ယေဟောဝါသည် ကျွန်မအားမိတ်ဆွေအဖြစ် ထောက်မခဲ့သည်
မာရီယာ ဟောမ်ဘာ့ဂ် တင်ပြပြောဆိုသည်
ကျွန်မ ခြောက်နှစ်သမီးအရွယ်က ကျောင်းမှာလှပတဲ့ဂျာမန်သီချင်း တစ်ပုဒ်သင်ခဲ့ရတယ်။ “ကောင်းကင်ပြာမှာ ကြယ်ဘယ်နှစ်လုံးရှိတယ်ဆိုတာသိလား။ . . . ဘုရားသခင်ဟာအားလုံးကို ရေတွက်ထားပြီး တစ်ခုတောင်မကျန်ပါ။ . . . သင့်ကိုလည်းသိပြီး အလွန်ချစ်တော်မူသည်”။ (ဂျာမန်မှဘာသာပြန်) တစ်နေ့ကျွန်မအဲ့ဒါကိုသီဆိုနေတုံး အမေက “ကိုယ်တော်ဟာသင့်ကိုသိတော်မူပြီး မင်းကိုလည်းချစ်တယ်” လို့ပြောတယ်။ ဒီအချိန်ကစပြီး ဘုရားဟာကျွန်မအတွက် မိတ်ဆွေလိုဖြစ်လာတယ်။ ဘုရားကိုကျွန်မပြန်ချစ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါကတော့ပထမကမ္ဘာစစ်မတိုင်မီ ကျွန်မတို့လာန်း (Lahn) မြစ်မှာရှိတဲ့ ဘက်ဒ် အမ်(စ်) မြို့ (Bad Ems) မှာနေခဲ့စဉ်ကပါဘဲ။
ဆယ့်ခုနစ်နှစ်ကြာပြီးနောက် ၁၉၂၄ ခုအားလပ်ချိန်မှာ ကျွန်မရွယ်တူ မိန်းကလေးတစ်ယောက်ကိုတွေ့တယ်။ သူမဟာ ယေဟောဝါသက်သေများလို့ယနေ့သိကြတဲ့ ကျမ်းစာကျောင်းသား တစ်ဦးပါဘဲ။ လေးပတ်လောက်ကျွန်မတို့ဘာသာရေးအကြောင်း အပြင်းအထန်ဆွေးနွေးကြတယ်။ ဒါနဲ့ “ငရဲ” အကြောင်းရောက်လာတယ်။ “ပူလောင်နေတဲ့မုန့်ဖုတ်ဖိုထဲမှာ ကြောင်အရှင်တစ်ကောင်ကို ရှင်ကပ်ထားပါ့မလား” လို့သူကမေးတယ်။ ကျွန်မဟာမိုးကြိုးပစ်သလိုခံရပြီး၊ကျွန်မဟာရှက်ဖွယ် လှည့်စားခံလိုက်ရပြီဆိုတာ သဘောပေါက်သွားတယ်။ အခုကျွန်မဟာဘုရားနဲ့ပတ်သက်ပြီး အားလုံးကိုသင်ယူခွင့်ရတယ်—ကိုယ်တော်ဟာဘာနဲ့တူသလဲ။ တကယ်တော့ ကျွန်မငယ်ငယ်ကတည်းက ကိုယ်တော်နဲ့ပတ်သက်ပြီး သိလိုတဲ့အကြောင်းအားလုံးပါဘဲ။
ကျွန်မအတွက်တော့ “လယ်၌ဝှက်ထားသောဘဏ္ဍာ” တွေ့ရသလိုပါဘဲ။ (မဿဲ ၁၃:၄၄) သင်ကြားခဲ့ရတဲ့အကြောင်းသစ်တွေကို ဝေမျှလိုတဲ့စိတ်ဇောနဲ့ အိမ်ကိုပြန်ပြီး အိမ်နီးနားချင်းတွေဆီကို အပြေးအလွှားသွားခဲ့မိတယ်။ နောက်မကြာခင်မှာ ကျမ်းစာကျောင်းသား ၂၀ ယောက်နေတဲ့ ဂျာမန်တောင်ပိုင်းမြို့ စင်ဒဲလ်ဖင်ဂဲန်မြို့ (Sindelfingen) ကို ကျွန်မပြောင်းရွှေ့ခဲ့တယ်။ ကျွန်မလည်းသူတို့နဲ့အတူ ဧဝံဂေလိလုပ်ငန်းမှာ တစ်အိမ်တက်တစ်အိမ်ဆင်း ဇွဲရှိရှိပါဝင်ခဲ့တယ်။
၁၉၂၉ ခုနှစ်ကနယ်လှည့်အမှုဆောင်တစ်ဦးရဲ့ ဟောပြောချက်မှာ ရှေ့ဆောင်လုပ်ငန်းအကြောင်း ပထမဆုံးကျွန်မကြားခဲ့ရတယ်။ သူကရှေ့ဆောင်လုပ်ချင်တဲ့ဆန္ဒ ဘယ်သူ့မှာရှိသလဲလို့မေးခဲ့တယ်။ ကျွန်မအလိုအလျောက်ဘဲလက်ထောင်လိုက်တယ်။ အကယ်၍များ၊ ဒါပေမဲ့ဆိုတာတို့ဟာ ကျွန်မအတွက်မဟုတ်ဘူး။ “အကျွန်ုပ်ရှိပါ၏၊ အကျွန်ုပ်ကိုစေလွှတ်တော်မူပါ” လို့ကျွန်မနှလုံးကပြောခဲ့တယ်။—ဟေရှာယ ၆:၈။
ကျွန်မရုံးအလုပ်က နှုတ်ထွက်လိုက်ပြီး ၁၉၂၉ အောက်တိုဘာ ၁ ရက်မှာ အခုအထူးရှေ့ဆောင်လို့ခေါ်တဲ့လုပ်ငန်းကို ဂျာမဏီအနောက်တောင်ပိုင်းမှာ စလုပ်တယ်။ လင်မ်ဘတ် (Limburg) ဘောန်မြို့ (Bonn) ကိုလုံး (Cologne) ဆိပ်ကမ်းမှာရှိတဲ့ အပြည်ပြည်ဆိုင်ရာသင်္ဘောပေါ်နှင့် တစ်ခြားနေရာတွေမှာ ကျွန်မတို့ဟာမြန်မြန်နဲ့ ရက်ရောစွာပုံနှိပ်ထားတဲ့ သမ္မာတရားမျိုးစေ့ကိုကြဲခဲ့ကြတယ်။—ဒေသနာ ၁၁:၁။
ဘုရား၏အဆွေဖြစ်မှုအတွေ့အကြုံ
၁၉၃၃ ခုမှာ အဒေါ့ဟစ်တလာ ဂျာမဏီမှာသူရဲ့အာဏာကို တည်ထောင်တဲ့အခါ ကျွန်မရှေ့ဆောင်လုပ်ငန်းကိုစွန့်ပြီး ဘက်ဒ် အမ်စ်မြို့ (Bad Ems) ကိုပြန်ခဲ့တယ်။ မကြာခင်ဘဲ ကျွန်မမဲမထည့်ကြောင်းအာဏာပိုင်တွေသိသွားတယ်။ နှစ်ရက်လောက်ကြာတော့ ပုလိပ်နှစ်ယောက်ကျွန်မအခန်းကို လာရှာတယ်။ ထောင့်တစ်ခုမှာ ထီးထီးကြီးရှိနေတာကတော့ မကြာမီလေးတင်က ကျွန်မရဲ့အဖော်သက်သေခံတွေရဲ့လိပ်စာအားလုံးကိုပစ်ထားတဲ့ အမှိုက်ခြင်းတောင်းတစ်လုံးပါဘဲ။ ဒါကိုသွားသွန်ဖို့ အချိန်မရတော့ဘူး။ ပုလိပ်တွေဟာ ဒီခြင်းတောင်းကလွဲပြီး အားလုံးကိုသေသေချာချာရှာခဲ့တယ်။
ဒီအချိန်အတွင်းမှာ ကျွန်မရဲ့ညီမအင်နာဟာ မှန်သောဘုရားနဲ့အဆွေဖြစ်ခြင်းကို လက်ခံခဲ့တဲ့အတွက် ကျွန်မတကယ့်ကိုကျေနပ်ခဲ့မိတယ်။ ၁၉၃၄ မှာကျွန်မတို့အတူတကွ ဖရူးဒင်စတတ်မြို့ (Freudenstadt) ကို ပြောင်းရွှေ့သွားခဲ့ပြီး အဲ့ဒီမှာသမ္မာကျမ်းစာစာပေတွေကို ဂရုတစိုက်စဖြန့်ဝေခဲ့တယ်။ တစ်ခါက အားလပ်ချိန်အတွင်းမှာ ကျွန်မတို့ရဲ့မြို့ ဘက်ဒ် အမ်စ် (Bad Ems) ကိုရထားနဲ့ လျှပ်တစ်ပြက်လည်ပတ်ခဲ့ပြီး သေတ္တာအပြည့်ပါတဲ့ စာစောင် ၂၄၀ ကိုမြန်မြန်ဝေငှပြီးတဲ့နောက် ကိုယ်ဖျောက်လိုက်ကြတယ်။ ဖရူးဒင်စတတ်မြို့ (Freudenstadt) မှာရှိတဲ့ ဂက်စတာပိုတွေရဲ့ အနှောင့်အယှက်ကြောင့် ကျွန်မတို့နောက်တစ်မြို့ကို ပြောင်းရွှေ့ပြီး ၁၉၃၆ ခုမှာစတတ်ဂတ်ဒ်မြို့ (Stuttgart) ကိုသွားခဲ့တယ်။ အဲ့ဒီမှာကျွန်မလုပ်ငန်းတစ်ခုရတယ်။ ကျွန်မဟာမှန်မှန်ဘဲ နှုတ်ခွန်းဆက်သလွှာတွေပါတဲ့ ရုပ်ပုံနဲ့ပို့စ်ကဒ်တွေမှန်မှန်ရရှိတယ်။ အမှန်မှာတော့အဲ့ဒါတွေဟာ လျှို့ဝှက်စကားတွေဘဲ။ ကျွန်မရဲ့အလုပ်ကတော့ အဲ့ဒါတွေကို မြို့ထဲမှာရှိတဲ့ လျှို့ဝှက်နေရာကိုယူလာခဲ့ဖို့ပါဘဲ။ ဒီလုပ်ငန်းကိုမထိခိုက်ဖို့ ကျွန်မကိုဘာစာပေမှမဝေငှဖို့ ပြောထားတယ်။ ၁၉၃၈ ခုနှစ်သြဂုတ်လအထိအားလုံးဟာ ချောချောမောမောပါဘဲ။
တစ်နေ့တော့ ထင်ရှားတဲ့ချာ့ချ်တစ်ခုရှေ့ သတ်မှတ်ထားတဲ့ညနေခင်းမှာ သွားရပ်ဖို့ညွှန်ကြားချက်တစ်စောင်ရရှိခဲ့တယ်။ အဲ့ဒီမှာကျွန်မကို ထပ်ဆင့်ညွှန်ကြားချက်တွေပေးလိမ့်မယ်။ ကျွန်မအဲ့ဒီနေရာကိုသွားခဲ့တယ်။ လုံးဝမှောင်မိုက်နေတယ်။ လူတစ်ယောက်ဟာ သူ့ကိုယ်ကိုဂျူလိယပ်ရစ်ဖယ်လ် (Julius Riffel) လို့ မိတ်ဆက်တယ်။ အဲ့ဒါဟာ သစ္စာရှိညီအစ်ကိုတစ်ဦးရဲ့နာမည်ဘဲဆိုတာ ကျွန်မသိတယ်။ သူကကျွန်မကို သတ်မှတ်ထားတဲ့တစ်ရက်မှာ လူတစ်ဦးနဲ့တွေ့ဖို့ ဘက်ဒ် အမ်စ်မြို့ (Bad Ems) ကိုသွားဖို့ မြန်မြန်ပြောသွားတယ်။ သူချက်ချင်းဘဲပျောက်သွားတယ်။
ဒါပေမဲ့ ဘက်ဒ် အမ်စ်မြို့ (Bad Ems) ပလက်ဖောင်းပေါ်မှာ ဂက်စတာပိုဘဲ ကျွန်မကိုစောင့်ကြိုနေတယ်။ ဘာဖြစ်သွားပါလိမ့်။ ချာ့ချ်ရှေ့က လူဟာတကယ်တော့ဂျာမနီမှာ လျှို့ဝှက်လုပ်ငန်းအားလုံးကိုသိတဲ့ ညီအစ်ကိုအဟောင်း ဒရက်စ်ဒင်မြို့ (Dresden) ကဟန်စ်မူးလာ (Hans Müller) ဖြစ်ပြီး ကျွန်မကိုကျော့ကွင်းထောင်ခဲ့တယ်။ ဒါပေမဲ့မအောင်မြင်ခဲ့ဘူး။ မကြာသေးမီကကျွန်မရဲ့အမေဟာ လေဖြတ်ခံရကြောင်းသူ့ထံကစာရတာနဲ့ ဘယ်နေ့ဘယ်ရက်မှာ ပြန်လည်ပတ်မယ်လို့အကြောင်းပြန်ခဲ့တယ်။ အဲ့ဒါအထက်က “ကိစ္စ” နှင့်တိုက်ဆိုင်နေပြီး ကျွန်မရဲ့စာတွေကို တရားရုံးမှာထုချေလွှာအဖြစ် သုံးနိုင်ခဲ့တယ်။ ကျွန်မဟာလွတ်ငြိမ်းခွင့်ရသွားတော့ အံ့ဩမိတယ်။ မှန်ပါတယ်။ ငါးလခွဲချုပ်နှောင်ထားပြီးနောက် ၁၉၃၉ ဖေဖေါ်ဝါရီလမှာ ကျွန်မလွတ်မြောက်သွားခဲ့ပြန်တယ်။
ကိုယ်တော်၏အဆွေဖြစ်ရမှုကို တုံ့ပြန်ခြင်း
ကျွန်မတို့ရဲ့ ညီအစ်ကိုအများဟာ ချွေးတပ်စခန်းနဲ့နေရာတကာမှာ ဖမ်းချုပ်ခံနေရတဲ့အတွက် ကျွန်မအနေနဲ့ မလှုပ်မရှားနေဖို့ မရည်ရွယ်ခဲ့ပါဘူး။
မူးလာ (Müller) ရဲ့အကူအညီနဲ့ တာဝန်ရှိညီအစ်ကိုတွေ အဖမ်းခံရပြီးတဲ့နောက် လုဒ်ဝစ်ဂ်၊ စိုင်ရနက်ခ် (Ludwig Cyranek) ဟာဝိညာဏအစာကို ဆက်ဖြန့်ခဲ့တယ်။ ဒီညီအစ်ကိုဟာ အရင်ကမဲဂ်ျဘတ်ဂ်မြို့ (Magdeburg) မှာ ဗေသလလုပ်သားတစ်ဦးဖြစ်ပြီး ခုမှအချုပ်က လွတ်လာခဲ့သူဖြစ်တယ်။ သူဟာကျွန်မတို့ ဘက်ဒ် အမ်စ်မြို့ (Bad Ems) မှာလာလည်ပတ်တယ်။ “လာပါမာရီယာ။ ဆက်ပြီးအလုပ် လုပ်နေကြရအောင်” လို့သူကပြောတယ်။ သူကျွန်မကို စတတ်ဂတ်ဒ်မြို့ (Stuttgart) ကို ခေါ်လာပြီး အဲ့ဒီမှာအပြင်အလုပ်တစ်ခုရခဲ့တယ်။ ကျွန်မတကယ့်အလုပ်ကတော့ ၁၉၃၉ ခုနှစ်မေလကစပြီး စတတ်ဂတ်ဒ်မြို့ (Stuttgart) နဲ့အနီးအနားမှာ လက်ဆွဲအိတ်များတွင် ပါရှိသောမိတ္တူကင်းမျှော်စင်မဂ္ဂဇင်းကို ဖြန့်ဝေပေးဖို့ပါဘဲ။ တခြားသက်သေခံတွေလည်း ဒီလုပ်ငန်းမှာရဲဝံ့စွာ ပါဝင်ခဲ့ကြတယ်။
အဲ့ဒီအချိန်မှာ ညီအစ်ကိုစိုင်ရနက်ခ် (Cyranek) ဟာ နိုင်ငံအရှေ့မြောက်ပိုင်းကလွဲပြီး အားလုံးမှာဖြန့်ဝေပြီးပြီ။ သက်သေခံများရဲ့အိမ်တွေကို စောင့်ကြည့်နေကြတဲ့အတွက် သူဟာသတိကြီးစွာနဲ့ သွားလာနေရပြီး တချို့အချိန်တွေမှာ တောထဲမှာအိပ်ရတယ်။ တစ်ခါတစ်လေ အမြန်ရထားနဲ့သူဟာစတတ်ဂတ်ဒ်မြို့ (Stuttgart) ကိုရောက်လာပြီး ကျွန်မတို့ရဲ့ဂျာမဏီအခြေအနေနဲ့ပတ်သက်ပြီး အထူးမှတ်တမ်းတွေလိုက်ရေးဖို့ သူနှုတ်တိုက်ပြောပြတယ်။ ကျွန်မရိုးရိုးစာတွေရေးပြီး လိုင်းကြားမှာ မမြင်ရတဲ့မှင်နဲ့သတင်းတွေရေးပြီး နယ်သာလန် (Netherland) ဗေသလကိုလိပ်စာတပ်ပို့လိုက်တယ်။
ဝမ်းနည်းစရာကား ဒုတိယညီအစ်ကိုတစ်ဦး အချုပ်ကလွတ်ဖို့ မျှော်လင့်ချက်နဲ့ သစ္စာဖောက်ပြန်တယ်။ တစ်နှစ်လောက် ကြာပြီးတဲ့နောက် စတတ်ဂတ်ဒ်မြို့ (Stuttgart) နဲ့တခြားမှာရှိတဲ့ အုပ်စုတွေကို ဂက်စ်တာပိုလက်ထဲ အပ်လိုက်ကြတယ်။ ၁၉၄၀ ဖေဖေါ်ဝါရီလ ၆ ရက်နေ့မှာ ကျွန်မတို့အဖမ်းခံရတယ်။ လုဒ်ဝစ်ဂ် စိုင်ရနက်ခ် (Ludwig Cyranek) ဟာ ဒရက်စ်ဒင်မြို့ (Dresden) မှာရှိတဲ့မူးလာကို သက်သေခံဖြစ်နေတုံးဘဲအထင်နဲ့ သူ့အခန်းကိုသွားလည်တဲ့အခါ အဖမ်းခံလိုက်ရတယ်။ ညီအစ်ကိုစိုင်ရနက်ခ် (Cyranek) ကို နောက်ပိုင်းမှာ သေဒဏ်ပေးလိုက်ပြီး ၁၉၄၁ ဇူလိုင် ၃ ရက်မှာခေါင်းဖြတ်ခံခဲ့ရတယ်။a
ရန်သူများက ဂျာမနီမှာကျွန်မတို့လုပ်ငန်းတစ်ခုလုံးကို ရပ်တန့်စေခဲ့ပြီလို့ ယုံကြည်ကြတယ်။ ဒါပေမဲ့ သမ္မာတရားရေဟာ ဖြည်းဖြည်းဘဲစီးဆင်းလာရင်းတောင် အသေအချာဆက်ပြီးစီးဆင်းနေဖို့ အစီအစဉ်တွေလုပ်ခဲ့ပြီးဖြစ်တယ်။ ဥပမာ၊ ဟောလ်ဇ်ဂလင်ဂျန်မြို့ (Holzgerlingen) မှာရှိတဲ့ အုပ်စုဟာ ၁၉၄၅ ခုစစ်ကြီးပြီးတဲ့အထိ ဆက်ပြီးလှုပ်ရှားခဲ့တယ်။
ကိုယ်တော်သည် မိမိ၏အဆွေများကို ဘယ်တော့မျှမစွန့်ပစ်
တခြားသစ္စာရှိ ညီအစ်မများနဲ့အတူ အင်နာနဲ့ကျွန်မတို့နှစ်ယောက်စလုံးကို စတတ်ဂတ်ဒ်မြို့ (Stuttgart) အကျဉ်းထောင်ကိုပို့လိုက်ကြတယ်။ အကျဉ်းသားတွေ အရိုက်ခံနေရတာ မကြာခဏကျွန်မကြားရတယ်။ ဘာအလုပ်မှမလုပ်ရဘဲ တစ်ဦးတည်းချုပ်ထားခံရတာ ဆိုးရွားတဲ့အဖြစ်ပါဘဲ။ ဒါပေမဲ့ကျွန်မတို့ဟာ ခရစ်ယာန်စည်းဝေးတစ်ခုမျှ မလွတ်ခဲ့ဘဲ ငယ်ရွယ်သေးတဲ့အတွက် ကင်းမျှော်စင်ထဲက ဆောင်းပါးအားလုံးနီးပါးကို ပြန်သတိရနိုင်ခဲ့တယ်။ ကျွန်မတို့ရဲ့ယုံကြည်ခြင်းဟာ ခိုင်မြဲနေပြီး၊ ခံရပ်နိုင်ခဲ့တယ်။
တစ်နေ့တော့ ကျွန်မရဲ့ထောင်ကျဖေါ် ဂယ်ထရုဒ် ဖစ်တဲရာ (Gertrud Pfisterer (ယခု ဝူလီ Wulle) နဲ့ကျွန်မကိုခေါ်စစ်ဆေးဖို့ ဒရက်စ်ဒင်မြို့ (Dresden) ကဂက်စတာပိုနှစ်ယောက် ရောက်လာတယ်။ ထုံးစံအရထောင်သားများကို ရက်ပေါင်းများစွာကြာတဲ့ အနှေးရထားနဲ့ဘဲခရီးသွားခွင့်ပြုတယ်။ ကျွန်မတို့အတွက်တော့ လူကြပ်နေတာတောင် အမြန်ရထားမှာ အခန်းတစ်ခုလုံးပေးထားတယ်။ “မင်းတို့တွေဟာ တို့အတွက်သိပ်အရေးကြီးတယ်။ မင်းတို့ကို တို့မလွတ်သွားစေချင်ဘူး” လို့အရာရှိများကရှင်းပြတယ်။
ဒရက်စ်ဒင်မြို့ (Dresden) မှာ ကျွန်မတို့အသိုင်းအဝိုင်းက တတိယမြောက်သစ္စာဖောက်နဲ့ ကျွန်မကိုဂက်စတာပိုတွေက ပေးတွေ့တယ်။ တစ်ခုခုဖြစ်နေပြီဆိုတာ ကျွန်မရိပ်မိတာနဲ့ ကျွန်မငြိမ်ငြိမ်လေးနေပြီး သူ့ကိုတောင်နှုတ်မဆက်ဘူး။ ဒါနဲ့ကျွန်မကိုစစ်ဝတ်နဲ့ ထွားကြိုင်းအရပ်ရှည်တဲ့ လူတစ်ယောက်နဲ့မျက်နှာချင်းဆိုင်ပေးတွေ့တယ်။ ချာ့ချ်ရှေ့မှာတွေ့ခဲ့ရတဲ့ သစ္စာဖောက်မူးလာ (Müller) ပါဘဲ။ ကျွန်မစကားတစ်လုံးမှမပြောဘဲ အခန်းထဲကထွက်ခဲ့တယ်။ ကျွန်မဆီက ဂက်စ်တာပို ဘာမှမရလိုက်ဘူး။
သစ္စာဖောက်တစ်ယောက်စီဟာ နိဂုံးချုပ်ဆိုးခဲ့တယ်။ နာဇီတွေပြောတဲ့အတိုင်း သစ္စာဖောက်သူကိုမဟုတ်ဘဲ၊ သစ္စာဖောက်ခြင်းကို သူတို့ချစ်ကြတယ်။ သုံးယောက်စလုံး အရှေ့ဘက်ရှေ့တန်းအပို့ခံရပြီး ဘယ်တော့မှပြန်မလာကြတော့ဘူး။ ဘုရားနဲ့ကိုယ်တော်ရဲ့လူမျိုးအပေါ် အဆွေဖြစ်ခြင်းကို ဘယ်တော့မှမစွန့်ပစ်တဲ့သူတွေအတွက် ဖြစ်ပျက်လာပုံကတော့ ကွာခြားလိုက်လေခြင်း။ သစ္စာစောင့်သူအများထဲက သခင်အရှင်အတွက် အတော်ခံရပြီးနောက်ပိုင်းမှာ ဂျာမဏီဌာနခွဲကြီးကြပ်ရေးမှူးများဖြစ်လာခဲ့တဲ့ အဲရစ်ချ် ဖရော့စ်တ် (Erich Frost) နဲ့ ကောန်ရဒ် ဖရန်ခ် (Konrad Franke) တို့ဟာ ညှဉ်းပန်းရာမီးလောင်ဖိုထဲက မသေဘဲပြန်လာနိုင်ခဲ့ကြတယ်။b
စတတ်ဂတ်ဒ်မြို့ (Stuttgart) မှာရှိတဲ့ ဂက်စတာပိုတွေဟာ သူတို့ “ဖမ်း” မိခဲ့တဲ့အတွက် အတော်ဂုဏ်ယူကြပြီး ၁၉၄၀ ခုမေလမှာ ဒရက်စ်ဒင်မြို့ (Dresden) မှာရှိတဲ့ သူတို့ရဲ့အဖော်တွေထံကျွန်မတို့ကို ပြန်ပို့ဖို့ပြောလိုက်တယ်။ ကျွန်မတို့ရဲ့အမှုကို ဂျာမဏီတောင်ပိုင်းမှာ စစ်ဆေးရမှာဖြစ်တယ်။ ဒါပေမဲ့မြောက်ပိုင်းမှာရှိတဲ့ဂက်စ်တာပိုနဲ့ တောင်ပိုင်းမှာရှိတဲ့သူတွေဟာ အဆင်ပြေပုံမရကြဘူး။ ဒါနဲ့ဒရက်စ်ဒင်မြို့ (Dresden) ရုံးကငြင်းဆန်လိုက်တာနဲ့ စတတ်ဂတ်ဒ်မြို့ (Stuttgart) ကနေကျွန်မတို့ကို ကိုယ်တိုင်လာဆွဲခေါ်သွားကြတယ်။ အခုဘာဖြစ်မလဲ။ အဲလ်ဘ်(Elbe) မြစ်ဘေးတစ်လျှောက် ဘူတာရုံကိုကားစီးသွားရတာ စိတ်ချမ်းသာခဲ့တယ်။ ကျွန်မတို့ရဲ့အချုပ်ခန်းထဲမှာ သစ်ပင်စိမ်းတွေနဲ့ မိုးကောင်းကင်ပြာကို မတွေ့ရတာအတော်ကြာနေပါပြီ။ အရင်ကလိုဘဲ ရထားတွဲခန်းတစ်ခုလုံးကို ကျွန်မတို့အတွက်သီးသန့်ထားပေးပြီး ကျွန်မတို့ဘုရားနိုင်ငံတော်သီချင်းတွေတောင် ဆိုခွင့်ရခဲ့တယ်။ ကျွန်မတို့ရထားပြောင်းတဲ့အခါ ဘူတာစားပွဲရုံမှာ စားသောက်ရတယ်။ စဉ်းစားကြည့်လေ။ မနက်ပိုင်းမှာ ကျွန်မတို့ဟာပေါင်မုန့်ခြောက်လေးဘဲစားနေခဲ့ရတာ ခုတော့ဒီလိုစားရတယ်။
ကျွန်မတို့အမှုဟာ စတတ်ဂတ်ဒ်မြို့ (Stuttgart) တရားရုံးကို ၁၉၄၀ ခုစက်တင်ဘာ ၁၇ ရက်မှာရောက်လာတယ်။ လုဒ်ဝစ်ဂ် စိုင်ရနက်ခ် (Ludwig Cyranek) ထံစာရေးခြင်းနဲ့ သူ့ရဲ့စာတွေကို ပို့ပေးခြင်းအားဖြင့် တိုင်းတစ်ပါးမှာနေတဲ့သူတွေကို ကျွန်မတို့ရဲ့လုပ်ငန်းနဲ့ညှဉ်းပန်းမှုကို အကြောင်းကြားနိုင်ခဲ့တယ်။ အဲ့ဒါဟာကြီးမားတဲ့ပုန်ကန်မှုဖြစ်ပြီး သေဒဏ်ပေးနိုင်တယ်။ ဒါကြောင့်စတတ်ဂတ်ဒ်မြို့ (Stuttgart) မှာ အဓိကတရားခံကျွန်မကိုတစ်ယောက်ထဲ သုံးနှစ်ခွဲချုပ်ထားဖို့ အမိန့်ချမှတ်လိုက်တဲ့အခါ အံ့ဖွယ်တစ်ခုလိုပါဘဲ။ ကျွန်မတို့ကို မျက်နှာသာပြပြီး ဩတ္တပ္ပစိတ်အနှောင့်အယှက်ဖြစ်နေတဲ့ စခလစ်ဖ် (Schlipf) အမည်ရှိတဲ့ ဂက်စတာပိုအရာရှိတစ်ဦးဟာ သူ့ရဲ့သြဇာကိုသုံးခဲ့တာ ထင်ရှားတယ်။ သူကကျွန်မတို့ “မိန်းကလေး” တွေကြောင့် အိပ်လို့မရဘူးလို့ တစ်ခါကပြောခဲ့ဘူးတယ်။ ဒရက်စ်ဒင်မြို့ (Dresden) မှာဆိုရင် ကျွန်မဒီလောက်သက်သာမှာမဟုတ်ဘူး။
တည်မြဲသောအဆွေဖြစ်ခြင်းမှ အကျိုးများ
ထောင်ကအစာဟာ ချွေးတပ်စခန်းလောက်မဆိုးပေမဲ့ ကျွန်မကိုယ်အလေးချိန်အတော်ကျသွားခဲ့ပြီး နောက်ဆုံးအရိုးနဲ့အရေဘဲကျန်ခဲ့တယ်။ ၁၉၄၀ ကနေ ၁၉၄၂ အထိနှစ်တွေကုန်ဆုံးခဲ့ပြီး ကျွန်မစိတ်ထဲမှာ မကြာခဏစဉ်းစားမိခဲ့တယ်။ ‘ထောင်ဒဏ်ခံပြီးတဲ့နောက် သူတို့ဟာမင်းကိုချွေးတပ်စခန်းကိုပို့လိုက်ကြမယ်။ အဲ့ဒီမှာ ညီအစ်မအဖော်တွေ အများကြီးရှိတယ်။ မင်းဘယ်တော့မှ တစ်ယောက်ထဲမနေရတော့ဘူး။’ ဘာဖြစ်လာမှာကိုကျွန်မမသိခဲ့ဘူး။
ကျွန်မရဲ့ကာသိုလိပ်မိဘတွေ တောင်းခံတဲ့ကျွန်မလွတ်မြောက်ဖို့လျှောက်လွှာကို လက်ခံလိုက်တဲ့အခါ အစောင့်တွေဟာ လုံးဝအံ့သြသွားကြတယ်။ (ကျွန်မအဲ့ဒီလို ကိုယ်ပိုင်တောင်းခံချက်ကို အကြိမ်ကြိမ်ငြင်းပယ်ခဲ့တယ်။) ယုံကြည်သူဘက်သားတွေဟာ ချွေးတပ်စခန်းတွေမှာချခံရပြီး ပုန်ကန်မှုကြီးနဲ့ထောင်ကျတဲ့ကျွန်မကျတော့ လွယ်လွယ်နဲ့လွတ်မြောက်ခဲ့ရတယ်။ ဒါနဲ့ ၁၉၄၃ မှာကျွန်မပြန်လွတ်ပြီး ကြီးစွာသောသတိနဲ့ ဟောလ်ဇ်ဂလင်ဂျန်မြို့ (Holzgerlingen) ကနေသီသြကရက်တစ်စာတွေကို သယ်ဆောင်နိုင်တဲ့အခြေအနေမှာ ရောက်ခဲ့တယ်။ ပြန်ကူးရေးပြီးနောက် ကော်ဖီပြည့်နေတဲ့ဓာတ်ဘူးနံရံကြားမှာဝှက်ပြီး ရိုင်း (Rhine) မြစ်တစ်လျှောက်၊ ဂျာမဏီရဲ့ဝက်စ်တာဝေါလ်ဒ် (Westerwald) အပိုင်းမှာနေတဲ့ ညီအစ်ကိုတွေဆီကို ယူဆောင်သွားခဲ့တယ်။ အဲ့ဒီအချိန်ကနေ စစ်ကြီးပြီးတဲ့အထိ ကျွန်မဟာအနှောင့်အယှက်မရှိ လုပ်ဆောင်နိုင်ခဲ့တယ်။ ကျွန်မတို့ကို တိုင်တန်းတဲ့စာကိုရရှိခဲ့တဲ့ ရင်းနှီးတဲ့အရာရှိတွေဟာ အဲ့ဒါကိုဂက်စတာပိုတွေဆီကိုမပို့ခဲ့ဘူးလို့ နောက်ပိုင်းမှာကျွန်မသိခဲ့ရတယ်။
၁၉၄၅ ခုနောက်ပိုင်းမှာကော။ ကျွန်မဟာ ဖြစ်နိုင်တာနဲ့ရှေ့ဆောင်ဖြစ်ချင်တဲ့ဆန္ဒရှိခဲ့တယ်။ လုံးဝမမျှော်လင့်ဘဲနဲ့ အကောင်းတကာ့အကောင်းဆုံး ဖိတ်ခေါ်ချက်ကို ရရှိခဲ့တယ်။ ဝီစ်ဘာဒင်မြို့ (Wiesbaden) ဗေသလမှာအလုပ်လုပ်ဖို့ ကျွန်မဖိတ်ခေါ်ခံရမယ်လို့ တစ်ခါမှအိပ်မက်တောင်မမက်ခဲ့ဘူး။
၁၉၄၆ ခုမတ်လ ၁ ရက်ကစပြီး ဗေသလ (အခု စဲလ်တာစ် တောန်နပ်စ်) (Selters/Taunus) မှာရှိနေခဲ့တယ်။ နှစ်ပေါင်းများစွာဘဲ ကျွန်မဟာဌာနခွဲကြီးကြပ်မှူး ကောန်ရဒ် ဖရန်ခ် (Konrad Franke) ရဲ့ကြီးကြပ်မှုအောက်မှာ လုပ်ကိုင်ရတဲ့အခွင့်အရေးရခဲ့တယ်။ အခြားဌာနတွေ ဥပမာ၊ အဝတ်လျှော်ဌာနတွေလိုမျိုးမှာလည်း ကျွန်မပျော်ရွှင်စွာလုပ်ဆောင်ခဲ့ရတယ်။ ဒီနေ့အချိန် အသက် ၈၈ နှစ်အရွယ်မှာလည်း ကျွန်မတစ်ပတ်မှာ နာရီပေါင်းများစွာ အဲ့ဒီမှာ မျက်နှာသုတ်ပုဝါတွေခေါက်တယ်။ ကျွန်မတို့ရဲ့ဗေသလအိမ်ကို သင်လည်ပတ်ခဲ့ပြီးဖြစ်ရင် ကျွန်မတို့တစ်ယောက်ကိုတစ်ယောက် တွေ့ခဲ့ပြီးဖြစ်နိုင်တယ်။
ဒီအချိန်တစ်လျှောက်မှာ ကျွန်မရဲ့မိခင်နဲ့တခြားသွေးသားညီမ အပါအဝင်အတော်များများကို သမ္မာတရားလက်ခံဖို့ ကူညီရတဲ့အခွင့်အရေးရခဲ့တယ်။ “ကိုယ်တော်မင်းကိုသိတော်မူပြီးချစ်တယ်” ဆိုတဲ့အမေ့စကားဟာ “သင့်ကိုမစတော်မူမည်” ဆိုတဲ့ ဆာလံဆရာကြီးရဲ့စကားနဲ့ ကိုက်ညီနေတာ ကျွန်မတွေ့ခဲ့ရပါပြီ။ (ဆာလံ ၅၅:၂၂) ယေဟောဝါကိုချစ်ပြီး တစ်ချိန်တည်းမှာမိတ်ဆွေတစ်ယောက်အနေနဲ့ ကိုယ်တော်ရဲ့မစမှုခံရတာ တကယ့်ပျော်ရွှင်မှုပါဘဲ။
[အောက်ခြေမှတ်ချက်များ]
a 1974 Yearbook of Jehovahʼs Witnesses, pages 179-80 ကိုကြည့်ပါ။
b The Watchtower, April 15, 1961, pages 244-9, and March 15, 1963, pages 180-3 ကိုကြည့်ပါ။