ခရစ်တော်၏ ကိုယ်ယောင်ပြောင်းလဲထွန်းတောက်ခြင်းသည် သင့်အားမည်သို့ထိခိုက်ပုံ
လူလေးဦးသည် မြင့်လှသောတောင်သို့ တက်ရုံမျှရှိသေးသည်။ ထိုအမြင့်တွင် အံ့ဖွယ်ဖြစ်ခဲ့သည်။ ယေရှုခရစ်၏ မိန်းမောနေသောတပည့်တော်သုံးဦးသည် ဆက်၍ကြည့်နေစဉ် ကိုယ်တော်သည် သူတို့မျက်စိရှေ့တွင် ပြောင်းလဲခဲ့သည်။ ဤရင်ဖိုဖွယ်ဖြစ်ရပ်ကို ခရစ်ဝင်ကျမ်းရေးသားသူမာကု အစီရင်ခံစဉ် နားထောင်ပါလေ။
“ယေရှုသည်ပေတရု၊ ယာကုပ်၊ ယောဟန်တို့ကိုခေါ်၍ အခြားသူများမပါဘဲ မြင့်လှစွာသောတောင်ပေါ်တွင် ဆိတ်ကွယ်ရာအရပ်သို့ ဆောင်ကြွတော်မူ၏။ သူတို့ရှေ့၌ ထူးခြားသောအဆင်းအရောင်နှင့် ပြည့်စုံသည်ဖြစ်၍ အဝတ်တော်လည်းပြောင်လက်လျက် ဤမြေပေါ်၌ အဘယ်ခဝါသည်မျှ မတတ်နိုင်အောင် မိုးပွင့်ကဲ့သို့ အလွန်ဖြူလျက်ရှိ၏။ မောရှေနှင့်ဧလိယသည်ထင်ရှား၍ ယေရှုနှင့်အတူ စကားပြောလျက်ရှိ၏။ ထိုအခါပေတရုက ‘အရှင်ဘုရား၊ ဤအရပ်၌နေဖွယ်ကောင်းပါ၏။ ကိုယ်တော်ဖို့တဲတစ်ဆောင်၊ မောရှေဖို့တစ်ဆောင်၊ ဧလိယဖို့တစ်ဆောင် တဲသုံးဆောင်ကို အကျွန်ုပ်တို့ဆောက်လုပ်ပါရစေ’ ဟုလျှောက်လေ၏။ တပည့်တော်တို့သည် အလွန်ကြောက်သောကြောင့် ပေတရုသည်ယောင်ယမ်း၍ ထိုသို့လျှောက်သတည်း။ ထိုအခါမိုးတိမ်သည် သူတို့ကိုလွှမ်းမိုး၍ ‘ဤသူသည်ငါ၏ချစ်သားပေတည်း။ သူ၏စကားကိုနားထောင်ကြလော့’ ဟုမိုးတိမ်ကအသံတော်ဖြစ်လေ၏။ ထိုခဏခြင်းတွင် တပည့်တော်တို့သည် ပတ်လည်သို့ကြည့်ရှုလျှင် မိမိတို့နှင့်အတူ ယေရှုတစ်ယောက်တည်းမှတစ်ပါး အဘယ်သူကိုမျှမမြင်ရချေ။”—မာကု ၉:၂-၈။
စဉ်းစားကြည့်လိုက်ပါ။ ယေရှု၏မျက်နှာသည် နေပမာထွန်းလင်းနေသည်။ (မဿဲ ၁၇:၂) ကိုယ်တော်၏အဝတ်တော်လည်းပြောင်လက်လျက် “ဤမြေပေါ်၌ အဘယ်ခဝါသည်မျှမတတ်နိုင်အောင် မိုးပွင့်ကဲ့သို့ အလွန်ဖြူလျက်ရှိ၏။” ထိုတွင်ဘုရားသခင်ကိုယ်နှိုက်၏ တန်ခိုးပါလှသောအသံက မိမိ၏သားတော်အကြောင်းကြေညာခဲ့သည်။ မည်မျှထူးမြတ်လှသော ဖြစ်ရပ်ပါတကား။
ဤတွင် “ကိုယ်ယောင်ပြောင်းလဲထွန်းတောက်ခြင်း” ဟုပြန်ဆိုထားသော ဂရိစကားလုံးသည် “နောက်အသွင်သို့ပြောင်းလဲခြင်း” ဟုအဓိပ္ပာယ်သက်ရောက်သည်။ ရောမ ၁၂:၂ တွင်လည်းတွေ့နိုင်သေးသည်။ ထိုတွင်ခရစ်ယာန်များအား သူတို့၏စိတ်ကိုအသစ်ပြင်ဆင်ခြင်းဖြင့် “ပြောင်းလဲ” ရန်အကြံပြုထားသည်။—An Expository Dictionary of New Testament Words by W. E. Vine, Volume IV ,page 148.
မှန်ပါသည်၊ ၃၂ စီအီး၊ ပသခါပွဲပြီးနောက် မကြာခင်အချိန်တွင် ယေရှုကိုယ်ယောင်ပြောင်းလဲထွန်းတောက်သောအခါ ထူးခြားသောဖြစ်ရပ် ဖြစ်ပေါ်ခဲ့လေသည်။ ယင်းအံ့ဖွယ်ကို ဘာကဖြစ်စေသနည်း။ ယင်းသည် အထူးရည်ရွယ်ချက်ရှိပါသလော။ အဘယ်ကြောင့်မောရှေနှင့်ဧလိယပတ်သက်ခဲ့သနည်း။ ခရစ်တော်၏ကိုယ်ယောင်ပြောင်းလဲထွန်းတောက်ခြင်းသည် သင့်အားမည်သို့ထိခိုက်သနည်း။
မတိုင်မီဖြစ်ရပ်
တောင်ပေါ်သို့မတက်မီ၊ ယေရှုနှင့်ကိုယ်တော်၏တပည့်တော်များသည် ကဲသရိဖိလိပ္ပိဝန်းကျင်၌ရှိခဲ့သည်။ ဤမြို့သည် ဟေမုန်တောင်၏အနောက်မြောက်ဘက် ၁၅ မိုင်ခန့်တွင်ရှိသောကြောင့် ကိုယ်ယောင်ပြောင်းလဲထွန်းတောက်ခြင်းသည် ယင်း၏မြင့်သောတောင်စွယ်တွင် ဖြစ်နိုင်သည်။
“မြင့်လှစွာသောတောင်” သို့လျှောက်လှမ်းသွားစဉ် ယေရှုကမိမိ၏တပည့်တော်များအား “ငါ့ကိုအဘယ်သူဖြစ်သည်ဟုဆိုကြသနည်း” ဟုမေးသည်။ သူတို့က၊ “ဗတ္တိဇံဆရာယောဟန် ဖြစ်သည်ဟူ၍လည်းကောင်း၊ အချို့ကဧလိယဖြစ်သည်ဟူ၍လည်းကောင်း၊ အချို့ကပရောဖက် တစ်ပါးပါးဖြစ်သည်ဟူ၍လည်းကောင်း ဆိုကြပါ၏” ဟုလျှောက်ကြသည်။ သို့နှင့်ခရစ်တော်က၊ “သင်တို့လည်း ငါ့ကိုအဘယ်သူဖြစ်သည် ဆိုကြသနည်း” ဟုမေးမြန်းတော်မူသည်။ ပေတရုက၊ “ကိုယ်တော်သည်ခရစ်တော်ဖြစ်တော်မူသည်” ဟုပြန်ဖြေခဲ့၏။ ထိုတွင်၊ ယေရှုသည် “ကိုယ်တော်၏အကြောင်းကို အဘယ်သူအားမျှ မပြောစိမ့်သောငှာ တပည့်တော်တို့ကို ပညတ်တော်မူ၏။ ထိုမှတစ်ပါး၊ လူသားသည် များစွာခံရမည်။ လူအကြီးအကဲ၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့၏ ငြင်းပယ်ခြင်းကိုလည်းကောင်း၊ အသေသတ်ခြင်းကိုလည်းကောင်းခံရမည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟူသော အကြောင်းများကို တပည့်တော်တို့အား ပြစပြုတော်မူ၏။”—မာကု ၈:၂၇-၃၁။
ယေရှုကဤကတိတော်ကို ဆက်လက်ပြုခဲ့သည်။ “ဘုရားသခင်၏နိုင်ငံတော်သည် တန်ခိုးနှင့်တကွတည်ကြောင်းကို ဤအရပ်၌ရှိသောသူအချို့တို့သည်မမြင်မီ သေခြင်းသို့မရောက်ရကြ။” (မာကု ၉:၁။ မဿဲ ၁၆:၂၈) ဤကတိတော်သည် “ခြောက်ရက်လွန်သောအခါ” ပြည့်စုံခဲ့သည်။ ယေရှုသည်ဆုတောင်းစဉ်၊ ပေတရု၊ ယာကုပ်နှင့်ယောဟန်ရှေ့တွင် ကိုယ်ယောင်ပြောင်းလဲထွန်းတောက်ခဲ့ချိန်ကဖြစ်သည်။ လုကာကယင်းသည်ထိုမှ “ရှစ်ရက်လောက်လွန်သောအခါ” ဟုဆိုထားသည်။ အကြောင်းမှာ၊ ကတိပြုရာနေ့နှင့် ပြည့်စုံသောနေ့ကိုသူထည့်သွင်းထားကြောင်း ထင်ရှားသည်။—မဿဲ ၁၇:၁၊ ၂။ မာကု ၉:၂။ လုကာ ၉:၂၈။
အိပ်မက်မဟုတ်၊ ဖြစ်ရပ်မှန်
ယေရှု၏ကိုယ်ယောင်ပြောင်းလဲထွန်းတောက်ခြင်းသည် အိပ်မက်မဟုတ်ချေ။ တမန်တော်သုံးဦးသည် ထပ်တူအိပ်မက်သုံးခုမက်မည်မဟုတ်ချေ။ ယေရှုကယင်းကို “ရူပါရုံ” ဟုခေါ်ဆိုခဲ့သည်။ ယင်းသည်ဖြစ်ရပ်မှန်မဟုတ်ဟု မဆိုလိုချေ။ အကြောင်းမှာ၊ မဿဲ ၁၇:၉ တွင်သုံးထားသော ဂရိစကားလုံးကို အခြားနေရာတွင် “မြင်ကွင်း” ဟုပြန်ဆိုထားသည်။ (တမန်တော် ၇:၃၁။ ကဘ) ထို့ကြောင့်ကြည့်ရှုနေသူများသည် လုံးဝနိုးကြားနေခဲ့ပြီး၊ ဘာဖြစ်ပျက်နေသည်ကို သူတို့၏မျက်စိများနှင့်နားများဖြင့် အမှန်တကယ်ပင်မြင်၍ကြားခဲ့ကြသည်။—လုကာ ၉:၃၂။
ကောင်းစွာနိုးနေသော်လည်း ဘာပြောရမှန်းမသိ၍၊ ပေတရုက တဲသုံးဆောင်ဆောက်ရန် အကြံပြုခဲ့သည်။ ယေရှု၊ မောရှေနှင့်ဧလိယအတွက် တစ်ဆောင်စီဖြစ်သည်။ (လုကာ ၉:၃၃) ပေတရုပြောသောအခါ လွှမ်းမိုးသောမိုးတိမ်က တောင်ပေါ်တွင်ဘုရားရှင်ရောက်ရှိနေခြင်းကိုပြသကြောင်း ထင်ရှားသည်။ တောထဲတွင် ဣသရေလများ၏ စုဝေးရာတဲမှာကဲ့သို့ဖြစ်သည်။ (ထွက်မြောက်ရာ ၄၀:၃၄-၃၈။ လုကာ ၉:၃၄) “ခမည်းတော်ဘုရားသခင်” က “ဤသူကားငါ၏ချစ်သားပေတည်း။ သူ၏စကားကိုနားထောင်ကြလော့” ဟုကြေညာစဉ် တမန်တော်များသည် အိပ်ပျော်နေမည်မဟုတ်သည်မှာ သေချာသည်။—၂ ပေတရု ၁:၁၇၊ ၁၈။ လုကာ ၉:၃၅။
အဘယ်ကြောင့်မောရှေကိုတွေ့ရ
ကိုယ်ယောင်ပြောင်းလဲထွန်းတောက်ခြင်းဖြစ်ပေါ်ခဲ့စဉ်၊ မောရှေသည် “အဘယ်အရာကိုမျှမသိ” ချေ။ အကြောင်းမှာသူသည် နှစ်ရာစုပေါင်းများစွာကတည်းက သေဆုံးခဲ့သောကြောင့်ဖြစ်သည်။ (ဒေသနာ ၉:၅၊ ၁၀) သူသည်ဒါဝိဒ်ကဲ့သို့ပင် ရှင်ပြန်ထမြောက်မခံရသေးသောကြောင့် ကိုယ်တိုင်ရောက်ရှိမနေချေ။ (တမန်တော် ၂:၂၉-၃၁) သို့သော်ဤရူပါရုံတွင် အဘယ်ကြောင့်မောရှေကို ခရစ်တော်နှင့်အတူတွေ့ရသနည်း။
ဘုရားရှင်သည်မောရှေကို၊ “သူတို့အမျိုးသားချင်းတို့အထဲ၌ သင်နှင့်တူသော ပရောဖက်တစ်ပါးကို သူတို့အဖို့ငါပေါ်ထွန်းစေ၍ ထိုပရောဖက်နှုတ်၌ ငါ့စကားကိုငါအပ်သဖြင့် ငါမှာထားသမျှတို့ကို သူတို့အားဆင့်ဆိုရလိမ့်မည်” ဟုမိန့်တော်မူသည်။ (တရားဟောရာ ၁၈:၁၈) ပေတရုကဤပရောဖက်ပြုချက်ကို အထူးသဖြင့်ယေရှုခရစ်အား ရည်ညွှန်းခဲ့သည်။ (တမန်တော် ၃:၂၀-၂၃) ယေရှုမှလွဲ၍၊ မောရှေသည် ဣသရေလလူမျိုးတွင် ဘုရားသခင်စေလွှတ်ခဲ့သော အကြီးဆုံးပရောဖက်ဖြစ်ခဲ့သည်။
မောရှေနှင့် သာ၍ကြီးသောမောရှေယေရှုခရစ်စပ်ကြားတွင် ဆင်တူသည်များရှိသည်။ ဥပမာ၊ သူတို့ငယ်စဉ်က သူတို့နှစ်ဦးစလုံး၏ အသက်သည် ရက်စက်သောအုပ်စိုးရှင်များကြောင့် ဘေးသင့်ခဲ့သည်။ သို့သော်ဘုရားရှင်သည် သူငယ်များလွတ်မြောက်ရန်စီမံခဲ့သည်။ (ထွက်မြောက်ရာ ၁:၂၀–၂:၁၀။ မဿဲ ၂:၇-၂၃) ယေဟောဝါ၏အထူးကျေးကျွန်များအဖြစ် အသက်တာလုပ်ငန်းအစတွင် နှစ်ဦးစလုံးသည်ရက်ပေါင်း ၄၀ အစာရှောင်ခဲ့သည်။ (ထွက်မြောက်ရာ ၂၄:၁၈။ ၃၄:၂၈။ တရားဟောရာ ၉:၁၈၊ ၂၅။ မဿဲ ၄:၁၊ ၂) မောရှေနှင့်ယေရှုနှစ်ဦးစလုံး ဘုရားရှင်၏တန်ခိုးတော်ဖြင့် အံ့ဖွယ်များပြသခဲ့သည်။—ထွက်မြောက်ရာ ၁၄:၂၁-၃၁။ ၁၆:၁၁-၃၆။ ဆာလံ ၇၈:၁၂-၅၄။ မာကု ၄:၄၁။ လုကာ ၇:၁၈-၂၃။ ယောဟန် ၁၄:၁၁။
ဘုရားရှင်သည်မောရှေအား ဣသရေလများအား အီဂျစ်အချုပ်အနှောင်မှ ကယ်လွှတ်ရန်အသုံးပြုခဲ့သည်။ ယေရှုသည်ဝိညာဏလွတ်မြောက်ခြင်း ဖြစ်ပေါ်စေသကဲ့သို့ဖြစ်သည်။ (ထွက်မြောက်ရာ ၁၂:၃၇–၁၄:၃၁။ ယောဟန် ၈:၃၁၊ ၃၂) မောရှေသည် ဘုရားရှင်နှင့်ဣသရေလစပ်ကြား ပညတ်ပဋိညာဉ်၏အာမခံအဖြစ် အခွင့်အရေးရခဲ့ပြီး၊ ယေရှုသည်ပဋိညာဉ်သစ်၏အာမခံဖြစ်သည်။ (ထွက်မြောက်ရာ ၁၉:၃-၉၊ ၃၄:၃-၇။ ယေရမိ ၃၁:၃၁-၃၄။ လုကာ ၂၂:၂၀။ ဟေဗြဲ ၈:၃-၆၊ ၉:၁၅) ယေဟောဝါသည်မောရှေကို ဣသရေလများနှင့်အီဂျစ်များရှေ့မှောက်တွင် မိမိကိုယ်နှိုက်၏နာမထင်ရှားရန်အသုံးပြုခဲ့ပြီး၊ ယေရှုခရစ်သည် ယေဟောဝါ၏သန့်ရှင်းသောနာမကို ထင်ရှားစေသကဲ့သို့ဖြစ်သည်။ (ထွက်မြောက်ရာ ၉:၁၃-၁၇။ ၁ ဓမ္မရာဇဝင် ၆:၆။ ယောဟန် ၁၂:၂၈-၃၀၊ ၁၇:၅၊ ၆၊ ၂၅၊ ၂၆) မောရှေကို ကိုယ်ယောင်ပြောင်းလဲထွန်းတောက်ခဲ့သောယေရှုနှင့်အတူ ပေါ်ထွန်းစေခြင်းဖြင့် ခရစ်တော်သည်ဤလုပ်ရပ်များတွင် သာ၍ကြီးမားစွာ လုပ်ဆောင်မည့်အကြောင်း ဘုရားသခင်ပြသတော်မူသည်။
အဘယ်ကြောင့်ဧလိယပေါ်ထွန်း
သေဆုံးခဲ့သော ပရောဖက်ဧလိယသည် မထမြောက်ခဲ့သေးသော်လည်း၊ သူသည်ကိုယ်ယောင်ပြောင်းလဲထွန်းတောက်သောရူပါရုံတွင် ပေါ်ထွန်းခြင်းမှာ လျော်ကန်သည်။ ဧလိယသည် စစ်မှန်သောဝတ်ပြုရေးကို ပြန်လည်တည်ထောင်ရာ၌ ကြီးကျယ်စွာလုပ်ဆောင်ခဲ့ပြီး၊ ဣသရေလများထဲတွင် ယေဟောဝါ၏နာမကို လေးမြတ်စေခဲ့သည်။ ယေရှုခရစ်လည်း မြေကြီးပေါ်တွင်ရှိစဉ် အလားတူပြုလုပ်ခဲ့ပြီး၊ မေရှိယနိုင်ငံတော်အားဖြင့် စစ်မှန်သောဝတ်ပြုရေးကိုပိုမိုတိုးမြှင့်ကာ ကိုယ်တော်၏ကောင်းကင်ခမည်းတော်ကိုထင်ရှားစေဦးမည်။
ပရောဖက်မာလခိက ဧလိယ၏လုပ်ငန်းသည် အနာဂတ်လုပ်ငန်းကို ပုံတင်ပြကြောင်း ပြသသည်။ မာလခိအားဖြင့် ဘုရားရှင်ဤသို့မိန့်ဆိုသည်။ “ကြည့်ရှုလော့။ [ယေဟောဝါ] ၏ကြောက်မက်ဖွယ်သော နေ့ရက်ကြီးမရောက်မီ ပရောဖက်ဧလိယကို သင်တို့ရှိရာသို့ ငါစေလွှတ်မည်။ ငါသည်လာ၍ သင်တို့၏ပြည်ကို ကျိန်ခြင်းဘေးနှင့် ဒဏ်မခတ်မည်အကြောင်း ထိုပရောဖက်သည် သားတို့နှင့်အဖတို့ကိုလည်းကောင်း၊ အဖတို့နှင့်သားတို့ကိုလည်းကောင်း အသင့်အတင့်ဖြစ်စေမည်။”—မာလခိ ၄:၅၊ ၆။
ဤပရောဖက်ပြုချက်သည် နှစ်ခြင်းဆရာယောဟန်၏လုပ်ငန်းတွင် အသေးစားပြည့်စုံခဲ့သည်။ ယေရှုသည်ယင်းကို ကိုယ်ယောင်ပြောင်းလဲထွန်းတောက်ခြင်းပြီးနောက် ညွှန်ပြခဲ့သည်။ မေရှိယမပေါ်မီ ဧလိယသည်ဦးစွာပေါ်ထွန်းရမည်ဟု ကျမ်းပြုဆရာများအဘယ်ကြောင့်ဆိုသနည်းဟု တပည့်တော်များမေးခဲ့စဉ်ဖြစ်သည်။ ယေရှုက၊ “ဧလိယသည်အရင်လာ၍ အလုံးစုံတို့ကိုပြုပြင်ရသည်မှန်ပေ၏။ ငါဆိုသည်ကား၊ ဧလိယရောက်လာပြီ။ လူများသည်သူ့ကိုမသိသဖြင့်၊ သူ့အားပြုချင်သမျှတို့ကို ပြုကြပြီ။ ထိုနည်းတူ လူသားသည်လည်း ထိုလူများလက်၌ခံရမည်” ဟုမိန့်ဆိုသည်။ မှတ်တမ်းက “ဗတ္တိဇံဆရာယောဟန်ကိုအမှတ်ပြု၍ မိန့်တော်မူကြောင်းကို တပည့်တော်တို့သည် နားလည်ကြ၏” ဟုထပ်ဆင့်လိုက်သည်။—မဿဲ ၁၇:၁၀-၁၃။
ယောဟန်သည် ပညတ်ပဋိညာဉ်ကိုပြစ်မှားခြင်းအပေါ် နောင်တရခဲ့သောဂျူးများကို နှစ်ခြင်းပေးခဲ့စဉ် ဧလိယကဲ့သို့လုပ်ငန်းကို လုပ်ဆောင်ခဲ့သည်။ ပို၍အရေးကြီးသည်မှာ၊ ယောဟန်သည် မေရှိယ၏ရှေ့ပြေးဖြစ်၍ ယေရှုခရစ်ကိုမိတ်ဆက်ပေးခဲ့သည်။ (မဿဲ ၁၁:၁၁-၁၅။ လုကာ ၁:၁၁-၁၇။ ယောဟန် ၁:၂၉) သို့သော်ယောဟန်၏လုပ်ငန်းသည် အဘယ်ကြောင့်မာလခိပရောဖက်ပြုချက်၏ အသေးစားပြည့်စုံချက်သာဖြစ်သနည်း။
ဤရူပါရုံတွင်၊ ဧလိယအား ယေရှုနှင့်စကားပြောနေသည်ကိုတွေ့ရသည်။ ယင်းသည်နှစ်ခြင်းဆရာယောဟန်သေဆုံးပြီးနောက်ဖြစ်သည်။ ထို့ကြောင့်ဧလိယ၏လုပ်ငန်းသည် အနာဂတ်တွင်ပြုလုပ်မည်ဖြစ်ကြောင်း တင်ပြသည်။ ထို့ပြင်၊ ပရောဖက်ပြုချက်က ဤလုပ်ငန်းသည် ယေဟောဝါ၏ “ကြောက်မက်ဖွယ်သောနေ့ရက်ကြီး” မရောက်မီပြီးမြောက်ရမည့်အကြောင်း ပြသသည်။ ထိုလျင်မြန်စွာချဉ်းကပ်နေသောဖြစ်ရပ်တွင် ဟာမဂေဒုန် သို့မဟုတ် အာမဂေဒုန်တွင် “အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ဘုရားသခင်၏နေ့ကြီး. . . စစ်” ပါဝင်လေသည်။ (ဗျာဒိတ် ၁၆:၁၄-၁၆) ယင်းကထိုအနာဂတ်ဘုရားသခင်၏ ကောင်းကင်နိုင်ငံတော်တည်ထောင်မှုမတိုင်မီ ဧလိယနှင့်သူ့အားဆက်ခံသူဧလိရှဲတို့၏ လုပ်ငန်းများနှင့်ဆက်နွယ်သောအလုပ် ဦးစွာလုပ်ဆောင်မည်ဟူ၍ အဓိပ္ပာယ်သက်ရောက်သည်။ ယေဟောဝါ၏မျက်မှောက်ခေတ် သက်သေခံများသည် စစ်မှန်သောဝတ်ပြုရေးပြန်လည်တည်ထောင်ခြင်းနှင့် ဘုရားနာမတော်ချီးမြှောက်ခြင်းနှင့်ဆက်နွယ်သောလုပ်ငန်း လုပ်ဆောင်နေသည်မှာ နှစ်ရာစုတစ်ခုကျော်ခဲ့ပေပြီ။—ဆာလံ ၁၄၅:၉-၁၃။ မဿဲ ၂၄:၁၄။
ယင်း၏ရည်ရွယ်ချက်
ကိုယ်ယောင်ပြောင်းလဲထွန်းတောက်ခြင်းဖြစ်ရပ်က ယေရှုအားမိမိခံရတော့မည့် ဒုက္ခနှင့်သေခြင်းအတွက် ခွန်အားရှိစေမည်။ ကိုယ်တော်၏ချစ်နှစ်သက်ရာသားအဖြင့် မိမိကောင်းကင်ခမည်းတော်၏စကားကိုကြားရခြင်းသည် ယေရှု၏ယုံကြည်ခြင်းကို ခိုင်ခန့်စေပေမည်။ သို့သော်ကိုယ်ယောင်ပြောင်းလဲထွန်းတောက်ခြင်းသည် အခြားသူများအတွက် ဘာပြုလုပ်ပေးသနည်း။
ယေရှု၏ကိုယ်ယောင်ပြောင်းလဲထွန်းတောက်ခြင်းသည် ကြည့်ရှုနေသူများ၏ ယုံကြည်ခြင်းကိုလည်း ခိုင်ခန့်စေသည်။ ယင်းသည်သူတို့၏စိတ်တွင် ယေရှုခရစ်သည် ဘုရားသားတော်ဖြစ်ကြောင်း စွဲမှတ်စေခဲ့သည်။ အမှန်ပင်၊ ယေဟောဝါ၏ပြောရေးဆိုခွင့်ရှိသူချုပ်ကြီး နှုတ်ကပါဌ်တော်သည် သူတို့၏အလယ်တွင်ရှိစဉ် သူတို့သည် “ဤသူကားငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်း” ဟူသည့်ဘုရားသခင့်ကိုယ်နှိုက်၏စကားသံကို ကြားခဲ့သည်။ ယေဟောဝါသည် အလားတူသက်သေခံချက်ကို ယေရှုနှစ်ခြင်းခံစဉ် သက်သေခံခဲ့သော်လည်း တပည့်တော်များသည် ကိုယ်တော်၏သားတော်ကို နားထောင်သင့်ကြောင်း ကိုယ်ယောင်ပြောင်းလဲထွန်းတောက်ခြင်းတွင်ဘုရားရှင်ထပ်ဆင့်ခဲ့လေသည်။—မဿဲ ၃:၁၃-၁၇။ ၁၇:၅။ ယောဟန် ၁:၁-၃၊ ၁၄။
ကိုယ်ယောင်ပြောင်းလဲထွန်းတောက်ခြင်းသည် နောက်တစ်နည်းဖြင့်လည်း ယုံကြည်ခြင်းကိုခိုင်ခံ့စေသည်။ ရူပါရုံအတွင်း၊ ယေရှု၊ “မောရှေ” နှင့်“ဧလိယ” သည် “ယေရုရှလင်တွင် [ယေရှု] ပြည့်စုံစေရန်ရှိသည့်ထွက်ခွာမှုအကြောင်း” ပြောဆိုခဲ့သည်။ (လုကာ ၉:၃၁။ ကဘ) “ထွက်ခွာ” သည် ဂရိစကားလုံး é xo·dos မှပြန်ဆိုခဲ့လေသည်။ ဤထွက်မြောက်ရာ သို့မဟုတ် ထွက်ခွာခြင်းသည် ယေရှု၏သေခြင်းနှင့် ဘုရားသခင်အားဖြင့် ဝိညာဏအသက်တာသို့ ကိုယ်တော်၏ထမြောက်ခြင်းနှစ်ခုစလုံးနှင့် ပတ်သက်နေကြောင်းထင်ရှားသည်။ (၁ ပေတရု ၃:၁၈) ထို့ကြောင့်ကိုယ်ယောင်ပြောင်းလဲထွန်းတောက်ခြင်းသည် ခရစ်တော်၏ထမြောက်ခြင်းတွင် ယုံကြည်ခြင်းကို ခိုင်ခံ့စေခဲ့သည်။ ယေရှုသည်ဘုရားသခင့် မေရှိယနိုင်ငံတော်၏ ဘုရင်ဖြစ်မည်အကြောင်း စိတ်ချရသောအထောက်အထားများ ပေးထားခြင်းအားဖြင့် ယင်းသည်ယုံကြည်ခြင်းကို အထူးသဖြင့် တည်ဆောက်ပေးခဲ့သည်။ ထို့ပြင်၊ နိုင်ငံတော်သည် ဘုန်းထွန်းတောက်မည့်အကြောင်း ရူပါရုံကပြသခဲ့သည်။
ကိုယ်ယောင်ပြောင်းလဲထွန်းတောက်ခြင်းသည် ကျမ်းဆိုင်ရာပရောဖက်ပြုချက်တွင်လည်း ယုံကြည်ခြင်းကိုခိုင်ခံ့စေခဲ့သည်။ ၃၂ နှစ်ကြာပြီးနောက်တွင် (၆၄ စီအီးခန့်) ပေတရုသည် ဤတွေ့ကြုံမှုကို အမှတ်ရနေပြီး၊ ရေးသားခဲ့သည်။ “ငါတို့သခင်ယေရှုခရစ်၏ တန်ခိုးတော်ကိုလည်းကောင်း၊ ကြွလာတော်မူခြင်းကိုလည်းကောင်း၊ သင်တို့အားကြားပြောသောအခါ ငါတို့သည်ပရိယာယ်နှင့်ပြင်ဆင်သောဒဏ္ဍာရီစကားကိုမလိုက် ဘုန်းအာနုဘော်တော်ကို ကိုယ်တိုင်မြင်သောသူဖြစ်ကြ၏။ အဘယ်သို့နည်းဟူမူကား၊ ‘ဤသူသည် ငါနှစ်သက်မြတ်နိုးရာ ငါ၏ချစ်သားပေတည်း’ ဟူသောအသံတော်သည် ထူးမြတ်သောအရောင်အဝါတော်ထဲက ထိုသခင်သို့ရောက်သောအခါ ခမည်းတော်ဘုရားသခင့်အထံတော်မှ ဂုဏ်အသရေ၊ ဘုန်းအာနုဘော်ကို ခံရတော်မူ၏။ ထိုမှတစ်ပါး၊ သာ၍မြဲမြံသောအနာဂတ္တိစကားတော်သည် ငါတို့၌ရှိသေး၏။ စိတ်နှလုံးထဲ၌ အရုဏ်တက်၍ ကြယ်နီပေါ်ထွက်သည်ကာလတိုင်အောင် ထိုအနာဂတ္တိစကားတော်ကို မှောင်မိုက်အရပ်၌ထွန်းလင်းသော ဆီမီးကဲ့သို့မှတ်၍ သင်တို့သည် အမှီပြုသင့်ကြ၏။”—၂ ပေတရု ၁:၁၆-၁၉။
သင့်အတွက်ယင်း၏အဓိပ္ပာယ်
မှန်သည်၊ ပေတရုသည် ယေရှု၏ကိုယ်ယောင်ပြောင်းလဲထွန်းတောက်ခြင်းကို ဘုရားသခင့်ပရောဖက်ပြုချက်၏ တန်ခိုးပါသောခိုင်မာမှုအဖြစ် ရှုမြင်ခဲ့သည်။ တမန်တော်ယောဟန်က၊ “နှုတ်ကပါဌ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍ ကျေးဇူးတော်နှင့်လည်းကောင်း၊ သစ္စာတော်နှင့်လည်းကောင်းပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍ ခမည်းတော်၌တစ်ပါးတည်းသောသားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည်မြင်ရကြပြီ” ဟုဆိုရာ၌ ဤရူပါရုံကို ရည်ညွှန်းခဲ့ပေမည်။ (ယောဟန် ၁:၁၄) အလားတူပင်၊ ကိုယ်ရောင်ပြောင်းခြင်းသည် ယေဟောဝါ၏ပရောဖက်ပြုချက်တွင် သင့်ယုံကြည်ခြင်းကို တည်ဆောက်ပေးနိုင်သည်။
ကိုယ်ယောင်ပြောင်းလဲထွန်းတောက်ခြင်းနှင့် ယင်းနှင့်ဆက်နွယ်နေသော ဖြစ်ရပ်များက ယေရှုခရစ်သည် ဘုရားသခင့်သားတော်ဖြစ်ကြောင်းနှင့်ကတိထားတော်မူရာ မေရှိယဖြစ်ကြောင်း သင့်ယုံကြည်ခြင်းကို ခိုင်ခံ့စေနိုင်သည်။ ယင်းသည်ကောင်းကင်သို့ နာမ်ဝိညာဉ်အသက်တာဖြင့် ယေရှု၏ထမြောက်ခြင်းတွင် သင်၏ယုံကြည်ခြင်းကို ခိုင်ခံ့စေနိုင်သည်။ ဤအံ့ဖွယ်ရူပါရုံက ဘုရားသခင့်အစိုးရတွင် သင်၏ယုံကြည်ခြင်းကိုလည်း တိုးပွားစေသင့်သည်။ ကိုယ်ယောင်ပြောင်းလဲထွန်းတောက်ခြင်းသည် ခရစ်တော်၏ဘုန်းတန်ခိုးနှင့်နိုင်ငံတော်တန်ခိုးကို တင်ကြိုပြသခြင်းဖြစ်သောကြောင့်ပင်။
ခရစ်တော်၏ ကိုယ်ယောင်ပြောင်းလဲထွန်းတောက်ခြင်းသည် ယေရှု၏ရောက်ရှိခြင်းအမှန်ဖြစ်နေသော ယနေ့အချိန်ကိုညွှန်ပြနေခြင်းအား သိရှိရခြင်းသည် အထူးပင်ယုံကြည်ခြင်းကိုခိုင်ခံ့စေသည်။ (မဿဲ ၂၄:၃-၁၄) ၁၉၁၄ မှစ၍ကိုယ်တော်သည် ကောင်းကင်တွင်ဘုရားသခင့်ခန့်အပ်ခံဘုရင်အဖြစ် အုပ်ချုပ်လျက်ရှိသည်။ ကိုယ်တော်၏ဘုရားပေးသောအခွင့်အာဏာနှင့် တန်ခိုးတော်ကို မကြာမီဘုရားအုပ်ချုပ်ရေး၏ရန်သူအားလုံးအပေါ် သုံးတော့မည်ဖြစ်ကာ ကမ္ဘာသစ်တစ်ခုအတွက် လမ်းဖွင့်ပေးပါတော့မည်။ (၂ ပေတရု ၃:၁၃) ယေရှုခရစ်၏ ကိုယ်ယောင်ပြောင်းလဲထွန်းတောက်ခြင်းတွင် ပုံတင်ပြထားသော ထူးမြတ်လှသည့်အရာများတွင် သင်ယုံကြည်ပါက ယင်း၏မကုန်ဆုံးနိုင်သော ကောင်းချီးများကို သင်ခံစားနိုင်ပါသည်။