အဘယ်အရာက မိသားစုစိတ်ဆင်းရဲခြင်းကို ဖြစ်စေသနည်း
“သူ မဟာအင်မတန်ချာတဲ့အိမ်ထောင်ရှင်မပဲ၊ ပျင်းလိုက်တာလည်းမပြောလိုက်ချင်ဘူး” ဟုဘော့ကပြင်းပြင်းထန်ထန်ပြောလိုက်သည်။
“မဟုတ်တမ်းတရားတွေ၊ ကျွန်မလုပ်သမျှဘာတစ်ခုမှ သူတန်ဖိုးမထားတတ်ဘူး။ ဒီလိုအပြစ်ရှာပြောတတ်တဲ့လူမျိုးတစ်ခါမှ မတွေ့ဖူးဘူး” ဟူ၍ဂျီးန်ကခွန်းတုံ့ခွန်းပြန်ချေပလိုက်သည်။
ဘော့နှင့်ဂျီးန်တို့၏ဘဝတွင် ဘာများအံချော်နေသနည်း။aအသိအမြင်မကြွယ်သေးသည့် သူတို့၏အိမ်ထောင်သက်မှာ လေးလမျှသာရှိသေးသော်လည်း ပြိုကွဲလုနီးသောအခြေသို့ဆိုက်နေသည်။ သို့ရာတွင် သူတို့၏အဖြစ်မှာ အထူးအဆန်းတော့မဟုတ်ပေ။ အကြောင်းမှာ လင်မယားသဘောချင်းမတိုက်ဆိုင်မှုသည် ရိုးနေသောကိစ္စဖြစ်ကြောင်း စာရင်းအင်းကပြဆိုလျက်ရှိသည်။ အမေရိကန်ပြည်ထောင်စုတွင် ကြင်စဦးမောင်နှံထက်ဝက်သည် လင်မယားကွာရှင်းခြင်းဖြင့် ဇာတ်သိမ်းကြလိမ့်မည်ဟု ကျွမ်းကျင်သူတို့က ယခုပြောဆိုနေကြသည်။ အလားတူစိတ်ပျက်ဖွယ်ကောင်းသောစာရင်းအင်းများကို အခြားနိုင်ငံအများအပြားမှလည်းရရှိနေသည်။ သို့ပင်ငြားလည်း လင်မယားကွာရှင်းခြင်းမှာ တစ်စိတ်တစ်ဒေသမျှသာဖြစ်သည်။ အကြောင်းအမျိုးမျိုးကြောင့် ယခင်ကမကြုံဖူးသည့် များပြားလှသောမိသားစုတို့သည် စိတ်ဆင်းရဲလျက်နေကြသည်။
မိသားစုစိတ်ဆင်းရဲခြင်းဖြစ်ရသည့်အကြောင်းအချို့
မိသားစုတစ်ခုတွင် စိတ်ဆင်းရဲစရာအခြေအနေရှိနေပါက သားသမီးများပါ အကြီးအကျယ်ထိခိုက်နစ်နာရသည်။ Newsweek မဂ္ဂဇင်းတွင်ဤသို့ရေးသားထားသည်။ “[အမေရိကန်ပြည်ထောင်စုတွင်] လွန်ခဲ့သောဆယ်စုနှစ်အတွင်း မွေးဖွားလာကြသည့်ကလေးအားလုံး၏သုံးပုံတစ်ပုံသည် အသက် ၁၈ နှစ်မတိုင်မီ ပထွေးမိထွေးတို့နှင့်နေထိုင်ရဖွယ်ရာရှိသည်။ ယနေ့ကလေး လေးယောက်အနက်တစ်ယောက်မှာ မိစုံဘစုံမဟုတ်ဘဲ မိဘတစ်ဦးတည်းကကျွေးမွေးသုတ်သင်နေရသောကလေးဖြစ်သည်။ ယခုခေတ်ကလေး ၂၂ ရာခိုင်နှုန်းခန့်မှာ လက်ထပ်ထိမ်းမြားခြင်းမရှိဘဲ မွေးဖွားလာသူများဖြစ်ကြသည်။ ထိုသူတို့အနက်မှသုံးပုံတစ်ပုံမှာ ဆယ်ကျော်သက်ရွယ်မိခင်များမှ မွေးဖွားလာသူများဖြစ်ကြသည်။”
မိသားစုစိတ်ဆင်းရဲခြင်းနှင့်ဆက်နွယ်သည့် အကြောင်းတရားတစ်ခုကိုကိုးကား၍ ကလေးသူငယ်များကို မတော်မတရားပြုကျင့်ခြင်းအကြောင်းလေ့လာသည့်ကျွမ်းကျင်သူ ဂန်နွန် (J. Patrick Gannon) ကဤသို့ပြောကြားလိုက်သည်။ “သာမန်ဖြစ်ရိုးဖြစ်စဉ်အတိုင်းမဟုတ်သောအိမ်ထောင်စု၊ အရက်သေစာကြောင့်ရမ်းကားခြင်း၊ သွေးရင်းသားရင်းသံဝါသပြုခြင်း၊ စိတ်လှုပ်ရှားမှုဘက်မတော်မတရားပြုမူခြင်းရှိသော အိမ်ထောင်စုအတွင်းကြီးပြင်းလာကြသောသူ သန်းပေါင်းများစွာတို့၏အဖြစ်သနစ်မှာ နေ့စဉ်နှင့်အမျှ ဧကန်ဒိဌဖြစ်နေသောအရာဖြစ်ကြောင်း များမကြာမီကပြုလုပ်သည့် ဆန်းစစ်ချက်များကပြသလျက်ရှိသည်။” ထိုသို့သောအဖြစ်သနစ်ကြုံတွေ့ခဲ့ကြသော ကလေးသူငယ်များစွာတို့သည် လူလားမြောက်လာသောအခါ မိသားစုစိတ်ဆင်းရဲစရာများကို မည်သို့ရှောင်တိမ်းရမည်ကို မသိကြသည်မှာ အံ့အားသင့်စရာမဟုတ်ပေ။
အချို့လေ့လာသူတို့အနေဖြင့် မိသားစုစိတ်ဆင်းရဲမှုအတွက် စက်မှုနိုင်ငံများ၌ဖြစ်ပေါ်လျက်ရှိသော စီးပွားရေး၊ လူမှုရေးနှင့်စာရိတ္တရေးပြောင်းလဲမှုများကို အပြစ်တင်ကြပေလိမ့်မည်။ ဥပမာအနေနှင့် အမျိုးသမီးများအလုံးအရင်းနှင့်အလုပ်ခွင်သို့ဝင်ရောက်လာကြခြင်းကြောင့် မိသားစုတာဝန်ဝတ္တရားနှင့်အခန်းကဏ္ဍဘက်တွင် ကသိကအောက်အဆင်မပြေမှုများဖြစ်ပေါ်လာလေ့ရှိသည်။ မိခင်ဖြစ်သူတို့သည် အသုံးမပြု၍ကျွမ်းကျင်မှုမရှိသောအလုပ်စွမ်းရည်ကို တုန်တုန်ရီရီနှင့်လုပ်ဆောင်ကြရသည်။ ဖခင်ဖြစ်သူတို့သည် အိမ်မှုဗာဟီရတို့ကို စိတ်မပါ့တပါနှင့် အိုးနင်းခွက်နင်းလုံးလုပ်ဆောင်ရကြသည်။ ကလေးတို့သည်လည်း နေ့ကလေးထိန်းဌာနများ၌ မျက်ရည်လည်ရွဲနှင့် နေတတ်အောင် ကြိုးစားနေရကြရှာသည်။
ကမ္ဘာတစ်ဝန်းရှိမိသားစုအမြောက်အမြားတို့သည် ပြင်းထန်သောဖိအားကိုခံနေရကြသည်။ ဤအခြေအနေကို အလုပ်လုပ်ကိုင်သောမိဘတစ်ဦးက “မခြားမလပ်အရေးပေါ်နေသောအခြေအနေ၌နေထိုင်ခြင်း” နှင့်နှိုင်းယှဉ်ခဲ့သည်။ များမကြာမီကကောက်ခံသည့် ပြည်သူ့ဆန္ဒသဘောထားတစ်ဝက်နီးပါးအရ ‘အမေရိကန်မိသားစုသည် လွန်ခဲ့သော ၁၀ နှစ်ကထက် ယနေ့အခြေအနေပို၍ဆိုးရွားနေကြောင်း၊’ တိုးတက်ကောင်းမွန်လာမည့်အရိပ်အရောင်မမြင်ကြောင်း ပြောကြသည်မှာ အံ့ဩစရာမဟုတ်ပေ။
သို့ဖြစ်သောကြောင့် မိသားစုစိတ်ဆင်းရဲခြင်းအကြောင်းမှာ ရုပ်မြင်သံကြားနှင့်ရေဒီယိုဆွေးနွေးခန်းများတွင် တစ်နှစ်ပတ်လုံးဆွေးနွေးတင်ပြနေသည့်အကြောင်းဖြစ်နေသည်။ ပြည်သူတို့သည် အိမ်ထောင်စုနှင့်ပတ်သက်သော ကိုယ်ထူကိုယ်ထအကြံပေးစာအုပ်များကို မက်မက်မောမောဖတ်ရှုကြသည်။ အချို့စာအုပ်များ၌ အတော်အတန်ကောင်းမွန်၍ လက်တွေ့ကျသောအကြံဉာဏ်များတင်ပြထားသည်။ ‘ပိုမိုပွင့်ပွင့်လင်းလင်းပြောဆိုပါ’ သို့မဟုတ် ‘ရင်ထဲမှခံစားချက်များကို ဖွင့်ပြပါ’ ဟူသောဆုံးမစကားများသည် အထောက်အကူဖြစ်တန်သ၍ဖြစ်နိုင်စေကာမူ အိမ်တွင်းရေးပြဿနာဖြစ်ရသည့်အကြောင်းရင်းအမှန်ကို ကိုင်တွယ်ဖြေရှင်းရာတွင် မလုံလောက်ပေ။ နောက်ဆောင်းပါး၌ ဤသို့ပြုရန်အားပေးမည့်အပြင် မိသားစုစိတ်ဆင်းရဲခြင်းကိုဖြေရှင်းသည့်နည်းကိုပါ တင်ပြသွားပါမည်။
[အောက်ခြေမှတ်ချက်များ]
a အတွင်းစကားဖြစ်သောကြောင့် အမည်ဝှက်ဖြင့်ဖော်ပြထားသည်။