ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၁ ၈/၁၅ စာ. ၂၉-၃၁
  • အသင်သည် အပြစ်လိုအင်များကို ငြင်းဆန်ပါသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အသင်သည် အပြစ်လိုအင်များကို ငြင်းဆန်ပါသလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ငြင်းဆန်ခြင်းသည် အဘယ်ကြောင့်သေစေနိုင်
  • သင့်ကိုယ်ကိုခိုင်မာစေခြင်း
  • အသိအမှတ်ပြု၍လုပ်ဆောင်
  • ကိုယ်ကျိုးစွန့်စိတ်ဓာတ် အမြဲရှိနေအောင် လုပ်ဆောင်နိုင်ပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • လူသား၏အပြစ်ရှိအခြေအနေမှ လွတ်မြောက်ရာလမ်းရှိပါသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ကျွန်ုပ်တို့အဘယ်ကြောင့် အိုရသေရသနည်း
    ထာဝရအသက်ရစေသော အသိပညာအသိပညာ
  • သွေးဆောင်မှုတွေကို အမြဲ သတိထားပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
က၉၁ ၈/၁၅ စာ. ၂၉-၃၁

အသင်သည် အပြစ်လိုအင်များကို ငြင်းဆန်ပါသလော

“ထိုသို့ကောင်းသောအကျင့်ကို ငါကျင့်ချင်သောအခါ မကောင်းသောအကျင့်ကို ကျင့်စေတတ်သော တရားကိုငါတွေ့၏။ ငါသည်အတွင်းလူအားဖြင့် ဘုရားသခင်၏ပညတ်တရားတော်ကိုနှစ်သက်၏။ သို့သော်လည်း၊ ငါ့ကိုယ်အင်္ဂါများ၌ရှိသော တရားတစ်ပါးသည် စိတ်ဝိညာဉ်တရားကို ဆိုင်ပြိုင်တိုက်လှန်သဖြင့်၊ ငါ့ကိုဖမ်းသွားအပ်နှံသည်ကို ငါမြင်၏။”—ရောမ ၇:၂၁-၂၃။

အထက်ပါအတိုင်းဝန်ခံနိုင်ရန် တမန်တော်ပေါလုသည် စိတ်နှိမ့်ချမှုလိုအပ်ခဲ့သည်။ သို့သော်လည်း၊ ထိုသို့ပြုခြင်းဖြင့် သူသည်သူ၏မစုံလင်သောရမ္မက်များ သူ့အားမလွှမ်းမိုးရန် ကာကွယ်ခဲ့လေသည်။

ယနေ့ခရစ်ယာန်စစ်များလည်း အလားတူပင်ဖြစ်သည်။ ကျွန်ုပ်တို့သည် တိကျမှန်ကန်သော သမ္မာတရားသို့ရောက်ရှိလာသောအခါ မိမိတို့ဘဝပုံစံတွင် လိုအပ်သည်များကို ပြုပြင်ခဲ့ပြီး၊ ယေဟောဝါ၏စံနှုန်းအတိုင်း ပုံသွင်းကြလေသည်။ သို့သော်အပြစ်လိုအင်များမှာမူ ရှိနေဆဲဖြစ်သည်။ “အကြောင်းမှာ၊ လူတို့သည်ငယ်သောအရွယ်မှစ၍ စိတ်နှလုံးအကြံအစည် ဆိုးကြ” သောကြောင့်ဖြစ်သည်။ (ကမ္ဘာဦး ၈:၂၁) ကျွန်ုပ်တို့သည် မိမိကိုဖိအားပေးနေသည့် အထူးလိုအင်ရမ္မက်များကို ဝန်ခံလောက်အောင် ရိုးသားပါသလော။ သို့မဟုတ်၊ ကျွန်ုပ်တို့တွင်ယင်းတို့ရှိနေခြင်းကို ငြင်းဆန်ကာ ‘အဲ့ဒါတွေဟာ တခြားသူတွေအတွက် ပြဿနာပါ။ ငါ့အတွက်တော့မဟုတ်ပါဘူး’ ဟုဆိုကောင်းဆိုပေမည်။

ထိုသို့သောကိုယ့်ကိုယ်ကို လိမ်လည်ခြင်းသည် အကျိုးနည်းစေနိုင်သည်။ ကျွန်ုပ်တို့၏အပြစ်လိုအင်များကို အသိအမှတ်ပြု၍ ယင်းတို့ကိုသတိမူရန်အတွက် သမ္မာကျမ်းတွင်အခြေခံထားသည့် ပုံဥပမာတစ်ခုက ကျွန်ုပ်တို့အားထောက်ကူပါလိမ့်မည်။

ငြင်းဆန်ခြင်းသည် အဘယ်ကြောင့်သေစေနိုင်

သမ္မာကျမ်းစာခေတ်က မြို့အများကိုမြို့ရိုးများဖြင့် ကာကွယ်ထားခဲ့သည်။ ဂိတ်တံခါးများသည် အများအားဖြင့်သစ်သားများဖြင့် ပြုလုပ်ခဲ့ပြီး၊ မြို့အတွင်းပိုင်းမြို့ရိုး၏ ထိခိုက်ပျက်စီးနိုင်သောအပိုင်းဖြစ်သည်။ ထို့ကြောင့်ပင်ယင်းတို့ကို အထူးသဖြင့် အခိုင်အမာကာကွယ်ခဲ့သည်။ မြို့သားများသည် ငြိမ်းချမ်းသောကာလတွင် သွားလာရေးအတွက် လိုအပ်သလောက်ဂိတ်တံခါးများကို တည်ဆောက်ခဲ့ကြသည်။ သစ်သားဂိတ်တံခါးများကို အများအားဖြင့် မီးလောင်မှုမှကာကွယ်ရန် သတ္တုများဖြင့်ဖုံးအုပ်ထားလေ့ရှိသည်။ အဝေးမှချဉ်းကပ်လာသော ရန်သူများကိုမြင်တွေ့နိုင်ရန် မြို့ရိုးပေါ်တွင် ကင်းစောင့်များစောင့်နိုင်ဖို့ မျှော်စင်များကိုတည်ဆောက်ထားသည်။

ယခုစဉ်းစားကြည့်ပါ။ မြို့သားများသည် မြို့ဂိတ်တံခါး၏ပျက်စီးနိုင်မှုကို ငြင်းဆန်ပြီး၊ အလုံအလောက်မကာကွယ်ထားလျှင် ဘာဖြစ်မည်နည်း။ ရန်သူစစ်သားများသည် လွယ်လင့်တကူဝင်ရောက်နိုင်ပြီး၊ သိမ်းပိုက်စေနိုင်သည်။

ကျွန်ုပ်တို့လည်း အလားတူပင်ဖြစ်သည်။ ယေဟောဝါသည် ကျွန်ုပ်တို့တစ်ဦးစီ၏ ထိခိုက်နိုင်သောနေရာများကိုသိသည်။ “ငါတို့ကိုစစ်ကြောစီရင်တော်မူသောသူရှေ့၌ မထင်ရှားသောအရာ တစ်စုံတစ်ခုမျှမရှိ။ ခပ်သိမ်းသောအရာတို့သည် အကွယ်အကာမရှိဘဲ မျက်မှောက်တော်၌ လှန်ထားလျက်ရှိကြ၏။” (ဟေဗြဲ ၄:၁၃) စာတန်သည် ကျွန်ုပ်တို့တွင်ရှိသော အပြစ်လိုအင်အချို့ဖြစ်သည့် မည်သည့်ဘက်သို့ ဦးတည်နေပုံ၊ အမှန်ကိုလိမ်လည်ခြင်း၊ ဒေါသထွက်လွယ်ခြင်း၊ လိင်အကျင့်ပျက်မှုဘက်စိတ်ပါခြင်း၊ ရုပ်ဝါဒ၊ မာန်မာန သို့မဟုတ် အခြားအရာတစ်ခုခုတို့ကို တွေ့မြင်နိုင်သည်။ ကျွန်ုပ်တို့သည်မိမိတို့တွင်ရှိ အပြစ်လိုအင်များကို အသိအမှတ်မပြုငြင်းဆန်လျှင် ကျွန်ုပ်တို့၏ယုံကြည်ခြင်းအပေါ် စာတန်၏တိုက်ခိုက်မှုအား ပိုမိုထိခိုက်လွယ်ကူစေလေသည်။ (၁ ပေတရု ၅:၈) အပြစ်လိုအင်များသည် သာမန်ဆန္ဒမှကျော်လွန်သောအခါ မတွန်းလှန်နိုင်တော့ဘဲ အပြစ်ကိုမွေးဖွားပေမည်။ (ယာကုပ် ၁:၁၄၊ ၁၅) ကျွန်ုပ်တို့သည် ပေါလုကဲ့သို့ရှိနိုင်သည့် ‘သစ်သားဂိတ်တံခါးများ’ ကိုရိုးသားစွာ အသိအမှတ်ပြုဖို့လိုသည်။

သင့်ကိုယ်ကိုခိုင်မာစေခြင်း

အမှားဘက်တိမ်းညွတ်နေမှုကိုတွေ့ရှိပြီး၊ ယင်းတို့ကိုဘာမျှမပြုလျှင်လည်း အချည်းနှီးပင်ဖြစ်သည်။ ယင်းသည်ကိုယ့်ကိုယ်ကို မှန်ထဲကြည့်ပြီး၊ ပြုပြင်ရန်လိုအပ်ရာကို သတိပြုကာ၊ ဘာမှမပြုပြင်ဘဲ ထွက်သွားသောလူတစ်ဦးနှင့် တူပေမည်။ (ယာကုပ် ၁:၂၃-၂၅) မှန်သည်၊ ကျွန်ုပ်တို့သည် အပြစ်လိုအင်များအားဖြင့် အနိုင်ယူမခံမိရန် ကိုယ့်ကိုယ်ကိုကာကွယ်ရာ၌ လုပ်ဆောင်စရာများလိုအပ်လေသည်။ ယင်းကိုမည်သို့ ပြုနိုင်သနည်း။

အများအားဖြင့်၊ ကျမ်းစာခေတ်ကမြို့ငယ်များ သို့မဟုတ် “ကျေးလက်” များသည် မြို့ရိုးမရှိခဲ့ချေ။ (တောလည်ရာ ၂၁:၂၅၊ ၃၂။ တရားသူကြီး ၁:၂၇။ ၁ ရာဇဝင်ချုပ် ၁၈:၁။ ယေရမိ ၄၉:၂) ဤမြို့ငယ်များတွင်နေထိုင်သူများသည် ရန်သူများတိုက်ခိုက်လာလျှင် မြို့ရိုးရှိသောမြို့သို့ ပြေးသွားနိုင်လေသည်။ ထို့ကြောင့်အခိုင်အမာကာကွယ်ထားသောမြို့များသည် ပတ်ဝန်းကျင်ရှိလူများအတွက် ခိုလှုံရာအဖြစ် လုပ်ဆောင်ပေးခဲ့လေသည်။

သမ္မာကျမ်းစာက ယေဟောဝါဘုရားရှင်ကိုမျှော်စင်၊ ခိုလှုံရာ၊ အကာအကွယ်အတွက် ကျွန်ုပ်တို့ပြေးဝင်နိုင်သည့်မြို့ရိုးအဖြစ် ဖော်ပြသည်။ (သု၊ ၁၈:၁၀။ ဇာခရိ ၂:၄၊ ၅) ထို့ကြောင့်ယေဟောဝါသည် မိမိကျေးကျွန်များ၏ အဓိကအကာအကွယ်ဖြစ်လေသည်။ ကိုယ်တော်ထံအဆက်မပြတ်ဆုတောင်းနေခြင်းသည် အလွန်အရေးကြီးလေသည်။ (၁ သက်သာလောနိတ် ၅:၁၇) နောက်အထောက်အကူတစ်ခုမှာ၊ သမ္မာကျမ်းစာဖြစ်သည်။ ဘုရားနှုတ်ကပါဌ်တော်ကို အသုံးပြုလျက် ကျွန်ုပ်တို့အားနည်းသောအပိုင်းကို အထူးလေ့လာရမည်။ ကျွန်ုပ်တို့၏ကိုယ်စီ ‘သစ်သားတံခါးဂိတ်’ နှင့်စပ်လျဉ်းသော သမ္မာကျမ်းအခြေခံအကြောင်းများကို ထပ်တလဲလဲဆန်းစစ်ရန်အတွက်လည်း အချိန်ဖယ်ထားရမည်။

ထို့ပြင်၊ မျှော်စင်တွင်ရှိကင်းစောင့်ပမာ အဝေးမှနေ၍ ရန်သူကိုအခြေအနေမှန်အတိုင်း မြင်ရကာ၊ လိုအပ်သလိုဆောင်ရွက်နိုင်ပေမည်။ မည်သို့နည်း။ သွေးဆောင်မှု သို့မဟုတ် ဖိအားပေးမှုခံရဖွယ်ရှိသော အခြေအနေကို ရှောင်ရှားခြင်းဖြင့်ဖြစ်သည်။ ဥပမာ၊ အရက်သောက်ခြင်းတွင် မလွန်ကြူးရန် ကြိုးပမ်းနေသူသည် ပညာရှိစွာဖြင့် အရက်ရရှိရန်လွယ်ကူသည့် သို့မဟုတ် အားပေးသည့်နေရာများကို ရှောင်ရှားမည်။

ဤအရာအားလုံးသည် အားထုတ်မှုလိုအပ်သည်။ သို့သော်တမန်တော်ပေါလုသည် မစုံလင်မှုဘက်သို့ တိမ်းညွတ်မှုကိုတွန်းလှန်ရန် ‘ကိုယ်ကိုထိုး၍နှိပ်စက်’ ရလျှင် ကျွန်ုပ်တို့သည် အားစိုက်ထုတ်ရန် မလိုအပ်ပေလော။ ကျွန်ုပ်တို့၏အပြစ်လိုအင်များကို ထိုသို့သတိရှိစွာ ဂရုစိုက်ခြင်းသည် ကျွန်ုပ်တို့အနေနှင့် တမန်တော်ပေတရု၏ညွှန်ကြားမှုကို လိုက်လျှောက်နေကြောင်း ထင်ဟပ်စေမည်။ “သင်တို့သည် အညစ်အကြေးနှင့်ကင်းစင်၍ အဘယ်အပြစ်မျှမပါဘဲ ရှေ့တော်သို့ငြိမ်ဝပ်စွာရောက်မည်အကြောင်း ကြိုးစားအားထုတ်ကြလော့။”—၁ ကောရိန္သု ၉:၂၇။ ၂ ပေတရု ၃:၁၄။

အသိအမှတ်ပြု၍လုပ်ဆောင်

သင်အားထုတ်သော်လည်း သင်၏မစုံလင်သော လိုအင်များအားလုံး မပျောက်ကွယ်သွားလျှင် စိတ်ဓာတ်မကျပါနှင့်။ ကျွန်ုပ်တို့သည် မစုံလင်နေသ၍ ပေါလုကိစ္စမှာကဲ့သို့ အမှားသို့တိမ်းညွတ်မှုသည် အစဉ်အမြဲပင် အထိုက်အလျောက်ရှိနေမည်။ သို့သော်ကျွန်ုပ်တို့သည် ယင်းကိုဖိနှိပ်ရန်ကြိုးစားဖို့ လိုအပ်သည်။ အပြစ်ကို မမွေးလာစေရန်အတွက်ဖြစ်သည်။

သို့သော်၊ မစုံလင်မှု အမှန်တကယ်ရှိနေသည်ကို အသိအမှတ်ပြုခြင်းနှင့် ယင်းကိုဤအတိုင်းလွှတ်ထားခြင်း၏ ကွာခြားမှုကိုသတိပြုပါ။ ယင်းကိုနှလုံးအားနည်းသောရောဂါရှိသူတစ်ဦးနှင့် ပုံခိုင်းနိုင်သည်။ သူသည်မိမိ၏နှလုံးအခြေအနေကို အတတ်နိုင်ဆုံးဂရုစိုက်ခြင်းဖြင့် ရောဂါကိုပြုစုမည်။ သူ၏ပကတိနှလုံးသည် အားနည်းသောကြောင့် ကြိုတင်ကာကွယ်မှု တစ်ခုမျှမပြုဘဲ သူကြိုက်သလိုနေမည်မဟုတ်ချေ။

ထို့ကြောင့်၊ ကျွန်ုပ်တို့၏စွမ်းအားသည် အပြစ်လိုအင်များကို အကန်းသဖွယ် မသိကျိုးကျွန် ငြင်းဆန်ခြင်းအပေါ်မူမတည်ဘဲ ယင်းတို့ကိုအသိအမှတ်ပြုကာ လိုအပ်သလိုဆောင်ရွက်ခြင်းအပေါ် မူတည်လေသည်။ သင်သည်လွယ်လင့်တကူ သွေးဆောင်ခံရသော၊ ဖိအားပေးခံရသောအချက်ကို ဝန်ခံရန်မကြောက်ပါနှင့်။ ထိုသို့ဖြစ်သည့်အတွက် သင့်ကိုယ်သင်နှစ်သက်မှု လျော့နည်းသွားရန်မလိုပါ။ သင့်အပေါ် ယေဟောဝါ၏မေတ္တာလည်း ဆုတ်ယုတ်သွားမည်မဟုတ်ချေ။ အမှန်တွင်ကိုယ်တော်၏မျက်နှာသာရရှိရန် သင်သည်ဘုရားရှင်ထံတိုးချဉ်းကပ်စဉ် ကိုယ်တော်သည်သင့်အနီးပိုမိုချဉ်းကပ်ပါလိမ့်မည်။—ယာကုပ် ၄:၈။

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

ဤမေဂိဒ္ဒေါပုံစံက ရှေးမြို့များ၏ အခိုင်အမာတည်ဆောက်ထားသော ဂိတ်တံခါးများ၏ ကာကွယ်ထားသောမြို့ရိုးများကို ဖော်ပြလေသည်

[Credit Line]

Pictorial Archive (Near Eastern History) Est.

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ