၂.၃ သန်းရှိသည်။

ဤလူဦးရေများထဲတွင် ကျွန်းသားများအား ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ဇွဲရှိရှိဖြင့်ကြေညာနေသော ယေဟောဝါသက်သေ ၂,၉၀၀ လည်းပါဝင်သည်။ ကမ်းနှင့်ဝေးကွာသောကျွန်းများဖြစ်သဖြင့် ထိုသက်သေခံများသည် နယ်လှည့်ကြီးကြပ်မှူးများ၏လည်ပတ်မှုနှင့် မော်ရေးရှပ်စ်နိုင်ငံ ဗေးကော့စ်မြို့ရှိ ကင်းမျှော်စင်အသင်းဌာနခွဲရုံးမှစီစဉ်ပေးသော နှစ်စဉ်စည်းဝေးပွဲကြီးများကို လေးမြတ်တန်ဖိုးထားကြသည်။ ယင်းအချိန်သည် ဟေရှာယ ၄၂:၁၀ ပါ “ပင်လယ်ကိုကူးသောသူမှစ၍ ပင်လယ်၌ရှိသမျှတို့နှင့်တကွ တစ်ကျွန်းတစ်နိုင်ငံအရပ်များ၊ ထိုအရပ်၌နေသောသူများတို့ ထာဝရဘုရား [ယေဟောဝါ၊ ကဘ ] အား အသစ်သောသီချင်းကိုဆိုကြလော့” ဟူသောစကားသား၏အဓိပ္ပာယ်ကို သူတို့နှစ်လိုပျော်မွေ့သောအချိန်ဖြစ်သည်။

မကြာမီက ထိုကျွန်းများရှိအသင်းတော်များသို့ လည်ပတ်ရန်နှင့် ၁ ပေတရု ၁:၁၅ အပေါ်အခြေပြုသော “သင်တို့ပြုမူကျင့်ကြံသမျှတွင် သန့်ရှင်းခြင်းရှိကြလော့” ခေါင်းစဉ်ရှိသော နှစ်စဉ်အစီအစဉ်ဖြစ်သော တစ်ရက်အထူးအစည်းအဝေးကျင်းပရန် ဌာနခွဲကိုယ်စားလှယ်တစ်ဦးရောက်သွားသည်။ ကျယ်ပြောသောသမုဒ္ဒရာအတွင်း သွားလိုသည့်နေရာအားလုံးရောက်ရှိရန် အများအားဖြင့် လေယာဉ်ဖြင့်သွားရသည်။ တစ်ခါတစ်ရံ ခေတ်ပေါ်ဂျမ်ဘိုဂျက်ကြီးများဖြင့်သွားရပြီး အများအားဖြင့် သာမန်လေယာဉ်ငယ်ကလေးများဖြင့်သွားရသည်။ ရွက်သင်္ဘောကြီးများနှင့် ရွက်လှေငယ်များဖြင့်လည်း သွားရသည်။ အိန္ဒိယသမုဒ္ဒရာရှိ ဝေးလံသောကျွန်းများသို့ သတင်းကောင်းမည်သို့ရောက်ရှိသည်ကို ကျွန်ုပ်တို့နှင့်အတူလိုက်ကြည့်ပါ။

ရိုဒရီဂတ်စ်တွင် —ပထမခရီးတစ်ထောက်

မော်ရေးရှပ်စ်မှနေ၍ လေယာဉ်ဖြင့် တစ်နာရီခွဲကြာစီးလာသောအခါ သန္တာကျောက်တန်းကြီးကို မြင်ရသည်။ ယင်းတို့သည် အိန္ဒိယသမုဒ္ဒရာအတွင်း အစက်အပြောက်မျှသာရှိကုန်းမြေကို ဝိုင်းရံထားသော ရေတိမ်ပင်လယ်အော်၏ အပြင်နှုတ်ခမ်းကို ပိုင်းခြားထားသည်။ ယင်းကား ကျွန်ုပ်တို့ဦးဆုံးရောက်ရှိသည့် ရိုဒရီဂတ်စ်ကျွန်းဖြစ်သည်။

လေဆိပ်ကို ပွိုင့်ကော်ရေးလ်ဟုခေါ်သော သန္တာကျောက်များဖြင့် ဆောက်လုပ်ထားသည်။ ဤဒေသရှိသန္တာကျောက်များသည် ယင်းတို့ကိုလေးထောင့်တုံးပုံစံဖြတ်တောက်၍ ဆောက်လုပ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်သည်အထိ ကြီးမားကြသည်။ ဘတ်စ်ကားငယ်ကလေးတစ်စီးက ကျွန်ုပ်တို့အား ကျဉ်းမြောင်းကောက်ကွေ့သောလမ်းကလေးဖြင့် လေဆိပ်မှ မက်သရင်ကမ်းခြေ၏အဓိကမြို့တော်သို့ ခေါ်ဆောင်သွားသည်။ တစ်နေရာတွင် ဝေးသောသန္တာကျောက်တန်းများ၊ ပြာသောရေတိမ်ပင်လယ်အော်နှင့် ကျောက်ထူထပ်သောကမ်းခြေတို့ကို ထောင့်တန်းဖြတ်၍မြင်ရသည်။ မိုးရာသီကုန်ဆုံးပြီဖြစ်သဖြင့် တောင်ကုန်းဒေသများသည် ကြမ်း၍ရေမြုပ်ကဲ့သို့ပွသောမြက်များဖြင့်ဖုံးလွှမ်းနေပြီး အစာစားနေကြသော ကျွဲနွားသိုးဆိတ်များကိုတွေ့ရသည်။

မက်သရင်ကမ်းခြေ၏အလယ်တွင် သေးငယ်သပ်ရပ်သောနိုင်ငံတော်ခန်းမသည် ကျွန်ုပ်တို့တစ်ရက်အထူးအစည်းအဝေးကျင်းပရာနေရာဖြစ်သည်။ ရိုဒီဂတ်စ်တွင် လုပ်ငန်းတော်ကို ၁၉၆၄ ခုနှစ်တွင်စတင်ခဲ့သည်။ ယခုလူဦးရေ ၃၇,၀၀၀ တွင် သတင်းကောင်းကြေညာသူ ၃၆ ဦးရှိသည်။ တက်ရောက်သူ ၅၃ ယောက်ရှိပြီး ၁၈ နှစ်အရွယ်လူငယ်တစ်ဦးနှစ်ခြင်းခံခဲ့သည်မှာ ဝမ်းသာစရာပင်။ သူ၏မိခင်သည် စာရေးစာဖတ်မတတ်သော်လည်း ၁၉၆၉ ခုနှစ်တွင် သမ္မာတရားကိုလက်ခံခဲ့သည်။ သူမသည် မိသားစုအတိုက်အခံများကြားမှပင် ယေဟောဝါကိုဆက်လက်ဝတ်ပြုခဲ့သည်။ ယခု သူမ၏ကလေးနှစ်ယောက်သည် ယေဟောဝါထံ ဆက်ကပ်အပ်နှံပြီးဖြစ်သည်။

စည်းဝေးပွဲပြီးသောအခါ ကျွန်ုပ်တို့သည် ကျွန်းပေါ်တွင် တစ်ပတ်ကြာဟောပြောခြင်းလုပ်ငန်းကို လုပ်ဆောင်ကြသည်။ ရိုဒရီဂတ်စ်တွင် ကျွန်ုပ်တို့၏ မော်ရေးရှပ်စ်ခရီအိုလ်ဘာသာစကားကို သုံးသဖြင့် ကျွန်ုပ်တို့လည်း ထိုစကားကိုပင်ပြောကြသည်။ ဘတ်စ်ကားတစ်တန် ခြေလျင်တစ်တန်ဖြင့် ကုန်းမြေမြင့်မှ ပင်လယ်ထဲအထိ နိမ့်ဆင်းသွားသော စိမ်းလန်းသည့်မြေနိမ့်ချိုင့်ဝှမ်းဒေသဖြစ်သည့် ကျွန်ုပ်တို့၏အမှုဆောင်ရပ်ကွက်သို့ ရောက်ရှိသွားသည်။ စိမ်းပြာရောင်ရေတိမ်ပင်လယ်အော်နှင့် ဖြူလွင်သည့်သန္တာကျောက်တန်းတို့ကို ပြာလဲ့နက်ရှိုင်းသောပင်လယ်ပြင်ကြီးက နောက်ခံပြုထားသည်မှာ မည်မျှထူးခြားခန့်ညားသည့်မြင်ကွင်းပါတကား။ သန့်ရှင်းလတ်ဆတ်သောလေက ကျွန်ုပ်တို့အားတိုက်ခတ်လိုက်ခြင်းဖြင့် ကျွန်ုပ်တို့သွားရန်အဆင်သင့်ဖြစ်စေသည်။

ကွင်းပြင်ရှိလမ်းမြောင်ကလေးအတိုင်း ကျွန်ုပ်တို့လိုက်သွားပြီး စိမ့်စမ်းတစ်ခုကိုဖြတ်လိုက်သောအခါ တောင်ကြားထဲရှိ အိမ်ငယ်ကလေးများသို့ ရောက်ရှိသွားသည်။ ကျွန်ုပ်တို့လှိုက်လှိုက်လှဲလှဲပင်ကြိုဆိုခံရကြပြီး မကြာမီလာတော့မည့် ဘုရားသခင့်နိုင်ငံတော်ကောင်းချီးများအကြောင်းကို အိမ်ရှင်များအား ပြောဆိုခွင့်ရကြသည်။ ကျွန်ုပ်တို့ တောင်ကြားသို့ဆင်းလာပြီးမကြာမီမှာပင် အိမ်ပြန်ရန်အချိန်ရောက်လာသည်။ လမ်းလျှောက်တောင်တက်ခြင်းတို့ဖြင့် ကျွန်ုပ်တို့ပို၍အချိန်ကုန်သောကြောင့်ဖြစ်သည်။ သို့သော် ဒေသခံတို့၏စာနာမှုက ကျွန်ုပ်တို့ကိုကယ်လိုက်သဖြင့် ဂျစ်ကားတစ်စင်း၏နောက်ဖက်တွင် စီးနင်းလိုက်ပါခွင့်ရခဲ့ကြသည်။

ယင်းသို့အားသွန်ခွန်စိုက် အမှုဆောင်ထွက်ကြပြီးသောအခါ ဗေးကော့စ်ရှိ လှပသောဗေသလအိမ်သို့ ပျော်ရွှင်စွာပြန်လာကြသည်။ အထူးအစည်းအဝေးရက်နှစ်ရက်ကို မြူနီစီပယ်ခန်းမတွင်ကျင်းပရန် စီစဉ်သည်။ ပထမနေ့တွင် လူပေါင်း ၇၆၀ တက်ရောက်ခဲ့သည်။ သူတို့သည် ကျွန်းပေါ်ရှိအသင်းတော်ပေါင်း ၁၂ ခုတွင် အသင်းတော်တစ်ဝက်မှလူများ ဖြစ်ကြသည်။ နောက်တစ်နေ့တွင် အခြားသောအသင်းတော်ခြောက်ခုမှ လူပေါင်း ၇၈၆ ယောက်ဖြင့် ထပ်တူအစီအစဉ်အတိုင်း ကျင်းပကြသည်။ ရက်ပတ်၏နောက်ဆုံးနေ့များကျော်လွန်သွားသောအခါ လူသစ်လေးယောက်နှစ်ခြင်းခံကြသည်။ ကျွန်းသားများအား သတင်းကောင်းသယ်ဆောင်ပေးရာတွင် ပါဝင်သော အထူးရှေ့ဆောင် ၃၀ နှင့် မှန်မှန်ရှေ့ဆောင် ၅၀ ရှိကြသည်။

ဝေးလံသောဆေးရှဲလ်စ်

မကြာမီ မြောက်စူးစူးသို့ မိုင်ပေါင်းတစ်ထောင်ကျော် ဝေးသော ဆေးရှဲလ်စ်ကျွန်းစုများတွင်ရှိသည့် မာဟေးကျွန်းသို့ လေယာဉ်ခရီးဖြင့် ပင်လယ်ပြင်ကိုဖြတ်သွားရသည်။ ယင်းကျွန်းကို ခရီအိုလ်ဘာသာစကားဖြင့် ဇီးလ်အယ်လ်ဝမ်းနေယဲန်စီးစဲလ် [Zil Elwannyen Sesel] ဟုခေါ်ပြီး အဓိပ္ပာယ်မှာ “ဝေးလံသောဆေးရှဲလ်ကျွန်းများ” ဖြစ်သည်။ ခရီးအကွာအဝေးကြောင့် တစ်နှစ်လျှင် နှစ်ကြိမ်သာလည်ပတ်ရန် ဌာနခွဲကစီစဉ်နိုင်သည်။ အထူးစည်းဝေးနေ့နှင့် တိုက်နယ်စည်းဝေးနေ့တို့ကို ဆောင်းဦးရာသီတွင် သုံးရက်ဆက်တိုက်ကျင်းပသည်။ ခရိုင်စည်းဝေးပွဲကြီးကို ထိုနှစ်၏နောက်တစ်ချိန်တွင်ကျင်းပသည်။ ယခု အောက်တိုဘာလဝက်လောက်တွင် ကျွန်ုပ်တို့သည် ခရိုင်စည်းဝေးပွဲကြီးအတွက် ဤနေရာတွင်ရောက်ရှိနေကြသည်။ ပြီးနောက် အသင်းတော်ထံတစ်ပတ်ကြာလည်ပတ် ရန်ဖြစ်သည်။ ဤတွင်တစ်ဖန် ကျွန်ုပ်တို့၏ မော်ရေးရှန်းခရီအိုလ်ဘာသာစကားကို အသုံးပြုနိုင်ကြသည်။

အနီးတစ်ဝိုက်ရှိ ပရပ်စ်လင်းနှင့်လားဒစ်ကျွန်းများမှညီအစ်ကိုများ ရောက်နှင့်နေကြသည်။ လူမျိုး ၁၂ မျိုးမှ ကိုယ်စားလှယ်များ တက်ရောက်လာကြခြင်းမှာ မည်မျှစိတ်လှုပ်ရှားဖွယ်ပါတကား။ အစည်းအဝေးကျင်းပရာနေရာမှာ သက်သေခံတစ်ယောက်၏အိမ်နောက်ဖက်ရှိ ကားဂိုဒေါင်ကြီးတစ်ခုကို ပြုပြင်ပြောင်းလဲထားသည့် ဒေသခံနိုင်ငံတော်ခန်းမဖြစ်သည်။ ဧည့်သည်များအပါအဝင် ညီအစ်ကိုခြောက်ဦးသာ အစီအစဉ်တွင်ပါဝင်နိုင်သောကြောင့် အချို့တို့သည် လေးရက်အတွင်း ဟောပြောချက်များစွာကို ဟောခွင့်ရကြသည်။ ကြေညာသူ ၈၁ ဦးတို့သည် နောက်ဆုံးနေ့တွင် တက်ရောက်သူ ၂၁၆ ယောက်ကို စိတ်အားတက်ကြွစွာမြင်ခဲ့ကြရသည်။

စည်းဝေးပွဲပြီးသောအခါ မာဟေးကျွန်း၏အရှေ့မြောက်ဖက် ၂၅ မိုင် ဝေးသော ပရပ်စလင်ကျွန်းသို့ ရွက်လှေဖြင့်သွားကြသည်။ ပေ ၆၀ ရှည်သောလှေကို တက္ကာမဟပ်သစ်ဖြင့် ပြုလုပ်ထားသည်။ ဤလှေကြီးသည် ခရီးသည် ၅၀ နှင့် ကုန်ချိန်တန် ၄၀ ခန့်ကို တင်ဆောင်နိုင်သည်။ မာဟေးကျွန်းဆိပ်ကမ်းမှထွက်ခွာပြီး ရေပြင်ညီတွင်ပရပ်စလင်ကျွန်းရှိရာဖက်သို့ လှေဦးကိုလှည့်လိုက်ရာ ရွက်တိုင်ဘေးသို့ တစ်ဖားဖားလွင့်နေသော ရွက်ဖြူကြီးများအကူအညီဖြင့် ဒီဇယ်အင်ဂျင်၏တွန်းအားကို ကျွန်ုပ်တို့ခံစားကြရသည်။

နှစ်နာရီခွဲခန့်ကြာသောအခါ ရေငြိမ်၍လှပသော စိန့်အယ်နီပင်လယ်အော်သို့ဝင်ရန် ကျောက်ဆောင်အငူကို ပတ်၍ဝင်လာခဲ့ရသည်။ ရှည်လျားသောသင်္ဘောဆိပ်သို့ဝင်လာသောအခါ ကျွန်ုပ်တို့၏ညီအစ်ကိုများစောင့်နေသည်ကို တွေ့ရသည်။ ထိုကျွန်းငယ်ကလေးတွင် ကြေညာသူ ၁၃ ယောက်ရှိပြီး အခြားဒေသမှ ဧည့်သည် ၈ ယောက်ရောက်နေကြသည်။ ထို့ကြောင့် ခန်းမငယ်ကလေးတွင် လူပေါင်း ၃၉ ယောက်တက်ရောက်သည့် အထူးဟောပြောပွဲကို အလွန်စိတ်လှုပ်ရှားတက်ကြွဖွယ်တွေ့မြင်ခဲ့ရသည်။ ဆက်လက်ကြီးပွားရန် ကောင်းသောအရှိန်အဟုန်ပါတကား။

ပရပ်စလင်တွင်ကျွန်ုပ်တို့ရှိစဉ် လှပသော မိုင် တောင်ကြားကို သွားလည်ပတ်ရသည်။ ယင်းသည် ကမ္ဘာပေါ်တွင်အကြီးဆုံးသော ကိုကိုဒီမားရ်ခေါ် စွန်ပလွန်သီးထွက်ရာအရပ်ဖြစ်ရာ တစ်ပင်လျှင် ၄၀ ပေါင် ခန့်သီးတတ်သည်။ စိမ်းစိုအေးမြသည့် သစ်တောရိပ်တွင်အရွယ်အမျိုးမျိုးဖြင့် ပေါက်နေကြသောစွန်ပလွန်ပင်များကို ကျွန်ုပ်တို့တွေ့ကြသည်။ တရားဝင်စမ်းသပ်လေ့လာမှုမှတ်တမ်းက ရှင်းပြချက်အရ အရှည်ဆုံးအပင်မှာ ၁၀၂ ပေ ရှိကြောင်း ၁၉၆၈ ခုနှစ်က နောက်ဆုံးတိုင်းတာရရှိချက်အရ သိရသည်။ ရှည်သောဤအပင်အချို့၏သက်တမ်းသည် နှစ်ပေါင်း ၈၀၀ အထိရှိသည်ဟု ခန့်မှန်းကြသည်။ အသီးသီးရန် ၂၅ နှစ်ကြာပြီး အသီးရင့်မှည့်ရန် ၇ နှစ်ကြာသည်။ ထို့ကြောင့် စာစောင်တစ်ခုက သတိပေးသည့်အတိုင်း “ဓာတ်ပုံပဲရိုက်ယူသွားပါ။ ခြေရာတွေပဲထားခဲ့ပါ” ဟုပြောခြင်းမှာ အဆန်းမဟုတ်ပါ။

နောက်တစ်နေ့နံနက်ခုနစ်နာရီတွင် လားဒစ်ကျွန်းကလေးသို့ လှေဖြင့်သွားကြသည်။ သင်္ဘောဆိပ်နားတွင် လှေငယ်ကလေးများစွာစီတန်းနေကြသည်။ ယင်းတို့သည် ကျွန်းနေလူပေါင်း ၂,၀၀၀ ကို အပြင်လောကနှင့် အသက်ဆက်ပေးသောအရာများဖြစ်သည်။ ၁၉၇၅ ခုနှစ်ကတည်းက ဆွစ်ဇာလန်မှ ဤကျွန်းသို့ရောက်နေကြသော အသက်ကြီးသူဇနီးမောင်နှံက ကျွန်ုပ်တို့ကိုလာကြိုသည်။ နွားလှည်းအငှားယာဉ်ကိုစီးမည့်အစား ကျွန်ုပ်တို့သည် ပင်လယ်ရေနှင့်မိုးရေတိုက်စားထားမှုကြောင့် ချောမွတ်ပြီး မြုပ်နေသောပန်းရောင်လိပ်သဲကျောက်များရှိသည့် ပင်လယ်ကမ်းခြေတစ်လျှောက် လမ်းလျှောက်သွားကြသည်။ ပျော်ပွဲစားထွက်ခြင်းနှင့်တူသော နံနက်စာစားသောက်ပြီးကြသောအခါ ရှားပါးသည့်အနက်ရောင်ပုဇင်းထိုးငှက်များပေါက်ဖွားရာနေရာကို လမ်းကျဉ်းကလေးဖြင့်ဖြတ်သွားပြီး စိတ်ဝင်စားသူအချို့၏အိမ်သို့ သွားခဲ့ကြသည်။ ခရီအိုလ်ဘာသာစကားဖြင့်ဟောပြောချက်ကို လူ ၁၃ ယောက်လာ၍ နားထောင်ကြသည်။ ဝိညာဉ်ရေးတွင် ဆက်လက်တိုးတက်ရန်အတွက် မိမိတို့၏အိမ်ထောင်ရေးကို လုံးဝတရားဝင်ဖြစ်အောင် စီစဉ်နေကြသော ဇနီးမောင်နှံတစ်စုံကိုတွေ့ခဲ့ကြရသည်။ မှန်ပါသည်။ ယေဟောဝါသည် လူမျိုးများထဲမှ နှစ်သက်တော်မူသောသူတို့ကို ဤသို့ဝေးလံသောကျွန်းများမှပင် ရွေးချယ်တော်မူသည်။

ရီယူနီယံသို့ပြန်လှည့်

ကျွန်ုပ်တို့လည်ပတ်သည့်ကျွန်းများထဲတွင် ရီယူနီယံသည် အကောင်းဆုံးတိုးတက်သည့်ကျွန်းတစ်ကျွန်းဖြစ်သည်။ ကျွန်ုပ်တို့ကုန်းပေါ်ရောက်သည့်အခါ လေးဖြာကွဲနေသောအဝေးပြေးလမ်းမကြီးကို မြင်ကြရသည်။ ယင်းလမ်းများသည် မြို့တော်စိန့်ဒဲနစ္စမှလာသော လမ်းမကြီးတွင် ပေါင်းဆုံသည်။ ပင်လယ်နှင့်တောင်ကြားရှိကွက်လပ်တွင် မြင့်မားသောအဆောက်အအုံများက နေရာယူထားကြသည်။ ဤကျွန်းသည် လူပေါင်း ၅၈၀,၀၀၀ တို့၏ဇာတိဖြစ်ပြီး ဘုရားသခင့်နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းအတွက် အကျိုးဖြစ်ထွန်းသည့်လယ်ကွင်းဖြစ်သည်။ (မဿဲ ၉:၃၇၊ ၃၈) ယခုအခါ ထိုကျွန်းတွင် အသင်းတော် ၂၁ ခုမှ သတင်းကောင်းကြေညာသူပေါင်း ၂,၀၀၀ ခန့်ရှိသည်။

အထူးအစည်းအဝေးနေ့ကို ကျယ်ဝန်းသော မိုးလုံလေလုံအားကစားခန်းမကြီးထဲတွင် ကျင်းပသည်။ တက်ရောက်သူ ၃,၃၃၂ ဦးနှင့် နှစ်ခြင်းခံသူ ၆၇ ဦးတို့ကိုတွေ့ဆုံရခြင်းက မည်မျှစိတ်လှုပ်ရှားတက်ကြွဖွယ်ပါတကား။ ထိုကျွန်းရှိသာသနာပြုများနှင့် ပျော်ရွှင်စွာပေါင်းသင်းကြပြီးနောက် နောက်တစ်နေရာသို့ ကျွန်ုပ်တို့သွားကြပြန်သည်။

မားယော့တ်–ရေမွှေးကျွန်း

ထိုင်ခုံ ၄၀ ပါသည့်ဂျက်လေယာဉ်ဖြင့် နှစ်နာရီကြာပျံသန်းပြီးသောအခါ မားယော့တ်ကျွန်း၏မြို့တော် ဇာအိုဂျီးကို ၁.၂ မိုင်ရှည်သောတာလမ်းဖြင့်ဆက်သွယ်ထားသည့် ကျွန်းငယ်ကလေးပေါ်တွင်တည်ရှိသော ပါမန်ဇီလေဆိပ်သို့ ဆိုက်ရောက်လာသည်။ ပြာလဲ့လဲ့မိုးကောင်းကင်၊ ဆွတ်ဆွတ်ဖြူသောတိမ်ထု၊ ထူထပ်သောတောင်ကုန်းတောင်တန်းများနှင့် နက်ရှိုင်းသောရေပြာသမုဒ္ဒရာပြင်ကြီးတို့က အပူပိုင်းဒေသရှိ ငြိမ်သက်အေးချမ်းသော ပရဒိသုအသွင်သဏ္ဌာန်ကို ပေါင်းစပ်ပေးနေသကဲ့သို့ရှိသည်။ ဆီလျော်စွာပင် မားယော့တ်သည် ရေမွှေးကျွန်းကို ချစ်စနိုးအမည်ဖြင့်ခေါ်ခြင်းဖြစ်သည်။ အကြောင်းမှာ အီလန်အီလန်ဟုခေါ်သော မွှေးကြိုင်သည့်သစ်ပင်များကြောင့်ဖြစ်သည်။ ကမ္ဘာကျော်ရေမွှေးပြုလုပ်ရန်အခြေခံပစ္စည်းအဖြစ် ယင်း၏အပွင့်မှအဆီထုတ်ယူပြီး ပြင်သစ်နိုင်ငံသို့တင်ပို့ကြသည်။

ပင်မကျွန်းသို့ရောက်ရန် ကုန်သင်္ဘောဖြင့် ၁၅ မိနစ်ကြာသွားရသည်။ သာသနာပြုအိမ်တွင် ခဏအနားယူပြီးနောက် ၁၂ မိုင်ဝေးသော ကျွန်း၏အခြားတစ်ဖက်တွင် စာအုပ်ကြီးသင်တန်းတက်ရောက်ရန် ကျွန်ုပ်တို့ဖိတ်ခေါ်ခံရကြသည်။ အခါအခွင့်သင့်စဉ်လည်ပတ်လိုသော ကျွန်ုပ်တို့မျှော်လင့်ထားသည်နှင့် အတော်ပင်ဖြစ်သွားသည်။ အမိုးဖွင့်ဂျစ်ကားတစ်စင်းဖြင့် ကျဉ်းမြောင်းသောလမ်းများကို ကြက်သီးမွေးညင်းထဖွယ်စီးခဲ့ရသည်။ လူများ၊ ကျွဲနွားများ၊ ယာဉ်များကို ကျွန်ုပ်တို့မမြင်နိုင်တော့အောင်ဖြစ်သွားသည်။ သို့သော် ကျွန်ုပ်တို့၏ပြင်သစ်လူမျိုးကားမောင်းသူက လမ်းသိသည်။ မကြာမီ သူတို့အိမ်တွင်စာအုပ်ကြီးသင်တန်းကျင်းပသောမိသားစုရှိသည့် ချီကိုနီသို့ရောက်ရှိလာသည်။

အိမ်ထောင်ဦးစီးဖခင်က သူ၏ကလေးရှစ်ယောက်ကို မိတ်ဆက်ပေးသည်။ သူ၏ လေးနှစ်အရွယ်ရှိ အငယ်ဆုံးသားကလေးက နောက်ပိုင်းတွင် ရိုးရာဓလေ့နှုတ်ဆက်နည်းဟုသိရသောပုံစံဖြင့် ကျွန်ုပ်တို့အား နှုတ်ဆက်သည်။ ကျွန်ုပ်တို့ရှေ့တွင်ရပ်၍ လက်ဖဝါးတစ်ဖက်ထဲသို့ အခြားလက်ဖမိုးကိုထည့်ပြီး ခွက်သဏ္ဌာန်လုပ်ပြသည်။ ပထမတွင် ကျွန်ုပ်တို့သူ့ကိုလက်ဆွဲနှုတ်ဆက်ရန် ကြိုးစားသည်။ ကျွန်ုပ်ဇနီးက သူ့လက်များကို သူ့ခေါင်းပေါ်တင်ရန်ကြိုးစားသည်။ ကလေးငယ်သည် ကြီးမားဝိုင်းစက်သည့်မျက်လုံးများဖြင့် စိတ်ရှည်စွာစောင့်ကြည့်နေသည်။ ကျွန်ုပ်တို့ဘာလုပ်မည်ကို သူသိလိုမည်မလွဲပေ။ နောက်ဆုံးတွင် ကျွန်ုပ်တို့ပြေလည်သွားကြသည်။ သူ့လက်များကို သူ့ခေါင်းပေါ်တင်ပေးလိုက်သည်။ သင်တန်းတက်ရောက်သူ ၁၄ ယောက်ရှိခဲ့သည်။ သင်တန်းကျင်းပစဉ်တွင် စိတ်ဝင်စားသူတစ်ဦးရောက်လာပြီး လူတိုင်းကိုလက်ဆွဲနှုတ်ဆက်သည်။ ယင်းသည်လည်း သူတို့၏ရိုးရာဓလေ့တစ်ခုဖြစ်ကြောင်း ထင်ရှားသည်။

အပြန်တွင် မှောင်ရီသန်းနေသော တောလမ်းခရီးကို ဖြတ်သန်းလာရာတွင် ကြီးမားသော အသီးစားလင်းနို့ကြီးများသည် အိပ်တန်းတက်ရန် သစ်ပင်များသို့ပျံသန်းလာနေကြသည်ကို တွေ့ကြရသည်။ ကွေ့ကောက်သောလမ်းပေါ်တွင် ပြုတ်ကျနေသော စူးရှသည့်ပိန္နဲသီးအနံ့၊ သရက်သီး၊ သင်္ဘောသီး၊ မာလကာသီးတို့၏ သင်းပျံ့မွှေးထုံသောရနံ့ကိုလည်း ရကြသည်။ ဤနေရာသည် မျောက်လေပွေခေါ် မြေခွေးမျက်နှာနှင့် ရှည်လျားခွေလိပ်၍ တွယ်ချိတ်နိုင်သောအမြီးရှိသည့် မျောက်ငယ်တစ်မျိုးနေထိုင်ရာဇာတိဖြစ်သည်။ တောင်ကုန်းထိပ်သို့ ကျွန်ုပ်တို့ပတ်တက်သွားကြသောအခါ လေကောင်းလေသန့်ရှူရန်နေရာကဲ့သို့သောမြင်ကွင်းသို့ ရောက်ရှိသွားသည်။ လိမ္မော်ရောင်လပြည့်ဝန်းကြီးက ပင်လယ်အော်အထက်မှပြူထွက်လာပြီး ငြိမ်သက်နေသောရေပြင်ပေါ်တွင် အရောင်တလဲ့လဲ့ပြေးနေသည်။ ကျွန်ုပ်တို့၏ကားမောင်းသူပင် ကားအရှိန်လျှော့ပြီး ငေးမောအံ့သြယူရသည်။ ကျန်ခရီးတွင် လမ်းကွေ့ရောက်တိုင်း ယင်းမြင်ကွင်းကိုကျွန်ုပ်တို့လိုက်ရှာနေခဲ့ကြသည်။

နောက်တစ်နေ့နံနက်တွင် သာသနာပြုများနှင့်အတူ ကျွန်ုပ်တို့ဟောပြောရန်ထွက်ကြသည်။ ပထမတွင် ပြင်သစ်စကားကောင်းစွာပြောနိုင်သော လူငယ်ကျောင်းဆရာတစ်ဦးနှင့် တွေ့ဆုံကြသည်။ သူက ကြမ်းပြင်ပေါ်မှာထိုင်ပြီး ကျွန်ုပ်တို့က သူ့အိပ်ရာပေါ်တွင်ထိုင်ကြသည်။ နောက်သင်အံမှုတစ်ခုမှာလည်း လူငယ်ပင်ဖြစ်ပြီး သူ၏အခန်းကျဉ်းကလေးထဲရှိ ကြမ်းပြင်ပေါ်တွင်ခင်းထားသော မွေ့ရာပေါ်တွင် ကျွန်ုပ်တို့ကိုပေးထိုင်သည်။ မကြာမီမှာပင် ကျွန်ုပ်တို့ခြေထောက်များတောင့်တင်းလာပြီး ကျောကုန်းတွင် ချွေးများယိုစီးကျလာသဖြင့် လှုပ်လှုပ်ရွရွဖြစ်နေရသည်။ တစ်ဖက်ခန်းရေဒီယိုမှလည်း ကာလပေါ်တေးသီချင်းသံများပျံ့လွင့်လာရာ ပြင်သစ်နှင့်မဟော်ရီယံဘာသာစကားနှစ်မျိုးကို ကြားညှပ်ပြော၍ပြုလုပ်ရသောသင်အံမှုကို အာရုံစူးစိုက်ရန်မလွယ်ကူပါ။

ကျွန်ုပ်တို့နောက်ဆုံးလည်ပတ်သောအိမ်မှာ ကော်မရိုကျွန်းစုတွင်နေသော လူငယ်တစ်ဦး၏အိမ်ဖြစ်သည်။ သူက ပြင်သစ်စကားကောင်းစွာမပြောနိုင်ကြောင်း ကျွန်ုပ်တို့အားတောင်းပန်ပြီး သင်အံမှုစတင်ရန် သူ့ရုပ်ပြစာစောင်ကိုထုတ်ယူလာသည်။ သာသနာပြုက ကျွန်ုပ်အား တစ်စုံတစ်ခုကိုရှင်းပြနေစဉ် သူအပိုဒ်ဖတ်မည့်အကြောင်း ဝင်ပြောသည်။ ကျွန်ုပ်တို့တိတ်တိတ်နေကြရန် ယဉ်ကျေးစွာပြောသည်။ ဤလူအားလုံးမှာ အခြားဘာသာဝင်များဖြစ်ကြသော်လည်း သမ္မာကျမ်းစာမှ သူတို့လေ့လာသိရှိသည့်အရာများကို သူတို့လေးမြတ်ကြသည်။

လေ့လာကြသူများတွင် လူငယ်အမျိုးသားများစွာရှိပြီး အမျိုးသမီးများ၊ မိန်းကလေးများအလွန်နည်းသည်ကို ကျွန်ုပ်တို့အံ့သြနေကြသည်။ ယင်းကား လူမှုရေးနှင့်မိသားစုထုံးစံဓလေ့များကြောင့်ဖြစ်ကြောင်း ကျွန်ုပ်တို့သိလာရသည်။ မယားအများယူစနစ်ကို ဘာသာရေးအရကောလူမှုရေးအရပါ လက်ခံထားကြသဖြင့် ဇနီးသည်တိုင်းသည် ကိုယ့်အိမ်တွင် ကိုယ်နေကြသည်။ ဖခင်သြဇာလွှမ်းမိုးမှုမှာ အလွန်နည်းပါးပြီး မိခင်သာလျှင်အဓိကချုပ်ကိုင်သည်။ ထုံးတမ်းစဉ်လာအရ သမီးပျိုများသည်လည်း အိမ်ထောင်မကျမချင်း မိခင်၏အိမ်တွင်သာ နေကြရကြောင်း ကျွန်ုပ်တို့သိလာကြရသည်။ သားများမှာမူ အရွယ်ရောက်သည်နှင့် ဘန်ဂါ ခေါ်တဲအိမ်များကို ကိုယ်ပိုင်ဆောက်လုပ်နေထိုင်ကြပြီး အခြားယောက်ျားလေးများနှင့်လည်း အတူနေထိုင်ကြသည်။ ဤအခြေအနေအောက်တွင် လူငယ်ယောက်ျားလေးများသည် လေ့လာမှုပြုလိုပါက လွတ်လပ်စွာပြုနိုင်ကြပြီး မိန်းကလေးအနည်းငယ်သာ ထိုလွတ်လပ်မှုမျိုးကို ရကြသည်။

တနင်္ဂနွေနေ့သည် အထူးအစည်းအဝေးကျင်းပရမည့်နေ့ဖြစ်သည်။ နေ့၏အစတွင် ရာသီဥတုကောင်းမွန်သည်။ သို့သော် နေ့လည်လောက်ရောက်သောအခါ မိုးသားများတက်လာပြီး မိုးရွာချတော့သည်။ အရာအားလုံး အေးဆေးငြိမ်သက်သွားရာ မည်သူတစ်ဦးတစ်ယောက်မျှ မိုးကြောင့်အနှောင့်အယှက်မဖြစ်ကြပေ။ ဤတွင်လည်း ကြေညာသူ ၃၆ ယောက်နှင့် ရှေ့ဆောင်များတို့က တက်ရောက်သူ ၈၃ ယောက်နှင့် နှစ်ခြင်းခံသူ ၃ ယောက်တို့ကြောင့် ပျော်ရွှင်ကြရာ ဝိညာဏကြွယ်ဝမှုကြီးကို ထပ်မံမြင်တွေ့ကြရပြန်သည်။

ကမ္ဘာသားဘဝ ထာဝရစံစားကြ ဘရိုရှာစာစောင်ကို သူတို့၏ဘာသာစကားဖြင့် ထုတ်ပြန်ကြေညာခြင်းသည် အထင်ကရဖြစ်သည်။ ယင်းစာစောင်သည် ကင်းမျှော်စင်အသင်းထုတ်စာအုပ်များထဲတွင် မဟော်ရီယံဘာသာစကားဖြင့်ထုတ်ဝေသော တစ်ခုတည်းသောစာအုပ်ဖြစ်သည်သာမကပဲ ထိုဘာသာစကားဖြင့် အခြားမည်သည့်စာအုပ်မျှလည်း မရှိသေးပေ။ ယင်းကို ရောမစာများအောက်တွင် အာရေဘစ်စာဖြင့် လိုက်ရေးထားသည်။ လူများသည် အာရေဘစ်စာကို ကျောင်းတွင်သင်ရသော်လည်း စကားကိုမသင်ရကြပေ။ အာရေဘစ်ဘာသာဖြင့် ဆုတောင်းချက်များကို ရွတ်ဆိုနိုင်ကြသည်။ အာရေဘစ်ကျမ်းများကို အာရေဘစ်စကားဖြင့် ဖတ်နိုင်ကြသည်။ သို့သော် သူတို့ရွတ်ဖတ်သည့်အသံထွက်များကို သူတို့နားမလည်ကြပေ။ ရုပ်ပြစာစောင်တွင်ပါသော အာရေဘစ်စာကို သူတို့ဖတ်ရသောအခါ သူတို့နားလည်ကြသည်ကို အံ့သြစွာတွေ့ရသည်။ အမှန်မှာ သူတို့ဖတ်ရသောအရာသည် သူတို့၏မဟော်ရီယံဘာသာစကား၏အသံထွက်ကို အာရေဘစ်စာဖြင့် ရေးသားထားသောကြောင့်ဖြစ်သည်။ သူတို့ဖတ်သည့်အရာကို နားလည်ကြသောအခါ သူတို့၏မျက်နှာသည် ရွှင်လန်းမှုဖြင့်ဝင်းပနေကြသည်ကို မြင်ရသည်မှာ စိတ်ကြည်နူးစရာဖြစ်သည်။

ရုပ်ပြစာစောင်ကို အလွယ်တကူဝေငှနိုင်သည်။ မြို့စွန်ဘက်ကျသောရွာတစ်ရွာတွင် အမျိုးသမီးတစ်ဦးကို ကျွန်ုပ်တို့ဟောပြောနေစဉ်တွင် အနားသို့လူတစ်ဦးချဉ်းကပ်လာပြီး ကျွန်ုပ်တို့၏ညီအစ်ကိုအား မဟော်ရီယံဘာသာစကားဖြင့် အားရပါးရစကားပြောလေတော့သည်။ ကြည့်ရသည်မှာ ကျွန်ုပ်တို့အား အလွန်အတိုက်အခံလုပ်နေသည့်ပုံရသည်။ အတော်ကြာကြာပင် မနားတမ်းပြောချလိုက်သည်။ နောက်ပိုင်းတွင် ညီအစ်ကိုက ကျွန်ုပ်တို့ကို ဤသို့ပြန်ရှင်းပြသည်။ ထိုလူက “ခင်ဗျားတို့တစ်နှစ်မှတစ်ခေါက်ပဲရောက်ပြီးတော့ ခင်ဗျားတို့ပြောတာတွေကို ကျွန်တော်တို့မှတ်မိဖို့ ဘယ်လိုလုပ်မျှော်လင့်နိုင်မလဲ။ ဘယ်လိုလုပ်ရမလဲ။ ဒါတွေကို ခင်ဗျားတို့ ခဏခဏလာပြောပြသင့်တယ်” ဟုပြောသည်။

သူ၏နောက်ဆုံးစကားများက ကျွန်ုပ်တို့အတွက်မျှော်လင့်ချက်ရောင်ခြည်သန်းစေသည်။ ယေဟောဝါသည် လူမျိုးအားလုံးထဲမှ နှစ်သက်ဖွယ်သောအရာများကို ဘုရားသခင့်နိုင်ငံတော်သတင်းအားဖြင့် အမှန်စုသိမ်းနေပေသည်။ သမုဒ္ဒရာကြီးခြားနေသော်လည်း ကျွန်းသူကျွန်းသားများသည် မိမိတို့၏ဖန်ဆင်းရှင်နှင့် ကောင်းကင်ခမည်းတော်ယေဟောဝါဘုရားသခင်ကို ပိုမိုကျယ်လောင်သောအသံဖြင့် ချီးမွမ်းထောမနာပြုနေကြပါသည်။—ဟဂ္ဂဲ ၂:၇။

[စာမျက်နှာ ၂၁ ပါ မြေပုံ]

ဆေးရဲလ်စ်

အင်းဒီးယန်းပင်လယ်

ကမ္မရိုး

မားယော့တ်

မာဒါဂတ်စ်ကာ

မော်ရေးရှပ်စ်

ရီယူနီယံ

ရိုဒရီဂတ်စ်

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ပရပ်စလင်သို့အဝင် စိန့်အယ်နီပင်လယ်အော်ရှိကျောက်ဆောင်အငူ

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

ဆေးရှဲလ်စ်ကျွန်း လားဒစ်ရှိနွားလှည်းအငှားယာဉ်

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

မားယော့တ်တွင် ရုပ်ပြစာစောင်အသစ်နှင့်ဟောပြောခြင်း

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ