ဘုရားသခင်စကားနားထောင်ရန် သင်အသင့်ရှိသလော
သ မ္မာကျမ်းစာကိုဖတ်လိုက်သည်နှင့် ပထမရာစုမှလူတို့၏အခြေအနေမှာ ကျွန်ုပ်တို့ခေတ်နှင့်များစွာဆင်တူကြောင်း ချက်ချင်းပင်ရိပ်မိကြမည်။ စာရိတ္တပျက်ပြားမှုနှင့် မရိုးသားမှု များစွာတွေ့ရမည်။ အထူးသဖြင့် ဣသရေလလူမျိုး၏ ပတ်ဝန်းကျင်ရှိ စည်းမဲ့ကမ်းမဲ့နိုင်လှသော အိမ်နီးခြင်းနိုင်ငံများ၌ ထို့သို့တွေ့ရသည်။ ထိုလူမျိုးများအဖို့ဆိုလျှင် စာရိတ္တပျက်ပြားမှုသည် ယင်းတို့၏ ဘာသာရေးကဏ္ဍတစ်ရပ်ဖြစ်သည်။ ဆင်းရဲသားတို့၏ ဘဝမှာရေရာမှုမရှိဘဲ နိုင်ငံရေးပြဿနာလည်း ရှိသေးသည်။ စီအီး ၆၆ ခုနှစ်တွင် ဣသရေလလူမျိုးနှင့်ရောမလူမျိုးသည် အလုံးအရင်းဖြင့် စစ်ဆင်နွှဲခဲ့ကြသည်။ ယခုခေတ်ကဲ့သို့ပင် ထိုခေတ်၌လည်း လူတို့သည်အကူအညီ လိုအပ်ခဲ့ကြသည်။
ဘာသာရေးဘက်တွင်လည်း ထိုခေတ်နှင့် ယခုခေတ်ဆင်တူများစွာရှိသည်။ ယုဒဘာသာရေးခေါင်းဆောင်တို့သည် သီလကြောင်များဖြစ်ကြသည်။ (မဿဲ ၂၃:၁၅။ လုကာ ၂၀:၄၆၊ ၄၇) ယုဒလူမျိုးမဟုတ်သောလောကတွင် ဘာသာရေးသဘောထားသည် သံသယနှင့်အယူသည်းမှုမှအစ ဘာသာရေးအယူသန်လွန်းခြင်း အဆုံးပါဝင်သည်။ (တမန်တော် ၁၄:၈-၁၃၊ ၁၉:၂၇၊ ၂၈၊ နှင့်နှိုင်းယှဉ်) ထွန်းသစ်စ ခရစ်ယာန်အသင်းတော်၌ပင် အစစအဆင်ပြေသည်မဟုတ်။ ပထမရာစုအကုန်ပိုင်းတွင် တမန်တော်ယောဟန်က “လှည့်ဖြားသောသူအများတို့သည် လောကထဲသို့ဝင်ကြပြီ” ဟုသတိပေးခဲ့သည်။ (၂ ယောဟန် ၇) ထိုခေတ်၌လည်း ဘာသာရေးနှင့်ဆိုင်သော မှားယွင်းသည့်သြဝါဒများ ထွက်ပေါ်ခဲ့သည်။ သို့တစေ၊ စိတ်ချရသောအကူအညီ ရရှိနိုင်ခဲ့သည်။
ယေရှုကိုသင်နားထောင်ခဲ့မည်လော
ယေရှုသည်ထိုခေတ်က အကြံဉာဏ်ကောင်းပေးသော ပုဂ္ဂိုလ်ဖြစ်သည်။ ကိုယ်တော်ပေးသောသြဝါဒ၏ ထိရောက်မှုအကြောင်း ကျွန်ုပ်တို့ဤသို့ဖတ်ရသည်။ “ပရိသတ်အပေါင်းတို့သည်ဆုံးမသြဝါဒပေးခြင်းကို အလွန်အံ့သြကြ၏။” (မဿဲ ၇:၂၈) သို့ရာတွင် ထိုပရိသတ်ထဲမှ အနည်းငယ်မျှသာ ကိုယ်တော်၏ဆုံးမသြဝါဒကို နားထောင်ခဲ့ကြသည်။ ယေရှုသည် အံ့ဖွယ်အမှုများပြုလုပ်၍ ဘုရားရေးရာအသက်တာနှင့် အကျင့်အကြံဘက်တွင် စံနမူနာကောင်း ပြတော်မူ၏။ သို့သော်လည်း အပြင်ပန်းအားဖြင့် ပညာတတ်ဟုထင်ရသော ခေါင်းဆောင်တို့ကပင် ကိုယ်တော်.ဩဝါဒ၏တန်ဖိုးကို ဂရုမစိုက်ခဲ့ကြချေ။ အဘယ်ကြောင့်နည်း။
အများအားဖြင့်ငဲ့ကွက်မှု အစွဲကြောင့်ဖြစ်သည်။ ယေရှုသည် နာဇရက်မြို့သားဖြစ်သဖြင့် အချို့ကအထင်သေးကြသည်။ ကိုယ်တော်သည် အထက်တန်းပညာ သင်ကြားခြင်းမရှိသည့်ပြင် မင်းစိုးရာဇာတို့နှင့်လည်း အဆက်အသွယ်မရှိသောကြောင့် အခြားသူတို့က ကိုယ်တော်ကို လက်မခံကြချေ။ (ယောဟန် ၁:၄၆။ ၇:၁၂၊ ၁၅၊ ၄၇၊ ၄၈) ၄င်းပြင်လူတို့အကြိုက်လိုက်၍ ယေရှုအမြဲဟောကြားတော်မမူပေ။ သမ္မာတရားကိုသာ ဟောပြောတော်မူ၏။ ယင်းကြောင့်ဖါရိရှဲတို့သည် ကိုယ်တော်၏တရားတော်ကြောင့် မကြာခဏစိတ်ဆိုးကြသည်။ (မဿဲ ၁၅:၁၂-၁၄) စင်စစ်ဆိုလျှင် သုံးနှစ်ခွဲကြာ ဟောပြောပြီးနောက် ယုဒဘာသာရေးခေါင်းဆောင်တို့သည် ကိုယ်တော်ကိုကွပ်မျက်လိုက်ကြသည်။ (လုကာ ၂၃:၂၀-၃၅) ယေရှု၌ “ထာဝရအသက်နှင့်ယှဉ်သောစကား” ရှိသည်ဖြစ်ရာ သူတို့သည်အလွန်အဖိုးတန်သော အခွင့်အရေးကို လက်လွတ်သွားခဲ့ကြပါသည်တကား။—ယောဟန် ၆:၆၈။
ထိုခေတ်၌ သင်သည် ယေရုရှလင်မြို့တွင် နေထိုင်ခဲ့သည်ရှိသော် ထိုဘာသာရေးခေါင်းဆောင်များနှင့် ကျန်လူပရိသတ်တို့နောက် လိုက်ခဲ့မည်လော။ သို့မဟုတ်ယေရှုဟောပြောသမျှကို သဘောပေါက်နားလည်နိုင်သည်အထိ သဘောထားကြီးကြီး ထားခဲ့မည်လော။ သို့ဖြစ်လျှင်ယေရှုလမ်းခရီး၌တွေ့ဆုံခဲ့သည့် ထူးခြားသောအမျိုးသမီးနှင့် တူပေလိမ့်မည်။
နားထောင်ခဲ့သူတစ်ဦး
ရှမာရိနယ်မြေကို ဖြတ်သန်းသွားစဉ်တွင် ဤအမျိုးသမီးကို ကိုယ်တော် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ရေတွင်းတစ်တွင်းအနီး အနားယူထိုင်နေစဉ် ထိုအမျိုးသမီး ရေခပ်လာသည်။ သူမ၏နာမည်ကို ကျွန်ုပ်တို့မသိရသော်လည်း ယေရှုသည်ခရီးပန်းလာသည့်ကြားမှ အခွင့်အခါကိုဆုပ်ကိုင်လျက် သူမအားဘာသာရေးအကြောင်း ဟောကြားတော်မူကြောင်း သမ္မာကျမ်းစာမှတ်တမ်းတင်ထား၏။—ယောဟန် ၄:၅-၁၅။
ထိုအမျိုးသမီးအနေဖြင့် ယေရှု၏စကားကို အရေးမစိုက်ဘဲနေရန် အကြောင်းများစွာရှိသည်။ သူမသည်အခြားဘာသာဝင်ဖြစ်သည်။ ရှမာရိလူမျိုး၏ကိုးကွယ်မှုသည် ယုဒလူမျိုးနှင့်ကွဲပြားသည်။ ယုဒအမျိုးသားတို့သည် ရှမာရိအမျိုးသားများကို အထင်သေးပြီး အပေါင်းအဖေါ်မလုပ်ကြချေ။ ထို့ပြင်ယုဒအမျိုးသားတို့သည် သူစိမ်းအမျိုးသမီးများကို စကားပြောလေ့လည်းမရှိပေ။ (ယောဟန် ၄:၉၊ ၂၇) ထိုမျှမက ထိုရှမာရိအမျိုးသမီးသည် စာရိတ္တမကောင်းသဖြင့် ဝေဖန်ခြင်း၊ အပြစ်ဖေါ်ထုတ်ခြင်းခံရမှာကိုလည်း စိုးရိမ်ပေမည်။—ယောဟန် ၄:၁၈။
သို့သော်လည်းထိုအတိုင်းသူမ မတုံ့ပြန်ခဲ့ပေ။ ယေရှု၏လိမ္မာပါးနပ်၍ စိတ်ဝင်စားမှုနှိုးဆွသောစကားကို တုံ့ပြန်ရာတွင်သူမသည် အကျိုးအကြောင်းဆီလျော်သော မေးခွန်းများမေးခဲ့သည်။ အပြန်အလှန်ပြောဆိုသွားရာတွင်သူမက ယုဒအမျိုးသားနှင့် ရှမာရိအမျိုးသားတို့စပ်ကြားတွင် တည်ရှိနေသော ဘာသာရေးခြားနားချက်ကို ရည်ညွှန်း၍ ပြဿနာတစ်ရပ် တင်ပြသည်။ ယေရှုကကြင်နာပွင့်လင်းစွာ ဤသို့မိန့်တော်မူ၏။ “သင်တို့သည် ကိုယ်မသိသောအရာကို ကိုးကွယ်ကြ၏။ ငါတို့သည်ကိုယ်သိသောအရာကို ကိုးကွယ်ကြ၏။” (ယောဟန် ၄:၁၉-၂၂) သို့သော် သူမစိတ်မဆိုးပါ။ သူမ၏ပွင့်လင်းသော စိတ်သဘောကြောင့် ထပ်၍နားထောင်ရန် အသင့်ရှိခဲ့လေသည်။
သို့နှင့်အောက်ပါအရေးကြီးသော ကြေညာချက်ကို ယေရှုဆက်၍မိန့်တော်မူ၏။ “ကိုးကွယ်သောသူမှန်သမျှတို့သည် ခမည်းတော်ကိုနံဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာတရားနှင့်လည်းကောင်း၊ ကိုးကွယ်ရမည့်အချိန်ကာလသည်လာ၍ ယခုပင်ရောက်လျက်ရှိ၏။ အကြောင်းမူကား၊ ထိုသို့ကိုးကွယ်သူတို့ကို ခမည်းတော်သည် အလိုရှိတော်မူ၏။ ဘုရားသခင်သည် နံဝိညာဉ်ဖြစ်တော်မူ၏။ ဘုရားသခင်ကိုကိုးကွယ်သူတို့သည် နံဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာနှင့်လည်းကောင်း ကိုးကွယ်ရမည်။” (ယောဟန် ၄:၂၃၊ ၂၄) နောက်ပိုင်း၌ စိတ်သဘောပွင့်လင်းသည့် ၄င်းအမျိုးသမီးသည် သိရှိသမျှကို အိမ်နီးချင်းတို့အားပြောပြခြင်းအားဖြင့် တန်ဖိုးထားကြောင်းပြသခဲ့သည်။ တစ်ဖန်ထိုသူတို့ကလည်း ယေရှု၏တရားတော်ကိုနားထောင်ခြင်းအားဖြင့် အလေးအနက်စူးစမ်းကြသည်။—ယောဟန် ၄:၃၉-၄၂။
ဤအကြောင်းမှကျွန်ုပ်တို့ ဘာသင်ခန်းစာရရှိနိုင်သနည်း။ လူမျိုးရေး၊ အမျိုးသားရေး သို့မဟုတ် ဘာသာရေးအစွဲ ပြင်းထန်သောဒေသတွင် ကျွန်ုပ်တို့နေထိုင်သည်ဆိုပါက အခြားလူမျိုး၊ နိုင်ငံသား၊ သို့မဟုတ် ဘာသာဝင်တစ်ဦးက ကျွန်ုပ်တို့နှင့်စကားပြောလာသည်ရှိသော် မည်သို့တုံ့ပြန်မည်နည်း။ ဆွေးနွေးသောအကြောင်းအရာသည် ကျွန်ုပ်တို့၏အမှားကိုထင်ရှားစေသည့် အကြောင်းဖြစ်ခဲ့သော်ပြန်မပြောဘဲ ဆိတ်ဆိတ်နေမည်လော။ သို့မဟုတ် ရှမာရိအမျိုးသမီးကဲ့သို့ ဆက်လက်ပြောဆိုမည်လော။
ပေါလုကိုသင်နားထောင်မည်လော
ပထမရာစုတွင် ကောင်းမြတ်သောသြဝါဒမြွက်ကြားသူ နောက်တစ်ဦးမှာ တမန်တော်ပေါလုဖြစ်သည်။ တစ်ချိန်ကဆိုလျှင် ပေါလုကိုယ်တိုင်လည်း စိတ်တံခါးကိုပိတ်ထားခဲ့သူဖြစ်သည်။ ဤသို့ဝန်ခံထား၏။ “ငါသည်ကဲ့ရဲ့သောသူ၊ ညှဉ်းဆဲသောသူ၊ ကြမ်းကြုတ်သောသူဖြစ်ဘူးသော်လည်း . . . ထိုသို့ငါပြုသောအခါ ယုံကြည်ခြင်းမရှိ၊ အမှန်မသိဘဲပြုသောကြောင့်၊ ကရုဏာတော်ကိုငါခံခဲ့ရပြီ။” (၁ တိမောသေ ၁:၁၃) သို့သော်လည်း သူသည် ယေရှုနှင့်ပတ်သက်သောသမ္မာတရားကိုလက်ခံကာ ငဲ့ကွက်မှုအစွဲတို့ကို စွန့်ပစ်ခဲ့သည်။ ကျွန်ုပ်တို့နှလုံးတွင် ‘အခိုင်အမာဝိုင်းရံထားသောအရာများ’ ကျွန်ုပ်တို့၏ကောင်းကျိုးချမ်းသာကို ထိပါးသည်ရှိသော် ထိုအရာများကို မှောက်လှန်ဖြိုချရာတွင် ကျမ်းစာသမ္မာတရားက အကူအညီပေးနိုင်ကြောင်း ပေါလု၏နမူနာက သက်သေပြနေသည်။—၂ ကောရိန္သု ၁၀:၄။
ခရစ်ယာန်ဖြစ်လာသည်နှင့်တစ်ပြိုင်နက် ပေါလုသည်သိရှိလာသော သတင်းကောင်းကို ရဲရင့်စွာကြေညာသည်။ မျှော်လင့်ထားသည့်အတိုင်း သူသည်တစ်ချိန်က သူကဲ့သို့စိတ်ကျဉ်းမြောင်းသူတို့နှင့် တွေ့ဆုံခဲ့သည်။ သို့သော်လူတိုင်း ထိုသို့မဟုတ်ပေ။ ဂရိပြည်မြောက်ပိုင်းရှိဗေရိမြို့၌ ဩဝါဒခံယူရာတွင် စံနမူနာထားခဲ့သည့် စိတ်နှိမ့်ချသူအချို့ကို တွေ့ခဲ့သည်။ ထိုသူတို့က ပေါလု၏စကား၌ အမှန်တရားပါဝင်သောကြောင့် အသိအမှတ်ပြုကြသည်။ ထို့ကြောင့်သူတို့သည် “အလွန်ကြည်ညိုသောစေတနာစိတ်နှင့် နှုတ်ကပတ်တရားတော်ကိုခံယူ” ကြ၏။ သူတို့သည်စိတ်သဘောပွင့်လင်းသူများ ဖြစ်ကြသော်လည်း ယုံလွယ်သူများမဟုတ်ကြပါ။ သူတို့သည် “မှန်သည်မမှန်သည်ကိုသိခြင်းငှာ ကျမ်းစာကိုနေ့တိုင်းအစဉ်စေ့စေ့ ကြည့်ရှုကြ၏။” (တမန်တော် ၁၇:၁၁) ကြားရသမျှကို သူတို့နှစ်သက်ကြသော်လည်း အကြွင်းမဲ့လက်မခံမီ မှန်မမှန်သမ္မာကျမ်းစာအားဖြင့် စစ်ဆေးကြ၏။
“ခပ်သိမ်းသောအရာကိုစုံစမ်းလော့”
ကျွန်ုပ်တို့ခေတ်တွင် ယေဟောဝါသက်သေများသည် အချိန်များစွာအသုံးပြု၍ အခြားဘာသာဝင်ဖြစ်ကြသော အိမ်နီးချင်းတို့အား နိုင်ငံတော်သတင်း ဝေငှပေးနေကြသည်။ အဘယ်တုံ့ပြန်မှုများရရှိသနည်း။ ခင်မင်ဖော်ရွေသောပုဂ္ဂိုလ်အများက သူတို့ကိုဝမ်းမြောက်စွာ ကြိုဆိုလက်ခံကြသည်။ သို့သော်အများက ငြင်းပယ်ကြပြီးအချို့တို့မှာ သက်သေခံများ လည်ပတ်မှုအတွက် ဒေါသထွက်ကြသည်။
ဝမ်းနည်းစရာကောင်းလှသည်။ အဘယ်ကြောင့်ဆိုသော် ယေဟောဝါသက်သေများပြောကြားလိုသော အကြောင်းကိုသမ္မာကျမ်းစာ၌ “သတင်းကောင်း” ဟုခေါ်ဆိုထား၍ဖြစ်သည်။ (မဿဲ ၂၄:၁၄) ထိုမျှမကလူတို့အား တမန်တော်ပေါလု၏ စိတ်သဘောမျိုးရှိရန် သူတို့ အားပေးကြသည်။ ပေါလုက “ခပ်သိမ်းသောအရာကိုစုံစမ်း၍ ကောင်းသောအရာကိုအမြဲကိုင်စွဲကြလော့” ဟုဆိုခဲ့သည်။ (၁ သက်သာလောနိတ် ၅:၂၁) လူတစ်ဦး၌ ခိုင်မာသော အယူအဆရှိသည့်တိုင်အောင် ဗေရိမြို့သားများနှင့် ရှမာရိအမျိုးသမီးနည်းတူ သူတစ်ပါးနှင့်ဘုရားသခင်အကြောင်း ပြောဆိုနိုင်လောက်အောင် ပွင့်လင်းသည့်စိတ်သဘောထား ရှိသင့်ပေသည်။
အဘယ်ကြောင့်ပွင့်လင်းသော စိတ်သဘောရှိသင့်
ဝမ်းသာစရာကား သိန်းပေါင်းများစွာသောသူတို့သည် နှစ်စဉ် ထိုအတိုင်းပြုလုပ်နေကြသည်။ များစွာသောသူတို့သည် သမ္မာကျမ်းစာမှဉာဏ်ပညာကို သိမြင်လာကြသဖြင့် သူတို့အသက်တာတွင် စစ်မှန်၍တည်မြဲသောပြောင်းလဲမှု ဖြစ်ပေါ်လာသည်။ အချို့တို့မှာ ယခင်က ဂျက်နက်နှင့် တူကြသည်။ ဂျက်နက်မှာ မူးယစ်ဆေးဝါးနှင့် အရက်ကိုကြာမြင့်စွာသုံးစွဲခဲ့ပြီး မိမိကိုယ်ကိုသေကြောင်းကြံစည်ခဲ့သော အမျိုးသမီးငယ်တစ်ဦးဖြစ်သည်။ ယနေ့တွင်ဂျက်နက်သည် ပျော်ရွှင်သောခရစ်ယာန်တစ်ဦး ဖြစ်နေသည်။ သမ္မာကျမ်းစာကိုလေ့လာခြင်းကြောင့် အောက်ပါပေါလု၏သြဝါဒကိုလိုက်နာရန် ခွန်အားရခဲ့သည်။ “ငါတို့သည်မိမိတို့ကိုယ်ကို ကာယအညစ်အကြေးနှင့် ဝိညာဉ်အညစ်အကြေးရှိသမျှတို့နှင့် ကင်းစင်စေကြစို့။”—၂ ကောရိန္သု ၇:၁။
ဗာနွန်ဆိုသူမှာ အရက်သမားဖြစ်ပြီး အိမ်ထောင်ပျက်မည့်အန္တရာယ်လည်း ရှိနေသည်။ သို့သော်လည်း သမ္မာကျမ်းစာသြဝါဒကို လိုက်နာခြင်းအားဖြင့် ထိုမကောင်းမှုကိုအောင်နိုင်ခဲ့သည့်ပြင် ဇနီးဖြစ်သူနှင့်လည်း ပြန်လည်သင့်မြတ်ခဲ့သည်။ (၁ ကောရိန္သု ၆:၁၁) ဒယ်ဘရာသည်လူမျိုးရေးငဲ့ကွက်စိတ် ကြီးမားသည်။ သို့ရာတွင် သမ္မာကျမ်းစာလေ့လာ၍ ခရစ်ယာန်တို့နှင့်ပေါင်းသင်းခြင်းအားဖြင့် သူ့စိတ်သဘောကို ပြုပြင်နိုင်ခဲ့သည်။ (တမန်တော် ၁၀:၃၄၊ ၃၅) နယ်သာလန်နိုင်ငံမှ ပြည့်တန်ဆာမိန်းမငယ်တစ်ဦး၏ ပြောင်းလဲမှုကို မည်သူယုံကြည်မည်နည်း။ တစ်နေ့၌ ယေဟောဝါသက်သေတို့နှင့် ကျမ်းစာသင်ရန် သဘောတူခဲ့သည်။ များမကြာမီသူမသည် နှစ်ခြင်းခံပြီးသောခရစ်ယာန်ဖြစ်လာပြီး သန့်ရှင်းစင်ကြယ်သောဘဝနှင့် သားသမီးတို့ကိုတာဝန်သိသိ ပြုစုစောင့်ရှောက်နေသည်။
သမ္မာကျမ်းစာတရားတော်ကို နားထောင်သူတို့ဘဝတွင် အထက်ပါတွေ့ကြုံမှုများသည် အဆန်းမဟုတ်တော့ချေ။ သူတို့၏ဘဝသည် ဘယ်တော့မျှမဖြစ်နိုင်ဟု ထင်ရသောနည်းများဖြင့် တိုးတက်လာခဲ့ကြသည်။ ထိုထက်အရေးကြီးသည်ကား သူတို့သည်ဘုရားနှင့်ဆက်ဆံရေး ထူထောင်နိုင်ခဲ့သဖြင့် ကိုယ်တော်အား “ကောင်းကင်ဘုံ၌ ရှိတော်မူသော ကျွန်ုပ်တို့အဘ” ဟုစိတ်ပါလက်ပါ ဆုတောင်းလာနိုင်လာကြသည်။ (မဿဲ ၆:၉) ယေရှု၏အောက်ပါစကားများမှ အမှန်တရားကို လက်တွေ့ခံစားရသောအခါ၌ အနာဂတ်အတွက်စိတ်ချခိုင်လုံသော မျှော်လင့်ချက်လည်း ပိုင်ဆိုင်ကြပေမည်။ “ထာဝရအသက်ဟူမူကား မှန်သောဘုရားသခင်တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူသောယေရှုခရစ်ကိုလည်းကောင်း သိကျွမ်းခြင်းတည်း။”—ယောဟန် ၁၇:၃။
ယင်းကားယေဟောဝါသက်သေများ သူတို့၏ဓမ္မအမှုကိုထမ်းဆောင်၍ အိမ်နီးချင်းထံလည်ပတ်ရာတွင် ပြောဆိုဆွေးနွေးလိုသော သတင်းစကားပင်ဖြစ်သည်။ များမကြာမီသူတို့ သင့်ထံရောက်လာပေဦးမည်။ သူတို့စကားနားထောင်ရန် သင့်စိတ်သဘောပွင့်လင်းပါမည်လော။
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
ရှမာရိအမျိုးသမီးသည် ယေရှုကိုနားမထောင်စေရန် စိတ်စွန်းကွက်မှုအားခွင့်မပြုခဲ့။ အသင်ကောထပ်တူအမြင်ကျယ်ပါသလော