ယေဟောဝါနှင့်နီးကပ်စွာနေလော့
“ဆုတောင်းခြင်းတွင် စွဲမြဲလော့”—ရောမ ၁၂:၁၂။ ကဘ။
၁။ ဆုတောင်းခြင်းနှင့်ပတ်သက်၍ ယေဟောဝါအလိုတော်ကားမည်သို့နည်း။ ယင်းနှင့်ပတ်သက်၍ တမန်တော်ပေါလုမည်သို့အားပေးသနည်း။
ယေဟောဝါသည် မိမိပေါ်သစ္စာရှိသူများအတွက် “မျှော်လင့်ချက်ပေးသောဘုရား” ဖြစ်တော်မူသည်။“ပတ္ထနာကိုနားညောင်းတော်မူသောအရှင်” အနေနှင့် သူတို့ရှေ့ချမှတ်ထားသောမျှော်လင့်ချက်ကိုရယူနိုင်ရန် သူတို့တောင်းလျှောက်သောအခါ ကိုယ်တော်နားထောင်တော်မူသည်။ (ရောမ ၁၅:၁၃။ ဆာလံ ၆၅:၂) ကျေးကျွန်တော်အားလုံး မိမိထံအချိန်မရွေးချဉ်းကပ်နိုင်ကြောင်း နှုတ်ကပါဌ်တော်သမ္မာကျမ်းစာမှတစ်ဆင့်ကိုယ်တော်အားပေးထားသည်။ ကိုယ်တော်သည်အစဉ်အမြဲအဆင်သင့်ရှိတော်မူပြီး သူတို့၏နက်နဲသည့်စိုးရိမ်ပူပမ်မှုများကိုကြားနာရန် အလိုရှိတော်မူသည်။ အမှန်မူ “သူတို့ကိုစွဲစွဲမြဲမြဲဆုတောင်းရန်”၊ “မခြားမလပ်ဆုတောင်းရန်”a ကိုယ်တော်တိုက်တွန်းတော်မူသည်။ (ရောမ ၁၂:၁၂။ ၁ သက်သာလောနိတ် ၅:၁၇) ယေဟောဝါ၏အလိုတော်မှာ ခရစ်ယာန်အားလုံးကိုယ်တော်အား ဆုတောင်းခြင်းဖြင့်အစဉ်အမြဲတ,ရန်၊ မိမိတို့၏နှလုံးကို ကိုယ်တော်ရှေ့ဖွင့်ပြရန်၊ ချစ်တော်မူသောသားတော်ယေရှုခရစ်အားဖြင့်ထိုသို့ပြုကြရန်တည်း။—ယောဟန် ၁၄:၆၊ ၁၃၊ ၁၄။
၂၊ ၃။ (က) “ဆုတောင်းခြင်းတွင်စွဲမြဲ” ရန်အဘယ်ကြောင့်ကျွန်ုပ်တို့ကို ဘုရားသခင်တိုက်တွန်းသနည်း။ (ခ) ဘုရားသခင်သည် ကျွန်ုပ်တို့အားဆုတောင်းစေလိုကြောင်း မည်သည့်အာမခံချက်ရှိသနည်း။
၂ ယေဟောဝါသည်ကျွန်ုပ်တို့အား အဘယ်ကြောင့်ဤသို့သတိပေးနှိုးဆော်တော်မူသနည်း။ အကြောင်းမှာ ဘဝဖိစီးမှုနှင့်တာဝန်များသည် ကျွန်ုပ်တို့ဆုတောင်းရန်မေ့လျော့သည့်တိုင် ဝန်ပိစေနိုင်သောကြောင့်ဖြစ်သည်။ သို့မဟုတ် ပြဿနာများကကျွန်ုပ်တို့ကိုကမောက်ကမဖြစ်စေပြီး၊ ကျွန်ုပ်တို့၏မျှော်လင့်ချက်၌ဝမ်းမမြောက်နိုင်တော့ဘဲ ဆုတောင်းခြင်းရပ်ဆိုင်းသွားစေနိုင်သောကြောင့်ဖြစ်သည်။ ဤအကြောင်းများကြောင့် ကျွန်ုပ်တို့သည် အထောက်အမနှင့်နှစ်သိမ့်မှု၏အရင်းအမြစ်ဖြစ်တော်မူသော ကျွန်ုပ်တို့၏ဘုရားသခင်ယေဟောဝါထံဆုတောင်းပြီး ကိုယ်တော်နှင့်အလွန်နီးနီးကပ်ကပ်နေရန် ကျွန်ုပ်တို့သတိပေးခံရဖို့လိုသည်။
၃ တပည့်တော်ယာကုပ်က “ဘုရားသခင်ထံ၌ချဉ်းကပ်ကြလော့။ သို့ပြုလျှင်သင်တို့၌ချဉ်းကပ်တော်မူလိမ့်မည်။” (ယာကုပ် ၄:၈) မှန်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့မစုံလင်သည့်ကြားမှထုတ်ဖော်တင်ပြချက်တို့ကိုမကြားနိုင်လောက်အောင် ဘဝင်မြင့်ခြင်း၊ သို့မဟုတ် အလွန်ကွာဝေးခြင်းရှိတော်မမူ။ (တမန်တော် ၁၇:၂၇) ထို့အပြင်ကိုယ်တော်သည် ဂရုမစိုက်၍မထောက်စာတတ်သောသူမဟုတ်ပါ။ ဆာလံဆရာက “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည် ဖြောင့်မတ်သောသူတို့ကိုကြည့်ရှုတော်မူ၏။ သူတို့၏အော်ဟစ်သံကိုလည်းနားထောင်တော်မူ၏” ဟုပြောသည်။—ဆာလံ ၃၄:၁၅။ ၁ ပေတရု ၃:၁၂။
၄။ ဆုတောင်းခြင်းကို ယေဟောဝါအာရုံစိုက်ကြောင်း မည်သို့ဥပမာပေးနိုင်သနည်း။
၄ ယေဟောဝါသည် မိမိထံဆုတောင်းရန်မျှော်လင့်တော်မူသည်။ ယင်းကို လူများစွာစကားပြောနေသည့်အစုအဝေးတစ်ခုနှင့်နှိုင်းယှဉ်နိုင်သည်။ ထိုတွင်သင်ရှိနေပြီး အခြားသူများပြောနေသည်ကိုသင်နားထောင်နေရမည်။ သင့်ကဏ္ဍမှာစောင့်ကြည့်နေရန်ဖြစ်သည်။ သို့သော် တစ်ဦးတစ်ယောက်ကသင့်ထံလှည့်လာပြီး သင့်အမည်ခေါ်ကာသင့်ထံစကားလမ်းကြောင်းပြောင်းလာမည်။ ယင်းက သင်အထူးအာရုံစိုက်ရန်ဖြစ်စေသည်။ ထိုနည်းတူစွာ ဘုရားသခင်သည် မိမိလူမျိုးတော်များမည်သည့်အရပ်၌ရှိစေကာမူ အာရုံစူးစိုက်တော်မူသည်။ (၂ ရာဇဝင်ချုပ် ၁၆:၉။ သု၊ ၁၅:၃) ထို့ကြောင့် ကိုယ်တော်သည် ကျွန်ုပ်တို့၏စကားများကိုကြားတော်မူပြီး၊ ကျွန်ုပ်တို့အားဖေးဖေးမမနှင့်စိတ်ဝင်တစားစောင့်ကြည့်တော်မူသည်။ ဆုတောင်းခြင်း၌ဘုရားသခင်၏နာမကိုကျွန်ုပ်တို့ခေါ်သောအခါ ကိုယ်တော်သည်ကျွန်ုပ်တို့ထံလုံးဝဥဿုံအာရုံစူးစိုက်တော်မူသည်။ လူသားတို့၏အတွင်းနက်ရှိုင်းရာထဲမှထွက်ပေါ်လာသည့် အသံတိတ်အသနားခံချက်များကိုပင် ယေဟောဝါသည်တန်ခိုးတော်အားဖြင့်သိရှိနားလည်တော်မူသည်။ စိတ်ရင်းမှန်ဖြင့်ဘုရားနာမတော်ကိုခေါ်ပြီး ကိုယ်တော့်ထံနီးကပ်စွာချဉ်းကပ်လိုသူတိုင်းထံသို့ ကိုယ်တော်ချဉ်းကပ်တော်မူမည်အကြောင်း ကျွန်ုပ်တို့အားစိတ်ချစေတော်မူသည်။—ဆာလံ ၁၄၅:၁၈။
ဘုရားသခင့်ရည်ရွယ်တော်မူချက်နှင့်အညီတုံ့ပြန်ခြင်း
၅။ (က) “ဆုတောင်းခြင်းတွင်စွဲမြဲ” ရန်အကြံပြုချက်သည် ကျွန်ုပ်တို့ဆုတောင်းချက်များနှင့်စပ်လျဉ်း၍ ဘာကိုညွှန်ပြသနည်း။ (ခ) ဆုတောင်းချက်များကို ဘုရားသခင်မည်သို့ဖြေကြားသနည်း။
၅ စွဲစွဲမြဲမြဲဆုတောင်းရန်သွန်သင်ချက်သည် တစ်ခါတစ်ရံအကြောင်းကိစ္စတစ်ခုကိုဘုရားသခင်အဖြေမပေးမီ ကျွန်ုပ်တို့ခဏတစ်ဖြုတ်ဆက်ဆုတောင်းနေရန်ခွင့်ပြုခြင်းဖြစ်ကြောင်းညွှန်ပြသည်။ ကျွန်ုပ်တို့အလွန်လိုအပ်နေပုံရှိသည့်ဘုရားသခင့်မျက်နှာသာတော်၊ သို့မဟုတ် ချစ်ခင်ကြင်နာမှုကို ကြာမြင့်စွာဆိုင်းငံ့ထားခြင်းခံရသည့်အသွင်ရှိလျှင် ကျွန်ုပ်တို့တိုးလျှိုးတောင်းပန်ခြင်း၌လက်ပန်းကျလိုလာသည်။ ထို့ကြောင့် ကျွန်ုပ်တို့ထိုကဲ့သို့ယိမ်းယိုင်မသွားဘဲ ဆက်၍သာဆုတောင်းနေရန် ဘုရားသခင်အပူတပြင်းတိုက်တွန်းနေခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏စိုးရိမ်ပူပန်မှုများအတွက် ကိုယ်တော်အားဆက်၍တိုးလျှိုးအသနားခံသင့်သည်။ ကျွန်ုပ်တို့၏ဆုတောင်းချက်ကို ကိုယ်တော်အလေးတယူရှိတော်မူပြီး ကျွန်ုပ်တို့၏အမှန်လိုအပ်ရာကို ကျွန်ုပ်တို့တွေးထင်သည့်နည်းအတိုင်းမဟုတ်ဘဲ ကိုယ်တော်ဖြည့်စွက်တော်မူမည်ဖြစ်ကြောင်း ယုံကြည်စိတ်ချနိုင်သည်။ ယေဟောဝါဘုရားသခင်သည် ကျွန်ုပ်တို့၏တိုးလျှိုးတောင်းပန်မှုများကို မိမိ၏ရည်ရွယ်ချက်နှင့်အညီချိန်ညှိတော်မူကြောင်းသံသယဖြစ်ဖို့မလိုပါ။ ဥပမာအားဖြင့် ကျွန်ုပ်တို့၏တောင်းလျှောက်ချက်သည် အခြားသူတို့အားထိခိုက်နိုင်သည်။ ယင်းကို သားကစက်ဘီးတစ်စင်းတောင်းဆိုသောဖခင်နှင့် နှိုင်းယှဉ်နိုင်သည်။ ထိုသားကိုစက်ဘီးတစ်စင်းဝယ်ပေးပါက အခြားသားကလည်းလိုချင်လာမည်ကိုဖခင်သိသည်။ သားတစ်ယောက်သည်စက်ဘီးစီးရန်အလွန်ငယ်သေးရကား ထိုအချိန်မျိုးတွင်မည်သူ့ကိုမျှစက်ဘီးမဝယ်ပေးရန်ဖခင်ဆုံးဖြတ်ပေမည်။ ထိုသဘောအတိုင်းပင် ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်သည် မိမိ၏ရည်ရွယ်ချက်နှင့်အချိန်သတ်မှတ်ချက်များနှင့်အညီ ကျွန်ုပ်တို့အတွက်ကောအခြားသူများအတွက်ပါ အမှန်အကောင်းဆုံးဖြစ်အောင်စီရင်တော်မူသည်။—ဆာလံ ၈၄:၈၊ ၁၁။ ဟဗက္ကုတ် ၂:၃ နှိုင်းယှဉ်။
၆။ ဆုတောင်းခြင်းနှင့်ပတ်သက်၍ ယေရှုအဘယ်ပုံဥမာပေးသနည်း။ စွဲမြဲစွာဆုတောင်းခြင်းသည် ဘာကိုတင်ပြသနည်း။
၆ မှတ်သားဖွယ်ကား မိမိတပည့်တော်များ “အားမလျော့ဘဲကြိုးစားဆုတောင်းရန်” လိုအပ်ပုံနှင့်ပတ်သက်၍ ယေရှုပေးသည့်ဥပမာဖြစ်သည်။ တရားမနိုင်နိုင်သောမုဆိုးမတစ်ယောက်သည် လူသားတရားသူကြီးတစ်ယောက်အား တရားနိုင်ခွင့်ရသည်အထိစွဲစွဲမြဲမြဲတောင်းဆိုခဲ့သည်။ ယေရှုဤသို့ဆက်ပြောသည်။ ‘ဘုရားသခင်သည် ရွေးကောက်တော်မူသောသူတို့ဖက်၌တရားမစီရင်ဘဲနေတော်မူမည်လော။’ (လုကာ ၁၈:၁-၇) စွဲစွဲမြဲမြဲဆုတောင်းခြင်းသည် ကျွန်ုပ်တို့၏ယုံကြည်ခြင်း၊ ယေဟောဝါကိုအားထားခြင်း၊ ကိုယ်တော်နှင့်နီးနီးကပ်ကပ်နေလိုပြီးတိုးလျှိုးအသနားခံခြင်း၊ ပြည့်စုံရန်ကိုယ်တော့်ထံပုံအပ်ထားခြင်းတို့ကိုတင်ပြရာရောက်သည်။—ဟေဗြဲ ၁၁:၆။
ယေဟောဝါနှင့်နီးကပ်စွာနေခြင်းပုံဥပမာများ
၇။ ယေဟောဝါနှင့်နီးကပ်စွာနေခြင်းဖြင့် ယုံကြည်ခြင်းတင်ပြသောအာဗေလကို ကျွန်ုပ်တို့မည်သို့တုပနိုင်သနည်း။
၇ ကျမ်းစာတွင် ဘုရားသခင့်ကျေးကျွန်တို့၏ဆုပတ္ထနာမှတ်တမ်းများအလျှံပယ်ရှိသည်။ ကျွန်ုပ်တို့ “သည်းခံခြင်း၊ သက်သာခြင်းအကြောင်းများကိုအမှီပြု၍မျှော်လင့်ရသောအခွင့်ရှိစေခြင်းငှာ” ယင်းတို့ကိုရေးထားခြင်းဖြစ်သည်။ (ရောမ ၁၅:၄) ယေဟောဝါနှင့်နီးကပ်စွာနေခဲ့သူတို့၏ပုံသက်သေအချို့ကိုဆင်ခြင်ခြင်းဖြင့် ကျွန်ုပ်တို့၏မျှော်လင့်ခြင်းပိုမိုခိုင်ခန့်လာသည်။ အာဗေလသည် ဘုရားသခင်နှစ်သက်သောယဇ်ကိုပူဇော်ခဲ့သည်။ သူဆုတောင်းခဲ့ကြောင်းမှတ်တမ်းမရှိသော်လည်း သူ၏ပူဇော်သက္ကာကိုဘုရားသခင်လက်ခံရန်အသနားခံခဲ့မည်မှာမလွဲပေ။ ဟေဗြဲ ၁၁:၄ တွင် “အာဗေလသည် ကာဣနပူဇော်သောယဇ်ထက်သာ၍မြတ်သောယဇ်ကို ယုံကြည်ခြင်းအားဖြင့်ပူဇော်၏” ဟုဖော်ပြထားသည်။ ကမ္ဘာဦး ၃:၁၅ ပါဘုရားသခင့်ကတိတော်ကိုအာဗေလသိထားခဲ့သည်။ သို့သော် ယနေ့ကျွန်ုပ်တို့သိသည့်အရာနှင့်ယှဉ်လိုက်လျှင် သူသိထားရာများသည် ဘာမျှမဟုတ်ပါ။ သို့သော်၊ အာဗေလသည် သိသရွေ့ကိုကျင့်ခဲ့သည်။ ထို့ကြောင့် ဘုရားသခင့်သမ္မာတရားကိုစိတ်ဝင်စားခါစလူသစ်အချို့သည် အာဗေလကဲ့သို့ပင်အသိပညာများစွာမရှိသေးသော်လည်း ဆုတောင်းခြင်းဖြင့်သိသမျှကိုလုပ်ဆောင်ကြသည်။ မှန်ပါသည်၊ ယုံကြည်ခြင်းဖြင့်သူတို့ကျင့်ဆောင်ကြခြင်းဖြစ်သည်။
၈။ အာဗြဟံသည် ယေဟောဝါနှင့်နီးနီးကပ်ကပ်နေကြောင်း ကျွန်ုပ်တို့မည်သို့အတပ်ပြောနိုင်သနည်း။ မိမိကိုယ်ကိုမည်သို့မေးနိုင်သနည်း။
၈ ဘုရားသခင့်သစ္စာရှိကျေးကျွန်တစ်ဦးမှာ “ယုံကြည်ခြင်းလမ်းသို့လိုက်သောသူတို့၏အဘ” အာဗြဟံဖြစ်သည်။ (ရောမ ၄:၁၁) ယနေ့ကျွန်ုပ်တို့သည် အာဗြဟံကဲ့သို့ပင် ယုံကြည်ခြင်းသန်မာဖို့၊ ယုံကြည်စွာဆုတောင်းဖို့ ခါတိုင်းထက်ပို၍လိုအပ်နေသည်။ ကမ္ဘာဦး ၁၂:၈က “သူသည် ထာဝရဘုရား [ယေဟောဝါ၊ ကဘ ] အဖို့ယဇ်ပလ္လင်ကိုတည်ပြီးလျှင် ထာဝရဘုရား [ယေဟောဝါ၊ ကဘ ] ၏နာမတော်ကိုပတ္ထနာပြုလေ၏” ဟုဖော်ပြထားသည်။ ဘုရားသခင့်နာမတော်ကိုအာဗြဟံသိခဲ့ပြီး ဆုတောင်းရာတွင်ထည့်သုံးခဲ့သည်။ မကြာခဏ “အစဉ်အမြဲတည်တော်မူသောဘုရားသခင်[ယေဟောဝါ၊ ကဘ] နာမကို” ပတ္ထနာပြုခဲ့သည်။ (ကမ္ဘာဦး ၁၃:၄။ ၂၁:၃၃) အာဗြဟံသည် နောင်တွင်ချီးမွမ်းခံရလောက်သည့်ယုံကြည်ခြင်းအားဖြင့် ဘုရားသခင့်နာမတော်ကိုတ,ခဲ့သည်။ (ဟေဗြဲ ၁၁:၁၇-၁၉) နိုင်ငံတော်မျှော်လင့်ချက်တွင်ဆက်၍ဝမ်းမြောက်နေရန်ဆုတောင်းခြင်းက အာဗြဟံအားအကူအညီဖြစ်စေခဲ့သည်။ ဆုတောင်းခြင်းတွင်စွဲမြဲသည့်အာဗြဟံ၏ပုံသက်သေကိုကျွန်ုပ်တို့လိုက်လျှောက်နေကြသလော။
၉။ (က) ဒါဝိဒ်၏ဆုတောင်းချက်သည် ယနေ့ဘုရားလူမျိုးတော်အတွက် အဘယ်ကြောင့်အလွန်အကျိုးရှိသနည်း။ (ခ) ယေဟောဝါနှင့်နီးကပ်ရန် ဒါဝိဒ်ဆုတောင်းသကဲ့သို့ ကျွန်ုပ်တို့ဆုတောင်းလျှင် မည်သည့်အကျိုးရနိုင်သနည်း။
၉ ဒါဝိဒ်သည်စွဲစွဲမြဲမြဲဆုတောင်းရာတွင်ထင်ရှားသူတစ်ဦးဖြစ်သည်။ သူ၏ဆာလံကျမ်းများက မည်သို့ဆုတောင်းသင့်ကြောင်းသရုပ်ပေါ်သည်။ ဥပမာအားဖြင့်ဘုရားသခင့်ကျေးကျွန်များသည် ကယ်တင်ခြင်း သို့မဟုတ် လွတ်မြောက်ခြင်း (၃:၇၊ ၈။ ၆၀:၅)၊ လမ်းညွှန်မှု (၂၅:၄၊ ၅)၊ ကာကွယ်မှု (၁၇:၈)၊ အပြစ်များကိုခွင့်လွှတ်ခြင်း (၂၅:၇၊ ၁၁၊ ၁၈)၊ စင်ကြယ်သောနှလုံး (၅၁:၁၀) စသည်တို့အတွက်လျောက်ပတ်စွာဆုတောင်းနိုင်သည်။ ဒါဝိဒ်သည်ဒုက္ခဆင်းရဲရောက်သောအခါ “ကိုယ်တော်၏ကျွန်သည်ဝမ်းမြောက်မည်အကြောင်းပြုတော်မူပါ” ဟုဆုတောင်းခဲ့သည်။ (၈၆:၄) ကျွန်ုပ်တို့၏မျှော်လင့်ချက်တွင်ဝမ်းမြောက်နေရန် ယေဟောဝါလိုလားတော်မူသည်ကိုသိခြင်းဖြင့် ရွှင်လန်းသည့်နှလုံးရှိရန်အလားတူဆုတောင်းသင့်သည်။ ဒါဝိဒ်သည် ယေဟောဝါနှင့်နီးနီးကပ်ကပ်နေခဲ့ပြီး “အကျွန်ုပ်၏ဝိညာဉ်သည်ကိုယ်တော်၌မှီဝဲ၍ လက်ယာလက်တော်သည် အကျွန်ုပ်ကိုထောက်မတော်မူ၏” ဟုဆုတောင်းခဲ့သည်။ (၆၃:၈) ဒါဝိဒ်ကဲ့သို့သင်ယေဟောဝါနှင့်နီးနီးကပ်ကပ်နေမည်လော။ နေလျှင် ဒါဝိဒ်ကဲ့သို့ပင်ကိုယ်တော် ထောက်မတော်မူလိမ့်မည်။
၁၀။ ဆာလံဆရာအာသပ်သည်တစ်ချိန်တွင် မည်သည့်မှားယွင်းသောအတွေးရှိခဲ့သနည်း။ သို့သော်သူမည်သို့သိမြင်လာသနည်း။
၁၀ ယေဟောဝါနှင့်နီးကပ်စွာနေလိုပါက လူဆိုးများအားမနာလိုခြင်းကိုရှောင်ရမည်။ အကြောင်းမှာ သူတို့၏ဘဝသည်သတိမဲ့ပြီးရုပ်ပစ္စည်းများပေါ်တွင်သာပဓာနပြုထားသောကြောင့်ဖြစ်သည်။ တစ်ခါကဆာလံဆရာအာသပ်သည် ယေဟောဝါကိုဝတ်ပြုခြင်း၌အကျိုးမရှိဟုခံစားခဲ့ရသည်။ အကြောင်းမှာ လူဆိုးများသည် “အစဉ်ကောင်းစား” နေကြသောကြောင့်ဖြစ်သည်။ သို့တစေ သူ့တွေးခေါ်ပုံသည်မှားကြောင်း၊ လူဆိုးများသည် ‘အခြေမခိုင်မာကြောင်း’ သူစဉ်းစားမိသည်။ ယေဟောဝါနှင့်နီးနီးကပ်ကပ်နေခြင်းသည် အကောင်းဆုံးဖြစ်ကြောင်းသူသိရှိလာပြီး ဘုရားသခင်ထံမိမိကိုယ်ကိုဤသို့ဖော်ပြခဲ့သည်။ “အကျွန်ုပ်သည်ကိုယ်တော်ထံမှာအစဉ်ရှိ၍ အကျွန်ုပ်၏လက်ယာလက်ကိုဆွဲကိုင်တော်မူ၏။ အကယ်စင်စစ် ကိုယ်တော်နှင့်ဝေးဝေးနေသောသူတို့သည် ပျက်စီးခြင်းသို့ရောက်ရကြပါ၏။ . . . အကျွန်ုပ်မူကား ဘုရားသခင်ထံတော်သို့ချဉ်းကပ်၍ အကျိုးရှိပါ၏။ အမှုတော်ရှိသမျှတို့ကိုကြားပြောစေခြင်းအလို့ငှာ အရှင်ထာဝရဘုရား [ယေဟောဝါ၊ ကဘ ] ၌ခိုလှုံလျက်နေပါ၏။” (ဆာလံ ၇၃:၁၂၊ ၁၃၊ ၁၈၊ ၂၃၊ ၂၇၊ ၂၈) မျှော်လင့်ချက်မရှိသောလူဆိုးတို့၏ သတိမဲ့အသက်တာကိုအားကျမည့်အစား အာသပ်ကိုတုပသောအားဖြင့် ယေဟောဝါနှင့်နီးနီးကပ်ကပ်နေကြပါစို့။
၁၁။ ဒံယေလသည် ယေဟောဝါနှင့်လက်ပွန်းတတီးနေခြင်းတွင် အဘယ်ကြောင့်ပုံသက်သေကောင်းဖြစ်သနည်း။ကျွန်ုပ်တို့မည်သို့ တုပနိုင်သနည်း။
၁၁ ဆုတောင်းခြင်းကိုပိတ်ပင်သည့်ဥပဒေကိုချိုးဖောက်က ခြင်္သေ့တွင်းထဲချခြင်းခံရမည့်အန္တရာယ်ရှိလျက်ပင် ဒံယေလသည် သန္နိဌာန်ချ၍စွဲစွဲမြဲမြဲဆုတောင်းခဲ့သည်။ သို့သော်ယေဟောဝါသည် “ကောင်းကင်တမန်ကိုစေလွှတ်၍ ခြင်္သေ့နှုတ်ကိုပိတ်ထားတော်မူ” ခြင်းဖြင့် ဒံယေလကိုကယ်တင်ခဲ့သည်။ (ဒံယေလ ၆:၇-၁၀၊ ၂၂၊ ၂၇) ကျွန်ုပ်တို့လည်း အထူးသဖြင့် ဘုရားသခင့်နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းတွင် ဆန့်ကျင်ခံရသည့်အခါ စွဲစွဲမြဲမြဲဆုတောင်းသလော။
ကျွန်ုပ်တို့အတွက်ပုံသက်သေယေရှု
၁၂။ (က) ယေရှုသည်မိမိ၏ဓမ္မအမှုစတင်သောအခါ ဆုတောင်းခြင်းဆိုင်ရာမည်သည့်ပုံသက်သေချမှတ်ခဲ့သနည်း။ ယင်းကခရစ်ယာန်များကို မည်သို့အကျိုးဖြစ်စေသနည်း။ (ခ) ယေရှု၏စံပြဆုပတ္ထနာက ဆုတောင်းခြင်းနှင့်ပတ်သက်၍ ဘာကိုတင်ပြသနည်း။
၁၂ မြေကြီးဓမ္မအမှုစတင်ကတည်းက ယေရှုဆုတောင်းလာခဲ့သည်။ ကိုယ်တော်နှစ်ခြင်းခံစဉ် ဆုတောင်းသည့်သဘောထားသည် ယနေ့ရေနှစ်ခြင်းခံသူများအတွက် ကောင်းသောပုံသက်သေဖြစ်သည်။ (လုကာ ၃:၂၁၊ ၂၂) ရေနှစ်ခြင်းဖြင့်အမှတ်သညာပြုသည့်လုပ်ငန်းပြီးမြောက်လုပ်ဆောင်နိုင်ရန် ဘုရားသခင်ထံဆုတောင်းနိုင်သည်။ ယေဟောဝါထံ ဆုတောင်းခြင်းဖြင့်ချဉ်းကပ်ရန်ကိုလည်း လူများအားယေရှုသင်ပေးခဲ့သည်။ တစ်ချိန်တွင် တစ်နေရာ၌ယေရှုဆုတောင်းပြီးနောက်ပိုင်း တပည့်တော်တစ်ဦးကကိုယ်တော်အား “သခင်၊ မည်သို့ဆုတောင်းရမည်ကိုကျွန်ုပ်တို့အားသင်ပေးတော်မူပါ” ဟုပြောခဲ့သည်။ ဘုရားသခင့်နာမတော်နှင့် ရည်ရွယ်တော်မူချက်များကိုဦးစားပေးရမည့်အကြောင်းများပါဝင်သော၊ စံပြဆုပတ္ထနာဟုထင်ရှားသည့်ဆုတောင်းချက်ကို ယေရှုပြန်ပြောပြတော်မူခဲ့သည်။ (လုကာ ၁၁:၁-၄) ထို့ကြောင့် ကျွန်ုပ်တို့ဆုတောင်းရာတွင် အကြောင်းကြောင်းကိုထောက်၍မျှမျှတတရှိရမည်။ ‘သာ၍အရေးကြီးသောအရာများ’ ကိုလျစ်လျူမရှုရပါ။ (ဖိလိပ္ပိ ၁:၉၊ ၁၀) အထူးလိုအပ်ချက်၊ သို့မဟုတ် ပြဿနာကိုတိတိကျကျတင်ပြရမည့် အချိန်ရှိသည်မှာမှန်ပါသည်။ ယေရှုကဲ့သို့ပင် ခရစ်ယာန်များလည်း တာဝန်တစ်ခုခုကိုပြီးမြောက်နိုင်ရန်ခွန်အားနှင့် စုံစမ်းခြင်း သို့မဟုတ် ဘေးအန္တရာယ်တစ်ခုခုကိုရင်ဆိုင်နိုင်ရန်တို့အတွက်ဘုရားသခင်အထံတော်တွင်ချဉ်းကပ်ဆုတောင်းနိုင်သည်။ (မဿဲ ၂၆:၃၆-၄၄) အမှန်မှာ ကိုယ်ပိုင်ဆုတောင်းခြင်းသည် ဘဝကဏ္ဍအသီးသီးတွင်ပါဝင်သင့်သည်။
၁၃။ တစ်ပါးသူအတွက်ဆုတောင်းပေးရန် အရေးကြီးကြောင်းယေရှုမည်သို့ ဖော်ပြခဲ့သနည်း။
၁၃ သူတစ်ပါးအတွက်ဆုတောင်းပေးရန်အရေးကြီးပုံကို ယေရှုသည်မိမိပုံသက်သေအားဖြင့်တင်ပြခဲ့သည်။ မိမိကဲ့သို့ပင် တပည့်တော်များလည်း မုန်းတီးခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်းခံရမည်ကို ကိုယ်တော်သိတော်မူသည်။ (ယောဟန် ၁၅:၁၈-၂၀၊ ၁ ပေတရု ၅:၉)ထို့ကြောင့်သူတို့ “မကောင်းသောအမှုအရာနှင့်ကင်းလွတ်စေခြင်းငှာစောင်မတော်မူမည့်အကြောင်း” ကိုယ်တော်အသနားခံဆုတောင်းခဲ့သည်။ (ယောဟန် ၁၇:၉၊ ၁၁၊ ၁၅၊၂၀) ပေတရုရင်ဆိုင်ရမည့်အထူးစုံစမ်းခြင်းနှင့်ပတ်သက်၍ သူ့အားကိုယ်တော်ဤသို့မိန့်တော်မူသည်။ “သင်သည် ယုံကြည်သောစိတ်မပျက်စေခြင်းငှာ ငါသည်သင့်အဖို့ဆုတောင်းလေပြီ။” (လုကာ ၂၂:၃၂) ကျွန်ုပ်တို့လည်း မိမိတို့၏ပြဿနာနှင့်အရေးကိစ္စများအတွက်သာမက အခြားညီအစ်ကိုများအတွက်ပါထည့်စဉ်းစားပြီး သူတို့အတွက်စွဲစွဲမြဲမြဲဆုတောင်းပေးလျှင် မည်မျှအကျိုးရှိမည်တကား။—ဖိလိပ္ပိ ၂:၄။ ကောလောသဲ ၁:၉၊ ၁၀။
၁၄။ ယေရှုသည်မြေကြီးဆိုင်ရာဓမ္မအမှုဆောင်စဉ် ယေဟောဝါနှင့်အလွန်လက်ပွန်းတတီးရှိခဲ့ကြောင်း ကျွန်ုပ်တို့မည်သို့သိရသနည်း။ သူ့ကိုကျွန်ုပ်တို့မည်သို့တုပနိုင်သနည်း။
၁၄ ယေရှု၏ဓမ္မအမှုဆောင်သက်တမ်းတစ်လျှောက်တွင် ကိုယ်တော်သည် စွဲစွဲမြဲမြဲဆုတောင်းခြင်းအားဖြင့် ယေဟောဝါနှင့်နီးနီးကပ်ကပ်နေခဲ့သည်။ (ဟေဗြဲ ၅:၇-၁၀) တမန်တော် ၂:၂၅-၂၈တွင် တမန်တော်ပေတရုသည် ဆာလံ ၁၆:၈ ပါစကားကိုကိုးကားပြီး သခင်ယေရှုကိုဤသို့ရည်ညွှန်းခဲ့သည်။ “ထိုသူကိုအကြောင်းပြုလျက် ဒါဝိဒ်မင်းက၊ ‘ငါသည် ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုအစဉ်မပြတ်မျက်မှောက်ပြု၏။ အကြောင်းမူကား၊ ငါ့လက်ယာဖက်၌တည်ရှိတော်မူသည်ဖြစ်၍ ငါသည်လှုပ်ရှားခြင်းမရှိရ။’” ကျွန်ုပ်တို့လည်း ထိုနည်းတူပြုနိုင်သည်။ ကျွန်ုပ်တို့အနားတွင်ကိုယ်တော်ရှိရန် ဆုတောင်းနိုင်သည်။ ကျွန်ုပ်တို့သည်ယေဟောဝါအား အစဉ်မျက်မှောက်ပြုခြင်းဖြင့် ကိုယ်တော်အပေါ်မိမိတို့၏ ယုံကြည်စိတ်ချမှုကိုတင်ပြနိုင်သည်။ (ဆာလံ ၁၁၀:၅။ ဟေရှာယ ၄၁:၁၀၊ ၁၃ နှိုင်းယှဉ်) ထိုအခါ ဘေးဒုက္ခအပေါင်းကိုရှောင်ရှားနိုင်ရန် ယေဟောဝါကျွန်ုပ်တို့ကိုထောက်မပါလိမ့်မည်။ ဘယ်တော့မျှ ကျွန်ုပ်တို့မယိမ်းယိုင်ကြရပါ။
၁၅။ (က) မည်သည့်ကိစ္စနှင့်ပတ်သက်၍ စွဲစွဲမြဲမြဲဆုတောင်းရန် ကျွန်ုပ်တို့မပျက်ကွက်သင့်သနည်း။ (ခ) ကျွန်ုပ်တို့၏ကျေးဇူးသိတတ်သောစိတ်နှင့် ပတ်သက်၍အဘယ်သတိပြုစရာရှိသနည်း။
၁၅ ကျွန်ုပ်တို့အပြစ်အတွက် ရွေးဖိုးပူဇော်သက္ကာအဖြစ် သားတော်ကိုပေးဆက်ခြင်းအပါအဝင် ပြုတော်မူသည့်ကောင်းမြတ်ခြင်းများ၊ “ထူးမြတ်သောဘုရားသခင့်ဆုကျေးဇူးတော်” များအတွက် ယေဟောဝါကိုကျေးဇူးတင်ကြောင်းဖော်ပြရန် ဘယ်တော့မျှမပျက်ကွက်သင့်ပါ။ (၂ ကောရိန္သု ၉:၁၄၊ ၁၅။ မာကု ၁၀:၄၅။ ယောဟန် ၃:၁၆။ ရောမ ၈:၃၂။ ၁ ယောဟန် ၄:၉၊ ၁၀) ယေရှုနာမတော်အားဖြင့် “ကျွန်ုပ်တို့၏ဘုရားသခင်နှင့်ခမည်းတော်ကို အရာခပ်သိမ်းအတွက် အစဉ်ကျေးဇူးတော်ချီးမွမ်းကြစို့။” (ဧဖက် ၅:၁၉၊ ၂၀။ ကောလောသဲ ၄:၂။ ၁ သက်သာလောနိတ် ၅:၁၈) ကျွန်ုပ်တို့၏လိုအပ်ရာများ သို့မဟုတ် ပြဿနာများကို အာရုံစိုက်လွန်းခြင်းကြောင့်၊ ကျွန်ုပ်တို့၌ရှိသည့်အရာအတွက် ကျေးဇူးသိတတ်သောစိတ်မှေးမှိန်မသွားစေရန် သတိပြုရမည်။
သင့်ဝန်ထုပ်များကိုယေဟောဝါထံအပ်နှံထားပါ
၁၆။ ဝန်ထုပ်ဝန်ပိုးများအားဖြင့်ဒုက္ခရောက်လျှင် ကျွန်ုပ်တို့ဘာလုပ်သင့်သနည်း။
၁၆ စွဲမြဲစွာဆုတောင်းခြင်းသည် ကျွန်ုပ်တို့၏ဆက်ကပ်အပ်နှံမှုလေးနက်ကြောင်းတင်ပြသည်။ ဘုရားသခင်ကိုကျွန်ုပ်တို့တောင်းလျှောက်သည့်အခါ ကိုယ်တော့်ထံမှအဖြေမရမီကတည်းက ကျွန်ုပ်တို့ကောင်းကျိုးခံစားကြရသည်။ အချို့ဝန်ထုပ်ဝန်ပိုးများသည် ကျွန်ုပ်တို့စိတ်ကိုနှောင့်ယှက်လျှင် အောက်ပါအကြံပေးချက်အတိုင်းလိုက်နာခြင်းဖြင့် ယေဟောဝါနှင့်နီးနီးကပ်ကပ်နေနိုင်သည်။ “ထမ်းရွက်ရသောဝန်ကို ထာဝရဘုရား [ယေဟောဝါ၊ ကဘ ] ၌ချထားလော့။ သင့်ကိုမစတော်မူမည်။” (ဆာလံ ၅၅:၂၂) ကျွန်ုပ်တို့၏ဝန်ထုပ်များဖြစ်သော စိုးရိမ်ပူပန်မှု၊ စိတ်ပျက်အားငယ်မှု၊ ကြောက်ရွံ့မှုစသည်တို့ကို ဘုရားသခင်ထံတွင် ယုံကြည်စိတ်ချစွာအပ်နှံထားပါက “အဘယ်သူမျှကြံ၍မမှီနိုင်သောဘုရားသခင်၏ငြိမ်သက်မှု” ဖြစ်သည့်စိတ်နှလုံးငြိမ်းအေးခြင်းကို ကျွန်ုပ်တို့ရရှိမည်။—ဖိလိပ္ပိ ၄:၄၊ ၇။ ဆာလံ ၆၈:၁၉။ မာကု ၁၁:၂၄။ ၁ ပေတရု ၅:၇။
၁၇။ ဘုရားသခင့်ငြိမ်သက်ခြင်းကို ကျွန်ုပ်တို့မည်သို့ရယူနိုင်သနည်း။
၁၇ ဘုရားသခင်ထံမှငြိမ်သက်ခြင်းသည် ချက်ချင်းရောက်လာတတ်သလော။ လောလောဆယ်ကျွန်ုပ်တို့အတန်အရာသက်သာမှုရသော်လည်း ယေရှုပြောသောသန့်ရှင်းသောဝိညာဉ်တော်ရရန်ဆုတောင်းခြင်းသည်လည်း ဤနေရာတွင်အကျုံးဝင်သည်။ “ဆက်သာတောင်းနေ၊ တောင်းလျှင်ရမည်။ ဆက်သာရှာနေ၊ ရှာလျှင်တွေ့မည်။ ဆက်သာခေါက်နေ၊ ခေါက်လျှင်ပွင့်မည်။” (လုကာ ၁၁:၉-၁၃။ ကဘ ) သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့၏စိုးရိမ်ကြောင့်ကြမှုများကို ဖယ်ထုတ်ပစ်နိုင်သောကြောင့် ကျွန်ုပ်တို့၏ဝန်ထုပ်များအတွက် ဘုရားသခင်ထံမှငြိမ်သက်ခြင်းနှင့်အကူအညီကို စွဲစွဲမြဲမြဲတောင်းလျှောက်သင့်သည်။ မခြားမလပ်ဆုတောင်းခြင်းအားဖြင့် အလိုဆန္ဒနှင့်နှလုံးသားအေးငြိမ်းမှုကို ကျွန်ုပ်တို့ရရန်စိတ်ချနိုင်သည်။
၁၈။ ကျွန်ုပ်တို့ဘာဆုတောင်းရမည်ကို အတိအကျမသိသောအခြေအနေအတွက် ယေဟောဝါဘာပြင်ဆင်ထားပေးသနည်း။
၁၈ သို့သော် ဘာတောင်းရမည်ကိုကျွန်ုပ်တို့အတိအကျမသိလျှင်ကော။ မကြာခဏဆိုသလို ကျွန်ုပ်တို့စိတ်အတွင်းညည်းတွားမှုသည် စကားအားဖြင့်မဖော်ပြနိုင်ဘဲဖြစ်တတ်သည်။ အကြောင်းမှာ ကိုယ့်အခြေအနေကို ကိုယ်အပြည့်အဝနားမလည်ခြင်း၊ သို့မဟုတ် ယေဟောဝါအားမည်သို့ဖော်ထုတ်ပြောပြရမည်ကိုမသိခြင်းတို့ကြောင့်ဖြစ်သည်။ ဤတွင် သန့်ရှင်းသောဝိညာဉ်တော်က ကျွန်ုပ်တို့ကိုလုပ်ဆောင်ပေးနိုင်သည်။ ပေါလုက “ငါတို့မတတ်နိုင်သောအရာမှာ ဝိညာဉ်တော်သည်မစတော်မူ၏” ဟုရေးသားခဲ့သည်။ (ရောမ ၈:၂၆) မည်သို့အားဖြင့်နည်း။ ဘုရားသခင့်နှုတ်ကပါဌ်တော်တွင် ကျွန်ုပ်တို့အခြေအနေမျိုးပါဝင်ပတ်သက်သော မှုတ်သွင်းခံပရောဖက်ပြုချက်နှင့် ဆုတောင်းချက်များပါဝင်သည်။ ယင်းတို့က ကျွန်ုပ်တို့အတွက်ကြားဝင်ဆောင်ရွက်ပေးရန် ကိုယ်တော်ခွင့်ပြုတော်မူသည်။ ကျွန်ုပ်တို့၏ကိစ္စနှင့်ပတ်သက်၍ ယင်းတို့၏အဓိပ္ပာယ်ကိုနားလည်မှသာလျှင် ကျွန်ုပ်တို့ဆုတောင်းချက်ကဲ့သို့ဘုရားသခင်လက်ခံပြီး ထိုအတိုင်းပြည့်စုံစေမည်ဖြစ်သည်။
ဆက်လက်တည်ရှိသွားမည့်ဆုတောင်းခြင်းနှင့် မျှော်လင့်ချက်
၁၉။ ဆုတောင်းခြင်းနှင့်မျှော်လင့်ချက်သည် အဘယ်ကြောင့်အမြဲဆက်ရှိသွားမည်နည်း။
၁၉ ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်ထံဆုတောင်းခြင်းသည် အစဉ်အမြဲရှိသွားမည်ဖြစ်သည်။ အထူးသဖြင့် ကမ္ဘာသစ်နှင့်ယင်း၏ကောင်းချီးများအတွက် ကျေးဇူးတင်ခြင်းတို့ရှိသွားမည်။ (ဟေရှာယ ၆၅:၂၄။ ဗျာဒိတ် ၂၁:၅) ကျွန်ုပ်တို့၏မျှော်လင့်ချက်တွင်လည်း ဆက်လက်၍ဝမ်းမြောက်သွားမည်။ အကြောင်းမှာ အချို့မျှော်လင့်ချက်များသည် အမြဲတည်သွားမည်ဖြစ်သောကြောင့်တည်း။ (၁ ကောရိန္သု ၁၃:၁၃ နှိုင်းယှဉ်) ယေဟောဝါသည် ကိုယ်တော်တိုင်သတ်မှတ်သည့် မြေကြီးနှင့်ပတ်သက်၍နားနေရာဥပုသ်အောက်တွင်မရှိတော့သဖြင့် မည်သည့်အသစ်သောအရာများကို ကိုယ်တော်ဖြစ်စေမည်ကို ကျွန်ုပ်တို့မခန့်မှန်းနိုင်လောက်အောင်ပင်ဖြစ်သည်။ (ကမ္ဘာဦး ၂:၂၊ ၃) မိမိလူများအတွက်မေတ္တာပါသည့် မိန်းမောဖွယ်အနာဂတ်ကို အစဉ်အမြဲကိုယ်တော်ဖန်တီးပေးသွားမည်။ ကိုယ်တော်၏အလိုတော်ကိုဆောင်ခြင်းအားဖြင့် သူတို့အနာဂတ်အတွက်ကောင်းမြတ်သည့်အရာများကိုရရှိစေမည်။
၂၀။ ကျွန်ုပ်တို့ဆုံးဖြတ်ချက်ကား မည်သို့ဖြစ်သင့်သနည်း။ အဘယ်ကြောင့်နည်း။
၂၀ ယင်းသို့စိတ်တက်ကြွဖွယ်မျှော်လင့်ချက်ကြောင့် ကျွန်ုပ်တို့အားလုံးစွဲစွဲမြဲမြဲဆုတောင်းခြင်းအားဖြင့် ဘုရားသခင်နှင့်နီးနီးကပ်ကပ်ရှိနေကြစို့။ ကောင်းချီးအားလုံးအတွက် ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်ကို ကျေးဇူးတင်ခြင်းမရပ်စဲသွားစေပါနှင့်။ အချိန်တန်သော် ကျွန်ုပ်တို့မျှော်လင့်ထားရာများသည် ကျွန်ုပ်တို့မတွေးတောမခန့်မှန်းနိုင်သည့်အတိုင်းအတာဖြင့် ရွှင်လန်းဖွယ်ပြည့်စုံလာမည်။ အကြောင်းမှာ “ငါတို့တောင်းပန်ကြံစည်သမျှထက် အလွန်ထူးခြားစွာပြုခြင်းငှာ တတ်နိုင်တော်မူသော” ယေဟောဝါဖြစ်သောကြောင့်တည်း။ (ဧဖက် ၃:၂၀) ဤအရာများအတွက်ကြောင့် “ဆုတောင်းခြင်းကိုနားညောင်းတော်မူသောအရှင်” ကျွန်ုပ်တို့၏ဘုရားသခင်ယေဟောဝါ၏ ဘုန်းတော်ဂုဏ်တော် ကျေးဇူးတော်အပေါင်းကိုအစဉ်အမြဲချီးမွမ်းသွားကြစို့။
သင်မည်သို့ဖြေမည်နည်း
▫ ကျွန်ုပ်တို့စွဲစွဲမြဲမြဲဆုတောင်းရန်အဘယ်ကြောင့်လိုအပ်သနည်း။
▫ ခရစ်ယာန်ခေတ်မတိုင်မီ ဆုတောင်းခြင်းပုံသက်သေများမှ ကျွန်ုပ်တို့ဘာသိရှိရသနည်း။
▫ ဆုတောင်းခြင်းနှင့်ပတ်သက်၍ ယေရှု၏ပုံသက်သေက ကျွန်ုပ်တို့ကိုဘာသင်ကြားပေးသနည်း။
▫ ကျွန်ုပ်တို့၏ဝန်ထုပ်များကို ယေဟောဝါထံမည်သို့အပ်နှံထားနိုင်ပြီး မည်သည့်အကျိုးရမည်နည်း။
[မေးခွန်းများ]
[အောက်ခြေမှတ်ချက်များ]
a Webster’s New Dictionary of Synonyms အရ “စွဲမြဲခြင်းသည်အစဉ်ပင်ချီးမွမ်းဖွယ်အရည်အချင်းကို ဆိုလိုလေ့ရှိသည်။ မအောင်မြင်ခြင်း၊ သံသယများ သို့မဟုတ် အခက်အခဲများကြောင့် စိတ်ဓာတ်မကျခြင်းနှင့် ခက်ခဲသည်ကိုလုပ်ဆောင်ရာတွင်ခိုင်မြဲစွာ သို့မဟုတ် ခေါင်းမာမာဖြင့်လုပ်ဆောင်ခြင်းကိုဖော်ညွှန်းသည်။”
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
ဒံယေလသည် ခြင်္သေ့တွင်းထဲသို့ ချပစ်ခံရမည်ဟု ခြိမ်းခြောက်ခံရလင့်ကစား ဆုတောင်းခြင်းတွင် စွဲမြဲခဲ့သည်