ဘုရားသခင့်ကောင်းမြတ်ခြင်းက သင့်အားဆွဲဆောင်သလော
သင်၌အလွန်ရင်းနှီးခင်မင်ရသော မိတ်ဆွေတစ်ဦးရှိသလော။ ရှိပါကသူ့အားခင်မင်တွယ်တာရအောင် ဘာကဆွဲဆောင်သည်ကို စဉ်းစားဖူးသလော။ သူ၏ရုပ်ရည်ကြောင့်လော။ စိတ်ဝင်စားမှုချင်းတူညီ၍လော။ သို့မဟုတ်ကြင်နာခြင်း၊ ဉာဏ်ပညာစသောစွဲမက်စရာအရည်အသွေးများကြောင့်လော။ သင်တို့၏မိတ်သဟာယကိုနှောင်ဖွဲ့စေသည့် အရည်အသွေးမှာကောင်းမြတ်ခြင်း ဖြစ်ခဲ့သည်ရှိသော် အလွန်မွန်မြတ်သောဆက်ဆံရေးကို သင်မုချခံစားနေရပေမည်။ များသောအားဖြင့်လူတို့သည် “အကောင်းကိုမနှစ်သက်သူများ” ဖြစ်နေကြသောယခုကာလ၌ စစ်မှန်သောကောင်းမြတ်ခြင်းကိုတွေ့ရခဲသည်။—၂ တိမောသေ ၃:၃။
ခရစ်ယာန်တစ်ဦးအဖို့အရေးကြီးဆုံးဆက်ဆံရေးမှာ လူတစ်ဦးတစ်ယောက်နှင့်မဟုတ်ဘဲ ဘုရားသခင်နှင့်ဖြစ်သည်။ ထို့ကြောင့်ဤဆက်ဆံရေးအကြောင်းကို စဉ်းစားသောအခါ၌ ဘုရားသခင်၏မည်သည့်ဂုဏ်ရည်တော်ကသင့်အား ကိုယ်တော်နှင့်အထူးရင်းနှီးစေသနည်းဟု စဉ်းစားဖူးသလော။
ဘုရားသခင်၏အဓိကဂုဏ်ရည်တော်များ
အမှန်ဆိုသော်ဘုရားသခင်၏ထင်ရှားပေါ်လွင်သော ဂုဏ်ရည်တော်အများအပြားအကြောင်းကို သမ္မာကျမ်းစာ၌ဖော်ပြထားသည်။ အထူးအလေးပေးဖော်ပြခံရသော ဂုဏ်ရည်တော်လေးရပ်မှာ မေတ္တာ၊ တရားမျှတခြင်း၊ ဉာဏ်ပညာနှင့်အနန္တတန်ခိုးတော်တို့ဖြစ်သည်။ (တရားဟောရာ ၃၂:၄။ ယောဘ ၁၂:၁၃။ ဆာလံ ၁၄၇:၅။ ၁ ယောဟန် ၄:၈) ထင်ရှားသောဤဂုဏ်ရည်တော်လေးရပ်အနက်မှ ရွေးချယ်ရသည်ရှိသော် ဘုရားသခင့်မေတ္တာတော်သည်အထူးသဖြင့် ဆွဲဆောင်သည်ဟုကျွန်ုပ်တို့ဆိုကောင်းဆိုကြမည်။ သို့ရာတွင်ကိုယ်တော်.မေတ္တာတော်နှင့် နီးနီးကပ်ကပ်ဆက်နွယ်နေသည့်အရာမှာ ကိုယ်တော်၏ထူးမြတ်သော ကောင်းမြတ်တော်မူခြင်းပင်ဖြစ်သည်။ ဤအကြောင်းကိုသမ္မာကျမ်းစာရေးသားသူတို့က အသားပါပါရေးသားခဲ့ကြသည့်အပြင် ဤကောင်းမြတ်တော်မူခြင်းသည် လူသားတို့အားဖန်ဆင်းရှင်နှင့် ကျန်းခံ့၍နှစ်သက်ဖွယ်ကောင်းသော ဆက်ဆံရေးထူထောင်စေရန် ဆွဲဆောင်နိုင်စွမ်းရှိပေသည်။
ဥပမာ၊ ဘီစီအီး ခြောက်ရာစုကုန်ခါနီးအချိန်တွင် ပရောဖက်ဇာခရိကယေဟောဝါအကြောင်း ဤသို့ကြွေးကြော်ခဲ့သည်။ “ကျေးဇူးတော်သည် အလွန်ကြီးစွတကား။ ဂုဏ်အသရေတော်လည်းအလွန်ကြီးစွတကား။” (ဇာခရိ ၉:၁၇) ဇာခရိလက်ထက်မတိုင်မီနှစ်ပေါင်းများစွာကတည်းက အောက်ပါအတိုင်းရေးသားရာတွင် ဟေရှာယသည်ဘုရားသခင်အားအလားတူ ချီးမွမ်းခဲ့သည်။ “[ယေဟောဝါ] ၏မေတ္တာကျေးဇူးတော်များမှစ၍. . .ဣသရေလအမျိုးသားတို့အား ပြုစုသောကောင်းမြတ်တော်မူခြင်းကို. . .ငါချီးမွမ်းပေအံ့။”—ဟေရှာယ ၆၃:၇၊ သမ ။
ထိုထက်နှစ်ပေါင်းသုံးရာစော၍ဒါဝိဒ်မင်းကြီးက ဘုရားသခင့်ကောင်းမြတ်တော်မူခြင်းအကြောင်းကို အလွန်စိတ်ထိခိုက်စရာကောင်းအောင် စီကုံးရေးသားခဲ့သည်။ ဒါဝိဒ်သည်ဘဝတစ်လျှောက်တွင်ဤကောင်းမြတ်ခြင်းကျေးဇူးကိုခံစားခဲ့ရသဖြင့် ကိုယ်တွေ့အဖြစ်အပျက်မှရေးသားခဲ့ခြင်းဖြစ်သည်။ ဘုရားသခင်သည်ဒါဝိဒ်အပေါ်အလွန့်အလွန်ကောင်းမြတ်တော်မူခဲ့သည်။ အထူးသဖြင့်ဗေသရှေဗနှင့်သူမ၏ခင်ပွန်းဥရိယတို့နှင့်ပတ်သက်သည့် ကြီးလေးသောအပြစ်များကျူးလွန်ပြီးနောက် သူ့အားဘုရားသခင် ကရုဏာပြတော်မူသောအချိန်၌ဖြစ်သည်။ (၂ ဓမ္မရာဇဝင် ၁၂:၉၊ ၁၃) ဆာလံ ၃၁:၁၉ ၌ဒါဝိဒ်က ‘ကိုယ်တော်ကိုကြောက်ရွံ့သောသူတို့အဖို့သိုထားတော်မူ. . .ကောင်းမြတ်တော်မူခြင်းသည် အလွန်ကြီးလှပါ၏’ ဟူ၍အထူးလေးမြတ်သောစိတ်နှင့် ထုတ်ဖော်ပြောဆိုခဲ့သည်။
ရှေးခေတ်ကဘုရားအားကိုးကွယ်ခဲ့သူများနည်းတူ ဘုရားသခင့်ကောင်းမြတ်တော်မူခြင်းကျေးဇူးကိုသင်တန်ဖိုးထားပါသလော။ သို့ဖြစ်လျှင် “အဘယ်သူမျှကြံ၍မမီနိုင်သော ဘုရားသခင်၏ငြိမ်သက်ခြင်း” အစစ်ကိုသင်ခံစားရမည်ဖြစ်ပြီး၊ အချိန်တိုင်းတွင် ဘုရားသခင်၏အလိုတော်ကိုဆောင်ရန် အလေးအနက်စေ့ဆော်ခြင်းခံရမည်ဖြစ်သည်။ (ဖိလိပ္ပိ ၄:၇) ဘုရားသခင့်ကောင်းမြတ်တော်မူခြင်း၌ အဘယ်အရာများပါဝင်ကြောင်းကိုလည်းကောင်း၊ ယင်း၏စွမ်းဆောင်မှုနယ်ပယ်အံ့ဖွယ်ကောင်းပုံကိုလည်း ယခုခေတ္တစဉ်းစားကြည့်ကြပါစို့။ မေတ္တာပြည့်ဝသောကောင်းကင်ဘုံရှင်ခမည်းတော်အား ကျေးဇူးတင်လေးမြတ်သောစိတ်ကို ဧကန်တိုးပွားစေပေလိမ့်မည်။