ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lvs အခန်း ၁၆ စာ. ၂၁၃-၂၂၅
  • မာရ်နတ်ကို ခုခံတွန်းလှန်ကြပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မာရ်နတ်ကို ခုခံတွန်းလှန်ကြပါ
  • ဘုရားမေတ္တာတော် ခံစားနေနိုင်ပုံ
  • “ဘုရားသခင့်မေတ္တာ” ဖတ်ပါ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ဟိန်းဟောက်နေတဲ့ ခြင်္သေ့လို”
  • “ကျွန်တော်တို့ . . . တိုက်ခိုက်နေရ”
  • နတ်ဆိုးတွေကို ဝေးဝေးရှောင်ပါ
  • ကျွန်တော်တို့ကို လှည့်ဖြားဖို့ စာတန် ကြိုးစားနေ
  • ကျွန်တော်တို့ရဲ့ ပင်ကိုယ်စိတ်ဆန္ဒကို စာတန် အသုံးပြု
  • နတ်ဆိုးပုံပြင်များ
  • ထာဝရအသက်၏ ရန်သူတစ်ပါး
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
  • နိုးကြားနေပါ—သင့်ကို စာတန် ဝါးမျိုချင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ကောင်းကင်တမန်တွေနဲ့ပတ်သက်တဲ့ အမှန်တရား
    သမ္မာကျမ်းစာ သွန်သင်ရာများ
  • စာတန်ကို ဆီးတားလော့၊ ထွက်ပြေးသွားလိမ့်မည်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
နောက်ထပ် ကြည့်ပါ
ဘုရားမေတ္တာတော် ခံစားနေနိုင်ပုံ
lvs အခန်း ၁၆ စာ. ၂၁၃-၂၂၅
ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်ခြင်းအားဖြင့် ညီအစ်ကိုတစ်ယောက် စာတန်ကို ခုခံတွန်းလှန်နေစဉ်

အခန်း ၁၆

မာရ်နတ်ကို ခုခံတွန်းလှန်ကြပါ

“မာရ်နတ်ကို ခုခံတွန်းလှန်ကြပါ။ ဒါဆိုရင် ခင်ဗျားတို့ဆီကနေ သူ ထွက်ပြေးသွားလိမ့်မယ်။”—ယာကုပ် ၄:၇။

၁၊ ၂။ စာတန်၊ နတ်ဆိုးတွေနဲ့ပတ်သက်ပြီး ဘာသိထားရမလဲ။

ယေဟောဝါရဲ့ ကမ္ဘာသစ်မှာ နေရမယ့် အသက်တာက သိပ်ကောင်းမှာပဲ။ ဘုရားသခင် ရည်ရွယ်ထားတဲ့အတိုင်း ကျွန်တော်တို့ အသက်ရှင်ကြရတော့မယ်။ လက်ရှိမှာတော့ စာတန်နဲ့ နတ်ဆိုးတွေ ချုပ်ကိုင်ထားတဲ့ လောကမှာ အသက်ရှင်နေကြရတယ်။ (၂ ကောရိန္သု ၄:၄) မမြင်နိုင်ပေမဲ့ နတ်ဆိုးတွေ အမှန်တကယ် တည်ရှိတယ်။ တန်ခိုးကြီးကြတယ်။

၂ ယေဟောဝါနဲ့ နီးနီးကပ်ကပ် နေနိုင်ပုံ၊ စာတန့်လက်ကနေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ပုံတို့ကို ဒီအခန်းမှာ ဆွေးနွေးသွားမယ်။ ကျွန်တော်တို့ကို ကူညီပေးမယ်လို့ ယေဟောဝါ ကတိပြုတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကို လှည့်စားတိုက်ခိုက်ဖို့ စာတန်နဲ့ နတ်ဆိုးတွေ သုံးတဲ့ နည်းလမ်းတွေကို သိထားရမယ်။

“ဟိန်းဟောက်နေတဲ့ ခြင်္သေ့လို”

၃။ မာရ်နတ်က ကျွန်တော်တို့ကို ဘာလုပ်ချင်သလဲ။

၃ လူသားတွေက ကိုယ်ကျိုးအတွက် ယေဟောဝါကို ဝတ်ပြုကိုးကွယ်ကြတာ၊ အခက်အခဲ ကြုံရင် ဘုရားကို ဝတ်ပြုကိုးကွယ်ကြတော့မှာ မဟုတ်ဘူးလို့ စာတန် အခိုင်အမာ ပြောထားတယ်။ (ယောဘ ၂:၄၊ ၅ ကိုဖတ်ပါ။) တစ်ယောက်ယောက်က ယေဟောဝါအကြောင်း လေ့လာချင်တဲ့အခါ စာတန်နဲ့ နတ်ဆိုးတွေ သတိပြုမိပြီး တားဆီးဖို့ ကြိုးစားကြတယ်။ လူတစ်ယောက် ယေဟောဝါဆီ ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံတဲ့အခါ သူတို့ ဒေါသထွက်ကြတယ်။ မာရ်နတ်က “ဟိန်းဟောက်နေတဲ့ ခြင်္သေ့လို တစ်ယောက်ယောက်ကို ဝါးမျိုဖို့ လှည့်လည်ရှာဖွေတယ်” ဆိုပြီး ကျမ်းစာမှာ ဆိုထားတယ်။ (၁ ပေတရု ၅:၈) ယေဟောဝါနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို စာတန် ဖျက်ဆီးချင်တယ်။—ဆာလံ ၇:၁၊ ၂။ ၂ တိမောသေ ၃:၁၂။

ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်ခြင်းအားဖြင့် ညီအစ်ကိုတစ်ယောက် စာတန်ကို ခုခံတွန်းလှန်နေစဉ်

ယေဟောဝါဆီ ကျွန်တော်တို့ ဆက်ကပ်အပ်နှံတဲ့အခါ စာတန် ဒေါသထွက်

၄၊ ၅။ (က) စာတန် ဘာမလုပ်နိုင်ဘူးလဲ။ (ခ) “မာရ်နတ်ကို ခုခံတွန်းလှန်” တယ်ဆိုတာ ဘာလဲ။

၄ ဒါပေမဲ့ စာတန်နဲ့ နတ်ဆိုးတွေကို ကြောက်ဖို့ မလိုပါဘူး။ ကျွန်တော်တို့အပေါ် သူတို့ရဲ့ လုပ်ဆောင်နိုင်စွမ်းကို ယေဟောဝါ ကန့်သတ်ထားတယ်။ စစ်မှန်တဲ့ ခရစ်ယာန် “လူအုပ်ကြီးတစ်အုပ်” “ကြီးစွာသောဒုက္ခ” ကနေ လွတ်မြောက်လာမယ်ဆိုပြီး ယေဟောဝါ ကတိပြုတယ်။ (ဗျာဒိတ် ၇:၉၊ ၁၄) ယေဟောဝါက မိမိလူမျိုးကို ကာကွယ်ပေးနေတာမို့ ဘုရားကတိတော် မပြည့်စုံအောင် မာရ်နတ် ဘာမှ မလုပ်နိုင်ဘူး။

၅ ယေဟောဝါနဲ့ ရင်းနှီးနေရင် ဘုရားနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို စာတန် မဖျက်ဆီးနိုင်ဘူး။ “ယေဟောဝါဘုရားဘက်မှာ ခင်ဗျားတို့ ရှိနေသရွေ့ ဘုရားကလည်း ခင်ဗျားတို့ဘက်မှာ ရှိနေမယ်” ဆိုပြီး ကျမ်းစာမှာ အာမခံထားတယ်။ (၂ ရာဇဝင်ချုပ် ၁၅:၂။ ၁ ကောရိန္သု ၁၀:၁၃ ကို ဖတ်ပါ။) အာဗေလ၊ ဧနောက်၊ နောဧ၊ စာရာ၊ မောရှေစတဲ့ ရှေးသစ္စာရှိ အမျိုးသား/သမီးများစွာဟာ ယေဟောဝါနဲ့ ရင်းနှီးနေခြင်းအားဖြင့် မာရ်နတ်ကို ခုခံတွန်းလှန်ခဲ့ကြတယ်။ (ဟီဘရူး ၁၁:၄-၄၀) ကျွန်တော်တို့လည်း အလားတူ လုပ်ဆောင်နိုင်ပါတယ်။ “မာရ်နတ်ကို ခုခံတွန်းလှန်ကြပါ။ ဒါဆိုရင် ခင်ဗျားတို့ဆီကနေ သူထွက်ပြေးသွားလိမ့်မယ်” ဆိုပြီး ကျမ်းစာမှာ ကတိပြုတယ်။—ယာကုပ် ၄:၇။

“ကျွန်တော်တို့ . . . တိုက်ခိုက်နေရ”

၆။ ကျွန်တော်တို့ကို စာတန် ဘယ်လို တိုက်ခိုက်သလဲ။

၆ ကျွန်တော်တို့အပေါ် လုပ်ဆောင်နိုင်စွမ်းနဲ့ပတ်သက်ပြီး ယေဟောဝါ ကန့်သတ်ထားမှန်း စာတန် သိထားတာတောင် ဘုရားနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေး အားနည်းသွားအောင် ဘာမဆို ကြိုးစားလုပ်မှာပဲ။ ဒီနေ့ နည်းအမျိုးမျိုးနဲ့ မာရ်နတ် တိုက်ခိုက်နေတယ်။ နှစ်ပေါင်းထောင်ချီ သုံးခဲ့တဲ့ နည်းဗျူဟာတွေ သုံးတယ်။ နည်းဗျူဟာတချို့က ဘာတွေလဲ။

၇။ ယေဟောဝါရဲ့ ကျေးကျွန်တွေကို စာတန် ဘာကြောင့် တိုက်ခိုက်နေသလဲ။

၇ “တစ်လောကလုံးကတော့ ဆိုးညစ်သူရဲ့ ဩဇာအောက်မှာ ရှိနေ” တယ်ဆိုပြီး တမန်တော် ယောဟန် ရေးခဲ့တယ်။ (၁ ယောဟန် ၅:၁၉) ဆိုးညစ်တဲ့ ဒီလောကကို စာတန် ချုပ်ကိုင်ထားတယ်။ ယေဟောဝါရဲ့ ကျေးကျွန်တွေကိုလည်း ချုပ်ကိုင်ချင်တယ်။ (မိက္ခာ ၄:၁။ ယောဟန် ၁၅:၁၉။ ဗျာဒိတ် ၁၂:၁၂၊ ၁၇) မာရ်နတ်က မိမိအချိန် သိပ်မကျန်တော့မှန်း သိထားလို့ ဘုရားအပေါ် သစ္စာမဲ့သွားအောင် ကျွန်တော်တို့ ယောက်တိုင်းကို အပြင်းအထန် ဖိအားပေးနေတယ်။ တစ်ခါတလေ တိုက်ရိုက် တိုက်ခိုက်တယ်။ တစ်ခါတလေ သွယ်ဝိုက် တိုက်ခိုက်တယ်။

၈။ ခရစ်ယာန်ယောက်တိုင်း ဘာကို အသိအမှတ်ပြုရမလဲ။

၈ “ကျွန်တော်တို့ဟာ . . . ကောင်းကင်က နတ်ဆိုးများစွာနဲ့ တိုက်ခိုက် [“နပန်းသတ်၊” အောက်ခြေမှတ်ချက်] နေရတာ ပါ” ဆိုပြီး ဧဖက် ၆:၁၂ မှာ ဖတ်ရတယ်။ ခရစ်ယာန်ယောက်တိုင်း မာရ်နတ်နဲ့ နတ်ဆိုးတွေကို ကိုယ်တိုင် တိုက်ခိုက်ရတယ်။ ယေဟောဝါဆီ ဆက်ကပ်အပ်နှံထားသူတိုင်း တိုက်ပွဲထဲ ရောက်သွားပြီဆိုတာ အသိအမှတ်ပြုရမယ်။ ဧဖက်အသင်းတော်ကို ရေးတဲ့ စာမှာ တမန်တော် ပေါလုက ခရစ်ယာန်တွေကို “အခိုင်အမာ ရပ်တည်” ကြဖို့ သုံးကြိမ် တိုက်တွန်းခဲ့တယ်။—ဧဖက် ၆:၁၁၊ ၁၃၊ ၁၄။

၉။ စာတန်နဲ့ နတ်ဆိုးတွေက ကျွန်တော်တို့ကို ဘာလုပ်ဖို့ ကြိုးစားနေကြသလဲ။

၉ စာတန်နဲ့ နတ်ဆိုးတွေက ကျွန်တော်တို့ကို လှည့်ဖြားဖို့ နည်းအမျိုးမျိုးနဲ့ ကြိုးစားကြတယ်။စာတန်ရဲ့ စမ်းသပ်မှုတစ်မျိုးကို အောင်မြင်ကျော်လွှားနိုင်ရုံနဲ့ပဲ နောက်တစ်နည်းနဲ့ လှည့်စားမခံရတော့ဘူးလို့ မဆိုလိုဘူး။ မာရ်နတ်က ထောင်ချောက်ဆင် ဖမ်းဖို့ ကျွန်တော်တို့ရဲ့ အားနည်းချက်တွေကို ကြိုးစားရှာဖွေနေတယ်။ ဒါပေမဲ့ မာရ်နတ်ရဲ့ ထောင်ချောက်တွေအကြောင်း ကျမ်းစာမှာ ဖော်ပြလို့ ကျွန်တော်တို့ ထောင်ချောက်မိစရာ မလိုပါဘူး။ (၂ ကောရိန္သု ၂:၁၁။ ရှင်းလင်းချက် ၃၁ ကို ကြည့်ပါ။) ထောင်ချောက်တစ်ခုကတော့ နတ်ဆိုးပညာ လိုက်စားခြင်းပါ။

နတ်ဆိုးတွေကို ဝေးဝေးရှောင်ပါ

၁၀။ (က) နတ်ဆိုးပညာဆိုတာ ဘာလဲ။ (ခ) နတ်ဆိုးပညာကို ယေဟောဝါ ဘယ်လို ရှုမြင်သလဲ။

၁၀ နတ်ဆိုးပညာမှာ ဗေဒင်၊ စုန်းအတတ်၊ ပြုစားခြင်း၊ လူသေကို မေးမြန်းခြင်းစတဲ့ သဘာဝလွန်နည်းတွေ သုံးပြီး နတ်ဆိုးတွေနဲ့ ဆက်သွယ်ခြင်း ပါဝင်တယ်။ နတ်ဆိုးပညာဟာ “ရွံမုန်းစရာ” ဖြစ်ကြောင်း၊ နတ်ဆိုးပညာ လိုက်စားပြီး တစ်ချိန်တည်းမှာ ယေဟောဝါကို ဝတ်ပြုကိုးကွယ်လို့ မရကြောင်း ကျမ်းစာမှာ ဖော်ပြထားတယ်။ (တရားဟောရာ ၁၈:၁၀-၁၂။ ဗျာဒိတ် ၂၁:၈) နတ်ဆိုးပညာ မှန်သမျှကို ခရစ်ယာန်တွေ လုံးဝ ရှောင်ကြဉ်ရမယ်။—ရောမ ၁၂:၉။

၁၁။ သဘာဝလွန်ဖြစ်ရပ်တွေကို စူးစမ်းခြင်းက ဘာဖြစ်စေနိုင်သလဲ။

၁၁ သဘာဝလွန်ဖြစ်ရပ်တွေကို ကျွန်တော်တို့ စိတ်ဝင်စားနေတယ်ဆိုရင် နတ်ဆိုးပညာ လိုက်စားအောင် လုပ်ဖို့ လွယ်သွားမယ်ဆိုတာ စာတန် သိတယ်။ နတ်ဆိုးပညာမှန်သမျှ ယေဟောဝါနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို ပျက်စီးစေလိမ့်မယ်။

ကျွန်တော်တို့ကို လှည့်ဖြားဖို့ စာတန် ကြိုးစားနေ

၁၂။ ကျွန်တော်တို့တွေးခေါ်ပုံကို စာတန် ဘယ်လို ဩဇာလွှမ်းမိုးချင်သလဲ။

၁၂ လူတွေရဲ့ တွေးခေါ်ပုံကို ရှုပ်ထွေးသွားစေဖို့ စာတန် ကြိုးစားနေတယ်။ “အကောင်းကို အဆိုး၊ အဆိုးကို အကောင်းလို့” လူတွေ ထင်လာတဲ့အထိ တဖြည်းဖြည်း သံသယဝင်စေတယ်။ (ဟေရှာယ ၅:၂၀) ကျမ်းစာသွန်သင်ချက်တွေက လက်တွေ့မကျဘူး၊ ဘုရားစံနှုန်းတွေကို လျစ်လျူရှုရင် ပိုပျော်မယ်ဆိုတဲ့ အတွေးအခေါ်ကို မာရ်နတ် အားပေးအားမြှောက်လုပ်နေတယ်။

၁၃။ သံသယစိတ် ဝင်အောင် စာတန် ဘယ်လို ကြိုးစားခဲ့သလဲ။

၁၃ သံသယပွားစေတဲ့နည်းက စာတန်ရဲ့ အထိရောက်ဆုံး နည်းဗျူဟာတစ်ခုပါ။ ဒီနည်းကို စာတန် သုံးတာ ကြာပြီ။ “ဥယျာဉ်ထဲမှာ ရှိတဲ့ အပင်အားလုံးရဲ့ အသီးကို မစားနဲ့လို့ ဘုရားသခင် တကယ်ပဲ ပြောသလား” လို့ မေးပြီး ဧဝကို စာတန် သံသယဝင်စေခဲ့တယ်။ (ကမ္ဘာဦး ၃:၁) နောက်ပိုင်း ယောဘခေတ် ရောက်တဲ့အခါ “ယောဘက ဘာအကျိုးမှ မရဘဲ ဘုရားသခင်ကို ကြောက်ပါ့မလား” ဆိုပြီး ကောင်းကင်တမန်တွေ ရှေ့မှာ ယေဟောဝါကို မေးခွန်းထုတ်ခဲ့တယ်။ (ယောဘ ၁:၉) နှစ်ခြင်းခံပြီးနောက်မှာ ယေရှုကို “မင်း ဘုရားသခင်ရဲ့ သား မှန်ရင် ဒီကျောက်ခဲတွေကို မုန့်ဖြစ်စေလို့ အမိန့်ပေးလိုက်လေ” ဆိုပြီး စာတန် စိန်ခေါ်ခဲ့တယ်။—မဿဲ ၄:၃။

၁၄။ နတ်ဆိုးပညာက အန္တရာယ်ရှိလို့လားဆိုပြီး လူတွေကို စာတန် ဘယ်လို သံသယဝင်စေနိုင်သလဲ။

၁၄ ဒီနေ့လည်း မာရ်နတ်က သံသယတွေ ဖန်တီးနေတုန်းပဲ။ နတ်ဆိုးပညာတချို့ကို အပြစ်ကင်းသယောင် ဖန်တီးခြင်းအားဖြင့် နတ်ဆိုးပညာက တကယ်ပဲ ဆိုးလို့လားဆိုပြီး လူတွေကို သံသယဝင်စေတယ်။ ခရစ်ယာန်တချို့တောင် နတ်ဆိုးပညာရဲ့ အန္တရာယ်တွေကို မမြင်ကြတော့ဘူး။ (၂ ကောရိန္သု ၁၁:၃) ဒါဆိုရင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ဘာလုပ်နိုင်သလဲ။ စာတန်ရဲ့ နည်းဗျူဟာတွေနဲ့ လှည့်ဖြားခံမနေရကြောင်း ဘယ်လို သိနိုင်သလဲ။ ကျွန်တော်တို့ လှည့်ဖြားခံရနိုင်တဲ့ ကဏ္ဍနှစ်ခုကို သုံးသပ်ကြည့်ကြစို့။ ဖျော်ဖြေရေးနဲ့ ဆေးကုသနည်းတို့ပါပဲ။

ကျွန်တော်တို့ရဲ့ ပင်ကိုယ်စိတ်ဆန္ဒကို စာတန် အသုံးပြု

၁၅။ ဖျော်ဖြေရေးကတစ်ဆင့် နတ်ဆိုးတွေနဲ့ ဘယ်လို ပတ်သက်မိနိုင်သလဲ။

၁၅ ဒီနေ့ ရုပ်ရှင်၊ ဗီဒီယို၊ တီဗီအစီအစဉ်၊ ကွန်ပျူတာဂိမ်း၊ အင်တာနက် ဝက်ဘ်ဆိုက်အများစုမှာ နတ်ဆိုး၊ မှော်ပညာ၊ သဘာဝလွန် စွမ်းအားတွေအကြောင်း တင်ဆက်ကြတယ်။ ဒါတွေကို ပျော်စရာ၊ အန္တရာယ်ကင်းတဲ့အရာအဖြစ် လူအများ ရှုမြင်ကြတယ်။ ဘဝအသက်တာထဲ နတ်ဆိုးတွေကို ဝင်ရောက်ခွင့်ပြုခြင်းရဲ့ အန္တရာယ်ကို မရိပ်မိကြဘူး။ ဇာတာခွင်၊ လက္ခဏာဗေဒင်၊ တာရော့ကတ်၊ ဓာတ်ဖန်လုံးတွေကတစ်ဆင့် နတ်ဆိုးပညာ လိုက်စားမိနိုင်တယ်။ မာရ်နတ်က ဒါတွေရဲ့ အန္တရာယ်ကို ဖုံးကွယ်ထားပြီး ဆန်းကြယ်တဲ့၊ စိတ်ဝင်စားစရာကောင်းတဲ့၊ ပျော်စရာကောင်းတဲ့အရာတွေလို့ ထင်ရအောင် လုပ်နေတယ်။ နတ်ဆိုးပညာ ကိုယ်တိုင် မလိုက်စားသရွေ့ နတ်ဆိုးနဲ့ဆိုင်တဲ့၊ သဘာဝလွန် စွမ်းအားနဲ့ဆိုင်တဲ့အရာတွေ ကြည့်တာ အန္တရာယ် မရှိဘူးလို့တောင် တွေးမိနိုင်တယ်။ ဒီလိုတွေးတာ ဘာကြောင့် အန္တရာယ်ရှိသလဲ။—၁ ကောရိန္သု ၁၀:၁၂။

၁၆။ သဘာဝလွန် စွမ်းအားတွေအကြောင်း တင်ဆက်ထားတဲ့ ဖျော်ဖြေရေးကို ဘာကြောင့် ငြင်းပယ်သင့်သလဲ။

၁၆ ကျွန်တော်တို့ရဲ့ အတွေးတွေကို စာတန်နဲ့ နတ်ဆိုးတွေ မသိနိုင်ဘူး။ ဒါပေမဲ့ ဖျော်ဖြေရေးအပါအဝင် ကိုယ်တိုင်နဲ့ မိသားစုရဲ့ ရွေးချယ်မှုတွေကတစ်ဆင့် ကျွန်တော်တို့ရဲ့ စိတ်ဆန္ဒနဲ့ စဉ်းစားတွေးခေါ်ပုံကို သိနိုင်ကြတယ်။ နတ်ကတော်တွေ၊ မန်းမှုတ်တာ၊ နတ်ပူးတာ၊ စုန်းကဝေ၊ သွေးစုပ်ဖုတ်ကောင်တွေအကြောင်း တင်ဆက်ထားတဲ့ ရုပ်ရှင်၊ တေးဂီတ၊ စာအုပ်တွေကို ရွေးချယ်ရင် စာတန်နဲ့ နတ်ဆိုးတွေအကြောင်း ကျွန်တော်တို့ စိတ်ဝင်စားမှန်း သိသွားကြမယ်။ အဲဒီနောက်မှာတော့ နတ်ဆိုးပညာကို ကျွန်တော်တို့ လိုက်စားမိအောင် ကြိုးစားကြပါတော့မယ်။—ဂလာတိ ၆:၇ ကိုဖတ်ပါ။

၁၇။ ကျန်းမာချင်တဲ့ စိတ်ဆန္ဒကို စာတန် ဘယ်လို အမြတ်ထုတ်နိုင်သလဲ။

၁၇ ကျန်းမာချင်တဲ့ စိတ်ဆန္ဒကိုလည်း စာတန် အမြတ်ထုတ်နိုင်တယ်။ ဒီနေ့ လူများစွာ ကျန်းမာရေး မကောင်းကြဘူး။ ဆေးကုသမှုအမျိုးမျိုး စမ်းကြည့်ပြီးတာတောင် မသက်သာဘဲ ဖြစ်နိုင်တယ်။ (မာကု ၅:၂၅၊ ၂၆) ကြံရာမရ ဖြစ်ပြီး ဘယ်နည်းမဆို စမ်းကြည့်ချင်လာနိုင်တယ်။ ဒါပေမဲ့ ခရစ်ယာန်တွေအနေနဲ့ “မှော်အတတ်” ပါဝင်တဲ့ ဆေးကုသမှုတွေ မရွေးချယ်မိဖို့ ဂရုစိုက်ကြရမယ်။—ဟေရှာယ ၁:၁၃။

ဆေးရုံတက်နေရတဲ့ ဇနီးသည်နဲ့ ညီအစ်ကိုတစ်ယောက် ဆုတောင်းနေစဉ်

နာမကျန်းဖြစ်ချိန်မှာ ယေဟောဝါကို မှီခိုအားထားပါ

၁၈။ ခရစ်ယာန်တစ်ယောက် ဘယ်ဆေးကုသနည်းတွေကို ငြင်းပယ်ရမလဲ။

၁၈ ရှေးအစ္စရေးခေတ်မှာ “မှော်အတတ်” လိုက်စားသူတချို့ ရှိခဲ့တယ်။ “မင်းတို့ လက်ဖြန့်ဆုတောင်းတဲ့အခါ ငါမျက်စိလွှဲထားမယ်။ အကြိမ်ကြိမ် ဆုတောင်းရင်လည်း ငါနားမထောင်ဘူး” လို့ ယေဟောဝါ မိန့်ဆိုခဲ့တယ်။ (ဟေရှာယ ၁:၁၅) စဉ်းစားကြည့်ပါ– ဆုတောင်းချက်တွေကိုတောင် ယေဟောဝါ နားမထောင်ပေးတော့ဘူး။ ယေဟောဝါနဲ့ ဆက်ဆံရေးကို ပျက်စီးစေနိုင်တဲ့၊ ဘုရားအကူအညီ ဆုံးရှုံးစေမယ့် အရာမှန်သမျှ ကျွန်တော်တို့ မလုပ်ချင်ကြပါဘူး။ အထူးသဖြင့် ဖျားနာချိန်မှာ ဖြစ်တယ်။ (ဆာလံ ၄၁:၃) ဒါကြောင့် ကျွန်တော်တို့ စဉ်းစားနေတဲ့ ဆေးကုသနည်းက နတ်ဆိုး၊ သဘာဝလွန် စွမ်းအားတွေနဲ့ ဆက်နွှယ်နေ,မနေ ဆန်းစစ်ရမယ်။ (မဿဲ ၆:၁၃) ဆက်နွှယ်နေပုံရရင် ငြင်းပယ်ရမယ်။—ရှင်းလင်းချက် ၃၂ ကို ကြည့်ပါ။

နတ်ဆိုးပုံပြင်များ

၁၉။ လူတွေ ကြောက်အောင် မာရ်နတ် ဘယ်လို လုပ်သလဲ။

၁၉ မာရ်နတ်နဲ့ နတ်ဆိုးတွေ တကယ် မရှိပါဘူးလို့ လူတချို့ ထင်ကြတယ်။ တချို့ကျတော့ ကိုယ်ပိုင်အတွေ့အကြုံကြောင့် နတ်ဆိုးတွေ တကယ်ရှိမှန်း သိကြတယ်။ နတ်ဆိုးတွေကို ကြောက်ကြောက်နဲ့ အသက်ရှင်နေကြသူတွေလည်း ရှိတယ်။ အယူသီးမှုတွေရဲ့ ချုပ်နှောင်မှုအောက် ရောက်နေသူတွေလည်း ရှိကြတယ်။ တချို့ကျတော့ နတ်ဆိုးတွေ ခြောက်လှန့်ပုံအကြောင်း ပုံပြင်တွေ ပြောခြင်းအားဖြင့် ကြောက်စိတ် ပျံ့နှံ့စေကြတယ်။ လူတွေက နတ်ဆိုးပုံပြင်တွေကို ကြိုက်နှစ်သက်ပြီး တခြားသူတွေကို ပြန်ပြောပြချင်ကြတယ်။ နတ်ဆိုးပုံပြင်တွေကြောင့် မာရ်နတ်ကို လူတွေ ကြောက်လာကြတယ်။

၂၀။ စာတန်ရဲ့ မုသာစကားတွေကို ဘယ်လို ဖြန့်မိနိုင်သလဲ။

၂၀ စဉ်းစားကြည့်ပါ– စာတန်ဟာ လူတွေရဲ့ အကြောက် ခံချင်တယ်။ (၂ သက်သာလောနိတ် ၂:၉၊ ၁၀) နတ်ဆိုးပညာ စိတ်ဝင်စားသူတွေရဲ့ စိတ်ကို ဩဇာလွှမ်းမိုးနည်း၊ မဟုတ်မမှန်ရာတွေကို ယုံကြည်စေနိုင်တဲ့နည်းတွေကို သိထားတဲ့ မုသာကောင် ဖြစ်တယ်။ ဒီလူတွေက မြင်ခဲ့၊ ကြားခဲ့တယ်လို့ ထင်တဲ့အရာတွေကို ပုံပြင်လုပ်ပြောကြမယ်။ တစ်ဆင့်စကား တစ်ဆင့်ပြောရင်း ချဲ့ကားပြောဆိုလာကြတယ်။ ဒီလိုပုံပြင်တွေကို လက်ဆင့်ကမ်းခြင်းအားဖြင့် ကြောက်စိတ် ပျံ့နှံ့အောင် လုပ်နေတဲ့ စာတန်ကို ကျွန်တော်တို့ မကူညီချင်ကြပါဘူး။—ယောဟန် ၈:၄၄။ ၂ တိမောသေ ၂:၁၆။

၂၁။ နတ်ဆိုးပုံပြင်တွေ ပြောမယ့်အစား ဘာအကြောင်း ပြောနိုင်သလဲ။

၂၁ ယေဟောဝါရဲ့ ကျေးကျွန်တစ်ယောက်ဟာ နတ်ဆိုးရန် ကြုံခဲ့ဖူးရင်တောင် တခြားသူတွေကို ပြန်ပြောပြမှာ မဟုတ်ဘူး။ မာရ်နတ်နဲ့ နတ်ဆိုးတွေရဲ့ ရန်ကို ယေဟောဝါရဲ့ ကျေးကျွန်တွေ ကြောက်ဖို့ မလိုဘူး။ ယေရှုအကြောင်း၊ ယေရှုကို ယေဟောဝါ ပေးထားတဲ့ တန်ခိုးအကြောင်းကိုပဲ အာရုံစိုက်ရမယ်။ (ဟီဘရူး ၁၂:၂) ယေရှုက တပည့်တွေကို နတ်ဆိုးအကြောင်း ပုံပြင်တွေ မပြောပြခဲ့ဘူး။ ဘုရားနိုင်ငံတော် သတင်းနဲ့ “ဘုရားသခင်ရဲ့ အံ့ဖွယ်အမှုတွေအကြောင်း” ကိုပဲ အာရုံစိုက်ခဲ့တယ်။—တမန်တော် ၂:၁၁။ လုကာ ၈:၁။ ရောမ ၁:၁၁၊ ၁၂။

၂၂။ ဘာလုပ်ဖို့ စိတ်ဆုံးဖြတ်ထားသလဲ။

၂၂ စာတန်ရဲ့ ပန်းတိုင်က ယေဟောဝါနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို ဖျက်ဆီးဖို့ဆိုတာ မမေ့ပါနဲ့။ ဘယ်နည်းကိုမဆို သုံးပါလိမ့်မယ်။ ဒါပေမဲ့ မာရ်နတ်ရဲ့ နည်းလမ်းတွေကို ကျွန်တော်တို့ သိထားတယ်။ နတ်ဆိုးပညာမှန်သမျှ ခုခံတွန်းလှန်ဖို့ စိတ်ပိုင်းဖြတ်ထားကြတယ်။ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်ကို အားနည်းသွားစေမယ့် “မာရ်နတ်ကို အခွင့်အရေး မပေး” ကြဘူး။ (ဧဖက် ၄:၂၇ ကို ဖတ်ပါ။) မှန်ပါတယ်၊ မာရ်နတ်ကို တွန်းလှန်ရင် မာရ်နတ်ရဲ့ ထောင်ချောက်တွေကနေ ကင်းလွတ်ပြီး ယေဟောဝါရဲ့ ကာကွယ်မှုအောက်မှာ လုံခြုံနေပါလိမ့်မယ်။—ဧဖက် ၆:၁၁။

ကျမ်းစာအခြေခံမူများ

၁ လောကကို မာရ်နတ် ချုပ်ကိုင်ထား

“တစ်လောကလုံးကတော့ ဆိုးညစ်သူရဲ့ ဩဇာအောက်မှာ ရှိနေတယ်။”—၁ ယောဟန် ၅:၁၉

စာတန်ရဲ့ ပန်းတိုင်က ဘာလဲ။

  • ၁ ပေတရု ၅:၈

    စာတန်က ယေဟောဝါရဲ့ ကျွန်တော်တို့နဲ့ ဆက်ဆံရေးကို ထိခိုက်စေချင်တယ်။ ဖျက်တောင် ဖျက်ဆီးချင်တယ်။

  • ယောဘ ၂:၄၊ ၅

    လူတွေ ယေဟောဝါကို သိကျွမ်းပြီး ချစ်မြတ်နိုးလာတာကို တွေ့တဲ့အခါ စာတန် ဒေါသထွက်တယ်။

၂ စာတန်ကို မကြောက်ပါနဲ့

“ဘုရားသခင်ကို လက်အောက်ခံကြပါ။ မာရ်နတ်ကို ခုခံတွန်းလှန်ကြပါ။ ဒါဆိုရင် ခင်ဗျားတို့ဆီကနေ သူထွက်ပြေးသွားလိမ့်မယ်။”—ယာကုပ် ၄:၇

မာရ်နတ်ကို ခုခံတွန်းလှန်နိုင်မှန်း ဘယ်လို သိရသလဲ။

  • ဗျာဒိတ် ၇:၉၊ ၁၄

    ကျွန်တော်တို့အပေါ် မာရ်နတ်ရဲ့ လုပ်နိုင်စွမ်းကို ယေဟောဝါ ကန့်သတ်ထားတယ်။ ကမ္ဘာသစ်ထဲ လူအုပ်ကြီး ကပ်ကျော်လွတ်မြောက်မယ်လို့ ဘုရား ကတိပြုထားတယ်။

  • ၂ ရာဇဝင်ချုပ် ၁၅:၂

    ယေဟောဝါနဲ့ ရင်းနှီးနေရင် ဘုရားနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို စာတန် မဖျက်ဆီးနိုင်ဘူး။

  • ၁ ကောရိန္သု ၁၀:၁၃။ ဟီဘရူး ၁၁:၄-၄၀

    သစ္စာရှိနေနိုင်ဖို့ အတိတ်တုန်းက လူများစွာကို ကူညီခဲ့သလို ကျွန်တော်တို့ကိုလည်း ကူညီပေးမယ်လို့ ယေဟောဝါ ကတိပေးတယ်။

၃ စာတန့်နည်းပရိယာယ်တွေကို သတိပြုပါ

“စာတန်ရဲ့ အကြံအစည်တွေကို ကျွန်တော်တို့ မသိတာမှ မဟုတ်တာ။”—၂ ကောရိန္သု ၂:၁၁

ဘယ်ပရိယာယ်တွေကို မာရ်နတ် သုံးနေသလဲ။

  • ယောဟန် ၁၅:၁၉။ ဗျာဒိတ် ၁၂:၁၂၊ ၁၇

    မာရ်နတ်က လောကကို ချုပ်ကိုင်ထားပေမဲ့ ယေဟောဝါလူမျိုးကိုတော့ မထိန်းချုပ်ထားဘူး။ ဒါကြောင့် ဘုရားလူမျိုးကို ပစ်မှတ်ထားတယ်။

  • ကမ္ဘာဦး ၃:၁။ ဂလာတိ ၅:၁၉-၂၁။ ဧဖက် ၆:၁၂

    မာရ်နတ်က ကျွန်တော်တို့ရဲ့ အားနည်းချက်တွေကို ရှာပြီး တိုက်ခိုက်တယ်။

  • ဝတ်ပြုရာ ၁၉:၂၆။ ဟေရှာယ ၁:၁၃၊ ၁၅။ မာကု ၅:၂၅၊ ၂၆

    ဆေးကုသနည်းတွေ ရွေးချယ်တဲ့အခါ ဂရုစိုက်ပါ။ ကျန်းမာရေး ပြန်ကောင်းလာဖို့ ကြံရာမရ ဖြစ်ပြီး သဘာဝလွန်စွမ်းအား သုံးတဲ့ ဆေးကုသနည်းကို စမ်းကြည့်ချင်လနာနိုင်တယ်။

  • တရားဟောရာ ၁၈:၁၀-၁၂။ တမန်တော် ၁၉:၁၉။ ဂလာတိ ၆:၇။ ဗျာဒိတ် ၂၁:၈

    သဘာဝလွန်ဖြစ်ရပ်တွေကို ကျွန်တော်တို့ စူးစမ်းချင်မှန်း နတ်ဆိုးတွေ ရိပ်မိရင် အခွင့်ကောင်း ယူနိုင်တယ်။ နတ်ဆိုးပညာမှာ ပါဝင်ပတ်သက်မိရင် ယေဟောဝါအပေါ် သစ္စာမစောင့်သိရာရောက်မယ်။

၄ မာရ်နတ်ရဲ့ မုသာစကားတွေကို မဖြန့်ပါနဲ့

“မာရ်နတ် . . . ဟာ . . . မုသားပြောသူ၊ မုသားရဲ့အဖ ဖြစ် . . . တယ်။” —ယောဟန် ၈:၄၄

မာရ်နတ်ရဲ့ မုသာစကားတွေကို ဘယ်လို ဖြန့်မိနိုင်သလဲ။

  • ရောမ ၁:၁၁၊ ၁၂။ ၂ တိမောသေ ၂:၁၆

    မာရ်နတ်နဲ့ နတ်ဆိုးတွေကို တကယ့်အခြေအနေထက် တန်ခိုးကြီးသယောင် လူတွေ ပြောတတ်ကြတယ်။ ကြောက်စိတ် ပျံ့နှံ့စေတဲ့ ပုံပြင်တွေကို လက်ဆင့်ကမ်း ပြောမယ့်အစား အချင်းချင်း အားပေးတည်ဆောက်ဖို့ အာရုံစိုက်သင့်တယ်။

  • ဧဖက် ၆:၁၁

    မာရ်နတ်ရဲ့ နည်းပရိယာယ်တွေကို သိထားရင် ခုခံတွန်းလှန်နိုင်တယ်။ ယေဟောဝါနဲ့ ရင်းနှီးနေနိုင်တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ