ယေဟောဝါကိုချစ်ခြင်းသည် မှန်သောကိုးကွယ်မှုကိုလှုံ့ဆော်ပေး
“ထာဝရဘုရားကိုချစ်ခြင်းသည် ကိုယ်တော်၏ပညတ်တော်တို့ကို စောင့်ထိန်းခြင်းပင်ဖြစ်သည်။”—၁ ယောဟန် ၅:၃၊ သက။
၁၊ ၂။ အဘယ်စိတ်ရင်းဖြင့် ကျွန်ုပ်တို့ယေဟောဝါအားဝတ်ပြုသင့်သနည်း။
ဂျပန်နိုင်ငံမှဧည့်သည်တော် ၈၀ ပါဝင်သည့်အဖွဲ့တစ်ဖွဲ့သည် အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်ရှိ ယေဟောဝါသက်သေများ၏ အစည်းအဝေးခန်းမတစ်ဆောင်ကိုလှည့်လည်ကြည့်ရှုနေကြသည်။ အပြာရောင်ဗွတ်ကုလားငှက်၊ ချိုးငှက်နှင့်ပိတုန်းငှက်တို့ပျော်မြူးရာပန်းခြံတစ်ခုအပါအဝင် ကြည်နူးဖွယ်ကောင်းသောပတ်ဝန်းကျင်က ထိုသူတို့အားသူတို့၏ကြီးမြတ်သည့်ဖန်ဆင်းရှင် ယေဟောဝါနှင့်ပို၍ရင်းနှီးအောင် ဖန်တီးပေးသည်။ ၄င်းအုပ်စုထဲမှအားလုံးလိုလိုသည် ရှေ့ဆောင်အဖြစ် အချိန်ပြည့်အမှုတော်ထမ်းဆောင်နေကြောင်းကို သူတို့အားလိုက်လံရှင်းလင်းပြသသူက မကြာမီအတွင်းသိရှိလိုက်သည်။ ထို့ကြောင့်နောက်ပိုင်းတွင် ထိုအုပ်စုအားမေးနေကျဖြစ်သည့် “ဂျပန်ပြည်တွင် အဘယ်ကြောင့်ရှေ့ဆောင် ဤမျှများပြားရသနည်း” ဟူသောမေးခွန်းကိုမေးလိုက်ရာ ခေတ္တမျှငြိမ်သက်တိတ်ဆိတ်သွားကြသည်။ ထိုနောက် မိန်းမပျိုလေးတစ်ယောက်က “ယေဟောဝါကိုချစ်လို့ပါ” ဟူ၍မိမိသဘောဖြင့်ဖြေဆိုလိုက်သည်။
၂ ယေဟောဝါကိုချစ်ခြင်း၊ ယင်းသည်ကျွန်ုပ်တို့အား ကိုယ်တော့်အမှုတော်ထမ်းဆောင်ရာတွင် စိတ်အားထက်သန်အောင်တွန်းအားပေးခဲ့သည်တကား။ လူတိုင်းရှေ့ဆောင်မလုပ်နိုင်သည်မှာ မှန်ပါသည်။ အမှန်ဆိုရလျှင် လေးသန်းကျော်ရှိသောနိုင်ငံတော်ကြေညာသူအများစုသည် ဤအခွင့်အရေးအတွက် နေရာပေးနိုင်ခြင်းမရှိကြပါ။ သို့ရာတွင်အခြေအနေပေးသူအများသည် ဤအခွင့်အရေးကိုလက်လှမ်းယူကြသည်။ ကျန်သူတို့အနေဖြင့်လည်း ‘ယေဟောဝါကိုကိုးစားလျက်အကျင့်ကောင်းကိုပြုကျင့်’ ၍တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် တတ်စွမ်းသမျှပါဝင်ခြင်းအားဖြင့် ကျွန်ုပ်တို့၏မေတ္တာကိုတင်ပြနိုင်ကြပေသည်။ (ဆာလံ ၃၇:၃၊ ၄) ယေဟောဝါထံအပ်နှံပြီးသောကိုးကွယ်သူအားလုံးအနေဖြင့် ရှေ့ဆောင်စိတ်ဓာတ်ကိုမွေးမြူနိုင်ကြသည့်ပြင် ရှေ့ဆောင်နေသူတို့အားလည်း မေတ္တာဖြင့်ထောက်ခံမှုပေးနိုင်ကြသည်။—မဿဲ ၂၄:၁၄။ ၂၈:၁၉။
၃။ ခရစ်ယာန်အမည်ခံအများနှင့် ယေဟောဝါသက်သေများစပ်ကြားတွင် အဘယ်ခြားနားချက်ကို ဂရုပြုအပ်သနည်း။
၃ ဘာသာတရားကိုဘဝ၏အဆွယ်အပွားတစ်ခုအဖြစ်သာ ပေါ့ပေါ့သဘောထားကြသည့် အမည်ခံခရစ်ယာန်အများနှင့်မတူဘဲ ယေဟောဝါသက်သေတို့သည် ဘုရားသခင်ကိုချစ်သည့် အားကြီးသောမေတ္တာကိုတင်ပြကြသည်။ ထိုမေတ္တာကသူတို့အား “ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားတော်ကို [စဉ်ဆက်မပြတ်] ရှေ့ဦးစွာရှာကြ” ရန်စေ့ဆော်ပေးသည်။ ဤသို့ ပြုနိုင်ရန် ကိုယ်ကျိုးစွန့်အနစ်နာခံရစေကာမူ ထိုသို့သောစွန့်လွှတ်အနစ်နာခံမှုသည် အကျိုးနပ်လှပေသည်။ (မဿဲ ၆:၃၃။ ၁၆:၂၄) ဤသို့ပြုခြင်းသည် မောရှေဦးစွာမိန့်ကြား၍ ယေရှုခရစ်ထပ်၍မိန့်တော်မူခဲ့သည့် အောက်ပါကြီးမြတ်သောပထမပညတ်နှင့်ညီညွတ်ပေသည်။ “ငါတို့၏ဘုရားသခင် [ယေဟောဝါ၊ ကဘ] သည်တစ်ဆူတည်းသော [ယေဟောဝါ၊ ကဘ] ပေတည်း။” သင်၏ဘုရားသခင် [ယေဟောဝါ၊ ကဘ] ကိုစိတ်နှလုံး၊ အသက်ဝိညာဉ်၊ ဉာဏ်သတ္တိ၊ အစွမ်းသတ္တိအကြွင်းမဲ့ချစ်လော့။”—မာကု ၁၂:၂၉၊ ၃၀၊ သမ ။ တရားဟောရာ ၆:၄၊ ၅။
၄၊ ၅။ မည်သူတို့သည် သစ္စာရှိသူများအဖြစ် မှတ်ယူခံရသနည်း။ သစ္စာရှိကြောင်း မည်သို့ပြသနိုင်သနည်း။
၄ အချိန်ပြည့်လုပ်ငန်းတော်တွင် နှစ်ပေါင်း ၇၀ ကျော်ပါဝင်ခဲ့ပြီး ယခုအသက် ၉၈ နှစ်ရှိနေပြီဖြစ်သည့် ကင်းမျှော်စင်အသင်း၏ ဥက္ကဌအက်ဖ်ဒဗ္ဗလျူဖရန့်စ်အား များမကြာမီက ယေဟောဝါသက်သေများ၏ဌာနချုပ်မှ ဝန်ထမ်းတစ်ဦးက “ညီအစ်ကိုဖရန့်စ်၊ ခင်ဗျားကတော့ သစ္စာရှိတဲ့နေရာမှာစံပြပါဘဲ” ဟူ၍ပြောကြားခဲ့သည်။ ညီအစ်ကိုဖရန့်စ်က “ဟုတ်ကဲ့၊ ခင်ဗျားလည်း သစ္စာရှိဖို့လိုတယ်နော်” ဟူ၍ပြန်လည်ဖြေဆိုခဲ့သည်။ ဤအဖြေ၌ လိုရင်းကိုပေါင်းချုပ်ထားသည်။ နိုင်ငံတော်လုပ်ငန်း၏မည်သည့်ကဏ္ဍ၌ အမှုတော်ထမ်းဆောင်ရထမ်းဆောင်ရ ကျွန်ုပ်တို့အားလုံး သစ္စာရှိနိုင်ကြသည်။—၁ ကောရိန္သု ၄:၂။ ဂလာတိ ၃:၉။
၅ အများသောသူတို့မှာ ယေဟောဝါ၏အမှုတော်၌ ယခုထက်မကဆောင်ရွက်လိုကြမည်မှာမှန်သော်လည်းကျမ်းပေးတာဝန်များနှင့် ကျန်းမာရေးပြဿနာများက သူတို့အားတစ်နည်းနည်းဖြင့် တားဆီးနေခြင်းဖြစ်ကောင်းဖြစ်မည်။ သို့ရာတွင်ရှေ့ဆောင်မလုပ်နိုင်သူတို့ကို သစ္စာရှိမှုနည်းပါးသည်ဟုမယူဆသင့်ပေ။ အချို့သောသူတို့သည် အလွန့်အလွန် သည်းခံရသောအခြေအနေမျိုးအောက်တွင် သမာဓိသစ္စာစောင့်သိခဲ့ကြသည်သာမက များသောအားဖြင့် နှစ်ပေါင်းများစွာ ထိုသို့နေခဲ့ကြရသည်။ မှန်ပါသည်၊ သူတို့သည် သစ္စာရှိခဲ့ကြပေသည်။ သူတို့သည် ယေဟောဝါကိုချစ်ကြောင်း ပြသခဲ့ကြသည်မက ကိုယ်တော်၏ သီအိုခရက်တစ်အစီအစဉ်များကို စိတ်နှလုံးအပြည့်ထောက်ခံရာတွင် လုံ့လဝီရိယရှိရှိထမ်းရွက်ခဲ့ကြသည်။ သူတို့သည် ရှေ့ဆောင်လုပ်ငန်းကို အထူးစိတ်ဝင်စားကြသည့်ပြင် အနာဂတ်ရှေ့ဆောင်လောင်းများ၊ အထူးသဖြင့် သူတို့၏သားသမီးများကို သက်မွေးလုပ်ငန်းအားလုံးထက်သာလွန်သည့် ရှေ့ဆောင်လုပ်ငန်းကိုပန်းတိုင်ထား၍ လုပ်ဆောင်ရန်အားပေးခဲ့ကြသည်။—တရားဟောရာ ၃၀:၁၉၊ ၂၀ နှင့်နှိုင်းယှဉ်။
၆၊ ၇။ ၁ ဓမ္မရာဇဝင် ၃၀:၁၆-၂၅ တွင်ချမှတ်ခဲ့သည့်အစဉ်အလာသည် ယနေ့မည်သို့သက်ဆိုင်မှုရှိသနည်း။
၆ ယနေ့ဘုရားသခင့်လူမျိုးတော်ရှိသမျှ တို့၏မေတ္တာနှင့် စည်းလုံးစွာလုပ်ဆောင်ခြင်းကို ၁ ဓမ္မရာဇဝင် ၃၀:၁၆-၂၅ မှမှတ်တမ်းဖြင့် ဥပမာတင်စားနိုင်ပါသည်။ အာမလက်လူတို့နှင့်စစ်တိုက်ရာတွင် ဒါဝိဒ်သည် ‘နံနက်မိုးမလင်းမီကစ၍ ညဉ့်ဦးတိုင်အောင်လုပ်ကြံ’ ပြီးနောက် လက်ရဥစ္စာများစွာကို သိမ်းယူခဲ့၏။ စခန်းသို့ပြန်ရောက်သောအခါ ဒါဝိဒ်၏စစ်သားအချို့က အပြင်းအထန်တိုက်ခိုက်ရသည့် စစ်မြေပြင်သို့ သူတို့နှင့်အတူမလိုက်ပါသူတို့အား လက်ရဥစ္စာတစ်ခုမျှမပေးရန် တောင်းဆိုကြသည်။ သို့သော်လည်း ဒါဝိဒ်က “ဤအမှု၌သင်တို့၏စကားကို အဘယ်သူနားထောင်လိမ့်မည်နည်း။ စစ်တိုက်သွားသူ,ရသည်အတိုင်း ဥစ္စာကိုစောင့်လျက်နေရစ်သောသူရစေ။ နှစ်ပါးစလုံးတို့သည် အညီအမျှခံစေ” ဟုပြန်လည်ဖြေကြားလိုက်သည်။
၇ ယနေ့လည်း ဤမူအတိုင်းပင်ကျင့်သုံးကြသည်။ ရှေ့ဆောင်များသည် ကျွန်ုပ်တို့၏ဝိညာဏစစ်ရေးတွင် ရှေ့တန်းမှပါဝင်ဆင်နွှဲလျက်ရှိကြသည်။ သို့သော်လည်း အသင်းတော်ရှိကျန်သူအားလုံးတို့သည် စိတ်ရောကိုယ်ပါ သစ္စာရှိစွာထောက်ခံအားပေးကြသည်။ သို့ဖြင့် ၁၉၉၁ ခုနှစ်အတွင်း သူတို့အားလုံး၏စုပေါင်းလုပ်ဆောင်မှု၏ စုစုပေါင်းအကျိုးရလဒ်ကို အောက်ပါဇယားတွင် ဖော်ပြလိုက်ပါသည်။
ထူးခြားထင်ရှားသောမှတ်တမ်း
၈။ (က) စုစုပေါင်းကြေညာသူနှင့် ယေဟောဝါအမှုတော်တွင် သူတို့အသုံးပြုခဲ့သည့်နာရီများနှင့်စပ်လျဉ်း၍ ကမ္ဘာ့မှတ်တမ်းက အဘယ်အချက်ဖော်ပြသနည်း။ (ခ) မှတ်တမ်းတွင်အသစ်ပါလာသည့်တိုင်းပြည်များနှင့်စပ်လျဉ်း၍ အဘယ်စိတ်ဝင်စားစရာအချက်များကို သင်ဂရုပြုမိသနည်း။
၈ မှန်ပါသည်၊ ဤမဂ္ဂဇင်း၏ရှေ့စာမျက်နှာလေးမျက်နှာ၌ ၁၉၉၁ ခုနှစ်အတွင်း စိတ်အားတက်ဖွယ်ကောင်းသော ကမ္ဘာချီတိုးချဲ့ခြင်းလုပ်ငန်းတွင် ယေဟောဝါကို စိတ်အားထက်သန်စွာ ကိုးကွယ်ကြသူအားလုံး၏ စည်းလုံးညီညာသည့်လုံ့လဝီရိယက မည်သို့မည်ပုံ အထောက်အကူပြုခဲ့ပုံတို့ကို ဖော်ပြသည်။ ကျေနပ်ဖွယ်ရာနိုင်ငံတော်ကြေညာသူ အများဆုံးနှုန်းသစ် ၄,၂၇၈,၈၂၀ မှတ်တမ်းတင်နိုင်ခဲ့ပြီး ယင်းသည် ၆.၅ ရာခိုင်နှုန်းတိုးတက်မှုဖြစ်သည်။ အမှုတော်ဆောင်လုပ်ငန်းတွင် နာရီပေါင်း ၉၅၁,၈၇၀,၀၂၁ (သန်းတစ်ထောင်နီးပါး) သုံးစွဲခဲ့သည်။ ယခင်ကကန့်သတ်ချုပ်ချယ်ခြင်းခံခဲ့ရသော်လည်း ယခုအခါ ကမ္ဘာ့မှတ်တမ်းတွင် ပထမဆုံးအကြိမ်အဖြစ် ပါဝင်လာကြသည့် နိုင်ငံများဖြစ်ကြသော အင်ဂိုလာ၊ ဘူလ်ဂေးရီးယား၊ ချက်ကိုစလိုဗက်ကီးယား၊ ရိုမေးနီးယား၊ ဆိုဗီယက်ပြည်ထောင်စုနိုင်ငံတို့မှ ကျွန်ုပ်တို့၏ညီအစ်ကိုများ စိုက်ထုတ်ခဲ့ကြသော ထူးချွန်ပြောင်မြောက်သည့် ဇွဲလုံ့လကို ဂရုပြုမှတ်သားပါလေ။
၉၊ ၁၀။ (က) ခက်ခဲသည့်ကာလ၏စိန်ခေါ်မှုကို ရှေ့ဆောင်များ မည်သို့တုံ့ပြန်ခဲ့ကြသနည်း။ (ခ) ရှေ့ဆောင်လုပ်ငန်းသို့ဝင်ရောက်ရန်အတွက် အဘယ်အားပေးချက်ပေးထားသနည်း။
၉ မကြာမီနှစ်များအတွင်း ရှေ့ဆောင်စိတ်ဓာတ်သည် ကမ္ဘာတစ်လွှားသို့ပျံ့နှံ့ခဲ့သည်။ များမကြာမီကမှ လွတ်လပ်စွာကိုးကွယ်ခွင့်ရရှိလာကြသည့် တိုင်းပြည်များ၌ပင် ရှေ့ဆောင်အဆင့်အတန်းသည်တိုးတက်ကြီးထွားလာသည်။ ခက်ခဲကြပ်တည်းသော စီးပွားရေးအခြေအနေများက ဤအမာခံသက်သေခံများအား သူတို့၌ရှိရှိသမျှကို ယေဟောဝါကိုးကွယ်မှုအတွက် ပေးဆက်ခြင်းမပြုနိုင်အောင် မဟန့်တားနိုင်ပေ။ (၂ ကောရိန္သု ၁၁:၂၃၊ ၂၇ နှင့်နှိုင်းယှဉ်ပါ။) လတစ်လ၏ဖျမ်းမျှခြင်းအရ နိုင်ငံတော်ကြေညာသူအားလုံးမှ ၁၄ ရာခိုင်နှုန်းက ရှေ့ဆောင်လုပ်ခဲ့ကြသည်။ အများဆုံးရှေ့ဆောင်အရေအတွက်မှာ ၇၈၀,၂၀၂ ဖြစ်ပြီး ယင်းသည် ကြေညာသူအားလုံးပေါင်း၏ ၁၈ ရာခိုင်နှုန်းဖြစ်သဖြင့် အလွန်ကောင်းမွန်ပေသည်။
၁၀ ရှေ့ဆောင်များခံစားရသည့် ဝမ်းမြောက်ခြင်းကိုတွေ့မြင်ရာမှ အခြားသောသူတို့ကလည်း ဤလုပ်ငန်းတွင်ပါဝင်ရန် အားတက်လာကြသည်။ သင်သည် ရှေ့ဆောင်မလုပ်ရသေးသူဖြစ်ပါက ဟေရှာယ ၆:၈ ၌ဖတ်ရသည့်အတိုင်း “အကျွန်ုပ်ရှိပါ၏၊ အကျွန်ုပ်ကို စေလွှတ်တော်မူပါ” ဟုပြောနိုင်အောင် ယေဟောဝါကိုချစ်သောမေတ္တာက သင့်အားလှုံ့ဆော်ပေးနိုင်သလော။ သို့တည်းမဟုတ် သမ္မာကျမ်းစာကို အပတ်တကုတ်လေ့လာဆည်းပူးခြင်းအားဖြင့် သင်သည် ရှေ့ဆောင်လုပ်ငန်းသို့ဝင်ရောက်ရန် နောက်ထပ်ခြေတစ်လှမ်းသာ လှမ်းရန်လိုအပ်သည့် အဆင့်အထိ ဘုရားသခင့်နှုတ်ကပါဌ်တော်က သင့်နှလုံးသားတွင် ပြင်းပြသောဆန္ဒကို ဖြစ်ပေါ်စေသလော။ အခက်အခဲကြုံရသည့် အချိန်မျိုး၌ပင် ယေဟောဝါ၏ နှုတ်ကပါဌ်တရားတော်သည် ယေရမိအား နှုတ်ဆိတ်မနေနိုင်အောင် နှိုးဆွပေးခဲ့သည်။—ယေရမိ ၂၀:၉။
လူသားတို့အကျိုး မေတ္တာနှင့်သယ်ပိုး
၁၁။ အိမ်တွင်းကျမ်းစာသင်အံမှုလုပ်ငန်း မည်သို့တိုးပွားအောင်မြင်ခဲ့သနည်း။
၁၁ နှစ်ချုပ်မှတ်တမ်းမှ ထူးခြားထင်ရှားသောအချက်တစ်ချက်မှာ အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှု အရေအတွက် တိုးပွားလာခြင်းဖြစ်သည်။ ကမ္ဘာတစ်ဝန်းတွင် သင်အံမှုပေါင်း ၃,၉၄၇,၂၆၁ ခုလစဉ်မှန်မှန်ပြုလုပ်လျက်ရှိသည်။ ဤကားမေတ္တာပြည့်ဝသော အစီအစဉ်ဖြစ်သည်။ ဤအစီအစဉ်အားဖြင့် ယေဟောဝါသက်သေတို့သည် တစ်အိမ်တက်ဆင်းလုပ်ငန်းတွင် တွေ့ခဲ့ရသောစိတ်ဝင်စားသူတို့အား ဆက်လက်ကူညီပေးသည်။ ကျွန်ုပ်တို့သည် တမန်တော်ပေါလုပြသခဲ့သည့်ဇွဲမျိုးဖြင့် လူမျိုးပေါင်းစုံ၊ အမျိုးအနွယ်နောက်ခံအမျိုးမျိုးရှိသူတို့နှင့် ကျမ်းစာသင်အံမှုပြုလုပ်နိုင်သည့်အတွက် ဝမ်းသာကြည်နူးဖြစ်ရပါသည်။ ပေါလုအနေဖြင့် ‘ယုဒလူ၊ ဂရိလူတို့အား စေ့စေ့စပ်စပ်သက်သေခံ’ ရာတွင် သမ္မာတရားသင်ကြားပေးရာ၌ အချိန်နာရီများစွာ မုချလိုအပ်ခဲ့မည်။ (တမန်တော် ၂၀:၂၀၊ ၂၁) ယနေ့လည်း ထို့အတူပင်ဖြစ်သည်။ ယေဟောဝါသက်သေများသည် “လူအပေါင်းတို့ ကယ်တင်ခြင်းခံကြရစေရန်နှင့် သမ္မာတရားတော်ကို သိရှိနားလည်လာကြစေရန်” ကူညီပေးလျက်နေကြသည်။—၁ တိမောသေ ၂:၄၊ သက။
၁၂–၁၄။ ဥရောပတိုက်မှ အဘယ်ဝမ်းမြောက်ဖွယ်မှတ်တမ်းများရရှိသနည်း။
၁၂ အရှေ့ဥရောပတွင် ကျမ်းစာသင်အံမှုလုပ်ငန်း တိုးတက်လာသည်ကိုတွေ့ရသည်မှာ စိတ်တက်ကြွဖွယ်ကောင်းလှသည်။ ထိုဒေသအတွင်းရှိ ကျွန်ုပ်တို့၏ညီအစ်ကိုများသည် ဆယ်စုနှစ်ပေါင်းများစွာ အုပ်စုလေးများဖွဲ့၍ စည်းဝေးခဲ့ကြရသည့်ပြင် အုပ်စုတစ်ခုစီရှိသူအားလုံးအတွက် ကင်းမျှော်စင် အဟောင်းတစ်စောင်ကို ဖယောင်းမိတ္တူကူးစက်ဖြင့် ကူးထားသည့် ဟောင်းနွမ်းသောမိတ္တူတစ်စောင်သာ ရရှိကြသည်။ သို့သော်လည်း ယခုအခါတွင် သမ္မာကျမ်းစာနှင့် ကျမ်းစာ,စာပေအမြောက်အမြား ထိုတိုင်းပြည်များသို့ အောတိုက်၍ဝင်ရောက်လျက်ရှိသည်။ ယင်းက ရှောလမုန်သီချင်း ၂:၄ ကိုသတိရစေသည်။ “[ခရစ်တော်ယေရှုသည် ဝိညာဏ] ပွဲခံရာအိမ်သို့ ငါ့ကိုဆောင်သွား၍၊ မေတ္တာတော်အလံကို ငါ့အပေါ်မှာမိုးတော်မူပြီ။” ယခုကဲ့သို့ကိုယ်ပိုင်မဂ္ဂဇင်းများရရှိကြသဖြင့် အများသောသူတို့သည် “သမ္မတရားကိုမှန်ကန်စွာ” ပိုင်းခြားတတ်ရန် လိုအပ်သောအရာများနှင့် ပြည့်စုံလာကြသည်။—၂ တိမောသေ ၂:၁၅။
၁၃ ရုရှားပြည်နယ်၊ စိန့်ပီတာစဘာ့ဂ်မြို့မှ ကြေညာသူ ၁၀၃ ယောက်ရှိသော အသင်းတော်တစ်ခုက မကြာမီက အိမ်တွင်းကျမ်းစာသင်အံမှု၃၀၀ ကျော်မှတ်တမ်းသွင်းခဲ့သည်။ ဤသို့ အားသွန်ခွန်စိုက် ကျမ်းစာသင်အံမှုပြုလုပ်ခြင်း၏ အသီးအပွင့်အဖြစ် သက်သေခံလူသစ် ၅၃ ယောက် ရှစ်လအတွင်း နှစ်ခြင်းခံခဲ့ကြသည်။ အသင်းသားတစ်ဝက်ကျော်သည် သမ္မာတရားအတွင်း ရောက်လာကြသည်မှာ ရှစ်လမျှသာရှိပြီး အချို့ဆိုလျှင် ရှစ်လပင်မရှိသေးချေ။ သူတို့တွင် အကြီးအအကဲမရှိ၊ ဓမ္မအမှုထမ်းတစ်ယောက်တည်းက သူတို့၏ဝိညာဉ်ရေးတိုးတက်မှုအတွက် စောင့်ရှောက်ပေးနေရသည်။
၁၄ အက်စတိုးနီးယားနိုင်ငံမှ ကြေညာသူတစ်ဦးအား ကျမ်းစာသင်သားတစ်ယောက်က ကျမ်းစာသင်အံမှုသို့ သူမ၏မိတ်ဆွေအချို့ကိုခေါ်ဖိတ်ခွင့်ရှိမရှိ မေးမြန်းခဲ့သည်။ နောက်အပတ် ထိုအိမ်သို့ ယေဟောဝါသက်သေရောက်သွားသည့်အခါ၌ လူ ၅၀ ကျော်စုဝေးနေသည်ကို သူမတွေ့လိုက်ရသည်။ ထိုစိတ်ဝင်စားသူအားလုံးတို့ကို ဆက်လက်၍ ကူညီပေးရန် အထူးအစီအစဉ်လိုအပ်ခဲ့သည်မှာ ဆိုဖွယ်မရှိ။
၁၅။ သတိရအောက်မေ့ပွဲတက်ရောက်သူဦးရေနှင့် နှစ်ခြင်းခံခြင်းအကြောင်း ဘာပြောစရာရှိသနည်း။
၁၅ ကျမ်းစာသင်အံနေသူအများတို့သည် ယေရှု၏သေခြင်း အောက်မေ့ရာပွဲတော်ကို တက်ရောက်ခြင်းအားဖြင့် ခရစ်ယာန်ပေါင်းသင်းဆက်ဆံမှုကို ပထမဦးဆုံးအကြိမ်အဖြစ် မြည်းစမ်းခဲ့ကြရသည်။ လွန်ခဲ့သောနှစ်၌ ပထမဆုံးအကြိမ်အဖြစ်တက်ရောက်သူပေါင်း ၁၀,၀၀၀,၀၀၀ ကျော်ခဲ့သည်။ ဤဝမ်းမြောက်ဖွယ်အခါသမယအတွက် ကမ္ဘာတစ်ဝန်းရှိအသင်းတော် ၆၆,၂၀၇ တွင်လူပေါင်း ၁၀,၆၅၀,၁၅၈ စုဝေးခဲ့ကြသည်။ လက်တင်အမေရိက၊ အာဖရိကနှင့် အရှေ့ဥရောပနိုင်ငံအများတွင် ဘုရားနိုင်ငံတော်ကြေညာသူအရေအတွက်၏သုံးဆ သို့မဟုတ် လေးဆတက်ရောက်ကြသည်။ ယခုကျွန်ုပ်တို့သည် ယခုနှစ်ဧပြီလ ၁၇ ရက်၊ သောကြာနေ့တွင်ကျင်းပမည့် သတိရအောက်မေ့ပွဲအတွက် စတင်ပြင်ဆင်ထားရန်လိုသည်။ သတိရအောက်မေ့ပွဲတက်ရောက်ကြသော ကျမ်းစာသင်သားသစ်အများအပြားတို့သည် နှစ်ခြင်းခံသည့်အဆင့်အထိ ဆက်လက်တိုးတက်လာကြမည်ကို မျှော်လင့်ရသည်။ နှစ်ခြင်းနှင့်ပတ်သက်၍ ၁၉၉၁ ခုနှစ်အတွင်း အများဆုံးအရေအတွက်နှုန်းသစ်ဖြစ်သော ၃၀၀,၀၀၀ တို့သည် ယေဟောဝါဘုရားသခင်ထံအပ်နှံကြောင်းကို ရေနှစ်ခြင်းဖြင့် အထိမ်းအမှတ်တင်ပြခဲ့ကြသည်။
ဘုရားရေးရာလွတ်လပ်မှုမြတ်နိုးသူများ
၁၆။ “လွတ်လပ်မှုချစ်မြတ်နိုးသူများ” ခရိုင်စည်းဝေးပွဲကြီးများမှ အဘယ်အားတက်ဖွယ်သတင်းများရရှိသနည်း။
၁၆ ၁၉၉၁ ခုအမှုဆောင်နှစ်၏ထူးခြားချက်တစ်ခုမှာ အစဉ်အလိုက်ကျင်းပခဲ့သည့် “လွတ်လပ်မှုချစ်မြတ်နိုးသူများ” ခရိုင်စည်းဝေးပွဲကြီးများပင်ဖြစ်သည်။ ကမ္ဘာ့မြောက်ခြမ်းတွင် ပြီးစီးသွားသော်လည်း ကမ္ဘာ့တောင်ခြမ်းတွင် ၁၉၉၂ ခုနှစ်အထိဆက်လက်ကျင်းပသွားရန်ရှိသည်။ အရှေ့ဥရောပနိုင်ငံအချို့တွင် ပထမဦးဆုံးအကြိမ်အဖြစ် အစည်းအဝေးအစီအစဉ်တစ်ရပ်လုံးကို အပြည့်အစုံတင်ဆက်နိုင်ခဲ့သည်။ ထိုနိုင်ငံများရှိ ကျွန်ုပ်တို့၏ညီအစ်ကိုများသည် သူတို့မကြာမီကရရှိခဲ့သည့် လွတ်လပ်မှုကို ယေဟောဝါအား ချီးမွမ်းရန် အသုံးပြုခွင့်ရသဖြင့် ရွှင်လန်းဝမ်းမြောက်လျက်နေကြ၏။ ၁၉၉၁ အောက်တိုဘာတွင် ရရှိသောအစီရင်ခံစာအရ ၅၄ နိုင်ငံတွင်ကျင်းပသည့် ပထမဆုံးစည်းဝေးပွဲကြီး ၇၀၅ ခုတွင်တက်ရောက်သူ ၄,၇၇၄,၉၃၇ ရှိခဲ့သည်။
၁၇၊ ၁၈။ (က) ယေဟောဝါကိုကိုးကွယ်သူများ အဘယ်လွတ်လပ်မှုများကိုခံစား၍ အဘယ်လွတ်လပ်မှုများကို စောင့်မျှော်နေကြသနည်း။ (ခ) ဘုရားရေးရာလွတ်လပ်မှုသည် လောကီလွတ်လပ်မှုနှင့်မည်သို့ကွာခြားသနည်း။
၁၇ “ထိုသမ္မာတရားသည် သင်တို့အားလွတ်လပ်စေလိမ့်မည်” ဟုတပည့်တော်တို့အား ယေရှုမိန့်ကြားတော်မူခဲ့၏။ (ယောဟန် ၈:၃၂၊ သက ) ယနေ့ကျမ်းစာသမ္မာတရားက လူသန်းပေါင်းများစွာအား ခရစ်ယာန်ဘောင်၏ တရားသေအယူဝါဒများမှ လွတ်မြောက်စေခဲ့ပြီ။ သန်းပေါင်းများစွာသော ဤသူတို့သည် ယေရှု၏ရွေးနှုတ်ဖိုးပူဇော်သက္ကာဆိုင်ရာ ယေဟောဝါ၏ပြင်ဆင်ပေးချက်က လူသားများအား “ဖောက်ပြန်ပျက်စီးခြင်းအနှောင်အဖွဲ့မှ လွတ်မြောက်၍ ထာဝရဘုရား၏သားသမီးများနှင့်အတူ လွတ်လပ်မှုနှင့်ဘုန်းအသရေကိုခံစားခွင့်ရစေလိမ့်မည်” အကြောင်းသိမြင်လာကြသည်။ (ရောမ ၈:၁၉-၂၂၊ သက ) ယေဟောဝါမေတ္တာတော်ဖြင့်ပြဌာန်းတော်မူသည့် တော်လျော်သောနယ်နိမိတ်အတွင်း ပရဒိသုမြေကြီးပေါ်တွင် ထာဝစဉ်အသက်ရှင်ရခြင်းသည် မည်မျှကြီးမြတ်သည့် လွတ်လပ်မှုပါတကား။—ဟေရှာယ ၂၅:၆-၈။ တမန်တော် ၁၇:၂၄-၂၆ နှင့်နှိုင်းယှဉ်။
၁၈ ယေဟောဝါသက်သေများ ယခုခံစားနေရသောလွတ်လပ်မှုများနှင့် ဘုရားသခင်၏ အစီအစဉ်စနစ်သစ်အတွင်း၌ ခံစားရန်မျှော်လင့်ထားသော ထိုထက်မကများပြားသည့်လွတ်လပ်မှုတို့မှာ ကျွန်ုပ်တို့၏ဘုရားသခင် ယေဟောဝါထံတော်မှ သက်ရောက်ရာများဖြစ်သည်။ (၂ ကောရိန္သု ၃:၁၇) ထိုလွတ်လပ်မှုတို့သည် မည်သည့်နိုင်ငံရေး သို့မဟုတ် တော်လှန်ရေးလှုပ်ရှားမှုပေါ်မျှ တည်မှီခြင်းမရှိပေ။ (ယာကုပ် ၁:၁၇) ဤအချက်နှင့်ပတ်သက်၍ အထင်လွဲမှားမှုမရှိစေရန်အတွက် အရှေ့ဥရောပနိုင်ငံအချို့ရှိ ယေဟောဝါသက်သေများ တပ်ဆင်သည့် ၁၉၉၁ ခုနှစ်စည်းဝေးပွဲကြီးရင်ထိုးတံဆိပ်၌ “ဘုရားရေးရာလွတ်လပ်မှု ချစ်မြတ်နိုးသူများ ခရိုင်စည်းဝေးပွဲကြီး” ဟူသောစာတမ်းပါရှိခဲ့သည်။
ယေဟောဝါပေါ်ထားရှိသည့် အားကြီးသောမေတ္တာ
၁၉။ ယေဟောဝါထံဆုတောင်းခြင်းဖြင့် ရရှိသည့်ရင်းနှီးမှုသည် ကျွန်ုပ်တို့ကို မည်သို့ထောက်မအားပေးနိုင်သနည်း။
၁၉ ယေဟောဝါပေါ်ထားရှိသော ကျွန်ုပ်တို့၏မေတ္တာနှင့် ယုံကြည်ကိုးစားမှုတို့က ကျွန်ုပ်တို့အား ဆုတောင်းခြင်းဖြင့် ကိုယ်တော်နှင့်ရင်းနှီးအောင် ဖန်တီးပေးလိမ့်မည်။ ကျွန်ုပ်တို့၏ညီအစ်ကိုများအား ဆင်းရဲဒုက္ခများနှင့် နှိပ်စက်ညှဉ်းပန်းမှုအများကို ခံနိုင်အောင် အကူအညီပေးခဲ့သည့်အရာမှာ ယေဟောဝါနှင့်ထားရှိသည့် ဤရင်းနှီးမှုပင်ဖြစ်သည်။ (ဆာလံ ၂၅:၁၄၊ ၁၅) အပြင်းထန်ဆုံးစုံစမ်းခြင်းခံရချိန်၌ ယေရှုသည် ဆုတောင်းခြင်းအားဖြင့် ခမည်းတော်နှင့်ရင်းနှီးသောဆက်ဆံရေးကို ထိန်းသိမ်းတော်မူခဲ့သည်။ (လုကာ ၂၂:၃၉-၄၆) ယေဟောဝါထံဆုတောင်းခြင်းဖြင့်ရရှိသည့် ဤသို့သောရင်းနှီးမှုသည် သတေဖန်အား အာဇာနည်အဖြစ် အသေခံခြင်းဝေဒနာကို ကြံ့ကြံ့ခံနိုင်အောင် အထောက်အကူပြုခဲ့သည်။ ကျောက်ခဲနှင့် ပေါက်သတ်ခြင်းခံရမည့်ဆဲဆဲတွင် ကောင်းကင်သို့စေ့စေ့ကြည့်မျှော်ပြီးလျှင် “ကြည့်ပါ၊ ကောင်းကင်ဖွင့်လှစ်သည်ကိုလည်းကောင်း၊ လူသား [ယေရှု]သည်ဘုရားသခင်၏ လက်ယာတော်ဘက်၌ ရပ်နေသည်ကိုလည်းကောင်း ငါမြင်သည်” ဟုဆိုခဲ့၏။—တမန်တော် ၇:၅၆။
၂၀–၂၂။ ပတ္ထနာစကားကို ဘုရားသခင်နားညောင်းတော်မူကြောင်း တွေ့ကြုံမှုတစ်ခုက မည်သို့သရုပ်ဖော်သိသာစေသနည်း။
၂၀ ယေဟောဝါကိုကိုးကွယ်သူများ မကြာမကြာတွေ့ကြုံရသည့်အတိုင်း ယေဟောဝါသည် မိမိအလိုတော်နှင့်အညီ တောင်းလျှောက်သောပတ္ထနာများကို နားညောင်းတော်မူ၏။ ဥပမာအားဖြင့်၊ သက်သေခံတို့၏လုပ်ငန်း ပိတ်ပင်ထားခြင်းခံရသော အာဖရိကနိုင်ငံတစ်နိုင်ငံတွင် ဘတ်စ်ကားဖြင့် မြောက်ပိုင်းသို့ခရီးထွက်နေသော အထူးရှေ့ဆောင်တစ်ဦး၌ ကျမ်းဆိုင်ရာစာပေစာတမ်းများနှင့် လူကြုံပါးလိုက်သည့် စာများထည့်ထားသည့် အိတ်ကြီးတစ်လုံးပါရှိသည်။ ဘတ်စ်ကားပေါ် ဝန်စည်စလယ်တင်နေသော ယာဉ်နောက်လိုက်က ညီအစ်ကိုအား “အိတ်ထဲမှာ ဘာတွေပါသလဲ” ဟုမေးရာ ညီအစ်ကိုက “ချောစာ” ဟုစိတ်ထဲ၌ဦးဆုံးပေါ်လာသည့်အရာကို ပြောလိုက်သည်။
၂၁ လမ်းခရီးတွင် ထိုဘတ်စ်ကားသည် သာမန်စစ်ဆေးရေးစခန်းတစ်ခုကို ဖြတ်သန်းမောင်းနှင်သွားရာ မှောင်ခိုကုန်တင်ဆောင်ထားသည်ဟု မသင်္ကာသဖြင့် ယာဉ်ထိန်းရဲတို့ကလိုက်၍ ရပ်တန့်စေသည်။ ခရီးသည်အားလုံးဆင်းရန်၊ ပစ္စည်းအားလုံးရှာဖွေစစ်ဆေးရန် အမိန့်ပေးသည်။ အလွန်အရေးကြီးသောအချိန်ဖြစ်လေသည်။ ညီအစ်ကိုဖြစ်သူသည် မကျေမနပ်ညည်းညူနေသော လူအုပ်နှင့် ခပ်လှမ်းလှမ်းသို့သွားပြီးနောက် ဒူးထောက်လျက် ယေဟောဝါထံဆုတောင်းသည်။ လူအုပ်ရှိရာသို့ သူပြန်ရောက်လာသည့်အခါ၌ ခရီးသည်တစ်ဦးစီ၏ ဝန်စည်စလယ်များကိုဖွင့်၍ အသေးစိတ်ဂရုစိုက် စစ်ဆေးရှာဖွေနေကြသည်။ ညီအစ်ကို၏အိတ်ကိုဖွင့်တော့မည့်အချိန်တွင် သူသည် ယေဟောဝါထံကူညီမစပါရန် တိတ်ဆိတ်စွာဆုတောင်းလေသည်။
၂၂ “ဘယ်သူ့အိတ်လဲ၊ ဘာတွေပါသလဲ” ဟုရဲသားတစ်ယောက်က အော်မေးလိုက်သည်။ ညီအစ်ကိုက ပါးစပ်ကိုမဖွင့်နိုင်မီ ယာဉ်နောက်လိုက်ဖြစ်သူက “—စာတိုက်က—စာတိုက်ကိုပို့လိုက်တဲ့ ချောစာပါ” ဟုဖြေလိုက်သည်။ အရာရှိဖြစ်သူက “ကောင်းပြီ” ဟုပြောပြီး ထိုအိတ်ကိုကောက်ယူ၍ ယာဉ်နောက်လိုက်အား လှမ်းပေးလိုက်သည်။ “ဒီခရီးအတွက် ဒီအိတ်ကို စိတ်အချရဆုံးနေရာမှာ ထိန်းသိမ်းသွားဖို့ဂရုစိုက်ပါ” ဟုပင်မှာကြားလိုက်သည်။ အထူးရှေ့ဆောင်ညီအစ်ကိုသည် တစ်ဖန်ဒူးထောက်လျက် ပတ္ထနာစကားကိုနားညောင်းတော်မူသည့်အရှင်၏ ကျေးဇူးတော်ကို ချီးမွမ်းခဲ့လေသည်။—ဆာလံ ၆၅:၂။ သု၊ ၁၅:၂၉။
၂၃။ အဘယ်သို့ပြုနိုင်စွမ်းရှိကြောင်း ယေဟောဝါပြသတော်မူခဲ့သနည်း။ သို့နှင့်ပင် နှိပ်စက်ညှဉ်းပန်းခြင်းကို တစ်ခါတစ်ရံကိုယ်တော်အဘယ်ကြောင့် အစမှအဆုံးထိ ခွင့်ပြုတော်မူသနည်း။
၂၃ သို့ရာတွင်၊ ယေဟောဝါကိုကိုးကွယ်သူတို့သည် ဒုက္ခမှန်သမျှမှ ကင်းဝေးကြသည်ဟူ၍ကား မဆိုလိုပါ။ အချို့သောအခြေအနေများ၌ သမ္မာကျမ်းစာခေတ်နှင့် ယခုခေတ်နှစ်ခုစလုံးတွင် မိမိလူမျိုးတော်ကိုကယ်တင် နိုင်ကြောင်း ယေဟောဝါပြသတော်မူခဲ့သည်။ သို့သော် သမာဓိစောင့်သိခြင်းဆိုင်ရာပြဿနာကို ဖြေရှင်းခြင်းအလိုငှာ ကိုယ်တော်သည် တစ်ခါတစ်ရံနှိပ်စက်ညှဉ်းပန်းခြင်းကို အစမှအဆုံးအထိ ခွင့်ပြုထားတတ်ပုံရသည်။ (မဿဲ ၂၆:၃၉ နှင့်နှိုင်းယှဉ်။) ၄င်းပြင်သမ္မာကျမ်းစာပေါ်အခြေခံသည့် လက်တွေ့ကျသောဉာဏ်ပညာအတိုင်းကျင့်ကြံလျှင် အကျိုးရှိသော်ငြားလည်း ယေဟောဝါသည် မိမိလူမျိုးတော်ကို မတော်တဆဖြစ်မှုများ၊ ပြည်တွင်းပဋိပက္ခ သို့မဟုတ် ရာဇဝတ်မှုများမှ အလိုအလျောက် ကာကွယ်ပေးတော်မူမည်ကား မဟုတ်ပေ။ (သု၊ ၂၂:၃။ ဒေသနာ ၉:၁၁) သို့သော်လည်း ကျွန်ုပ်တို့သည် ခံရခက်သောအခြေအနေများမှ ကယ်နှုတ်ခံရသည်ဖြစ်ဖြစ်၊ မခံရသည်ဖြစ်ဖြစ် ကျွန်ုပ်တို့၏သစ္စာရှိမှုသည် ဆုချခြင်းမခံရဘဲရှိမည်မဟုတ်ပါ။ လိုအပ်ပါက ရှင်ပြန်ထမြောက်ခြင်းဖြင့် ဆုချခြင်းခံရပေမည်။—မဿဲ ၁၀:၂၁၊ ၂၂။ ၂၄:၁၃။
၂၄။ အဘယ်မေတ္တာလက်ဆောင်များကို ယေဟောဝါပေးသနားတော်မူသနည်း။ ကိုယ်တော်၏မေတ္တာတော်ကို ကျွန်ုပ်တို့မည်သို့တုံ့ပြန်နိုင်သနည်း။
၂၄ ယေဟောဝါပေးသနားသည့် မေတ္တာလက်ဆောင်များသည် မည်မျှအံ့ချီးဖွယ်ရာပါတကား။ ဤကမ္ဘာမြေနှင့်တကွ ကမ္ဘာပေါ်ရှိရှိသမျှတို့ကို လူသားတို့အား ပေးအပ်တော်မူသည့် လက်ဆောင်သည် ကိုယ်တော့်မေတ္တာတော်၏ ထူးခြားသော သာဓကတစ်ရပ်ပင်ဖြစ်သည်။ (ဆာလံ ၁၀၄:၁၊ ၁၃-၁၆။ ၁၁၅:၁၆) လူသားများကို အပြစ်နှင့် သေခြင်းတရားတို့မှ ရွေးနှုတ်ရန်အတွက် မိမိ၏သားတော် ယေရှုခရစ်တော်အား သနားကရုဏာလက်ဆောင်အဖြစ် ဘုရားသခင်ပေးအပ်ခြင်းသည် မေတ္တာလက်ဆောင်တကာတို့တွင် အကြီးမြတ်ဆုံးလက်ဆောင်ပင်ဖြစ်သည်။ “သားတော်အားဖြင့် ငါတို့သည် အသက်ရှင်စေခြင်းငှာ ဘုရားသခင်သည် တစ်ပါးတည်းသောသားတော်ကို ဤလောကသို့စေလွှတ်တော်မူသောအရာ၌ ငါတို့ကို ချစ်တော်မူသောမေတ္တာတော်သည် ထင်ရှားလျက်ရှိ၏။ ငါတို့သည် ဘုရားသခင်ကိုချစ်ကြသည်ဟုမဆို။ ဘုရားသခင်သည် ငါတို့ကိုချစ်၍ ငါတို့၏အပြစ်ဖြေစရာအကြောင်း ဖြစ်စေခြင်းငှာ သားတော်ကို စေလွှတ်တော်မူသောအရာ၌ ချစ်ခြင်းမေတ္တာရှိ၏။” (၁ ယောဟန် ၄:၉၊ ၁၀) ဤမေတ္တာတော်ကိုတုံ့ပြန်သောအားဖြင့် “သေခြင်းဖြစ်စေ၊ အသက်ရှင်ခြင်းဖြစ်စေ၊ ကောင်းကင်တမန်ဖြစ်စေ၊ အထွတ်အမြတ်ဖြစ်စေ၊ အာဏာတန်ခိုးဖြစ်စေ၊ မျက်မှောက်အရာဖြစ်စေ၊ နောက်လာလတ္တံ့သောအရာဖြစ်စေ၊ အမြင့်ဖြစ်စေ၊ အနိမ့်ဖြစ်စေ၊ ဤအရာမှစ၍ အဘယ်နိမ္မိတအရာမျှသည် ငါတို့သခင်ယေရှုခရစ်အားဖြင့် ခံရသော ဘုရားသခင်၏မေတ္တာတော်နှင့် ငါတို့ကို မကွာစေနိုင်” ကြောင်း ကျွန်ုပ်တို့ ကောင်းစွာနားလည်သဘောပေါက်နိုင်ကြပါစေသတည်း။—ရောမ ၈:၃၈၊ ၃၉။
ဤဆောင်းပါးကို ပြန်လည်စစ်ဆေးခြင်း
▫ သစ္စာရှိခြင်းဆိုသည်မှာ အဘယ်အဓိပ္ပာယ်နည်း။
▫ အဘယ်လုပ်ဆောင်မှုနယ်ပယ်များတွင် ကျွန်ုပ်တို့ဘုရားသခင်ကို ချစ်ကြောင်းပြသနိုင်သနည်း။
▫ အမှုတော်ဆောင်နှစ်ချုပ်မှတ်တမ်း၏ အဘယ်ကဏ္ဍများကို သင်အထူးစိတ်ဝင်စားသနည်း။
▫ ယေဟောဝါ၏မေတ္တာလက်ဆောင်များကို တန်ဖိုးထားလေးမြတ်ကြောင်း မည်သို့ပြသနိုင်သနည်း။
[စာမျက်နှာ ၁၅ ပါ လေးထောင့်ကွက်]
အဘယ်ကြောင့်ရှေ့ဆောင် ဤမျှများပြားသနည်း
သတင်းအရ ဂျပန်လူမျိုးသည် သူတို့၏ ဧကရာဇ်များကို နှစ်ပေါင်း ၂,၆၀၀ ကြာ စိတ်အားထက်သန်စွာ ကိုးကွယ်လာခဲ့ကြသည်။ ဤ ၂၀ ရာစုနှစ်တစ်ခုတည်းအတွင်း၌ ဖြစ်ပွားခဲ့သည့် စစ်ပွဲများတွင် ဂျပန်စစ်သည် သုံးသန်းကျော်သည် မိမိတို့၏အသက်များကို ပေးလှူခဲ့ကြသည်။ မိမိတို့၏ ဧကရာဇ်-ဘုရားအတွက် အသက်စွန့်လှူခြင်းထက် မွန်မြတ်သောဂုဏ်အသရေမရှိဟု သူတို့ယူဆခဲ့ကြသောကြောင့်ဖြစ်သည်။ သို့ရာတွင် ဒုတိယကမ္ဘာစစ်တွင် ရှုံးနိမ့်သွားပြီးနောက်မကြာမီ ဧကရာဇ်မင်းသည် ဘုရားဟူသောဂုဏ်ပုဒ်ကို စွန့်လွှတ်လိုက်သည်။ လစ်လပ်သွားသော ဤဘာသာရေးကွက်လပ်ကို မည်သည့်အရာကဖြည့်စွက်ပေးနိုင်သနည်း။ ဝမ်းသာစရာကား၊ ယေဟောဝါသက်သေများ၏ သာသနာပြုများနှင့် ယင်းနောက်ပိုင်းတွင် ဌာနေသက်သေခံများပြုလုပ်ခဲ့သည့် အိမ်တွင်းကျမ်းစာသင်အံမှုများသည် လူအများအပြားအား မှန်သောဘုရားသခင် ယေဟောဝါကိုတွေ့ရှိရန်၊ သူတို့၏အသက်တာကို ကိုယ်တော်ထံအပ်နှံရန် ကူညီပေးနိုင်ခဲ့သည်။ ဤဆက်ကပ်အပ်နှံခြင်းသည် ထိုဂျပန်သက်သေခံများအဖို့ လွန်စွာမှ အဓိပ္ပာယ်ရှိလှပေသည်။ အတိတ်ကာလ၌ ဧကရာဇ်-ဘုရင်တစ်ပါးအတွက် သူတို့၏အသက်ကိုပင် ပေးလှူရန်အသင့်ရှိခဲ့ကြသည်မှန်လျှင် ယခုအသက်ရှင်တော်မူသော ဘုရားသခင်နှင့် စကြဝဠာဖန်ဆင်းရှင်ဖြစ်သော ပိုင်သအုပ်စိုးရှင် ယေဟောဝါကိုကိုးကွယ်ဝတ်ပြုရာတွင် ရှေ့ဆောင်များအဖြစ် သူတို့၏စွမ်းအားများကို ပေးလှူရာ၌ မည်မျှသာ၍စိတ်အားထက်သန်ကြမည်တကား။
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
၁၉၉၁၊ ဩဂုတ်လ ၉—၁၁ ရက်၊ ပရက်ဂ် —တွင်ကျင်းပသည့်စည်းဝေးပွဲကြီး၌ တက်ရောက်သော ဘုရားရေးရာလွတ်လပ်မှု ချစ်မြတ်နိုးသူများဖြစ်သည့် ယေဟောဝါကိုကိုးကွယ်ကြသူများ