ကျွန်ုပ်တို့ ဘုရားသခင်ကို အဘယ်ကြောင့် ကြောက်ရွံ့သင့်သနည်း
“ဘုရားသခင်ကို ကြောက်ရွံ့၍ ချီးမွမ်းကြလော့။ တရားစီရင်တော်မူသော အချိန်ရောက်လာပြီ။” (ဗျာဒိတ် ၁၄:၇) ဤလှုပ်ရှားဖွယ်စကားများကို ရူပါရုံတစ်ခုတွင် တမန်တော်ယောဟန်ကြားခဲ့သည်။ ကောင်းကင်အလယ်တွင်ပျံဝဲနေသော ကောင်းကင်တမန်တစ်ပါးက ပြောဆိုပြီး ဤနောက်ဆုံးကာလ “သခင်ဘုရား၏နေ့” အစပိုင်းအချိန်၌ အသက်ရှင်နေသူများကို ရည်ညွှန်းနေခြင်းဖြစ်သည်။—ဗျာဒိတ် ၁:၁၀။
သို့သော်လည်း အချို့သူများအတွက် ဤစကားများသည် မဆီလျော်လိုက်ပါတကား။ ကိုယ်တော်ကို ကြောက်ရွံ့ရန်ဝေးစွ၊ ဘုရားရှိသည်ကိုပင် အချို့သံသယဝင်နေကြသည်။ ခရစ်ယာန်အခေါ်ခံအများအတွက်လည်း ဘုရားကိုကြောက်ရွံ့ခြင်းသဘောသည် ခေတ်မှီပုံမရတော့ချေ။ ဘုရား၏မေတ္တာတော်ကိုမူ သူတို့လက်ခံနိုင်ကြသည်။ သို့သော် ကိုယ်တော်ကို ကြောက်ရွံ့ခြင်းဆိုရာ၌ သူတို့အတွက်အလယ်ခေတ်ကျလွန်းသည်။ အသင်ကော ထိုသို့ပင် ရှုမြင်ပါသလော။
ယေရှု ဘုရားကိုကြောက်ရွံ့
သို့ဖြစ်လျှင် ခရစ်ယာန်တစ်ဦးဟုဆိုရာ၌ မည်သို့အဓိပ္ပာယ်ရှိသနည်း။ ကျမ်းစာအရ ခရစ်ယာန်တစ်ဦးဟုဆိုရာ၌ ယေရှုခရစ်၏ခြေရာတော်ကို အနီးကပ်လိုက်လျှောက်ခြင်းဖြစ်သည်။ (၁ ပေတရု ၂:၂၁) ယေရှုသည် ဘုရားကို အမှန်ပင်ချစ်မည်ဖြစ်သော်လည်း ဘုရားကိုလည်းကြောက်ရွံ့ကြောင်း သမ္မာကျမ်းစာတွင် ရှင်းလင်းစွာ ဖေါ်ပြထားသည်။ ယေရှု၌ယေဟောဝါကို ကြောက်ရွံ့သောသဘော တည်လိမ့်မည်ဟု ဟေရှာယပရောဖက်ပြုခဲ့သည်။ (ဟေရှာယ ၁၁:၂) စိတ်ဝင်စားဖွယ်ကား ဤကြောက်ရွံ့ခြင်းသည် ယေရှုအပေါ်ဝန်ထုပ်မဖြစ်ခဲ့။ ကလေးတစ်ယောက်သည် ရက်စက်သောဖခင်တစ်ဦးအား ကြောက်ရွံ့သည့်ပုံစံ သို့မဟုတ် ပြည်သူများ ကြမ်းကြုတ်သောအုပ်စိုးရှင်အပေါ် တုန်လှုပ်ခြင်းကဲ့သို့ ကျွန်ုပ်တို့မရှုမြင်သင့်ပါ။ ယေရှုနှင့်စပ်လျဉ်း၍ ဟေရှာယ ဤသို့ဆက်ပရောဖက်ပြုပါသည်။ “ထိုသူသည် ယေဟောဝါကိုကြောက်ရွံ့ခြင်း၌ မွေ့လျော်သည်။” (ဟေရှာယ ၁၁:၃) သင်သည် အခြားသူတစ်ဦးကို ကြောက်ရွံ့ပြီး မည်သို့ပျော်မွေ့နိုင်မည်နည်း။
အမှန်မှာ၊ သမ္မာကျမ်းစာတွင် “ကြောက်ရွံ” ခြင်းစကားလုံးသည် အဓိပ္ပာယ်အမျိုးမျိုးရှိသည်။ လူတစ်ယောက်သည် ကျွန်ုပ်တို့ကို အန္တရာယ်ပြုမည်ဆိုလျှင် ရုပ်ပိုင်းကြောက်ရွံ့ခြင်း သို့မဟုတ် တုန်လှုပ်ခြင်း ကျွန်ုပ်တို့ထဲတွင် ဖြစ်ပေါ်လာသည်။ ထိုကြောင့် ဣသရေလတပ်သည် ဂေါလျတ်ကို “အလွန်ကြောက်ရွံ့ကြ၏။” (၁ ဓမ္မရာဇဝင် ၁၇:၂၃၊ ၂၄) ထို့ပြင် ဗိမာန်တော်တွင် ဇာခရိသည် ယေဟောဝါ၏ကောင်းကင်တမန်နှင့် ဗြုန်းကနဲတွေ့ရသောအခါ မမျှော်လင့် သို့မဟုတ် မတွေ့ဘူးခြင်းကြောင့် ကြောက်ရွံ့ထိတ်လန့်ခြင်းမျိုးလည်းရှိသည်။ (လုကာ ၁:၁၁၊ ၁၂) သို့သော် မိမိခမည်းတော်အပေါ်ယေရှု၌ရှိသော ကြောက်ရွံ့ခြင်းသည် ယင်းတို့နှင့်မတူချေ။
ယင်းအစား သမ္မာကျမ်းစာတွင် “ကြောက်ရွံ့ခြင်း” အတွက် မူရင်းဟေဗြဲနှင့် ဂရိစကားသည် ဘုရားအပေါ်လေးနက်သောကိုင်းရှိုင်းမှု သို့မဟုတ် ရိုသေကြောက်ရွံခြင်းကို ရည်ညွှန်းသည်။ ထိုသို့သော ဘုရားရေးရာ ကြောက်ရွံ့ခြင်းမျိုး ယေရှု၌ ရှိခဲ့ပြီး ကောင်းကင်တမန်က ထိုသို့ပြုရန် ယနေ့လူတိုင်းကို အားပေးနေခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏သေးငယ်လှပုံကို ဘုရား၏ကြီးမြတ်သော တန်ခိုးရှိပုံတို့နှင့် နှိုင်းယှဉ်စဉ်းစားလိုက်သောအခါ ဤရိုသေလေးမြတ်ခြင်း သို့မဟုတ် ကြောက်ရွံ့ခြင်းသည် ကျွန်ုပ်တို့နှလုံးတွင် အမြစ်စွဲလာသည်။ ကိုယ်တော်၏ကြီးမြတ်သော လုပ်ငန်းများကိုဆင်ခြင်သောအခါ ကြောက်ရွံ့ခြင်းတိုးပွားလာသည်။ ထို့ပြင်ကိုယ်တော်သည် အသက်ပေးပိုင်၍ ထာဝရသေခြင်းနှင့် ဖျက်ဆီးပိုင်သောတန်ခိုးရှိသည်သာမက အချုပ်အခြာတရားသူကြီးဖြစ်ကြောင်း သတိရဆုတောင်းနေလျှင်လည်း ကြောက်ရွံ့လေးမြတ်ခြင်း တိုးပွားလာသည်။
ထိုသို့သော ကြောက်ရွံ့ခြင်းသည်အရေးပါ၏။ အကြောင်းမှာ မကောင်းမှုမလုပ်ရန်နှင့် ဘုရားအပေါ်အခွင့်အရေးမယူရန် ကာကွယ်ပေးလေသည်။ ကျွန်ုပ်တို့စုံစမ်းခြင်းရင်ဆိုင်ရ၍ လက်လျှော့ချင်သောအခါ ‘ဘုရားငါ့ကို ခွင့်လွှတ်မှာပါ။ ကိုယ်တော်ဟာ ငါအားနည်းတာသိပါတယ်’ ဟူသောသဘောထားကို ရှောင်ရှားရန် ၄င်းကကူညီပေးသည်။ သု၊ ၈:၁၃က ဤသို့ဆိုသည်။ “ယေဟောဝါကိုကြောက်ရွံ့သောသဘောသည် ဒုစရိုက်ကို မုန်းသောသဘောတည်း။” သု၊ ၁၆:၆တွင်ဆက်၍ ဤသို့ပြောသည်။ “ယေဟောဝါကိုကြောက်ရွံ့သောသဘောအားဖြင့် ဒုစရိုက်ကို ရှောင်တတ်၏။” အာဒံနှင့်ဧဝသည် ကိုယ်တော်ကိုနာမခံသောအခါ ယေဟောဝါအပေါ် ဤသို့ကြောက်ရွံ့ခြင်းမပြခဲ့ကြချေ။ ရလဒ်ကား အဘယ်နည်း။ သူတို့သည် ဆန့်ကျင်ဘက်ကြောက်ရွံ့ခြင်းမျိုးပေါ်လာကာ ကိုယ်တော်၏ရှေ့မှောက်မှ ပုန်းကွယ်နေကြ၏။ အာဒံက ဤသို့ဆိုသည်။ “ဥယျာဉ်၌ ကိုယ်တော်၏အသံကို ကျွန်တော်ကြားလျှင် . . . ကြောက်သည်။”—ကမ္ဘာဦး ၃:၁၀။
အာဒံဧဝနှင့်မတူဘဲ ယောဘသည် အပြင်းထန်ဆုံးစုံစမ်းခြင်းအောက်၌ ယေဟောဝါအပေါ်သစ္စာရှိစွာရပ်တည်ခဲ့သည်။ အဘယ်ကြောင့်နည်း။ ယေဟောဝါကိုယ်နှိုက်က ယောဘသည် “ဘုရားကိုကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကိုရှောင်သောသူဖြစ်သည်” ဟုမိန့်တော်မူသည်။ (ယောဘ ၁:၈။ ၂:၃) ယနေ့လည်း ကျွန်ုပ်တို့နှင့်ပတ်သက်၍ ယေဟောဝါသည် အလားတူပင် ပြောနိုင်သည်ဟု ကျွန်ုပ်တို့သေချာရမည်။ ဘုရားကိုကြောက်ရွံ့ခြင်းသည် လျော်ကန်ပြီး ကျွန်ုပ်တို့၏အတွေးအခေါ်တွင် တစ်စိတ်တစ်ပိုင်းပါဝင်ရမည်။
ဘုရားကို ကြောက်ရွံ့ခြင်းနှင့် လူကိုကြောက်ရွံ့ခြင်း
အထူးလေးစားအပ်သော ဖခင်တစ်ဦးသည် မိမိ၏ကလေးများအပေါ်၊ လုံခြုံမှုပေးသကဲ့သို့ ဘုရားကိုကြောက်ရွံခြင်းသည် ကျွန်ုပ်တို့တွင် အလားတူခံစားချက်ကို ဖြစ်ပေါ်စေသည်။ ထိုသို့သောကြောက်ရွံခြင်းမျိုးသည် ကျော့ကွင်းဖြစ်သော လူကိုကြောက်ရွံ့ခြင်းကို ဖယ်ရှားပေးသည်။ (သု၊ ၂၉:၂၅) ဤသင်ခန်းစာမရသူမှာ ဘီစီ ၆၀၇ မတိုင်မီ ယေရုရှလင်တွင် ယေရမိနှင့်အတူဟောပြောခဲ့သော ရှေမာယ၏သားဥရိယဖြစ်သည်။ ယေရမိနှင့်မတူဘဲ ဥရိယသည် ဘုရင်ကိုကြောက်ခြင်းက သူ့အတွက်ကျော့ကွင်းဖြစ်စေခဲ့သည်။ သူဆက်မဟောတော့ဘဲ သူ၏ခန့်အပ်ခြင်းမှ တိမ်းရှောင်သွားသည်။ နောက်ဆုံးတွင် ဘုရင်သည် သူ့အားဖမ်းဆီးပြီး သတ်စေခဲ့သည်။ (ယေရမိ ၂၆:၂၀-၂၃) ဥရိယသည် ထိုဝမ်းနည်းဖွယ်ကြမ္မာကို မည်သို့ရှောင်ရှားနိုင်သနည်း။ လူကိုကြောက်ရွံ့သည်ထက် ယေဟောဝါကိုကြောက်ရွံ့ခြင်းအားဖြင့်ဖြစ်သည်။
ယေရှုသည် ထမြောက်၍ ကောင်းကင်သို့တက်ပြီးနောက် သူ၏နောက်လိုက်များအား ဤသို့သွန်သင်သည်။ “သင်သည် ခံရမည့်အရာတစ်စုံတစ်ခုကိုမျှ မကြောက်နှင့်။” (ဗျာဒိတ် ၂:၁၀) ရောမကစားကွင်းများ၊ နာဇီချွေးတပ်စခန်းများတွင် ကြောက်မက်ဖွယ်ရာများကို ခရစ်ယာန်များ ရင်ဆိုင်ခဲ့ရသဖြင့် ယင်းသွန်သင်မှုလိုအပ်ကြောင်း ရာဇဝင်ကတင်ပြသည်။ ရန်သူတို့ ကြိုးစားသွင်းနေသော ကြောက်ရွံ့ခြင်းကို သူတို့မည်သို့အောင်မြင်နိုင်ခဲ့သနည်း။ ယေရှု၏စကားကို ကျင့်သုံးခြင်းဖြင့်ဖြစ်သည်။ “ကိုယ်ခန္ဓာကိုသတ်၍ နောက်တစ်ဖန်အလျှင်းမပြုနိုင်သော သူတို့ကို မကြောက်ကြနှင့်။ အဘယ်သူကို ကြောက်ရမည်နည်းဟူမူကား ကိုယ်ခန္ဓာကိုသတ်ပြီးမှ ဂေဟင်္နာထဲသို့ချနိုင်သောသူကို ကြောက်ကြလော့။”—လုကာ ၁၂:၄၊ ၅၊ ကဘ။
ဆာလံ ၁၉:၉ တွင် ကျွန်ုပ်တို့အား ဤသို့သွန်သင်ထားသည်။ “ယေဟောဝါကိုကြောက်ရွံ့ခြင်းသဘောသည် သန့်ရှင်းသည်ဖြစ်၍ ကာလအစဉ်အမြဲတည်၏။ ယေဟောဝါ၏စီရင်တော်မူချက်တို့သည် သစ္စာတရားနှင့်ညီ၍ တစ်ညီတစ်ညွတ်တည်း ဖြောင့်မတ်ကြ၏။” ထိုကြောင့် ဘုရားကိုကြောက်ရွံ့ခြင်း၌ အကျိုးယုတ်မှု ဘာမျှမရှိချေ။ ယင်းသည် စင်ကြယ်ပြီး ကာကွယ်မှုပေးကာ၊ ဘုရား၏ကျေးကျွန်ကို သူ၏ရန်သူများထက်ပို၍ ခွန်အားရှိစေသည်။ ယေရှုကဲ့သို့ ခရစ်ယာန်တစ်ဦးသည် ယေဟောဝါထံမှ အခြားကောင်းချီးအားလုံး ပျော်ရွှင်စွာခံစားရသကဲ့သို့ ဤကြောက်ရွံ့ခြင်းတွင် ကျေနပ်မှုခံစားရသည်။—ဟေရှာယ ၁၁:၃။
သို့ဖြင့် ယနေ့လူသားအားလုံး ဘုရားကိုကြောက်ရွံ့ရန် ကောင်းကင်တမန် ဆော်သြခြင်းသည် လုံးဝလျော်ကန်ပါသည်။ လျောက်ပတ်သော ဘုရားရေးကြောက်ရွံ့ခြင်းမရှိလျှင် ကျွန်ုပ်တို့သည်မှားယွင်းသောရမက်နောက်ပါသွားနိုင်သည်။ သို့မဟုတ် လူကိုကြောက်ရွံ့အရှုံးပေးနိုင်သည်။ လျောက်ပတ်သောကြောက်ရွံ့ခြင်းကို ကျွန်ုပ်တို့မွေးမြူလျှင် ကျွန်ုပ်တို့ပညာရှိရှိလုပ်ဆောင်ရန် အကူအညီရပါလိမ့်မည်။ “ယေဟောဝါကိုကြောက်ရွံ့သောသဘောသည် ပညာ၏မူလအမြစ်ဖြစ်၏။” (သု၊ ၉:၁၀။ ဆာလံ ၁၁၁:၁၀) မှန်ပါသည်။ ဘုရားရှင်ကို ကျွန်ုပ်တို့၏စိတ်နှလုံး၊ စိုးလ်၊ ခွန်အားရှိသမျှနှင့် ချစ်သင့်သည်။ (မာကု ၁၂:၃၀) ကောင်းကင်တမန်စကားနှင့်အညီ ကိုယ်တော်အားကြောက်ရွံ့ရိုသေ၊ လေးမြတ်ခြင်းလည်းရှိသင့်သည်။ “ဘုရားကိုကြောက်ရွံ့၍ ချီးမွမ်းကြလော့။ တရားစီရင်တော်မူသောအချိန် ရောက်လာပြီ။—ဗျာဒိတ် ၁၄:၇။