နှစ်ခြင်းမခံရန်သင့်အား ဘယ်အရာဆီးတားသနည်း
“အကျွန်ုပ်ကို ဗတ္တိဇံမခံစေခြင်းငှာ မည်သည့်အကြောင်း ဆီးတားပါသနည်း”။—တမန်တော် ၈:၃၆။
၁။ ယေရုရှလင်မြို့နှင့်ဂါဇမြို့အကြားရှိ လမ်းမပေါ်၌ ဘာဖြစ်ပျက်ခဲ့သနည်း။
ယေဟောဝါ၏ကောင်းကင်တမန် မိန့်မှာသဖြင့် ယေရုရှလင်မြို့နှင့် ဂါဇမြို့အကြားရှိ သဲကန္တာရလမ်းမပေါ်တွင် မှတ်သားထိုက်သောအဖြစ်အပျက်တစ်ခုဖြစ်ပျက်ခဲ့သည်။ အရှိန်နှင့်နှင်နေသောမြင်းရထားတစ်စီးပေါ်တွင် အဲသယောပိလူတစ်ဦးထိုင်လျက် ကျမ်းစာကိုဖတ်နေ၏။ မကြာမီအတွင်း ရထားနှင့်ယှဉ်လျက် အခြားလူတစ်ဦးပြေးလျက်နေ၏။ “ဖတ်သောအရာကို နားလည်ပါ၏လော” ဟုမေးမြန်း၏။ အဲသယောပိလူကလည်း “သွန်သင်ပဲ့ပြင်သောသူမရှိလျှင် အဘယ်သို့နားလည်နိုင်မည်နည်း” ဟုပြန်ဆို၏။ ကောင်းကင်တမန်စေလွှတ်ခြင်းခံရသော ဧဝံဂေလိဆရာ ဖိလိပ္ပုက လိုအပ်သောသွန်သင်ပဲ့ပြင်မှု ပေးလေ၏။ ရထားပေါ်ရောက်သည်နှင့် ဖိလိပ္ပုသည် ဟေရှာယရေးသားသော ပရောဖက်ပြုချက်ဖြင့် အစပြု၍ ‘ယေရှုအကြောင်း သတင်းကောင်း’ ကိုဟောလေ၏။
၂၊ ၃။ (က) သတင်းကောင်းကို အဲသယောပိလူ အဘယ်သို့တုံ့ပြန်ခဲ့သနည်း။ (ခ) ဤအဖြစ်အပျက်က အဘယ်မေးခွန်းများ ပေါ်ပေါက်စေသနည်း။
၂ လမ်းခရီးတစ်နေရာအရောက်တွင် အဲသယောပိလူက “ဤအရပ်တွင် ရေရှိပါ၏။ အကျွန်ုပ်ကို ဗတ္တိဇံမခံစေခြင်းငှာ မည်သည့်အကြောင်းဆီးတားပါသနည်း” ဟုဆို၏။ သို့နှင့် ရထားကိုရပ်ရန်အမိန့်ပေးပြီးလျှင် ရေထဲသို့နှစ်ဦးစလုံးဆင်းသွား၍ ဖိလိပ္ပုသည်သူ့အား နှစ်ခြင်းပေးလေ၏။ ထိုနောက်ယေဟောဝါ၏ဝိညာဉ်တော်က ဧဝံဂေလိဆရာအား အခြားတစ်နေရာသို့ဆောင်သွားရာ၊ အဲသယောပိလူလည်း ရွှင်လန်းစွာဖြင့်ခရီးဆက်သွားလေ၏။—တမန်တော် ၈:၂၆-၃၉။
၃ သင်သည် ယေဟောဝါသက်သေများနှင့် ပေါင်းသင်းနေသော်လည်း နှစ်ခြင်းမခံရသေးလျှင် ဤအဖြစ်အပျက်တို့က သင့်စိတ်ထဲတွင် အောက်ပါမေးခွန်းများပေါ်စေကောင်းပေါ်စေမည်။ ထိုအဲသယောပိလူ ဤမျှမြန်မြန်ဆန်ဆန် အဘယ်ကြောင့်နှစ်ခြင်းခံခဲ့သနည်း။ နှစ်ခြင်းမင်္ဂလာကို အဘယ်သို့ပေးသင့်သနည်း။ ယင်းသည် အဘယ်အရာ၏အထိမ်းအမှတ် ဖြစ်သနည်း။ နှစ်ခြင်းမခံရန် ကျွန်ုပ်အား အဘယ်အရာဆီးတားသနည်း။
နှစ်ခြင်းခံ သိပ်မစောပါ
၄။ ဤအဲသယောပိလူကား မည်သူနည်း။
၄ ထိုအဲသယောပိလူသည် “ကိုးကွယ်ခြင်းအလိုငှာ ယေရုရှလင်မြို့သို့သွား” သည်ဖြစ်ရာ သူသည်အရေဖျားလှီးမင်္ဂလာခံပြီးသော ယုဒဘာသာဝင်တစ်ဦးဖြစ်ပေသည်။ သူသည် “မိန်းမစိုး” ဖြစ်သော်လည်း၊ ဇာတိအသွေးအသားသဘောအရမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သင်းကွပ်ပြီးသူကို ဣသရေလပရိသတ်မှ ထုတ်ပယ်ထား၍ဖြစ်သည်။ (တရားဟောရာ ၂၃:၁) သူ့အမှု၌ “မိန်းမစိုး” ဆိုသည်မှာ မှူးမတ်အရာရှိဟုအဓိပ္ပာယ်ရသည်။ အကြောင်းမှာ သူသည် ‘အဲသယောပိပြည်ဘုရင်မကန္ဒက်ထံ၌ ဘုန်းကြီးသောအမတ်ဖြစ်၍ ဘဏ္ဍာတော်ရှိသမျှကို အုပ်စိုးရ’ သောကြောင့်ဖြစ်သည်။—တမန်တော် ၈:၂၇။
၅။ ထိုအဲသယောပိမိန်းမစိုး အဘယ်ကြောင့် ဤမျှမြန်မြန်ဆန်ဆန် နှစ်ခြင်းခံနိုင်ခဲ့သနည်း။
၅ ထိုအဲသယောပိသည် လူမျိုးခြားတစ်ဦးဖြစ်သည်။ သို့တစေ သူသည်ယုဒဘာသာသို့ ပြောင်းဝင်ပြီးသူဖြစ်သဖြင့် စီအီး ၃၆ ခုနှစ်တွင် ကော်နေလိကဲ့သို့သော အရေဖျားလှီးခြင်းမခံသော တစ်ပါးအမျိုးသားများထံ နိုင်ငံတော်သတင်းတရားမရောက်မီ ခရစ်တော်၏တပည့်တော်တစ်ဦးအဖြစ် သူနှစ်ခြင်းခံနိုင်ခဲ့သည်။ ယုဒဘာသာဝင်တစ်ဦးအနေနှင့် ထိုအဲသယောပိလူသည် ဘုရားသခင်နှင့် ကိုယ်တော်နှုတ်ကပတ်တရားတော်အကြောင်း သိသော်လည်း ဝိညာဏကူညီမှုလိုအပ်ခဲ့သည်။ ထို့ကြောင့် တစ်ပါးအမျိုးသားများထံ သတင်းကောင်းမရောက်မီ ဤလူထံသွား၍ ဟောပြောပြီးနှစ်ခြင်းပေးရန် ဖိလိပ္ပုညွှန်ကြားခံရခြင်းဖြစ်သည်။
ကနဦး ခရစ်ယာန်နှစ်ခြင်းမင်္ဂလာ
၆။ ထိုအဲသယောပိလူ အဘယ်သို့နှစ်ခြင်းခံခဲ့သနည်း။ သင်အဘယ်ကြောင့် ဤသို့ဖြေသနည်း။
၆ ထိုအဲသယောပိလူ အဘယ်သို့နှစ်ခြင်းခံခဲ့သနည်း။ “နှစ်ခြင်းခံသည်” ဟူသောစကားလုံးမှာ “ခေတ္တနှစ်သည်၊ ငုပ်သည်” ဟူ၍အဓိပ္ပာယ်ရှိသော ဂရိဝေါဟာရ ဗတ္တိဇို (bapti’zo) မှဆင်းသက်ရာဖြစ်သည်။ ဂရိစက်ထွားဂျင့်ကျမ်း ၄ ဓမ္မရာဇဝင် ၅:၁၄ တွင် ထိုစာလုံး၏ပုံစံကွဲတစ်မျိုးအဖြစ် “ငုပ်သည်” ဟူသောစာလုံးသုံးနှုန်းထားသည်။ “ရေရှိရာ” သို့ရောက်သောအခါ အဲသယောပိလူက နှစ်ခြင်းမင်္ဂလာပေးရန် တောင်းဆိုခဲ့ခြင်းသည် ထူးခြားမှတ်သားစရာဖြစ်သည်။ နှစ်ခြင်းခံရန် သူတို့ “ရေထဲသို့ဆင်း” ၍ ထိုနောက်“ရေထဲက” တက်လာကြသည်။ (တမန်တော် ၈:၃၆-၃၉) သို့ဖြစ်သောကြောင့် အဲသယောပိမိန်းမစိုးသည် ရေတွင်နှစ်မြှပ်ခြင်းအားဖြင့် နှစ်ခြင်းခံခဲ့ပေသည်။
၇။ ရေတွင်နှစ်မြှပ်ခြင်းအားဖြင့် နှစ်ခြင်းပေးခြင်းအတွက် အဘယ်အစဉ်အလာရှိခဲ့သနည်း။
၇ ယေရှုကိုယ်တော်တိုင်လည်း ရေတွင်နှစ်မြှပ်ခြင်းအားဖြင့် နှစ်ခြင်းမင်္ဂလာခံယူတော်မူခဲ့သည်။ ထိုကြောင့်လည်း ယော်ဒန်မြစ်တွင် နှစ်ခြင်းခံပြီးနောက် ကိုယ်တော်သည် “ရေမှပေါ်ထလာ” သည်ဟုဆိုထားခြင်းဖြစ်သည်။ (မဿဲ ၃:၁၃၊ ၁၆) တကယ်ဆိုလျှင် နှစ်ခြင်းပေးရန် သင့်တော်သောနေရာအဖြစ် ရှာလိမ်မြို့အနီးရှိ ယော်ဒန်မြစ်ချို့င့်ဝှမ်းတစ်နေရာကို နှစ်ခြင်းဆရာယောဟန်ရွေးချယ်ခဲ့သည်။ အဘယ်ကြောင့်နည်း။ ထို “အရပ်၌ရေများသောကြောင့်” တည်း။ (ယောဟန် ၃:၂၃) ထိုကြောင့် ရေထဲတွင်နှစ်ခြင်းပေးရန် ကျမ်းစာကအမိန့်အာဏာပေးထားသည်။
၈။ နှစ်ခြင်းနှင့်စပ်လျဉ်း၍ ဖါရိရှဲတို့နှင့်အခြားယုဒလူများတို့၏ အကျင့်ဓလေ့များမှ ကျွန်ုပ်တို့အဘယ်ကောက်ချက်ချနိုင်သနည်း။
၈ ဖါရိရှဲတို့နှင့် အခြားယုဒလူတို့၏ ထုံးစံဓလေ့များအကြောင်းကို သုံးသပ်ကြည့်ပါက နှစ်ခြင်းနှင့်စပ်လျဉ်းသော ခိုင်လုံသည့် ကောက်ချက်အချို့ ရှိနိုင်ပေသည်။ ခရစ်ဝင်ကျမ်းရေးဆရာမာကု ဤသို့ဆို၏။ “ဈေးမှပြန်လာသောအခါ၌လည်း ကိုယ်ကိုရေမချိုး [ဂရိ၊ ရန်တီးဇို] ဘဲစားလေ့မရှိ။ ထိုမှတစ်ပါး ခွက်ဖလား၊ ကြေးပန်းကန်များကို နှစ်ခြင်း [ဗတ္တိစမောက်စ်] မှစ၍ အခြားသောထုံးတမ်းများကို ခံယူ၍ကျင့်လေ့ရှိ၏။” (မာကု ၇:၃၊ ၄၊ သမ္မ) ဤသူတို့သည် ဈေးမှပြန်လာသောအခါ အစာမစားမီ ဘုရားတရားကြည်ညိုဟန်ပြုလျက် ကိုယ်ကိုရေချိုး သို့မဟုတ် ပက်ဖျန်းကြ၏။ သို့သော် ထမင်းစားစဉ်တွင် အသုံးပြုသောအသုံးအဆောင်အမျိုးမျိုးတို့ကိုမူကား ရေတွင်နှစ်သည် သို့မဟုတ် စိမ်သည်။
၉။ နှစ်ခြင်းအကြောင်း တာတူလျံ ဘာပြောခဲ့သနည်း။
၉ အယူဖောက်ပြန်မှု စိမ့်ဝင်လာပြီးနောက်၌ပင် ချာ့ချ်ဖားသားတာတူလျံ (စီအီး ၁၆၀-၂၃၀ ခန့်) ကနှစ်ခြင်းမင်္ဂလာနှင့်စပ်လျဉ်း၍ ဤသို့ဆိုခဲ့သည်။ “အကျိုးဆက်အဖြစ် ကတိပြုထားသော ကြီးကျယ်ခမ်းနားမှုနှင့်နှိုင်းယှဉ်ကြည့်ပါက လက်တွေ့အဖြစ် ထင်ထင်ရှားရှားမြင်တွေ့နေရသည့် ဘုရားသခင့်အမှုတော်တို့၏ ရှင်းလင်းလွယ်ကူမှုထက် လူတို့၏စိတ်ကို နောင်တမရအောင် ပို၍ခိုင်မာအောင်ပြုလုပ်နိုင်သည့်အရာ ဟူ၍အဘယ်အရာမျှလုံးဝမရှိတော့ပေ။ ဤအချက်ကိုထောက်၍ ပကာသနမဖက်၊ အဆောင်အယောင်၊ အခမ်းအနား၊ အပြင်အဆင်၊ အဆန်းအသစ်ဟူ၍မပါ၊ ကုန်ကုန်ပြောရလျှင် အခကြေးငွေလုံးဝအကုန်အကျမရှိဘဲ အလွန့်အလွန်ရှင်းလင်းလွယ်ကူသောနည်းဖြင့် လူတစ်ယောက်ကို ရေတွင်နှစ်၍ အနည်းအကျဉ်းရွတ်ဆိုပြီးသော် ပက်ဖျန်းပေးပြီးနောက် ပြန်၍ထူပေးသည်။ သန့်ရှင်းစင်ကြယ်သူကိုမဟုတ်ဘဲ ရရှိသောအကျိုးဆက်တည်းဟူသော ထာဝရတည်မြဲခြင်းသာလျှင် ပို၍မယုံကြည်နိုင်စရာအဖြစ် ကြည်ညိုလေးစားကြသည်။” တာတူလျံက “လူတစ်ယောက်ကို ရေတွင်နှစ်၍ . . . ပြန်၍ထူပေးသည်” ဟူ၍ပြောခဲ့သည်ကို ဂရုပြုမှတ်သားပါလေ။
၁၀။ ကနဦးအစောပိုင်းမှ ခရစ်ယာန်များ နှစ်ခြင်းမင်္ဂလာပေးပုံအကြောင်း ပညာရှင်များ အဘယ်သို့ပြောဆိုကြသနည်း။
၁၀ မူလအစက ခရစ်ယာန်တို့သည် ရေထဲတွင် လုံးလုံးလျားလျားနှစ်မြှပ်ခြင်းအားဖြင့် လူတို့ကိုနှစ်ခြင်းပေးခဲ့ကြောင်း ပညာရှင်များကလည်းတင်ပြကြသည်။ ထင်ရှားသော ပြင်သစ်စွယ်စုံကျမ်းတစ်စောင်က “ပထမခရစ်ယာန်များသည် ရေရှိရာနေရာတိုင်း၌ နှစ်မြှပ်ခြင်းအားဖြင့် နှစ်ခြင်းခံကြသည်” ဟူ၍ဆိုသည်။ The Catholic Encyclopedia ကလည်း “အများအားဖြင့် ကျင့်သုံးသောရှေးအကျဆုံးနည်းမှာ ရေတွင်နှစ်ခြင်းဖြစ်သည်မှာ သံသယရှင်းပါသည်” ဟု ဖေါ်ပြပါရှိသည်။—အတွဲ ၂၊ စာမျက်နှာ ၂၆၁၊ (၁၉၀၇ ခုနှစ်ထုတ်။)
သင်ကြား၍ နှစ်ခြင်းပေးရန်
၁၁။ တပည့်တော်များအား ယေရှုအဘယ်တာဝန် အပ်နှင်းတော်မူသနည်း။
၁၁ ပုဂ္ဂိုလ်တစ်ဦး နှစ်ခြင်းမခံမီ တိကျမှန်ကန်သော အသိပညာကို ဦးစွာဆည်းပူး၍ ထိုအတိုင်းကျင့်ကြံရန်လိုသည်။ တပည့်တော်များအား အောက်ပါအတိုင်းမိန့်မှာရာ၌ ဤအချက်ကိုယေရှုရှင်းလင်းစွာ ဖေါ်ပြတော်မူခဲ့သည်။ “သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကိုပေးကြလော့။ ငါသည် သင်တို့အားပေးသမျှသောပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ ဆုံးမသြဝါဒပေးကြလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိသည်။”—မဿဲ ၂၈:၁၉၊ ၂၀။
၁၂။ ‘ခမည်းတော်၏နာမ၌’ နှစ်ခြင်းခံခြင်းဆိုသည်မှာ အဘယ်အဓိပ္ပာယ်ရှိသနည်း။
၁၂ ‘ခမည်းတော်၏ နာမ၌’ နှစ်ခြင်းခံခြင်းဆိုသည်မှာ နှစ်ခြင်းခံသူသည် ဘုရားသခင်၏ရာထူးနှင့် အာဏာတော်ကို အသိအမှတ်ပြုခြင်းအဓိပ္ပာယ်ရသည်။ ယေဟောဝါသည် “မြေကြီးတစ်ပြင်လုံးအပေါ်မှာ အမြင့်ဆုံးသောဘုရား” ဖန်ဆင်းရှင်နှင့် စကြဝဠာအချုပ်အခြာအာဏာပိုင် ဖြစ်တော်မူကြောင်း ဝန်ခံခြင်းဖြစ်သည်။ (ဆာလံ ၃၆:၉။ ၈၃:၁၈။ ၄ ဓမ္မရာဇဝင် ၁၉:၁၅) ထိုပုဂ္ဂိုလ်သည် ယေဟောဝါအား မိမိ၏တရားသူကြီး၊ ဥပဒေပေးပိုင်သောအရှင်နှင့် ရှင်ဘုရင်အဖြစ်လည်း လက်ခံရာရောက်သည်။—ဟေရှာယ ၃၃:၂၂။ ဆာလံ ၁၁၉:၁၀၂။ ဗျာဒိတ် ၁၅:၃၊ ၄။
၁၃။ ‘သားတော်၏နာမ၌’ နှစ်ခြင်းခံခြင်းကား အဘယ်အဓိပ္ပာယ်ရှိသနည်း။
၁၃ ‘သားတော်၏ နာမ၌’ နှစ်ခြင်းခံခြင်းဆိုသည်မှာ ခရစ်တော်၏ရာထူးနှင့် အာဏာတော်ကို ဝန်ခံ၍ ‘တူမျှသောရွေးနှုတ်ဖိုး’ ပြင်ဆင်ရာတွင် ဘုရားသခင်၏အသုံးတော်ခံအရှင်အဖြစ် ကိုယ်တော်အားအသိအမှတ်ပြုခြင်း အဓိပ္ပာယ်ရသည်။ (၁ တိမောသေ ၂:၅၊ ၆) သမာဓိစောင့်သိသူတစ်ဦးအနေနှင့် ယေရှုအသေခံပြီးနောက် “ဘုရားသခင်သည် ကိုယ်တော်ကို အလွန်ချီးမြှောက်” တော်မူ၏။ သို့ဖြစ်၍ နှစ်ခြင်းခံရန်ဆန္ဒရှိသူတို့အနေဖြင့် ခရစ်တော်အား “သခင်ဖြစ်တော်မူ၏ ဟုနှုတ်နှင့်ဝန်ခံသဖြင့် ခမည်းတော်ဘုရား၏ ဘုန်းအသရေတော်ကို ထင်ရှားစေ” ရကြမည်။ (ဖိလိပ္ပိ ၂:၉-၁၁) ယေရှုအားယေဟောဝါ၏ “သစ္စာစောင့်သော သက်သေခံ” ဟူ၍လည်းကောင်း၊ “ဘုရင်တို့၏ဘုရင်” ဟူ၍လည်းကောင်း လက်ခံကြရမည်။—ဗျာဒိတ် ၁:၅; ၁၉:၁၆။
၁၄။ ‘သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌’ နှစ်ခြင်းခံခြင်းကား ဘာတောင်းဆိုသနည်း။
၁၄ ‘သန့်ရှင်းသောဝိညာဉ်တော်၏ နာမ၌’ လည်းနှစ်ခြင်းခံရမည်ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်ဆိုသည်မှာ ပုဂ္ဂိုလ်တစ်ပါးမဟုတ်ဘဲ ဘုရားသခင့်ထက်မြက်သောစွမ်းအားသာဖြစ်ကြောင်း၊ ဖန်ဆင်းရာတွင်လည်းကောင်း၊ ကျမ်းရေးသူတို့ကိုမှုတ်သွင်းရာတွင်လည်းကောင်း အခြားအခြားသောအရာများ၌လည်းကောင်း ယင်းကိုအသုံးပြုကြောင်း သဘောပေါက်ဖို့လိုသည်။ (ကမ္ဘာဦး ၁:၂။ ၂ ဓမ္မရာဇဝင် ၂၃:၁၊ ၂။ ၂ ပေတရု ၁:၂၁) “ဘုရားသခင်၏ နက်နဲသောအကြောင်းအရာများ” ကိုနားလည်လိုလျှင်လည်းကောင်း၊ “ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ ယုံကြည်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ချုပ်တည်းခြင်း” တည်းဟူသော ဘုရားရေးရာအကျင့်များကို တင်ပြလိုလျှင်လည်းကောင်း ယေဟောဝါ၏ဝိညာဉ်တော်ကို အရေးပါအရာရောက်သောအရာအဖြစ် အသိအမှတ်ပြုရပေမည်။ (၁ ကောရိန္သု ၂:၁၀။ ဂလာတိ ၅:၂၂၊ ၂၃) နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းကို ထမ်းဆောင်ရာတွင် ဘုရားသခင့်ဝိညာဉ်တော် လိုအပ်ကြောင်းကိုလည်း ဝန်ခံရပေမည်။—ယောလ ၂:၂၈၊ ၂၉။
နှစ်ခြင်းမင်္ဂလာ အထိမ်းအမှတ်ပြုသောအရာ
၁၅။ ခရစ်ယာန်နှစ်ခြင်းမင်္ဂလာသည် အပြစ်များကို အဘယ်ကြောင့်မဆေးကြောပစ်သနည်း။
၁၅ နှစ်ခြင်းဆရာယောဟန်သည် သန့်ရှင်းသောဝိညာဉ်တော်၏ ကျောထောက်နောက်ခံဖြင့် လူတို့အား နှစ်ခြင်းပေးခဲ့သည်။ (တမန်တော် ၁၃:၂၄) သူတို့၏အပြစ်များကို ဆေးကြောရန်မဟုတ်ဘဲ နောင်တနှင့်ဆိုင်သော အထိမ်းအမှတ်အဖြစ် သူတို့အား နှစ်ခြင်းပေးခဲ့ခြင်းဖြစ်သည်။ (တမန်တော် ၁၉:၄) “ဒုစရိုက်ကိုမပြု” သောယေရှုကိုလည်း ယောဟန်နှစ်ခြင်းပေးခဲ့၏။ (၁ ပေတရု ၂:၂၂) အာနနိကလည်း တာရှုမြို့သားရှောလုအား “ထလော့၊ နှစ်ခြင်းခံ၍ [ယေရှု၏] နာမတော်အား ပတ္ထနာပြုခြင်းအားဖြင့် သင့်အပြစ်များကို ဆေးကြောလော့” ဟုတိုက်တွန်းခဲ့သည်။ (တမန်တော် ၂၂:၁၂-၁၆၊ ကဘ) သို့ဖြစ်သောကြောင့် ခရစ်ယာန်ရေနှစ်ခြင်းသည် အပြစ်များကိုမဆေးကြောပစ်ပါ။ အပြစ်လွှတ်နိုင်သောအရာမှာ နှစ်ခြင်းမင်္ဂလာမဟုတ်ဘဲ ယေရှု၏အသွေးတော်သွန်းလောင်းခြင်းနှင့် “ကိုယ်တော်.နာမတော်အား ပတ္ထနာပြုခြင်း” သာဖြစ်သည်။—ဟေဗြဲ ၉:၂၂။ ၁ ယောဟန် ၁:၇။
၁၆။ (က) နှစ်ခြင်းမင်္ဂလာသည် အပြစ်များကို ဆေးကြောခြင်းမပြုသောကြောင့် ယင်းသည် ဘာကိုအထိမ်းအမှတ်ပြုသနည်း။ (ခ) တင်စား၍ဆိုသော် လူတစ်ဦးနှစ်ခြင်းခံစဉ်တွင် ဘာဖြစ်ပျက်သနည်း။
၁၆ ခရစ်ယာန်နှစ်ခြင်းမင်္ဂလာသည် အပြစ်ကိုမဆေးကြောသော်လည်း ရေတွင်နှစ်ခြင်းခံသူသည် ယေရှုခရစ်မှတစ်ဆင့် ယေဟောဝါဘုရားသခင်ထံ ခြွင်းချက်မရှိအပ်နှပြီးကြောင်း တင်ပြသောအထိမ်းအမှတ်တစ်ရပ်ဖြစ်ပေသည်။ (မဿဲ ၁၆:၂၄ နှင့်နှိုင်းယှဉ်ပါ။) အပ်နှသည်ဆိုရာမှာ “ကြေညာသည်။ အခိုင်အမာဝန်ခံသည်၊ သီးသန့်ထားသည်” ဟူ၍ဆိုလိုသည်။ ဘုရားသခင်ထံ အပ်နှံ့ခြင်းဟူသည်မှာ လူတစ်ဦးသည်ခရစ်တော်မှတစ်ဆင့် ဘုရားသခင့်အလိုတော်ဆောင်ရန် သဘောတူဝန်ခံချက်တစ်ရပ်အားဖြင့် အကြွင်းမဲ့သီးသန့်ဖယ်ထားခြင်းဟူသော လုပ်ရပ်ကိုရည်ညွှန်းနေခြင်းဖြစ်သည်။ တင်စား၍ဆိုသော် နှစ်ခြင်းခံသူကို ရေအောက်တွင်အခိုက်အတန့် “မြှပ်နှံ့” ၍ပြန်ဖေါ်ထုတ်စဉ်တွင် ထိုသူသည် ယခင်လမ်းစဉ်ဘက်၌ သေလွန်၍ ယေဟောဝါ၏အလိုတော်ကို အကြွင်းမဲ့ထမ်းဆောင်ရန် ဘဝအသက်တာလမ်းစဉ်သစ်သို့ ထမြောက်လာသည်။—ရောမ ၆:၄-၆ နှင့်နှိုင်းယှဉ်ပါ။
၁၇။ နို့စို့သူငယ်ကို နှစ်ခြင်းပေးခြင်းသည် အဘယ်ကြောင့်နည်းလမ်းမကျသနည်း။
၁၇ နှစ်ခြင်းမင်္ဂလာမှာ လေးနက်၍အရေးပါသော ခြေလှမ်းတစ်လှမ်းဖြစ်သည်မှာ ရှင်းနေပေသည်။ နို့စို့သူငယ်သည် နားမလည်၊ ဆုံးဖြတ်ချက်လည်းမချတတ်၊ တပည့်တစ်ဦးလည်း မဖြစ်နိုင်သောကြောင့် နို့စို့သူငယ်ကိုနှစ်ခြင်းပေးခြင်းသည် မှား၏။ (မဿဲ ၂၈:၁၉၊ ၂၀) ရှမာရိနယ်တွင် ဖိလိပ္ပုဓမ္မအမှုတော်ဆောင်စဉ်အတွင်း နှစ်ခြင်းခံကြသူတို့မှာ “ယောက်ျားမိန်းမများ” ဖြစ်ကြသည်။ နို့စို့သူငယ်များမဟုတ်။ (တမန်တော် ၈:၄-၈၊ ၁၂) နှစ်ခြင်းမင်္ဂလာသည် သင်ကြားဆည်းပူးတတ်သော ယုံကြည်၍ယုံကြည်ကြောင်းတင်ပြနိုင်သော အရွယ်ရောက်သူတို့အဖို့သာဖြစ်သည်။ (ယောဟန် ၁၇:၃။ တမန်တော် ၅:၁၄။ ၁၈:၈။ ဟေဗြဲ ၁၁:၆) ဤအကြောင်းနှင့်စပ်လျဉ်း၍ သမိုင်းပညာရှင် ဩဂတ်စတပ်စ် နီအန္ဒားဤသို့ရေးသားထား၏။ “ယုံကြည်ခြင်းနှင့် နှစ်ခြင်းတို့သည် တစ်ခုနှင့်တစ်ခုအစဉ်သဖြင့် ဆက်နွယ်လျက်ရှိသည်။ ထို့ကြောင့် [စီအီး ပထမရာစု၌] နို့စို့သူငယ်ကို နှစ်ခြင်းပေးသည့်ဓလေ့ကို လုံးဝမသိခဲ့ဟုဆိုသည်မှာ အလွန်တရာမှဖြစ်နိုင်ပေသည်။ . . . တတိယရာစုနှစ်အတောအတွင်း ယင်းနို့စို့သူငယ်ကို နှစ်ခြင်းပေးသည့်ဓလေ့ကို တမန်တော်တို့၏ထုံးတမ်းအဖြစ် ပထမဆုံးအကြိမ် အတည်ပြုပြဌာန်းလိုက်ခြင်းသည် တမန်တော်တို့၏မူလအယူကို လက်ခံရန်ထောက်ခံခြင်းမဟုတ်ဘဲ ဆန့်ကျင်ကန့်ကွက်ခြင်း၏သာဓကဖြစ်ပေသည်။ ”—History of the Planting and Training of the Christian Church by the Apostles (နယူးယောက်၊ ၁၈၆၄) စာမျက်နှာ ၁၆၂။
၁၈။ (က) ကျမ်းစာအရ ယေဟောဝါသက်သေတစ်ယောက်ဖြစ်လာရန် ဘာလိုအပ်သနည်း။ (ခ) အဘယ်ယုံကြည်ခြင်းသာဓကကလူတစ်ဦးနှစ်ခြင်းခံနိုင်ပြီဟု တင်ပြသနည်း။ (ဂ) ရွေးနှုတ်ဖိုးကိုယုံကြည်ရန် အရေးကြီးကြောင်း နှစ်ခြင်းခံသူတို့အား အဘယ်သို့အလေးအနက်တင်ပြသနည်း။
၁၈ ယုံကြည်သူတို့နှစ်ခြင်းခံခြင်းအကြောင်းကို ကျမ်းစာ၌ ထပ်ခါထပ်ခါ ဖေါ်ပြထားသည်။ (တမန်တော် ၄:၄; ၅:၁၄; ၈:၁၃; ၁၆:၂၇-၃၄; ၁၈:၈; ၁၉:၁-၇) သို့ဖြစ်သောကြောင့် ယေဟောဝါသက်သေတစ်ဦးဖြစ်ဖို့ရာ လူတစ်ဦးသည် ယုံကြည်သူဖြစ်ရပေမည်။ ယုံကြည်ခြင်းတင်ပြ၍ နှစ်ခြင်းခံပြီးသူဖြစ်ရပေမည်။ နှစ်ခြင်းမခံမီကပင် ဘုရားရေးရာအကျင့်၌ လည်းကောင်း ယေဟောဝါအား ကိုးစားရာ၌လည်းကောင်း၊ နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းတွင် ပါဝင်ရာ၌လည်းကောင်း ယေရှု၏ရွေးနှုတ်ဖိုးပူဇော်သက္ကာကို လက်ခံရာ၌လည်းကောင်း ထိုသို့သောယုံကြည်ခြင်းသည် သိသိသာသာထင်ရှားပေါ်လွင်နေရပေမည်။ ရွေးနှုတ်ဖိုးယုံကြည်ခြင်းအကြောင်းကို နှစ်ခြင်းခံသူတို့အား ဟောပြောသူမေးသည့်မေးခွန်းနှစ်ခုအနက် ပထမတစ်ခုမှာ “ယေရှုခရစ်၏ပူဇော်သက္ကာပေါ်အခြေပြု၍ သင်၏အပြစ်များမှနောင်တယူ၍ ယေဟောဝါ၏အလိုတော်ဆောင်ရန် သင့်ကိုယ်ကို အပ်နှံ့ပြီးပြီလော” ဟူ၍ ဖြစ်သည်။ သူတစ်ဦးယင်းမေးခွန်းများကိုဟုတ်ကဲ့ဟုအဖြေပေးနိုင်ပါမှ သူ၏အပ်နှံ့ခြင်းနှင့် နှစ်ခြင်းက သူ့အားဘုရားသခင့်ဝိညာဉ်တော်ညွှန်ကြားသောအဖွဲ့အစည်းတော်နှင့်အတူ ပေါင်းသင်းသောယေဟောဝါသက်သေတစ်ယောက်အဖြစ် သတ်မှတ်လိုက်ကြောင်းကို ကောင်းစွာသိပါမှ သူ့အားရေနှစ်ခြင်းပေးရန်လက်ခံပေသည်။
ဆုတောင်း၍ အပ်နှံခြင်း
၁၉။ ယေဟောဝါထံအပ်နှံ့ကြောင်း ဆုတောင်း၍ အဘယ်ကြောင့်တင်ပြသင့်သနည်း။
၁၉ နှစ်ခြင်းခံသူတို့သည် ဘုရားသခင်နှင့်ခရစ်တော်ကို ယုံကြည်ခြင်းရှိရမည်။ သို့သော်လည်း ဆုတောင်း၍ ဘုရားသခင်ထံအပ်နှံ့သင့်သည်ဟုယေဟောဝါသက်သေများ အဘယ်ကြာင့်ဆိုသနည်း။ အကြောင်းမူကား ကိုယ်တော်သာထိုက်တန်သောအကြွင်းမဲ့ဆည်းကပ်ဝတ်ပြုမှုကို ပေးဆက်ပါမည်ဟူသော ကျွန်ုပ်တို့၏ဆုံးဖြတ်ချက်ကို ယေဟောဝါအားဆုတောင်းရာတွင် ထုတ်ဖေါ်ပြောဆိုရန် သင့်တော်လှသောကြောင့်ဖြစ်သည်။ (တရားဟောရာ ၅:၈၊ ၉။ ၁ ရာဇဝင်ချုပ် ၂၉:၁၀-၁၃) ကောင်းကင်ခမည်းတော်တစ်ပါးတည်းအားသာ အကြွင်းမဲ့သီးသန့်ဆည်းကပ်ဝတ်ပြုလိုသောဆန္ဒကို ဆုတောင်းရာတွင် ယေရှုအသိပေးခဲ့သည်မှာ သိသာထင်ရှားပေသည်။ (ဟေဗြဲ၁၀:၇-၉) ယေရှုသည် နှစ်ခြင်းခံနေစဉ်၌ပင် “ဆုတောင်း” တော်မူ၏။ (လုကာ ၃:၂၁၊ ၂၂) ထိုကြောင့် ဘုရားထံအပ်နှံ့ကြောင်းကို ဆုတောင်း၍တင်ပြသင့်သည်မှာ ရှင်းနေပေသည်။
၂၀။ ကနဦးခရစ်ယာန်များသည် တပည့်တော်အသစ်တို့အား ဆုတောင်း၍ဘုရားသခင်ထံ အပ်နှံ့ကြရန်တိုက်တွန်းခဲ့ဖွယ်ရှိသည်ဟု အဘယ်ကြောင့်ယူဆနိုင်သနည်း။
၂၀ ကနဦးခရစ်ယာန်များသည် တပည့်တော်အသစ်တို့ကို ဆုတောင်း၍အပ်နှံ့ကြရန် တိုက်တွန်းခဲ့သည်မှာထင်ရှားသည်။ အကြောင်းမှာ နှောင်းလူ တာတူလျံကပင် ဤသို့ဆိုခဲ့၏။ “နှစ်ခြင်းခံတော့မည့်သူတို့သည် ထပ်တလဲလဲဆုတောင်းရန်၊ အစာရှောင်ရန်၊ ဒူးထောက်ရန် သင်ပေးသည်။” သူ့ထက် ရှေ့ကျသော ဂျပ်စတင်မာတာ (စီအီး ၁၀၀-၁၆၅ ခုနှစ်ခန့်) ကဤသို့ရေးသားခဲ့၏။ “ခရစ်တော်အားဖြင့် အသစ်ပြုပြင်ခြင်းခံရစဉ်က ကျွန်ုပ်တို့ဘုရားသခင်ထံ ကိုယ်ကိုအပ်နှံ့ခဲ့ပုံအကြောင်းကိုလည်း ပြောပြပါမည်။ . . . ကျွန်ုပ်တို့တိုက်တွန်းဖျောင်းဖျ၍ သင်ကြားပြောဆိုသမျှကို အမှန်တရားဟုယုံကြည်ပြီး ထိုအတိုင်းကျင့်ကြံနေထိုင်ပါမည်ဟုဝန်ခံကတိပြုသူ ရှိရှိသမျှတို့အား အတိတ်ကာလက သူတို့၏အပြစ်ဒုစရိုက်များကို လွှတ်စေခြင်းငှာ အစာရှောင်ခြင်းနှင့်တကွ ဘုရားသခင်ထံဆုတောင်း၍ ခယဝပ်တွားတောင်းပန်ရန် သင်ကြားပြသပေးသည်။ ကျွန်ုပ်တို့လည်း သူတို့နှင့်အတူ ဆုတောင်း၍ အစာရှောင်ကြသည်။”
၂၁။ လွန်ခဲ့သောနှစ်အတန်ကြာအတွင်း သင်နှစ်ခြင်းခံစဉ်က ဆုတောင်း၍ အပ်နှံ့ခြင်းအကြောင်းပဓာနပြု၍မပြောခဲ့လျှင်လည်း အဘယ်အရာကားဖြစ်ခဲ့ဖွယ်ရှိသနည်း။
၂၁ လွန်ခဲ့သောနှစ်များအတွင်း သင်နှစ်ခြင်းခံစဉ်က ဆုတောင်း၍အပ်နှံ့ခြင်းအကြောင်း ပဓာနပြု၍မပြောခဲ့လျှင်လည်း သင်၏နှစ်ခြင်းမင်္ဂလာသည် တရားမဝင်ဟူ၍ အဓိပ္ပာယ်မသက်ရောက်ပါ။ အနှစ် ၄၀ ကျော်က လူပျိုပေါက်သာရှိသေးစဉ် ဒူးထောက်၍ ယေဟောဝါထံအပ်နှံ့ကြောင်း စိတ်ပါလက်ပါဆုတောင်းခဲ့ခြင်းကို ကွင်းကွင်းကွက်ကွက်ပြန်လည်မြင်ယောင်မိသော အမျိုးသားတစ်ဦးကဲ့သို့ပင် ထိုနှစ်များအတွင်း နှစ်ခြင်းခံခဲ့သောသူအများဖြစ်ခဲ့ကြမည်မှာ ယုံမှားဖွယ်မရှိပေ။ ထိုစဉ်အခါက လူတစ်ယောက် စည်းကမ်းအရ ကြိုတင်ဆုတောင်း၍ အပ်နှံ့ခြင်းမပြုခဲ့သည်ဘဲထားပါ၊ သူနှစ်ခြင်းခံသောနေ့၌ နှစ်ခြင်းဟောပြောချက်ပေးရာတွင် နှစ်ခြင်းခံသူများနှင့် အခြားသူများအတူတကွ ဆုတောင်းစဉ်တွင် ယင်းကိုဆုတောင်း၍ ပြုလုပ်အပ်သောကိစ္စအဖြစ် သဘောထား၍လုပ်ဆောင်ခဲ့ပေသည်။
အချို့ ဖင့်နှေးနေရခြင်းအကြောင်း
၂၂။ နှစ်ခြင်းခံရန် အချို့အဘယ်ကြောင့်ဖင့်နှေးနေကြသနည်း။
၂၂ ယေဟောဝါ၏သစ္စာနှံ့သက်သေတစ်ဦးဖြစ်ရသည်မှာ ထူးမြတ်လှသောအခွင့်အရေးတစ်ရပ်ဖြစ်ပါလျက်ကယ် နှစ်ခြင်းခံဖို့အချို့အဘယ်ကြောင့် ဖင့်နှေးနေကြသနည်း။ အချို့သူများ ဘုရားသခင့်နှုတ်ကပတ်တရားကိုနာမခံ၊ ယေရှု၏ဦးဆောင်မှုကိုမလိုက်၊ နှစ်ခြင်းလည်းမခံဘဲနေရခြင်းအကြောင်းတစ်ကြောင်းကား မေတ္တာစစ်မရှိ၍ဖြစ်သည်။(၁ ယောဟန် ၅:၃) နှစ်ခြင်းမခံသူတို့က မိမိတို့ယေရှု၏ပုံသက်သေကိုမလိုက်၊ ဘုရားသခင်အား နာမခံဟူ၍ ကား ပြောကြမည်မဟုတ်ပေ။ သူတို့ထိုသို့နှေးနေခြင်းမှာ ဝိညာဉ်ရေးရာအတွက် အချိန်ပေးစရာမရှိလောက်အောင် လောကီရေးရာတွင် စုံးစုံးမြုပ်နေကြ၍ဖြစ်သည်။ သင့်ပြဿနာသည် ဤတိုင်းဖြစ်နေပါက သင်၏ချစ်ခင်စုံမက်ရာများ၊ စိတ်ပါဝင်စားရာများနှင့် ရည်မှန်းချက်ဆန္ဒများကို ပြောင်းလဲလျှင် အမြော်အမြင်ရှိရာမကျပေလော။ ဘုရားသခင်အား တကယ်ချစ်သောသူတို့သည် ဤလောကကိုလည်း တစ်ပြိုင်တည်းချစ်၍ မဖြစ်ပေ။ (၁ ယောဟန် ၂:၁၅-၁၇) “စည်းစိမ်ဥစ္စာ၏လှည့်စားခြင်း” အားဖြင့် ဘေးကင်းလုံခြုံလှပြီဟူသော လွဲမှားသည့်ထင်မြင်ချက်မဝင်ပါစေနှင့်။ (မဿဲ ၁၃:၂၂) ယေဟောဝါဘုရားသခင်ထံ အပ်နှံ့ရာမှဖြစ်ပေါ်လာသောဆက်ဆံရေး၌သာ စစ်မှန်သောလုံခြုံမှုကို တွေ့နိုင်ပေသည်။—ဆာလံ ၄:၈။
၂၃။ ယေဟောဝါထံအပ်နှံ့၍ ရေနှစ်ခြင်းဖြင့်အထိမ်းအမှတ်တင်ပြရန် အခြားသူများအဘယ်ကြောင့်ဖင့်နှေးနေကြသနည်း။
၂၃ အခြားသူတို့မူကား ထိုသို့နေခြင်းအားဖြင့် တာဝန်ကိုခေါင်းရှောင်နိုင်သည့်အပြင် စစ်ကြောခြင်းမှလည်းလွတ်သည်ဟု အထင်ရှိသောကြောင့် ဘုရားသခင်အားချစ်ပါသည်ဟုဆိုစေကာမူ အပ်နှံ့ခြင်းပြုရန် ဖင့်နှေးနေကြခြင်းဖြစ်သည်။ ပရဒိသုတွင်အသက်ရှင်လိုသော်လည်း ထိုသို့နေနိုင်ရန် အနည်းအကျဉ်းမျှသာ အားထုတ်ကျင့်ကြံသည်၊ သို့တည်းမဟုတ် လုံးလုံးလုပ်ဆောင်အားထုတ်ခြင်းမရှိကြချေ။ (သု. ၁၃:၄) ယေဟောဝါ၏နှုတ်ကပတ်တရားတော်ကို ကြားစဉ်အခါ၌ တာဝန်လည်းတစ်ပါတည်းလိုက်ပါလာသည် ဖြစ်ရာ ထိုသို့သောသူများသည် စစ်ကြောခြင်းမှမလွတ်နိုင်ကြပေ။ (ယေဇကျေလ ၃၃:၇-၉) အကယ်၍ သူတို့အနေဖြင့် အပ်နှံ့ခြင်းပြုလိုသည်ရှိသော် ဘုရားသခင့်အလိုတော်ကို သိရှိနားလည်၍ အလိုတော်ဆောင်လိုသောဆန္ဒ ပြင်းပြကြောင်းတင်ပြရပေမည်။ ထိုသို့သောနာခံခြင်းသည် သူတို့အပေါ် လေးလံသောဝန်ထုတ်မဟုတ်ဘဲ ယေဟောဝါ၏ကောင်းချီးသာသက်ရောက်စေမည်။ ကိုယ်တော်အားချစ်သည် ဟူသောသူတို့အဆိုအတိုင်း နေထိုင်သောကြောင့် ဝမ်းမြောက်ခြင်းလည်းခံစားရပေမည်။
၂၄။ အဘယ်အကြောင်းကြောင့် နှစ်ခြင်းခံရန် ဖင့်နှေးနေကြသော အခြားသူများရှိသေးသနည်း။
၂၄ ကျမ်းစာအကြောင်း ကောင်းစွာမရှင်းတတ်သေး၍ ဟူသောအထင်ကြောင့် နှစ်ခြင်းမခံဘဲနေသော အခြားသူများလည်းရှိသေးသည်။ သို့သော် အဲသယောပိမိန်းမစိုးသည် မြင်းရထားစီးရင်း ဖိလိပ္ပုနှင့်ဆွေးနွေးပြီးနောက် ဘုရားသခင်ထံမိမိ၏အပ်နှံ့ခြင်းကို အထိမ်းအမှတ်တင်ပြရန် အသင့်ရှိခဲ့သည်။ ထိုအဲသယောပိလူသည် သူဟောပြောသောသမ္မာတရားကို နားထောင်သူတို့မေးလာသမျှမေးခွန်းတို့ကို အစ၌ ဖြေနိုင်ခဲ့မည်မဟုတ်ပေ။ သို့သော် ကြားသမျှအတွက် နှလုံးသားမှ ကျေးဇူးတင်စိတ် တစ်ဖွားဖွားယိုဖိတ်လာသဖြင့် ကြောက်ရွံစိုးရိမ်သောစိတ်နှင့် ဖင့်နှေးမနေခဲ့ပေ။ “ချစ်ခြင်းမေတ္တာ၌ ကြောက်ရွံ့ခြင်းမရှိ။ . . . စုံလင်သောမေတ္တာသည် ကြောက်ရွံ့ခြင်းကို ပယ်ရှားတတ်၏။” (၁ ယောဟန် ၄:၁၈၊ သမ္မ) လူတစ်ဦး ဘုရားသခင်ထံအပ်နှံ့ခြင်းပြု၍ နှစ်ခြင်းခံရန်စေ့ဆော်ပေးသောအရာမှာ အဖြေတွေနှင့်ပြည့်နေသောဦးနှောက်မဟုတ်ဘဲ မေတ္တာနှင့်ပြည့်နေသောနှလုံးသားသာဖြစ်သည်။—လုကာ ၁၀:၂၅-၂၈။
၂၅။ မိမိကိုချစ်ပါသည်ဟုဆိုသူတို့ထံမှ ယေဟောဝါဘုရားသခင် အဘယ်အရာမျှော်လင့်တော်မူသနည်း။
၂၅ အသင်နှစ်ခြင်းမခံရသေးလျှင် ဘုရားသခင်ကိုချစ်ပါသည်ဟုဆိုသောသူတို့ထံမှ ဘုရားသခင်အဘယ်အရာမျှော်လင့်သနည်းဟူ၍ မိမိကိုယ်ကိုမေးခွန်းထုတ်ကြည့်ပါ။ ကိုယ်တော်သည် သီးသန့်ဆည်းကပ်ဝတ်ပြုမှုကိုလိုလား၍ မိမိအား “နံဝိညာဉ်နှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း” ကိုးကွယ်မည့်သူတို့ကို ရှာတော်မူ၏။ (ယောဟန် ၄:၂၃၊ ၂၄။ ထွက်မြောက်ရာ ၂၀:၄၊ ၅။ လုကာ ၄:၈) အဲသယောပိမိန်းမစိုးသည် ထိုသို့သောကိုးကွယ်မှုမျိုးဖြင့် ကိုးကွယ်ပြီး နှစ်ခြင်းခံရန်အခွင့်အရေးရသည်နှင့် ဖင့်နှေးခြင်းမရှိဘဲ နှစ်ခြင်းခံသည်။ ယေဟောဝါထံအပ်နှံ့ခြင်းကို ယခုပင်စိတ်ပါလက်ပါ ဆုတောင်းအပ်သောကိစ္စအဖြစ် သဘောထားကာ “နှစ်ခြင်းမခံရန် ကျွန်ုပ်အားအဘယ်အရာဆီးတားသနည်း” ဟုမိမိကိုယ်ကိုမေးကြည့်လျှင် မကောင်းပေလော။
ပြန်လည်စစ်ဆေးရန် မေးခွန်းများ
▫ အဲသယောပိမိန်းမစိုး ဤမျှမြန်မြန်ဆန်ဆန် အဘယ်ကြောင့်နှစ်ခြင်းခံနိုင်ခဲ့သနည်း။
▫ ကနဦးခရစ်ယာန်များဘောင်တွင် အဘယ်ပုံစံမျိုးဖြင့် နှစ်ခြင်းမင်္ဂလာပေးခဲ့ကြသနည်း။
▫ “ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏ နာမ၌” နှစ်ခြင်းခံခြင်းဟူသည်မှာ အဘယ်အဓိပ္ပာယ်ရှိသနည်း။
▫ ခရစ်ယာန်နှစ်ခြင်းမင်္ဂလာသည် အဘယ်အရာကို အထိမ်းအမှတ်ပြုသနည်း။
▫ အဘယ်ကြောင့် ယေဟောဝါထံဆုတောင်း၍ အပ်နှံ့ခြင်းပြုရသနည်း။
▫ အဘယ်အကြောင်းများကြောင့် အချို့သူများအပ်နှံ့ခြင်းနှင့်နှစ်ခြင်းခံရန် ဖင့်နှေးနေကြသနည်း။