သမ္မာတရား အလုံးစုံကို ရယူလော့
“ဒီနာမည်ကို ကျွန်တော့်ကျမ်းစာထဲမှာ တစ်ခါမှမတွေ့ဖူးဘူး” ဟုဖရန်စစ္စကိုပြောသည်။ ယေဟောဝါသက်သေတစ်ဦးနှင့်ဆွေးနွေးရင်း ဘုရားသခင့်နာမတော်ထည့်ပြောဆိုခဲ့ကြသည်။ ၁၉၆၉ ခုနှစ်ထုတ်ပေါ်တူဂီအဲလ်မိုင်ဒါဘာသာပြန်ကျမ်းဖြစ်သည့် သူ၏ကျမ်းစာတွင်နာမတော်မြတ်ကို မတွေ့ရှိနိုင်ခဲ့ချေ။ ထိုတွင် ယေဟောဝါအမည်မပါပါ။ ဘရားဇီလ်ဗရင်ဂျီဘာသာဝင်တစ်ဦးအနေနှင့် တနင်္ဂနွေနေ့တိုင်း ဘုရားကျောင်းတက်၍အိမ်၌လည်းကျမ်းစာဖတ်လေ့ရှိသူဖြစ်သည်။ သို့သော် ယေဟောဝါဟူသောအမည်သည် သူ့အတွက်အံ့အားသင့်စရာဖြစ်နေသည်။
ဘုရားသခင်ကားမည်သူနည်း
နောက်တစ်ပတ်လည်ပတ်ချိန်တွင် သက်သေခံဖြစ်သူသည် အဲလ်မိုင်ဒါဘာသာပြန်ကျမ်း အခြားနှစ်ထုတ်ကိုယူလာပြသည်။ ဆာလံ ၈၃:၁၈ ကိုယင်းဘာသာပြန်ကျမ်းနှစ်ခုတွင် နှိုင်းယှဉ်ကြည့်ကြသည်။ ဘာတွေ့ရှိကြသနည်း။ ၁၉၆၆ ခုနှစ်ထုတ်ကျမ်းတွင် ဤကျမ်းချက်က “ယေဟောဝါနာမတော်ရှိသောကိုယ်တော်တစ်ပါးသာလျှင် မြေကြီးတစ်ပြင်လုံးအပေါ်မှာ အမြင့်ဆုံးသောဘုရားဖြစ်တော်မူကြောင်းကိုသိကြပါစေသော” ဟုဆိုသည်။ ၁၉၆၉ ခုနှစ်ထုတ်ကျမ်းစာ၌မူ “ယေဟောဝါ” အမည်အစား “သခင်အရှင်” ကိုအသုံးပြုထားသည်။ “ဒီနေရာမှာ ပြုပြင်ထားတာတွေ့လား” ဟုသက်သေခံတင်ပြပြီး “သခင်အရှင်ဆိုတာ နာမည်လား” ဟုမေးခဲ့ရာ ဖရန်စစ္စကိုက “မဟုတ်ဖူး” ဟုဖြေဆိုသည်။ ဒေါသအနည်းငယ်ထွက်ကာသူက “ဘာကြောင့်ဒီလိုလုပ်ရတာလဲ” ဟုဆိုသည်။
သို့နှင့်ဘုရားသခင့်နာမတော်နှင့်စပ်လျဉ်း၍ အနည်းငယ်စူးစမ်းလေ့လာကြလေသည်။ ဥပမာ၊ The Catholic Encyclopedia (1910) အရယေဟောဝါသည် “ဓမ္မဟောင်းကျမ်းတွင် ဘုရားသခင်၏နာမတော်ဖြစ်သည်” ဟုဆိုထားကြောင်း ဖရန်စစ္စကိုတွေ့ရှိလာသည်။ ဟေဗြဲဘာသာစကားနှင့် အများအားဖြင့်ရေးသားခဲ့သော “ဓမ္မဟောင်းကျမ်း” စောင်များတွင် ထိုနာမတော်သည် အကြိမ်ပေါင်း ၇,၀၀၀ ခန့်ပါရှိကြောင်းကိုလည်း သူသိရှိလာသည်။ မည်သည့်ဘာသာပြန်ဆိုသူမျှ ပုဂ္ဂလိကအမည်ဖြစ်သောယေဟောဝါကို အများပိုင်ဘွဲ့အမည်ဖြစ်သည့် သခင်အမည်ဖြင့်ပြုပြင်အစားထိုးခွင့်မရှိပါ။ ဖရန်စစ္စကိုသည် ယေဟောဝါအမည်နှင့်ပတ်သက်၍ အမှန်ကိုသိရှိလိုသည်။ အဖြေမှန်ကို သမ္မာကျမ်းစာအတွင်း၌တွေ့ရှိခဲ့သည်။ နည်းမှန်အတိုင်းသုတေသနပြု၍လည်း ပိုသိရှိနားလည်လာသည်။
ယေရှု၏အဆင့်ကားအဘယ်နည်း
ရှေ့ဆောင်းပါးတွင်တင်ပြထားသည့်အတိုင်း အမှန်တရားကိုများစွာရောနှောဖျက်ဆီးထားသည်။ ကြုံကြိုက်၍တင်ပြရလျှင် ယေဟောဝါသက်သေများသည် တစ်အိမ်မှတစ်အိမ်ဓမ္မအမှုဆောင်လုပ်ငန်းတွင် လူအများ၏ယုံကြည်မှုကို လေ့လာသုံးသပ်နိုင်ခွင့်ရကြသည်။ တစ်နေရာနှင့်တစ်နေရာ ထူးခြားကွဲပြားမည်ဖြစ်သော်လည်း အချို့အယူများသည် တစ်ပုံစံတည်းရှိသည်။ ဥပမာ၊ ‘ဘုရားသခင်ကားမည်သူနည်း’ ဟုမေးသည့်အခါ အချို့အိမ်ရှင်များက ‘ယေရှု’ ဟူ၍ဖြေဆိုပေမည်။ ဤသို့ဆိုခြင်းဖြင့် ယေရှုသည်အနန္တတန်ခိုးရှင်ဖြစ်သည်ဟု သူတို့ဆိုလိုနေခြင်းဖြစ်သည်။ သို့သော် ယင်းသည်မှန်ပါသလော။
အောက်ပါအချက်များကို ထည့်စဉ်းစားကြည့်ပါ။ ယေရှုကခမည်းတော်ထံဆုတောင်းသည်မှာ “ထာဝရအသက်ဟူမူကား မှန်သောဘုရားသခင်တစ်ဆူတည်းဖြစ်တော်မူသောကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူသောယေရှုခရစ်ကိုလည်းကောင်း သိကျွမ်းခြင်းတည်း။” (ယောဟန် ၁၇:၃) ယေရှုသည် မိမိကိုယ်ကိုမဟုတ်ဘဲ မိမိ၏ကောင်းကင်ခမည်းတော်အား “မှန်သောဘုရားသခင်” ဟုဖော်ညွှန်းခဲ့သည်ကိုသတိပြုမိပါသလော။ ထိုကြောင့်ယေရှု၏အစောပိုင်းတပည့်တော်များက ကိုယ်တော်အား “စင်စစ်ကိုယ်တော်သည် ဘုရားသခင်၏သားတော်မှန်ပါသည်” ဟုဆိုခြင်းမှာမှန်သည်။ ယေရှုကိုယ်တော်တိုင်ပင် “ငါသည်ဘုရားသခင်၏သားတော်ဖြစ်သည်” ဟုမိန့်မြွက်ခဲ့သည်။ ထိုကြောင့်အမှန်တရားအရ ယေရှုသည်အနန္တတန်ခိုးရှင်ဘုရားသခင်မဟုတ်၊ ယေဟောဝါဘုရားသခင်၏သားတော် ဖြစ်ပေသည်။—မဿဲ ၁၄:၃၃။ ယောဟန် ၁၀:၃၆။
ကမ္ဘာမြေကြီး၏ နောက်ဆုံးဖြစ်အင်ကားအဘယ်နည်း
ဤလူမျိုးဆက်နှင့်ကမ္ဘာဂြိုဟ်၏နောက်ဆုံးဖြစ်အင်ကော။ ယေဟောဝါသက်သေများဓမ္မအမှုဆောင်ရွက်ချိန်တွင် ကြားလေ့ကြားထရှိသည်ကား ကမ္ဘာဂြိုဟ်သည်မီးဖြင့်လည်းကောင်း၊ နျူကလီးယားစစ်အားဖြင့်လည်းကောင်း ပျက်စီးသွားမည်ဟူ၍ဖြစ်သည်။ ဤယုံကြည်ချက်ကိုထောက်ခံသည့်အနေနှင့် အချို့တို့က ဗျာဒိတ် ၂၁:၁ ကိုညွှန်ပြသည်။ “ကောင်းကင်သစ်နှင့်မြေကြီးသစ်ကိုလည်းငါမြင်၏။ အဘယ်သို့နည်းဟူမူကား၊ ရှေးကောင်းကင်နှင့်ရှေးမြေကြီးသည် ရွေ့သွားကြပြီ။ ထိုအခါမှစ၍ သမုဒ္ဒရာမရှိ။”
သမ္မာကျမ်းစာက လောကီသားတို့ကိုရည်ညွှန်းကာ “မြေကြီး” ဟူသောစကားလုံးကိုပုံဆောင်ချက်သဘောဖြင့် မကြာခဏအသုံးပြုပါသည်။ ဥပမာတစ်ခုကို ကမ္ဘာဦး ၁၁:၁ ၌တွေ့ရှိရ၏။ “မြေကြီးသားအပေါင်းတို့သည် ဘာသာတစ်မျိုးတည်း၊ စကားတစ်မျိုးတည်းရှိကြသည်။” [အင်္ဂလိပ်ကျမ်းစာတွင် “မြေကြီးတစ်ပြင်လုံးသည်” ဟုဆိုသည်။] (၃ ဓမ္မရာဇဝင် ၂:၁၊ ၂။ ဆာလံ ၉၆:၁ ကိုလည်းကြည့်ပါ။) ဗျာဒိတ် ၂၁:၁ ၌ “ရှေးမြေကြီး” သည် ဤကမ္ဘာဂြိုဟ်ကိုဆိုလိုနေခြင်းမဟုတ်ဘဲ ဖျက်ဆီးခံရမည့်ဆိုးသွမ်းသောလူ့အဖွဲ့အစည်းကိုဆိုလိုနေခြင်းဖြစ်သည်။ ယင်းကကမ္ဘာ့ပရဒိသုပြန်လည်တည်ထောင်လာရန် လမ်းစဖွင့်ပေးမည်ဖြစ်သည်။ (လုကာ ၂၃:၄၃။ ၂ သက်သာလောနိတ် ၁:၆-၉။ ဗျာဒိတ် ၂၁:၄) ယင်းသည် ကျမ်းစာတစ်အုပ်လုံးနှင့်ညီညွတ်ပါသည်။ ကျမ်းစာတွင် ပကတိမြေကြီးသည်မပျက်စီးရဘဲ အစဉ်အမြဲတည်မည်ဟုဆိုထားသည်။ ဥပမာ၊ ဆာလံ ၁၀၄:၅ တွင် “မြေကြီးအမြစ်ကိုကာလအစဉ်အမြဲမရွေ့မလှုပ်စေခြင်းငှာ” ဘုရားသခင်တည်ထားတော်မူသည်ဟုဆိုသည်။ (ဒေသနာ ၁:၄ နှင့်နှိုင်းယှဉ်ပါ။) ယေဟောဝါသည် ‘သတ္တဝါနေစရာဖို့မြေကြီးကိုပြုပြင်ဖန်ဆင်းထားတော်မူ၏။’—ဟေရှာယ ၄၅:၁၈။
အမှန်တရားအလုံးစုံကို အဘယ်ကြောင့်ရရှိရန်လိုသနည်း
အထက်ပါအကြောင်းများကို ဖရန်စစ္စကိုကဲ့သို့သောအိမ်ရှင်များဆည်းပူးလေ့လာလိုလျှင် ယေဟောဝါသက်သေများအနေနှင့် ဉာဏ်အလင်းရရှိစေသည့် ကျမ်းစာပါသမ္မာတရားတို့ကို ဆွေးနွေးတင်ပြရန်အသင့်ရှိကြပေသည်။
အမှန်တရားအလုံးစုံကိုမရရှိလျှင် ဝမ်းနည်းဖွယ်အခြေအနေများသို့ဆိုက်စေသည်။ ဥပမာ၊ ယေရှုမြေကြီးပေါ်ရှိစဉ်က ကိုယ်တော်သည် မာရိနှင့်ယောသပ်တို့၏သားတစ်ဦး၊ နာဇရက်မြို့မှလက်သမားတစ်ဦးမျှသာဖြစ်သည်ဟုယူဆရန် များစွာသောသူတို့သွေးဆောင်ခံခဲ့ရသည်။ သို့နှင့်သူတို့သည် ကိုယ်တော်ကိုအရေးထားသင့်သလောက်မထားခဲ့ကြချေ။ သူတို့ထင်မြင်ချက်သည် တစ်စိတ်တစ်ဒေသမှန်ပါသည်။ ယေရှုသည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေတည်ခဲ့သော မာရိ၏သားဖြစ်သည်။ ယောသပ်၏မွေးစားသားတစ်ဦးအနေနှင့် လက်သမားတစ်ဦးအမှန်လုပ်ကိုင်ခဲ့ပါသည်။ (မာကု ၆:၃) သို့ရာတွင် ကိုယ်တော်နှင့်စပ်လျဉ်း၍ ယင်းသည် အကြောင်းစုံဖြစ်ပါသလော။ မဟုတ်ပါ။ ကိုယ်တော်သည် မေရှိယအမှန်ဖြစ်၍ “ဘုရင်တကာတို့၏ဘုရင်” ဖြစ်မည့်သူပင်တည်း။ (ဗျာဒိတ် ၁၇:၁၄။ လုကာ ၁:၃၂-၃၅။ တမန်တော် ၂:၃၆) ယေရှုအကြောင်း အလုံးစုံမသိရှိကြသည့်အတွက် မြေကြီးသားယေရှုနှင့်ပေါင်းသင်းဆက်ဆံခွင့်ဖြစ်သည့် နောင်တစ်ဖန်မရနိုင်တော့သည့်အခွင့်ထူးကို များစွာသောသူတို့ဆုံးရှုံးခဲ့ရသည်။
အမှန်တရားအလုံးစုံကိုရှာဖွေခြင်း
ပထမရာစုခေတ်သားတို့၏သဘောထားကြောင့် ရှေးမာကေဒေါနိပြည်ရှိဗေရိမြို့ (ယနေ့ ဗဲရိုယား) ကို ကျမ်းစာဖတ်ရှုသူတို့ကောင်းစွာသိကြ၏။ ထိုသဘောထားကားအဘယ်နည်း။ ဤသို့မှတ်တမ်းတင်ထား၏။ “ဗေရိမြို့သားတို့သည် . . . အလွန်ကြည်ညိုသောစေတနာစိတ်နှင့် [တမန်တော်ပေါလုဟောသော] နှုတ်ကပါဌ်တရားတော်ကိုခံယူ၍ မှန်သည်မမှန်သည်ကိုသိ ခြင်းငှာ ကျမ်းစာကိုနေ့တိုင်းအစဉ်စေ့စေ့ကြည့်ရှုကြ၏။” ထိုကြောင့် အဘယ်အကျိုးဖြစ်ထွန်းသနည်း။ “လူအများတို့သည်ယုံကြည်ခြင်းသို့ရောက်ကြ၏။ အသရေထင်ရှားသောဟေလသမိန်းမတို့နှင့်ယောက်ျားအများတို့သည်လည်း ယုံကြည်ကြ၏။”—တမန်တော် ၁၇:၁၁၊ ၁၂။
ရှေးခေတ်ကဘုရားသခင့်ပရောဖက်များ၏သဘောထားကိုလည်း ချီးမွမ်းပြောဆိုထိုက်သည်။ မေရှိယအားဖြင့်ရရှိမည့်ကယ်တင်ခြင်းအကြောင်း “စေ့စေ့စစ်ကြောမေးမြန်းရှာဖွေ” ခဲ့ကြသည်။ (၁ ပေတရု ၁:၁၀) သို့နှင့်သူတို့၏ဝီရိယကို ဘုရားသခင်ကောင်းချီးပေးခဲ့သည်။ ထင်ရှားနေသည်ကား ဖြတ်လမ်းမရှိပါ။ သွန်သင်ချက်တို့ကိုစွဲမြဲစွာရှာဖွေဆည်းပူး၍ စေ့စေ့စစ်ကြောခြင်းကား သမ္မာကျမ်းစာမှ အမှန်တရားအလုံးစုံကိုသိရှိနိုင်သည့်နည်းလမ်းဖြစ်ပေသည်။
‘ဘယ်ကစလေ့လာရမည်နည်း’ ဟုသင်တွေးတောနေမည်။ ခရစ်ယာန်စာပေအချို့ကိုဖတ်ရှုပြီးနောက် ဘရာဇီးလ်ပြည်တွင်နေထိုင်သောအမျိုးသမီးတစ်ဦး ဤသို့ရေးသားခဲ့သည်။ “ကျွန်မတို့ [သူတို့ဇနီးမောင်နှံ] သိချင်နေတဲ့အကြောင်းတွေရဲ့အဖြေကိုရဖို့၊ အဲဒီလိုအသိပညာမျိုးကို လိုနေတဲ့အကြောင်းသိလာတယ်။ . . . ကျွန်မတို့ရဲ့ကောင်းကင်ခမည်းတော်အကြောင်းပိုမိုသိလာဖို့ ကျမ်းစာတစ်အုပ်နဲ့တစ်ခြားစာပေတွေကို ဘယ်လိုရနိုင်မလဲ။” သူမသည် လမ်းမှန်ပေါ်ရောက်ရှိနေပါပြီ။ ကျမ်းစာကိုမှန်ကန်စွာတင်ပြရှင်းလင်းပေးသည့် ကျမ်းစာစာပေများနှင့်တွဲ၍ သမ္မာကျမ်းစာကိုလေ့လာနေပါသည်။ သင်လည်းအမှန်တရားအလုံးစုံကိုရရှိလိုလျှင် ယေဟောဝါဘုရားသခင်ရှေ့နှလုံးဖွင့်လှစ်ကာ ကိုယ်တော်၏အကူအညီကိုတောင်းခံပါ။ ဤအားရှိစရာစကားများကိုလည်း သတိပြုပါလေ။ “သင်တို့တွင် တစ်စုံတစ်ယောက်သောသူသည် ပညာကိုလိုလျှင် ကဲ့ရဲ့ပြစ်တင်ခြင်းကိုပြုတော်မမူဘဲ၊ ခပ်သိမ်းသောသူတို့အား စေတနာစိတ်နှင့်ပေးသနားတော်မူသောဘုရားသခင်ကိုတောင်းစေ။ တောင်းလျှင်ရလိမ့်မည်။ သို့ရာတွင်တွေးတောခြင်းမရှိဘဲ ယုံကြည်သောစိတ်နှင့်တောင်းရမည်။”—ယာကုပ် ၁:၅၊ ၆။
သန်းပေါင်းများစွာသောသူတို့သည် ယေဟောဝါသက်သေများနှင့်ကျမ်းစာဆွေးနွေးနေကြပါသည်။ ဤနည်းဖြင့် အမှန်တရားကို ဝီရိယစိုက်ထုတ်စူးစမ်းပြီး စေ့ငစွာရှာဖွေလေ့လာနေကြ၏။ စစ်မှန်သောဘုရားသခင်အပြင် ယေရှုခရစ်အကြောင်းကိုပါ တိကျမှန်ကန်စွာသိကျွမ်းရန် ထိုအသိပညာကိုဆည်းပူးကျင့်သုံးခြင်းကား ထာဝရအသက်ရရှိစေမည်ဖြစ်သည်။ (ယောဟန် ၁၇:၃) သင်သည် ဝီရိယစိုက်ထုတ်ရှာဖွေပြီး အမှန်တရားအလုံးစုံကိုရရှိမည်ဆိုလျှင် ထိုထူးမြတ်သောကောင်းချီးကိုပိုင်ဆိုင်မည်ဖြစ်သည်။