ဦးဆောင်သူတို့၏စကားကို နားထောင်ကြလော့
“သင်တို့တွင်ဦးဆောင်သူတို့သည် အစီရင်ခံရမည့်သူကဲ့သို့ သင်တို့၏အသက်ဝိညာဉ်အတွက် စောင့်ကြပ်လျက်နေကြသည်ဖြစ်ရာ သူတို့၏စကားကိုနားထောင်၍ ဝန်ခံလျက်နေကြလော့။”—ဟေဗြဲ ၁၃:၁၇။
၁။ ခရစ်ယာန်ကြီးကြပ်မှူးတို့၏ လုပ်ဆောင်ခြင်းမှကျွန်ပ်တို့အဘယ်သို့ အကျိုးရရှိသနည်း။
ယေဟောဝါသည် “ဆုံးခန်းကာလ” တွင် အဖွဲ့အစည်းတော်အတွက် ကြီးကြပ်မှူးများကို စီမံပေးတော်မူ၏။ (ဒံယေလ ၁၂:၄) သူတို့သည်သိုးကဲ့သို့သောသူများကို စောင့်ရှောက်ရာတွင် ဦးဆောင်ကြသည်။ သူတို့၏ကြီးကြပ်မှုမှာလည်း အားတက်ဖွယ်ဖြစ်သည်။ (ဟေရှာယ ၃၂:၁၊ ၂) ထိုမျှသာမက ဘုရားသိုးတော်စုကို ကြင်နာယုယစွာဆက်ဆံကြသော အကြီးအကဲများ၏ မေတ္တာပါသောကြီးကြပ်မှုသည် စာတန်နှင့်သူ၏ဆိုးယုတ်သော အစီအစဉ်စနစ်မှ အကာအကွယ်ပေးသည်။—တမန်တော် ၂၀:၂၈-၃၀။ ၁ ပေတရု ၅:၈။ ၁ ယောဟန် ၅:၁၉။
၂။ တမန်တော်ပေါလုအား အချို့မည်သို့မြင်သနည်း။ သို့သော်အကြီးအကဲများအပေါ် မည်သို့သဘောထားရှိခြင်းသည် သင့်တော်သနည်း။
၂ သို့သော်အကြီးအကဲများကို သင်မည်သို့သဘောထားသနည်း။ ‘ပြဿနာဖြစ်လာရင် အသင်းတော်မှာရှိတဲ့ တစ်ခြားအကြီးအကဲဆီကို ဘယ်တော့မှမသွားတော့ဘူး။ တစ်ယောက်ကိုမှ အယုံအကြည်မရှိတော့ဘူး’ ဟုစိတ်နှလုံးထဲတွင် သင်ပြောဆိုသလော။ သင့်သဘောသည် ဤသို့ဖြစ်နေပါက သင်သည်သူတို့၏မစုံလင်မှုကို ပဓာနပြုလွန်းရာမရောက်ပေလော။ ရှေးကောရိန္သုမြို့တွင် တမန်တော်ပေါလုနှင့်ပတ်သက်၍အချို့က “သူ၏စာသည်လေးလံသောစာ၊ တန်ခိုးနှင့်ပြည့်စုံသောစာဖြစ်၏။ ကိုယ်တိုင်ရှိလျှင်မူကား သတ္တိမရှိသောသူ၊ အချည်းနှီးစကားကို ပြောသောသူဖြစ်သည်” ဟုဆိုကြ၏။ သို့တစေ ဘုရားသခင်သည်ဓမ္မအမှုတော်၌ သူ့အားတာဝန်ပေး၍ “တစ်ပါးအမျိုးသားတို့နှင့် ဆိုင်သောတမန်တော်” အဖြစ်အသုံးခံတော်မူ၏။ (၂ ကောရိန္သု ၁၀:၁၀။ ရောမ ၁၁:၁၃။ ၁ တိမောသေ ၁:၁၂) သို့ဖြစ်သောကြောင့် “ကမ္ဘာပေါ်မှာအကောင်းဆုံး အကြီးအကဲအဖွဲ့ကျွန်မတို့ ရရှိထားတယ်။ အကူအညီလိုအပ်တဲ့အခါတိုင်း အကူအညီပေးဖို့ကျွန်မတို့နှင့် အတူရှိနေကြတယ်” ဟုပြောခဲ့သည့်ညီအစ်မကဲ့သို့ သင်သဘောထားမည်ဟု မျှော်လင့်ပါသည်။
အဘယ်ကြောင့်သူတို့စကားနားထောင်ရသနည်း
၃။ ကျွန်ုပ်တို့ပြသောစိတ်ဓာတ်နှင့်အတူ သခင်ဘုရားရှိစေလိုလျှင် ခရစ်ယာန်သိုးထိန်းလက်ထောက်များကို မည်သို့သဘောထားသင့်သနည်း။
၃ ခရစ်ယာန်လက်ထောက်သိုးထိန်းများမှာ ကြီးမြတ်သောသိုးထိန်းယေဟောဝါဘုရား စီမံပေးရာများဖြစ်သဖြင့် သူတို့ကိုမည်သို့သဘောထားရန် ကိုယ်တော်လိုလားတော်မူသည်ဟုသင်ထင်သနည်း။ ယေဟောဝါသက်သေများ အုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုအောက်ရှိမေတ္တာပြည့်ဝသော ကြီးကြပ်ရေးမှူးများမှတစ်ဆင့် လက်ခံရရှိသည့်သမ္မာကျမ်းစာနှင့်ညီသော ညွှန်ကြားချက်အတိုင်းလိုက်နာရန် ဘုရားသခင်မုချလိုလားတော်မူ၏။ သို့ပြုလျှင် ‘သခင်ဘုရားသည်ကျွန်ုပ်တို့ပြသသော စိတ်ဓာတ်နှင့်အတူရှိ’ မည်ဖြစ်ပြီးကျွန်ုပ်တို့သည် ငြိမ်သက်ခြင်းခံစား၍ဝိညာဉ်ရေးဖက် တည်ဆောက်ခံရပေမည်။—၂ တိမောသေ ၄:၂၂။ တမန်တော် ၉:၃၁။ ၁၅:၂၃-၃၂ နှင့်နှိုင်းယှဉ်ပါ။)
၄။ ဟေဗြဲ ၁၃:၇ အတိုင်းကိုယ်တိုင်ကိုယ်ကျ မည်သို့ကျင့်သုံးနိုင်သနည်း။
၄ ပေါလုက “ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကို သင်တို့အားဟောပြော၍ သင်တို့တွင်ဦးဆောင်သူတို့ကို အောက်မေ့သတိရကြလော့။ သူတို့၏ပြုမူကျင့်ကြံခြင်းမှ မည်သို့အကျိုးရသည်ကိုဆင်ခြင်လျက် သူတို့၏ယုံကြည်ခြင်းကို အတုယူကြလော့” ဟုတိုက်တွန်းခဲ့သည်။ (ဟေဗြဲ ၁၃:၇၊ NW) ကနဦးခရစ်ယာန်များတွင် တမန်တော်တို့သည်အဓိကဦးဆောင်ကြသည်။ ယခုခေတ်၌ယေဟောဝါသက်သေများ၏ အုပ်ချုပ်ရေးအဖွဲ့တွင်ပါဝင်သူများ၊ အခြားဘိသိက်ခံကြီးကြပ်မှူးများနှင့် “လူအုပ်ကြီး” မှအမျိုးသားများ ဦးဆောင်နေကြသည်ကို တွေ့နိုင်သည်။ (ဗျာဒိတ် ၇:၉) သူတို့၏အသံနေအသံထား၊ ကိုယ်ဟန်အနေအထား သို့မဟုတ် ထူးခြားသည့်အမူအယာများကို အတုယူရန်အားပေးမထားပေ။ သို့သော်လည်း သူတို့၏ယုံကြည်ခြင်းကို အတုယူခြင်းအားဖြင့် ကျွန်ုပ်တို့ကောင်းမွန်စွာပြုမူ ကျင့်ကြံနိုင်ပေသည်။
၅။ ယနေ့မြေကြီးပေါ်တွင် ခရစ်ယာန်အသင်းတော်ကို ကြည့်ရှုစောင့်ရှောက်ရသည့် အဓိကတာဝန်ကိုမည်သူတို့အား အပ်နှင်းထားသနည်း။ သူတို့ဘာထိုက်တန်သနည်း။
၅ ယနေ့ကမ္ဘာပေါ်တွင်ကျွန်ုပ်တို့၏ ဝိညာဏလိုအပ်ရာများအတွက် အဓိကပြင်ဆင်ပေးရသည့်တာဝန်ကို “သစ္စာနှင့်သတိပညာရှိသောကျွန်” ၌အပ်နှင်းထားသည်။ ယင်း၏ကိုယ်စားလှယ်ဖြစ်သော အုပ်ချုပ်ရေးအဖွဲ့သည် ကမ္ဘာချီနိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းကို ဦးဆောင်၍ညှိနှိုင်းဆောင်ရွက်သည်။ (မဿဲ ၂၄:၁၄၊ ၄၅-၄၇) အထူးသဖြင့် ဤဝိညာဉ်တော်ဘိသိက်ခံ အကြီးအကဲများကို ဝိညာဏအုပ်စိုးသူများအဖြစ် သဘောထားနိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် ဟေဗြဲ ၁၃:၇ကို “သင်တို့ကိုအုပ်စိုးသူတို့ကို သတိရကြလော့” ဟူ၍လည်းပြန်ဆိုနိုင်၍ဖြစ်သည်။ (Kingdom Interlinear) အသင်းတော်ပေါင်း ၆၀၀၀၀ ကျော်နှင့် နိုင်ငံတော်ကြွေးကြော်သူပေါင်း ၃၇၀၀၀၀၀ ကျော်ရှိနေသဖြင့် အုပ်ချုပ်ရေးအဖွဲ့ဝင်အကြီးအကဲ ၁၂ ဦးသည် ‘သခင်ဘုရား၏အမှုတော်တွင်အလုပ်များစွာလုပ်ရန်’ ရှိနေကြသည်။ (၁ ကောရိန္သု ၁၅:၅၈၊NW) သူတို့၏ဘုရားပေးတာဝန်ကို ထောက်ရှုကြည့်လျှင်ကျွန်ုပ်တို့၏ ပူးပေါင်းဆောင်ရွက်မှု ရထိုက်ပေသည်။ ပထမရာစုနှစ်အုပ်ချုပ်ရေးအဖွဲ့သည် ကနဦးခရစ်ယာန်တို့၏ ပူးပေါင်းဆောင်ရွက်မှု ရရှိခဲ့သကဲ့သို့ပင်။—တမန်တော် ၁၅:၁၊ ၂။
၆။ ယေဟောဝါလူမျိုးတော်၏အကျိုးအတွက် အကြီးအကဲများလုပ်ဆောင်ပေးသည့် အရာအချို့ကားအဘယ်နည်း။
၆ ကြီးကြပ်မှူးသည်အသင်းတော်၏ ဝိညာဏလိုအပ်ရာများစီမံပေးရန် ဝိညာဉ်တော်အားဖြင့် ခန့်အပ်ခံရသူများ ဖြစ်ကြသည်။ (တမန်တော် ၂၀:၂၈) ဒေသအသင်းတော်နယ်မြေအတွင်း နိုင်ငံတော်သတင်းဟောပြောရန် သူတို့ဂရုစိုက်ကြပ်မတ်ရသည်။ ကျမ်းစာအရည်အချင်းပြည့်မီသော ဤအမျိုးသားတို့သည် မေတ္တာရှေ့ထား၍ဝိညာဏညွှန်ပြမှုများလည်း ပေးကြသည်။ ဝိညာဏညီအစ်ကိုညီအစ်မများသည် ဘုရားသခင်နှင့်အထိုက်အလျောက် ကျင့်ဆောင်စေခြင်းငှာ တိုက်တွန်းနှိုးဆော်၍ နှစ်သိမ့်အားပေးသက်သေခံကြ၏။ (၁ သက်သာလောနိတ် ၂:၇၊ ၈၊ ၁၁၊ ၁၂) တစ်စုံတစ်ယောက်သတိလစ်၍ ခြေချော်လမ်းမှားသွားသည့်တိုင်အောင် “နူးညံ့သိမ်မွေ့သောသဘော” နှင့်ထိုသူကိုပဲ့ပြင်ရန်ကြိုးစားကြသည်။—ဂလာတိ ၆:၁။
၇။ ဟေဗြံ ၁၃:၁၇ တွင်အဘယ်သြဝါဒကို ပေါလုပေးခဲ့သနည်း။
၇ မေတ္တာရှိသည့်ထိုကြီးကြပ်မှူးများနှင့် ပူးပေါင်းဆောင်ရွက်ရန် ကျွန်ုပ်တို့၏နှလုံးသည် စေ့ဆော်ခြင်းခံရသည်။ ဤသို့ပြုခြင်းသည် သင့်မြတ်လှပေသည်။ ပေါလုရေးသားခဲ့သည့်အတိုင်း “သင်တို့တွင်ဦးဆောင်သူတို့သည် အစီရင်ခံရမည့်သူကဲ့သို့ သင်တို့၏အသက်ဝိညာဉ်အတွက် စောင့်ကြပ်လျက်နေကြသည်ဖြစ်ရာ သူတို့၏စကားကိုနားထောင်၍ ဝန်ခံ၍နေကြလော့။ သို့မှသူတို့သည် သင်တို့အကျိုးယုတ်စေမည့် ညည်းတွားခြင်းဖြင့်မဟုတ်၊ အားရဝမ်းမြောက်စွာ ဆောင်ရွက်ခွင့်ရကြလိမ့်မည်။” (ဟေဗြဲ ၁၃:၁၇၊ NW) ဤသြဝါဒစကားကို အဘယ်သို့ နားလည်ရမည်နည်း။
၈၊ ၉။ (က) ဟေဗြဲ ၁၃:၁၇ ကိုထောက်ရှုလျှင် ဦးဆောင်သူတို့၏စကားကို အဘယ်ကြောင့်နားထောင်သင့်သနည်း။ (ခ) ကျွန်ုပ်တို့၏နာခံမှုနှင့် ဝန်ခံခြင်းတို့သည် အဘယ်ကောင်းကျိုး ဖြစ်ထွန်းစေနိုင်သနည်း။
၈ ကျွန်ုပ်တို့ကိုဝိညာဉ်ရေးအရ အုပ်စိုးသူတို့၏စကားကိုနားထောင်ရန် ပေါလုတိုက်တွန်းထားသည်။ အဆိုပါလက်ထောက်သိုးထိန်းများ၏ အုပ်စိုးခြင်းကို “ဝန်ခံ” ကြရမည်။ အဘယ်ကြောင့်နည်း။ ‘သူတို့သည်ကျွန်ုပ်တို့၏အသက်ဝိညာဉ်’ သို့မဟုတ် ဘုရားသခင်ထံအပ်နှံထားသောအသက် ‘အတွက်စောင့်ကြပ်နေကြ’ သောကြောင့်ဖြစ်သည်။ “မည်သို့စောင့်ကြပ်လျက်နေကြ” သနည်း။ ဤတွင်ဂရိကြိယာ အဂရူပနီအို(a·gru·pne΄o ) သည် မူရင်းစာသားအတိုင်းဆိုလျှင် အကြီးအကဲတို့သည် “မအိပ်ဘဲနေသည်” ဟုအဓိပ္ပာယ်ရသည်။ ဤအချက်ကသိုးများကို ညအန္တရာယ်များမှကာကွယ်ရန်အတွက် အိပ်ပျက်ခံ၍စောင့်နေတတ်သော တစ်ကိုယ်တော်သိုးထိန်းကို သတိရစေသည်။ အကြီးအကဲများသည် တစ်ခါတစ်ရံတွင် ဘုရားသခင့်သိုးတော်စုအတွက် အထူးစိုးရိမ်ကြောင့်ကြရာတွင်လည်းကောင်း၊ ယုံကြည်သူချင်းအတွက် ဝိညာဏအကူအညီပေးရာတွင်လည်းကောင်း ညပေါင်းများစွာ မအိပ်ဘဲနေကြသည်။ သူတို့၏သစ္စာရှိစွာ အမှုတော်ဆောင်ခြင်းကို မည်မျှတန်ဖိုးထားလေးစားရန် ကောင်းပါသည်တကား။ ကျွန်ုပ်တို့သည်ယုဒလက်ထက်မှ “ဘုရားတရားမဲ့သူများ” နှင့်မုချတူလိုကြမည်မဟုတ်ပေ။ ထိုသူတို့သည် ‘အာဏာပိုင်များကိုမထီလေးစားခြင်း၊ ဘုန်းရှင်များကိုကဲ့ရဲ့ခြင်း ပြုတတ်ကြ၏။’ ထိုဘုန်းရှင်များကား ဘုရားထံမှဘုန်းတန်ခိုး သို့မဟုတ် ဂုဏ်အသရေချီးမြှင့်ခံရသော ဘိသိက်ခံခရစ်ယာန်အကြီးအကဲများ ဖြစ်ကြသည်။—ယုဒ ၃၊ ၄၊ ၈။
၉ ခရစ်ယာန်ကြီးကြပ်မှူးတို့၏စကားကိုနားမထောင်၊ အုပ်စိုးခြင်းကိုလည်း ဝန်မခံဘဲနေပါက ယေဟောဝါ၏စိတ်တော်နှင့် တွေ့မည်မဟုတ်ပေ။ ကြီးကြပ်မှူးများအတွက်လည်း ဝန်လေးပင်ပန်းစရာဖြစ်ပြီး ကျွန်ုပ်တို့အတွက်လည်း ဝိညာဉ်ရေးနစ်နာစရာဖြစ်မည်။ ကျွန်ုပ်တို့ပူးပေါင်းဆောင်ရွက်ခြင်းမပြုပါက အကြီးအကဲတို့သည်တာဝန်များကို ညည်းတွားခြင်းဖြင့် ဆောင်ရွက်ရဖွယ်ရှိသည်။ ခရစ်ယာန်ဓမ္မအမှု၌ ဝမ်းမြောက်မှုဆုံးပါးနိုင်သည့် စိတ်ပျက်အားငယ်မှုမျိုးဖြင့် ဆောင်ရွက်ကောင်းဆောင်ရွက်ရပေမည်။ သို့သော်ကျွန်ုပ်တို့နာခံ၍ ကျိုးနွံဝန်ခံလျှင် ဘုရားရေးရာအကျင့် တိုးတက်ကောင်းမွန်စေပြီး ယုံကြည်ခြင်းလည်း တိုးတက်ခိုင်မြဲစေပေမည်။ ‘သခင်ဘုရားသည်ကျွန်ုပ်တို့ပြသသော စိတ်ဓာတ်နှင့်အတူရှိ’ မည်ဖြစ်ပြီး ပူးပေါင်းဆောင်ရွက်ခြင်း၊ ငြိမ်သက်ခြင်းနှင့်စည်းလုံးခြင်း အခြေအနေမျိုး၌ဝမ်းမြောက်ခြင်းသည်လည်း တိုးပွားပေမည်။—၂ တိမောသေ ၄:၂၂။ ဆာလံ ၁၃၃:၁။
၁၀။ ၁ တိမောသော ၅:၁၇ အရကောင်းမွန်စွာ ဦးစီးသူတို့သည်အဘယ်ကြောင့် ရိုသေလေးစားဂုဏ်ပြုခြင်း ခံထိုက်သနည်း။
၁၀ အသင်းတော်အကြီးအကဲများအားနာခံ၍ ကျိုးနွံဝန်ခံခြင်းအားဖြင့် ကျွန်ုပ်တို့သည်လူ့အလိုလိုက်သူများ ဖြစ်မသွားပေ။ သို့ပြုလျှင်ကျမ်းစာနှင့် ညီမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ပထမရာစုခရစ်ယာန်ကျေးကျွန်များအား အရှင်သခင်ဖြစ်သူတို့၏ အမိန့်ကိုနားထောင်ရန် “လူ့စိတ်နှင့်တွေ့လိုသူတို့နည်းတူ မျက်မှောက်၌သာမဟုတ် ယေဟောဝါကိုခန့်ညားလျက် ရိုးဖြောင့်သောစိတ်နှလုံးနှင့်” နားထောင်ရန် မှာကြားခဲ့၍ဖြစ်သည်။ (ကောလောသဲ ၃:၂၂။ ဧဖက် ၆:၅၊ ၆) ‘ကောင်းစွာဦးစီး၍ ဟောပြောမှုနှင့်သင်ကြားမှု၌ ကြိုးစားအားထုတ်သော’ ကြီးကြပ်မှူးတို့သည် အဓိကအားဖြင့် ဘုရားသခင့်နှုတ်ကပတ်တော်အပေါ် အခြေပြု၍သင်ကြားပေးမှုအတွက် ရိုသေလေးမြတ်ခြင်း ခံထိုက်ပေသည်။ ပေါလုရေးသားခဲ့သည့်အတိုင်း “ကောင်းမွန်စွာဦးစီးသောအသက်ကြီးသူ၊ အထူးသဖြင့်ဟောပြောမှု၊ သင်ကြားမှု၌ ကြိုးစားအားထုတ်သော အသက်ကြီးသူတို့သည် နှစ်ဆသောရိုသေလေးမြတ်ခြင်း ခံထိုက်သည်ဟုမှတ်ယူစေ။ အကြောင်းမူကား ‘စပါးနင်းနယ်သောနွားကို ပါးချုပ်မတပ်ရ’ ဟူ၍လည်းကောင်း၊ ‘လုပ်သားသည်အခရထိုက်သည်’ ဟူ၍လည်းကောင်း ကျမ်းစာလာ၏။”—၁ တိမောသေ ၅:၁၇၊ ၁၈။ NW
၁၁။ အကြီးအကဲတစ်ဦး “နှစ်ဆသောရိုသေလေးမြတ်ခြင်း” မည်သို့ရရှိနိုင်သနည်း။ သို့သော်အဘယ်အရာကို သူရှောင်ကြဉ်ရမည်နည်း။
၁၁ အထက်ပါပေါလု၏စကားများအရ သူတစ်ပါး၏ဝိညာဏကောင်းကျိုး သယ်ပိုးသူတို့အား ရုပ်ဝတ္ထုပစ္စည်းထိုက်ထိုက်တန်တန် ထောက်မသင့်ကြောင်း သိသာစေသည်။ သို့ရာတွင် ဤအချက်က အကြီးအကဲတို့သည်လခရသင့်သည်ဟုမဆိုလိုပါ။ “နှစ်ဆသောရိုသေလေးမြတ်ခြင်း” ဆိုသည်မှာ အကြီးအကဲတစ်ဦး အတင်းအကျပ်တောင်းဆိုနိုင်သော အရာလည်းမဟုတ်ပေ။ အသင်းသားများထဲမှ အလိုအလျောက်ရရှိသော အရာသာဖြစ်သည်။ သို့သော်လည်း မိမိရာထူးကိုခုတုံးလုပ်၍ ဩဇာအာဏာနှင့် ပစ္စည်းဥစ္စာရရှိရေးအတွက် အသုံးမပြုအပ်ပေ။ ထင်ပေါ်ကျော်ကြားမှုကို မရှာကြံသင့်ပေ။ ပစ္စည်းဥစ္စာအကျိုးအတွက် ပို၍ချမ်းသာကြွယ်ဝသူတို့ကို အဓိကရွေးပေါင်းပြီး အခြားသူတို့ကို အရေးမစိုက်ဘဲနေခြင်း မပြုသင့်ပေ။ (သု၊ ၂၅:၂၇။ ၂၉:၂၃။ ယုဒ ၁၆) အကြီးအကဲတစ်ဦးသည် ဘုရားသခင့်သိုးတော်စုကို ‘စေတနာဖြင့်လည်းကောင်း၊ မရိုးသားသောစီးပွားအတွက်မဟုတ်ဘဲ စိတ်ထက်သန်စွာဖြင့်လည်းကောင်း’ ထိန်းကြောင်းရပေမည်။—၁ ပေတရု ၅:၂။
၁၂။ အဘယ်အရာကိုစိတ်စွဲထားလျှင် ကျွန်ုပ်တို့တွင်ဦးဆောင်သူတို့၏စကားကို နားထောင်ရန်လွယ်ကူစေမည်နည်း။
၁၂ ဘုရားသခင်ကိုယ်တော်တိုင်က အကြီးအကဲများကိုစီမံပေးသည်ကို သတိရကြမည်ဆိုလျှင် ဦးဆောင်သူတို့၏စကားကိုနားထောင်၍ ရိုသေလေးမြတ်ရန် လွယ်ကူပေမည်။ (ဧဖက် ၄:၇-၁၃) ဤသူတို့သည် ဝိညာဉ်တော်ခန့်အပ်သူများ ဖြစ်ခြင်းကြောင့်လည်းကောင်း၊ ဘုရားသခင့်အဖွဲ့အစည်းတော်သည် ယေဟောဝါသက်သေများ၏အသက်တာတွင် အရေးပါသောကဏ္ဍတွင် ပါဝင်နေခြင်းကြောင့်လည်းကောင်း ကျွန်ုပ်တို့သည်သီအိုကရက်တစ် အစီအစဉ်များအတွက် ကျေးဇူးတင်လေးစားသည့်သဘော ဧကန်မုချပြသလိုကြပေမည်။ ထိုမျှမကကျွန်ုပ်တို့တွင် ဦးဆောင်နေသူတို့၏ စကားကိုနားထောင်၍ ဝန်ခံခြင်းဘက်တွင် ပုံသက်သေကောင်းပြမည်ဆိုပါက လူသစ်များကိုလည်း ဤစိတ်သဘောမျိုး ဖြစ်ထွန်းလာအောင် ကူညီပေးနိုင်ပေမည်။
သူတို့၏လုပ်ဆောင်မှုကို အဘယ်ကြောင့်လေးမြတ်ရသနည်း
၁၃။ (က) လောကနှင့်ဘုရားသခင့်အဖွဲ့အစည်းတော်တွင် ဦးဆောင်မှုနှင့်ပတ်သက်၍ အဘယ်ခြားနားသောအမြင်မျိုးရှိသနည်း။ (ခ) ကျွန်ုပ်တို့တွင် ဦးဆောင်နေသူတို့ကို ယုံကြည်စိတ်ချရန် အဘယ်ခိုင်လုံသောအကြောင်းများရှိသနည်း။ (ဂ) ပင်ပန်းစွာကြိုးစားလုပ်ဆောင်သော အကြီးအကဲတို့၏မစုံလင်မှုတို့ကို ပုံကြီးချဲ့နေမည့်အစား ဘာလုပ်သင့်သနည်း။
၁၃ ဦးဆောင်မှုကိုငြင်းပယ်သည့်သဘော လောကတွင်ပျံ့နှံ့နေသည်။ တက္ကသိုလ်ကထိကတစ်ဦးဆိုသည်အတိုင်း “ပညာရေးအဆင့်မြင့်မားလာခြင်းက စွမ်းရည်ကိုတိုးတက်စေလိုက်သဖြင့် နောက်လိုက်တပည့်တို့သည် ဦးဆောင်၍မရနိုင်လောက်အောင် အပြစ်ရှာဝေဖန်လာတတ်ကြသည်။” သို့သော်လည်း ကိုယ်ပိုင်အတွေးအခေါ်အတိုင်းလုပ်တတ်သော စိတ်ဓာတ်မျိုးသည်ဘုရားသခင့်အဖွဲ့အစည်းတော်တွင် ထွန်းကားခြင်းမရှိပေ။ ကျွန်ုပ်တို့တွင်ဦးဆောင်နေသူတို့အား ယုံကြည်အားကိုးစရာအကြောင်းလည်း ခိုင်ခိုင်လုံလုံရှိပေသည်။ သာဓကအနေနှင့်ကျမ်းစာတောင်းဆိုချက်၊ စည်းကမ်းချက်များပြည့်မီသူတို့ကိုသာ အကြီးအကဲများအဖြစ်ခန့်အပ်သည်။ (၁ တိမောသေ ၃:၁-၇) သူတို့သည်ကြင်နာ၍ မေတ္တာရှိအောင်ယိုင်းပင်းကူညီတတ်ရန် လေ့ကျင့်ပေးခံရသော်လည်း ယေဟောဝါ၏ဖြောင့်မတ်သောစံများကို အခိုင်အမာထောက်ခံကြသည်။ အကြီးအကဲတို့သည် ကျမ်းစာသမ္မာတရားအတိုင်းလိုက်နာပြီး ‘ကျန်းခံ့ရေးဒေသနာဖြင့်နှိုးဆော်ခြင်းငှာ တတ်စွမ်းနိုင်မည့်အကြောင်း သစ္စာတရားတော်ကိုစွဲမြဲ’ ကြသည်။ (တိတု ၁:၅-၉) ကျွန်ုပ်တို့ရှိသမျှသည် မစုံလင်သူများဖြစ်ကြသဖြင့် သူတို့၏မစုံလင်မှုတို့ကို ပုံကြီးမချဲ့သင့်ပေ။ (၃ ဓမ္မရာဇဝင် ၈:၄၆။ ရောမ ၅:၁၂) သူတို့၏မစုံလင်သည့်အချက်များကြောင့် စိတ်ပျက်၍သူတို့ပေးသော အကြံဉာဏ်ကို ပေါ့ပေါ့တန်တန်သဘောထားမည့်အစား အကြီးအကဲတို့ပေးလာသော ကျမ်းစာအပေါ်အခြေခံသည့် ညွှန်ကြားချက်ကိုဘုရားသခင်ထံတော်မှ လာသည့်ပမာတန်ဖိုးထားလေးစားစွာ လက်ခံကြပါစို့။
၁၄။ ၁ တိမောသေ ၁:၁၂ ကိုထောက်ရှု၍ အကြီးအကဲတစ်ဦးသည် ခန့်အပ်ခံရသည့်ဓမ္မအမှုကို မည်သို့သဘောထားအပ်သနည်း။
၁၄ လေးစားတန်ဖိုးထားတတ်သောပေါလုက “ငါ့ကိုသစ္စာရှိသည်ဟုယူမှတ်လျက် အမှုတော်ဆောင်ခန့်ထားတော်မူသောကြောင့် ခွန်အားနှင့်ပြည့်စုံတော်မူသော ငါတို့အရှင်ခရစ်တော်ယေရှု၏ ကျေးဇူးတော်ကိုငါချီးမွမ်း၏” ဟုပြောဆိုခဲ့၏။ (၁ တိမောသေ ၁:၁၂၊ သမ) ထိုအမှုတော်ဆောင် သို့မဟုတ် ဓမ္မအမှု၌ဟောပြောခြင်းလုပ်ငန်းနှင့် ယုံကြည်သူချင်းရောင်းရင်းတို့အတွက် အကျိုးဆောင်ခြင်းတို့ပါဝင်သည်။ ကြီးကြပ်မှူးတစ်ဦးသည် သိုးထိန်းအဖြစ်အမှုဆောင်ရန် သန့်ရှင်းသောဝိညာဉ်တော် ခန့်အပ်စေကာမူအခြားသူတို့ထက် အဆင့်မြင့်သည်ဟူသော စိတ်ကြီးမဝင်သင့်ပေ။ သူကိုယ်တိုင်သည် သိုးကဲ့သို့သောသူများပါဝင်သော ဘုရားသခင့်သိုးတော်စုအဝင် ဖြစ်သောကြောင့်တည်း။ (၁ ပေတရု ၅:၄) သူ့အနေနှင့် သိုးတော်စုဝင်တို့ကို အလုပ်အကျွေးပြုထိုက်သူအဖြစ် အသင်းတော်၏ဦးခေါင်းယေရှုခရစ်က မှတ်ယူခြင်းအတွက်လည်းကောင်း၊ အသိပညာ၊ ဉာဏ်ပညာနှင့်နားလည်မှုတို့ကို ပေးသနားခြင်းအားဖြင့် ဘုရားသခင်ကမိမိအား အရည်အချင်းပြည့်မီစေခြင်းအတွက်လည်းကောင်း ကျေးဇူးတော်ချီးမွမ်းသင့်ပေသည်။ (၂ ကောရိန္သု ၃:၅) အကြီးအကဲတစ်ဦးသည် ဘုရားပေးအခွင့်အရေးအတွက် ကျေးဇူးတော်ချီးမွမ်းရန် အကြောင်းရှိသဖြင့်အခြားအသင်းသားတို့အနေနှင့် ဤအမှုတော်ဆောင်ခြင်း သို့မဟုတ် ဓမ္မအမှုကိုတန်ဖိုးထားလေးစားသင့်သည်။
၁၅။ ၁ သက်သာလောနိတ် ၅:၁၂၊ ၁၃ မှပေါလုပေးသောသြဝါဒ၏ အနှစ်သာရကားအဘယ်နည်း။
၁၅ ယေဟောဝါသက်သေများသည် ဤနောက်ဆုံးနေ့ရက်များအတွင်း ဘုရားသခင်တည်ထောင်သည့် အဖွဲ့အစည်းတော်အတွက် ကျေးဇူးတော်ချီးမွမ်းကြသည်။ ထိုလေးမြတ်မှုက အကြီးအကဲများကို ရိုသေလေးစားရန် စေ့ဆော်ပေးသည်။ ကျွန်ုပ်တို့အကျိုးအတွက် သူတို့စီစဉ်သည့်အတိုင်း အပြည့်အဝပူးပေါင်းဆောင်ရွက်ခွင့်ရခြင်းအတွက် ကျွန်ုပ်တို့ဝမ်းသာသင့်သည်။ ပေါလုဤသို့ဆို၏။ “ထိုမှတစ်ပါး ညီအစ်ကိုတို့၊ သင်တို့တွင်အမှုတော်ကိုဆောင်ရွက်ခြင်း၊ သခင်ဘုရားအခွင့်နှင့်အုပ်စိုးခြင်း၊ သတိပေးခြင်းအမှုကို ပြုသောသူတို့ကိုသိမှတ်၍ သူတို့ပြုသောအမှုကြောင့် မေတ္တာစိတ်နှင့်အလွန်လေးမြတ်မည်အကြောင်း ငါတို့သည်တောင်းပန်ကြ၏။” (၁ သက်သာလောနိတ် ၅:၁၂၊ ၁၃) ဤသြဝါဒအတိုင်းလိုက်လျှောက်ခြင်းဖြင့် ဝမ်းမြောက်ခြင်းနှင့်ယေဟောဝါ၏ကောင်းချီး ခံစားရမည်။
ဆုံးမသြဝါဒကိုလိုက်နာရန်မြန်ဆန်ပါ
၁၆၊ ၁၇။ ထိမ်းမြားလက်ထပ်ခြင်းနှင့်ပတ်သက်၍ အကြီးအကဲများအဘယ်သြဝါဒ ပေးကောင်းပေးမည်နည်း။ ၄င်းကိုလိုက်နာခြင်းဖြင့် အဘယ်အကျိုးရမည်နည်း။
၁၆ ပေါလုကတိတုအား ‘အားပေးတိုက်တွန်း၊ ဆုံးမသွန်သင်ခြင်းကို ရှိသမျှအခွင့်အာဏာနှင့်ပြုလော့’ ဟုနှိုးဆော်ခဲ့သည်။ (တိတု ၂:၁၅) အလားတူစွာ ဘုရားသခင့်ကိုယ်စားလှယ်များက ယနေ့ကျွန်ုပ်တို့အားသမ္မာကျမ်းစာ အခြေခံမူများနှင့်ဥပဒေများကို ညွှန်ကြားပေး၏။ ယေဟောဝါအဖွဲ့အစည်းနှင့် ခန့်အပ်ခံအကြီးအကဲများ၏သြဝါဒနှင့် ညွှန်ကြားချက်ကိုလိုက်နာကျင့်သုံးရန် တိုက်တွန်းနှိုးဆော်ချက်ကိုလက်ခံရန် ခိုင်လုံသောအကြောင်းများရှိပေသည်။
၁၇ ဥပမာအားဖြင့်အကြီးအကဲများက ခရစ်ယာန်တစ်ဦးအား “သခင်ဘုရား၌သာ” အိမ်ထောင်ပြုပါဟူသော သမ္မာကျမ်းသြဝါဒကိုလိုက်နာရန် တိုက်တွန်းပေမည်။ (၁ ကောရိန္သု ၇:၃၉။ တရားဟောရာ ၇:၃၊ ၄) နှစ်ခြင်းမခံသူနှင့်အိမ်ထောင်ပြုလျှင် ကြီးလေးသောပြဿနာတက်လာနိုင်ကြောင်း ရှောလမုန်ကဲ့သို့တိုင်းတစ်ပါး အမျိုးသမီးများကိုယူခြင်းအားဖြင့် အကြီးအကျယ်ပြစ်မှားရာရောက်နိုင်ကြောင်း ထိုအမျိုးသမီးများသည်သူ့နှလုံးကို ယေဟောဝါထံမှဖယ်ခွာစေ၍ မှားယွင်းသောဘုရားထံ ဆည်းကပ်စေခဲ့ကြောင်း ထောက်ပြပေမည်။ (၃ ဓမ္မရာဇဝင် ၁၁:၁-၆) ဧဇရကယုဒအမျိုးသားများအား သူတို့၏ဒိဌိမယားများကို စွန့်ပစ်စေခဲ့သည့်အကြောင်း၊ မယုံကြည်သူတို့နှင့်အိမ်ထောင်ပြုသူတို့သည် ‘ဘုရားသစ္စာတော်ကိုဖောက်ဖျက်၍ အပြစ်ကြီးကိုပြု’ ရာရောက်သည်ဟု နေဟမိပြောဆိုခဲ့သည့် အကြောင်းတို့ကိုလည်းရှင်းပြပေမည်။ (နေဟမိ ၁၃:၂၃-၂၇။ ဧဇရ ၁၀:၁၀-၁၄။ The Watchtower, March 15, 1982, page 31;November 15, 1986, page 26-30) မေတ္တာရှိသောအကြီးအကဲများပေးသည့် ကျမ်းစာနှင့်ညီညွတ်သောသြဝါဒစကားကို လိုက်နာကျင့်သုံးခြင်းဖြင့် ကောင်းချီးမင်္ဂလာများနှင့်တကွ ယေဟောဝါ၏စိတ်တော်ကို ကြည်သာစေရာမှပေါက်ဖွားလာသည့် ကျေနပ်မှုတို့ကိုခံစားရသည်။
၁၈။ ၁ ကောရိန္သု ၅:၉-၁၃ ၌ပေါလုရေးသားရာကို သုံးသပ်လိုက်သောအခါ မိသားစုဝင်တစ်ဦး နှင်ထုတ်ခံရပါကကျွန်ုပ်တို့မည်သို့ တုံ့ပြန်ပြုမူသင့်သနည်း။
၁၈ အကြီးအကဲတို့၏ တရားရေးဆုံးဖြတ်ချက်များကို လေးစားရန်သင့်ပေသည်။ ပေါလုကကောရိန္သုရှိခရစ်ယာန်တို့အား “ညီအစ်ကိုဟုခေါ်ဝေါ်သောသူသည် မတရားသောမေထုန်၌မှီဝဲခြင်း၊ လောဘလွန်ကျူးခြင်း၊ ရုပ်တုကိုးကွယ်ခြင်း၊ ဆဲရေးကဲ့ရဲ့ခြင်း၊ သေရေသေရက်နှင့်ယစ်မူးခြင်း၊ အနိုင်အထက်လုယူခြင်းမှစ၍ ထိုသို့သောအမှုကိုပြုသောသူနှင့် မပေါင်းဖော်ရသည်သာမက ထိုသူနှင့်အတူစားသောက်ခြင်းကိစ္စကိုမျှမပြုရ” ဟုမှာကြားခဲ့သည်။ သူတို့သည် ‘ထိုဆိုးညစ်သောသူကို သူတို့အထဲမှနှင်ထုတ်’ ခဲ့ရသည်။ (၁ ကောရိန္သု ၅:၉-၁၃) သို့သော်အမျိုးတစ်ယောက်နှင်ထုတ်ခံရပါက သင်မည်သို့ပြုမူမည်နည်း။ မိသားစုကိစ္စဆောင်ရွက်ရန်အတွက် အကန့်အသတ်ရှိသောဆက်ဆံမှု လိုအပ်ကောင်းလိုအပ်မည်ဖြစ်သော်လည်း နှင်ထုတ်ထားသည့်အမျိုးနှင့် ဝိညာဏပေါင်းသင်းမှုအားလုံးကိုမူကား ဖြတ်တောက်ပစ်ရပေမည်။ (ကင်းမျှော်စင်၊ ဧပြီ ၁၅၊ ၁၉၈၉၊ စာမျက်နှာ ၁၇-၂၃) ဘုရားသခင်နှင့်ကိုယ်တော်.အဖွဲ့အစည်းတော်အပေါ် သစ္စာစောင့်သိမည်ဆိုပါက ကြီးကြပ်မှူးတို့၏တရားရေးဆုံးဖြတ်ချက်များကို မုချလေးစားကြပေမည်။
၁၉။ ကျွန်ုပ်တို့ဝိညာဉ်ရေးအရ လမ်းမှားသွားနေကြောင်း အကြီးအကဲများထောက်ပြလာခဲ့သည်ရှိသော် မည်သို့ပြုသင့်သနည်း။
၁၉ ကျဉ်းမြောင်းသောအသက်လမ်းပေါ်တွင် တည်မြဲရန်မှာလွယ်ကူသောကိစ္စမဟုတ်ပေ။ တည်မြဲလိုပါက ဘုရားနှုတ်ကပတ်တော်တွင်ပေးထားသည့် ညွှန်ကြားချက်နှင့်အဖွဲ့အစည်းတော်တွင် သိုးထိန်းတာဝန်အပ်နှင်းထားသူတို့အားဖြင့် ပေးလာသည့်ညွှန်ကြားချက်တို့ကို လိုက်နာရကြမည်။ (မဿဲ ၇:၁၃၊ ၁၄) အကယ်၍ကျွန်ုပ်တို့သည် မော်တော်ယာဉ်ဖြင့်မြို့တစ်မြို့မှ အခြားမြို့သို့သွားရာတွင် လမ်းမှားသို့ကွေ့ချိုးမိပါက လမ်းမှန်ရောက်အောင် လုပ်ဆောင်ဖို့လိုအပ်သည်။ သို့မဟုတ်ပါက လိုရာခရီးရောက်မည်မဟုတ်ပေ။ ထိုနည်းတူမယုံကြည်သူတစ်ဦးကို ပိုးပန်းခြင်းအားဖြင့်ဝိညာဉ်ရေးအရ လမ်းမှားရောက်နေကြောင်း အကြီးအကဲများကထောက်ပြလာလျှင် ကျမ်းစာနှင့်ညီသောသူတို့၏သြဝါဒစကားကို မြန်မြန်ဆန်ဆန်လိုက်နာကျင့်သုံးသင့်ပေသည်။ “ယေဟောဝါကိုအမှန်ကိုးစား” ကြောင်းပြသသည့် နည်းတစ်နည်းပင်ဖြစ်သည်။—သု၊ ၃:၅၊ ၆။
သေးငယ်သောအရာများ၌ပင်လေးစားပါ
၂၀။ မိမိကိုယ်ကိုအဘယ်မေးခွန်းများ မေးကြည့်လျှင်သေးငယ်သောကိစ္စများ၌ပင် အကြီးအကဲတို့ပေးသည့် ညွှန်ကြားချက်ကိုလေးစားရန် အထောက်အကူဖြစ်နိုင်သနည်း။
၂၀ သေးငယ်သောကိစ္စများ၌ပင် အကြီးအကဲတို့၏ညွှန်ကြားချက်ကို လေးစားဖို့လိုသည်။ ထို့ကြောင့်မိမိကိုယ်ကိုဤသို့မေးကြည့်နိုင်သည်။ ‘အကြီးအကဲက လူနာတစ်ဦးထံလည်ပတ်ရန်ဖြစ်စေ၊ လယ်ကွင်းဓမ္မအမှုတွင် လူသစ်များကိုလေ့ကျင့်ပေးရန်ဖြစ်စေ တာဝန်ပေးစေခိုင်းလာသော် ကျွန်တော်ပူးပေါင်းဆောင်ရွက်ပါသလော။ စည်းဝေးတာဝန်များကို လက်ခံရန်အသင့်ရှိသလော။ ကောင်းမွန်စွာပြင်ဆင်သလော။ စည်းဝေးပွဲကြီးများတွင် ထိုင်ခုံဦးခြင်း၊ ဝတ်ပုံစားပုံမှစ၍ အခြားကိစ္စများနှင့်ပတ်သက်၍ အကြီးအကဲများညွှန်ကြားချက် ပေးလာသောအခါ ကျွန်တော်ခံယူတတ်ပါသလော။ နိုင်ငံတော်ခန်းမသန့်ရှင်းရေးတွင်ကူညီရန်၊ လယ်ကွင်းအမှုတော်ဆောင်မှတ်တမ်းမဖင့်မနွဲ့ တင်သွင်းရန်၊ စည်းဝေးသို့အချိန်မီရောက်ရန် ပြောလာသောအခါကျွန်တော် ပူးပေါင်းဆောင်ရွက်ပါသလော။’
၂၁။ အကြီးအကဲများကိုရိုသေလေးစားလျှင် ယေရှု၏အဘယ်စကားများကို သတိရစေမည်နည်း။
၂၁ ကျွန်ုပ်တို့၏ပူးပေါင်းဆောင်ရွက်မှုကို အသင်းတော်ကြီးကြပ်မှူးများ တန်ဖိုးထားကြသည်။ ကောင်းကျိုးများလည်းဖြစ်ထွန်းသည်။ အမှန်မှာသေးငယ်သောကိစ္စများ၌ပင် ကျွန်ုပ်တို့လေးလေးစားစားနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် “အနည်းငယ်သောအမှု၌ သစ္စာရှိသောသူသည် ကြီးသောအမှု၌လည်း သစ္စာရှိလိမ့်မည်” ဟူသောယေရှု၏စကားကို ကျွန်ုပ်တို့ကောင်းစွာ သတိရကြပေမည်။ (လုကာ ၁၆:၁၀) ကျွန်ုပ်တို့သည် သစ္စာရှိသူများအဖြစ်အမှန်ပင် မှတ်ယူခြင်းခံလိုကြသည်။
မေတ္တာပါသောကြီးကြပ်မှုကို ဆက်၍တုံ့ပြန်ပါ
၂၂။ သစ္စာရှိကျေးကျွန်နှင့် အသင်းတော်အကြီးအကဲများ၏ မေတ္တာပြည့်ဝသောကြီးကြပ်မှုမှရရှိသည့် အကျိုးကျေးဇူးအချို့ကားအဘယ်နည်း။
၂၂ သစ္စာရှိကျေးကျွန်နှင့် အသင်းတော်အကြီးအကဲများ၏ မေတ္တာပါသောကြီးကြပ်မှုမှ သက်ရောက်သောအကျိုးကျေးဇူးများကို ထောက်ရှုလျှင်မြေကြီးဆိုင်ရာ အဖွဲ့အစည်းတော်ကို ယေဟောဝါကြွယ်ဝစွာ ကောင်းချီးပေးနေကြောင်း ထင်ရှားသည်။ ၄င်းပြင်အကြီးအကဲတို့၏ ကျွမ်းကျင်သောညွှန်ကြားမှုက သူတို့၏စွမ်းရည်များကို ရောနှောသမစေပြီး စည်းလုံးမှုကိုတိုးပွားစေသည်။ နိုင်ငံတော်အကျိုးတိုးပွားစေရန် ညီညီညွတ်ညွတ်ကြိုးစားအားထုတ်ခြင်းကလည်း အကျိုးရရှိစေသည်။ ဦးဆောင်သူတို့၏ကြီးကြပ်မှုကို လေးစားတန်ဖိုးထားသောစိတ်ဖြင့် တုံ့ပြန်ခြင်း၏ခိုင်မာပြတ်သားသော အကျိုးရလဒ်တစ်ခုကား ကျွန်ုပ်တို့၏ဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းကို ဘုရားသခင်ကောင်းချီးပေးနေခြင်းပင်ဖြစ်သည်။ (မဿဲ ၂၈:၁၉၊ ၂၀) အကြီးအကဲများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်လည်း အစီအစဉ်စနစ်သစ်တွင် ထာဝရအသက်ရှင်ရန် အသင့်ပြင်ဆင်ပေးသည်။
၂၃။ ၁ ယောဟန် ၅:၃ ရှင်းပြချက်အရ ကျွန်ုပ်တို့အဘယ်သို့ပြုရန် နှိုးဆော်ခံရသနည်း။
၂၃ ယေဟောဝါကိုချစ်သောကြောင့် ကိုယ်တော်အား နာခံခြင်းသည် မနှစ်မြို့စရာတာဝန်မဟုတ်ပေ။ တမန်တော်ယောဟန် ဤသို့ရေးခဲ့၏။ “ပညတ်တော်တို့ကိုစောင့်ခြင်းအရာသည် ဘုရားသခင်ကိုချစ်ရာရောက်၏။ ပညတ်တော်တို့ကို စောင့်ခဲသည်မဟုတ်။” (၁ ယောဟန် ၅:၃) သစ္စာရှိခရစ်ယာန်တို့သည် ယေဟောဝါ၏ပညတ်တော်တို့ကို ဝမ်းမြောက်စွာနာခံ၍ အသင်းတော်တွင်ကြီးကြပ်မှူးတာဝန် အပ်နှင်းခံရသူတို့နှင့် ပူးပေါင်းဆောင်ရွက်ရန် စေ့ဆော်ခံရကြသည်။ ဘုရားသခင့်အဖွဲ့အစည်းတော်တွင် ရှိနေရခြင်းနှင့်အဆိုပါ “လူတို့တွင်ဆုလာဘ်များ” ရရှိထားခြင်းအတွက် မည်မျှကျေးဇူးတင်စရာပါတကား။ (ဧဖက် ၄:၈) သို့ဖြစ်သောကြောင့် လူမျိုးတော်ကိုဘုရားသခင် ညွှန်ကြားတော်မူကြောင်းအကြွင်းမဲ့ ယုံကြည်စိတ်ချလျက် ယေဟောဝါသက်သေများတွင် ဦးဆောင်ရန်အခွင့်အရေး ရရှိထားသူတို့စကားကို အစဉ်အမြဲနားထောင်သွားကြပါစို့။
သင်မည်သို့ဆိုမည်နည်း
▫ ကျွန်ုပ်တို့တွင် ဦးဆောင်နေသူတို့၏စကားကို အဘယ်ကြောင့်နားထောင်ရသနည်း။
▫ ပင်ပန်းစွာလုပ်ဆောင်ကြသော အကြီးအကဲတို့၏ အမှုတော်ဆောင်ခြင်းနှင့်ပတ်သက်၍ အဘယ်စိတ်သဘောထားရှိအပ်သနည်း။
▫ အကြီးအကဲများပေးလာသည့် ဩဝါဒကိုအဘယ်ကြောင့် မြန်မြန်ဆန်ဆန်လိုက်နာ ကျင့်သုံးရသနည်း။
▫ မေတ္တာပါသောကြီးကြပ်မှုကို ကျေးဇူးတင်လေးစားစွာတုံ့ပြန်ရာမှ အဘယ်အကျိုးကျေးဇူးများ ရရှိသနည်း။
[စာမျက်နှာ ၂၈ ပါ အကျဉ်းဖော်ပြချက်]
သင်သည်စည်းဝေးတာဝန်များ လက်ခံခြင်းအားဖြင့်လည်းကောင်း၊ နိုင်ငံတော်ခန်းမသန့်ရှင်းရေး၌ ကူညီပေးခြင်းအားဖြင့်လည်းကောင်း၊ လယ်ကွင်းအမှုဆောင်လုပ်ငန်းမှတ်တမ်းကို မဖင့်မနွဲ့ တင်သွင်းခြင်းအားဖြင့်လည်းကောင်း၊ အခြားနည်းလမ်းများအားဖြင့်လည်းကောင်း အကြီးအကဲများနှင့် ပူးပေါင်းဆောင်ရွက်ပါသလော။