ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lvs အခန်း ၁၁ စာ. ၁၄၇-၁၅၈
  • မင်္ဂလာဆောင်ပြီး နောက်ပိုင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မင်္ဂလာဆောင်ပြီး နောက်ပိုင်း
  • ဘုရားမေတ္တာတော် ခံစားနေနိုင်ပုံ
  • “ဘုရားသခင့်မေတ္တာ” ဖတ်ပါ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားနဲ့ကော အချင်းချင်းနဲ့ပါ ပိုရင်းနှီးလာ
  • ယေဟောဝါကို ချစ်တဲ့မေတ္တာက အိမ်ထောင်ကို အကူအညီ ဖြစ်စေနိုင်
  • အပြောအဆို၊ အပြုအမူအားဖြင့် အိမ်ထောင်ကို လေးစားပါ
  • “အိမ်ထောင်မင်္ဂလာကို မညစ်ညူးစေပါနဲ့”
  • အိမ်ထောင်နှောင်ကြိုးကို ခိုင်မြဲစေနိုင်ပုံ
  • အိမ်ထောင်မင်္ဂလာ—ဘုရားသခင်ဆီက ဆုလက်ဆောင်
    ဘုရားမေတ္တာတော် ခံစားနေနိုင်ပုံ
  • အိမ်ထောင်မင်္ဂလာ—မေတ္တာရှင် ဘုရားသခင်ဆီက ဆုလက်ဆောင်
    ‘ဘုရားသခင့်မေတ္တာ ခံစားရစေမယ့်အရာတွေကို အမြဲလုပ်ဆောင်ပါ’
  • အိမ်ထောင်ရေးကို အောင်မြင်စေခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • သင့်အိမ်ထောင်အဖို့ အုတ်မြစ်ကောင်းချခြင်း
    မိသားစုဘဝကို ရွှင်လန်းစေခြင်း
နောက်ထပ် ကြည့်ပါ
ဘုရားမေတ္တာတော် ခံစားနေနိုင်ပုံ
lvs အခန်း ၁၁ စာ. ၁၄၇-၁၅၈
ခင်ပွန်းနဲ့ ဇနီး မီးဖိုချောင်မှာ အတူချက်ပြုတ်နေစဉ်

အခန်း ၁၁

မင်္ဂလာဆောင်ပြီးနောက်ပိုင်း

“မေတ္တာဟာ အစဉ်တည်တယ်။” —၁ ကောရိန္သု ၁၃:၈။

၁၊ ၂။ ပြဿနာတွေ ကြုံရလို့ အိမ်ထောင်ရေး မအောင်မြင်ဘူးလို့ ဆိုလိုသလား။ ရှင်းပြပါ။

အိမ်ထောင်ဟာ ယေဟောဝါဆီက ဆုလက်ဆောင်ပါ။ ဘဝကို ပိုပျော်ရွှင်စေနိုင်တယ်။ ဒါပေမဲ့ အိမ်ထောင်တိုင်းမှာ ပြဿနာ ကိုယ်စီ ရှိတယ်။ ပြဿနာတွေ အဆုံးတိုင်မှာ မဟုတ်ဘူးလို့တောင် ထင်ရနိုင်တယ်။ လင်နဲ့ မယား အရင်ကလို မရင်းနှီးတော့ဘူးလို့ ခံစားရနိုင်တယ်။

၂ အိမ်ထောင်မှာ တစ်ခါတလေ အခက်အခဲ ကြုံတဲ့အခါ မအံ့ဩသင့်ဘူး။ အခက်အခဲ ကြုံရလို့ အိမ်ထောင်ရေး မအောင်မြင်ဘူးလို့ မဆိုလိုဘူး။ ပြဿနာကြီးတွေ ရှိခဲ့တဲ့ မောင်နှံစုံတွေတောင် သူတို့ရဲ့ ဆက်ဆံရေး၊ အိမ်ထောင်ကို ပြန်ကောင်းစေ၊ ပိုခိုင်မြဲစေတဲ့ နည်းလမ်းတွေ ရှာတွေ့ခဲ့ကြတယ်။ ဘယ်လိုနည်းနဲ့လဲ။

ဘုရားနဲ့ကော အချင်းချင်းနဲ့ပါ ပိုရင်းနှီးလာ

၃၊ ၄။ အိမ်ထောင်မှာ တစ်ခါတလေ ဘာတွေ ဖြစ်နိုင်သလဲ။

၃ အိမ်ထောင်ဆိုတာ အကြိုက်၊ စိတ်ကူး၊ လုပ်ပုံကိုင်ပုံ မတူတဲ့ လူနှစ်ယောက်ကို ပေါင်းစည်းခြင်း ဖြစ်တယ်။ ခင်ပွန်းနဲ့ ဇနီးဟာ မတူညီတဲ့ ဘဝနောက်ခံ၊ ယဉ်ကျေးမှုက ဖြစ်နိုင်တယ်။ တစ်ယောက်အကြောင်း တစ်ယောက် သိနားလည်ဖို့ အချိန်နဲ့ ကြိုးစားအားထုတ်မှု လိုအပ်တယ်။

၄ အချိန်ကြာတာနဲ့အမျှ ခင်ပွန်းနဲ့ ဇနီးဟာ ကိုယ့်အရေးကိုပဲ အလေးထားလို့ စိတ်ဝမ်းကွဲလာနိုင်တယ်။ အစေးမကပ်တော့ဘူး။ ဇနီးမောင်နှံတွေ ပိုရင်းနှီးလာဖို့ ဘာက ကူညီပေးနိုင်သလဲ။

ခင်ပွန်းနဲ့ ဇနီး ကျမ်းစာအတူ လေ့လာနေစဉ်

သာယာတဲ့ အိမ်ထောင် ဖြစ်ဖို့ ကျမ်းစာအကြံဉာဏ် မရှိမဖြစ် လို

၅။ (က) ဘာက အိမ်ထောင်ဖက်နဲ့ ပိုရင်းနှီးလာစေနိုင်သလဲ။ (ခ) ဟီဘရူး ၁၃:၄ အရ အိမ်ထောင်ကို ဘယ်လို ရှုမြင်သင့်သလဲ။

၅ ဘုရားနဲ့ကော အချင်းချင်းနဲ့ပါ ပိုရင်းနှီးလာဖို့ ဇနီးမောင်နှံတွေကို ကူညီပေးနိုင်တဲ့ အကြံဉာဏ်ကောင်း ယေဟောဝါ ပေးထားတယ်။ (ဆာလံ ၂၅:၄။ ဟေရှာယ ၄၈:၁၇၊ ၁၈) “အိမ်ထောင်မင်္ဂလာကို လူတိုင်း လေးစားရမယ်” လို့ မိန့်မှာတယ်။ (ဟီဘရူး ၁၃:၄) လေးစားတယ်ဆိုတာ တန်ဖိုးထားတာ၊ လေးမြတ်တာကို ဆိုလိုတယ်။ တန်ဖိုးထားရတဲ့အရာကို ကာကွယ်တယ်။ ပေါ့ပေါ့တန်တန် သဘောမထားဘူး။ ယေဟောဝါက အိမ်ထောင်ကို အဲဒီလို ရှုမြင်စေချင်တယ်။

ယေဟောဝါကို ချစ်တဲ့မေတ္တာက အိမ်ထောင်ကို အကူအညီ ဖြစ်စေနိုင်

၆။ အိမ်ထောင်အပေါ် ယေဟောဝါရဲ့ ရှုမြင်ပုံအကြောင်း မဿဲ ၁၉:၄-၆ မှာ ဘာဆိုထားသလဲ။

၆ ပထမဆုံး အိမ်ထောင်ကို ယေဟောဝါ အစပြုပေးခဲ့တယ်။ “အစအဦးမှာ ဖန်ဆင်းရှင်က ယောက်ျားနဲ့ မိန်းမကို ဖန်ဆင်းခဲ့တဲ့အကြောင်း မဖတ်ဖူးဘူးလား။ ‘ဒါကြောင့် ယောက်ျားက မိဘကို ထားခဲ့ပြီး ဇနီးနဲ့ မခွဲအတူ နေလိမ့်မယ်။ သူတို့နှစ်ယောက်ဟာ တစ်သားတစ်ကိုယ်တည်း ဖြစ်လိမ့်မယ်’ လို့ ပြောခဲ့တာကိုလည်း မဖတ်ဖူးဘူးလား။ သူတို့ဟာ နှစ်ယောက် မဟုတ်တော့ဘဲ တစ်သားတစ်ကိုယ်တည်း ဖြစ်သွားပြီ။ ဒါကြောင့် ဘုရားသခင် တွဲဖက်ထားသူတွေကို ဘယ်သူမှ မခွဲကြနဲ့” ဆိုပြီး သားတော် ယေရှု ပြောခဲ့တယ်။ (မဿဲ ၁၉:၄-၆) အိမ်ထောင်ကို ရာသက်ပန် ဖြစ်စေဖို့ အစကတည်းက ယေဟောဝါ ရည်ရွယ်ခဲ့တယ်။ မိသားစုတွေကို ရင်းနှီးစေချင်တယ်။ သာယာစေချင်တယ်။ ဘဝကို အတူတူ ပျော်မွေ့စေချင်တယ်။

၇။ ခင်ပွန်းနဲ့ ဇနီးတို့ အိမ်ထောင်ကို ဘယ်လို ခိုင်မြဲစေနိုင်သလဲ။

၇ ဒါပေမဲ့ ဒီနေ့ ဇနီးမောင်နှံတွေဟာ အရင်ကထက် ဖိစီးမှု၊ သောကတွေ ပိုကြုံရတယ်။ တစ်ခါတလေ ဖိစီးမှု များလွန်းလို့ အိမ်ထောင်ကို အဖတ်ဆယ်လို့ မရတော့ဘူးဆိုပြီး အရှုံးပေးလိုက်ကြတယ်။ ဒါပေမဲ့ အိမ်ထောင်အပေါ် ယေဟောဝါရဲ့ ရှုမြင်ပုံကို နားလည်ထားခြင်းက အကူအညီ ဖြစ်စေနိုင်တယ်။—၁ ယောဟန် ၅:၃။

၈၊ ၉။ (က) အိမ်ထောင်နဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ လမ်းညွှန်မှုကို ဘယ်အချိန်မှာ လိုက်လျှောက်သင့်သလဲ။ (ခ) အိမ်ထောင်ကို တန်ဖိုးထားကြောင်း ဘယ်လို ပြနိုင်သလဲ။

၈ ယေဟောဝါရဲ့ လမ်းညွှန်မှုဟာ အမြဲ ကျွန်တော်တို့ ကောင်းကျိုးအတွက်ပါ။ လေ့လာခဲ့ပြီးတဲ့အတိုင်း “အိမ်ထောင်မင်္ဂလာကို လူတိုင်း လေးစားရမယ်” လို့ ဘုရား အကြံပေးထားတယ်။ (ဟီဘရူး ၁၃:၄။ ဒေသနာ ၅:၄) ခက်ခဲတဲ့အချိန်မှာတောင် ယေဟောဝါရဲ့ လမ်းညွှန်မှုကို လိုက်လျှောက်ရင် သေချာပေါက် အကျိုးရမယ်။—၁ သက်သာလောနိတ် ၁:၃။ ဟီဘရူး ၆:၁၀။

၉ အိမ်ထောင်ကို တန်ဖိုးထားတဲ့အတွက် အိမ်ထောင်ရေးကို ထိခိုက်စေနိုင်တဲ့ အပြုအမူ၊ အပြောအဆိုမှန်သမျှ ရှောင်ချင်ကြတယ်။ ကိုယ့်အိမ်ထောင်ဖက်နဲ့ ဆက်ဆံရေး ပိုခိုင်မြဲချင်ကြတယ်။ ဘယ်လို ခိုင်မြဲစေနိုင်သလဲ။

အပြောအဆို၊ အပြုအမူအားဖြင့် အိမ်ထောင်ကို လေးစားပါ

၁၀၊ ၁၁။ (က) အိမ်ထောင်တချို့မှာ ဘာပြဿနာကြီးတွေ ရှိတတ်သလဲ။ (ခ) အိမ်ထောင်ဖက်အပေါ် စကားပြောဆိုပုံက ဘာကြောင့် အရေးကြီးသလဲ။

၁၀ ကိုယ့်အိမ်ထောင်ဖက်ကို ထိခိုက်နာကျင်စေနိုင်တဲ့ နည်းအမျိုးမျိုး ရှိတယ်။ ခရစ်ယာန်တွေက အိမ်ထောင်ဖက်ကို မရိုက်နှက်သင့်မှန်း၊ ကိုယ်ထိလက်ရောက် မနာကျင်စေသင့်မှန်း ကျွန်တော်တို့ သိကြတယ်။ ဒါပေမဲ့ စကားနဲ့ နာကျင်အောင် လုပ်မိနိုင်တယ်။ စကားတွေက လက်နက် ဖြစ်လာနိုင်တယ်။ “ကျွန်မယောက်ျားက စကားနဲ့ ထိုးနှက်တယ်။ ကိုယ်ပေါ်မှာ အညိုအမည်း မစွဲပေမဲ့ ‘ဆန်ကုန်မြေလေး၊ အသုံးမကျတဲ့ မိန်းမ’ ဆိုပြီး ပြောတတ်လို့ စိတ်ဒဏ်ရာ ရခဲ့တယ်” လို့ ဇနီးတစ်ယောက် ပြောပြတယ်။ ဇနီးသည်က တစ်ချိန်လုံး စကားနဲ့ နှိမ်တယ်။ နာမည်ပြောင်နဲ့ ခေါ်တယ်ဆိုပြီး ခင်ပွန်းတစ်ယောက် ပြောပြတယ်– “ကျွန်တော်လည်း ယဉ်ယဉ်ကျေးကျေး မတုံ့ပြန်နိုင်တော့ဘူး။ ဒါကြောင့် မိန်းမနဲ့ စကားမပြောတော့ဘူး။ အလုပ်မှာ ညနက်တဲ့အထိ နေတယ်။ အိမ်ပြန်လာတာထက် ပိုအေးချမ်းတယ်” လို့ပြောတယ်။ ရင့်သီးကြမ်းတမ်းတဲ့ စကားတွေ၊ အညှာအတာမဲ့တဲ့ လုပ်ရပ်တွေက စိတ်ထိခိုက်နာကျင်စေတယ်။ ဒါတွေကို ဒီနေ့ တွေ့နေရတယ်။

၁၁ လင်နဲ့ မယား ကြမ်းကြမ်းတမ်းတမ်း ပြောဆိုတဲ့အခါ တော်ရုံနဲ့ မပျောက်နိုင်တဲ့ စိတ်ဒဏ်ရာ ရစေတယ်။ ယေဟောဝါက လင်နဲ့ မယားကို အဲဒီလို မဆက်ဆံစေချင်တာ ရှင်းပါတယ်။ ဒါပေမဲ့ ကိုယ်တိုင် သတိမထားမိလိုက်ဘဲ အိမ်ထောက်ဖက်ကို နာကျင်စေနိုင်တယ်။ အိမ်ထောင်ဖက်အပေါ် ကြင်နာပါတယ်လို့ ဆိုပေမဲ့ ကိုယ့်အိမ်ထောင်ဖက်ကော ဘယ်လို ခံစားရသလဲ။ ကိုယ့်စကားကြောင့် အိမ်ထောင်ဖက် စိတ်ထိခိုက်ရတယ်ဆိုရင် လိုလိုလားလား ပြုပြင်ပြောင်းလဲမလား။—ဂလာတိ ၅:၁၅။ ဧဖက် ၄:၃၁ ကိုဖတ်ပါ။

၁၂။ ဘာက အိမ်ထောင်သည်နဲ့ ယေဟောဝါရဲ့ ဆက်ဆံရေးအပေါ် အကျိုးသက်ရောက်နိုင်သလဲ။

၁၂ လူပုံအလယ်မှာဖြစ်စေ၊ နှစ်ကိုယ်ကြားဖြစ်စေ အိမ်ထောင်ဖက်အပေါ် စကားပြောဆိုပုံက ယေဟောဝါအမြင်မှာ အရေးကြီးတယ်။ (၁ ပေတရု ၃:၇ ကို ဖတ်ပါ။) “ဘုရားသခင်ကို ဝတ်ပြုနေတယ်လို့ ကိုယ့်ကိုယ်ကိုယ် ထင်နေပေမဲ့ နှုတ်ကို မစောင့်စည်းရင် ကိုယ့်ကိုယ်ကိုယ် လှည့်စားနေတာပဲ။ သူ့ရဲ့ ဝတ်ပြုမှုဟာ အချည်းနှီးပဲ” လို့ ယာကုပ် ၁:၂၆ မှာ သတိပေးထားတယ်။

ခင်ပွန်းနဲ့ ဇနီး မီးဖိုချောင်မှာ အတူချက်ပြုတ်နေစဉ်

၁၃။ အိမ်ထောင်ဖက်ကို စိတ်ထိခိုက်စေနိုင်တဲ့ နောက်တစ်နည်းက ဘာလဲ။

၁၃ အချင်းချင်း စာနာနားလည်ပေးသင့်တဲ့ တခြားနည်းလမ်းတွေ ရှိတယ်။ ဥပမာ၊ တခြားတစ်ယောက်ကို အချိန်ပေးလွန်းနေရင် ကိုယ့်အိမ်ထောင်ဖက် ဘယ်လို ခံစားရမလဲ။ တွဲအမှုဆောင်တာ၊ ပြဿနာ ဖြေရှင်းပေးတာ စတဲ့ ရိုးသားတဲ့ အကြောင်းပြချက် ရှိပေမဲ့ ကိုယ့်အိမ်ထောင်ဖက် စိတ်ထိခိုက်မလား။ “ကျွန်မယောက်ျားက အသင်းတော်က ညီအစ်မတစ်ယောက်ကို အချိန်အများကြီး ပေးပြီး ဂရုစိုက်နေမှန်း သိရတော့ စိတ်ထိခိုက်မိတယ်။ အားငယ်မိတယ်” လို့ ခရစ်ယာန် ဇနီးတစ်ယောက် ပြောပြတယ်။

၁၄။ (က) ကမ္ဘာဦး ၂:၂၄ မှာ ဘယ်အခြေခံ အမှန်တရားကို သင်ယူရသလဲ။ (ခ) ကိုယ့်ကိုယ်ကိုယ် ဘာမေးသင့်သလဲ။

၁၄ ခရစ်ယာန်တွေအနေနဲ့ မိဘ၊ အသင်းတော်က ညီအစ်ကို/မတွေကို ဂရုစိုက်ပေးရမယ့် တာဝန်တွေ ရှိတယ်။ ဒါပေမဲ့ အိမ်ထောင်ပြုလိုက်ရင်တော့ အဓိကတာဝန်က ကိုယ့်အိမ်ထောင်ဖက်ကို ဂရုစိုက်ဖို့ ဖြစ်တယ်။ ခင်ပွန်းက “ဇနီးနဲ့ မခွဲအတူ နေလိမ့်မယ်” လို့ ယေဟောဝါ မိန့်ဆိုခဲ့တယ်။ (ကမ္ဘာဦး ၂:၂၄) အိမ်ထောင်ဖက်ရဲ့ ခံစားချက်က ကိုယ့်အတွက် အလွန်အရေးကြီးသင့်တယ်။ ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ– ‘ငါ့အိမ်ထောင်ဖက် ရထိုက်တဲ့ အချိန်၊ ဂရုစိုက်မှု၊ ချစ်ခင်ကြင်နာမှုကို တကယ်ပဲ ပေးနေရဲ့လား။’

၁၅။ အိမ်ထောင်ဖက် မဟုတ်တဲ့သူနဲ့ ရင်းနှီးလွန်းတာကို အိမ်ထောင်သည် ခရစ်ယာန်တွေ ဘာကြောင့် ရှောင်သင့်သလဲ။

၁၅ အိမ်ထောင်ဖက် မဟုတ်သူနဲ့ ရင်းနှီးလွန်းရင် အိမ်ထောင်မှာ ဖိစီးမှုတွေ ပေါ်လာမယ်။ တခြားတစ်ယောက်အပေါ် သံယောဇဉ်တွယ်ပြီး ချစ်စိတ် ဝင်လာနိုင်တယ်။ (မဿဲ ၅:၂၈) အဲဒီစိတ် ကြီးထွားလာပြီး အိမ်ထောင်ကို မလေးစားရာရောက်တဲ့ လုပ်ရပ်တွေ ပြုမူမိနိုင်တယ်။

“အိမ်ထောင်မင်္ဂလာကို မညစ်ညူးစေပါနဲ့”

၁၆။ အိမ်ထောင်နဲ့ပတ်သက်ပြီး ကျမ်းစာမှာ ဘာမိန့်မှာသလဲ။

၁၆ “အိမ်ထောင်မင်္ဂလာကို လေးစားရမယ်” လို့ ဖော်ပြပြီးတဲ့နောက် “အိမ်ထောင်မင်္ဂလာကို မညစ်ညူးစေပါနဲ့။ လိင်အကျင့်ယိုယွင်းသူတွေ၊ အိမ်ထောင်ရေး ဖောက်ပြန်သူတွေကို ဘုရားသခင် ပြစ်ဒဏ်စီရင်လိမ့်မယ်” လို့ ကျမ်းစာမှာ ဆိုထားတယ်။ (ဟီဘရူး ၁၃:၄) ဒီနေရာမှာ “အိမ်ထောင်မင်္ဂလာ” ဆိုတာ ခင်ပွန်းနဲ့ ဇနီးကြား လိင်ဆက်ဆံခြင်းကို ရည်ညွှန်းတယ်။ (ပညာအလိမ္မာ ၅:၁၈) အိမ်ထောင်မင်္ဂလာကို လေးစားကြောင်း၊ မညစ်ညူးစေကြောင်း ဘယ်လို ပြနိုင်သလဲ။

၁၇။ (က) ဒီနေ့ လူများစွာက အိမ်ထောင်ရေး ဖောက်ပြန်တာကို ဘယ်လို ရှုမြင်ကြသလဲ။ (ခ) အိမ်ထောင်ရေး ဖောက်ပြန်တာကို ခရစ်ယာန်တွေ ဘယ်လို ရှုမြင်သင့်သလဲ။

၁၇ အိမ်ထောင်ဖက်အပေါ် သစ္စာမဲ့တာကို မှားတယ်လို့ လူတချို့ မထင်ကြဘူး။ ကျွန်တော်တို့အနေနဲ့ ဒီလိုသဘောထားမျိုး လွှမ်းမိုးခံလို့ မဖြစ်ဘူး။ လိင်အကျင့်ယိုယွင်းခြင်း၊ အိမ်ထောင်ရေး ဖောက်ပြန်ခြင်းကို ရွံမုန်းကြောင်း ယေဟောဝါ အတိအလင်း ဖော်ပြထားတယ်။ (ရောမ ၁၂:၉ ကို ဖတ်ပါ။ ဟီဘရူး ၁၀:၃၁။ ၁၂:၂၉) အိမ်ထောင်ဖက် မဟုတ်သူနဲ့ လိင်ဆက်ဆံရင် အိမ်ထောင်မင်္ဂလာကို ညစ်ညူးစေရာရောက်တယ်။ ယေဟောဝါရဲ့ စံနှုန်းတွေကို မလေးစားရာရောက်တယ်။ ဘုရားနဲ့ ဆက်ဆံရေးလည်း ထိခိုက်မယ်။ ဒါကြောင့် အိမ်ထောင်ရေး ဖောက်ပြန်စေနိုင်တဲ့ ပထမ ခြေလှမ်းကိုတောင် မလှမ်းမိဖို့ ရှောင်ရမယ်။ အဲဒီမှာ တခြားတစ်ယောက်အကြောင်း မတော်လျော်တဲ့အတွေး မတွေးခြင်းလည်း ပါဝင်တယ်။—ယောဘ ၃၁:၁။

၁၈။ (က) အိမ်ထောင်ရေး ဖောက်ပြန်ခြင်းက မှားယွင်းတဲ့ဘုရား ကိုးကွယ်ခြင်းနဲ့ ဘယ်လို ဆင်တူသလဲ။ (ခ) အိမ်ထောင်ရေး ဖောက်ပြန်ခြင်းကို ယေဟောဝါ ဘယ်လို ရှုမြင်သလဲ။

၁၈ ရှေးအစ္စရေးအချိန်မှာ မောရှေပညတ်အရ အိမ်ထောက်ရေး ဖောက်ပြန်ခြင်းဟာ မှားယွင်းတဲ့ဘုရား ကိုးကွယ်ခြင်းလောက် အပြစ်ကြီးတယ်။ အပြစ်နှစ်မျိုးစလုံးအတွက် သေဒဏ်ပဲ။ (ဝတ်ပြုရာ ၂၀:၂၊ ၁၀) အိမ်ထောင်ရေး ဖောက်ပြန်ခြင်းက မှားယွင်းတဲ့ဘုရား ကိုးကွယ်ခြင်းနဲ့ ဘယ်လို ဆင်တူသလဲ။ အစ္စရေးတစ်ယောက် မှားယွင်းတဲ့ဘုရား ကိုးကွယ်ရင် ယေဟောဝါအပေါ် သစ္စာရှိပါ့မယ်ဆိုတဲ့ ကတိကို ချိုးဖောက်တာပဲ။ အိမ်ထောင်ရေး ဖောက်ပြန်တယ်ဆိုရင် အိမ်ထောင်ဖက်အပေါ် သစ္စာရှိပါ့မယ်ဆိုတဲ့ ကတိကို ချိုးဖောက်တာ။ (ထွက်မြောက်ရာ ၁၉:၅၊ ၆။ တရားဟောရာ ၅:၉။ မာလခိ ၂:၁၄ ကို ဖတ်ပါ။) ရှေးအချိန်မှာ အိမ်ထောင်ရေး ဖောက်ပြန်ခြင်းကို ကြီးလေးတဲ့အပြစ်လို့ ယေဟောဝါ ရှုမြင်ခဲ့မှန်း ရှင်းပါတယ်။

၁၉။ အိမ်ထောင်ရေး မဖောက်ပြန်မိအောင် ဘာက ကူညီပေးနိုင်သလဲ။

၁၉ ဒီနေ့ကော။ ကျွန်တော်တို့ မောရှေပညတ်အောက်မှာ မရှိကြတော့ပေမဲ့ အိမ်ထောင်ရေး ဖောက်ပြန်ခြင်းနဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ ရှုမြင်ပုံကတော့ မပြောင်းဘူး။ မှားယွင်းတဲ့ဘုရားကို ကိုးကွယ်ကြမှာ မဟုတ်သလို အိမ်ထောင်ဖက်အပေါ်လည်း ဘယ်တော့မှ သစ္စာမဖောက်သင့်ဘူး။ (ဆာလံ ၅၁:၁၊ ၄။ ကောလောသဲ ၃:၅) သစ္စာဖောက်ရင် အိမ်ထောင်မင်္ဂလာနဲ့ ယေဟောဝါဘုရားကို မလေးစားရာရောက်တယ်။—ရှင်းလင်းချက် ၂၆ ကို ကြည့်ပါ။

အိမ်ထောင်နှောင်ကြိုးကို ခိုင်မြဲစေနိုင်ပုံ

၂၀။ ဉာဏ်ပညာက အိမ်ထောင်ကို ဘယ်လို အကျိုးပြုနိုင်သလဲ။

၂၀ အိမ်ထောင်ကို ဘယ်လို ပိုခိုင်မြဲစေနိုင်သလဲ။ “အိမ်ကို ဉာဏ်ပညာနဲ့ တည်ဆောက်ပြီး ပိုင်းခြားသိမြင်မှုနဲ့ ခိုင်ခံ့မြဲမြံအောင် ထိန်းသိမ်းရတယ်” လို့ ကျမ်းစာမှာ ဆိုထားတယ်။ (ပညာအလိမ္မာ ၂၄:၃) အိမ်တစ်လုံးဟာ အေးစိမ့်၊ ဟာလာဟင်းလင်း ဖြစ်နိုင်သလို နွေးနွေးထွေးထွေး၊ သက်သောင့်သက်သာ၊ လုံလုံခြုံခြုံလည်း ဖြစ်နိုင်ပါတယ်။ အိမ်ထောင်လည်း အလားတူပဲ။ ဉာဏ်ပညာရှိသူက ကိုယ့်အိမ်ထောင်ကို လုံခြုံအောင်၊ သာယာချမ်းမြေ့အောင်၊ ပျော်စရာကောင်းအောင် လုပ်ပါလိမ့်မယ်။

၂၁။ အသိပညာက အိမ်ထောင်ကို ဘယ်လို ပိုခိုင်မြဲစေနိုင်သလဲ။

၂၁ “အသိပညာကြောင့် အခန်းတွေဟာ နှစ်သက်ဖွယ် အဖိုးတန်ဘဏ္ဍာ အမျိုးမျိုးနဲ့ ပြည့်နေတယ်” လို့ ကျမ်းစာမှာ ဆက်ဆိုထားတယ်။ (ပညာအလိမ္မာ ၂၄:၄) ဘုရားသခင့် စကားတော်ကနေ သိလာတဲ့အရာတွေက အိမ်ထောင်ကို ပိုသာယာစေနိုင်တယ်။ (ရောမ ၁၂:၂။ ဖိလိပ္ပိ ၁:၉) ဇနီးမောင်နှံတွေအနေနဲ့ ကျမ်းစာ၊ ကျမ်းစာအခြေပြုစာပေတွေ အတူဖတ်တဲ့အခါ သိလာတဲ့အရာကို လက်တွေ့ကျင့်သုံးနိုင်ပုံအကြောင်း ဆွေးနွေးပါ။ အချင်းချင်း ချစ်ခင်လေးစားကြောင်း၊ ကြင်နာကြောင်း၊ ထောက်ထားစာနာကြောင်း ပြနိုင်တဲ့ နည်းလမ်းတွေ ရှာပါ။ အိမ်ထောင်ကို ခိုင်မြဲစေမယ့်၊ ပိုချစ်မြတ်နိုးစရာကောင်းတဲ့ အိမ်ထောင်ဖက် ဖြစ်လာစေနိုင်တဲ့ အရည်အသွေးတွေ ပျိုးထောင်ဖို့ ကူညီပေးပါလို့ ယေဟောဝါဆီ ဆုတောင်းပါ။—ပညာအလိမ္မာ ၁၅:၁၆၊ ၁၇။ ၁ ပေတရု ၁:၇။

မိသားစု ဝတ်ပြုမှု မစခင် ခင်ပွန်းက ဇနီးနဲ့အတူ ဆုတောင်းနေစဉ်

မိသားစုဝတ်ပြုချိန်တွင်း လမ်းညွှန်မှုအတွက် ယေဟောဝါကို မှီခိုအားထားပါ

၂၂။ အိမ်ထောင်ဖက်အပေါ် မေတ္တာ၊ လေးစားမှု၊ ဂုဏ်တင်မှု ဘာကြောင့် ပြသင့်သလဲ။

၂၂ အိမ်ထောင်ဖက်ကို မေတ္တာ၊ လေးစားမှု၊ ဂုဏ်တင်မှုတို့နဲ့ အတတ်နိုင်ဆုံး ဆက်ဆံသင့်ပါတယ်။ ဒါဆိုရင် အိမ်ထောင်ဟာ ပိုနွေးထွေးလာမယ်။ ပိုခိုင်မြဲလာမယ်။ အရေးကြီးဆုံးက ယေဟောဝါကို ကျေနပ်ပျော်ရွှင်စေမယ်။—ဆာလံ ၁၄၇:၁၁။ ရောမ ၁၂:၁၀။

ကျမ်းစာအခြေခံမူများ

၁ ကျွန်တော်တို့ရဲ့ အိမ်ထောင်က ယေဟောဝါကို ဂုဏ်တင်နိုင်

“မေတ္တာဟာ အစဉ်တည်တယ်။”—၁ ကောရိန္သု ၁၃:၈

အိမ်ထောင်ရေး အခက်အခဲတွေကို ဘာက ကူညီဖြေရှင်းပေးနိုင်သလဲ။

  • ဒေသနာ ၅:၄။ မဿဲ ၁၉:၄-၆

    အိမ်ထောင်တိုင်းမှာ စိန်ခေါ်ချက်တွေ ကိုယ်စီ ရှိတယ်။ ဒါပေမဲ့ ကိုယ့်အိမ်ထောင်အပေါ် လွယ်လွယ်နဲ့ လက်မလျှော့လိုက်ပါနဲ့။

  • ဆာလံ ၂၅:၄။ ဟေရှာယ ၄၈:၁၇၊ ၁၈။ မဿဲ ၆:၃၃၊ ၃၄

    ဇနီးမောင်နှံတွေ ယေဟောဝါနဲ့ ပိုရင်းနှီးလာတဲ့အခါ အိမ်ထောင်နှောင်ကြိုး ပိုခိုင်မြဲလာနိုင်တယ်။

၂ အပြောအဆိုနဲ့ အပြုအမူက အိမ်ထောင်အပေါ် သက်ရောက်မှု ရှိနိုင်

“သူတို့ဟာ တစ်သားတစ်ကိုယ်တည်း ဖြစ်လိမ့်မယ်။”—ကမ္ဘာဦး ၂:၂၄

အိမ်ထောင်ဖက်အပေါ် စိတ်ထိခိုက်စေခြင်းကို ဘယ်လို ရှောင်နိုင်မလဲ။

  • မဿဲ ၅:၂၈။ ဧဖက် ၄:၃၁

    အတွေးထဲမှာတောင် အိမ်ထောင်ဖက်အပေါ် သစ္စာရှိပါ။ အိမ်ထောင်ဖက်ရဲ့ ခံစားချက်ကို ဂရုစိုက်ပါ။ ကိုယ့်ကြောင့် အိမ်ထောင်ဖက် စိတ်ထိခိုက်နေမှန်း ရိပ်မိရင် လိုလိုလားလား ပြုပြင်ပြောင်းလဲပါ။

  • ဂလာတိ ၅:၁၅

    ကိုယ့်အိမ်ထောင်ဖက်ကို ရုပ်ပိုင်း၊ စိတ်ပိုင်း ထိခိုက်နာကျင်အောင် မလုပ်ချင်ကြပါဘူး။ ကြမ်းတမ်းတဲ့ စကားတွေက အိမ်ထောင်ကို ထိခိုက်နိုင်တယ်။

  • ပညာအလိမ္မာ ၅:၁၈။ ဟီဘရူး ၁၃:၄

    အိမ်ထောင်ရေး ဖောက်ပြန်ခြင်းကို ကြီးလေးတဲ့ အပြစ်လို့ ယေဟောဝါ ရှုမြင်တယ်။ အိမ်ထောင်ဖက်အပေါ် သစ္စာရှိနေဖို့ စိတ်ပိုင်းဖြတ်ထားရမယ်။ အိမ်ထောင်မင်္ဂလာကို တန်ဖိုးထားရမယ်။ ယေဟောဝါကိုဖြစ်စေ၊ အိမ်ထောင်ဖက်ကိုဖြစ်စေ ဘယ်တော့မှ မလေးမစား မလုပ်ချင်ကြပါဘူး။

၃ အိမ်ထောင်နှောင်ကြိုးကို ပိုခိုင်မြဲစေနိုင်

“အိမ်ကို ဉာဏ်ပညာနဲ့ တည်ဆောက် . . . တယ်။”—ပညာအလိမ္မာ ၂၄:၃

သာယာခိုင်မြဲတဲ့အိမ်ထောင် ဖြစ်ဖို့ ဘာလုပ်နိုင်သလဲ။

  • ပညာအလိမ္မာ ၂၄:၄။ မဿဲ ၆:၁၄၊ ၁၅။ ရောမ ၁၂:၂။ ၁ ပေတရု ၃:၁

    အိမ်ထောင်ဖက်နဲ့ ဆက်သွယ်ပြောဆိုဖို့ အချိန်ယူပါ။ အိမ်ထောင်ဖက်ကို မေတ္တာ၊ လေးစားမှု၊ ကြင်နာမှုနဲ့ ဆက်ဆံပါ။ ချက်ချင်း ခွင့်လွှတ်တတ်ဖို့ သင်ယူပါ။

  • ပညာအလိမ္မာ ၁၄:၁။ ၃၁:၂၉။ ဖိလိပ္ပိ ၁:၉။ ၂:၄။ ၁ ပေတရု ၃:၇

    ပိုကောင်းတဲ့ ခင်ပွန်း၊ ဇနီး ဖြစ်လာအောင် ကူညီပေးပါလို့ ယေဟောဝါဆီ တောင်းခံပါ။ ကြင်နာကြောင်း၊ ထောက်ထားစာနာကြောင်း ပြနိုင်တဲ့ နည်းလမ်းတွေ ရှာပါ။

  • ရောမ ၁၂:၁၀။ ၁ ပေတရု ၄:၈

    အိမ်ထောင်ဖက်ကို တန်ဖိုးထားလေးစားကြောင်း အတတ်နိုင်ဆုံး ပြတဲ့အခါ အိမ်ထောင်နှောင်ကြိုး ပိုခိုင်မြဲလာနိုင်တယ်။ ယေဟောဝါကို ရွှင်လန်းစေနိုင်တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ