‘စစ်မှုကို ယေဟောဝါပိုင်တော်မူ၏’
“ငါသည် သင်ကဲ့ရဲ့ရှုတ်ချသော ဣသရေလဗိုလ်ခြေတို့၏ ဘုရားသခင်၊ ဗိုလ်ခြေအရှင် ယေဟောဝါ၏နာမတော်ပါလျက် သင်ရှိရာသို့လာ၏။” —၁ ဓမ္မရာဇဝင် ၁၇:၄၅။
၁၊ ၂။ (က) ရှောလုမင်းဦးစီးသည့် ဣသရေလစစ်တပ် အဘယ်စိန်ခေါ်အန်တုမှုကို ရင်ဆိုင်ရသနည်း။ (ခ) ဣသရေလတပ်မှလူများ ဂေါလျတ်၏စိန်ခေါ်ချက်ကို အဘယ်သို့တုံ့ပြန်ကြသနည်း။ ယခု မြင်ကွင်း၌ မည်သူပေါ်လာသနည်း။
ယေရုရှလင်မြို့အရှေ့ တောင်အရပ်ရှိ ဧလာချိုင့်ဝှမ်းတစ်ဘက်တစ်ချက်စီ၌ အင်အားကြီးမားသော စစ်တပ်နှစ်တပ် တိုက်ခိုက်ရန် အသင့်ဖြစ်နေသည်။ တစ်ဘက်၌ ကြောက်အားပိုနေသော ရှောလုမင်း ဦးစီးသည့် ဣသရေလစစ်တပ်ရှိပြီး ကျန်တစ်ဘက်၌ ဧရာမသူရဲကောင်းကြီးဂေါလျတ်ပါရှိသော ဖိလိတ္တိစစ်တပ် တပ်စွဲထားသည်။ ဂေါလျတ်၏အမည်မှာ “ထင်ရှားပေါ်လွင်သော” ဟူ၍ အဓိပ္ပာယ်ရှိသည်။ သူ့အရပ်မှာ ကိုးပေကျော်ရှိပြီး ချပ်ဝတ်တန်ဆာအပြည့်အစုံ ဆင်ယင်ထားသည်။ ဂေါလျတ်သည် ဣသရေလလူတို့အား အန်တု၍ စော်ကားမော်ကားဟစ်၍ ကြွေးကြော်၏။—၁ ဓမ္မရာဇဝင် ၁၇:၁-၁၁။
၂ ဂေါလျတ်စိန်ခေါ်ချက်ကို မည်သူရင်ဆိုင်မည်နည်း။ “ဣသရေလလူအပေါင်းတို့သည် ထိုသူကိုမြင်သောအခါ အလွန်ကြောက်ရွံ၍ ပြေးကြ၏။” သို့သော် ကြည့်လိုက်ပါ။ လုလင်ပျိုလေးတစ်ဦး မြင်ကွင်း၌ ပေါ်လာသည်။ သူ့နာမည်ကား ဒါဝိဒ်ဖြစ်ပြီး “ချစ်သူ” ဟူ၍ အဓိပ္ပာယ်ရှိသည်။ ဖြောင့်မတ်ခြင်းတရားဘက် သတ္တိရှိရှိ စိတ်ထက်သန်အားကြီးခြင်းကြောင့် ယေဟောဝါ၏ချစ်သူလည်း ဖြစ်ခဲ့သည်။ ရှမွေလသည် ဒါဝိဒ်အား ဣသရေလလူမျိုး၏ အနာဂတ်ရှင်ဘုရင်အဖြစ် ဘိသိက်ပေးပြီးဖြစ်သည့်ပြင် ယေဟောဝါ၏ဝိညာဉ်တော်သည်လည်း သူ့အပေါ်၌ တန်ခိုးကြီးမားစွာ သက်ရောက်လှုပ်ရှားလျက်ရှိသည်။—၁ ဓမ္မရာဇဝင် ၁၆:၁၂၊ ၁၃၊ ၁၈-၂၁။ ၁၇:၂၄။ ဆာလံ ၁၁:၇။ ၁၀၈:၆။
၃။ တိုက်ပွဲအတွက် ဒါဝိဒ်မည်သို့ပြင်ဆင်သနည်း။ သို့သော် ဂေါလျတ်မူကား အဘယ်သို့ဆင်ယင်ထားသနည်း။
၃ “အသက်ရှင်တော်မူသောဘုရားသခင်၏ ဗိုလ်ခြေကို [ဂေါလျတ်] ရှုတ်ချကဲ့ရဲ့” သည်ကိုကြားသော် ဒါဝိဒ်သည် ထိုလူ့ဘီလူးကြီးကို တိုက်ခိုက်ရန် မိမိကိုယ်ကိုတင်သွင်းသည်။ ရှောလုသဘောတူသောအခါ ဒါဝိဒ်သည် ရှောလုကမ်းလှမ်းသော အစဉ်အလာရှိသည့် ချပ်ဝတ်တန်ဆာနှင့် လက်နက်တို့မယူဆောင်ဘဲ ရုတ်တရက်ထွက်၍ တိုက်ခိုက်၏။ သူသည် တောင်ဝှေးတစ်ချောင်း၊ လောက်လွှဲတစ်လက်နှင့် ချောသောကျောက်ငါးလုံးသာ ဆောင်သွားသော်လည်း ဂေါလျတ်မူကား ၁၅ ပေါင်လေးလှံသွားပါရှိသော လှံတစ်ချောင်းကိုကိုင်လျက် ၁၂၆ ပေါင်လေးကြေးနီချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသည်။ လူသန်ကြီး ဂေါလျတ်နှင့် သူ၏ဒိုင်းလွှားကိုင်ဆောင်သူတို့ ရှေ့သို့ထွက်လာသည်နှင့် ‘ဖိလိတ္တိလူက မိမိဘုရားတို့ကိုတိုင်တည်၍ ဒါဝိဒ်ကို ကျိန်ဆဲလေ၏။’—၁ ဓမ္မရာဇဝင် ၁၇:၁၂-၄၄။
၄။ လူ့ဘီလူးကြီး၏ စိန်ခေါ်ချက်ကို ဒါဝိဒ်မည်သို့တုံ့ပြန်ချေပခဲ့သနည်း။
၄ ဒါဝိဒ် မည်သို့တုံ့ပြန်ချေပသနည်း။ ဂေါလျတ်၏ စိန်ခေါ်ချက်ကို ပယ်ချ၍ ဤသို့ဟစ်ကြော်လိုက်သည်။ “သင်သည် ဓား၊ လှံ၊ လှံတို ပါလျက် ငါ့ထံသို့လာ၏။ ငါသည် သင်ရှုတ်ချကဲ့ရဲ့သော ဣသရေလဗိုလ်ပါများ၏ ဘုရားသခင်၊ ဗိုလ်ခြေတို့အရှင် ယေဟောဝါ၏နာမတော်ပါလျက် သင်ရှိရာသို့လာ၏။ ယေဟောဝါသည် သင့်ကို ငါ့လက်၌ ယနေ့အပ်တော်မူသဖြင့် သင့်ကိုငါသတ်၍ ဦးခေါင်းကိုဖြတ်မည်။ ဖိလိတ္တိဗိုလ်ခြေ အလောင်းများကို မိုးကောင်းကင်ငှက်နှင့် တောသားရဲတို့အား ယနေ့ငါပေးမည်။ ဣသရေလအမျိုး၌ ဘုရားသခင်ရှိတော်မူကြောင်း မြေကြီးသားအပေါင်းတို့သည် သိရကြလိမ့်မည်။ ယေဟောဝါသည် ထား၊ လှံ အားဖြင့်ကယ်တင်တော်မမူကြောင်းကို ဤပရိသတ်အပေါင်းတို့သည် သိရကြလိမ့်မည်။ အကြောင်းမူကား ယေဟောဝါသည် စစ်မှုကိုပိုင်၍ ငါတို့လက်သို့ သင်တို့ကို အပ်နှင်းတော်မူမည်။”—၁ ဓမ္မရာဇဝင် ၁၇:၄၅-၄၇၊ သမ္မ။
၅။ တိုက်ပွဲ၏ရလဒ်ကား အဘယ်နည်း။ မည်သူ့ဂုဏ်ကျေးဇူးကြောင့်နည်း။
၅ ဒါဝိဒ်သည် တိုက်ပွဲသို့ ရဲရင့်စွာချဉ်းကပ်သွား၏။ သူပစ်လိုက်သော ကျောက်လုံးသည် ပစ်မှတ်သို့ တန်းတန်းမတ်မတ်ထိမှန်သဖြင့် ဂေါလျတ် မြေကြီးပေါ်ဗုန်းကနဲလဲကျသွားသည်။ မှန်ပေသည်။ ယေဟောဝါသည် ထိုသေးငယ်သော လက်နက်ဖြင့် လူ့ဘီလူးကြီး၏နဖူးကို တည့်တည့်ထိမှန်အောင် ထိန်းကျောင်းပေးခြင်းအားဖြင့် ဒါဝိဒ်၏ယုံကြည်ခြင်းနှင့် ရဲစွမ်းသတ္တိအတွက် ဆုချတော်မူ၏။ ဒါဝိဒ်သည် ရှေ့သို့ပြေးသွား၍ ဂေါလျတ်၏ဓားကို ဆွဲထုတ်ကာ ထိုဗလအားကိုးအနိုင်ကျင့်သူ၏ ဦးခေါင်းကို ဖြတ်ပစ်လိုက်သည်။ ဖိလိတ္တိလူများ ကစဉ့်ကလျားထွက်ပြေးကြ၏။ ‘စစ်မှုကို ယေဟောဝါပိုင်တော်မူ၏’ ဟုအမှန်ပင် ပြောနိုင်ပေသည်။—၁ ဓမ္မရာဇဝင် ၁၇:၄၇-၅၁။
၆။ (က) ရှေးခေတ်ကဤစစ်ပွဲအကြောင်း အသေးစိတ်ကို ယေဟောဝါအဘယ်ကြောင့် ထိန်းသိမ်းခဲ့သနည်း။ (ခ) ဂေါလျတ်နှင့်တူသော ရန်သူများထံမှ သက်ရောက်သော နှိပ်စက်ညှဉ်းပန်းခြင်းကို ခါးစည်းခံနေစဉ် အဘယ်အာမခံချက်ကို ဘုရားသခင့်ကျေးကျွန်များ လိုအပ်ကြသနည်း။
၆ ဤတိုက်ပွဲသည် လွန်ခဲ့သော နှစ်ပေါင်း ၃၀၀၀ ခန့်ကဖြစ်ပွားခဲ့သော်လည်း ယင်းတိုက်ပွဲအကြောင်း အသေးစိတ်အချက်အလက်များကို နှုတ်ကပတ်တော်တွင် ယေဟောဝါ အဘယ်ကြောင့်ထိန်းသိမ်းထားတော်မူသနည်း။ တမန်တော်ပေါလု ဤသို့ပြောပြသည်။ “ငါတို့သည် ကျမ်းစာ၌ပါသော သည်းခံခြင်း၊ သက်သာခြင်းအကြောင်းများကိုအမှီပြု၍ မျှော်လင့်ရသောအခွင့်ရှိစေခြင်းငှာ ကျမ်းစာ၌ အထက်ကရေးထားသမျှသည် ငါတို့ကိုဆုံးမသြဝါဒပေး၍ ရေးထားသတည်း။” (ရောမ ၁၅:၄) ယနေ့ ဘုရားသခင့်သစ္စာရှိကျေးကျွန်အများသည် ဂေါလျတ်နှင့်တူသော ရန်သူများ၏ ကဲ့ရဲ့ရှုတ်ချမှုနှင့် ပြောင်ပြောင်တင်းတင်း နှိပ်စက်ညှဉ်းပန်းမှုတို့ကို ခါးစည်းခံနေရကြသည်။ ရန်သူ၏ဖိအား ပြင်းထန်လာသည်နှင့်အမျှ ‘စစ်မှုကို ယေဟောဝါပိုင်တော်မူ၏’ ဟူသော စိတ်ချမ်းသာစရာ အာမခံချက်ကို ကျွန်ုပ်တို့အားလုံး လိုအပ်ကြသည်။
အချုပ်အခြာအာဏာဆိုင်ရာ ပြဿနာ
၇။ နိုင်ငံအားလုံး၌ရှိသော ဘုရားသခင့်လူမျိုးတော်အဖို့ အဘယ်ပြဿနာသည် စိုးရိမ်ကြောင့်ကြစရာဖြစ်သနည်း။ အဘယ်ကြောင့်နည်း။
၇ ဂေါလျတ်သည် ဣသရေလလူမျိုး၏ ဘုရားသခင်ကို အာခံလျက် ခြေလှမ်းကျဲကျဲနှင့် လှမ်းတက်ခဲ့သည်။ အလားတူစွာ ဤနှစ်ဆယ်ရာစုနှစ်အတွင်း ဗဟိုချုပ်ကိုင်သော အစိုးရနိုင်ငံရေးစနစ်သည် ရှေ့တန်းသို့ရောက်လာကာ ယေဟောဝါ၏အချုပ်အချာအာဏာတော်ကို အံတု၍ ကိုယ်တော်.ကျေးကျွန်များအား နိုင်ငံကိုကိုးကွယ်ဆည်းကပ်ကျိုးနွံနာခံရန် အတင်းအဓမ္မပြုကြသည်။ ဤပြဿနာသည် နိုင်ငံအားလုံး၌ရှိသော ဘုရားသခင့်လူမျိုးတော်အဖို့ စိုးရိမ်ကြောင့်ကြစရာဖြစ်သည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ပရောဖက်ပြုထားသော လူမျိုးခြားကာလများ သို့မဟုတ် တစ်ပါးအမျိုးသားတို့၏ ခန့်အပ်ရာကာလများသည် ၁၉၁၄ ခုနှစ်တွင် ကုန်ဆုံးပြီး “လူအမျိုးမျိုးစိုးရိမ်ကြောင့်ကြ” ရာ ဤမျက်မှောက်ကာလကို အစပျိုးပေးခဲ့ ၍ဖြစ်သည်။ (လုကာ ၂၁:၂၄-၂၆) လူမျိုးခြားကာလများသည် ဘီစီ ၆၀၇ ခုနှစ်တွင် မြေကြီးဆိုင်ရာ ယေရုရှလင်မြို့ကို တစ်ပါးအမျိုးသားများ စ၍ကျော်နင်းသောအချိန်၌ အစပြုခဲ့ပြီး ကောင်းကင်ယေရုရှလင်၌ ယေရှုကိုမေရှိယမင်းမြတ်အဖြစ် ယေဟောဝါနန်းတင်သော ၁၉၁၄ ခုနှစ်တိုင်အောင် နှစ်ပေါင်း ၂၅၂၀ ကြာမြင့်ခဲ့သည်။—ဟေဗြဲ ၁၂:၂၂၊ ၂၈။ ဗျာဒိတ် ၁၁:၁၅၊ ၁၇။a
၈။ (က) ‘ကြောက်ရွံသောစိတ်နှင့် ယေဟောဝါ၏အမှုတော်ကို ထမ်းရွက်လော့’ ဟူသောပရောဖက်ပြု၍ပေးထားသော အမိန့်တော်မြတ်ကို လောကီရှင်ဘုရင်များ အဘယ်သို့တုံ့ပြန်ကြသနည်း။ (ခ) ယနေ့ယေဟောဝါအားကဲ့ရဲ့၍ ကိုယ်တော်.သက်သေခံများကို အနိုင်ကျင့်နေသော လောကီသူရဲကောင်းများက မည်သူနည်း။
၈ ၁၉၁၄ ခုနှစ်တွင် အကြီးအကျယ်ပြောင်းလဲမှုဖြစ်ခဲ့သည်။ လူမျိုးခြားနိုင်ငံတို့သည် ဘုရားစွက်ဖက်မှုကင်းစွာ အုပ်ချုပ်၍ မရတော့ပါ။ သို့သော် ထိုစဉ်က အုပ်ချုပ်နေကြသော “ရှင်ဘုရင်တို့” သည် ‘ကြောက်ရွံသောစိတ်နှင့် ယေဟောဝါ၏အမှုတော်ကို ထမ်းရွက်လော့၊’ အသစ်စက်စက်တင်မြောက်ထားသော ကိုယ်တော်.ရှင်ဘုရင်ကို အသိအမှတ်ပြုလော့ဟု ပရောဖက်ပြု၍ ပေးထားသော အမိန့်တော်မြတ်ကို နာခံခဲ့ကြသလော။ မနာခံခဲ့ကြသည့်ပြင် သူတို့သည် ‘ယေဟောဝါနှင့် ကိုယ်တော်၏ ဘိသိက်ခံယေရှုကို ရန်ဘက်ပြု၍ စုဝေးကြ၏။’ သူတို့အသီးသီး၏ရည်မှန်းချက်များကို အကောင်အထည်ဖေါ်ရန် အားထုတ်ယင်းနှင့် ၁၉၁၄–၁၈ ခုနှစ် စစ်ပွဲကြီးအတွင်း၌ “ရုန်းရင်းခတ်” ပြုခဲ့ကြသည်။ (ဆာလံ ၂:၁-၆၊ ၁၀-၁၂) ယနေ့တိုင် ကမ္ဘာ့စိုးမိုးရေးသည် လူသားများရှေ့တွင် အပြင်းအထန်ငြင်းခုံနေကြသော ပြဿနာအဖြစ်တည်ရှိနေဆဲဖြစ်သည်။ စာတန့်လောကသည် ဂေါလျတ်၏ဆွေမျိုးသားချင်း ရေဖိမ်အမျိုးသားတို့နှင့် နှိုင်းယှဉ်နိုင်သော နိုင်ငံရေးသူရဲကောင်းများကို ဆက်လက်၍ မွေးထုတ်ပေးသည်။ အာဏာရှင်ဆန်သော ဤအုပ်ချုပ်ရေးတို့က ယေဟောဝါအား ကဲ့ရဲ့၍ ကိုယ်တော်.သက်သေခံများအား ကျိုးနွံနာခံအောင် နိုင်လိုမင်းထက်ပြုရန် အားထုတ်ကြစေကာမူ အစဉ်အလာရှိသည်အတိုင်း စစ်မှုနှင့်အောင်ပွဲကို ယေဟောဝါသာပိုင်တော်မူလေသည်။—၂ ဓမ္မရာဇဝင် ၂၁:၁၅-၂၂။
ခေတ်သစ်ကာလ “ရှောလု”
၉။ ရှောလု၏ပြုမူပုံနှင့် မည်သူတို့ကိုက်ညီသနည်း။ အဘယ်နည်းများဖြင့်နည်း။
၉ ဤကိစ္စ၌ ရှောလုမင်း အဘယ်အခန်း၌ ပါဝင်သနည်း။ ခပ်စောစောအချိန်၌ သူ၏ပုန်ကန်မှုကြောင့် ‘ဣသရေလနိုင်ငံအုပ်ချုပ်ခြင်းကို သူ့ထံမှဆုတ်ဖြတ်ရန်’ ယေဟောဝါစိတ် ပြဌာန်းတော်မူနှင့်ပြီးဖြစ်သည်။ (၁ ဓမ္မရာဇဝင် ၁၅:၂၂၊ ၂၈) ယခုအခါ၌ ရှောလုသည်ဂေါလျတ်၏ စိန်ခေါ်မှုနှင့် ရင်ဆိုင်ရသောအခါ ယေဟောဝါ၏အချုပ်အချာအာဏာတော်ကို ထောက်ခံရန် မတတ်စွမ်းနိုင်တော့ချေ။ ထိုမျှမက ဂေါလျတ်ကို အောင်နိုင်သူလည်းဖြစ်၊ ရှောလု၏ နန်းရိပ်နန်းရာကို အစားထိုးဆက်ခံရန် ယေဟောဝါဘိသိက်ပေးတော်မူသောဒါဝိဒ်ကိုပါ နှိပ်စက်ညှဉ်းပန်းလာသည်။ ခရစ်ယာန်ဘောင်မှ ဓမ္မဆရာရဟန်းများသည် ဤအပြုအမူပုံစံနှင့် အလွန်ဆီလျော်စပ်ဟပ်လှပေသည်။ သူတို့သည် ငါတို့သခင်ယေရှုနှင့် လာလတံ့သောကိုယ်တော်.နိုင်ငံတော် ‘သတင်းကောင်းကို နားမထောင်’ သော အယူဖောက်ပြန်မှုကြီး၏တစ်စိပ်တစ်ဒေသအဖြစ်ပါဝင်ခြင်းအားဖြင့် သမ္မာကျမ်းစာအမှန်တရားကို ဆန့်ကျင်တော်လှန်ပစ်ခဲ့ကြသည်။ ယေဟောဝါ၏စကြဝဠာအချုပ်အချာအာဏာတော်ကို ထောက်ခံရန်လည်း ပျက်ကွက်သည့်အပြင် ယေဟောဝါ၏ဘိသိက်ခံသက်သေများနှင့် သူတို့၏အပေါင်းပါ လူအုပ်ကြီးတို့ကိုပါ ပြင်းပြင်းထန်ထန် နှိပ်စက်ညှဉ်းပန်းကြသည်။ အဆိုပါ အယူဖောက်ပြန်သူတို့အား ယေဟောဝါသည် ‘ပြင်းစွာအမျက်ထွက်၍’ ပယ်ရှားတော်မူလတံ့။—၂ သက်သာလောနိတ် ၁:၆-၉၊ ၂:၃။ ဟောရှေ ၁၃:၁၁။
၁၀။ (က) ၁၉၁၈ ခုနှစ်က လန်ဒန်မြို့တွင် အထင်ကရဘာသာရေးပုဂ္ဂိုလ်တစ်စု အဘယ်ထုတ်ပြန်ကြေညာချက်တစ်ရပ် ပုံနှိပ်ထုတ်ဝေခဲ့သနည်း။ (ခ) ထို ၁၉၁၈ ခုနှစ်ထုတ်ပြန်ကြေညာချက်အတိုင်း အဆုံးတိုင်လိုက်လျှောက်မည့်အစား ထိုဘာသာရေးခေါင်းဆောင်များ အဘယ်လမ်းစဉ်လိုက်ခဲ့သနည်း။
၁၀ ပထမကမ္ဘာစစ်ကြီးအတွင်း ခရစ်ယာန်ဘောင်မှ ဓမ္မဆရာရဟန်းတို့၏ ရေလိုက်ငါးလိုက် ပြုမူတတ်သောလမ်းစဉ်သည် လယ်ပြင်မှာ ဆင်သွားသကဲ့သို့ ထင်ရှားလာခဲ့သည်။ မဿဲ အခန်းကြီး၂၄ နှင့် ၂၅၊ လုကာ အခန်းကြီး ၂၁ တို့၌ ပါရှိသော ယေရှုဟောကြားခဲ့သည့် ပရောဖက်ပြုချက်သည် ပြည့်စုံလျက်ရှိသည်မှာ အထင်အရှားပင်။ စင်စစ်ဆိုလျှင် ၁၉၁၈ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ နှစ်ခြင်း၊ ကောင်ဂရီဂေးရှင်းနဲလ်၊ ပရက်စဘီတီးရီးယန်း၊ အီပစ္စကပယ်၊ မက်သဒစ္စအသင်းများကို ကိုယ်စားပြုသော အထင်ကရဘာသာရေးပုဂ္ဂိုလ်များသည် ထုတ်ပြန်ကြေညာချက်တစ်ရပ် ပုံနှိပ်ထုတ်ဝေခဲ့သည်။ ၄င်း၌ ဤသို့ဖေါ်ပြပါရှိသည်။ “မျက်မှောက်အရေးအခင်းတို့က တစ်ပါးအမျိုးသားကာလများ ကုန်ဆုံးကြောင်းကို ထောက်ပြသည်။” သို့သော် ထိုကြေညာချက်အတိုင်း ဆက်၍ အဆုံးတိုင်မလိုက်လျှောက်ကြချေ။ ခရစ်ယာန်ဘောင်၏ ဓမ္မဆရာရဟန်းများသည် ပထမကမ္ဘာစစ်တွင် ပါဝင်ဆင်နွှဲနေကြသော နှစ်ဘက်စလုံးကို အားပေးထောက်ခံခြင်းတွင် နက်ရှိုင်းစွာပါဝင်နှင့်ပြီးဖြစ်နေသည်။ နိုင်ငံတော်အာဏာနှင့် ယေရှုရောက်ရှိနေကြောင်းကို အသိအမှတ်ပြုမည့်အစား သူတို့သည် လောကီနိုင်ငံတို့၏ အတွေးအခေါ်အတိုင်းလိုက်ခဲ့ကြသည်။ ၄င်းကား ပြည်သူလူထုသည် ဘုရားသခင့်နိုင်ငံတော်လက်အောက်တွင် တစ်စည်းတစ်လုံးတည်းရှိနေရမည့်အစား တစ်ကွဲတစ်ပြားဖြစ်နေသော တစ်ပါးအမျိုးသားနိုင်ငံရေးအာဏာစက်များ၊ ဂေါလျတ်ကဲ့သို့သော အနိုင်အထက်စိုးမိုးသည့် မင်းများကသာ ဆက်လက်၍ အုပ်စိုးနေသင့်သည် ဟူသောအတွေးအခေါ်ဖြစ်သည်။—မဿဲ ၂၅:၃၁-၃၃။
အလျှော့ပေး လိုက်လျောခြင်းမပြု
၁၁။ အချုပ်အခြာအာဏာပြဿနာတွင် မည်သူတို့ အလျှော့ပေးလိုက်လျောခြင်းမပြုကြသနည်း။ မည်သူ၏ပုံသက်သေကို သူတို့လိုက်လျှောက်ကြသနည်း။
၁၁ ဘုရားသခင့်သစ္စာနှံ့ကျေးကျွန်များ ဤအချုပ်အခြာအာဏာပြဿနာတွင် အလျှော့ပေးလိုက်လျောခြင်းပြုကြသလော။ ကျမ်းစာမှတ်တမ်းရှင်းလင်းစွာပြဆိုသည့်အတိုင်း ထိုသို့ပြုရန်ဝေးလေစွ။ (ဒံယေလ ၃:၂၈။ ၆:၂၅-၂၇။ ဟေဗြဲ ၁၁:၃၂-၃၈။ ဗျာဒိတ် ၂:၂၊ ၃၊ ၁၃၊ ၁၉) ယနေ့ သမာဓိစောင့်သိသော ခရစ်ယာန်တို့သည် အဓမ္မအနိုင်ကျင့်သော ခေတ်သစ်ဂေါလျတ်သက်ရောက်စေသည့် ရက်စက်ကြမ်းကြုတ်သော ပြစ်တင်ရှုတ်ချမှုနှင့် ညှဉ်းပန်းမှုတို့ကိုမမှုဘဲ ယေဟောဝါ၏အချုပ်အခြာအာဏာတော်နှင့် နိုင်ငံတော်ကို ထောက်ခံအားပေးကြသည်။ ဤသို့အားဖြင့် သူတို့သည် ယေဟောဝါ၏အချုပ်အခြာအာဏာတော်အတွက် ဝိညာဏစစ်ပွဲကို ရဲရင့်စွာဆင်နွှဲသော “ဒါဝိဒ်၏သားတော်” ယေရှု၏ခြေတော်ရာကို လိုက်ရင်းနှင့် တစ်ချိန်တည်းတွင် ကမ္ဘာ့ပဋိပက္ခများနှင့် နိုင်ငံရေးတို့နှင့် ပတ်သက်၍ ကြားနေခြင်းကို ကြပ်ကြပ်မတ်မတ် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ကြသည်။ ခမည်းတော်ထံ ဆုတောင်းရာတွင် ယေရှုက မိမိ၏နောက်တော်လိုက်များဖြစ်ကြသည့် စစ်မှန်သောခရစ်ယာန်များသည် “ဤလောကနှင့်မစပ်ဆိုင်” ကြောင်း မိန့်မြွက်တော်မူခဲ့သည်။—မဿဲ ၄:၈-၁၀၊ ၁၇; ၂၁:၉။ ယောဟန် ၆:၁၅; ၁၇:၁၄၊ ၁၆; ၁၈:၃၆၊ ၃၇။ ၁ ပေတရု ၂:၂၁။
၁၂။ (က) ခေတ်သစ်ဂေါလျတ်ကို မည်သူရိုက်သတ်ခဲ့သနည်း။ အဘယ်သို့အားဖြင့်နည်း။ (ခ) “ဂေါလျတ်” ကိုသေပြီဟု သဘောထားခြင်းက ယေဟောဝါ၏လူမျိုးတော်အပေါ် အဘယ်အကျိုးသက်ရောက်မှုရှိခဲ့သနည်း။
၁၂ ယနေ့ ဒါဝိဒ်နှင့်တူသော ဘိသိက်ခံခရစ်ယာန်အကြွင်းအကျန်တို့သည် ခေတ်သစ်ဂေါလျတ်ကို ရိုက်သတ်ပြီးဖြစ်သည်။ အဘယ်သို့အားဖြင့်နည်း။ ကမ္ဘာစိုးမိုးရေးအငြင်းပွားမှုတွင် ယေဟောဝါဘက်၌ရပ်တည်ကြောင်း တိကျပြတ်သားစွာ ကြေညာခြင်းအားဖြင့်ဖြစ်သည်။ “(၁၉၂၂ ခု၊ စက်တင်ဘာလ ၁၀ ရက်၊ တနင်္ဂနွေနေ့၌ အိုဟိုင်းအိုပြည်နယ်၊ စီဒါပွိုင့်မြို့တွင် ကျင်းပသော စည်းဝေးပွဲကြီး၌ နိုင်ငံတကာကျမ်းစာကျောင်းသားများအသင်းက လက်ခံအတည်ပြုခဲ့သော) အဓိဌာန်” တစ်ရပ်က နမူနာတင်ပြထားသည်။ ၄င်းတွင် အောက်ပါအချက်များပါဝင်သည်။
“၁၀။ ယခုနေ့ရက်ကာလသည် စာတန်၏ရူပနှင့်အရူပအင်ပိုင်ယာကို ဘုရားသခင်လက်စားချေတော်မူရာနေ့ရက်ဖြစ်ကြောင်း၊
“၁၁။ ဤလောကဟောင်း သို့မဟုတ် အစီအစဉ်ဟောင်းကို ပြန်၍ တည်ဆောက်ခြင်းသည် မဖြစ်နိုင်သောအရာဖြစ်ကြောင်း၊ ခရစ်တော်အာဖြင့် ဘုရားသခင့်နိုင်ငံတော် တည်ထောင်ချိန်သည် ယခုပင်ဖြစ်ကြောင်း၊ သခင်ဘုရား၏ဖြောင့်မတ်တရားသော အုပ်စိုးခြင်းကို စိတ်လိုကိုယ်လျောက် လက်အောက်မခံလိုသော တန်ခိုးကြီးနိုင်ငံများနှင့် အဖွဲ့အစည်းရှိရှိသမျှသည် ဖျက်ဆီးခြင်းခံရမည်ဖြစ်ကြောင်း ကျွန်ုပ်တို့အကြွင်းမဲ့ယုံကြည်၍ ထပ်မံသက်သေခံသည်။”
“ဒါဝိဒ်၏သားတော်” သည် ခရစ်ယာန်အသင်းတော်၏ ဦးခေါင်းအနေနှင့် နိုင်ငံတော်သမ္မာတရားတည်းဟူသော ထိုကျောက်လုံး ပစ်လွှတ်ခြင်းကို ထိန်းကျောင်းခဲ့သည်မှာ ယုံမှားဖွယ်မရှိချေ။ (မဿဲ ၁၂:၂၃။ ယောဟန် ၁၆:၃၃။ ကောလောသဲ ၁:၁၈) ၁၉၂၂ မှ ၁၉၂၈ ခုနှစ်အထိ နှစ်စဉ်ကျင်းပခဲ့သော စည်းဝေးပွဲကြီးများ၌ လက်ခံအတည်ပြုခဲ့သည့် အဓိဌာန်များက ဤသဘောကိုအလေးအနက်ထင်ရှားစေသည်။ ယေဟောဝါ၏ လူမျိုးတော်အမြင်သဘောအရ “ဂေါလျတ်” သည် သေနေပြီ၊ ခေါင်းဖြတ်ခံရပြီးဖြစ်သည်။ အာဏာရှင်ဆန်သော လူ့အုပ်ချုပ်ရေးအနေဖြင့် ယေဟောဝါ၏အချုပ်အခြာအာဏာတော်အား သတ္တိရှိရှိထောက်ခံအားပေးသူများကို အလျှော့ပေးလိုက်လျောလာအောင် အဓမ္မအကြပ်ကိုင်နိုင်စွမ်းမရှိခဲ့ပေ။—ဗျာဒိတ်၂၀:၄ နှင့် နှိုင်းယှဉ်ပါ။
၁၃။ (က) ဟစ်တလာကြီးစိုးရာ ဂျာမနီနိုင်ငံတွင် ဖိနှိပ်ရာကာလအတောအတွင်း ခရစ်ယာန်ဘောင်မှ ဓမ္မဆရာရဟန်းများ မည်သို့လိုက်လျောလုပ်ဆောင်ခဲ့သနည်း။ (ခ) Mothers in the fatherland စာအုပ်က အလျှော့ပေးလိုက်လျောခြင်းမပြုသော သက်သေခံများအကြောင်း မည်သို့ရေးသားထားသနည်း။
၁၃ ဂေါလျတ်ကဲ့သို့သော နိုင်ငံရေးအုပ်ချုပ်ရေးတို့၏ အဓမ္မအကြပ်ကိုင်မှုနှင့်စပ်လျဉ်းသော ထူးခြားထင်ရှားသည့် ခေတ်သစ်ဥပမာတစ်ရပ် ဟစ်တလာအုပ်ချုပ်စဉ်က ဂျာမနီပြည်တွင် ဖြစ်ပျက်ခဲ့သည်။ အဓိကဘာသာကြီးဖြစ်သော ကာသိုလိပ်နှင့် ပရိုတက်စတင့်နှစ်ရပ်စလုံးက နာဇီဝါဒကို ဂုဏ်ပြုရာတွင်လည်းကောင်း၊ ခေါင်းဆောင်ကြီးကို အလွန်အကျွံမြတ်နိုးရာတွင်လည်းကောင်း၊ သူ၏စကြာအလံကို အလေးပြုရာတွင်လည်းကောင်း၊ သူ၏တပ်ဖွဲ့များ အိမ်နီးချင်းနိုင်ငံများမှ ဘာသာတရားယုံကြည်မှုတူသူတို့ကို သတ်ဖြတ်ရန် ချီတက်သွားစဉ်တွင် ကောင်းချီးမင်္ဂလာပေးရာတွင်လည်းကောင်း၊ စိတ်ပျက်ဖွယ်ကောင်းလောက်အောင် အလျှော့ပေးလိုက်လျောခဲ့ကြသည်။ ဘာသာရေးယုံကြည်ချက်အမျိုးမျိုးရှိရှိသမျှတို့မှ ခရစ်ယာန်အခေါ်ခံသူတို့သည် မျိုးချစ်စိတ်မှိုင်းငွေ့မိခဲ့ကြသည်။ သို့သော် ထိုအထဲတွင် ယေဟောဝါသက်သေများမပါဝင်ချေ။ Mothers in the Fatherland စာအုပ်က ဤသို့ရေးသားထားသည်။ “[ယေဟောဝါသက်သေများသည်] ချွေးတပ်စခန်းများသို့ ပို့ခံရကြသည်။ တစ်ထောင်အသတ်ခံရပြီး နောက်တစ်ထောင်မှာ ၁၉၃၃ နှင့် ၁၉၃၅ ခုနှစ်အတွင်း သေဆုံးခဲ့ကြသည်။ . . . ကာသိုလိပ်နှင့် ပရိုတက်စတင့်ဘာသာဝင်များသည် သူတို့၏ဘာသာရေးခေါင်းဆောင်များက ဟစ်တလာနှင့် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းသည်ကိုကြားရကြသည်။ သူတို့အာခံခဲ့လျှင် ချာ့ချ်၏အမိန့်ကိုကော၊ တိုင်းပြည်၏အမိန့်ကိုပါ အာခံရာရောက်သည်။” ချာ့ချ်ကော တိုင်းပြည်ပါ မည်မျှသွေးပြစ်ကြီးလိုက်ကြလေခြင်း။—ယေရမိ ၂:၃၄။b
၁၄။ ယေဟောဝါသက်သေများ အဘယ်ကြောင့် မကြာမကြာ နှိပ်စက်ညှဉ်းပန်းခံရခြင်းဖြစ်သနည်း။
၁၄ ယနေ့ထက်တိုင် နိုင်ငံများစွာ၌ ယေဟောဝါသက်သေများကို ဆက်လက်၍ ရက်စက်စွာဖိနှိပ်လျက်ရှိသည်။ ယေရှုတင်ကူးဟောပြောတော်မူသည့် အတိုင်းပင်ဖြစ်သည်။ သို့သော်လည်း အခြေအနေအားလုံးအောက်တွင် ဤခရစ်ယာန်တို့သည် ‘နိုင်ငံတော်နှင့်ယှဉ်သော ဤသတင်းကောင်း’ ကို မလျှော့သော ဇွဲလုံ့လဖြင့် အဆက်မပြတ်ဟောပြောလျက်နေကြသည်။ (မဿဲ ၂၄:၉၊ ၁၃၊ ၁၄) အမှန်ပြောရလျှင် သက်သေခံများသည် ရိုးသားဖြောင့်မတ်၍ သန့်ရှင်းစင်ကြယ်စွာနေထိုင်သော နိုင်ငံသားများ၊ တရားဥပဒေနှင့် ငြိမ်ဝပ်မှုကာကွယ်စောင့်ထိန်းရာတွင် စံထားအပ်သူများအဖြစ် နိုင်ငံအများ၌ အသိအမှတ်ပြုခြင်းခံရခြင်းဖြစ်သည်။ (ရောမ ၁၃:၁-၇) သို့သော်လည်း နှိပ်စက်ညှဉ်းပန်းခံရကြသည်။ အဘယ်ကြောင့်နည်း။ ကိုးကွယ်ဝတ်ပြုမှုကို ယေဟောဝါတစ်ပါးတည်းသာလျှင် သီးသန့်ပိုင်ဆိုင်သောကြောင့် နိုင်ငံ၏အထိမ်းအမှတ်များကို ဦးချခြင်းသော်လည်းကောင်း၊ ယင်းတို့ကို ချီးကျူးသြဘာပေးခြင်းသော်လည်းကောင်း မပြုကြပေ။ (တရားဟောရာ ၄:၂၃၊ ၂၄; ၅:၈-၁၀; ၆:၁၃-၁၅) အလျှော့ပေးခြင်းလိုက်လျောခြင်းမပြုဘဲ ယေဟောဝါတစ်ပါးတည်းကိုသာ သူတို့ကိုးကွယ်ကြသည်။ သူတို့၏ဘဝအသက်တာ၌ ယေဟောဝါကို အချုပ်အခြာအာဏာပိုင်အရှင်သခင်အဖြစ်ထားကြသည်။ (မဿဲ ၄:၈-၁၀။ ဆာလံ ၇၁:၅; ၇၃:၂၈) “ဤလောကနှင့် မစပ်ဆိုင်” သောကြောင့် ကမ္ဘာ့နိုင်ငံရေးနှင့် စစ်ရေးတို့နှင့်ပတ်သက်၍ ခရစ်ယာန်ကြားနေမှုကို သူတို့ကာကွယ်စောင့်ထိန်းကြသည်။—ယောဟန် ၁၅:၁၈-၂၁; ၁၆:၃၃။
၁၅၊ ၁၆။ (က) ခေတ်သစ်ဂေါလျတ်ခြိမ်းခြောက်လာသောအခါ အသက်အရွယ်အသီးသီးရှိ သက်သေခံအားလုံး မည်သူ၏ပုံသက်သေကို လိုက်နိုင်ကြသနည်း။ ဤအချက်ကိုခြောက်နှစ်အရွယ် ခရစ်ယာန်မိန်းကလေးတစ်ဦး မည်သို့သာဓကပြသွားသနည်း။ (ခ) ခရစ်ယာန်မိဘများ မိမိတို့၏ သားငယ်သမီးငယ်များကို မည်သူတို့နှင့် တူအောင်လေ့ကျင့်ပေးလိုကြသနည်း။
၁၅ ယေဟောဝါအားကိုးကွယ်ခြင်းကို ရုပ်တုကိုးကွယ်ခြင်းဆန်သော အကျင့်ဓလေ့များထက် ဦးထိပ်တားကြသော ဤသမာဓိစောင့်သိသူတို့ကို ခေတ်သစ်ဂေါလျတ်က မကြာမကြာ ခြိမ်းခြောက်သည်။ (ဗျာဒိတ် ၁၃:၁၆၊ ၁၇ နှင့် နှိုင်းယှဉ်ကြည့်ပါ။) သို့သော် သက်သေခံများသည် စိန်ခေါ်ချက်ကို မကြောက်မရွံ ချေပခြင်းအားဖြင့် ဒါဝိဒ်၏စံနမူနာကို အတုယူနိုင်ကြသည်။ လက်တင်အမေရိကနိုင်ငံတစ်နိုင်ငံတွင် ခြောက်နှစ်အရွယ်ခရစ်ယာန်မိန်းခလေးတစ်ယောက်သည် နို့စို့အရွယ်မှစ၍ အိမ်တွင်းလေ့ကျင့်မှုကောင်းစွာရရှိခဲ့၏။ (ဧဖက် ၆:၄။ ၂ တိမောသေ ၃:၁၄၊ ၁၅ နှင့် နှိုင်းယှဉ်ကြည့်ပါ။) ယင်းကြောင့် အတန်းတွင် အတော်ဆုံးကျောင်းသူဖြစ်ခဲ့သည်။ သို့သော် ကျမ်းစာအရ လေ့ကျင့်ပုံသွင်းထားသော သူမ၏သြတ္တပ္ပစိတ်က ရုပ်တုကိုးကွယ်ခြင်းနှင့်ဆိုင်သော အခမ်းအနားများတွင်မပါဝင်ရန် ဟန့်တားပေးသည်။ မိမိ၏ရပ်တည်ချက်ကို သူမရှင်းပြသောအခါ ဆရာဖြစ်သူက ဤမျှငယ်ရွယ်လှသည့် မိန်းကလေး၌ ဩတ္တပ္ပစိတ်မရှိနိုင်ဟုဆို၏။ ဤခြောက်နှစ်သမီးလေးက ထိထိမိမိသက်သေခံလိုက်ခြင်းအားဖြင့် ဆရာဖြစ်သူ မှားယွင်းကြောင်းပြသလိုက်သည်။
၁၆ ခရစ်ယာန်မိဘများအားလုံးအနေဖြင့် မိမိတို့၏သားငယ်သမီးငယ်တို့ကို လေ့ကျင့်ပေးမည်ဟုမျှော်လင့်ပါသည်။ သို့မှသာ ဂေါလျတ်ကဲ့သို့သော လောကီအာဏာပိုင်တို့က သူတို့ကို ခြိမ်းခြောက်လာသောအခါ မိမိတို့၏ရပ်တည်ချက်အတိုင်း စွဲစွဲမြဲမြဲရပ်တည်ခြင်းအားဖြင့် ငယ်ရွယ်သော ဒါဝိဒ်၏စံနမူနာကို အတုယူနိုင်ကြပေမည်။ သူတို့လေးတွေ ကျမ်းစာမူနှင့်အညီ သတ္တိရှိရှိ ‘ကြည်လင်သောသြတ္တပ္ပစိတ်စောင့်ထိန်း’ ရာတွင် သစ္စာရှိဟေဗြဲလူငယ်သုံးဦးကဲ့သို့လည်းကောင်း၊ ဒံယေလနှင့် ကျမ်းစာမှ အခြားသူများကဲ့သို့လည်းကောင်း ဖြစ်နိုင်ကြပါစေ။—၁ ပေတရု ၂:၁၉; ၃:၁၆။ ဒံယေလ ၃:၁၆-၁၈။
သမိုင်းပညာရှင်တို့၏ အမြင်
၁၇။ (က) အင်္ဂလိပ်သမိုင်းပညာရှင် တွိုင်ဘီက အဘယ်အရာတိုးတက်ဖွံ့ဖြိုးလာပုံကို သတိပေးခဲ့သနည်း။ ခေတ်သစ်ဂေါလျတ်အတန်းအစားက ဘုရားသခင့်လူမျိုးတော်၏ သစ္စာသမာဓိကို အဘယ်သို့စမ်းသပ်သနည်း။
၁၇ ထင်ရှားသော အင်္ဂလိပ်သမိုင်းပညာရှင် အာနောတွိုင်ဘီက ကျွန်ုပ်တို့ခေတ်မှ “အမျိုးသားအချုပ်အခြာအာဏာပိုင်နိုင်ငံများကို ဒိဌိဆန်သော ကိုးကွယ်မှု၏ တင်းမာသောအသွင်အပြင်” တိုးတက်ဖွံ့ဖြိုးလာပုံအကြောင်း သတိပေးခဲ့ပြီး ယင်းကို “လူမျိုးစုဝါဒစွဲတည်းဟူသော ပုလင်းဟောင်းအတွင်းရှိ ဒီမိုကရေစီတည်းဟူသော စပျစ်ရည်သစ်၏ ချဉ်သောတဆေး” အဖြစ်တင်စားဖေါ်ပြခဲ့သည်။ ကိုယ့်အမျိုးသားသည် ကျန်အမျိုးသားရှိရှိသမျှထက် သာသည်ဟု အခိုင်အမာဆိုသည့်အပြင် နိုင်ငံကို ကိုးကွယ်သည့်အဆင့်အထိရောက်နေသူတို့မှာ အုပ်ချုပ်သူတို့၏လှည့်စားခြင်းခံနေရပြီး ယင်းတို့၏မူဝါဒ ကောင်းကောင်းဆိုးဆိုးမဟူ အကောင်အထည်ဖေါ်ရာတွင် အသုံးတော်ခံဖြစ်နေကြသည်။ အကျိုးဆက်အနေနှင့် ဂေါလျတ်အတန်းအစားက ဇာတိမြေကို ချစ်သော်လည်း နိုင်ငံနှင့် ယင်း၏အထိမ်းအမှတ်များကို ကိုးကွယ်ရန် ငြင်းပယ်သော ဘုရားသခင့်လူမျိုးတော်၏ သစ္စာသမာဓိကို စမ်းသပ်လာကြသည်။
၁၈။ အဘယ်စေ့ငှထိုးထွင်းသော မေးခွန်းများကို တာဝန်သိခရစ်ယာန်များ ဖြေဆိုရန်ရှိသနည်း။
၁၈ နာဇီဂျာမနီနိုင်ငံ၌ ဖြစ်ပျက်ခဲ့သကဲ့သို့ ယနေ့တာဝန်သိခရစ်ယာန်များ ဖြေဆိုစရာ စေ့ငှထိုးထွင်းသောမေးခွန်းများရှိသည်။ ၄င်းတို့မှာ ကျွန်ုပ်နေထိုင်ရာ နိုင်ငံသည် အခြားနိုင်ငံများထက် ဘုရားသခင့်မျက်နှာသာတော်ခံရသည်ဟု ယုံကြည်အပ်သလော။ အထူးသဖြင့် ယခုကဲ့သို့လူ့သမိုင်းတွင် အန္တရာယ်အထူပြောဆုံး အခါသမယမျိုး၌ ကမ္ဘာမြေကြီး၏အစိတ်အပိုင်းငယ်တစ်ခုကို အခြားအစိတ်အပိုင်းအားလုံးထက်သာ၍ ထူးမြတ်သည်ဟု ယူဆခြင်းသည် ယုတ္တိတန်သလော။ အဓိပ္ပာယ်ရှိသလော။ သို့တည်းမဟုတ် လူ့မိသားစုကြီး၏ တစ်စိတ်တစ်ပိုင်းကို ကျန်အစိတ်အပိုင်းအားလုံးထက် သာ၍ ထူးမြတ်သည်ဟု ယူဆလျှင်ကော။
၁၉။ လူမျိုးတစ်မျိုးက ကျန်အခြားလူမျိုးထက် သာလွန်ထူးမြတ်သယောင်ယောင် ထင်မှတ်ကာ ကျင့်ကြံပြုမူခြင်းနှင့်စပ်လျဉ်း၍ အကြီးမြတ်ဆုံးသမိုင်းပညာရှင်ယေဟောဝါက ဘာမိန့်တော်မူသနည်း။
၁၉ ကျမ်းစာအာဘော်ရှင် ယေဟောဝါဘုရားသခင်တည်းဟူသော အကြီးမြတ်ဆုံးသမိုင်းပညာရှင်၏အမြင်သဘောထားကို သုံးသပ်ကြည့်ကြပါစို့။ “အကယ်စင်စစ်ဘုရားသခင်သည် လူမျက်နှာကို မှတ်တော်မမူ။ လူအမျိုးမျိုးတို့တွင် ဘုရားသခင်ကို ကြောက်ရွံ၍ တရားသဖြင့်ကျင့်ဆောင်သောသူသည် အထံတော်၌ မျက်နှာရသည်ကို ငါသိမြင်၏” ဟု တမန်တော်ပေတရုပြောပြ၏။ “ဘုရားသခင်သည် မြေတစ်ပြင်လုံး၌ နေရသော လူအမျိုးမျိုးတို့ကို တစ်ဦးတည်းမှ ဖန်ဆင်းတော်မူ” သည်ဟူသော တမန်တော်ပေါလု၏ မှုတ်သွင်းခံအဆိုနှင့် အညီ ကျွန်ုပ်တို့အစဉ်သဖြင့် ကျင့်ကြံပြုမူအပ်သည်မဟုတ်လော။ လူတစ်မျိုးက အခြားလူမျိုးတို့ထက် သာလွန်ထူးမြတ်သယောင်ယောင် အဘယ်ကြောင့်ထင်မှတ်၍ ကျင့်ကြံပြုမူသင့်သနည်း။ လူသားအပေါင်းနှင့်စပ်လျဉ်း၍ ပေါလုက “ငါတို့သည် ဘုရားသခင်၏အမျိုးအနွယ်” ဖြစ်ကြကြောင်း ပြောဆိုခဲ့သည်။—တမန်တော် ၁၀:၃၄၊ ၃၅၊ ၁၇:၂၆၊ ၂၉။
၂၀။ ယေဟောဝါ၏စနစ်သစ်၌ ဘုရားသခင့်လူမျိုးတော်သည် အဘယ်အရာ၏စိန်ခေါ်မှု လုံးဝခံရတော့မည်မဟုတ်သနည်း။ လေ့လာရန် နောက်ဆောင်းပါး၌ အဘယ်အကြောင်းဆွေးနွေးမည်နည်း။
၂၀ ယေဟောဝါ၏စနစ်သစ်တွင် ဖြောင့်မတ်ခြင်းတရားမြတ်နိုးသူများအနေဖြင့် ဂေါလျတ်ကဲ့သို့သောဗဟိုချုပ်ကိုင်သောနိုင်ငံရေးစနစ်များ၏ စိန်ခေါ်ခြင်းလုံးဝခံရတော့မည်မဟုတ်ပေ။ အကြောင်းမှာ ပါတီစွဲမာန်မာနနှင့် ရန်လိုမုန်းတီးမှုတို့သည် အတိတ်ကာလတွင် ကျန်ရစ်ခဲ့ပြီဖြစ်သည်။ (ဆာလံ ၁၁:၅-၇) ကမ္ဘာကြီး၏ မည်သည့်ဒေသ၌နေထိုင်စေကာမူ ဘုရားသခင့်လူမျိုးတော်သည် “ငါသည်သင်တို့ကို ချစ်သည်နည်းတူ အချင်းချင်းချစ်ကြလော့” ဟူသော ယေရှု၏အမိန့်တော်ကို နာခံလျက် ထိုသို့သော အမျိုးသားရေးဝါဒကို ကျောခိုင်းခဲ့ကြပြီးဖြစ်သည်။ (ယောဟန် ၁၃:၃၄၊ ၃၅။ ဟေရှာယ ၂:၄) လေ့လာရန် နောက်ဆက်တွဲဆောင်းပါး၌ ယင်းသည် အဘယ်သို့သော မေတ္တာမျိုးဖြစ်ကြောင်း ဖေါ်ပြထားသည်။
[အောက်ခြေမှတ်ချက်များ]
a ဤကျမ်းစာဆိုင်ရာ တွက်ချက်နည်းများကို အသေးစိတ်သုံးသပ်ရန် ကင်းမျှော်စင်ကျမ်းစာနှင့်ဝေစာအသင်း ထုတ်ဝေသည့် “Let Your Kingdom Come” စာအုပ်၊ စာမျက်နှာ ၁၂၉-၃၉ ကိုကြည့်။
b နာဇီ “ဂေါလျက်” ၏စိန်ခေါ်ချက်ကိုတုံ့ပြန်ရာ၌ ယေဟောဝါသက်သေလူငယ်လူကြီးတို့၏ တည်ကြည်မှုအားတက်ဖွယ်ပုံသက်သေကို 1974 Yearbook of Jehovah’s Witnesses, စာမျက်နှာ ၁၁၇-၂၁၊ ၁၆၄-၉၊ တွင်ကြည့်ပါ။
ပြန်လည်စစ်ဆေးရန် မေးခွန်းများ
▫ နိုင်ထက်စီးနင်းပြုသော လူ့ဘီလူးကြီးဂေါလျတ် အဘယ်အရာကိုပုံဆောင်သနည်း။
▫ အချုပ်အခြာအာဏာပြဿနာတွင် ဘုရားသခင့်ကျေးကျွန်များ အလျှော့ပေးခြင်းမရှိကြောင်း အဘယ်နည်းဖြင့်တင်ပြကြသနည်း။
▫ ခေတ်သစ်ကာလ ဂေါလျတ် ရိုက်သတ်ခံလိုက်ရပြီဟု ဘုရားသခင့်လူမျိုးတော် အဘယ်ကြောင့်ဆိုနိုင်သနည်း။
▫ ရှောလု၏ပြုမူပုံနည်းအတိုင်း မည်သူတို့လိုက်ကြသနည်း။ အဘယ်သို့အားဖြင့်နည်း။
▫ ယေဟောဝါ၏လူမျိုးတော်သည် ခေတ်သစ်ကာလဂေါလျတ် ဖိနှိပ်ချုပ်ချယ်ခံရစဉ်တွင် ဒါဝိဒ်နည်းတူ မည်ကဲ့သို့ပြုမူကြသနည်း။