ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၁ ၈/၁ စာ. ၂၀-၂၃
  • ‘အဲ့ဒါဘယ်အချိန်လဲ’

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ‘အဲ့ဒါဘယ်အချိန်လဲ’
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားပေးသောအချိန်ပြကိရိယာများ
  • အချိန်ပြဆိုသည့် အသုံးအနှုန်း
  • ဟေဗြဲများ၏ ညအချိန်နာရီများ
  • ပထမရာစုတွင်
  • ညဆိုင်ရာပိုင်းခြားမှုများ
  • နေ့အချိန်ကိုသိလော့
  • အချိန်အကြောင်း သိကောင်းစရာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • သင် သိပါသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • “စောင့်နေကြလော့”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
က၉၁ ၈/၁ စာ. ၂၀-၂၃

‘အဲ့ဒါဘယ်အချိန်လဲ’

‘အဲ့ဒါဘယ်အချိန်လဲ။’ ထိုမေးခွန်းကို သင်ဘယ်နှစ်ကြိမ် မေးခဲ့ပြီနည်း။ ကျွန်ုပ်တို့၏မျက်မှောက်ဒုံးပျံခေတ်တွင် ကျွန်ုပ်တို့သည်အစဉ် အချိန်ကိုသတိထားကြသည်။ ကျွန်ုပ်တို့၏နေ့စဉ်လုပ်ငန်းများဖြစ်သော နံနက်ထခြင်း၊ အလုပ်သွားခြင်း၊ အစာစားခြင်း၊ မိတ်ဆွေများကို တွေ့ဆုံခြင်းစသည်တို့ကို—အချိန်နှင့်ပြုလုပ်ကြရသည်။ ဘယ်အချိန်ရှိသည်ကို ကျွန်ုပ်တို့သိရှိရန် နာရီကြီးများ၊ လက်ပတ်နာရီများ၊ အချက်ပေးခြင်းများ၊ ရေဒီယိုများစသည်တို့အပေါ် ကျွန်ုပ်တို့မှီခိုကြရသည်။

ကျွန်ုပ်တို့ကဲ့သို့ အချိန်ပြပစ္စည်းများမရှိသည့် သမ္မာကျမ်းခေတ်ကကော မည်သို့နည်း။ သူတို့အချိန်ကို မည်သို့ရေတွက်သနည်း။ သမ္မာကျမ်းမှတ်တမ်းက ယင်းကိုတင်ပြထားခြင်းရှိပါသလော။ ကျမ်းစာဖြစ်ရပ်တစ်ခုသည် အဘယ်နေ့ရက်အချိန်ကဖြစ်သည်ကို သိခြင်းဖြင့်ဘုရားနှုတ်ကပါဌ်တော်၌ အသစ်သောသိမြင်ခြင်းကို ရရှိစေပြီး၊ သင်၏သမ္မာကျမ်းစာလေ့လာမှုအပေါ် ပျော်ရွှင်မှုပိုမိုတိုးပွားစေမည်။

ဘုရားပေးသောအချိန်ပြကိရိယာများ

စောစောပိုင်းက ဖြစ်ရပ်တစ်ခု၏အချိန်ကို အများအားဖြင့် “နေ့နှင့်ညဉ့်ကို ပိုင်းခြားစေခြင်းငှာ” ကောင်းကင်တွင် ဖန်ဆင်းရှင်ထားခဲ့သော “အလင်းအိမ်ကြီးနှစ်လုံး” ဖြစ်သော နေ သို့မဟုတ် လကိုရှုမှတ်ခြင်းဖြင့် မှတ်သားလေ့ရှိသည်။ (ကမ္ဘာဦး ၁:၁၄-၁၆) ဥပမာ၊ ကောင်းကင်တမန်နှစ်ပါးသည် ပျက်စီးတော့မည့်သောဒုံမြို့မှ လောတနှင့်သူ၏မိသားစုကို ထွက်ပြေးရန်တိုက်တွန်းချိန်သည် “မိုးသောက်သောအခါ” ဖြစ်သည်။ (ကမ္ဘာဦး ၁၉:၁၅၊ ၁၆) အာဗြဟံ၏သစ္စာရှိကျေးကျွန်သည် ရေဗက္ကကိုတွေ့သောရေတွင်းသို့ရောက်ချိန်သည် “ညဉ့်ဦးယံ” ဖြစ်လေသည်။—ကမ္ဘာဦး ၂၄:၁၁၊ ၁၅။

အချိန်ကိုပိုမိုတိကျစွာ ဖော်ပြသောအခါများလည်းရှိသည်။ ဥပမာ၊ တရားသူကြီးဂိဒေါင်၏ကြမ်းတမ်းသောသား အဘိမလက်အား ရှေခင်မြို့ကို “နံနက်စောစောနေထွက်စ” တွင်တိုက်ရန် အကြံပေးခဲ့သည်။ (တရားသူကြီး ၉:၃၃) ယင်းနောက်ကွယ်တွင် ပါးနပ်သောအကြောင်းရင်းရှိပေမည်။ အဘိမလက်စစ်တပ်၏နောက်ပိုင်းရှိ ထွက်ပေါ်လျက်ရှိသော နေ၏ဖိတ်ဖိတ်တောက်နေသောအလင်းသည် ရှေခင်မြို့မှခုခံနေသူများအတွက် “တောင်အရိပ်” တွင်ရှိတိုက်ခိုက်မည့်သူများကို မြင်တွေ့ရန်အလွန်ခက်ခဲစေခဲ့ပေမည်။—တရားသူကြီး ၉:၃၆-၄၁။

အချိန်ပြဆိုသည့် အသုံးအနှုန်း

အချိန်ကိုဖော်ပြရာ၌ ဟေဗြဲများသည် လှလှပပနှင့်စိတ်ဝင်စားဖွယ် အသုံးအနှုန်းများကို သုံးခဲ့ကြသည်။ ယင်းတို့သည်ကျွန်ုပ်တို့အား ဒေသခံအသိုင်းအဝိုင်းနှင့် ဓလေ့ထုံးစံကို ဖော်ပြရုံသာမကဘဲ လုပ်ရပ်၏အခြေအနေအကြောင်း အချို့ကိုလည်းဖော်ပြသည်။

ဥပမာ၊ ကမ္ဘာဦး ၃:၈က အာဒံနှင့်ဧဝအပြစ်လုပ်သောနေ့က သူတို့အားယေဟောဝါစကားပြောခဲ့ချိန်သည် “နေဧသောအချိန်” ဖြစ်ကြောင်းဆိုထားသည်။ ယင်းသည်နေ့အပူချိန်မှ သက်သာရာရစေသော လေပြေလေညင်းစတိုက်သည့် နေဝင်ခါနီးအချိန်ဟု နားလည်ရသည်။ အများအားဖြင့်၊ တစ်နေ့တာအကုန်ပိုင်းရောက်သည်နှင့်အမျှ အပန်းဖြေ၊ အနားယူချိန်ဖြစ်သည်။ သို့ပင်ငြားလည်း၊ ယေဟောဝါသည် ကြီးလေးသောတရားရေးကိစ္စတစ်ခုကို စီရင်ရန်အချိန်ရှိခိုက် နောက်တစ်နေ့အထိ မဆွဲထားခဲ့ချေ။

အခြားတစ်ဘက်တွင်၊ ကမ္ဘာဦး ၁၈:၁၊ ၂ တွင်ယေဟောဝါ၏ကောင်းကင်တမန်သည် “နေပူသောအချိန်တွင်” မံရေအရပ်ရှိအာဗြဟံ၏တဲသို့လာကြောင်း ဖော်ပြထားသည်။ ယုဒတောင်တန်းများတွင် ခေါင်းပေါ်၌နေ့လည်နေပူကျဲကျဲဖြစ်နေသည်ကို မြင်ယောင်လိုက်ပါ။ အပူဒဏ်သည် ပြင်းထန်နိုင်သည်။ ယင်းအချိန်သည် ထုံးစံအရအစာစားပြီး အနားယူရန်ဖြစ်သည်။ (ကမ္ဘာဦး ၄၃:၁၆၊ ၂၅ ကိုကြည့်ပါ။ ၂ ဓမ္မရာဇဝင် ၄:၅) ကျမ်းအရ၊ အာဗြဟံသည် “တဲတံခါးဝ၌ထိုင်လျက်” ရှိသည်။ စားသောက်ပြီး၍သူသည် လေဝင်လေထွက်အနည်းငယ်ရှိသော ထိုနေရာတွင်အနားယူနေခြင်းဖြစ်နိုင်သည်။ သူသည်ဧည့်သည်များကို “ခရီးဦးကြိုပြုခြင်းငှာ. . . ပြေး၍” တစ်ဖန်စာရာအားမုန့်လုပ်ရန်ပြောဖို့ “တဲ. . . သို့အလျင်အမြန်” ပြန်လာကာ၊ ထိုမှတစ်ဆင့် “နွားစုသို့ပြေး၍” “ယူခဲ့ကာ. . . မြန်မြန်ပြင်ဆင်စေ” ခြင်းကိုကျွန်ုပ်တို့ဖတ်ရသောအခါ ဤအသက်အရွယ်ကြီးရင့်သူ၏ ဧည့်ဝတ်ကျေပွန်မှုကို ကျွန်ုပ်တို့လေးမြတ်နိုင်ပါသည်။ နေပူကျဲကျဲတွင် လုပ်ဆောင်နေပါသည်တကား။—ကမ္ဘာဦး ၁၈:၂-၈။

ဟေဗြဲများ၏ ညအချိန်နာရီများ

ဟေဗြဲများသည်ညကို “ကင်းစောင့်ချိန်များ” ဟုခေါ်သည့် အပိုင်းသုံးပိုင်းဖြင့်ခွဲခြားထားသည်။ တစ်ပိုင်းစီသည် နေဝင်မှနေထွက်ချိန် စပ်ကြားအချိန်၏သုံးပုံတစ်ပုံ သို့မဟုတ် ရာသီအပေါ်မူတည်၍ လေးနာရီခန့်ကြာရှည်လေသည်။ (ဆာလံ ၆၃:၆) ဂိဒေါင်သည် မိဒျန်တပ်ကို သွားရောက်တိုက်ခိုက်ချိန်သည် ညဆယ်နာရီမှ နံနက်ပိုင်းနှစ်နာရီခန့်အထိတာရှည်သော “သန်းခေါင်ယံကင်းလဲစ” ဖြစ်လေသည်။ ဤအချိန်တွင် တိုက်ခိုက်ခြင်းသည် အစောင့်များအား လုံးဝအံ့အားသင့်စေခဲ့သည်။ အမှန်ပင်၊ သတိရှိသောဂိဒေါင်သည် မိမိ၏တိုက်ခိုက်မှုအတွက် ရွေးချယ်ရန် ဤမျှလောက်မဟာဟာဗျူကျသာအချိန် မရှိတော့ပါလေ။—တရားသူကြီး ၇:၁၉။

ထွက်မြောက်ရာအချိန်တွင်၊ ဣသရေလများသည် ခြောက်သွေ့သောမြေပေါ်မှ ဖြတ်သွားနိုင်ရန် ယေဟောဝါသည် “တစ်ညလုံး၌ အားကြီးသောအရှေ့လေအားဖြင့် ပင်လယ်ရေကိုလှန်ပြန်” ခဲ့သည်။ အီဂျစ်များသူတို့ကိုမီလာသောအခါ “နံနက်ယံ” ပင်ဖြစ်နေပြီး၊ ယေဟောဝါသည် အီဂျစ်များကိုရှုပ်ထွေးစေကာ၊ နောက်ဆုံးတွင် “မိုးလင်းသောအခါ. . . ပင်လယ်ရေသည်ပြန်လာ” ခြင်းဖြင့်သူတို့အားဖျက်ဆီးခဲ့လေသည်။ (ထွက်မြောက်ရာ ၁၄:၂၁-၂၇) ထို့ကြောင့်ပင်လယ်ကိုခွဲခြင်းနှင့် ဣသရေလများယင်းကိုဖြတ်ကူးရန် တစ်ညလုံးနီးပါးကြာခဲ့လေသည်။

ပထမရာစုတွင်

ပထမရာစုတွင်၊ ဂျူးများသည် တစ်နေ့တွင် ၁၂ နာရီရှိသည့်ရေတွက်မှုကို ခံယူခဲ့ကြသည်။ ထို့ကြောင့်ပင်ပုံဥပမာတစ်ခုတွင်ယေရှုက “တစ်နေ့တွင် တစ်ဆယ့်နှစ်နာရီရှိသည်မဟုတ်လော” ဟုမေးခဲ့သည်။ (ယောဟန် ၁၁:၉) ယင်းတို့ကိုနေထွက်မှနေဝင်ချိန် သို့မဟုတ် အကြမ်းဖျင်းအားဖြင့် နံနက်ခြောက်နာရီမှ ညနေခြောက်နာရီအထိရေတွက်လေသည်။ ထို့ကြောင့်၊ “တတိယမြောက်နာရီ” ဟုဆိုရာ၌ နံနက်ပိုင်းကိုးနာရီခန့်ဖြစ်လေသည်။ ပင်တေကုတ္တေပွဲနေ့တွင် ဤအချိန်၌ သန့်ရှင်းသောဝိညာဉ်တော်ကို သွန်းလောင်းခြင်းဖြစ်လေသည်။ လူများကတပည့်တော်များသည် “ချိုသောစပျစ်ရည်နှင့်ပြည့်ဝသည်” ဟုစွပ်စွဲကြသောအခါ ပေတရုသည်ထိုစွပ်စွဲချက်ကို ချက်ချင်းပင်ရပ်တန့်စေခဲ့သည်။ ထိုမျှလောက်စောစောပိုင်းအချိန်တွင် မည်သူမျှမူးယစ်နေမည်မဟုတ်သည်မှာ သေချာလှပါသည်တကား။—တမန်တော် ၂:၁၃၊ ၁၅။ NW

အလားတူပင်၊ ယေရှုက “ငါ့ကိုစေလွှတ်တော်မူသော သူ၏အလိုတော်ကိုဆောင်ခြင်း” ဟုဆိုရာ၌ အချိန်နှင့်စပ်လျဉ်း၍ စဉ်းစားလျှင်ပိုမိုအဓိပ္ပာယ်ရှိလာလေသည်။ ယောဟန် ၄:၆ အရ “အချိန်သည်ခြောက်နာရီအချိန်ဖြစ်၏” သို့မဟုတ် မွန်းတည့်ချိန်ခန့်ဖြစ်သည်။ တစ်မနက်လုံး ရှမာရိပြည်တောင်ကုန်းများကို လျှောက်ပြီးနောက် ယေရှုနှင့်တပည့်တော်များသည် ဆာလောင်၍ရေငတ်ပေမည်။ ထို့ကြောင့်ပင်တပည့်တော်များသည် အစားအစာများနှင့်ပြန်လာသောအခါ ကိုယ်တော်အားစားရန် တိုက်တွန်းခြင်းဖြစ်လေသည်။ ယေဟောဝါ၏အမှုတော်ထမ်းဆောင်ခြင်းမှ ယေရှုရရှိသောခွန်အားနှင့်အာဟာရအကြောင်း သူတို့အနည်းအကျဉ်းသာသိရှိကြသည်။ ယေရှု၏စကားသည် ပုံဆောင်ချက်မျှသာ မဟုတ်ကြောင်းသေချာသည်။ ကိုယ်တော်နောက်ဆုံးအစာစားထားသည်မှာ ကြာမြင့်မည်ဖြစ်သော်လည်း ကိုယ်တော်သည်အမှန်ပင် ဘုရားအမှုတော်ထမ်းခြင်းမှ စာသားအရခွန်အားရှိပေမည်။—ယောဟန် ၄:၃၁-၃၄။

တစ်နှစ်အတွင်း နေဝင်နေထွက်ချိန်သည် ကွာခြားမည်ဖြစ်သည့်အတိုင်း၊ ဖြစ်ရပ်၏အနီးစပ်ဆုံးအချိန်ကိုသာ ပေးထားလေသည်။ ထို့ကြောင့်၊ သုံးနာရီ၊ ခြောက်နာရီ သို့မဟုတ် ကိုးနာရီဟုဆိုရာ၌ အများအားဖြင့် ထိုအချိန်တို့နှင့်အနီးစပ်ဆုံးကို ဆိုလိုလေ့ရှိသည်။ (မဿဲ ၂၀:၃၊ ၅။ ၂၇:၄၅၊ ၄၆။ မာကု ၁၅:၂၅၊ ၃၃၊ ၃၄။ လုကာ ၂၃:၄၄။ ယောဟန် ၁၉:၁၄။ တမန်တော် ၁၀:၃၊ ၉၊ ၃၀) သို့သော်လည်း၊ ပြောဆိုသူအတွက် အချိန်နှင့်စပ်လျဉ်း၍အရေးကြီးလျှင် ပိုမိုတိကျသောအချိန်ပိုင်းကို ဖော်ပြလေသည်။ ဥပမာ၊ ယေရှု၏တန်ခိုးကြောင့် သူ၏သားတကယ်ပင်ကောင်းလာခြင်းရှိမရှိ သိလိုစိတ်ပြင်းပြသောသူအား အစေခံများက “မနေ့ ခုနစ်နာရီအချိန်၌ [မွန်းလွဲ ၁ နာရီခန့်] ဖျားနာပျောက်ပါသည်။”—ယောဟန် ၄:၄၉-၅၄။ မဿဲ ၂၀:၆၊ ၉ နှင့်ယောဟန် ၁:၃၉ ကိုလည်းကြည့်ပါ။

ညဆိုင်ရာပိုင်းခြားမှုများ

ရောမလွှမ်းမိုးမှုအောက်ရောက်ခဲ့စဉ်၊ ဂျူးများသည် ယခင်ကသူတို့ညပိုင်းကို သုံးပိုင်းခွဲခြင်းမှ ဂရိနှင့်ရောမတို့၏လေးပိုင်းခွဲခြင်းသို့ ကူးပြောင်းခဲ့ကြပုံရသည်။ မာကု ၁၃:၃၅ တွင်ယေရှုသည် လေးပိုင်းခွဲထားခြင်းကို ရည်ညွှန်းခဲ့သည်။ “ညဉ့်ဦးအချိန်” သည် နေဝင်ချိန်မှ ညပိုင်းကိုးနာရီအထိဖြစ်သည်။ ဒုတိယပိုင်းဖြစ်သော “သန်းခေါင်အချိန်” သည်၊ ညကိုးနာရီမှ သန်းခေါင်ချိန်တွင်ပြီးဆုံးသွားသည်။ “ကြက်ဦးတွန်ချိန်” သည်သန်းခေါင်ချိန်မှ နံနက်သုံးနာရီအထိဖြစ်လေသည်။ နောက်ဆုံးအပိုင်းဖြစ်သော “နံနက်အချိန်” သည်မိုးလင်းသည့်အခါ သို့မဟုတ် နံနက်ခြောက်နာရီခန့်တွင် ပြီးဆုံးသွားသည်။

မာကု ၁၄:၃၀ တွင်ပေတရုအားယေရှုက “ကြက်သည်နှစ်ကြိမ်မတွန်မီ သင်သည်သုံးကြိမ်မြောက်အောင် ငါ့ကိုငြင်းပယ်လိမ့်မည်” ဟူသည့်စကားကြောင့် “ကြက်ဦးတွန်ချိန်” သည်အထူးစိတ်ဝင်စားဖွယ်ဖြစ်လေသည်။ အချို့မှတ်ချက်ချသူများက “နှစ်ကြိမ်” ဟုဆိုရာ၌ သန်းခေါင်နှင့်အရုဏ်တက်ချိန်ကို ပိုင်းခြားဖော်ပြခြင်းဖြစ်သည်ဟု ခံယူကြသည်။ ဂျိမ်းဟက်စတင်းစ် တည်းဖြတ်သော A Dictionary of Christ and the Gospels စာစောင်က “အရှေ့ပိုင်းနှင့်အခြားနေရာများတွင် ကြက်ဖများသည်ညပိုင်းတွင် သန်းခေါင်ကျော်မှစတင်၍ ပုံသေအချိန်မရှိဘဲ တွန်သွားကြသည်” ဖော်ပြလေသည်။ ယေရှုက ပေတရုသည်မိမိအား ငြင်းပယ်မည့်အချိန်ကို ပိုင်းခြားဖော်ပြနေခြင်းမဟုတ်ကြောင်း ထင်ရှားသည်။ သို့အစား၊ ကိုယ်တော်ကပေတရုအား မိမိ၏စကားကိုသိမှတ်ရန် နိမိတ်ပေးနေခြင်းဖြစ်ရာ၊ ယင်းညတွင်ပင် တိကျစွာပြည့်စုံခဲ့လေသည်။—မာကု ၁၄:၇၂။

ယေရှုသည်ဂါလိလဲပင်လယ်တွင် လမ်းလျှောက်ပြီး၊ “ကုန်းမှအလှမ်းဝေးသော” လှေတွင်ရှိ မိမိ၏တပည့်တော်များထံ လမ်းလျှောက်လာသောအချိန်သည် နံနက်ပိုင်းသုံးနာရီမှ ခြောက်နာရီအချိန်ဖြစ်သော “ည၏စတုတ္ထပိုင်းကင်းစောင့်ချိန်” (NW) တွင်ဖြစ်သည်။ ထို့ကြောင့်၊ တပည့်တော်များက “ ‘ဖုတ်တစ္ဆေဖြစ်သည်’ ဟုကြောက်သောစိတ်နှင့် အော်ဟစ်ကြ၏။” (မဿဲ ၁၄:၂၃-၂၆) အခြားတစ်ဘက်မှကြည့်လျှင်၊ ယေရှုသည်တစ်ဦးတည်း တောင်ပေါ်တွင်အချိန်အတော်အတန်အသုံးပြု၍ ဆုတောင်းခဲ့ကြောင်း တင်ပြသည်။ ယင်းသည်ပသခါပွဲမတိုင်မီလေးတွင်၊ နှစ်ခြင်းဆရာယောဟန်အား ဟေရုဒ်အန္တိပက ခေါင်းဖြတ်ပြီးမကြာမီဖြစ်ပြီး၊ ယေရှု၏မြေကြီးဆိုင်ရာ နောက်ဆုံးနှစ်ဖြစ်သောကြောင့်၊ ယေရှုသည်ခမည်းတော်ထံ မိမိ၏နှစ်ဦးချင်းဆုတောင်းရာတွင် တွေးတောဆင်ခြင်စရာများစွာရှိပေမည်။

ကင်းစောင့်ချိန်လေးချိန်နှင့်အတူ၊ ညပိုင်း ၁၂ နာရီကိုလည်းရေတွက်အသုံးပြုလေသည်။ ကဲသရိမြို့သို့ပေါလုကို လုံခြုံစွာခေါ်ဆောင်သွားနိုင်ရန် စစ်သူကြီးကလောဒိလုသိက သူ၏တပ်မှူးများကိုစစ်သား ၄၇၀ အား “ညသုံးချက်တီးအချိန်” တွင်အသင့်ပြင်ရန် ဆိုခဲ့သည်။ (တမန်တော် ၂၃:၂၃၊ ၂၄) သို့ဖြင့်ပေါလုကို ည၏အမှောင်ထုအောက်၌ [ညရိပ်ခိုလျက်] ယေရုရှလင်မှ လုံခြုံစွာခေါ်ဆောင်သွားခဲ့လေသည်။

နေ့အချိန်ကိုသိလော့

ဘုရားရှင်၏ရှေးလူမျိုးအပေါ် ဖြစ်ပျက်ခဲ့သောအကြောင်းများကို ဖတ်ရှု၊ တွေးတောဆင်ခြင်ခြင်းသည် ပျော်ရွှင်မှုနှင့်ဝိညာဏခွန်အား၏ အရင်းခံဖြစ်လေသည်။ သင်သုံးသပ်ရာတွင် အချိန်ကိုပါ ထည့်သွင်းလိုက်လျှင် သင်၏သမ္မာကျမ်းလေ့လာမှုအပေါ် ပျော်ရွှင်ခြင်းကို အမှန်ပင်ပိုမိုတိုးပွားစေပေမည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာဤသို့ဖြင့်သင်သည် ဘုရားနှုတ်ကပါဌ်တော်နှင့်စပ်လျဉ်း၍ အကျွမ်းတဝင်ဖြစ်ပေမည်။ ရည်ညွှန်းကိုးကားရန်အတွက် (ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်း၊ နယူးယောက်မှထုတ်ဝေသော) Insight on the Scriptures နှင့် New World Translation of the Holy Scriptures With References တို့သည်ထိုအတွက် တန်ဖိုးမဖြတ်နိုင်သော အထောက်အကူများဖြစ်လေသည်။ ‘အဲ့ဒါဘယ်အချိန်လဲ’ ဟုသင့်ကိုယ်ကိုသင်မေးသောအခါ ယင်းတို့သည်သင့်အား အဖြေတွေ့နိုင်ရန် ထောက်ကူပါလိမ့်မည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ