မဟာဗာဗုလုန်အား စွဲချက်တင်ခြင်း
ယေဟောဝါသက်သေ သန်းပေါင်းများစွာသည် ၁၉၈၈-၈၉ ခုနှစ်အတွင်း ကျင်းပခဲ့သည့် စည်းဝေးပွဲကြီး တသီတတန်း၌ အဓိဌာန်တစ်ရပ်ထောက်ခံ အတည်ပြုခဲ့ကြသည်။ ယင်းအဓိဋ္ဌာန်၌ အထူးသဖြင့် ခရစ်ယာန်ဘောင်အားဖြင့် ကိုယ်စားပြုသည့် မှောက်မှားသောဘာသာရေးကမ္ဘာ့အင်ပါယာ၏ အကျင့်စာရိတ္တကို ရွံရှာမုန်းတီးကြောင်း ပါရှိသည်။ ပြင်းထန်လွန်းလှသည့် ရပ်တည်ချက်မဟုတ်ပါလားဟူ၍ စိတ်ရိုးဖြောင့်သူအချို့ မေးကောင်းမေးမည်။ လုံးဝမဟုတ်ပါ။ ရှေးဣသရေလပရောဖက်များ သူတို့ခေတ်ရှိ ရုပ်တုကိုးကွယ်ခြင်းကို ရဲရင့်စွာ ရှုတ်ချခဲ့ပုံနှင့် ယေရှုလက်ထက်တော်ရှိ ဘာသာရေးအရေခြုံမှုကို ကိုယ်တော်မည်မျှပြင်းထန်သည့်စကားများဖြင့် ဖေါ်ထုတ်ခဲ့ပုံတို့ကိုကြည့်လျှင် ကျွန်ုပ်တို့ယေဟောဝါသက်သေများအနေနှင့် ဤရပ်တည်ချက်သည် အကြွင်းမဲ့တရားနည်းလမ်းကျသည်ဟု ယုံကြည်သည်။ ထို့ပြင် ဘုရားသခင့်မိန့်မှာထားရာလည်း ဖြစ်သည်။—ဟေရှာယ ၂၄:၁-၆။ ယေရမိ ၇:၁၆-၂၀။ မဿဲ ၂၃:၉-၁၃၊ ၂၇၊ ၂၈၊ ၃၇-၃၉။
သို့ဖြစ်လျှင် အဘယ်အကြောင်းပေါ်အခြေပြုပြီး မဟာဗာဗုလုန်၏အကျင့်စာရိတ္တကို ကျွန်ုပ်တို့ရွံမုန်းရခြင်း ဖြစ်သနည်း။ စစ်မှန်သော စကြဝဠာအချုပ်အခြာအာဏာပိုင်အရှင်သခင် ယေဟောဝါအား ဂုဏ်ပြုရန် ဘာသာတရားတို့ ပျက်ကွက်သည့် အဘယ်သမိုင်းသက်သေအထောက်အထားများ ရှိသနည်း။
ခေတ်သစ်ဗာဗုလုန် နာမတော်ကို မထီမဲ့မြင်ပြု
စကြဝဠာ၏ အချုပ်အခြာအာဏာပိုင်အရှင်သခင်သည် အမည်နာမ မထုတ်ဖေါ်သော ဘုရားမဟုတ်ပါ။ ကိုယ်တော်သည် သမ္မာကျမ်းစာ၌ မိမိကိုယ်ကို ယေဟောဝါအဖြစ် အကြိမ်ပေါင်း ၇၀၀၀ ခန့်ဖေါ်ပြထားသည်။ ကိုယ်တော်သည် မိမိနာမတော်ကို အထူးအလေးပေးတော်မူ၏။ ပညတ်တော်ဆယ်ပါးမှ တတိယအပါးက ဤသို့ဆို၏။ “သင်၏ဘုရားသခင် [ယေဟောဝါ] ၏နာမတော်ကို မုသာနှင့်ဆိုင်၍ မမြွက်မဆိုနှင့်။ အကြောင်းမူကား နာမတော်ကို မုသာနှင့်ဆိုင်၍ မြွက်ဆိုသောသူကို အပြစ်မရှိဟု [ယေဟောဝါ] မှတ်တော်မမူ။” ယေရှုကလည်း သခင့်ပတ္ထနာတော်၌ ခမည်းတော်၏နာမတော်ကို အလေးအနက်ပေါ်လွင်ထင်ရှားအောင် ဤသို့ဆိုထားသည်။ “နာမတော်အား ရိုသေလေးမြတ်ခြင်း ရှိပါစေသော။”—ထွက်မြောက်ရာ ၂၀:၇။ မဿဲ ၆:၉။
ဘုရားသခင့်နာမတော်ဂုဏ်တင်ခြင်းဘက်တွင် ခရစ်ယာန်ဘောင်၏မှတ်တမ်းမှာ စိတ်ပျက်ဖွယ်ကောင်းလှသည်။ ၁၆၁၁ ခုနှစ်ထုတ် ဂျိမ်းဘုရင်ဘာသာပြန်ကျမ်း၌ ယေဟောဝါ၏နာမတော် ခုနစ်ကြိမ်သာသုံးထားသည်။aအခြားဘာသာပြန်ကျမ်းတို့၌ နာမတော်ကို အပြီးအပိုင် ထုတ်ပစ်ထားသည်။ ဘာသာအများအပြားကလည်း နာမတော်ကို ဂုဏ်တင်ချီးမွမ်းခြင်းမပြုကြချေ။ သူတို့၏ “သန့်ရှင်းသော” သုံးပါးပေါင်းတစ်ဆူဘုရားနှင့် အချို့ကိစ္စများ၌ ဘုရားမယ်တော်ဆိုသော မာရိကို သမ္မာကျမ်းစာ၏ ဘုရားသခင်ထက် အမွှမ်းတင်ခဲ့ကြသည်။ ယေဟောဝါ၏ အဖိုးမဖြတ်နိုင်သော နာမတော်ကို တစ်စနှင့်တစ်စ လုံးဝအသုံးမပြုတော့သည့် အခြေသို့ရောက်ခဲ့သည်။b
အစ္စလမ်ဘာသာက ယင်းတို့၏ ကျမ်းအရ အာလာဟုခေါ်သော ဘုရားသခင်တစ်ပါးရှိကြောင်း အသိအမှတ်ပြုထားသည်မှာ ချီးကျူးစရာဖြစ်သည်။ သို့သော် ကျမ်းမပေါ်မီ အနည်းဆုံးနှစ်ပေါင်းနှစ်ထောင်ခန့်က ရေးသားခဲ့သော သမ္မာကျမ်းစာတွင် အဦးဆုံးဖွင့်ပြသည့် ယေဟောဝါဟူသော ကိုယ်တော်.နာမတော်ကိုမူကား သူတို့အသုံးမပြုကြချေ။ ဟိန္ဒူဘာသာဝင်တို့သည် သန်းပေါင်းများစွာသော နတ်ဘုရားများနှင့် နတ်သမီးများကို ကိုးကွယ်ကြသော်လည်း ယေဟောဝါမူကား မပါဝင်ပေ။
ဘုရားသခင့်နာမတော်ကို မထီမဲ့မြင်ပြုရာတွင် ယုဒဘာသာသည် အထင်ကရဖြစ်သည်။ အနှစ်ထောင်ပေါင်းများစွာ ဘုရားသခင်၏နာမတော်ခံ လူမျိုးတော်ဖြစ်သည်ဟု ဂျူးလူမျိုးများ အခိုင်အမာဆိုကြစေကာမူ သူတို့၏မိရိုးဖလာကြောင့် ဘုရားသခင်၏နာမတော်အမှန်ကို လုံးလုံးအသုံးမပြုတော့သည့်အခြေသို့ ရောက်သွားစေခဲ့သည်။
ထိုကြောင့် အချုပ်အခြာအာဏာပိုင်အရှင်သခင် ယေဟောဝါ၏သက်သေများအနေနှင့် ဘုရားသခင့်သန့်ရှင်းသောနာမတော်အား မဟာဗာဗုလုန်မထီမဲ့မြင်ပြုခြင်းအတွက် ကျွန်ုပ်တို့စက်ဆုပ်ရွံရှာကြောင်း ထုတ်ဖေါ်ပြောဆိုရန်တာဝန်ရှိသည်။
ဗာဗုလုန်အယူများကို စက်ဆုပ်ရခြင်းအကြောင်း
လူ၌ မသေနိုင်သောဝိညာဉ်ရှိသည်ဟူသော ဗာဗုလုန်အယူကြောင့် လူသန်းပေါင်းများစွာတို့သည် ခေါင်းပုံဖြတ်သွေးစုတ်ခြင်းခံရကြပြီး အကြောက်တရား၏အကျဉ်းသားများဖြစ်ခဲ့ကြသည်။ ရှေးအချိန်မှစ၍ မှောက်မှားသောဘာသာသည် လူသေပြီးနောက် ငရဲမီး၌ ဝိညာဉ်ထာဝစဉ်ညှဉ်းဆဲခြင်းခံရသည်ဟူသော ကြောက်ရွံ့စိတ်ကိုအသုံးပြု၍ အကြီးအကျယ်အမြတ်ထုတ်လာခဲ့သည်။ ထိုအယူ၏ ပို၍စဉ်းလဲသည့်အချက်တစ်ချက်မှာ ငရဲကလေးဘုံတွင် ယာယီဒုက္ခခံခြင်းဖြစ်သည်။ သို့နှင့် စိတ်ရိုးဖြောင့်သူတို့သည် သေလွန်သူတို့အကျိုးဟုဆိုသော ဆုတောင်းပွဲများအတွက် အလှူငွေများ ပေးရကြသည်။ သို့သော် မည်မျှကြာကြာပေးသွားရမည်ကိုကား ဘယ်တော့မျှမသိရပေ။ ဘုရားတရားစော်ကားသော ဤအယူဝါဒတို့သည် သမ္မာကျမ်းစာအခြေအမြစ် လုံးဝမရှိပေ။—ယေရမိ ၇:၃၁ နှင့်နှိုင်းယှဉ်ပါ။
အမှန်ဆိုရလျှင် သမ္မာကျမ်းစာက လူသည် အသက်ရှင်သော သေတတ်သည့်ဝိညာဉ်ဖြစ်ကြောင်း သွန်သင်ပေးသည်။ အာဒံသည် နာမခံမှုကြောင့် ငရဲမီး သို့မဟုတ် ငရဲကလေးဘုံသို့သွားရန် စီရင်ချက်ချခံရသည်မဟုတ်ဘဲ သေဒဏ်သာချမှတ်ခံရသည်။ “အပြစ်တရား၏အခကား သေခြင်းပေတည်း” ဟူ၍ ကျမ်းစာက ရိုးရိုးလေးဆိုထားသည်။ (ရောမ ၆:၂၃။ ကမ္ဘာဦး ၂:၇၊ ၁၇။ ၃:၁၉) သေလွန်သူတို့အတွက် ကျမ်းစာကမ်းလှမ်းထားသော မျှော်လင့်ချက်မှာ မသေနိုင်သော ဝိညာဉ်အပေါ်မူတည်ခြင်းမရှိဘဲ ပရဒိသုဘုံတွင် စုံလင်သောအသက်တာရရှိစေမည်ဟူသော ဘုရားသခင့်ကတိတော်အပေါ်၌ မူတည်သည်။—ယောဟန် ၅:၂၈၊ ၂၉။ ဗျာဒိတ် ၂၁:၁-၄။
ဗာဗုလုန်အယူနောက်တစ်ခုမှာ “သန့်ရှင်းသော” သုံးပါးပေါင်းတစ်ဆူဘုရားအယူဖြစ်သည်။ ဘုရားတစ်ဆူ၌ ပုဂ္ဂိုလ်သုံးပါးပါဝင်သည်ဟူသော ဤအယူမှာ ရှေးဟေဗြဲလူမျိုး၏ ယုံကြည်ချက်တစ်ရပ်မဟုတ်ခဲ့ပေ။ (တရားဟောရာ ၅:၆၊ ၇။ ၆:၄) ယုဒလူမျိုးတစ်ဦးအနေနှင့် ယေရှုသည် မိမိကိုယ်ကို အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်သည်ဟု ဘယ်တော့မျှမယုံကြည် မသွန်သင်ခဲ့ပေ။ ဗာဗုလုန်အယူဝါဒသွန်သင်သည့် သုံးပါးပေါင်းတစ်ဆူဘုရားတွင် အလျှင်းပတ်သက်ခြင်းမရှိကြောင်း ကိုယ်တော်ရှင်းလင်းစွာ ပြသတော်မူခဲ့သည်။—မာကု ၁၂:၂၉။ ၁၃:၃၂။ ယောဟန် ၅:၁၉၊ ၃၀၊ ၁၄:၂၈၊ ၂၀:၁၇။
ထိုကြောင့် ကမ္ဘာပေါ်ရှိ ဗာဗုလုန်၏မှောက်မှားသောဘာသာတရားများ သွန်သင်နေသည့် ဘုရားကို စော်ကားသောအယူဝါဒများကို ကျွန်ုပ်တို့ပယ်ချသည်။ ကျွန်ုပ်တို့သည် တစ်ဆူတည်းသော ဘုရားမှန်ယေဟောဝါကို ကိုးကွယ်ကြသည်။ ဘိသိက်ခံခရစ်ယာန်တို့၏ အပြစ်အတွက်သာမက လူသားလောကတစ်ခုလုံး၏အပြစ်အတွက် ‘အပြစ်ဖြေစရာပူဇော်သက္ကာ’ ဖြစ်ခဲ့သော ကိုယ်တော်.သားတော်မှတစ်ဆင့် ကိုးကွယ်ကြသည်။—၁ ယောဟန် ၂:၂။
ဘုရားဆန့်ကျင်သည့် အတွေးအခေါ်များကို ပယ်ချရခြင်းအကြောင်း
ခရစ်ယာန်ဘောင်မှ ပုပ်ရဟန်းမင်းတို့နှင့် ဓမ္မဆရာဘုန်းကြီးတို့က ဘုရားမဲ့ဝါဒီကြီးထွားလာခြင်းအတွက် ရတက်မအေး ဖြစ်နေကြရာ ဤအချက်ကို သူတို့အနက်မှ အများက လက်ယာနိုင်ငံရေးကို ထောက်ခံရခြင်းအတွက် အကြောင်းပြချက်အဖြစ်အသုံးပြုကြသည်။ သို့တစေ မေးစရာမေးခွန်းမှာ အထူးသဖြင့် လွန်ခဲ့သောရာစုနှစ်အတွင်း ဘုရားမဲ့ဝါဒပေါ်ထွန်းစေရန် လှုံ့ဆော်ပေးခဲ့သော တရားမျှတမှုမရှိခြင်းနှင့် မညီမျှခြင်းတို့ကို မည်သူတို့ မျက်ကွယ်ပြုခဲ့ကြသနည်း။ ဘုရားမဲ့ဝါဒသည် ခရစ်ယာန်ဘောင်နယ်ပယ်ဒေသတွင်း သိသိသာသာပေါ်ထွန်းခဲ့သည်။ ဥပမာအနေနှင့် ရုရှားရှေးရိုးစွဲခရစ်ယာန်ဂိုဏ်းသည် ပြည်သူလူထုကို ရက်စက်စွာဖိနှိပ်ချုပ်ချယ်ခဲ့သော ဇာဘုရင်တို့နှင့် မဟာမိတ်ဖွဲ့ခဲ့သည်။ ဘုရားသခင်ကို ကိုယ်စားပြုပါသည်ဟုဆိုသူတို့၌ စစ်မှန်သောခရစ်ယာန်တန်ဖိုးကင်းမဲ့ခြင်းအဖြစ်က ဘုရားမဲ့ဝါဒနှင့် ကွန်မြူနစ်ဝါဒပေါက်ပွားရှင်သန်ရာ ပျိုးခင်းဖြစ်ခဲ့သည်။
ခရစ်ယာန်ဘောင်မှ ဘာသာများသည် ဖန်ဆင်းရှင်၏ ဂုဏ်တော်ကို ညှိုးနွမ်းစေသည့် ဆင့်ကဲဖြစ်စဉ်အယူကိုလည်း လက်ခံယုံကြည်ကြသည်။ သူတို့က ရှုပ်ထွေးဆန်းပြား၍ အမျိုးအမည်တစ်သန်းကျော်သော သက်ရှိဇီဝရုပ်သွင်တို့သည် ချုပ်ထိန်းမှုကင်းသော သဘာဝတရား၏ စွမ်းအင်တို့ကြောင့် ဖြစ်ပေါ်တိုးတက်လာခြင်းဖြစ်သည်ဟု ယူဆကြသည်။ စင်စစ်အားဖြင့် သူတို့က ယင်းရှုပ်ထွေးမှုများလှသည့် ဇီဝရုပ်တို့သည် အကျိုးပြုသော မတော်တဆတိုက်ဆိုင်မှု တသီတတန်းကြီးကြောင့် ဖြစ်ပေါ်တိုးတက်လာခြင်းဖြစ်သည်ဟု ဆိုကြ၏။ ထိုသို့သော အတွေးအခေါ်က ဘုရားသခင်အား အပိုသက်သက်ဖြစ်သွားစေပြီး လူကိုလည်း မည်သူ့အပေါ်၌မျှ တာဝန်ခံစရာမလိုသော သတ္တဝါဖြစ်သွားစေသည်။ ကိုယ်ကျင့်တရားသည်လည်း တစ်ဦးချင်းကြိုက်ရာ ရွေးချယ်နိုင်သည့် ကိစ္စဖြစ်သွားသည်။ (ဆာလံ ၁၄:၁) ဆိုးကျိုးရလဒ်တစ်ခုကား ဘာသာတရားကိုင်းရှိုင်းပါသည်ဆိုသော နိုင်ငံများ၌ ယခုအခါ တစ်နှစ်တစ်နှစ်လျှင် ကိုယ်ဝန်ဖျက်ချခြင်း သန်းပေါင်းများစွာအထိ တိုးများလာခြင်းဖြစ်သည်။
ဘုရားကိုဆန့်ကျင်သော ဤအတွေးအခေါ်များနှင့် အကျင့်ဓလေ့များကို ကျွန်ုပ်တို့ပယ်ချသည်။ ကျွန်ုပ်တို့သည် “ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာကိုလည်းကောင်း၊ အရပ်ရပ်၌ ရှိရှိသမျှတို့ကိုလည်းကောင်း ဖန်ဆင်း၍ ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူသောသူ” ယေဟောဝါကို ကိုးကွယ်ကြသည်။—ဗျာဒိတ် ၁၀:၆; ၁၉:၆။
မဟာဗာဗုလုန်၏ အသီးအပွင့်တို့ကို ရွံမုန်းရခြင်းအကြောင်း
ခရစ်ယာန်ဘောင်သည် ဗျာဒိတ်အခန်းကြီး ၂ နှင့် ၃ တွင်ပါရှိသည့် အသင်းတော်ခုနစ်ပါးထံ ပေးပို့သော သတိပေးသတင်းစကားများကို နားထောင်ရန် ပျက်ကွက်သည်။ ယင်းသြဝါဒတို့က ဂိုဏ်းဂဏဝါဒ၊ ရုပ်တုကိုးကွယ်ခြင်း၊ မတရားသောမေထုန်၌ မှီဝဲခြင်း၊ မပူမအေးဖြစ်ခြင်းနှင့် ဂရုမစိုက်ခြင်းတို့ကို ပညတ်ထားသည်။
လူတို့ကိုးကွယ်ဝတ်ပြုသည့် မည်သည့်နေရာသို့မဆို သွားကြည့်ပါက ဘာသာတရားရိုသေကိုင်းရှိုင်းသူအများတို့က ဖန်ဆင်းခံ သတ္တဝါများကို ဖန်ဆင်းတော်မူရှင်ထက် ချီးမြှောက်ထားသည်ကို တွေ့ရပေလိမ့်မည်။ အဘယ်သို့အားဖြင့်နည်း။ ရုပ်တုနှင့် ရုပ်ပုံများကို ကြည်ညိုခြင်း၊ “သူတော်စင်များ၊” မယ်တော်ပုံများနှင့် လက်ဝါးကပ်တိုင်များကို ကိုးကွယ်ခြင်းတို့အားဖြင့်ဖြစ်သည်။—ဆာလံ ၁၁၅:၂-၈။ ၂ ကောရိန္သု ၅:၇။ ၁ ယောဟန် ၅:၂၁။
ပေါလု၏ အောက်ပါစကားများသည် သူတို့အပေါ်၌ ပြည့်စုံသည်။ “အကြောင်းမူကား ထိုသူတို့သည် ဘုရားသခင်ကို သိလျက်ပင် ဘုရားသခင်ကို ချီးမွမ်းသင့်သည်အတိုင်း မချီးမွမ်း၊ . . . လူမိုက်အရာ၌ တည်ကြသည်ဖြစ်၍ မဖောက်ပြန်၊ မပျက်စီးနိုင်သော ဘုရားသခင်၏ဂုဏ်တော်ကိုပယ်လျက်၊ ဖောက်ပြန်ပျက်စီးတတ်သော လူ၏ရုပ်တု၊ သားငှက် အစရှိသော တွားတတ်သောတိရစ္ဆာန်၏ရုပ်တုတို့ကို ဘုရားသခင်အရာ၌ ချီးမြှောက်ကြ၏။”—ရောမ ၁:၂၁-၂၃။
ဗာဗုလုန်၏ စာရိတ္တပျက်ပြားမှုကို ရှုတ်ချရခြင်းအကြောင်း
လွန်ခဲ့သော အနှစ်နှစ်ဆယ်အတွင်း လိင်တူဆက်ဆံခြင်းကို နှစ်သက်သဘောကျစရာ ဘဝပုံစံနောက်တစ်မျိုးအဖြစ်လည်းကောင်း၊ သည်းခံခွင့်လွှတ်သင့်သည့် ဘဝပုံစံအဖြစ်လည်းကောင်း ယူဆလက်ခံလာကြသည်။ လိင်တူဆက်ဆံသူ သန်းပေါင်းများစွာသည် ‘ခိုးကြောင်ခိုးဝှက်ဘဝမှ ထွက်လာ’ ပြီး ယခုအခါလမ်းမကြီးများ၌ ထင်ထင်ပေါ်ပေါ် စီတန်းလှည့်လည်ကာ သူတို့၏ လိင်တူဆက်ဆံခြင်းကို ဂုဏ်ယူဝင့်ဝါပလွှားလာကြသည်။ သူတို့၏ လိင်တူဆက်ဆံခြင်းကို ဘုရားသခင်မည်သို့သဘောထားတော်မူသနည်း။
လွန်ခဲ့သော နှစ်ပေါင်း ၃၅၀၀ ခန့်က သမ္မာကျမ်းစာ၌ ဤသို့ရှင်းလင်းစွာ ဖေါ်ပြထားသည်။ “မိန်းမနှင့်ပေါင်းဖေါ်သကဲ့သို့ ယောက်ျားချင်း မပေါင်းဖေါ်ရ။ ရွံရှာဖွယ်အမှု ဖြစ်၏။” (ဝတ်ပြုရာ ၁၈:၂၂) ထိုနောက် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ နီးပါးခန့်က အောက်ပါအတိုင်း ရေးသားခဲ့ရာတွင် ဘုရားသခင့်စံချိန် ပြောင်းလဲသွားခြင်းမရှိကြောင်း ဖေါ်ပြခဲ့သည်။ “ထိုသို့ပြုကြသောကြောင့် ဘုရားသခင်သည် သူတို့ကို ရှက်ကြောက်ဖွယ်သော ကိလေသာလက်သို့ အပ်လိုက်တော်မူ၏။ အဘယ်သို့နည်းဟူမူကား မိန်းမတို့သည် ပကတိထုံးစံကိုစွန့်၍ ပကတိနှင့်ဆန့်ကျင်ဘက်ထုံးစံကိုလိုက်ကြ၏။ ထိုအတူ ယောက်ျားတို့သည်လည်း မိန်းမနှင့်ဆက်ဆံခြင်းပကတိထုံးစံကို စွန့်၍ အချင်းချင်းကိလေသာစိတ်ပူလောင်သဖြင့်၊ ရှက်ကြောက်ဖွယ်သောအမှုကို ယောက်ျားချင်းပြုလျက်၊ မိမိတို့မှားယွင်းခြင်းနှင့်အလျောက် မိမိတို့အပြစ်ဒဏ်ကိုခံရကြ၏။”—ရောမ ၁:၂၆၊ ၂၇။ ၁ ကောရိန္သု ၆:၉၊ ၁၀။ ၁ တိမောသေ ၁:၁၀။
သို့သော် ခရစ်ယာန်ဘောင်မှ ဓမ္မဆရာဘုန်းကြီးအများသည် လိင်တူဆက်ဆံခြင်းလိုက်စားနေကြပြီး အဓိကကျသော ဘာသာတရားတို့တွင် အင်အားကောင်းသည့် လိင်တူဆက်ဆံသူများ အမာခံစခန်းများကိုပင် တည်ဆောက်နိုင်ခဲ့ကြပြီ။ သူတို့က သူတို့၏ဘဝပုံစံကို အသိအမှတ်ပြုကြရန် သူတို့အား ဓမ္မအမှုဆောင်ဂုဏ်ဒြပ်အပ်နှင်းရန် တောင်းဆိုကြသည်။ ထင်ရှားသည့်သာဓကတစ်ရပ်မှာ United Church of Canada ခေါ် ကနေဒါနိုင်ငံမှ အကြီးဆုံးပရိုတက်စတင့်ဂိုဏ်း ဖြစ်သည်။ ဂိုဏ်းခေါင်းဆောင်တို့က ၁၉၈၈ ခု၊ ဩဂုတ်လ ၂၄ ရက်နေ့တွင် လိင်တူဆက်ဆံသူတို့ကို ဓမ္မအမှုထမ်းဆောင်ခွင့်ပြုရန်အဆိုကို ၂၀၅ မဲမှ ၁၆၀ မဲဖြင့် ထောက်ခံအတည်ပြုခဲ့ကြသည်။
ဗာဗုလုန်၏ ဝိညာဏပြည့်တန်ဆာလုပ်ခြင်းကို ရွံမုန်းရခြင်းအကြောင်း
ဗျာဒိတ်ကျမ်းက ‘မြေကြီးရှင်ဘုရင်တို့’ တည်းဟူသော နိုင်ငံရေးအုပ်စိုးရှင်တို့နှင့် ဗာဗုလုန် မတရားမေထုန်ပြုခြင်းကို ရှုတ်ချထားသည်။ ပြည့်တန်ဆာအား ‘ရေအများပေါ်မှာ’ ထိုင်နေသည်ဟု ပုံဖေါ်ထားသည်။ ထိုရေများကား “အသီးသီးဘာသာစကားကို ပြောသော လူအမျိုးမျိုးအစုစု” ကိုဆိုလိုသည်။ (ဗျာဒိတ် ၁၇:၁၊ ၂၊ ၁၅) မှောက်မှားသော ဘာသာသည် ရာစုနှစ်များစွာတစ်လျှောက်အတွင်း နိုင်ငံရေးအုပ်စိုးရှင်တို့နှင့် လက်ပွန်းတတီးရင်းနှီးသော ဆက်ဆံရေးရှိထားသဖြင့် သာမညလူထုတို့အပေါ် ထင်ထင်ပေါ်ပေါ် တစ်မျိုး၊ သိုသိုသိပ်သိပ်တစ်ဖုံ ဖိနှိပ်ချုပ်ချယ် ဂုတ်သွေးစုတ် အမြတ်ထုတ်ခဲ့ကြသည်။
ဤသို့လွှမ်းမိုးချယ်လှယ်ခဲ့သည့် သာဓကများမှာ ဤနှစ်ဆယ်ရာစုနှစ်အတွင်း နာဇီနှင့်ဖက်ဆစ်အာဏာရှင်တို့နှင့် ဗက်တီကင် လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ကြသော သဘောတူညီချက်များဖြစ်သည်။ သို့နှင့် သာသနာ၏သြဇာအရှိန်ကြောင့် သိုးစုတို့သည် ရက်စက်ကြမ်းကြုတ်သော အုပ်စိုးရှင်တို့၏ လက်ခုပ်ထဲမှ ရေများပမာ ဖြစ်ခဲ့ကြရသည်။ ၁၉၂၉ ခုနှစ်တွင် ဗက်တီကင်သည် ဖက်ဆစ်အာဏာရှင် ဗင်နီတိုမူဆိုလီနီ (Benito Mussolini) နှင့် သဘောတူညီချက်တစ်ရပ် ချုပ်ဆိုခဲ့သည်။ ဂျာမနီပြည်တွင် ဘာဖြစ်ပျက်ခဲ့သနည်း။ ဂျာမန်ဂိုဏ်းချုပ်ဖေါ်လ်ဟာဘာ (Faulhaber) အဆိုအရ အောက်ပါစကားများမှာ ဧကာဒသမမြောက် ပိုင်းယပ်စ် (Pius XI) ၏စကားဖြစ်သည်။ ထိုစကားမှ ဟစ်တလာအပေါ် ပုပ်ရဟန်းမင်း၏သဘောထားကို တွေ့မြင်နိုင်သည်။ “ကျုပ်အထူးဝမ်းသာသည်။ သူသည် ဘော်ရှီဗစ် (Bolshevik) ဝါဒကို ရဲရဲဝံ့ဝံ့ဝေဖန်ပြောဆိုရဲတဲ့ နိုင်ငံရေးသမားဖြစ်သည်။” ဖေါ်လ်ဟာဘာက နောက်ပိုင်းတွင် ဤသို့ထုတ်ဖေါ်ပြောဆိုခဲ့သည်။ “ရောမမြို့သို့ ကျွန်တော်ရောက်ရှိရာတွင် ကျွန်တော်ကြာမြင့်စွာက မယုံသင်္ကာဖြစ်ခဲ့သော အချက်သည် သံသယရှင်းသွားသည်။ ရောမမြို့တွင် အမျိုးသားဆိုရှယ်လစ်ဝါဒနှင့် ဖက်ဆစ်ဝါဒတို့ကို လူတို့က ကွန်မြူနစ်ဝါဒနှင့် ဘော်ရှီဗစ်ဝါဒတို့မှ ကယ်တင်နိုင်သည့် တစ်ခုတည်းသော ကယ်တင်ရှင်အဖြစ် သဘောထားကြသည်။”
၁၉၃၃ ခုနှစ်မတိုင်မီက ဂျာမနီပြည်ရှိ ဗရင်ဂျီဂိုဏ်းအုပ်တို့သည် နာဇီအတွေးအခေါ်ကို ဆန့်ကျင်ခဲ့ကြသည်။ သို့သော် The Churches and the Third Reich စာအုပ်တွင် ဂျာမန်စာရေးဆရာစကိုလ်ဒါ (Klaus Scholder) အဆိုအရ ဂျာမနီနိုင်ငံဆိုင်ရာ ဗက်တီကင်သံအမတ်ကြီး ဂိုဏ်းချုပ်ပါဆဲလ်လီက ထိုဂိုဏ်းအုပ်များအား အမျိုးသားဆိုရှယ်လစ်ဝါဒအပေါ် သူတို့၏သဘောထားကို ပြောင်းလဲရန်အမိန့်ပေးခဲ့သည်။ ဤသို့ပြောင်းလဲရန် အဘယ်အကြောင်းက တွန်းအားပေးခဲ့သနည်း။ နာဇီဂျာမနီနှင့် ဗက်တီကင်တို့အကြား ၁၉၃၃ ခု၊ ဇူလိုင်လ ၂၀ ရက်၊ သဘောတူညီချက်မှ မျှော်လင့်ချက်အလားအလာကြောင့်ဖြစ်သည်။
ကလောစ်စကိုလ်ဒါက ဤသို့တင်ပြထားသည်။ “၁၉၃၃ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်ရွေးကောက်ပွဲနှင့် လူထူဆန္ဒခံယူပွဲ၌ ထိုသဘောတူညီချက်၏ အသီးအပွင့်များကို ဟစ်တလာရိတ်သိမ်းနိုင်ခဲ့သည်။ အံ့ဩစရာကောင်းလောက်အောင် ထောက်ခံမဲအများဆုံးရရှိခဲ့သည်။ အထူးသဖြင့် ဗရင်ဂျီဘာသာကြီးစိုးရာ မဲဆန္ဒနယ်များ၌ ရရှိခဲ့ခြင်းဖြစ်သည်။”
၁၉၃၃ ခုနှစ်တွင် နာဇီများ အာဏာရယူခဲ့ခြင်းကို ပရိုတက်စတင့်ဂိုဏ်းခေါင်းဆောင် အနည်းငယ်တို့က ကန့်ကွက်ခဲ့ကြသော်လည်း သူတို့၏ ကန့်ကွက်သံများသည် အမျိုးသားရေးဝါဒ၏ ကျယ်လောင်လှသည့် ဆူညံတောင်းဆိုသံများကြားတွင် တိမ်မြှပ်ပျောက်ကွယ်သွားခဲ့သည်။ စကိုလ်ဒါက ဤသို့ရှင်းပြ၏။ “ပရိုတက်စတင့်ဂိုဏ်းသည် ယခင်က ကျင့်သုံးခဲ့သည့် သတိနှင့်ဆက်ဆံရေးလမ်းစဉ်ကို စွန့်လွှတ်ရန် ပို၍အသင့်ဖြစ်လာပြီး ယခုနောက်ဆုံး၌ အမျိုးသားရေးစိတ်ဓာတ်တက်ကြွခြင်းရေအဟုန်တွင် မြောပါသွားလေသည်။ . . . ပထမဆုံးခြွင်းချက်မရှိ ထောက်ခံထားသည်။” စင်စစ်၌ ပရိုတက်စတင့်ဂိုဏ်းသည် ဗရင်ဂျီဂိုဏ်းပြုသကဲ့သို့ မိမိကိုယ်ကို နာဇီအမျိုးသားရေးဝါဒထံ ရောင်းစားလိုက်ပြီး ယင်း၏လက်ပါးစေဖြစ်ခဲ့လေသည်။
ရာစုနှစ်များတစ်လျှောက် မှောက်မှားသော ဘာသာသည် ဩဇာအာဏာကြီးမားသော အုပ်ချုပ်ရေးဘက်မှ လက်ရွေးစင်လူစုတို့နှင့် ပူးပေါင်း၍ အများပြည်သူတို့၏ အကျိုးစီးပွားကို မငဲ့ဘဲ သူတို့၏သြဇာတည်မြဲရေးကိုသာ လုံးပမ်းအားထုတ်ခဲ့ကြောင်း သမိုင်းမှတ်တမ်းများက ပြသလျက်ရှိသည်။ ဤကမ္ဘာ့ဘာသာရေးခေါင်းဆောင်တို့သည် ‘ခရစ်တော်၏ စိတ်သဘောမျိုးကို ထင်ဟပ်ခြင်းမရှိပေ။ သူတို့သည် အာဏာ၊ ဥစ္စာနှင့် စည်းစိမ်တို့ကိုသာ အာသာငမ်းငမ်း ရှာနေကြသည်။ ယေဟောဝါသက်သေများအနေနှင့် ထိုသို့သော ဝိညာဏပြည့်တန်ဆာလုပ်ခြင်းကို ကျွန်ုပ်တို့ရွံမုန်းသည်။—ယောဟန် ၁၇:၁၆။ ရောမ ၁၅:၅။ ဗျာဒိတ် ၁၈:၃။
ဗာဗုလုန်၏ သွေးပြစ်ကို စက်ဆုပ်ရွံရှာရခြင်းအကြောင်း
ဗျာဒိတ်ကျမ်းစောင်တွင် မဟာဗာဗုလုန်အား ကြီးလေးသောသွေးပြစ်ကျူးလွန်ကြောင်း စွပ်စွဲထားသည်။ “ထိုမိန်းမသည် သန့်ရှင်းသူတို့၏အသွေး၊ ယေရှု၏သက်သေခံတို့၏အသွေးနှင့် ယစ်မူးသည်ကို ငါမြင်၏။ ပရောဖက်တို့၏အသွေး၊ သန့်ရှင်းသူတို့၏အသွေး၊ မြေကြီးပေါ်မှာ ကွပ်မျက်သောသူအပေါင်းတို့၏အသွေးကို ထိုမြို့၌တွေ့၏။”—ဗျာဒိတ် ၁၇:၆။ ၁၈:၂၄။
မှောက်မှားသောဘာသာ၏သမိုင်းသည် မုန်းတီးမှုနှင့် သွေးစွန်းသောသမိုင်းဖြစ်သည်။ အထူးသဖြင့် ခရစ်ယာန်ဘောင်သည် သွေးထွက်သံယိုပြစ်မှု အကြီးဆုံးကျူးလွန်ခဲ့သည်။ ကမ္ဘာစစ်ကြီးနှစ်ခုစလုံး ခရစ်ယာန်အမည်ခံနိုင်ငံများမှ စတင်ခဲ့သည်။ ၁၉၁၄ ခုနှစ်နှင့် ၁၉၃၉ ခုနှစ်တို့တွင် “ခရစ်တော်” နိုင်ငံရေးခေါင်းဆောင်များက လက်နက်စွဲကိုင်ခဲ့ကြသည်။ စစ်ပြိုင်နိုင်ငံများရှိ ဓမ္မဆရာဘုန်းကြီးများကလည်း သူတို့ကို ကောင်းချီးပေးခဲ့ကြသည်။ The Columbia History of the World စာအုပ်၌ ပထမကမ္ဘာစစ်နှင့်စပ်လျဉ်း၍ ဤသို့ဖေါ်ပြထားသည်။ “အမှန်တရား၏တန်ဖိုးမှာ လူ့အသက်တန်ဖိုးနှင့်အမျှ ကျဆင်းသွားသည်။ ယင်းအတွက် ကန့်ကွက်သည့်အသံတစ်ချက်မျှပင် မကြားရပေ။ ဘုရားသခင့်နှုတ်ကပတ်တော်ကို ကာကွယ်စောင့်ရှောက်သူတို့က ဤစစ်သံစုံသီချင်းဝိုင်းကြီးကို ဦးစီးခဲ့ကြသည်။” စစ်တပ်နှင့်အတူ ရှေ့တန်းလိုက်ပါသော တရားဟောဆရာတို့က ပြင်းပြသော မျိုးချစ်စိတ်ဖြင့် တိုက်ပွဲဝင်ရန် အားပေးသည်နှင့်အမျှ နှစ်ဘက်စလုံးမှလူငယ်လူရွယ်တို့မှာ မြေဇာပင်များဖြစ်ခဲ့ရရှာသည်။ ထိုသမိုင်းစာအုပ်၌ပင် ဤသို့ဖေါ်ပြထားသည်။ “လတ်တလောပေါ်လာသော အမျိုးသားရေးဝါဒဖြင့် လူတို့၏ဦးနှောက်ကို ဤသို့စနစ်တကျအဆိပ်ခပ်ခြင်းသည် . . . ငြိမ်းချမ်းရေးကြိုးပမ်းမှုအတွက် နောက်ထပ်အဟန့်အတားတစ်ရပ်ဖြစ်သည်။”
ကမ္ဘာတစ်ဝှန်းတွင် ဂျူးနှင့်မူစလင်၊ ဟိန္ဒူနှင့်စိခ်၊ ဗရင်ဂျီနှင့် ပရိုတက်စတင့်၊ မူစလင်နှင့်ဟိန္ဒူ တို့အချင်းချင်း ခိုက်ရန်ဖြစ်ပွားနေသည်နှင့်အမျှ မှောက်မှားသောဘာသာသည် အမုန်းတရားကို ဆက်၍ပွားများစေလျက်ရှိသည်။ မှန်ပါသည်။ မှောက်မှားသောဘာသာသည် “မြေကြီးပေါ်မှာ ကွပ်မျက်သောသူအပေါင်း” အတုံးအရုံး သေကြေစေရန် ဆက်၍ဆက်ခါ မြှောက်ထိုးပင့်ကော်ပေးနေသည်။—ဗျာဒိတ် ၁၈:၂၄။
အထက်ပါသက်သေသာဓကများကို ထောက်ရှု၍ ယေဟောဝါသက်သေများအနေဖြင့် ၁၉၈၈ ခုနှစ် စည်းဝေးကြီးအဓိဋ္ဌာန်မှာ သင့်တော်၍ အချိန်ကိုက်ဖြစ်သည်ဟု ခံယူသည်။ ထိုကြောင့် မှောက်မှားသော ဘာသာအား သွေးပြစ်မကင်းသော ပြည့်တန်ဆာ၊ မဟာဗာဗုလုန်ဖြစ်ကြောင်း ကျွန်ုပ်တို့ရှုတ်ချသည်။ ငြိမ်းချမ်းရေးနှင့် စစ်မှန်သော ကိုးကွယ်မှုသို့သွားရာလမ်းတစ်လမ်းတည်းမှာ မြေကြီးသို့စေလွှတ်ခြင်းခံရသော ယေရှုခရစ်တော်သို့မဟုတ်မေရှိယအားဖြင့် စကြဝဠာအချုပ်အခြာအာဏာပိုင်အရှင်သခင် ယေဟောဝါဘုရားသခင်ထံ လှည့်လာခြင်းဖြစ်ကြောင်း ကမ္ဘာသို့ကျွန်ုပ်တို့ကြေညာသည်။ ဆိုလိုသည်မှာ ဘုရားသခင့်နိုင်ငံတော်အား လူသားတို့၏ လိုအင်ဆန္ဒကို ကျေနပ်ရောင့်ရဲစေနိုင်သည့် တစ်ခုတည်းသော ဖြောင့်မတ်၍ ထာဝစဉ်တည်သည့် အစိုးရအဖြစ်လက်ခံခြင်းဖြစ်သည်။ ယခုအချိန်မှာ အောက်ပါအမိန့်ကို နာခံရသည့် အချိန်ဖြစ်သည်ဟူ၍လည်း အဓိပ္ပာယ်သက်ရောက်သည်။ “ငါ၏လူမျိုးတို့၊ သူ [မဟာဗာဗုလုန်] ၏အပြစ်တို့ကို ဆက်ဆံခြင်းနှင့်လည်းကောင်း၊ သူ၏ဘေးဒဏ်များကို ခံခြင်းနှင့်လည်းကောင်း ကင်းလွတ်အံ့သောငှာ သူ၏အထဲက ထွက်ကြလော့။”—ဗျာဒိတ် ၁၈:၄။ ဒံယေလ ၂:၄၄။ ယောဟန် ၁၇:၃။
[အောက်ခြေမှတ်ချက်များ]
b ဘုရားသခင့်နာမတော်၏ အရေးကြီးမှုနှင့် လေးနက်မှုအကြောင်း အသေးစိတ်ဆွေးနွေးတင်ပြချက်ကို သိရှိရန် ကင်းမျှော်စင်ကျမ်းစာနှင့်ဝေစာအသင်း ထုတ်ဝေသည့် ၃၂ မျက်နှာ၊ ထာဝစဉ်တည်တံ့သွားမည့် နာမတော်မြတ် စာစောင်ကို ဖတ်ရှုပါ။