လူစုဝေးရာနှင့်တစ်အိမ်မှတစ်အိမ် သွန်သင်လော့
“သင်တို့အားလူစုဝေးရာနှင့်တစ်အိမ်မှတစ်အိမ်သွန်သင်ခြင်းမှ . . . ငါမလွဲရှောင်ခဲ့။”—တမန်တော် ၂၀:၂၀၊ “Byington”။
၁။ ကက်သလစ်ဘုန်းကြီးတစ်ပါးက ယေဟောဝါသက်သေများ၏ တစ်အိမ်မှတစ်အိမ်အမှုဆောင်ခြင်း၏ ထိရောက်ပုံကို မည်သို့မှတ်ချက်ချသနည်း။
“က က်သလစ်များ သတင်းကောင်းကို တစ်အိမ်မှတစ်အိမ်သို့ယူဆောင်” ၁၉၈၇ အောက်တိုဘာ ၄ ရက်ထုတ် The Providence Sunday Journal တွင်ရှိခေါင်းစည်းကိုဖတ်ရသည်။ သတင်းစာကဤလုပ်ငန်း၏အဓိကရည်ရွယ်ချက်သည် “သူတို့၏မလှုပ်မရှား အသင်းသားအချို့ကို လှုပ်လှုပ်ရှားရှားပြန်ဖြစ်ရန် ဖိတ်ခေါ်ဖို့” ဖြစ်သည်ဟုဖော်ပြထားသည်။ ဂိုဏ်းအုပ်ဆိုင်ရာရပ်ကွက်ရှိဧဝံဂေလိလုပ်ငန်းရုံး ညွှန်ကြားသူဘုန်းကြီး ဂျွန်အောလ်ဒ်၏စကားကိုကိုးကားထားသည်။ “မယုံမယ့်သူတွေအတော်များများ တွေ့ရမှာသေချာတယ်။ လူတွေက ‘သူတို့ဟာယေဟောဝါသက်သေတွေလို လုပ်နေကြတယ်’ လို့ဆိုကြလိမ့်မယ်။ ဒါပေမယ့်၊ ယေဟောဝါသက်သေတွေဟာ ထိရောက်တယ်မဟုတ်လား။ ပြည်နယ် (ရိုဒီကျွန်း၊ ယူအက်စ်အေ) ထဲမှာရှိတဲ့ ဘယ်နိုင်ငံတော်ခန်းမကိုမဆို သွားကြည့်ရင်၊ သူတို့အသင်းတော်တွေမှာ အရင်ကကက်သလစ်ဖြစ်ခဲ့သူတွေနဲ့ ပြည့်နေတာတွေ့ရမယ်ဆိုတာ ကျွန်တော်လောင်းရဲတယ်။”
၂။ မည်သည့်မေးခွန်းကိုလျောက်ပတ်စွာ မေးထားသနည်း။
၂ မှန်ပါသည်၊ ယေဟောဝါသက်သေများသည် သူတို့၏ထိရောက်သော တစ်အိမ်တက်ဆင်းအမှုဆောင်ခြင်းအတွက် လူသိများကြသည်။ သို့သော်သူတို့သည်အဘယ်ကြောင့် တစ်အိမ်မှတစ်အိမ်သွားကြသနည်း။
တမန်တော်များနည်းစံနစ်
၃။ (က) ယေရှုခရစ်သည်မိမိ၏တပည့်များအား မည်သည့်လုပ်ငန်းပေးအပ်ခဲ့သနည်း။ (ခ) ခရစ်တော်၏စောစောပိုင်း နောက်လိုက်များသည် သူတို့၏လုပ်ငန်းကိုမည်သို့အဓိကနည်းဖြင့် လုပ်ဆောင်ခဲ့ကြသနည်း။
၃ ခရစ်တော်ယေရှုသည်မိမိ၏နောက်လိုက်များအား ဤအဓိပ္ပာယ်ပြည့်ဝသောတာဝန်ပေးခဲ့သည်။ “သင်တို့သွား၍ လူမျိုးတကာတို့ကိုငါ့တပည့်ဖြစ်စေလျက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကိုပေးကြလော့။ ငါသည်သင်တို့အားပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ ဆုံးမသြဝါဒပေးကြလော့။ ငါသည်လည်းကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူအစဉ်မပြတ်ရှိသည်။” (မဿဲ ၂၈:၁၉၊ ၂၀) ၃၃ စီအီး၊ ပင်တေကုတ္တေပွဲနေ့ပြီးနောက်ချက်ချင်းပင် ယင်းလုပ်ငန်းကိုအဓိကပြုလုပ်မည့်နည်းသည် ပေါ်လွင်လာလေသည်။ “ဗိမာန်တော်၌လည်းကောင်း၊ အိမ် (တစ်အိမ်မှတစ်အိမ်၊ NW) ၌လည်းကောင်း နေ့တိုင်းအစဉ်ဆုံးမသွန်သင်လျက် ယေရှုသည်ခရစ်တော်ဖြစ်၏ဟူ၍ ဧဝံဂေလိတရားကို မပြတ်ဟောပြောလျက်နေကြ၏။” (တမန်တော် ၅:၄၂) အနှစ် ၂၀ ကြာပြီးနောက် တမန်တော်ပေါလုသည် တစ်အိမ်မှတစ်အိမ်လုပ်ငန်းတွင် ပါဝင်လျက်ရှိသည်။ အကြောင်းမှာ “သင်တို့အကျိုးပြုစုရာတစ်စုံတစ်ခုကိုမျှ ငါမထိမ်မဝှက်။ လူစုဝေးရာ၌လည်းကောင်း၊ အိမ်များ (တစ်အိမ်မှတစ်အိမ်၊ NW) ၌လည်းကောင်း သင်တို့အားဟောပြော၍ ဆုံးမသြဝါဒပေးသဖြင့်” ဟုဧဖက်မြို့ရှိ ခရစ်ယာန်အကြီးအကဲများကို နှိုးဆော်ခဲ့သည်။—တမန်တော် ၂၀:၂၀။
၄။ တမန်တော် ၅:၄၂ နှင့်တမန်တော် ၂၀:၂၀ သည်ယေရှုနောက်လိုက်များ၏ ဟောပြောခြင်းမှာ တစ်အိမ်မှတစ်အိမ်ဖြန့်ဝေခြင်းကိုဆိုလိုကြောင်း အဘယ်ကြောင့်ကျွန်ုပ်တို့ပြောနိုင်သနည်း။
၄ တမန်တော် ၅:၄၂ ၌ “တစ်အိမ်မှတစ်အိမ်” စကားများသည် ကာတီကောန် (kat’ oi΄kon) မှဘာသာပြန်ထားခြင်းဖြစ်သည်။ ဤတွင် ကာတာ သည် “ဖြန့်ဝေ” သည့်သဘောဖြစ်သည်။ သို့ဖြင့်၊ တပည့်တော်များ၏ဟောပြောခြင်းသည် တစ်အိမ်မှတစ်အိမ်ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။ တမန်တော် ၂၀:၂၀ အပေါ်ကောက်ချက်ချရာ၌ ရန်ဒေါ့လ်ဖ်အိုရီဂါ ကပေါလုသည် “လူစုဝေးရာများ (de·mo·si΄a) နှင့်တစ်အိမ်မှတစ်အိမ် (အပြစ်ဖော်ပြလျက် ဖြန့်ဝေ [ka·ta΄] ) သွန်သင်ခဲ့သည်ဟု ရေးသားခဲ့သည်။ ပေါလုသည်ဧဖက်တွင် သုံးနှစ်နေခဲ့သည်။ သူသည်အိမ်တိုင်းကိုလည်ပတ်ခဲ့ပြီး သို့မဟုတ် အနည်းဆုံးတော့လူအားလုံးကို ဟောပြောခဲ့သည် (အခန်းငယ် ၂၆)။ ယင်းသည်တစ်အိမ်မှတစ်အိမ်နှင့် လူစုလူဝေးတွင် ဟောပြောခြင်းအတွက် ခိုင်လုံသောကျမ်းအထောက်အထားဖြစ်လေသည်။”
၅။ တမန်တော် ၂၀:၂၀ တွင်ပေါလုသည်အဘယ်ကြောင့် အကြီးအကဲများထံ လူမှုရေးလည်ပတ်ခြင်း သို့မဟုတ် သိုးထိန်းလည်ပတ်ခြင်းကိုသာ ဆိုလိုခြင်းမဟုတ်သနည်း။
၅ အလားတူ ကာတာ ကိုအသုံးပြုခြင်းသည် လုကာ ၈:၁ တွင်တွေ့ရပြီး၊ ထိုတွင်ယေရှုသည် “တစ်မြို့မှတစ်မြို့နှင့်တစ်ရွာမှတစ်ရွာ” ဟောပြောသည်ဟုဆိုထားလေသည်။ ပေါလုကတမန်တော် ၂၀:၂၀ တွင်ဗဟုဝုစ်ကိန်း ကာတီကော့စ် (kat’oi΄kous) ကိုအသုံးပြုခဲ့သည်။ ဤတွင်အခြားဘာသာပြန်ကျမ်းများက “သင်တို့၏အိမ်များ၌” ဟုဖတ်ရှုရသည်။ သို့သော်တမန်တော်က အကြီးအကဲများထံလူမှုရေးလည်ပတ်ခြင်း သို့မဟုတ် ယုံကြည်သူဘက်သားအိမ်သို့ သိုးထိန်းလည်ပတ်ခြင်းကိုသာ ရည်ညွှန်းနေခြင်းမဟုတ်ပါ။ သူ၏နောက်စကားများက သူသည်မယုံကြည်သူများထံ တစ်အိမ်မှတစ်အိမ်အမှုဆောင်ခြင်းကို ပြောဆိုနေကြောင်းပြသသည်။ သူပြောခဲ့သည်မှာ “ဘုရားသခင်ရှေ့တော်၌ နောင်တရခြင်းတရားကိုလည်းကောင်း၊ ငါတို့သခင်ယေရှုခရစ်ကို ယုံကြည်ခြင်းတရားကိုလည်းကောင်း ယုဒလူဟေလသလူတို့အား သက်သေခံသည်အကြောင်းအရာကို သင်တို့သိကြ၏။” (တမန်တော် ၂၀:၂၁) ယုံကြည်သူဘက်သားများသည် နောင်တယူပြီးခဲ့သူများဖြစ်ပြီး၊ ယေရှု၌ယုံကြည်ခြင်းတင်ပြသူများဖြစ်သည်။ ထို့ကြောင့်၊ တမန်တော် ၅:၄၂ နှင့်တမန်တော်၂၀:၂၀ နှစ်ခုစလုံးသည်မယုံကြည်သူများအား “တစ်အိမ်မှတစ်အိမ်” သို့မဟုတ် တံခါးဝတစ်ခုမှတစ်ခုသို့ ဟောပြောခြင်းနှင့်သက်ဆိုင်လေသည်။
အစားထိုးရန်မရှိ
၆။ ဧဖက်တွင်ပေါလု၏ဟောပြောခြင်းပုံစံနှင့်စပ်လျဉ်း၍ ဘာပြောခဲ့ကြသနည်း။
၆ ၁၈၄၄ တွင်အေဘီရယ်လ်အဘောတ်လစ်ဗာမိုး (Abiel Abbot Livermore) ကတမန်တော် ၂၀:၂၀ ရှိပေါလု၏စကားအပေါ် ဤသို့ကောက်ချက်ချ ရေးသားခဲ့သည်။ “သူသည်လူစုလူဝေးတွင် ဟောပြောရုံ၊ အခြားနည်းလမ်းများဖြင့်ဖြန့်ဝေခြင်းနှင့်သာ မကျေနပ်ခဲ့ပါ။ သို့သော်၊ ဇွဲလုံ့လဖြင့် သူ၏ကြီးမားသောလုပ်ငန်းကို သီးသန့်တစ်အိမ်မှတစ်အိမ်နှင့်ကောင်းကင်သမ္မာတရားကို စာသားအတိုင်းဧဖက်သားများ၏ အိုးအိမ်နှင့်နှလုံးထဲအထိ အိမ် တိုင်ယာရောက် ပို့ဆောင်ပေးခဲ့သည်။” မကြာသေးမီက၊ “တစ်အိမ်မှတစ်အိမ်သတင်းကောင်းဖြန့်ဝေခြင်းသည် အစကတည်းက ပထမရာစုခရစ်ယာန်များအား သီးခြားပေါ်လွင်စေသည်။ (တမန်တော် ၂:၄၆။ ၅:၄၂) . . . [ပေါလု] သည်ဧဖက်ရှိဂျူးများနှင့်တစ်ပါးအမျိုးသားများအား သူ၏တာဝန်ကိုစေ့စပ်စွာထမ်းဆောင်ခဲ့ကါ သူတို့သည်သူတို့၏အပြစ်၌ပျက်စီးလျှင် သူတို့ဘာမျှဆင်ခြေပေးစရာမလိုတော့ချေ။”—The Wesleyan Bible Commentary,Volume 4, pages 642-3.
၇။ ယေဟောဝါသက်သေများ၏ တစ်အိမ်မှတစ်အိမ်အမှုဆောင်ခြင်းကို ဘုရားရှင်နှစ်ခြိုက်ကြောင်း အဘယ်ကြောင့်ပြောနိုင်သနည်း။
၇ လူစုလူဝေးတွင်ဟောပြောခြင်းသည် သတင်းကောင်းကြေညာရာ၌ ယင်းနေရာနှင့်နေရာရှိရာ၊ ယင်းသည်တံခါးဝတွင်နှစ်ကိုယ်ကြားဆက်သွယ်ရန်အတွက် အစားမထိုးနိုင်ချေ။ ယင်းနှင့်စပ်လျဉ်း၍ ပညာတတ်ဂျိုးဇက်အက်ဒီဆင်အလက်ဇန္ဒားက “အသင်းတော်သည် အိမ်တွင်သွားရောက်ဟောပြောခြင်း၏ အကျိုးထိရောက်မှုကို ဘာနှင့်မျှအစားမထိုးနိုင်သေးချေ” ဟုဆိုခဲ့သည်။ ပညာတတ်အိုအေဟင်းလ် ပြောသည့်အတိုင်း “လူစုလူဝေးရှေ့သွန်သင်ခြင်းနှင့် တစ်အိမ်မှတစ်အိမ်သွန်သင်ခြင်းဟာ ယှဉ်တွဲနေရမည်။” ယေဟောဝါသက်သေများသည် သူတို့၏ပတ်စဉ်လူထုစည်းဝေးများတွင် ဟောပြောချက်များဖြင့် သွန်သင်ချက်များပို့ချသည်။ သို့သော်၊ တစ်အိမ်မှတစ်အိမ်သမ္မာတရားဖြန့်ဝေသော တမန်တော်များစနစ်သည် ထိရောက်ကြောင်းရှင်းနေသော အထောက်အထားများရှိလေသည်။ ယေဟောဝါရှင်လည်းယင်းကိုနှစ်သက်ပြီး၊ ထိုသို့သောအမှုဆောင်ခြင်းကြောင့် ကိုယ်တော်သည်ထောင်ပေါင်းများစွာကို နှစ်စဉ်မိမိ၏ချီးမြှောက်ခံရသည့် ဝတ်ပြုရေးသို့ စီးဆင်းလာစေသည်။—ဟေရှာယ ၂:၁-၄၊ ၆၀:၈၊ ၂၂။
၈။ (က) တစ်အိမ်မှတစ်အိမ်ဟောပြောခြင်းသည် အဘယ်ကြောင့်ထိရောက်ရပုံအကြောင်းရင်းကို မည်သို့ပြောခဲ့ကြသနည်း။ (ခ) ယေဟောဝါသက်သေများသည် တံခါးဝဟောပြောခြင်းနှင့်အခြားသက်သေခံခြင်းတွင်ပေါလုနှင့်မည်သို့ နှိုင်းယှဉ်နိုင်သနည်း။
၈ အခွင့်အာဏာရှိသူနောက်တစ်ဦးက “လူတို့သည်ဘုရားကျောင်းမှာထက် သူတို့၏တံခါးဝတွင် သွန်သင်ပေးသည်ကိုသတိရရန် ပိုလွယ်ကူစေသည်” ဟုဆိုခဲ့သည်။ ပေါလုသည်တံခါးဝများတွင် မှန်မှန်သွားရောက်ပြီး၊ အမှုဆောင်တစ်ဦးအနေနှင့်ပုံသက်သေကောင်း တင်ပြသည်။ “သူသည်တရားဇရပ်နှင့်ဈေးများတွင် သွန်သင်ဟောပြောရုံနှင့်မကျေနပ်ချေ” ဟုကျမ်းတတ် အက်ဒဝင်ဒဗလျူရိုက်စ် ကရေးသားခဲ့သည်။ “သူသည်အမြဲပင် ကြိုးကြိုးစားစား ‘တစ်အိမ်မှတစ်အိမ်’ ‘သွန်သင်’ လေသည်။ ယင်းသည်နတ်ဆိုးနှင့်တစ်အိမ်မှတစ်အိမ် လက်ချင်းယှဉ်လျက် မျက်နှာချင်းဆိုင်တိုက်လှန်မှုဖြစ်ပြီး ဧဖက်တွင်သူတိုက်ခဲ့ခြင်းသည် ခရစ်တော်ဘက်တော်သားများရရှိရန်ဖြစ်သည်။” တံခါးဝတွင်နှစ်ဦးချင်းဆွေးနွေးခြင်းသည် ထိရောက်ကြောင်းယေဟောဝါသက်သေများသိကြသည်။ ထို့ပြင်သူတို့သည် ပြန်လည်ပတ်မှုများပြုလုပ်ကြပြီး ဆန့်ကျင်သူများနှင့်ပင်ခွင့်ပြုလျှင် လျောက်ပတ်သောဆွေးနွေးပွဲများပြုလုပ်ရန် ဝမ်းမြောက်ကြသည်။ ပေါလုနှင့်တူလှပါသည်တကား။ သူနှင့်စပ်လျဉ်း၍ အက်ဖ်အင်န်ပယ်လ်လိုဘက်တ်က ရေးသားခဲ့သည်။ “ပေါလု၏လုပ်ငန်းသည်စည်းဝေးများ၌သာ မဟုတ်ချေ။ သိရှိလိုသူတစ်ဦး သို့မဟုတ် စိတ်ဝင်စားလျှင် သို့မဟုတ် ဆန့်ကျင်သော်လည်း ဘာသာရေးကိုဆွေးနွေးရန်အသင့် ရှိကြောင်းသိရလျှင် သူတို့၏အိမ်တွင်ကိုယ်တိုင်ကိုယ်ကျ လည်ပတ်ခဲ့မည်မှာ ယုံမှားဖွယ်မရှိချေ။”
အကြီးအကဲများဦးဆောင်ရန်
၉။ ပေါလုသည်အကြီးအကဲချင်းများအား မည်သည့်ပုံသက်သေချမှတ်ခဲ့သနည်း။
၉ ပေါလုသည်အကြီးအကဲများအားမည်သည့် ပုံသက်သေထားခဲ့ပါသနည်း။ သူတို့သည်ရဲရင့်ပြီးသတင်းကောင်းကိုတစ်အိမ်မှတစ်အိမ်ဟောပြောသူများ ဖြစ်သင့်သည်ကိုသူပြသခဲ့သည်။ ၁၈၇၉ တွင်ဂျေဂလင့်ဝပ်သ်ဘတ်လာက ဤသို့ရေးခဲ့သည်။ “ [ပေါလု၏] ဟောပြောခြင်းတွင် သူသည်အန္တရာယ်ကျရောက်မည် သို့မဟုတ် လူကြိုက်များရန်ဟူသည့်အတွေးများဖြင့် လုံးဝမထိခိုက်ခဲ့ကြောင်း [ဧဖက်အကြီးအကဲများ] သိရှိကြသည်။ သူသည်လိုအပ်သောသမ္မာတရားကို ထိမ်ချန်မထားခဲ့ချေ။ သူသည်တစ်ဘက်သတ်မျက်နှာလိုက်ခြင်းဖြင့် အကြောင်းတစ်ခု သို့မဟုတ် သမ္မာတရား၏ ထူးထွေသောအပိုင်းလောက်အပေါ်သာ အာရုံမစိုက်ဘဲ ‘ပါရမီတိုးပွားအောင် သင်ကြားရာ၌’ သို့မဟုတ် တည်ဆောက်ရာ၌ အကျိုးရှိသည့် အရာ အားလုံးကိုသာတိုက်တွန်းသွန်သင်ခဲ့သည်။ ဘုရားရှင်၏သွန်သင်ချက်တစ်ခုလုံး ကိုယင်း၏စင်ကြယ်သောအရှိအတိုင်း ဖော်ပြခဲ့သည်။ ခရစ်ယာန်သမ္မာတရားကို ဤသစ္စာရှိရှိ ‘ပြသခြင်း’၊ ဤအားကြီးသော ‘သွန်သင်ခြင်း’ သည်သူ၏လုပ်ရိုးလုပ်စဉ်ဖြစ်ပြီး၊ တုရန္နု၏ကျောင်းနှင့်တပည့်တော်များစုဝေးရာ အခြားနေရာများ၌သာမဟုတ်ဘဲ ဝင်ရောက်နိုင်သောအိမ်တိုင်းတွင် လုပ်ဆောင်ခဲ့သည်။ တစ်အိမ်မှတစ်အိမ်၊ စိုးလ်တစ်ခုမှနောက်စိုးလ်တစ်ခု၊ တစ်နေ့ပြီးတစ်နေ့ခရစ်တော်ကဲ့သို့သော ဆန္ဒနှင့်တောင့်တခြင်းဖြင့် သူသည် သတင်းကောင်းကိုကြေညာခဲ့သည်။ အတန်းအစား၊ အမျိုးအနွယ်အားလုံး၊ ရန်လိုသောဂျူးနှင့်ကဲ့ရဲ့သောဂရိတ်များထံ ပြည့်ပြည့်စုံစုံရှင်းလင်းချက်များတွင် အခြားအရေးပါသော ကယ်တင်ခြင်းသမ္မာတရားများပါဝင်ပြီး သူ၏တစ်ခုတည်းသောအဓိကအချက်မှာ ဘုရားရှင်ထံနောင်တယူ၍ ကျွန်ုပ်တို့၏သခင်ယေရှုခရစ်၌ယုံကြည်ရန် ပင်ဖြစ်သည်။”
၁၀၊ ၁၁။ (က) ခရစ်ယာန်အမှုဆောင်ခြင်းနှင့်စပ်လျဉ်း၍ ပေါလုသည်ဧဖက်အကြီးအကဲများအား ဘာမျှော်လင့်ခဲ့သနည်း။ (ခ) ပေါလုကဲ့သို့အကြီးအကဲများအပါအဝင် ယေဟောဝါသက်သေများသည် မည်သို့သောဟောပြောခြင်းမျိုးတွင် ပါဝင်ကြသနည်း။
၁၀ အနှစ်သာရအနေနှင့်ပေါလုသည် ဧဖက်အကြီးအကဲများထံမှ ဘာမျှော်လင့်သနည်း။ ပညာတတ်အီးအက်စ်ယန်းက တမန်တော်၏စကားများကို ဤသို့စကားပြေပြန်ဆိုခဲ့သည်။ “ငါသည်လူစုဝေးရာ၌သာမဟုတ်ဘဲ ဂျူးများနှင့်တစ်ပါးအမျိုးသားအပါအဝင် အတန်းအစားအားလုံးထံ တစ်အိမ်မှတစ်အိမ် ကြိုးပမ်းခဲ့သည်။ အတန်းအစားအားလုံးထံ ငါ၏အမှုဆောင်ခြင်း၏အဓိကအချက်မှာ၊ ‘ဘုရားရှင်ထံနောင်တယူ၍ ကျွန်ုပ်တို့၏သခင်ယေရှုခရစ်၌ ယုံကြည်ရန်’ ဖြစ်သည်။” ပေါလု၏စကားများကို နောက်တစ်နည်းဆိုသော် ဒဗလျူဘီရီလေးက ဤသို့ရေးသားခဲ့သည်။ “ရှင်းနေတဲ့အဓိပ္ပာယ်ကတော့၊ ‘ငါစခဲ့တာကိုမင်းတို့ဆက်လုပ်စေချင်တယ်။ လုပ်ဆောင်၊ သွန်သင်ဖို့ဖြစ်ပြီး၊ ငါတိုက်လှန်သလိုမင်းတို့တိုက်လှန်ဖို့ ငါမျှော်လင့်တယ်။ လမ်းတွေပေါ်မှာနဲ့ တစ်အိမ်ပြီးတစ်အိမ်မှာငါလုပ်ခဲ့သလို သီးသန့်နဲ့လူစုလူဝေးမှာသွန်သင်ပေးယင်း ဂျူးများနဲ့ဂရိတ်များကိုဘုရားရှင်ထံနောင်တယူပြီး ငါတို့သခင်ယေရှုခရစ်မှာယုံကြည်ရန် သက်သေခံဖို့ဖြစ်တယ်။ ဒါတွေဟာအခြေခံတွေဘဲဖြစ်တယ်။’”
၁၁ ရှင်းနေသည်ကား တမန်တော်အခန်းကြီး ၂၀ တွင်ပေါလုကအကြီးအကဲချင်းများအား သူတို့သည်ယေဟောဝါ၏တစ်အိမ်တက်ဆင်း သက်သေခံများဖြစ်လာရန် မျှော်လင့်ကြောင်းပြသည်။ ဤကိစ္စရပ်တွင်အကြီးအကဲများသည် ဦးဆောင်ရန်ဖြစ်ပြီး အသင်းတော်ရှိအခြားအသင်းသားများအတွက် လျောက်ပတ်သောပုံသက်သေကိုတင်ပြရန် ဖြစ်လေသည်။ (ဟေဗြဲ ၁၃:၁၇ ကိုနှိုင်းယှဉ်) ပေါလုကဲ့သို့ပင် ယေဟောဝါသက်သေများသည် တစ်အိမ်မှတစ်အိမ်ဟောပြောပြီး လူမျိုးအပေါင်းအား ဘုရားသခင့်နိုင်ငံတော်အကြောင်းပြောပြကာ ကိုယ်တော်၌နောင်တ ယူပြီး ယေရှုခရစ်ကိုယုံကြည်ရန်ဖြစ်သည်။ (မာကု ၁၃:၁၀။ လုကာ ၂၄:၄၅-၄၈) ထိုတစ်အိမ်မှတစ်အိမ်လုပ်ငန်းတွင် သက်သေခံများအတွင်းရှိ ခန့်အပ်ခံအကြီးအကဲများသည် ဦးဆောင်ရန်ဖြစ်သည်။—တမန်တော် ၂၀:၂၈။
၁၂။ ယခင်အကြီးအကဲအချို့သည် ဘာကိုလုပ်ရန်ငြင်းဆန်ခဲ့ကြသနည်း။ သို့သော်ယနေ့တွင်အကြီးအကဲများသည် မည်သည့်အမှုတွင် ဦးစီးလုပ်ဆောင်ကြသနည်း။
၁၂ ၁၉၈၇ တွင်စီတီရပ်စယ်လ်က Zion’s Watch Tower and Herald of Christ’s Presence, ကိုစတင်ထုတ်ဝေခဲ့ပြီး၊ ယခု ကင်းမျှော်စင် ယေဟောဝါနိုင်ငံတော်ကိုကြေညာခြင်း ဟုခေါ်သည်။ ရပ်စယ်လ်နှင့်အခြားကျမ်းစာကျောင်းသားများသည် တမန်တော်များပုံစံဖြင့် နိုင်ငံတော်သတင်းကိုကြေညာခဲ့သည်။ သို့သော်နောက်ပိုင်းနှစ်များတွင် အချို့အသင်းတော်အကြီးအကဲများသည် သူတို့၏သက်သေခံခြင်းတာဝန်များအတိုင်း မနေထိုင်ခဲ့ကြချေ။ ဥပမာ၊ သက်သေခံတစ်ဦးက “အားလုံးတစ်အိမ်တက်တစ်အိမ်ဆင်း သက်သေခံခြင်းမှာ စာတိုစာတမ်းနဲ့တစ်ကွ အထူးသဖြင့် တနင်္ဂနွေတစ်အိမ်မှတစ်အိမ်လုပ်ငန်းမှာ ပါဝင်ဖို့မကြေညာခင်အထိ အခြေအနေတွေကောင်းနေပြီး၊ အဲ့ဒါက၊ ၁၉၂၇ မှာဖြစ်တယ်။ ကျွန်ုပ်တို့ရဲ့တင်မြှောက်ခံအကြီးအကဲများဟာ ဆန့်ကျင်ကြပြီး၊ အဲ့ဒီလိုလုပ်ငန်းမျိုးကို လုပ်ဆောင်ပါဝင်ခြင်းမပြုဖို့၊ အားလုံးကိုစိတ်ဓာတ်ကျအောင် ကြိုးပမ်းခဲ့ကြတယ်။” နောက်ပိုင်းတွင်၊ တစ်အိမ်တက်ဆင်းဟောပြောခြင်းတွင် မပါဝင်သူအမျိုးသားများသည် အကြီးအကဲများအဖြစ် အခွင့်အရေးမရှိတော့ချေ။ ယနေ့တွင်လည်း၊ အကြီးအကဲများနှင့်ဓမ္မအမှုထမ်းများအဖြစ် ထမ်းဆောင်နေသူများသည် တစ်အိမ်မှတစ်အိမ် သက်သေခံခြင်းနှင့် အခြားခရစ်ယာန်အမှုဆောင်ခြင်းများတွင် ပါဝင်ရန်ဖြစ်သည်။
ယောက်တိုင်းသက်သေခံ
၁၃။ (က) လူများသည်နိုင်ငံတော်သတင်းကို နားမထောင်လျှင်ပင် ကျွန်ုပ်တို့ဘာပြုသင့်သနည်း။ (ခ) ပေါလုကိုယေဇကျေလနှင့်မည်သို့ နှိုင်းယှဉ်ခဲ့သနည်း။
၁၃ နိုင်ငံတော်သတင်းကို လေးမြတ်စွာလက်မခံကြငြားလည်း ယေဟောဝါအကူအညီနှင့်ခရစ်ယာန်များသည် တစ်အိမ်မှတစ်အိမ်ဟောပြောသင့်သည်။ ယေဇကျေလသည် ဘုရားရှင်၏ကင်းစောင့်အနေနှင့်လူများအား သူတို့နားထောင်သည်ဖြစ်စေ၊ မထောင်သည်ဖြစ်စေ သတိပေးရန်ဖြစ်သည်။ (ယေဇကျေလ ၂:၅-၇။ ၃:၁၁၊ ၂၇။ ၃၃:၁-၆) ယေဇကျေလနှင့်ပေါလုစပ်ကြားယှဉ်လျက် အီးအမ်ဗလိုက်ကလော့ခ် ကရေးသားခဲ့သည်။ “ [ပေါလု၏တမန်တော်အခန်းကြီး ၂၀ ပါစကား] မှဧဖက်တွင်အမှုဆောင်ခြင်းပုံစံ ထင်ရှားစွာတွေ့မြင်ရသည်။ ပထမဆုံးပေါလု၏ အရေးကြီးလှသောသစ္စာရှိမှုဖြစ်သည်။ သူသည်ကျော်ကြားမှုရှာနေသူ သို့မဟုတ် လူထုအကြိုက်လိုက်နေသူမဟုတ်ချေ။ ယေဇကျေလကဲ့သို့ကင်းစောင့်တာဝန်၌ သူ၏စကားနှင့်ညီရန် ဇွဲလုံ့လဖြင့်ထမ်းဆောင်ခဲ့သည်။ ဒုတိယမှာ၊ သူ၏မေတ္တာပါစာနာမှုဖြစ်သည်။ သူသည်စီရင်ခြင်းသတင်းကို သူ၏နှုတ်ခမ်းတွင်စိတ်လှုပ်ရှားမှုမရှိဘဲ ပြောသူမဟုတ်ချေ။ တတိယမှာ၊ သူ၏မဆုတ်မနစ်ဟောပြောခြင်းဖြစ်သည်။ လူစုဝေးရာနှင့်တစ်အိမ်မှတစ်အိမ်၊ မြို့တွင်းနှင့်နယ်မြေတစ်လျှောက်တွင် သူသည်သတင်းကောင်းကိုဟောပြောခဲ့သည်။
၁၄။ သက်သေခံခြင်းသည် အဘယ်ကြောင့် ယေရှုခရစ်အားဖြင့်ဆုတောင်းလျက်ယေဟောဝါဘုရားထံဆက်ကပ်အပ်နှံသူယောက်တိုင်း၏တာဝန်ဖြစ်သနည်း။
၁၄ ဘုရားရှင်၏ကြွယ်ဝသောကောင်းချီးများ ကိုယ်တော်၏မျက်မှောက်ခေတ်ကျေးကျွန်များအပေါ်တည်ရှိခြင်းက သူတို့အားယေဟောဝါသက်သေများအဖြစ် နာမည်ခံယူရန် ကိုယ်တော်နှစ်သက်ကြောင်း သံသယရှိရန်မလိုချေ။ (ဟေရှာယ ၄၃:၁၀-၁၂) ထို့ပြင်၊ သူတို့သည်ခရစ်တော်၏ သက်သေခံများလည်းဖြစ်သည်။ အကြောင်းမှာ၊ ယေရှုကကိုယ်တော်၏နောက်လိုက်များအား “သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်သောအခါ သင်တို့သည်တန်ခိုးကိုခံရ၍ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေဖြစ်ကြလိမ့်မည်” မိန့်တော်မူ၏။ (တမန်တော် ၁:၈) ထို့ကြောင့်သက်သေခံခြင်းသည် ယေရှုခရစ်အားဖြင့်ဆုတောင်းလျက် ယေဟောဝါဘုရားရှင်ထံ ဆက်ကပ်အပ်နှံထားသူယောက်တိုင်း၏ တာဝန်ဖြစ်သည်။
၁၅။ စောစောပိုင်းခရစ်ယာန်များသည် သက်သေခံခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ဘာပြောကြသနည်း။
၁၅ သက်သေခံခြင်းကိုဤသို့ဆိုခဲ့သည်။ “ယင်းသည်အသင်းတော်တစ်ခုလုံးနှင့်သက်ဆိုင်သည်။ စောစောပိုင်းအသင်းတော်၏ စွန့်စားသာသနာပြုခြင်းသည် အမျိုးသမီးသာသနာပြုအဖွဲ့အစည်း သို့မဟုတ် နိုင်ငံခြားသာသနာအဖွဲ့၏တာဝန်မဟုတ်ချေ။ သက်သေခံခြင်းလုပ်ငန်းကို သက်မွေးဝမ်းကျောင်းအရလုပ်ကိုင်သော အကြီးအကဲများ၊ ဒီကန်များကဲ့သို့ သို့မဟုတ် တမန်တော်များအတွက်သာမဟုတ်ဘဲ . . . ထိုအချိန်ကအသင်းတစ်ခုလုံး၏တာဝန်ဖြစ်ခဲ့သည်။ ရှေးစောစောပိုင်းအချိန်က အသင်းတော်သည်စေလွှတ်ခြင်းခံခဲ့ရသည်။ စောစောပိုင်းအသင်းတော်၏ သာသနာပြုအစီအစဉ်သည် ခံယူချက်နှစ်ရပ်အပေါ် အခြေခံခဲ့သည်။ (၁) အသင်းတော်၏အဓိကတာဝန်သည် ကမ္ဘာချီဧဝံဂေလိဟောပြောခြင်း။ (၂) ဤတာဝန်ကိုထမ်းဆောင်ရန် ခရစ်ယာန်အသိုင်းအဝိုင်းတစ်ခုလုံးအပေါ်ရှိနေသည်။”—ဂျေဟာဘတ်ကိန်း။
၁၆။ ခရစ်ယာန်ဘောင်မှစာရေးသားသူများပင် ခရစ်ယာန်များနှင့်သက်သေခံခြင်းအကြောင်း ဘာအသိအမှတ်ပြုခဲ့ကြသနည်း။
၁၆ မျက်မှောက်ခေတ်ခရစ်ယာန်ဘောင်၏ စာရေးသားသူများသည် နိုင်ငံတော်သတင်းနှင့် သဘောမတူညီသော်လည်း ခရစ်ယာန်များသည်သက်သေခံရန်တာဝန်ရှိကြောင်း အချို့အသိအမှတ်ပြုကြသည်။ ဥပမာ၊ Everyone a Minister စာအုပ်တွင်အော်စကာအီးဖက်ဖ်ချ်က “ယုံကြည်သူတစ်ယောက်စီအား ဘုရားရှင်ပေးသောအမှုဆောင်ခြင်းကို မည်သည့်ဓမ္မဆရာမှ မဖြည့်ဆည်းနိုင်ချေ။ အသင်းတော်အတွင်း ရာစုများစွာကရှိခဲ့သောမှားယွင်းသည့် အတွေးကအသင်းသား ၅၀၀ ၏လုပ်ငန်းကိုဓမ္မဆရာတစ်ဦးတည်း၏ လုပ်ငန်းဖြစ်စေခဲ့သည်။ စောစောပိုင်းအသင်းတော်တွင် ထိုသို့မဟုတ်ချေ။ ယုံကြည်သက်ဝင်သူတို့သည် နေရာတကာသို့သွား၍ နှုတ်ကပတ်တော်ကို ဟောပြောကြသည်။”
၁၇။ စောစောပိုင်းခရစ်ယာန်များ၏အသက်တာတွင် သက်သေခံခြင်းနှင့်စပ်လျဉ်း၍ ဘာပြောနိုင်သနည်း။
၁၇ သက်သေခံခြင်းသည် ယနေ့ယေဟောဝါ၏လူမျိုးအတွင်းမှာကဲ့သို့ ထိပ်ဆုံးပိုင်းတွင်ရှိခဲ့သည်။ “ကျယ်ကျယ်ပြန့်ပြန့်ပြောရလျှင်” “ခရစ်ယာန်လှုပ်ရှားမှု၏ စောစောပိုင်းသုံးရာစုက ယုံကြည်ခြင်းကိုပြန့်ပွားစေရန် အလွန်စိတ်ဇောထက်သန်ခဲ့ကြောင်း ထင်ရှားပေါ်လွင်ခဲ့သည်။ ခရစ်ယာန်စိတ်စေတနာသည် ဧဝံဂေလိလုပ်ငန်း၊ ရွေးနှုတ်ခြင်းသတင်း ဟောပြောခြင်းဖြစ်သည်။ အမှန်တွင်၊ ယေရှု၏သြဇာနှင့်သွန်သင်ခြင်းပျံ့နှံ့ခြင်းသည် စောစောပိုင်းက သာသနာပြုများဟုကျွန်ုပ်တို့ခေါ်သင့်သည့် လူများအပေါ်တွင်လည်း အနည်းအကျဉ်းမူတည်နေပါသည်။ လုပ်ငန်းဆောင်တာအမျိုးမျိုးရှိသူနှင့် အသိုင်းအဝိုင်းအမျိုးမျိုးမှလူတို့၏ အောင်မြင်ပြီးမြောက်မှုများဖြစ်သည်။ [သူတို့] သည် [ရောမ] အင်ပါယာ၏အဆုံးစွန်တိုင်အောင် ကယ်တင်ခြင်းဆိုင်ရာအတွင်းပိုင်းအသက်တာ၏ လျှို့ဝှက်ချက်၊ ကမ္ဘာအပေါ်အမြင်သစ်ကို သယ်ဆောင်သွားခဲ့သည်။ [စောစောပိုင်းခရစ်ယာန်ဘာသာ] သည်လက်ရှိကမ္ဘာ့စနစ်၏ ဆုံးခန်းချဉ်းကပ်လာခြင်းကို အလေးအနက်ယုံကြည်စိတ်ချခဲ့ကြသည်။ သူတို့သည်ကမ္ဘာစနစ်သစ်တစ်ခု ဗြုန်းကနဲ၊ အံ့ဖွယ်နည်းဖြင့်ပေါ်ထွန်းလာမည်ကို ယုံကြည်ခဲ့ကြသည်။”
၁၈။ မည်သည့်မျှော်လင့်ချက်သည် နိုင်ငံရေးခေါင်းဆောင်များ၏ အိပ်မက်များထက် သာလွန်သနည်း။
၁၈ တစ်အိမ်မှတစ်အိမ်သက်သေခံခြင်းနှင့်အခြားနည်းများဖြင့် သူတို့၏အမှုဆောင်ခြင်း၌ ယေဟောဝါသက်သေများသည် ရွှင်လန်းစွာနှင့် သူတို့အားနားထောင်သူများကို ဘုရားရှင်ကတိပြုခဲ့သော ကမ္ဘာသစ်သို့လမ်းညွှန်လေသည်။ ယင်း၏ကြိုတင်ဟောပြောထားသော အဆုံးမရှိအသက်တာ၏ ကောင်းချီးများသည် စနစ်သစ်ကမ္ဘာကိုတည်ဆောက်မည်ဟုဆိုသော ယနေ့လူများ၏အနှစ်ခြိုက်ဆုံးအိပ်မက်များထက်ပင် သာလွန်သည်။ (၂ ပေတရု ၃:၁၃။ ဗျာဒိတ် ၂၁:၁-၄) လူတိုင်းသည်ဘုရားရှင်၏ထူးမြတ်လှသော ကမ္ဘာသစ်တွင်နေလိုပုံရသော်လည်း ထိုသို့ကားဖြစ်မည်မဟုတ်ချေ။ သို့သော်၊ ယေဟောဝါ၏ကျေးကျွန်များသည် ထာဝရအသက်ကိုရှာဖွေနေသူများအား ထိရောက်စွာသွန်သင်ပေးနိုင်သော နည်းလမ်းများကို ဆက်လက်သုံးသပ်ကြည့်ကြပါစို့။
သင်မည်သို့တုံ့ပြန်မည်နည်း
▫ တမန်တော် ၅:၄၂ နှင့်တမန်တော် ၂၀:၂၀ ကယေရှု၏နောက်လိုက်များသည် တစ်အိမ်မှတစ်အိမ်ဟောပြောသင့်သည်ကို ဆိုလိုကြောင်း ကျွန်ုပ်တို့အဘယ်ကြောင့် ပြောနိုင်သနည်း။
▫ ဘုရားရှင်သည်ယေဟောဝါသက်သေများ၏ တစ်အိမ်မှတစ်အိမ်အမှုဆောင်ခြင်းကို နှစ်သက်ကြောင်း ကျွန်ုပ်တို့မည်သို့သိသနည်း။
▫ အမှုဆောင်ခြင်းနှင့်စပ်လျဉ်း၍ အကြီးအကဲများနှင့်ဓမ္မအမှုထမ်းများ ဘာလိုအပ်သနည်း။
▫ သက်သေခံခြင်းသည် ခရစ်ယာန်အသက်တာတွင် မည်သည့်နေရာယူသင့်သနည်း။
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
စီအီး ၃၃ တွင်ယေရှု၏တပည့်တော်များသည် တစ်အိမ်မှတစ်အိမ် လက်မလျော့ဘဲ သက်သေခံခဲ့သည်
[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]
ပေါလုသည် “တစ်အိမ်မှတစ်အိမ်” သွန်သင်ခဲ့သည်။ ဤအမှုဆောင်ခြင်းပုံစံကို ယနေ့ယေဟောဝါသက်သေများ လုပ်ဆောင်နေသည်