စင်ကြယ်သောဘာသာစကားကိုပြောဆို၍ အစဉ်အသက်ရှင်လော့
“ထာဝရဘုရား [ယေဟောဝါ၊] ကိုရှာကြလော့။ ဖြောင့်မတ်ခြင်းနှင့် စိတ်နှိမ့်ချခြင်းကိုလည်း ရှာကြလော့။ ထာဝရဘုရား [ယေဟောဝါ၊] အမျက်ထွက်တော်မူသောနေ့၌ သင်တို့သည်ပုန်းရှောင်ရာကို တွေ့ကောင်းတွေ့ကြလိမ့်မည်။ —ဇေဖနိ ၂ :၃။ NW
၁။ (က) ကျောင်းသားများသည် နိုင်ငံခြားစကားကိုသင်ယူသောအခါ မည်သည့်နည်းစနစ်များအသုံးပြုသနည်း။ (ခ) အဘယ်ကြောင့် စင်ကြယ်သောဘာသာစကားကို ပြောရသနည်း။
ကျောင်းသားများသည် စကားအသစ်တစ်ခုကို သဒ္ဒါနည်းစနစ် သို့မဟုတ် စကားပြောနည်းစနစ်အားဖြင့် သင်ကြားပေမည်။ သဒ္ဒါနည်းစနစ်တွင် သူတို့သည်အခြေခံစာအုပ်ကို အသုံးပြုလေ့ရှိပြီး သဒ္ဒါဥပဒေများကိုသင်ကြားသည်။ စကားပြောနည်းစနစ်တွင် သူတို့သည်သူတို့၏ဆရာ ပြောဆိုသံနှင့် သုံးသောစကားလုံးများကိုတုပသည်။ နည်းစနစ်နှစ်ခုစလုံးသည် “စင်ကြယ်သောဘာသာစကား” ကိုသင်ယူရာတွင် သက်ဆိုင်သည်။ ကျွန်ုပ်တို့သည်ယေဟောဝါ၏ “အမျက်ထွက်တော်မူသောနေ့၌. . .ပုန်းရှောင်ရာကို” တွေ့နိုင်ရန်မျှော်လင့်လျှင် ဤစကားကိုပြောဆိုရန် အရေးကြီး၏။—ဇေဖနိ ၂:၁-၃။ ၃:၈၊ ၉။
၂။ စင်ကြယ်သောဘာသာစကားအတွက် သဒ္ဒါဥပဒေများဟုခေါ်သည်များကို ကျွန်ုပ်တို့မည်သို့ သင်ယူနိုင်မည်နည်း။
၂ စင်ကြယ်သောဘာသာစကားကို သင်ကြားရာတွင် အဓိကအသုံးပြုရန်အခြေခံစာအုပ်မှာ သမ္မာကျမ်းစာဖြစ်သည်။ ယင်းနှင့်သမ္မာကျမ်းအခြေပြု စာပေများကို အပတ်တကုတ်လေ့လာခြင်းဖြင့် စင်ကြယ်သောဘာသာစကားအတွက် သဒ္ဒါဥပဒေများသင့်အား သင်ကြားပေးပါလိမ့်မည်။ ယေဟောဝါသက်သေတစ်ဦး ကျင်းပပေးသော အိမ်တွင်းကျမ်းစာသင်အံမှုသည် ကောင်းသောအစပျိုးခြင်းဖြစ်သည်။ ဘုရားရှင်ထံအပ်နှံပြီးသူများမူ ကျမ်းစောင်များကိုမှန်မှန်နှင့် အပတ်တကုတ်လေ့လာရန် အရေးကြီးသည်။ သို့သော် စင်ကြယ်သောဘာသာစကားကိုသင်ယူရန် အထူးထိရောက်သောနည်းလမ်းများရှိပါသလော။ ထိုစကားကိုပြောဆိုခြင်းမှ မည်သည့်အကျိုးများသက်ရောက်သနည်း။
စင်ကြယ်သောဘာသာစကားကို မည်သို့သင်ယူပုံ
၃။ စင်ကြယ်သောဘာသာစကားကို သင်ယူပုံနည်းတစ်နည်းကားအဘယ်နည်း။
၃ စင်ကြယ်သောဘာသာစကားကို သင်ယူပုံနည်းတစ်နည်းမှာ သင်ကြားနေသော သမ္မာတရားများကို မိမိသိရှိပြီးအချက်များနှင့် ပေါင်းစပ်ရန်ဖြစ်သည်။ ကျောင်းသားတစ်ဦးသည် သဒ္ဒါဆိုင်ရာဥပဒေအရပ်ရပ်ကို အဆင့်ဆင့်နှီးနွယ်သွားသကဲ့သို့ဖြစ်သည်။ ဥပမာ၊ တစ်ခါကသင်သည် ယေရှုခရစ်မှာ ဘုရားသားတော်ဖြစ်ကြောင်း သိရှိခဲ့ပေမည်။ သို့သော်ကိုယ်တော်၏တာဝန်များအကြောင်း သင်အနည်းငယ်သာသိခဲ့မည်။ သို့နှင့်၊ သမ္မာကျမ်းကိုလေ့လာရာမှ ခရစ်တော်သည်ယခုကောင်းကင်ဆိုင်ရာဘုရင်အဖြစ် အုပ်စိုးနေကြောင်း ကိုယ်တော်၏အနှစ်တစ်ထောင်အုပ်ချုပ်ရေးတွင် နာခံမှုရှိသော လူသားများသည် စုံလင်ခြင်းသို့မြှင့်တင်ပေးခံရမည်ကို သင့်အားသင်ကြားပေးခဲ့ပေမည်။ (ဗျာဒိတ် ၂၀:၅၊ ၆) မှန်ပါသည်၊ အတွေးသစ်များကို သိရှိပြီးသည်များနှင့် ပေါင်းစပ်ပေးခြင်းဖြင့် စင်ကြယ်သောဘာသာစကားအပေါ် သင့်ခြုံငုံမိမှုကို တိုးပွားစေမည်။
၄။ (က) စင်ကြယ်သောဘာသာစကား၏ သဒ္ဒါဆိုင်ရာဥပဒေများကို သင်ယူသည့်နောက်တစ်နည်းကားအဘယ်နည်း။ ယင်းကိုပုံဖော်ပြရန် မည်သည့်သမ္မာကျမ်းမှတ်တမ်းကို အသုံးပြုထားသနည်း။ (ခ) ဂိဒေါင်နှင့်သူ၏လူသုံးရာ အရေးယူလှုပ်ရှားသောအခါ ဘာဖြစ်ခဲ့သနည်း။ (ဂ) ဂိဒေါင်မှတ်တမ်းက မည်သည့်သင်ခန်းစာသင်ပေးသနည်း။
၄ စင်ကြယ်သောဘာသာစကား၏ သဒ္ဒါဆိုင်ရာနည်းစနစ်ကိုသင်ယူပုံနောက်တစ်နည်းမှာ ကျမ်းဆိုင်ရာဖြစ်ရပ်များကို မြင်ယောင်လိုက်ခြင်းဖြစ်သည်။ ဥပမာပြရသော်၊ တရားသူကြီးမှတ်စာ ၇:၁၅-၂၃ တွင်မှတ်တမ်းတင်ထားသောအကြောင်းကို ‘မြင်၍ကြား’ အောင်လုပ်ပါ။ ကြည့်ပါလေ။ ဣသရေလတရားသူကြီး ဂိဒေါင်သည် သူ၏တပ်များအား လူတစ်ရာစီပါသောအုပ်စုသုံးခု ခွဲလိုက်သည်။ အမှောင်ထုတွင်၊ သူတို့သည်ဂိလဗောတောင်မှ တိတ်တဆိတ်ဆင်းလာကာ အိပ်ပျော်နေသော မိဒျန်တပ်ကိုဝိုင်းကြသည်။ ဤသုံးရာသည် လက်နက်အပြည့်အစုံ တပ်ဆင်ထားပါသလော။ စစ်ရေးအရမဟုတ်ချေ။ သူတို့သည်ထောင်လွှားသော စစ်သူရဲတို့၏ပြက်ရယ်ပြု ခံရမည်မဟုတ်ပေလော။ တစ်ဦးစီတွင်တံပိုးတစ်ခု၊ အိုးကြီးတစ်လုံးနှင့် အိုးထဲရှိမီးတုတ်တစ်ခုစီသာ ရှိကြပါသည်တကား။ သို့သော်နားစွင့်ပါ။ အချက်ပေးသည်နှင့် ဂိဒေါင်အပါးတွင်ရှိသော လူတစ်ရာသည် သူတို့၏တံပိုးကိုမှုတ်ခါ သူတို့၏ရေအိုးကိုခွဲလိုက်ကြသည်။ အခြားလူနှစ်ရာတို့လည်း အလားတူပြုလုပ်ကြသည်။ တောက်လောင်နေသောမီးတုတ်များကို အထက်သို့အားလုံးမြှောက်စဉ် “ယေဟောဝါနှင့်ဂိဒေါင်၏ဓား” ဟုဟစ်အော်သံကိုသင် ကြားရသည်။ [NW] မိဒျန်များကိုမည်မျှ ကြောက်ရွံ့စေခဲ့ပါမည်တကား။ သူတို့သည် သူတို့၏တဲများမှ ကတိမ်းကယိမ်းထွက်လာကြကာ အရိပ်သဏ္ဌာန်နှင့်အယူသီးသောကြောက်ရွံ့မှုကို ဖြစ်ပေါ်စေသည့် ခုန်လွှားနေသော မီးတောက်များကို ထိတ်လန့်မှုကြောင့် သူတို့၏အိပ်မှုန်စုံမွှားမျက်လုံးများ ပြူးကျယ်လာကြမည်။ မိဒျန်များပြေးစဉ် ဂိဒေါင်၏လူများသည် သူတို့၏တံပိုးများကို ဆက်မှုတ်ခါ၊ ဘုရားရှင်သည်ရန်သူများအား အချင်းချင်းပြန်တိုက်ခိုက်စေသည်။ စင်ကြယ်သောဘာသာစကားတွင် မည်မျှတန်ခိုးပါသော သင်ခန်းစာပါတကား။ ဘုရားရှင်သည်မိမိ၏ကျေးကျွန်များကို လူ့စစ်အင်အားမပါဘဲ ကယ်တင်နိုင်သည်။ ထို့ပြင်၊ ယေဟောဝါသည်မိမိ၏ “မဟာနာမတော်ကိုထောက်၍ မိမိလူတို့ကိုစွန့်တော်မမူ။”—၁ ဓမ္မရာဇဝင် ၁၂:၂၂။
၅။ ခရစ်ယာန်စည်းဝေးများသည် ကျွန်ုပ်တို့၏စကားကိုသန့်စင်ရန် မည်သို့အကူအညီပေးသနည်း။
၅ ကျောင်းသားများကို စကားပြောနည်းစနစ်ဖြင့် နိုင်ငံခြားစကားသင်ပေးသောအခါ သူတို့သည်သူတို့ဆရာ၏အသံနှင့် စကားလုံးများကို လိုက်ဆိုကြသည်။ ခရစ်ယာန်အစည်းအဝေးများတွင် စင်ကြယ်သောဘာသာစကားကိုပြောဆိုရန် မည်မျှကောင်းမြတ်သော အခွင့်အရေးပါတကား။ ထိုတွင်ကျွန်ုပ်တို့သည် အခြားသူများ ထိုကျမ်းဆိုင်ရာသမ္မာတရားစကား ပြောဆိုသည်ကိုကြားရပြီး၊ ကျွန်ုပ်တို့ကိုယ်နှိုက်လည်း ပြောဆိုရန်အခွင့်အရေးရပေမည်။ အမှားများပြောမိလေမလားဟု ကျွန်ုပ်တို့စိုးရိမ်ပါသလော။ ယင်းသည်ကျွန်ုပ်တို့အတွက် အဓိကပူပင်မှုမဖြစ်စေသင့်ချေ။ အကြောင်းမှာပတ်စဉ်ကင်းမျှော်စင် သင်တန်းကဲ့သို့သော စည်းဝေးတစ်ခုတွင် ဦးစီးသူ၏ကြင်နာသော အမှားပြင်ဆင်ပေးချက်က ကျွန်ုပ်တို့၏စကားကို သန့်စင်စေနိုင်သောကြောင့်ဖြစ်သည်။ ထို့ကြောင့်၊ ခရစ်ယာန်စည်းဝေးများကို မှန်မှန်တက်ရောက်၍ပါဝင်ပါလေ။—ဟေဗြဲ ၁၀:၂၄၊ ၂၅။
မစင်ကြယ်မှုစိမ့်ဝင်ခြင်း
၆။ ယေဟောဝါသက်သေများနှင့် ခရစ်ယာန်ဘောင်အဖွဲ့များစပ်ကြား အဘယ်ကြောင့်ဤမျှလောက် ကွာခြားရသနည်း။
၆ ယေဟောဝါ၏ရည်ရွယ်ချက်ကိုကြေညာ၍ ကိုယ်တော်၏ကောင်းကင်နိုင်ငံတော်ကို ကြေညာသူတို့သည် ကိုယ်တော်၏သက်သေများအဖြစ် စင်ကြယ်သောဘာသာစကားကို ပြောဆိုကြသည်။ သူတို့သည်ကိုယ်တော်၏နာမတော်ကို ထင်ရှားစေပြီး၊ ကိုယ်တော်အား “တညီတညွတ်တည်း” သို့မဟုတ် တသဘောတည်းအမှုဆောင်ရွက်ကြသည်။ (ဇေဖနိ ၃:၉) ခရစ်ယာန်ဘောင်သည် သမ္မာကျမ်းရရှိထားသော်လည်း သူတို့သည်စင်ကြယ်သောဘာသာစကားကို ပြောဆိုခြင်း သို့မဟုတ် ဘုရားနာမကိုယုံကြည်ခြင်းဖြင့် ပတ္ထနာပြုခြင်းမရှိချေ။ (ယောလ ၂:၃၂) သူတို့တွင်ကျမ်းစောင်များ၌ အခြေပြုထားသော ညီညွတ်သည့်သတင်းမရှိချေ။ အဘယ်ကြောင့်နည်း။ အကြောင်းမှာသူတို့သည် ဘာသာရေးထုံးတမ်းစဉ်လာများ၊ လောကီအတွေးအခေါ်များနှင့် နိုင်ငံရေးဆိုင်ရာသစ္စာစောင့်သိမှုများကို ဘုရားနှုတ်ကပါဌ်တော်ထက် အလေးထားသောကြောင့်ဖြစ်သည်။ သူတို့၏ရည်ရွယ်ချက်များ၊ မျှော်လင့်ရာများနှင့် စနစ်များသည် ဤဆိုးယုတ်သောလောကမှဖြစ်သည်။
၇။ ယေဟောဝါသက်သေများနှင့် မှောက်မှားသောဘာသာများစပ်ကြား မည်သည့်ကွာခြားမှုကို ၁ ယောဟန် ၄:၄-၆ တွင်ဖော်ပြထားသနည်း။
၇ ခရစ်ယာန်ဘောင်သည် ယေဟောဝါသက်သေများပြောဆိုသော ထပ်တူစကားကိုမပြောဆိုချေ။ စိတ်ဝင်စားဖွယ်ကား၊ စင်ကြယ်သောဘာသာစကားကို ပြောဆိုနေသောသူများအား တမန်တော်ယောဟန်က ရေးသားခဲ့သည်။ “သင်တို့သည်ဘုရားသခင်နှင့် စပ်ဆိုင်ကြ၏။ ထိုသူတို့ကိုလည်းအောင်ကြပြီ။ အကြောင်းမူကား၊ သင်တို့ဘက်၌ရှိသောသူသည် လောကဘက်၌ရှိသောသူထက် သာ၍ကြီးတော်မူ၏။ ထိုသူတို့သည်လောကနှင့်စပ်ဆိုင်သောကြောင့် လောကီအကြောင်းအရာကို ပြောတတ်ကြ၏။ လောကီသားတို့သည်လည်း သူတို့စကားကိုနားထောင်တတ်ကြ၏။ ငါတို့မူကား၊ ဘုရားသခင်နှင့် စပ်ဆိုင်ကြ၏။ ဘုရားသခင်ကိုသိသောသူသည် ငါတို့စကားကိုနားထောင်တတ်၏။ ဘုရားသခင်နှင့်မစပ်ဆိုင်သောသူသည် ငါတို့စကားကိုနားမထောင်တတ်။” (၁ ယောဟန် ၄:၄-၆) ယေဟောဝါ၏ကျေးကျွန်များသည် မှောက်မှားသောသွန်သင်သူများကို အောင်နိုင်ခဲ့သည်။ အကြောင်းမှာ၊ မိမိလူမျိုးဘက်တွင်ရှိသောဘုရားရှင်သည် လောက [မဖြောင့်မတ်သောလူ့အဖွဲ့အစည်း] ဘက်၌ရှိသော [မာရ်နတ်] ထက်သာ၍ကြီးတော်မူ” သောကြောင့်ဖြစ်သည်။ မိစ္ဆာများသည် “လောကနှင့်စပ်ဆိုင်” ၍ယင်း၏ဆိုးသွမ်းသောဝိညာဉ်ကိုရရှိထားသောကြောင့် “လောကီအကြောင်းအရာကို ပြောတတ်ကြ၏။ လောကီသားတို့သည်လည်း သူတို့စကားကိုနားထောင်တတ်၏။” သို့သော်သိုးကဲ့သို့သောသူများသည် ဘုရားနှင့်စပ်ဆိုင်သူတို့ကိုနားထောင်၍ ယေဟောဝါ၏လူမျိုးသည် ကိုယ်တော်၏လူမျိုးအားဖြင့်ပေးသော သမ္မာတရား၏စင်ကြယ်သောဘာသာစကားကို ပြောဆိုကြောင်းသတိရကြသည်။
၈။ အဓမ္မလူကားအဘယ်နည်း။
၈ အယူဖောက်ပြန်မှုကြီးကို ကြိုဟောထားပြီး၊ စီအီး၊ ပထမရာစုတွင် “အဓမ္မမှု၏နက်နဲရာ” သည်လုပ်ဆောင်လျက်ရှိပြီးဖြစ်သည်။ အချိန်တန်သော်၊ အသင်းတော်တွင် သွန်သင်ခြင်းတာဝန်ကို လက်ခံ သို့မဟုတ် ရယူသောသူတို့သည် အယူမှားများစွာကို သွန်သင်ခဲ့ကြသည်။ သူတို့၏စကားသည် စင်ကြယ်ခြင်းမှ အလှမ်းဝေးလှသည်။ သို့ဖြင့်မှောက်မှားသောဘာသာရေးထုံးတမ်းများ၊ လောကီအတွေးအခေါ်များနှင့် ကျမ်းနှင့်မညီသောသွန်သင်ချက်များဘောင်တွင်ရှိသည့် ခရစ်ယာန်ဘောင်ဓမ္မဆရာအတန်းအစားဖြစ်သည့် စုပေါင်းထားသော “အဓမ္မလူ” ပေါ်ပေါက်လာသည်။—၂ သက်သာလောနိတ် ၂:၃၊ ၇။
စင်ကြယ်သောဘာသာစကားကမ္ဘာတစ်ဝန်းကြားသိရ
၉။ ၁၉ ရာစုအတွင်း မည်သည့်ဘာသာရေးဖြစ်ပေါ်မှုများ ရှိခဲ့သနည်း။
၉ ဘုရားကြောက်ရွံ့သူလူနည်းစုသာ ‘သန့်ရှင်းသူတို့၌ အထက်ကအပ်ပေးခဲ့ပြီးသော ယုံကြည်ခြင်းတရားဘက်မှာ ကြိုးစား၍တိုက်လှန်” နေကြသည်။ (ယုဒ ၃) ထိုသို့သောယုံကြည်သူများကို အဘယ်တွင်တွေ့နိုင်သနည်း။ ရာစုပေါင်းများစွာပင်၊ မှောက်မှားသောဘာသာသည် လူများဒုနှင့်ဒေးကို ဝိညာဏအမှောင်ထုတွင် ထားရှိပြီး၊ ဘုရားသိကျွမ်းသူမှာ ကိုယ်တော်၏မျက်နှာသာရသူ အနည်းငယ်သာဖြစ်သည်။ (၂တိမောသေ ၂:၁၉) သို့သော် ၁၉ ရာစု၏စီးပွားရေး၊ စက်မှုနှင့်လူမှုရေးပြောင်းလဲမှုအလယ်တွင် အများစုဗေဗယ်လ်၏မှောက်မှားသောဘာသာရေး ရှုပ်ထွေးမှုမှကွာခြားသော အသံများထွက်ပေါ်လာသည်။ အုပ်စုငယ်များသည် ခေတ်ပေါ်နိမိတ်များကိုကြည့်ပြီး၊ ယေရှု၏ဒုတိယကြွလာခြင်းကို ကြိုဟောကြသည်။ သို့သော်အားလုံးသည် စင်ကြယ်သောဘာသာစကားကို ပြောသည်မဟုတ်ချေ။
၁၀။ စင်ကြယ်သောဘာသာစကားကိုပြောဆိုရန်မည်သည့် “ဒုတိယကြွလာခြင်း” အုပ်စုကို ဘုရားရှင်ရွေးချယ်ခဲ့သနည်း။ ယေဟောဝါ၏လက်တော်သည် သူတို့နှင့်အတူရှိကြောင်း အဘယ်ကြောင့်ထင်ရှားသနည်း။
၁၀ ၁၈၇၉ တွင်မူ၊ ယေဟောဝါသည် မိမိ၏သက်သေခံများအဖြစ် စင်ကြယ်သောဘာသာ စကားကိုပြောဆိုရန် မည်သည့် “ဒုတိယကြွလာခြင်း” အသံကို ရွေးချယ်ခဲ့ကြောင်း ထင်ရှားလာခဲ့သည်။ ထိုအချိန်လောက်တွင် ချားလ်တေဇ်ရပ်စယ်လ် ဦးဆောင်သောကျမ်းစာလေ့လာသည့် အုပ်စုငယ်လေးသည် ယူအက်စ်အေ၊ ပင်စီဗေးနီးယား၊ ပင့်စ်ဘတ်ဂ်မြို့တွင် စုဝေးခဲ့ကြသည်။ သူတို့ကယေရှု၏ဒုတိယကြွလာခြင်းသည် ကိုယ်တော်၏မျက်မြင်မရရောက်ရှိခြင်းကို အစပြုစေမည်ဖြစ်ကြောင်း၊ ရှေ့တွင်ကမ္ဘာ့ဒုက္ခကြီးရှိနေကြောင်းနှင့် ယင်းနောက်တွင် နာခံသောလူသားများအတွက် ထာဝရအသက်ဖြင့် မြေကြီးပေါ်တွင်ပရဒိသုပြန်လည်တည်ထောင်မည့် ခရစ်တော်၏အနှစ်တစ်ထောင်အုပ်စိုးခြင်းသည် လိုက်ပါလာမည်ဖြစ်ကြောင်း လုံးဝဥဿုံယုံကြည်ကြသည်။ ၁၈၇၉ ဇူလိုင်လတွင်၊ ဤကျမ်းစာကျောင်းသားများသည်ယခု ကင်းမျှော်စင် ဟုသိကြ သော စာစောင်ကိုစထုတ်ဝေကြသည်။ ပထမဆုံးစာစောင်ကို စောင်ရေ ၆,၀၀၀ သာဖြန့်ဝေခဲ့သည်။ သို့သော် ‘ယေဟောဝါ၏လက်တော်’ သည်ထိုသက်သေခံများနှင့်အတူ ရှိခဲ့သည်။ အကြောင်းမှာဤစာစောင်ကိုယခု ၁၁၁ ဘာသာဖြင့် တစ်မျိုးလျှင်ပျမ်းမျှ ၁၅,၀၀၀,၀၀၀ ကျော် ထုတ်ဝေနေသောကြောင့်ဖြစ်သည်။—တမန်တော် ၁၁:၁၉-၂၁ နှင့်နှိုင်းယှဉ်။
၁၁၊ ၁၂။ စင်ကြယ်သောဘာသာစကားကို ပြောဆိုသူများနားလည်သည့် သမ္မာတရားအချို့ကားအဘယ်နည်း။
၁၁ သမ္မာကျမ်းစာ၊ ယေဟောဝါသက်သေများ၏ စာပေများအားဖြင့်နှင့် အထူးသဖြင့်သတင်းကောင်းကို သူတို့ထက်သန်စွာကြေညာခြင်းတို့ကြောင့် စင်ကြယ်သောဘာသာစကားကို ကမ္ဘာတစ်ဝန်းသိရှိလာခဲ့သည်။ ယင်းကိုပြောဆိုသူများ မည်မျှကောင်းကျိုးများ ခံစားနေရပါသည်တကား။ ‘ဘုရားသည်ဘုရား၊ ခရစ်တော်သည်ဘုရား၊ သန့်ရှင်းသောဝိညာဉ်တော်သည်ဘုရား’ ဟူသည့်သုံးပါးတစ်ဆူအယူ၏ နားလည်ရန်ခက်သော ဝေါဟာရများကိုပြောမည့်အစား ယေဟောဝါသည်အကြီးမြတ်ဆုံး၊ သာ၍ငယ်သူ ယေရှုခရစ်သည် ကိုယ်တော်၏သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားရှင်၏အံ့ဖွယ်လှုပ်ရှားသောတန်ခိုး ဟူသည့်သမ္မာကျမ်းရပ်တည်ချက်နှင့် သူတို့သဘောတူညီကြသည်။ (ကမ္ဘာဦး ၁:၂။ ဆာလံ ၈၃:၁၈။ မဿဲ ၃:၁၆၊ ၁၇) လူသည်သာ၍နိမ့်ကျသောအသက်တာမျိုးမှ ဆင့်ကဲဖြစ်မလာကြောင်းနှင့်မေတ္တာရှင်ဘုရားသခင်၏ ဖန်ဆင်းရာဖြစ်ကြောင်း စင်ကြယ်သောဘာသာစကားကို ပြောဆိုသူများသိကြသည်။ (ကမ္ဘာဦး ၁:၂၇။ ၂:၇) သေသောအခါဝိညာဉ်စိုးလ်သေကြောင်း သူတို့သိရှိကြသည်။ (ဒေသနာ ၉:၅၊ ၁၀၊ ယေဇကျေလ ၁၈:၄) ငရဲသည်လူသားတို့၏သင်္ချိုင်းဖြစ်ကြောင်း၊ နတ်ဆိုး၏ဉာဏ်ဆင်မှုဖြစ်သော ညှဉ်းဆဲရာမီးအိုင်မဟုတ်ကြောင်း နားလည်ကြသည်။ (ယောဘ ၁၄:၁၃) ရှင်ပြန်ထမြောက်ခြင်းသည် သေသူများအတွက် ဘုရားပေးသောမျှော်လင့်ချက်ဖြစ်ကြောင်းကိုလည်း သူတို့သိကြသည်။—ယောဟန် ၅:၂၈၊ ၂၉၊ ၁၁:၂၅။ တမန်တော် ၂၄:၁၅။
၁၂ စင်ကြယ်သောဘာသာစကားကို ပြောဆိုသူများသည် သွေးနှင့်အသက်ကိုလေးစားမှုပြကြသည်။ (ကမ္ဘာဦး ၉:၃၊ ၄။ တမန်တော် ၁၅:၂၈၊ ၂၉) ခရစ်တော်၏မြေကြီးအသက်တာသည် နာခံသောလူသားများအတွက်ပေးခဲ့သော ရွေးဖိုးတန်ကြေးဖြစ်ကြောင်း သူတို့သိရှိကြသည်။ (မဿဲ ၂၀:၂၈။ ၁ယောဟန် ၂:၁၊ ၂) သူတို့၏ဆုတောင်းချက်များသည် ယေရှုခရစ်အားဖြင့် ယေဟောဝါဘုရားထံ တောင်းရမည်ကိုသိသောကြောင့် သူတို့သည်ဘယ်တော့မျှ “စိန့်များ” ထံဆုမတောင်းကြချေ။ (ယောဟန် ၁၄:၆၊ ၁၃၊ ၁၄) ဘုရား၏နှုတ်ကပါဌ်တော်နှင့်ဖီလာသောကြောင့် သူတို့၏ဝတ်ပြုရေးတွင် ရုပ်တုများမသုံးကြချေ။ (ထွက်မြောက်ရာ ၂၀:၄-၆။ ၁ကောရိန္သု ၁၀:၁၄) သူတို့သည်နတ်ဆိုးဆိုင်ရာအန္တရာယ်ကိုလည်းရှောင်ရှားသည်။ အကြောင်းမှာသမ္မာကျမ်းစာကလည်းရှုတ်ချထားသော နတ်ဝိဇ္ဇာအတတ်ကိုသူတို့ငြင်းပယ်သောကြောင့်ဖြစ်သည်။—တရားဟောရာ ၁၈:၁၀-၁၂။ ဂလာတိ ၅:၁၉-၂၁။
၁၃။ စင်ကြယ်သောဘာသာစကားကို ပြောဆိုသူများသည် အဘယ်ကြောင့်ယောင်မှားခြင်း မရှိကြသနည်း။
၁၃ စင်ကြယ်သောဘာသာစကားကိုပြောသော ယေဟောဝါ၏ကျေးကျွန်များအနေနှင့် ကျွန်ုပ်တို့သည် မည်သည့်အချိန်ပိုင်းတွင် ရောက်နေသည်နှင့်စပ်လျဉ်း၍ ယောင်မှားခြင်းမရှိချေ။ ယေဟောဝါသည်သူတို့အား ယေရှုသည်မျက်မြင်မရဘုန်းတန်ခိုးရှင်အဖြစ်နှင့် “ဆုံးခန်းချိန်” တွင် ကျွန်ုပ်တို့ရောက်ရှိနေကြောင်း သွန်သင်ပြီးဖြစ်သည်။ (ဒံယေလ ၁၂:၄။ မဿဲ ၂၄:၃-၁၄။ ၂ တိမောသေ ၃:၁-၅။ ၁ ပေတရု ၃:၁၈) အားကြီးလှသောကောင်းကင်တပ်များသည် ကိုယ်တော်၏နောက်တွင်ရှိလျက် ခရစ်တော်သည်ဤအစီအစဉ်စနစ်အပေါ် ဘုရားရှင့်တရားစီရင်ချက်ကိုစီရင်ရန် တိုက်ခိုက်မည့်ဆဲဆဲဖြစ်သည်။ (ဒံယေလ ၂:၄၄။ ဗျာဒိတ် ၁၆:၁၄၊ ၁၆။ ၁၈:၁-၈။ ၁၉:၁၁-၂၁) စင်ကြယ်သောဘာသာစကားကို ပြောဆိုနေသူများမှာ ခရစ်တော်လက်အောက်ရှိ ဘုရားနိုင်ငံတော်သည်မကြာမီ မြေကြီးပရဒိသုတွင် နာခံသူလူသားအားလုံးအား ကြီးမြတ်သောကောင်းချီးများ ပေးမည့်အကြောင်း ကြေညာရာတွင်အလုပ်များလျက်ရှိသည်။ (ဟေရှာယ ၉:၆၊ ၇။ ဒံယေလ ၇:၁၃၊ ၁၄။ မဿဲ ၆:၉၊ ၁၀။ ၂၄:၁၄။ လုကာ ၂၃:၄၃) ထိုအရာအားလုံးသည် အပေါ်ယံမျှသာရှိသေးသည်။ အမှန်ပင်၊ စင်ကြယ်သောဘာသာစကားသည် မြေကြီးပေါ်တွင်အနှစ်သာရအရှိဆုံး၊ အဖိုးအထိုက်ဆုံးစကားဖြစ်ပါသည်တကား။
၁၄။ စင်ကြယ်သောဘာသာစကားကို ပြောဆိုသူများသည် အခြားမည်သည့်အကျိုးများ ခံစားကြရသနည်း။
၁၄ စင်ကြယ်သောဘာသာစကားကို ပြောဆိုသူများခံစားရသော အကျိုးများတွင် နှလုံးနှင့်စိတ်ကိုကာကွယ်ပေးသော “ဘုရား၏ငြိမ်သက်ခြင်း” ပါဝင်သည်။ (ဖိလိပ္ပိ ၄:၆၊ ၇) သူတို့သည်ကျန်းမာရေး၊ ပျော်ရွှင်မှု၊ ယေဟောဝါ၏စိတ်တော်နှင့်တွေ့ခြင်းမှရရှိသော ကျေနပ်မှုကို တိုးပွားစေသည့် သမ္မာကျမ်းဥပဒေများကို နာခံကြသည်။ (၁ ကောရိန္သု ၆:၉၊ ၁၀) မှန်ပါသည်၊ စင်ကြယ်သောဘာသာစကားကို ပြောဆိုသူများသည် ဘုရားရှင်ကတိထားရာကမ္ဘာသစ်တွင် ထာဝရအသက်ရရန် မျှော်လင့်ချက်ရှိလေသည်။—၂ ပေတရု ၃:၁၃။
သုံးလော့ သို့မဟုတ် ဆုံးလော့
၁၅။ စင်ကြယ်သောဘာသာစကားကို ကောင်းစွာခြုံငုံမိခြင်းဖြင့် သင်မည်သို့အကျိုးရရှိမည်နည်း။
၁၅ ကမ္ဘာသစ်တွင် စင်ကြယ်သောဘာသာစကားကို သင်ပြောရမည်ဆိုလျှင် ယင်းသည်သင်စဉ်းစားသောဘာသာစကားဖြစ်လာသည်အထိ ယင်းကိုသင်သိကျွမ်းရမည်။ လူတစ်ဦးသည် ဘာသာစကားအသစ်တစ်ခုကိုသင်အံသောအခါ ယင်းကိုသူသည် မိမိ၏မွေးရပ်ဇာတိစကားနှင့် ဦးစွာစဉ်းစားပြီး၊ ယင်းမှတစ်ဆင့် စကားအသစ်သို့ ပြန်ဆိုလိုက်သည်။ သို့သော်သူသည် စကားအသစ်ကို ကျွမ်းကျင်လာသောအခါ တစ်ဆင့်ပြန်ဆိုနေရန်မလိုဘဲ ယင်းစကားဖြင့်တိုက်ရိုက်စဉ်းစားလေသည်။ အလားတူပင်၊ ကြိုးစားလေ့လာခြင်းအားဖြင့်၊ စင်ကြယ်သောဘာသာစကားကို ကောင်းစွာခြုံငုံမိလာသည့်အတွက် ပြဿနာများမည်သို့ဖြေရှင်းနိုင်ရန် သမ္မာကျမ်းပညတ်များနှင့်မူများ မည်သို့အသုံးပြုရမည်ကို သင်သိရှိလာမည်ဖြစ်ပြီး၊ “အသက်ရှင်ခြင်းလမ်း” ၌ရပ်တည်နေပေမည်။—ဆာလံ၁၆:၁၁။
၁၆။ စင်ကြယ်သောဘာသာစကားကို သင်မှန်မှန်အသုံးမပြုလျှင် ဘာဖြစ်နိုင်သနည်း။
၁၆ သင်သည်စင်ကြယ်သောဘာသာစကားကို မှန်မှန်အသုံးပြုရမည်၊ သို့မဟုတ်လျှင် ယင်းကိုပြောဆိုနိုင်စွမ်းပျောက်ဆုံးသွားမည်။ ဥပမာပြရသော်၊ ယခင်ကကျွန်ုပ်တို့တွင်အချို့သည် ဘာသာခြားစကားကို သင်ယူခဲ့ကြသည်။ ထိုစကားတွင်စကားလုံးအချို့ ကျွန်ုပ်တို့သတိရပေမည်။ သို့သော်ယင်းကိုအဆက်မပြတ် အသုံးမပြုနေသည့်အတွက် ယင်းကိုမပြောတတ်တော့ဘဲ ဖြစ်နိုင်သည်။ စင်ကြယ်သောဘာသာစကားလည်း အလားတူပင်ဖြစ်နိုင်သည်။ ယင်းကိုမှန်မှန်အသုံးမပြုလျှင် ထိုစကားကိုပြောဆိုနိုင်မှုပျောက်ဆုံးကာ ဝိညာဉ်ရေးအရကပ်ဘေးဆိုက်နိုင်သည်။ ထို့ကြောင့်၊ စည်းဝေးများနှင့် ခရစ်ယာန်အမှုဆောင်ခြင်းတွင် ယင်းကိုမှန်မှန်ပြောဆိုကြပါစို့။ ယင်းလုပ်ငန်းများကို ကိုယ်ပိုင်လေ့လာခြင်းနှင့် တွဲဖက်ခြင်းဖြင့် စင်ကြယ်သောဘာသာစကားကို မှန်ကန်စွာပြောဆိုနိုင်ပေမည်။ ယင်းသည်မည်မျှ အရေးကြီးလှပါသည်တကား။
၁၇။ စကားသည်အသက်ရှင်စေနိုင်သည် သို့မဟုတ် သေစေနိုင်သည်ကို ဘာကဖော်ပြသနည်း။
၁၇ စကားသည် အသက်ကယ်နိုင်သည် သို့မဟုတ် သေစေနိုင်သည်။ ၄င်းကိုဣသရေလအနွယ် ဧဖရိမ်နှင့် ဂိလဒ်မှတရားသူကြီးယေဖသစပ်ကြား တိုက်ခိုက်မှုတွင် ပြသခဲ့သည်။ ယော်ဒန်မြစ်တစ်ဘက်ကမ်းသို့ ထွက်ပြေးရန်ကြိုးစားနေသော ဧဖရိမ်လူတို့ကိုသိနိုင်ရန် ဂိလဒ်ပြည်သားများက “ရှ” သံပါသော ဖြတ်ကျော်ခွင့်စကားလုံး “ရှိဗောလက်” ကိုအသုံးပြုခဲ့သည်။ ဧဖရိမ်လူတို့သည် ယောဒန်မြစ်ဖြတ်ကူးရာနေရာတွင် “ရှိဗောလက်” အစား “သိဗောလက်” ဟုစစချင်းအသံထွက် မပြီသောကြောင့် ဂိလဒ်အစောင့်များလက်ထဲ ကျရောက်ခဲ့ရသည်။ သို့ဖြင့်၊ ဧဖရိမ်လူ ၄၂,၀၀၀ အသတ်ခံခဲ့ရသည်။ (တရားသူကြီး ၁၂:၅၊ ၆) အလားတူပင်၊ သမ္မာတရားနှင့်ကောင်းစွာအကျွမ်းမဝင်သော သူများအတွက် ခရစ်ယာန်ဘောင်ဓမ္မဆရာများ၏ သွန်သင်ချက်များသည် စင်ကြယ်သောဘာသာစကားနှင့် တူသယောင်ရှိပေမည်။ သို့သော်မှားယွင်းသောဘာသာနည်းဖြင့် ပြောဆိုသူများသည် ယေဟောဝါ၏အမျက်တော်နေ့တွင် အကျိုးနည်းနိုင်သည်။
စည်းလုံးစွာရပ်တည်နေ
၁၈၊ ၁၉။ ဇေဖနိ ၃:၁-၅ ၏ထူးခြားချက်ကားအဘယ်နည်း။
၁၈ ရှေးသစ္စာမဲ့ယေရုရှလင်နှင့် သူမ၏မျက်မှောက်ခေတ် တူညီသောခရစ်ယာန်ဘောင်ကိုရည်ညွှန်းလျက် ဇေဖနိ ၃:၁-၅ တွင်ဆိုထားသည်။ “ဆန့်ကျင်ဘက်ပြု၍ညစ်ညူးလျက် ညှဉ်းဆဲတတ်သောမြို့သည် အမင်္ဂလာရှိ၏။ နှုတ်ကပါဌ်တော်အသံကိုနားမထောင်၊ ဆုံးမတော်မူခြင်းကိုမခံ၊ [ယေဟောဝါ] ကိုမခိုလှုံ့၊ မိမိဘုရားသခင့်ထံတော်သို့ မချဉ်းကပ်။ မြို့အလယ်၌မင်းများတို့သည် ဟောက်သောခြင်္သေ့ဖြစ်ကြ၏။ တရားသူကြီးတို့သည် နံနက်တိုင်အောင် အဘယ်အရာကိုမျှမချန်မထား၊ ညဉ့်၌လှည့်လည်တတ်သော တောခွေးဖြစ်ကြ၏။ ပရာဖက်တို့သည် လျှပ်ပေါ်သောသူ၊ သစ္စာပျက်သောသူဖြစ်ကြ၏။ ယဇ်ပုရောဟိတ်တို့သည် သန့်ရှင်းရာဌာနတော်ကို ညစ်ညူးစေ၍ တရားတော်ကိုလည်းရှုတ်ချကြပါ၏။ သို့သော်လည်း၊ [ယေဟောဝါ] သည်မြို့အလယ်၌ တရားသဖြင့်ပြုတော်မူ၏။ မတရားသောအမှုကို ပြုတော်မမူ။ နံနက်အစဉ်အတိုင်းမိမိဖြောင့်မတ်ကြောင်းကို မချွတ်မယွင်းဖော်ပြတော်မူ၏။ သို့သော်လည်း၊ အဓမ္မလူတို့သည် ရှက်ကြောက်ခြင်းမရှိကြ။” ယင်းစကားများ၏ ထူးကြားချက်ကားအဘယ်နည်း။
၁၉ ရှေးယေရုရှလင်နှင့် မျက်မှောက်ခေတ်ခရစ်ယာန်ဘောင်သည် ယေဟောဝါကိုပုန်ကန်ပြီး သူတို့ကိုယ်ကိုမှောက်မှားသောဝတ်ပြုရေးဖြင့် ညစ်ညူးစေခဲ့ကြသည်။ သူတို့ခေါင်းဆောင်များ၏မှားယွင်းခြင်းက ဖိနှိပ်မှုကိုဖြစ်စေသည်။ ဘုရားရှင်က ထပ်တစ်လဲလဲသတိပေးသော်ငြားလည်း သူတို့သည်နားမထောင်ခဲ့၊ ကိုယ်တော့်အနီးတိုးကပ်ခြင်းမရှိခဲ့။ သူတို့မင်းသားများသည် လုယက်တတ်သော ခြင်္သေ့များကဲ့သို့ဖြစ်၍ ဖြောင့်မတ်ခြင်းကို မောက်မာစွာပင် ဥပေက္ခာပြုကြသည်။ လုယက်တတ်သောတောခွေးများကဲ့သို့ သူတို့သည်ဖြောင့်မတ်ခြင်းကို ဆွဲဆုတ်ခဲ့ကြသည်။ သူတို့၏ယဇ်ပုရောဟိတ်များသည် ‘သန့်ရှင်းရာဌာနတော်ကို ညစ်ညူးစေ၍ (ဘုရားသခင်၏) တရားတော်ကိုလည်း ရှုတ်ချကြ၏။’ ထို့ကြောင့်ယေဟောဝါသည် “တိုင်းနိုင်ငံပြည်သားအမျိုးမျိုးတို့ကို စုဝေးစေ၍ ငါ့အမျက်၊ ငါ့ဒေါသအရှိန်ကို အကုန်အစင်သွန်းလောင်း” မည့်ဆဲဆဲဖြစ်သည်။—ဇေဖနိ ၃:၈။
၂၀။ (က) ယေဟောဝါ၏အမျက်တော်နေ့ကို လွတ်မြောက်နိုင်ရန် ဘာပြုလုပ်ရမည်နည်း။ (ခ) ဘုရားရှင်ထံမှ ထာဝရကောင်းချီးများခံစားနိုင်ရန် သင်မည်သို့မျှော်လင့်နိုင်သနည်း။
၂၀ ယေဟောဝါ၏အမျက်တော်နေ့သည် အလျင်အမြန်ချဉ်းကပ်လျက်ရှိသည်။ ထို့ကြောင့်ဘုရားရှင်၏ကမ္ဘာသစ်ထဲသို့ လွတ်မြောက်နိုင်ရန် စင်ကြယ်သောဘာသာစကားကို မနှောင့်နှေးဘဲ သင်ယူ၍ပြောဆိုပါလေ။ ယင်းသို့ပြုမှသာသင်သည် ယခုဝိညာဏကပ်ဘေးနှင့် လျင်မြန်စွာချဉ်းကပ်နေသော ကမ္ဘာချီဖျက်ဆီးခြင်းမှ ကာကွယ်မှုတွေ့ရှိနိုင်မည်။ ယေဟောဝါသက်သေများသည် ဘုရားရှင်၏အမျက်တော်နေ့နှင့် အားသစ်လောင်းစေသည့် ကိုယ်တော့်နိုင်ငံတော်သတင်းကို ကြေညာလျက်ရှိသည်။ ကိုယ်တော့်ရှင်ဘုရင်ဆိုင်ရာ ဘုန်းတော်အကြောင်း ပြောရသည်ကို သူတို့မည်မျှပီတိ ဖြစ်ကြပါသည်တကား။ (ဆာလံ ၁၄၅:၁၀-၁၃) သူတို့နှင့်ပေါင်းစည်းပါ။ သို့နှင့်သင်သည် ထာဝရအသက်ကို ခံစားနိုင်ပြီး၊ စင်ကြယ်သောဘာသာစကားကိုအစပြုပေးသူ အချုပ်အခြာရှင်ယေဟောဝါထံမှ အခြားကောင်းချီးများခံစားရရန် မျှော်လင့်နိုင်ပေမည်။
သင်မည်သို့ဖြေဆိုမည်နည်း
▫ စင်ကြယ်သောဘာသာစကားကို သင်ယူရာတွင် နည်းလမ်းအချို့ကားအဘယ်နည်း။
▫ စင်ကြယ်သောဘာသာစကားကိုပြောဆိုရန် အဘယ်ကြောင့်အရေးကြီးသနည်း။
▫ စင်ကြယ်သောဘာသာစကားကို သင်မှန်မှန်အသုံးမပြုလျှင် ဘာဖြစ်သွားနိုင်သနည်း။
▫ လူတစ်ဦးသည် ယေဟောဝါ၏အမျက်တော်နေ့ကို မည်သို့လွတ်မြောက်ကာ ထာဝရကောင်းချီးများ ခံစားနိုင်သနည်း။
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
ဂိဒေါင်နှင့်သူ၏လူများသည် သူတို့၏တံပိုးကိုမှုတ်၍ သူတို့၏မီးတုတ်များကို မြှောက်ကြ၏။
[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]
၁၈၇၉ မှစ၍ စင်ကြယ်သောဘာသာစကားကိုတိုးမြှင့်ရန် ချားလ်တေဇ်ရပ်စယ်လ်နှင့် သူ၏အပေါင်းအပါများကို ဘုရားရှင်အသုံးပြုခဲ့ကြောင်း ထင်ရှားသည်
[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]
သင်သည်စင်ကြယ်သောဘာသာစကားကို ပြောဆိုရာတွင် ယေဟောဝါသက်သေများနှင့်တစည်းတလုံးတည်းရှိပါသလော