အသက်ရှင်ခဲ့သမျှတွင်အကြီးမြတ်ဆုံးလူသား
“ကိုယ်တော်သည် ခရစ်တော်တည်းဟူသော အသက်ရှင်တော်မူသောဘုရားသခင်၏သားတော်ဖြစ်တော်မူ၏။”—မဿဲ ၁၆:၁၆။
၁၊ ၂။ (က) လူတစ်ဦး၏ကြီးမြတ်ခြင်းကို မည်သည့်နည်းဖြင့်အဆုံးအဖြတ်ပေးမည်နည်း။ (ခ) သမိုင်းတွင် မည်သူတို့သည် ကြီးမြတ်သည်ဟုအခေါ်ခံခဲ့ကြရသနည်း။ အဘယ်ကြောင့်နည်း။
မည်သူသည် အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသားဟု သင်ထင်သနည်း။ လူတစ်ဦး၏ကြီးမြတ်မှုကို မည်သည့်အရာဖြင့်တိုင်းတာမည်နည်း။ စစ်မှုထူးချွန်ခြင်းဖြင့်လော။ ထူးခြားသည့်စိတ်ပိုင်းဆိုင်ရာအရည်အချင်းဖြင့်လော။ ကာယခွန်အားဖြင့်လော။
၂ သူတို့၏တစ်သက်တာအတွင်း၌သာ “ကြီးမြတ်သူ” များဖြစ်ကြသော်လည်း မဟာကုရု၊ မဟာအလက်ဇန္ဒား၊ သျှားလမိန်း စသည့်အုပ်ချုပ်သူများစွာကို ကြီးမြတ်သူများဟုခေါ်ကြသည်။ သူတို့၏ကြောက်ရွံ့ဖွယ်အသွင်ဖြင့် လက်အောက်ငယ်သားများကို အလွန်သြဇာလွှမ်းမိုးသည်။
၃။ (က) လူတစ်ဦး၏ကြီးမြတ်ခြင်းကို မည်သည့်အရာဖြင့်တိုင်းတာမည်နည်း။ (ခ) ယင်းသို့တိုင်းတာခြင်းဖြင့် မည်သူသည်အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးဖြစ်သနည်း။
၃ စိတ်ဝင်စားဖွယ်ကောင်းသည်မှာ သမိုင်းဆရာအိပ်ချ်၊ ဂျီ၊ ဝဲလ်စ်က လူတစ်ဦး၏ကြီးမြတ်ခြင်းကိုတိုင်းတာရာ၌ သူ၏စမ်းသပ်မှုစံချိန်ကိုဖော်ပြရာတွင်ဖြစ်သည်။ လွန်ခဲ့သည့်နှစ်ပေါင်း ၅၀ ကသူဤသို့ရေးသားခဲ့သည်။ “သမိုင်းဆရာများက လူတစ်ဦး၏ကြီးမြတ်ခြင်းကို ‘မည်သည့်အရာကို ကြီးပွားဖို့သူထားခဲ့သနည်း။ သူထားခဲ့သည့်အရာသည် သူ့နောက်ပိုင်းလူများကို အပတ်တကုတ်လိုက်စဉ်းစားစေသလော’ စသည့်အချက်ဖြင့်တိုင်းတာသည်။ ယေရှုသည် ဤစံချိန်နှင့်အကိုက်ညီဆုံးဖြစ်သည်။” နပိုလီယံဘိုနာပတ်ပင် ဤသို့မှတ်ချက်ပြုသည်။ “ယေရှုခရစ်သည် မျက်မြင်ရခန္ဓာဖြင့်ရှိမနေဘဲနှင့် ကိုယ်တော့်လက်အောက်ခံသူတို့ကို ဩဇာညောင်း၍အမိန့်ပေးခဲ့သည်။”
၄။ (က) ယေရှုနှင့်ပတ်သက်၍ ဆန့်ကျင်ဘက်အမြင်များကား အဘယ်နည်း။ (ခ) ခရစ်ယာန်မဟုတ်သောသမိုင်းဆရာများက ယေရှုကိုမည်သို့ယူမှတ်သနည်း။
၄ သို့သော် ယေရှုသည် သမိုင်းတွင်ခဲ့သည့်ပုဂ္ဂိုလ်မဟုတ်၊ ဒဏ္ဍာရီထဲ၌သာရှိခဲ့သည်ဟု အချို့ကန့်ကွက်ကြသည်။ အခြားအစွန်းတစ်ဖက်တွင် လူများစွာတို့က ဘုရားသခင်သည် ယေရှုအဖြစ်မြေကြီးသို့လာသည်ဟုဆိုပြီး ယေရှုကိုအလွန်ကြည်ညိုကိုးကွယ်ကြသည်။ မြေကြီးပေါ်တွင် လူသားအဖြစ်ယေရှုတည်ရှိခဲ့ခြင်းနှင့်ပတ်သက်သော သမိုင်းအထောက်အထားကိုလုံးဝအခြေပြုပြီး ဝဲလ်စ်က ဤသို့မှတ်ချက်ချသည်။ “အထူးစိတ်ဝင်စားဖွယ်မှာ မည်သို့သောဘာသာရေးငဲ့ကွက်မှု တစ်ခုမျှမရှိသောသမိုင်းပညာရှင်တစ်ဦးသည် လူ့အသိုင်းအဝိုင်းတိုးတက်လာမှုကို ဖော်ပြရာ၌ နာဇရက်မှပိုက်ဆံနတ္တိဆရာသမားကိုရှေ့ ဆုံးတွင်မထားဘဲနှင့် ရိုးသားစွာလုပ်ဆောင်နိုင်မည်မဟုတ်ချေ။ . . . ကိုယ့်ကိုယ်ကို ခရစ်ယာန်ဟုပင်မခေါ်ဝေါ်သော ကျွန်တော်ကဲ့သို့သောရာဇဝင်ပညာရှင်တစ်ဦးသည် ဤအထူးခြားဆုံးပုဂ္ဂိုလ်၏ ဘဝအသက်သာနှင့် ဂုဏ်အင်္ဂါအပေါ် မစူးစိုက်ဘဲမဖြစ်နိုင်ချေ။”
ယေရှုအမှန်တကယ်အသက်ရှင်ခဲ့သလော
၅၊ ၆။ သမိုင်းဆရာအိပ်ချ်၊ ဂျီ၊ ဝဲလ်စ်နှင့် ဝီလ်ဒူးရဲန့်တို့က ယေရှုသည်သမိုင်းဝင်ပုဂ္ဂိုလ်ဖြစ်ကြောင်းနှင့်ပတ်သက်၍ ဘာပြောကြသနည်း။
၅ သို့သော် ယေရှုသည် အမှန်တကယ်အသက်ရှင်ခဲ့သူမဟုတ်ပါ၊ ပထမရာစုသားအချို့၏လုပ်ဇာတ်ကောင်သာဖြစ်သည်ဟု လူတစ်ဦးသင့်ကိုပြောလျှင်မည်သို့နည်း။ ဤစွဲချက်ကိုသင်မည်သို့ချေပမည်နည်း။ ဝဲလ်စ်က “[ယေရှု] အကြောင်းကို ကျွန်တော်တို့သိချင်သလောက်မသိကြဘူး” ဟုဝန်ခံသည်။ “ခရစ်ဝင်လေးကျမ်းသည် . . . ကျွန်ုပ်တို့အား အလွန်တိကျသောဥပဓိရုပ်တစ်ခုကို ပုံဖော်ပေးသည်။ ယင်းတို့က အဖြစ်မှန်၏သာဓကဖြစ်သည်။ ခရစ်ဝင်ကျမ်းပါသူ့အကြောင်းကိုဖော်ပြထားသောမှတ်တမ်းများကို အဖြစ်မှန်ဟုယူဆခြင်းထက် သူသည် အမှန်အသက်ရှင်ခဲ့သူမဟုတ်၊ သူ့အကြောင်းများသည် လုပ်ကြံမှုသာဖြစ်သည်ဟုယူဆရန် သမိုင်းပညာရှင်များအတွက်ပို၍ခက်ခဲပြီး ပြဿနာများစွာကိုဖြစ်စေသည်။
၆ လေးစားခံရသောသမိုင်းဆရာဝီလ်ဒူးရဲန့်လည်း ထိုအတိုင်းပင်ဆင်ခြင်သုံးသပ်ထားသည်။ “မျိုးဆက်တစ်ဆက်အတွင်း (မိမိတို့ကိုယ်ကို ခရစ်ယာန်ဟုခေါ်သော) ထိုသာမန်လူအနည်းငယ်သည် ဤမျှသြဇာကြီးမားသောဥပဓိရုပ်တစ်ခု၊ ဤမျှလှုံ့ဆော်မှုဖြစ်စေသော လူ့ညီအစ်ကိုအသင်းအပင်းကို ဖန်တီးနိုင်ခဲ့မည်ဆိုလျှင် ယင်းတို့သည် ခရစ်ဝင်ကျမ်းပါအံ့ဖွယ်အမှုများထက် ပို၍မယုံနိုင်စရာဖြစ်လိမ့်မည်။”
၇၊ ၈။ လူ့သမိုင်းကိုမည်မျှကြီးကျယ်စွာယေရှုအကျိုးသက်ရောက်စေခဲ့သနည်း။
၇ ထို့ကြောင့် ယင်းယုံမှားမှုကို ဤသို့ဆင်ခြင်နိုင်သည်။ တစ်ခါမျှမရှိခဲ့ဖူးသော ဒဏ္ဍာရီထဲကလူတစ်ဦးသည် လူ့သမိုင်းကိုဤမျှမှတ်သားလောက်အောင် ဩဇာသက်ရောက်စေနိုင်မည်လော။ The historian’s History of the World စာအုပ်က “[ယေရှု] ၏သမိုင်းတွင်သည့်လုပ်ရပ်တို့သည် လောကီရေးရာရှုထောင့်သက်သက်ကကြည့်လျှင်ပင် အခြားမည်သည့်သမိုင်းဝင်ပုဂ္ဂိုလ်တို့၏လုပ်ရပ်ထက်မဆို အရေးပါအရာရောက်သည်။ ယဉ်ကျေးမှုထွန်းကားလာသူအများစုလက်ခံထားသည့်ခေတ်သက္ကရာဇ်သည် ကိုယ်တော်မွေးဖွားသည့်အချိန်မှစတင်ရေတွက်သည်” ဟုဖော်ပြထားသည်။ ယင်းကိုစဉ်းစားကြည့်ပါ။ ယနေ့ပြက္ခဒိန်တို့သည် ယေရှုမွေးဖွားသည်ဟုယူဆသောနှစ်ကို မူတည်ထားသည်။ “ထိုနှစ်မတိုင်မီနေ့စွဲတို့ကို ဘီစီ သို့မဟုတ် ခရစ်မတိုင်မီ ဟုသတ်မှတ်ပြီး ထိုနှစ်နောက်ပိုင်းနေ့စွဲတို့ကို အေဒီ သို့မဟုတ် အန်နိုဒိုမီနီ (ငါတို့သခင်၏နှစ်အတွင်း) ဟုသတ်မှတ်ကြသည်” ဟု The World Book Encyclopedia ကရှင်းပြသည်။
၈ ယေရှု၏ထိရောက်သောသွန်သင်ချက်များ၊ ယင်းတို့နှင့်အညီအသက်ရှင်နေထိုင်မှုများသည် အနှစ်နှစ်ထောင်နီးပါးတစ်လျှောက်အသက်ရှင်ခဲ့သူများစွာတို့၏ဘဝကို အလွန်သြဇာသက်ရောက်ခဲ့သည်။ စာရေးဆရာတစ်ဦးက “ချီခဲ့သမျှသောကြည်းတပ်များ၊ တည်ခဲ့သမျှသောရေတပ်များ၊ ဖွဲ့ခဲ့သမျှသောလွှတ်တော်များ၊ အုပ်စိုးခဲ့သမျှသောဧကရာဇ်များအားလုံးပေါင်းလိုက်လျှင်ပင် ကမ္ဘာပေါ်အသက်ရှင်ခဲ့သူလူသားတို့၏ဘဝကို ကိုယ်တော်လောက် တန်ခိုးပါပါနှင့် ထိရောက်စွာလွှမ်းမိုးနိုင်စွမ်းမရှိပါ” ဟုလျော်ကန်စွာဖော်ပြသကဲ့သို့ဖြစ်သည်။ သို့သော် ဝေဖန်သူများက “သမ္မာကျမ်းစာတစ်ခုတည်းကဖော်ပြ၍သာ ယေရှုအကြောင်းကျွန်ုပ်တို့သိရသည်။ ကိုယ်တော်တည်ရှိခဲ့ကြောင်း အခြားစင်ပြိုင်မှတ်တမ်းများမရှိ” ဟုပြောကြသည်။ ယင်းမှန်ကန်ပါသလော။
၉၊ ၁၀။ (က) ရှေးလူ့သမိုင်းဆရာများနှင့် စာရေးဆရာများက ယေရှုအကြောင်းဘာပြောခဲ့ကြသနည်း။ (ခ)နာမည်ရစွယ်စုံကျမ်းတစ်စောင်က ရှေးသမိုင်းဆရာများ၏အထောက်အထားများကိုအခြေပြု၍ ဘာမှတ်ချက်ချသနည်း။
၉ ယေရှုနှင့်ပတ်သက်သော ရှေးသမိုင်းဆရာတို့၏ကိုးကားချက် မဆိုသလောက်သာရှိသော်လည်း ထိုကိုးကားချက်များအမှန်တည်ရှိသည်။ အများလေးစားခံရသော ပထမရာစုရောမသမိုင်းဆရာ ကော်နေးလိယပ်စ်တပ်စီးတပ်စ်က ရောမဧကရာဇ်နီရိုးသည် ‘ရောမမြို့မီးလောင်ရခြင်းနှင့်ပတ်သက်၍ ခရစ်ယာန်များကိုပြစ်တင်ထားသည်’ ဟုရေးသားဖော်ပြထားသည်။ သူဤသို့ရှင်းပြသည်။ “[ခရစ်ယာန်] ဟူသောအမည်သည် တိဗေရိမင်းနန်းစံချိန်က ဘုရင်ခံပုန္တိပိလတ်သတ်ခဲ့သည့် ခရစ်ဟူသောပုဂ္ဂိုလ်မှဆင်းသက်လာသည်။” စူတိုးနီးယပ်စ်၊ ပလင်နီနှင့် အခြားသောရောမခေတ်စာရေးဆရာများလည်း ခရစ်တော်ကိုကိုးကားခဲ့သည်။ ထို့အပြင် ပထမရာစုဂျူးသမိုင်းဆရာ ဖလေးဗီးယပ်စ်ဂျိုစီဖတ်စ်က Antiquities of the Jew စာအုပ်တွင် ခရစ်ယာန်တပည့်တော်ယာကုပ်သေခြင်းနှင့်ပတ်သက်၍ ရေးသားထားသည်။ ယာကုပ်သည် “ခရစ်တော်ခေါ်ယေရှု၏ညီ” ဖြစ်ကြောင်း သူရှင်းပြထားသည်။
၁၀ The New Encyclopœdia Britannica ကဤသို့မှတ်ချက်ချသည်။ “ရှေးခရစ်ယာန်ဘာသာဆန့်ကျင်သူများပင် ယေရှုတကယ်ရှိခဲ့သည်ကိုယုံကြည်ကြောင်း ဤဘက်မလိုက်သောမှတ်တမ်းများက သက်သေထူသည်။ ယင်းကိစ္စကို အကြောင်းအချက်မခိုင်လုံဘဲ ၁၈ ရာစုလောက်က စဆွေးနွေးငြင်းခုံခဲ့ကြရာ ၂၀ ရာစုအစပိုင်းအထိပင်ဖြစ်သည်။”
အမှန်သော် သူမည်သူနည်း
၁၁။ (က) အခြေခံအားဖြင့် ယေရှု၏သမိုင်းကြောင်းနှင့်ပတ်သက်၍ တစ်ခုတည်းသောအခြေအမြစ်ကား အဘယ်နည်း။ (ခ) ယေရှုမည်သူမည်ဝါနှင့်ပတ်သက်၍ ယေရှု၏နောက်တော်လိုက်များက မည်သို့မေးခွန်းထုတ်သနည်း။
၁၁ ယေရှုနှင့်ပတ်သက်၍ ယခုသိရှိသမျှအားလုံးကို ပထမရာစုနောက်တော်လိုက်များက မှတ်တမ်းတင်ထားခြင်းဖြစ်သည်။ သူတို့၏မှတ်တမ်းများကို ခရစ်ဝင်ကျမ်းများအဖြစ်ဖွဲ့စည်းထားပြီး ကိုယ်တော်၏တမန်တော်နှစ်ပါးဖြစ်သောမဿဲနှင့်ယောဟန်၊ တပည့်တော်နှစ်ပါးဖြစ်သောမာကုနှင့်လုကာတို့က ရေးသားခဲ့ကြသည်။ ယေရှုမည်သူမည်ဝါနှင့်ပတ်သက်၍ ဤသူတို့၏မှတ်တမ်းများက ဘာဖော်ပြသနည်း။ ကိုယ်တော်မည်သူအမှန်ဖြစ်သနည်း။ ဤမေးခွန်းကို ပထမရာစုရှိယေရှု၏အပေါင်းအဖော်များ စေ့စေ့ဆင်ခြင်ခဲ့ကြသည်။ လှိုင်းလေထန်သောပင်လယ်ကို ယေရှုဆုံးမခဲ့စဉ်က “ဤသူကားအဘယ်သို့သောသူနည်း” ဟုအံ့အားသင့်စွာမေးခဲ့ကြသည်။ နောက်ပိုင်းအခြားအချိန်တစ်ချိန်တွင် ယေရှုက “သင်တို့လည်းငါ့ကိုအဘယ်သူဖြစ်သည်ဆိုကြသနည်း” ဟုတမန်တော်တို့အားမေးတော်မူ၏။—မာကု ၄:၄၁။ မဿဲ ၁၆:၁၅။
၁၂။ ယေရှုသည်ဘုရားမဟုတ်ကြောင်း ကျွန်ုပ်တို့မည်သို့သိနိုင်သနည်း။
၁၂ ယင်းသို့အမေးခံရလျှင် သင်မည်သို့ဖြေမည်နည်း။ ယေရှုမည်သူအမှန်ဖြစ်သနည်း။ ခရစ်ယာန်ဘောင်ရှိလူများစွာတို့က ကိုယ်တော်သည် အနန္တတန်ခိုးရှင်ဘုရားသခင်၏ လူသားအသွင်၊ ဘုရားဝင်စားသူဖြစ်ကြောင်း ပြောကြမည်မလွဲပေ။ သို့သော် ယေရှုနှင့်ရင်းနှီးသည့်အပေါင်းအဖော်များသည် မည်သည့်အခါကမျှ ကိုယ်တော်ဘုရားဖြစ်ကြောင်း မယုံကြည်ခဲ့ကြချေ။ တမန်တော်ပေတရုက ကိုယ်တော်အား “ခရစ်တော်တည်းဟူသော အသက်ရှင်တော်မူသောဘုရားသခင်၏သားတော်” ဟုခေါ်ခဲ့သည်။ (မဿဲ ၁၆:၁၆) ကျမ်းစာတွင်သင်ရှာဖွေနိုင်သရွေ့ရှာဖွေကြည့်လျှင် ယေရှုက မိမိသည်ဘုရားဖြစ်သည်ဟုဆိုကြောင်းကို မည်သည့်အခါမျှဖတ်ရမည်မဟုတ်ပေ။ ယင်းအစား ဂျူးများအား မိမိသည် “ဘုရားသားတော်” ဖြစ်သည်ဟုပြောခဲ့သည်။ ဘုရားဟုမပြောခဲ့ပါ။—ယောဟန် ၁၀:၃၆။
၁၃။ ယေရှုသည် အခြားလူသားအားလုံးထက် မည်သို့ထူးခြားသနည်း။
၁၃ လှိုင်းလေထန်သောပင်လယ်ကိုယေရှုဖြတ်လျှောက်ခဲ့စဉ်က ကိုယ်တော်သည်အခြားမည်သည့်လူသားနှင့်မျှမတူသည့်အဖြစ်မှန်သည် တပည့်တော်များစိတ်တွင်စွဲထင်ခဲ့သည်။ (ယောဟန် ၆:၁၈-၂၁) ကိုယ်တော်သည် အလွန်ထူးခြားတော်မူသောသူဖြစ်သည်။ အကြောင်းမှာ ကိုယ်တော်သည် ယင်းမတိုင်မီက ကောင်းကင်တွင်ဘုရားသခင်နှင့်အတူ နာမ်ဝိညာဉ်သားအဖြစ်ရှိတော်မူခဲ့သောကြောင့်ဖြစ်သည်။ မှန်ပါသည်။ ကျမ်းစာက ကိုယ်တော်အားကောင်းကင်တမန်မင်းဟုဖော်ပြထားသည်။ (၁ သက်သာလောနိတ် ၄:၁၆။ ယုဒ ၉) ဘုရားသခင်သည် အခြားမည်သည့်အရာကိုမျှမဖန်ဆင်းမီ ကိုယ်တော်အားဖန်ဆင်းတော်မူခဲ့သည်။ (ကောလောဿဲ ၁:၁၅) ထို့ကြောင့် ဤစကြဝဠာကြီးပင်ဖန်ဆင်းခြင်းမခံရမီ မရေမတွက်နိုင်သောအချိန်များစွာကတည်းကယေရှုသည် ကောင်းကင်တွင် မိမိ၏ခမည်းတော်မဟာဖန်ဆင်းရှင်ယေဟောဝါဘုရားသခင်နှင့် အကျွမ်းဝင်သောဆက်ဆံရေးရှိခဲ့သည်။—သု၊ ၈:၂၂။ ၂၇-၃၁။ ဒေသနာ ၁၂:၁။
၁၄။ ယေရှုသည်မည်သည့်နည်းဖြင့် လူသားတစ်ဦးဖြစ်လာသနည်း။
၁၄ လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင်ခန့်က ဘုရားသခင်သည် မိမိသားတော်အသက်ကို လူမိန်းမတစ်ဦး၏သားအိမ်အတွင်းသို့ ပြောင်းရွှေ့ခဲ့သည်။ ထိုအခါယေရှုသည် ဘုရားသခင်၏လူ့သားတော်အဖြစ် လူမိန်းမမှတစ်ဆင့် သာမန်အတိုင်းမွေးဖွားလာသည်။ (ဂလာတိ ၄:၄) သားအိမ်အတွင်းကြီးထွားလာပြီး လူယောက်ျားကလေးအဖြစ်ဖွားမြင်ကြီးပြင်းလာစဉ်တစ်လျှောက် ဘုရားသခင်ရွေးချယ်ထားသော သူ့လူ့မိဘများအပေါ်မှီခိုခဲ့ရသည်။ နောက်ဆုံးယေရှုလူကြီးဖြစ်လာသောအခါ ယခင်ကကောင်းကင်တွင်ရှိခဲ့သော မိမိနှင့်ဘုရားသခင်၏ဆက်ဆံရေးကို ပြန်သတိပေးခံရကြောင်းထင်ရှားသည်။ ယင်းသည် ကိုယ်တော်နှစ်ခြင်းခံသောအခါ “ကောင်းကင်ပွင့်လှစ်ခဲ့စဉ်” ကဖြစ်ပျက်ခဲ့သည်။—မဿဲ ၃:၁၆။ ယောဟန် ၈:၂၃။ ၁၇:၅။
၁၅။ ယေရှုသည် မြေကြီးပေါ်တွင်ရှိခဲ့စဉ် လူသားစင်စစ်ဖြစ်ကြောင်း ကျွန်ုပ်တို့မည်သို့သိနိုင်သနည်း။
၁၅ ယေရှုသည် အမှန်ထူးခြားသောပုဂ္ဂိုလ်ဖြစ်သည်။ ကနဦးကတည်းက ဘုရားသခင်ဖန်ဆင်းပြီး ဧဒင်ဥယျာဉ်တွင်နေရာချထားခဲ့သောလူသားအာဒံနှင့် ကိုယ်တော်တူညီခဲ့သည်။ တမန်တော်ပေါလုက “‘ပထမဦးဆုံးသောလူသားအာဒံသည် အသက်ရှင်သောစိုးလ်ဖြစ်လာ၏။’ နောက်ဆုံးသောအာဒံမူကား အသက်ပေးတတ်သောဝိညာဉ်ဖြစ်လာ၏” ဟုရှင်းပြခဲ့သည်။—၁ ကောရိန္သု ၁၅:၄၅၊ ကဘ ။
ဘုရားသခင်အကြောင်း မည်မျှလေ့လာသင့်ကြောင်း
၁၆။ (က) မည်သည့်အရာက ယေရှုနှင့်ပေါင်းဖော်ရခြင်းကို အခွင့်ထူးဖြစ်စေသနည်း။ (ခ) ယေရှုကိုမြင်ရခြင်းသည် ခမည်းတော်ကိုမြင်ရခြင်းနှင့်အတူတူပင်ဖြစ်သည်ဟုအဘယ်ကြောင့်ပြောနိုင်သနည်း။
၁၆ ယေရှုမြေကြီးပေါ်ရှိခဲ့စဉ် ကိုယ်တော်နှင့်နှစ်ကိုယ်ကြားဆက်ဆံရေးရှိခဲ့သူတို့အတွက် မည်မျှအခွင့်ထူးလှသည့်အချိန်ဖြစ်ကြောင်း စဉ်းစားကြည့်ပါ။ ကောင်းကင်တွင် နှစ်သန်းကုဋေပေါင်းများစွာချီ၍ ယေဟောဝါဘုရားသခင်နှင့်အကျွမ်းဝင်သောအပေါင်းအဖော်တစ်ဦးဖြစ်သူနှင့် စကားပြောဆိုရခြင်း၊ သူ့ကိုကြည့်မြင်ရခြင်း၊ သူနှင့်အတူလုပ်ဆောင်ရခြင်းတို့ကိုစဉ်းစားကြည့်ပါ။ သစ္စာရှိသားတော်တစ်ဦးအနေနှင့် ယေရှုသည် မိမိ၏ကောင်းကင်ခမည်းတော်ကို အရာရာ၌တုပခဲ့သည်။ မည်မျှစုံလင်စွာတုပခဲ့သနည်းဟူမူ ကိုယ်တော်အသတ်ခံရလုနီးအချိန်တွင် တပည့်တော်များအား “ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏” ဟုပြောနိုင်ခဲ့သည်။ (ယောဟန် ၁၄:၉၊ ၁၀) ယေရှုသည် ဤမြေကြီးပေါ်တွင်ရင်ဆိုင်ရသည့်မည်သည့်အမှုကိစ္စ၌မဆို ခမည်းတော်သည်ဤမြေကြီးတွင်သာရှိလျှင် ပြုမည့်အရာများအတိုင်း ပြုခဲ့သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ယေရှုခရစ်၏ဘဝနှင့်ဓမ္မအမှုကိုလေ့လာသောအခါ ဘုရားသခင်သည် မည်ကဲ့သို့သောပုဂ္ဂိုလ်ဖြစ်သည်ကိုပါ လေ့လာမိလျက်သားဖြစ်သွားသည်။
၁၇။ ကင်းမျှော်စင် တွင်ပါသော “ယေရှုဘဝနှင့်ဓမ္မအမှု” အခန်းဆက်ကဏ္ဍသည် မည်သည့်အကျိုးဖြစ်ထွန်းစေသနည်း။
၁၇ ထို့ကြောင့် ၁၉၈၅ ခုဧပြီလမှ ၁၉၉၁ ခုဇွန်လအထိ ကင်းမျှော်စင် တွင်ဆက်တိုက်ပါဝင်ခဲ့သော “ယေရှုဘဝနှင့်ဓမ္မအမှု” အခန်းဆက်အကြောင်းအရာသည် လူသားယေရှု၏သရုပ်ကိုပီပီပြင်ပြင်ဖော်ပြရုံမက ကိုယ်တော့်ခမည်းတော်ယေဟောဝါဘုရားသခင်အကြောင်းကိုလည်း များစွာသင်ပေးသည်။ ပထမအခန်းဆက်နှစ်ခုထွက်ပြီးနောက် ရှေ့ဆောင်တစ်ဦးက ကင်းမျှော်စင်အသင်းသို့ရေးသော ကျေးဇူးတင်စာတွင် “ခမည်းတော်နဲ့ပိုမိုနီးကပ်နိုင်ဖို့ သားတော်အကြောင်း ကောင်းကောင်းသိအောင်လုပ်တဲ့နည်းထက် ပိုကောင်းတဲ့နည်းရှိပါ့ဦးမလား” ဟုဖော်ပြထားသည်။ မှန်လိုက်လေခြင်း။ ခမည်းတော်သည် လူသားများအပေါ်ကြင်နာစွာစောင့်ရှောက်မှုနှင့် သဘောထားကြီးမားမှုတို့ကို သားတော်၏အသက်တာက ထင်ရှားပြသသည်။
၁၈။ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း၏ အာဘော်ရှင်ကားမည်သူနည်း။ ယင်းကိုယေရှုမည်သို့ဝန်ခံ အသိအမှတ်ပြုခဲ့သနည်း။
၁၈ ခမည်းတော်၏အလိုတော်ကို အကြွင်းမဲ့နာခံမှုဖြင့်တင်ပြခဲ့သော ခမည်းတော်ကိုချစ်သည့်ယေရှု၏မေတ္တာကိုအာရုံစိုက်သင့်သည်။ “ငါသည် ကိုယ်အလိုအလျှောက် အဘယ်အမှုကိုမျှမပြုဘဲ ငါ့ခမည်းတော်သည် ငါ့အားနည်းပေးတော်မူသည်အတိုင်းငါဟောပြောသည်” ဟု မိမိကိုသတ်ရန်ရှာနေကြသောဂျူးလူမျိုးများကို ယေရှုပြောခဲ့သည်။ (ယောဟန် ၈:၂၈) ထို့ကြောင့်ယေရှုသည် မိမိဟောပြောသောဘုရားသခင့်နိုင်ငံတော်သတင်း၏ အာဘော်ရှင်မဟုတ်ပါ။ ယေဟောဝါဘုရားသခင်သာဖြစ်သည်။ ယေရှုသည် မကြာခဏဆိုသလို ခမည်းတော်ကိုသာဂုဏ်တင်ခဲ့သည်။ “အကြောင်းမူကား၊ ငါသည်ကိုယ်အလိုအလျောက်ဟောပြောသည်မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်သည် အဘယ်သို့ငါဆုံးမဟောပြောရမည်ကို ပညတ်ပေးတော်မူပြီ။”—ယောဟန် ၁၂:၄၉၊၅၀။
၁၉။ (က) ယေဟောဝါ၏နည်းလမ်းတော်အတိုင်း ယေရှုသွန်သင်ခဲ့ကြောင်း ကျွန်ုပ်တို့မည်သို့သိနိုင်သနည်း။ (ခ) ယေရှုသည် အသက်ရှင်ခဲ့သမျှတွင်အကြီးမြတ်ဆုံးသောပုဂ္ဂိုလ် အဘယ်ကြောင့်ဖြစ်ခဲ့ရသနည်း။
၁၉ သို့ရာတွင်ယေရှုသည် ခမည်းတော်ပြောသည့်အရာများချည်းကိုသာ ဟောပြောသွန်သင်ခဲ့သည်မဟုတ်ပါ။ ထိုထက်မကပြုတော်မူခဲ့သည်။ ခမည်းတော်ပြောဆိုမည့်၊ သို့မဟုတ် သွန်သင်မည့် နည်းအတိုင်း ယေရှုပြောဆိုသွန်သင်ခဲ့သည်။ ထို့အပြင် ကိုယ်တော်၏လုပ်ဆောင်မှုနှင့်ဆက်ဆံမှုတိုင်းသည် ထပ်တူအခြေအနေအောက်တွင် ခမည်းတော်ပြုမူကျင့်ကြံတော်မူမည့်အတိုင်းပင်ဖြစ်သည်။ “မိမိအလိုအလျောက်အဘယ်အမှုကိုမျှမပြုနိုင်။ ခမည်းတော် ပြုတော်မူသမျှအတိုင်း သားတော်လည်းပြု၏။” (ယောဟန် ၅:၁၉) ယေရှုသည် နည်းလမ်းတိုင်းတွင် ခမည်းတော်ကိုအပြည့်အဝရောင်ပြန်ဟပ်သည်။ ထို့ကြောင့်ယေရှုသည် အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသားဖြစ်သည်မှာ အဆန်းမဟုတ်ပါ။ ဤထူးခြားအထင်ပေါ်ဆုံးပုဂ္ဂိုလ်ကို ဂရုတစိုက်သုံးသပ်ရန် မည်မျှအရေးကြီးလှသည်တကား။
ယေရှုတွင်တွေ့ရသည့်ဘုရားသခင့်မေတ္တာတော်
၂၀။ ဘုရားသခင်သည် “ချစ်ခြင်းမေတ္တာ” ဖြစ်တော်မူကြောင်း တမန်တော်ယောဟန်မည်သို့သိရှိနိုင်ခဲ့သနည်း။
၂၀ ယေရှုဘဝနှင့်ဓမ္မအမှုကို ကျွန်ုပ်တို့အသေးစိတ်ဂရုတစိုက်လေ့လာခြင်းမှ ကျွန်ုပ်တို့ဘာသိရှိရသနည်း။ “ဘုရားသခင်ကိုအဘယ်သူမျှမမြင်စဖူး” ဟုယောဟန်အသိအမှတ်ပြုသည်။ (ယောဟန် ၁:၁၈) သို့ရာတွင် “ဘုရားသခင်သည်ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏” ဟု ၁ ယောဟန် ၄:၈ တွင် ယုံကြည်မှုအပြည့်အဝဖြင့် ယောဟန်ရေးသားနိုင်ခဲ့သည်။ ယောဟန်ထိုသို့ပြောနိုင်ရခြင်းမှာ ယေရှုတွင်မြင်ရသောအရာအားဖြင့် ဘုရားသခင်၏မေတ္တာတော်ကိုသူသိနားလည်သောကြောင့်ဖြစ်သည်။
၂၁။ ယေရှုကို အသက်ရှင်ခဲ့သမျှတွင်ကြီးမြတ်ဆုံးလူသား ဖြစ်စေသည့်အချက်ကား အဘယ်နည်း။
၂၁ ခမည်းတော်နည်းတူ ယေရှုသည် သနား၊ ကြင်နာ၊ နှိမ့်ချမှုရှိ၍ချဉ်းကပ်လွယ်သူဖြစ်သည်။ အားနည်းသူများ၊ အနှိမ်ခံရသူများသည် ကိုယ်တော်အားဖြင့်သက်သာမှုရသကဲ့သို့ အလွှာအသီးသီးဖြစ်သောယောက်ျား၊ မိန်းမ၊ ကလေး၊ သူဌေး၊ ဆင်းရဲသား၊ တန်ခိုးအာဏာကြီးသူနှင့်ကြီးလေးသောအပြစ်ပြုသူများပင် ထိုနည်းတူဖြစ်သည်။ အထူးသဖြင့် ခမည်းတော်ကိုတုပသည့် ယေရှု၏ထူးကဲသောမေတ္တာပုံသက်သေက ကိုယ်တော်အား အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသားဖြစ်စေသည်။ နပိုလီယံဘိုနာပတ်ပင် ဤသို့ပြောခဲ့သည်။ “အလက်ဇန္ဒား၊ စီဇာ၊ သျှားလမိန်းနှင့် ကျွန်ုပ်ကိုယ်တိုင်တို့သည် အုပ်ချုပ်ခံနယ်မြေများကိုရှာဖွေတွေ့ရှိကြသည်။ သို့သော် မည်သည့်အရာအပေါ်အမှီပြုပြီးကျွန်ုပ်တို့ရယူနိုင်ကြသနည်း။ ခွန်အား,အားဖြင့်ဖြစ်သည်။ ယေရှုတစ်ပါးတည်းသာလျှင် မိမိနိုင်ငံတော်ကို မေတ္တာအားဖြင့်တည်ထောင်ပြီး ယနေ့တွင် လူသန်းပေါင်းများစွာတို့သည် ကိုယ်တော်အတွက်အသေခံလိုကြသည်။”
၂၂။ ယေရှု၏သွန်သင်ချက်များသည် မည်သို့တစ်မူထူးသနည်း။
၂၂ ယေရှု၏သွန်သင်ချက်များကား တစ်မူထူးလှသည်။ “နှောင့်ယှက်သောသူကို မဆီးတားကြနှင့်။ သင်၏ပါးတစ်ဖက်ကိုသူတစ်ပါးပုတ်လျှင် ပါးတစ်ဖက်ကိုလှည့်၍ပေးဦးလော့” ဟုယေရှုတိုက်တွန်းခဲ့သည်။ “သင်တို့၏ရန်သူတို့ကိုချစ်ကြလော့။ သင်တို့ကိုကျိန်ဆဲသောသူတို့ကို မေတ္တာပို့ကြလော့။” ‘သင်တို့သည် ကိုယ်၌သူတစ်ပါးပြုစေလိုသမျှအတိုင်း သူတစ်ပါး၌ပြုကြလော့။’ (မဿဲ ၅:၃၉၊ ၄၄၊ ၇:၁၂) ဤထူးကဲမွန်မြတ်သောသွန်သင်ချက်များကို လူတိုင်းလိုက်လျှောက်ပါက ဤလောကသည်မည်မျှအခြားကြီးခြားလိုက်မည်ဖြစ်ခြင်း။
၂၃။ ယေရှုသည် လူသားများနှလုံးစွဲငြိပြီး ကောင်းရာလုပ်ရန်လှုံ့ဆော်ခံရဖို့ ဘာပြုခဲ့သနည်း။
၂၃ ယေရှုပေးခဲ့သည့်ပုံဥပမာများ၊ သို့မဟုတ် ရှင်းပြချက်များတို့သည် နှလုံးကိုထိမိပြီး လူများကောင်းမှုပြု၍ အဆိုးကိုရှောင်ရှားရန်လှုံ့ဆော်သည်။ ထိခိုက်ဒဏ်ရာရနေပြီး သူနှင့်လူမျိုးတူသောဘာသာရေးသမားများက လျစ်လျူရှုသွားသော လူမျိုးခြားတစ်ဦးအား ရွံမုန်းခံရသောရှမာရိလူတစ်ဦး ကူညီခဲ့သည့်ပုံဥပမာ သို့မဟုတ် သနားကြင်နာပြီးခွင့်လွှတ်တတ်သည့်ဖခင်နှင့် သူ၏ဖြုန်းတီးသောသားပုံဥပမာကို သင်သတိရပေမည်။ မင်းကြီးတစ်ပါးထံ ဒေနာရိသန်းပေါင်း ၆၀ အကြွေးရှိပြီး ကြွေးလျှော်ခံရသောကျွန်သည် ထွက်သွားပြီး မိမိအားဒေနာရိ ၁၀၀ သာပေးရန်ရှိသောကျွန်ချင်းအား ကြွေးမပေးနိုင်သဖြင့် ထောင်ထဲသို့ချလိုက်သောအဖြစ်အပျက်ကောမည်သို့နည်း။ ရှင်းလင်းသောပုံဥပမာများအားဖြင့် တစ်ကိုယ်ကောင်းဆန်မှုနှင့်လောဘကြီးသည့်အပြုအမူများကိုဆန့်ကျင်ပြီး ဆွဲဆောင်မှုရှိသည့်မေတ္တာနှင့်ကြင်နာမှုရှိသည့်အပြုအမူများကို ယေရှုတင်ပြခဲ့သည်။—မဿဲ ၁၈:၂၃-၃၅။ လုကာ ၁၀:၃၀-၃၇၊ ၁၅:၁၁-၃၂။
၂၄။ ယေရှုသည် ချွင်းချက်မရှိ အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသားဖြစ်ကြောင်း ကျွန်ုပ်တို့အဘယ်ကြောင့်ပြောနိုင်သနည်း။
၂၄ သို့သော် ယေရှုထံလာပြီး ကောင်းသောသြဇာလွှမ်းမိုးခံရရန် လူများအားအထူးသဖြင့်သွေးဆောင်သည့်အရာမှာ ကိုယ်တော်သွန်သင်သည့်အရာနှင့်ကိုယ်တော်၏ဘဝသည် အကြွင်းမဲ့ကိုက်ညီသောအချက်ဖြစ်သည်။ ကိုယ်တော်ဟောပြောသည့်အတိုင်းကျင့်ကြံတော်မူခဲ့သည်။ စိတ်ရှည်စွာဖြင့် သူတစ်ပါး၏အားနည်းချက်များကိုလည်း သည်းခံတော်မူခဲ့သည်။ မည်သူအကြီးမြတ်ဆုံးဖြစ်ကြောင်း တပည့်တော်များငြင်းခုံနေခဲ့စဉ်ကလည်း ကိုယ်တော်သည်သူတို့ကိုကြမ်းတမ်းစွာပြစ်တင်ရှုတ်ချမည့်အစား ကြင်နာစွာပဲ့ပြင်တော်မူခဲ့သည်။ သူတို့၏လိုအပ်ရာကိုကိုယ်တော်လုပ်ဆောင်ပေးတော်မူခဲ့သည်။ သူတို့ခြေကိုပင်ဆေးပေးတော်မူခဲ့သည်။ (မာကု ၉:၃၀-၃၇၊ ၁၀:၃၅-၄၅။ လုကာ ၂၂:၂၄-၂၇။ ယောဟန် ၁၃:၅) အဆုံးတွင် ကိုယ်တော်သည် သူတို့အတွက်မျှသာမက လူသားအားလုံးအတွက် နာကျင်သည့်ဝေဒနာခံပြီးသေဆုံးခဲ့ရသည်။ ယေရှုသည် အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသားဖြစ်ခဲ့သည်မှာ ရှင်းပါသည်။
သင်မည်သို့ဖြေမည်နည်း
▫ ယေရှုသည် သမိုင်းတွင် တကယ့်ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း မည်သည့်အထောက်အထားရှိသနည်း။
▫ ယေရှုသည် လူသားတစ်ဦးဖြစ်ခဲ့ကြောင်း သို့သော် အခြားလူသားအားလုံးထက်ထူးခြားကြောင်း ကျွန်ုပ်တို့မည်သို့သိနိုင်သနည်း။
▫ ယေရှု၏ဘဝကိုလေ့လာခြင်းသည် ဘုရားသခင်အကြောင်းသိနားလည်ရန် အကောင်းဆုံးနည်းအဘယ်ကြောင့်ဖြစ်သနည်း။
▫ ယေရှုအကြောင်းလေ့လာခြင်းအားဖြင့် ဘုရားသခင့်မေတ္တာတော်ကို ကျွန်ုပ်တို့မည်သို့သင်ယူနိုင်မည်နည်း။