ကျမ်းစောင်များမှ သင်ခန်းစာများ။ နာဟုံ ၁:၁–၃:၁၉
ဘုရားသခင်ကလဲ့စားချေသည့်အခါ ကယ်တင်ခြင်းရနိုင်
“ခဏကြာပြီးမှ မတရားသောသူသည်မရှိရ။” (ဆာလံ ၃၇:၁၀) ဤစကားများပြည့်စုံရမည်ကို နာဟုံနှင့် ဟဗက္ကုတ်တို့ ရေးသားသော ကျမ်းစာစောင်များက တင်ပြသည်။ ဘီစီအီး ခုနစ်ရာစုအဆုံးပိုင်းတွင် ယုဒနိုင်ငံ၌ သူတို့မှတ်တမ်းတင်သည့် ပရောဖက်ပြုချက်များကို ဤရဲရင့်သူများ အပြီးရေးသားခဲ့သည်။
ဦးဆုံး နာဟုံကြေညာခဲ့သည့် ဘုရားသခင်၏ပရောဖက်ပြုချက်ကို သုံးသပ်ပါ။ အဘယ်သင်ခန်းစာများ ပါရှိသနည်း။
ဘုရားသခင် ကလဲ့စားချေမည်မှာ သေချာ
အကြွင်းမဲ့ ဝတ်ပြုခြင်းကို ယေဟောဝါ လိုလားသည်။ (ထွက်မြောက်ရာ ၂၀:၅) အာရှုရိနိုင်ငံ၏ မြို့တော်၊ နိနေဝေမြို့တစ်ဖက်စီရင်ရာတွင် ဤကဲ့သို့သောဝတ်ပြုမှုမျိုး မပေးသူတို့အား ဘုရားသခင်ကလဲ့စားချေမည်အကြောင်း နာဟုံတင်ပြခဲ့သည်။ ကိုယ်တော်.မျက်မှောက်တော်တွင် တောင်များတုန်လှုပ်သည်၊ ကုန်းတို့သည် အရည်ကျိုလျက် မြေကြီးသည် ရွေ့လျက်ရှိကြ၏။ ကိုယ်တော်၏ အမျက်အဟုန်ကို မည်သူခံရပ်နိုင်မည်နည်း။—၁:၁-၆။
ခိုလှုံရာအဖြစ် ယေဟောဝါကို အားထားနိုင်။ မှန်သည်။ ကိုယ်တော်၌ ခိုလှုံသူတို့ကို ဘုရားသခင်စောင့်ရှောက်တော်မူ၏။ ကိုယ်တော်၏ရန်သူများ အဆုံးစီရင်ခံရပြီးနောက် စိတ်ဆင်းရဲခြင်းသည် နောက်တစ်ဖန် ပြန်ပေါ်လာစရာအကြောင်းမရှိတော့ပေ။ စစ်မှန်သောဝတ်ပြုမှုကို အတားအဆီးပြုသူမရှိတော့သဖြင့် ယုဒပြည်အတွက် ကောင်းသောသတင်းဖြစ်သည်။—၁:၇–၂:၂။
မဖြောင့်မတ်သောသူများ အောင်မြင်မည်မဟုတ်။ နိနေဝေမြို့၏ အဖြစ်အပျက်ကိုကြည့်သော် ဤသို့ပင်ဖြစ်ကြောင်း ထင်ရှားသည်။ သုံ့ပန်းများကို ရက်စက်စွာဆက်ဆံခြင်းကြောင့် သူ့အား “လူ၏အသက်ကိုသတ်သောမြို့” ဟုအမည်တွင်စေသည်။ ခြင်္သေ့တွင်းနည်းတူ ဤခိုင်ခံ့သောမြို့တော်သည် လုံခြုံပြီဟု အထင်ရှိသည်။ သို့သော် ဘုရားသခင်၏အမိန့်တော်အားဖြင့် နိုင်းလ်မြစ်ကမ်းရှိ ရှေးမြို့တော် နိုအာမုန် သို့မဟုတ် သဲဘီစ်မြို့ကို သူပြုမူသကဲ့သို့ပင် နိနေဝေကြုံတွေ့ရမည်။ သူ၏အပြစ်များအတွက် အာရှုရိမြို့တော်သည် ပျက်သုဉ်းရမည်။ ဘီစီအီး ၆၃၂ တွင် နိနေဝေမြို့ကို ဗာဗုလုန်ဘုရင် နဗိုပိုလာစာ (Nabopolassar)နှင့် မေဒိမင်း စိုင်အဇရဇ် (Cyaxares) တို့၏ စုပေါင်းတပ်သားများ နိုင်နင်းခဲ့ချိန်တွင် ဤပရောဖက်ပြုချက် ပြည့်စုံခဲ့သည်။—၂:၃–၃:၁၉။
ကျမ်းစောင်များမှ သင်ခန်းစာများ။ ဟဗက္ကုတ် ၁:၁–၃:၁၉
ယေဟောဝါသည် အချိန်တန်လျှင် ရက်စက်ကြမ်းကြုတ်သူများကို စီရင်မည်အကြောင်း ဟဗက္ကုတ်သိနားလည်ခဲ့သည်။ သို့သော် ‘ဖြောင့်မတ်သောသူသည် မိမိ၏တည်ကြည်မှုဖြင့် အသက်ရှင်မည်’ ဖြစ်သည်။ (၂:၄) သို့နှင့် ဤပရောဖက်ပြုချက်မှ အခြားအဘယ်သင်ခန်းစာများ ရရှိနိုင်သနည်း။
ယုံကြည်သူတို့အတွက် ကယ်တင်ခြင်း
ကိုယ်တော်.ကျေးကျွန်များ၏ တောင်းပန်သံများကို ယေဟောဝါနားညောင်းတော်မူ၏။ ဟဗက္ကုတ်ဤသို့မေးသည်။ “အိုယေဟောဝါ၊ ကိုယ်တော်သည် ကြားတော်မမူဘဲ အဘယ်မျှကာလပတ်လုံး အကျွန်ုပ်အော်ဟစ်ရပါမည်နည်း။” မှန်သည်၊ တရားမျှတမှုမရှိချေ။ ဖြောင့်မတ်သူများထက် မတရားသူများက များနေသည်။ သို့သော် ဘုရားသခင်နားညောင်းတော်မူသည်။ ဒဏ်စီရင်ပေးရန် “ခါလဒဲအမျိုးကို နှိုးဆော်” ၍ အသုံးပြုတော်မူသည်။ သို့သော် စစ်မှု၌ကျင်လည်သော အာဏာစက်ကို ကိုယ်တော်အဘယ်နည်းနှင့် အသုံးပြုနိုင်မည်နည်း။ ပရောဖက်သည် ဘုရားသခင့်အဖြေကို စောင့်ပြီး ပဲ့ပြင်ဆုံးမခံရမည် အထင်ရှိနေသည်။—၁:၁–၂:၁။
ဖြောင့်မတ်သူနှင့် သစ္စာရှိသူသာ အသက်ရှင်ရမည်။ ယင်းသို့ဖြစ်မည်ကို ဟဗက္ကုတ်အား ယေဟောဝါစိတ်ချစေတော်မူသည်။ ကြံ့ကြာနေဟန်ရှိငြား ဘုရားသခင့်ချိန်းချက်ထားချိန်တွင် ပရောဖက်ပြုချက်ရူပါရုံသည် “ဧကန်အမှန် ရောက်လိမ့်မည်။” လူမျိုးတို့ကို လုယူတိုက်ခိုက်နေသော ကိုယ့်ကိုယ်ကို အထင်ကြီးသော ရန်သူကြီးသည် ပန်းတိုင်ရောက်မည်မဟုတ်။ ခါလဒဲလူမျိုးသည် ဒဏ်စီရင်မခံရဘဲမနေ။—၂:၂-၅။
မတရားသောသူများ အမင်္ဂလာခံရလတံ့
မကောင်းသော အဓမ္မစီးပွားရှာခြင်း၊ အဓမ္မမှုနှင့် ရုပ်တုကိုးကွယ်ခြင်းကို ရှောင်ကြဉ်ပါ။ အဘယ်ကြောင့်နည်း။ အကြောင်းမူကား ကိုယ်မပိုင်သောဥစ္စာကိုဆည်းပူး၍ မတရားသဖြင့် အမြတ်ထုတ်သူ၊ လူအသက်ကိုသတ်သောအပြစ်နှင့် ရွာကိုတည်သောသူ၊ အရှက်တကွဲ၊ အကျိုးနည်းစေခြင်းငှာ အဓမ္မမှုကိုပြုသောသူ၊ သက်မဲ့ရုပ်တုများကို အားထားသူများအပေါ် အမင်္ဂလာအမှန်ကျရောက်မည်ဖြစ်သောကြောင့်တည်း။ ဤသို့သောသူများ၏ လုပ်ရပ်တို့ကို ဘုရားသခင် အချည်းနှီးဖြစ်စေတော်မူမည်။ မြေကြီးတစ်ဝှန်း ယေဟောဝါ၏ဘုန်းတန်ခိုးတော်ကို သိကျွမ်းလာရမည်ဖြစ်သည်။ ကိုယ်တော်ရှေ့မှောက် လူအပေါင်း ကြည်ညိုရိုသေစွာ ငြိမ်ဝပ်လျက် ရပ်နေရကြမည်။—၂:၆-၂၀။
ယေဟောဝါ၏ကယ်တင်ခြင်းကို စိတ်ရှည်ရှည် စောင့်မျှော်နေ။ ဆုတောင်းချက်တွင် ဘုရားသခင့်တန်ခိုးတော်များကို ဟဗက္ကုတ်ပြန်သတိရလေသည်။ တန်ခိုးများစွာအနက် ယေဟောဝါသည် အမျက်တော်ထွက်လျက် တစ်ပြည်လုံးချီသွားပြီး ဒေါသစိတ်နှင့် လူအမျိုးမျိုးတို့ကို နင်းနယ်တော်မူခဲ့သည်။ ကိုယ်တော်၏လူတို့ကို ကယ်တင်ခြင်းအလိုငှာ ထွက်ကြွတော်မူ၏။ ကျေးဇူးတော်ချီးမွမ်းလျက် ‘ဒုက္ခကာလကို ငြိမ်ဝပ်စွာ စောင့်ဆိုင်း’ နေမည်ဟု ဟဗက္ကုတ်ဆုံးဖြတ်သည်။ ရင်ဆိုင်ရဦးမည့် ဆင်းရဲရာကာလများရှိငြား ယေဟောဝါ၌ သူဝမ်းမြောက်၍ ကယ်တင်တော်မူသော ဘုရားသခင်ကိုအမှီပြုလျက် ရွှင်လန်းမည်။—၃:၁-၁၉။