အခန်း ၁၈
ဘေးအန္တရာယ် ကြုံနေတဲ့ ညီအစ်ကို/မတွေကို ကျွန်တော်တို့ ဘယ်လို ကူညီကြသလဲ
ဒိုမီနီကန်ပြည်သူ့သမ္မတနိုင်ငံ
ဂျပန်
ဟေတီ
ဘေးအန္တရာယ် ကျရောက်တဲ့အခါ ဘေးသင့်တဲ့ ညီအစ်ကို/မတွေကို ကူညီဖို့ ယေဟောဝါသက်သေတွေ ချက်ချင်း စီစဉ်ကြတယ်။ ဒီလို ကြိုးစားကူညီပေးမှုတွေက တစ်ဦးအပေါ်တစ်ဦးပြသတဲ့ ကျွန်တော်တို့ရဲ့ မေတ္တာစစ်ကို ဖော်ပြနေတယ်။ (ယောဟန် ၁၃:၃၄၊ ၃၅။ ၁ ယောဟန် ၃:၁၇၊ ၁၈) ဘယ်လိုနည်းတွေနဲ့ ကူညီပေးကြသလဲ။
ကျွန်တော်တို့ အလှူငွေ ထည့်ကြတယ်။ ပထမရာစုတုန်းက ယုဒပြည်မှာ အငတ်ဘေး ကျတဲ့အခါ အန္တိအုတ်က ခရစ်ယာန်တွေဟာ ခရစ်ယာန် ညီအစ်ကိုချင်းတွေအတွက် ငွေကြေး ပို့ပေးခဲ့ကြတယ်။ (တမန်တော် ၁၁:၂၇-၃၀) အလားတူ၊ တချို့ဒေသတွေက ညီအစ်ကို/မတွေ အခက်အခဲ ကြုံနေရတာကို ကျွန်တော်တို့ ကြားသိရတဲ့အခါ အရေးပေါ် လိုအပ်နေတဲ့ ရုပ်ပစ္စည်းအကူအညီတွေ ပေးဖို့ အသင်းတော်ကနေတစ်ဆင့် အလှူငွေ ထည့်ဝင်ကြတယ်။—၂ ကောရိန္သု ၈:၁၃-၁၅။
လက်တွေ့ကျအကူအညီတွေကို ပေးကြတယ်။ ဘေးသင့်တဲ့ဒေသရှိ အကြီးအကဲတွေက သက်သေခံယောက်တိုင်းကို တွေ့အောင် ရှာပြီး ဘေးကင်းလုံခြုံမှု ရှိဖို့ ကူညီပေးကြတယ်။ အစားအစာ၊ သောက်ရေသန့်၊ အဝတ်အထည်၊ အမိုးအကာ၊ ဆေးဝါးတွေကို ဖြန့်ဝေရာမှာ ကယ်ဆယ်ရေးကော်မတီက စီစဉ်ညွှန်ကြားပေးတယ်။ လိုအပ်တဲ့လုပ်ငန်းမှာ ကျွမ်းကျင်မှုရှိတဲ့သူတွေဟာ ကယ်ဆယ်ရေးမှာ ပါဝင်ဖို့၊ ပျက်စီးသွားတဲ့ ဝတ်ပြုရာခန်းမတွေနဲ့ အိမ်တွေကို ပြန်ပြင်ဖို့ ကိုယ့်စရိတ်နဲ့ကိုယ် သွားရောက် ကူညီပေးကြတယ်။ ကျွန်တော်တို့ဟာ စည်းလုံးတဲ့ အဖွဲ့အစည်း ဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မှုမှာ အတွေ့အကြုံ ရှိထားတာကြောင့် လိုအပ်တဲ့အခါ လိုအပ်ရာတွေနဲ့ လုပ်သားတွေကို အလျင်အမြန် စုစည်းနိုင်တယ်။ “ယုံကြည်ခြင်းတူတဲ့သူတွေကို” ကူညီကြတဲ့အပြင် ဖြစ်နိုင်တဲ့အခါတိုင်း ဘယ်ဘာသာဝင်ကိုမဆို ကူညီပေးကြတယ်။—ဂလာတိ ၆:၁၀။
သမ္မာကျမ်းစာနဲ့ နှစ်သိမ့်ပေးပြီး စိတ်ခံစားချက်ကို သက်သာစေကြတယ်။ ဘေးသင့်တဲ့သူတွေဟာ အထူးသဖြင့် နှစ်သိမ့်ပေးမှု လိုအပ်တယ်။ အဲဒီလိုအချိန်အခါမျိုးမှာ ကျွန်ုပ်တို့ဟာ “နှစ်သိမ့်ခြင်းအမျိုးမျိုးရဲ့ အရှင်” ယေဟောဝါထံက ခွန်အားရယူကြတယ်။ (၂ ကောရိန္သု ၁:၃၊ ၄) စိတ်ဓာတ်ကျသူတွေကို ကျမ်းစာပါ ကတိတော်တွေအကြောင်း ပြောပြကြတယ်။ မကြာခင်မှာ ဘုရားသခင့်နိုင်ငံတော်က နာကျင်မှု၊ ဆင်းရဲမှုတွေ ဖြစ်ပေါ်စေတဲ့ အဖြစ်ဆိုးအားလုံးကို အဆုံးသတ်တော့မယ်ဆိုတာ စိတ်ချစေကြတယ်။—ဗျာဒိတ် ၂၁:၄။
ဘေးအန္တရာယ်တွေ ကျရောက်တဲ့အခါ ယေဟောဝါသက်သေတွေ အမြန်ဆုံး ကူညီပေးနိုင်ကြတာ ဘာကြောင့်လဲ။
အသက်ရှင်လွတ်မြောက်သူတွေကို သမ္မာကျမ်းစာနဲ့ ဘယ်လို နှစ်သိမ့်ပေးနိုင်ကြသလဲ။