လောဘလွန်ကျူးခြင်းမရှိသည့်ကမ္ဘာကို စိတ်ကူးကြည့်ပါ
သူ့ထက်ငါသာအောင် ပြိုင်ဆိုင်နေမည့်အစား တစ်ဦးကိုတစ်ဦးဝိုင်းဝန်းကူညီဖေးမကြသည့်ကမ္ဘာ၊ မိမိအားဆက်ဆံခံလိုသကဲ့သို့ သူတစ်ပါးကိုဆက်ဆံပြုမူသူများချည်းသာရှိသောကမ္ဘာကို စိတ်ကူးနှင့်မှန်းဆ၍မြင်နိုင်ပါသလော။ ယင်းတို့ကား လောဘလွန်ကျူးခြင်းမရှိသည့်ကမ္ဘာ၏လက္ခဏာများဖြစ်သည်။ ကောင်းလှလေခြင်း။ ရောက်ကောရောက်လာနိုင်ပါမည်လော။ ရောက်လာပါတော့မည်။ သို့သော် လူ့မနောတွင် ဤမျှအရိုးစွဲအောင်ဖြစ်နေသည့်လောဘလွန်ကျူးခြင်းကို မည်သို့ပပျောက်စေနိုင်မည်နည်း။
အဖြေရရန် လောဘကြီးသည့်စိတ် အဘယ်မှစတင်ခဲ့သည်ကို ဦးဆုံးသိနားလည်ရမည်။ ယင်းသည် အစအဦးက လူ့အမှတ်အသားလက္ခဏာတစ်ခုမဟုတ်ခဲ့ကြောင်း သမ္မာကျမ်းစာတင်ပြပါသည်။ လောဘကြီးသောသဘောကင်းမဲ့သည့်ဖန်ဆင်းရှင်၏ စုံလင်သောဖန်ဆင်းခြင်းပထမလူသားတွင် အစကနဦးက လောဘစိတ်ဇောတိုက်ခြင်း အပြစ်အနာအဆာမရှိခဲ့ကြောင်း ပရောဖက်မောရှေဤသို့သတိပေးပါသည်။ “ဘုရားသခင်သည် မူလအမြစ်ဖြစ်၍ အမှုတော်သည်စုံလင်ပေ၏။ စီရင်တော်မူသမျှတို့သည် တရားနှင့်ညီ” ၏။ သို့ဖြစ်၍ လောဘကြီးသောသဘော အဘယ်မှဖြစ်ပေါ်လာသနည်း။ ဧဝသည် ဘုရားသခင်တားမြစ်ထားသောအသီးကိုစားပြီးလျှင် မိမိရနိုင်မည့်အရာကို တမက်တမောလောဘကြီးခဲ့ခြင်းဖြင့်၊ အာဒံမူကား မိမိ၏လှပသောဇနီးလေးကို လောဘကြီးစွာနှင့် မဆုံးရှုံးလိုခြင်းဖြင့် ပထမလူမောင်နှံစုံသည် မိမိတို့စိတ်တွင် ထိုစိတ်ထားကိုဖြစ်ပွားစေခဲ့သည်။ အာဒံ၊ ဧဝနှင့်လည်းသက်ဆိုင်သော ဤစကားများကို မောရှေဆက်ပြောခဲ့သေးသည်။ “သူတို့သည် ယိုယွင်းကြပြီ။ ဘုရားသခင်၏သားမဟုတ်၊ အညစ်အကြေးကပ်ကြ၏။ သဘောကောက်၍ ဖောက်ပြန်သောအမျိုးဖြစ်ကြ၏။”—တရားဟောရာ ၃၂:၄၊ ၅။ ၁ တိမောသေ ၂:၁၄။
နောဧခေတ် ကမ္ဘာချီရေလွှမ်းမိုးဘေးအချိန်တိုင်လေသော် လောဘလွန်ကျူးခြင်းနှင့် တပ်မက်သောသဘောသည် ဆိုးရွားလွန်းလှသဖြင့် “မြေကြီးပေါ်မှာ လူအပြစ်ကြီး၍ သူ၏စိတ်နှလုံးအကြံအစည်ရှိသမျှတို့သည် အစဉ်မပြတ်ဆိုးညစ်ခြင်းသက်သက်ရှိ” နေလေပြီ။—ကမ္ဘာဦး ၆:၅။
ဤထင်ရှားလှသော လောဘကြီးသောသဘောသည် ယခုတိုင် လူတို့တွင်ရှိပြီး ယနေ့ ကျေးဇူးမသိ၊ လောဘရမ္မက်ကြီးသောလူ့ဘောင်တွင် အထွတ်အထိပ်သို့ရောက်ရှိနေဟန်တူသည်။
ပညာပေးရေးအားဖြင့် လောဘလွန်ကျူးခြင်းကိုပပျောက်စေခြင်း
လူတို့တွင် လောဘလွန်ကျူးခြင်းတိုးပွားကြီးထွားလာခဲ့သည်နည်းတူ ပြောင်းပြန်အခြေအနေလည်းရှိနိုင်ပါသည်။ လောဘကြီးသောသဘောကို အနိုင်ယူနိုင်ပါ၏။ သို့သော် ဤသို့ဖြစ်လာနိုင်ရန် ပညာပေးအစီအစဉ်ကောင်းကောင်းနှင့် လေ့ကျင့်မှုရှိရန်လိုအပ်ပါသည်။ တစ်ကြိမ်တည်းတွင် ကြပ်မတ်သောညွှန်ကြားချက်များ၊ သို့မဟုတ် အပြုအမူအကျင့်အကြံနှင့်ဆိုင်သောစည်းမျဉ်းများကို လိုက်လျှောက်ရန်လိုပါသည်။ ယုံနိုင်ဖွယ်အကြောင်းဖြစ်သော်လည်း ထိုသို့သောပညာရေးအစီအစဉ်ကို မည်သူပေးပြီး၊ တတ်သိလာသည့်အရာများကို လက်တွေ့ကျင့်သုံးနေကြောင်း မည်သို့ကြီးကြပ်၍ လိုအပ်ခဲ့လျှင် ကြပ်မတ်ပေးမည်နည်း။
ဤသို့သောပညာရပ်သည် လောဘလွန်ကျူးခြင်းကင်းသည့်ဇာစ်မြစ်မှ ဖြစ်ထွန်းပေါ်ထွက်ရမည်။ ကွယ်ဝှက်ထားသည့်အကြံအစည်ဖြင့် ဤသို့လေ့ကျင့်ပေးခြင်းမဖြစ်ရ။ တစ်စုံတစ်ရာ ပြန်ရရန်မျှော်လင့်ချက်ဖြင့်လည်း မဖြစ်ရ။ ထို့ပြင် ကိုယ်ကျိုးမရှာသောသဘော၏တန်ဖိုးနှင့် လက်တွေ့ကျနမှုကိုလည်း သွန်သင်ပေး၍သရုပ်သကန်ဖော်ပြရန်လိုသည်။ ဤကဲ့သို့သောဘဝပုံစံသည် ဖြစ်နိုင်ရုံမက ကိုယ်ကိုလည်းကောင်း၊ ကိုယ့်ဝန်းကျင်ရှိသူများကိုလည်းကောင်း အကျိုးပေးသည့် အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း သင်ယူသူလက်ခံနိုင်ရမည်။
အရည်အချင်းပြည့်မီနိုင်သော အဘယ်သူ၊ သို့မဟုတ် အဘယ်အဖွဲ့အစည်းမျှ ကမ္ဘာပေါ်မရှိသည့်အတွက် ကောင်းကင်ဘုံရှင်ဘုရားသခင်သာလျှင် ဤပညာရပ်မျိုးကိုပေးနိုင်သည်။ “လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင့်ရှေ့တော်၌ အသရေပျက်ကြပြီ” ဟူသောကျမ်းစာ၌ဖော်ပြသည့် အမှန်တရားကြောင့် လူသားအပေါင်း အရည်အချင်းမပြည့်မီနိုင်ကြပါ။—ရောမ ၃:၂၃။
ကောင်းကင်ဘုံရှင်ယေဟောဝါဘုရားသခင်သည် ကိုယ်တော်မှတ်တမ်းတင်စေသည့် ပြဌာန်းစာအုပ် သို့မဟုတ် လက်စွဲသုံးသမ္မာကျမ်းစာတွင် ဤသို့သောပညာကိုပို့ချပေးထားပါသည်။ ကိုယ်တော်၏သားတော် ယေရှုခရစ်လည်း ကမ္ဘာပေါ်ရှိစဉ်က ထိုပညာရပ်ကို အားပေးအတည်ပြုခဲ့သည်။ ကိုယ်တော်၏နာမည်ကျော် တောင်ပေါ်ဒေသနာတစ်ဝက်လောက်တွင် တရားနာသူတို့အတွက် အထူးအဆန်းဖြစ်သည့် ရန်သူများကိုပင် ကိုယ်ကျိုးမငဲ့သောသဘောပြခြင်း ဘဝပုံစံတစ်ခုအကြောင်း ဤသို့သွန်သင်ပေးခဲ့သည်။ “သင်တို့သည် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏သားဖြစ်လိုသောငှာ သင်တို့၏ရန်သူတို့ကိုချစ်ကြလော့။ သင်တို့ကိုကျိန်ဆဲသောသူတို့အား မေတ္တာပို့ကြလော့။ . . . သင်တို့ကိုနှောင့်ယှက်ညှဉ်းဆဲသောသူတို့အဖို့ ဘုရားသခင်ကိုဆုတောင်းကြလော့။ အကြောင်းမူကား၊ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် ကောင်းသောသူ၊ မကောင်းသောသူတို့အပေါ်၌ ကိုယ်တော်၏နေကိုထွက်စေတော်မူ၏။ ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူတို့အပေါ်၌ မိုးကိုရွာစေတော်မူ၏။ သင်တို့ကိုချစ်သောသူတို့အားသာ ချစ်တုံ့ပြုလျှင် အဘယ်ကျေးဇူးတင်သနည်း။ အခွန်ခံသူတို့ပင် ဤမျှလောက်ပြုကြသည်မဟုတ်လော။”—မဿဲ ၅:၄၄-၄၆။
ဤလောဘလွန်ကျူးခြင်းကင်းမဲ့သောဘဝပုံစံမျိုးကို လူတို့အားသွန်သင်မည့် ကိုယ်ကျိုးမငဲ့သောဆရာသမားများကို လေ့ကျင့်သွန်သင်ပေးခြင်းက ကမ္ဘာပေါ်ယေရှုထမ်းဆောင်ရမည့်တာဝန်များအနက် တစ်ခုအဝင်ဖြစ်သည်။ ယေရှုသေ၍ရှင်ပြန်ထမြောက်ပြီးနောက် များမကြာမီအချိန်တွင် တမန်တော်ပေါလုလည်း ဤဆရာသမားများအနက် တစ်ဦးအဝင်ဖြစ်လာသည်။ သူ၏မှုတ်သွင်းခံစာစောင်အမြောက်အမြားတွင် လောဘကြီးသည့်သဘောကိုချေဖျက်ပစ်ရန် တိုက်တွန်းထားသည်။ ဥပမာ၊ ဧဖက်အသင်းသားများထံ ဤသို့ရေးသားခဲ့သည်။ “မတရားသောမေထုန်၌မှီဝဲခြင်း၊ အမျိုးမျိုးသောကိလေသာညစ်ညူးခြင်း၊ လောဘလွန်ကျူးခြင်းအမှုတို့ကို သန့်ရှင်းသူတို့သည်ရှောင်သင့်သည်အတိုင်း စကားဖြင့်မျှမဆက်ဆံကြနှင့်။”—ဧဖက် ၅:၃။
ထပ်တူပင် ယနေ့လည်း ယေဟောဝါသက်သေများသည် လောဘကြီးတတ်သည့်စိတ်ကိုနှိပ်ကွပ်ရန် လူတို့ကို သွန်သင်ပေးနေပါသည်။ အတန်ကြာလေသော် သူတို့ပါ ဤကဲ့သို့သောဘုရားရေးရာလမ်းစဉ်များကို အခြားသူတို့အား တစ်ဆင့်သွန်သင်ပေးလေတော့သည်။
သမ္မာကျမ်းစာပါ အမှန်တရားများကို ပြုမူဆောင်ရွက်ခြင်း
သို့သော် အသင်က ‘လောဘကြီးသည့်သဘောအမြစ်စွဲနေတဲ့ မစုံလင်တဲ့လူများဟာ အဲ့ဒီစိတ်ထားကို တကယ်အမြစ်ပြတ်အောင်ထုတ်ပစ်နိုင်ပါ့မလား’ ဟုမေးကောင်းမေးမည်။ ထုတ်ပစ်နိုင်ပါသည်။ လုံးလုံးလျားလျားဖြစ်မည်မဟုတ်သည်တိုင် ထူးခြားစွာပင်ပြုလုပ်ပေးနိုင်ခဲ့ပြီ။ ယင်းနှင့်စပ်လျဉ်း၍ ဥပမာတစ်ခုကိုကြည့်ကြစို့။
စပိန်နိုင်ငံတွင် ခိုးတတ်သည့်အကျင့်ရှိသူတစ်ဦးနေထိုင်ပါသည်။ သူ့အိမ်တွင်း၌ ခိုးထားသည့်ပစ္စည်းများအပြည့်ရှိသည်။ တစ်နေ့သော် ယေဟောဝါသက်သေများနှင့် ကျမ်းစာစလေ့လာသည်။ ဖြစ်ထွန်းလာသည့်အကျိုးက သူ၏သြတ္တပ္ပစိတ် သူ့အားအနှောင့်အယှက်စပေးလာသည့်အတွက် ခိုးထားသမျှတို့ကို ပိုင်ရှင်များလက်သို့ပြန်အပ်ပေးရန် တိုက်တွန်းခံရသည်။ သို့နှင့် သူ၏အလုပ်ရှင်ဟောင်းထံသွား၍ သူ့ထံမှအဝတ်လျှော်စက်ခိုးထားကြောင်း ဝန်ချတောင်းပန်လေသည်။ အလုပ်ရှင်ကလည်း သူ၏ပြုပြင်ပြောင်းလဲမှုကို အားရစွာဖြင့် ရဲတိုင်မည့်အစား ခိုးခဲ့သူအား အဝတ်လျှော်စက်အဖိုးအခကို ဆပ်ပေးရန်သာတောင်းဆိုလေသည်။
ပြုပြင်ပြောင်းလဲလာသော ဤသူခိုးသည်ဆက်၍ ခိုးထားသည့်ပစ္စည်းအားလုံးကို ပိုင်ဆိုင်သူများထံပြန်အပ်လေသည်။ ကျမ်းစာမူများကိုကျင့်သုံးရုံဖြင့် ဤမျှထိတိုင် သူစိတ်သဘောထားပြောင်းလဲပြုလုပ်လာသည်ကို ပစ္စည်းရှင်များကအံ့သြကြသည်။
သို့သော်ယခုအခက်အခဲတစ်ခု ကြုံလေတော့သည်။ မိမိ၌ရှိနေသေးသောပစ္စည်းအချို့၏ပိုင်ရှင်ကို သူ မသိရခြင်းဖြစ်သည်။ ထိုကြောင့်ယေဟောဝါထံဆုတောင်းပြီးနောက် ရဲဌာနချုပ်သို့သွားကာ မော်တော်ကားများမှ သူခိုးယူခဲ့သော စတီရီယိုရေဒီယိုခြောက်လုံးကိုအပ်လိုက်သည်။ ဤသူ၌နာမည်ပျက်မရှိသည့်အတွက် ရဲစခန်းက အလွန်အံ့သြပါသည်။ သို့ဖြစ်၍ ဒဏ်ငွေပေးပြီးနောက် ခေတ္တအချုပ်ခံရန် သူ့အားစီရင်ချက်ချလေသည်။
ထိုနောက်တစ်ချိန်ကခိုးခဲ့သူမှာ ကြည်လင်သောသြတ္တပ္ပစိတ်ရှိလာသည်။ ပြစ်မှုပြုသောဘဝလမ်းစဉ်နှင့် လောဘလွန်ကျူးခြင်းကို သူစွန့်လွှတ်ပြီးနောက် ယခု ယေဟောဝါသက်သေများ၏ကမ္ဘာချီအသင်းတော်အဝင်ဖြစ်လာလေပြီ။
ထပ်တူအဖြစ်အပျက်များ ထောင်ပေါင်းများစွာကို လွယ်လင့်တကူတင်ပြနိုင်ပါသည်။ ဤသို့ဘဝပုံစံပြောင်းလဲခဲ့သူများ ကမ္ဘာပေါ်လူနည်းစုသာဖြစ်သော်လည်း ကျမ်းစာမူများကိုသိရှိပြီးနောက် ကျင့်သုံးခြင်းအကျိုးကျေးဇူးကို ဤသို့ပြောင်းလဲခဲ့သူများတင်ပြကြသည်။
ဤဘဝပုံစံကိုလက်ခံယူသူများ တစ်နှစ်ပြီးတစ်နှစ် တိုးများလာနေပါသည်။ ကမ္ဘာတစ်ဝန်းရှိ ယေဟောဝါသက်သေများ၏အသင်းတော်ပေါင်း ၆၆,၀၀၀ ကျော်တွင် သမ္မာကျမ်းစာပညာကိုပို့ချပေးနေပါသည်။ ဤအချိန်အခါတွင်ပင် တစ်ကမ္ဘာလုံးကိုပြောင်းလဲစေပြီး၊ သက်ရှိသူအပေါင်းထဲမှ လောဘလွန်ကျူးခြင်းစိတ်ကို ဖျောက်ဖျက်ပစ်ရန် သက်သေခံများမမျှော်လင့်ကြပါ။ မည်သို့ဆိုစေကာမူ မြေကြီးတစ်စွန်းမှတစ်စွန်းတိုင်အောင် လောဘလွန်ကျူးမှုကင်းမဲ့သောဘဝပုံစံသည် များမကြာမီရောက်လာလိမ့်မည်အကြောင်း သမ္မာကျမ်းစာပရောဖက်ပြုချက်များက တင်ပြပါသည်။
လောဘလွန်ကျူးခြင်းကင်းမဲ့သော ကမ္ဘာသစ်
လာလတ္တံ့သောကမ္ဘာသစ်တွင် လောဘကြီးခြင်း၊ အတ္တဆန်ခြင်းအတွက် နေရာမရှိပါ။ ဖြောင့်မတ်ခြင်းတရားသည် “ကောင်းကင်သစ်” အတွက်သာမဟုတ်၊ “မြေကြီးသစ်” အတွက်ပါ အမှတ်လက္ခဏာဖြစ်လိမ့်မည်ဟု တမန်တော်ပေတရုအာမခံထားပါသည်။ (၂ ပေတရု ၃:၁၃) နောက်တစ်ဖန်မရှိရတော့မည့် ဖျားနာခြင်း၊ ဝမ်းနည်းခြင်း၊ သေခြင်းနှင့်အတူ “ရှေးဖြစ်ဖူးသောအရာ” တို့တွင် လောဘလွန်ကျူးခြင်းလည်းပါဝင်သည်။—ဗျာဒိတ် ၂၁:၄။
ထိုကြောင့်ကျွန်ုပ်တို့ဝန်းကျင်တွင် ယနေ့တိုးများလာနေသည့်လောဘလွန်ကျူးခြင်းနှင့် ကိုယ်ကျိုးရှာဘဝပုံစံကြောင့် စိတ်ဆင်းရဲနေမည်ဆိုလျှင် အားယူပါ။ များမကြာမီ တကယ့်ဖြစ်ရပ်မှန်ဖြစ်တော့မည့် လာလတ္တံ့သောကမ္ဘာသစ်အတွက် ယခုမှစ၍ အသက်ရှင်နေပါ။ ဘုရားသခင့်အကူအညီဖြင့် သင့်ဘဝအသက်တာမှ လောဘကြီးသောစိတ်ကို ဖျောက်ဖျက်ပစ်ရန် ကြိုးစားပါလေ။ ခရစ်ယာန်နေထိုင်ပုံဖြင့် ခံစားရသောအကျိုးကျေးဇူးများကို ယခုပင်လျှင် သူတစ်ပါးပါမြင်တွေ့ခံစားနိုင်ရန် ဝိုင်းဝန်းကူညီပေးပါ။ များမကြာမီ လောဘကြီးသောသဘောပါအပါအဝင်ဖြစ်မည့် နှစ်မြို့စရာမကောင်းသည့်အရာအမြောက်အမြားကို ကျွန်ုပ်တို့ ‘မအောက်မေ့ရ၊ နှလုံးမမှတ်မိရ’ တော့ဟူသော ယေဟောဝါဘုရားသခင်၏ကတိတော်ကို ယုံကြည်အားထားကြပါလေ။—ဟေရှာယ ၆၅:၁၇။
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
လောဘမကြီး၊ ကိုယ်ကျိုးမရှာသည့်ဘဝပုံစံကိုယေရှုပြောကြားခဲ့
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
များမကြာမီ—လောဘကင်းမဲ့သည့်ကမ္ဘာ