ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • bm အပိုင်း ၉ စာ. ၁၂
  • အစ္စရေးလူတို့ ဘုရင်တစ်ပါး တောင်းဆို

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အစ္စရေးလူတို့ ဘုရင်တစ်ပါး တောင်းဆို
  • သမ္မာကျမ်းစာ—ယင်းတွင် အဘယ်သတင်းတရား ပါရှိသနည်း
  • ဆင်တူတဲ့ အကြောင်းအရာ
  • ‘ထာဝရဘုရားသည် စစ်မှုကို ပိုင်၏’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၆
  • “အလိုတော်သို့ လိုက်စေမည်အကြောင်း သွန်သင်တော်မူပါ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ဒါဝိဒ်နဲ့ ရှောလု
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ဘဝအသက်တာတွင် အပြောင်းအလဲများနှင့် ကြုံတွေ့ရသောအခါဘုရားသခင့်ဝိညာဉ်တော်ကို ယုံကြည်ကိုးစားပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
နောက်ထပ် ကြည့်ပါ
သမ္မာကျမ်းစာ—ယင်းတွင် အဘယ်သတင်းတရား ပါရှိသနည်း
bm အပိုင်း ၉ စာ. ၁၂
ဒါဝိဒ်က လောက်လွှဲရွယ်နေချိန်မှာ ရှောလုစစ်သားတွေကြည့်နေ

အပိုင်း ၉

အစ္စရေးလူတို့ ဘုရင်တစ်ပါး တောင်းဆို

အစ္စရေးတို့၏ ဦးဆုံးဘုရင်ရှောလုသည် ယေဟောဝါကို မနာခံပေ။ သူ့ကိုဆက်ခံသူမှာ ဒါဝိဒ်ဖြစ်ပြီး ဘုရားသခင်သည် ထာဝရတည်တံ့မည့်နိုင်ငံတစ်ခုအတွက် သူနှင့် ပဋိညာဉ်ဖွဲ့သည်

ရှံဆုန်သေဆုံးပြီးနောက် ရှမွေလသည် အစ္စရေးနိုင်ငံတွင် ပရောဖက်နှင့်တရားသူကြီးအဖြစ် အမှုဆောင်ခဲ့သည်။ အစ္စရေးလူတို့က မိမိတို့သည် အခြားနိုင်ငံများနည်းတူ လူသားဘုရင်တစ်ပါးလိုချင်ကြောင်း ရှမွေလကို မပြတ်ပြောခဲ့ကြသည်။ ထိုတောင်းဆိုမှုသည် ယေဟောဝါကို စော်ကားရာရောက်သော်လည်း ယင်းကိုလိုက်လျောရန် ရှမွေလကို ကိုယ်တော်ညွှန်ကြားခဲ့သည်။ သို့နှင့် ရှောလုအမည်ရှိ နှိမ့်ချသူတစ်ဦးကို ဘုရင်အဖြစ် ဘုရားသခင်ရွေးချယ်လိုက်သည်။ သို့သော် ဘုရင်ရှောလုသည် တဖြည်းဖြည်း မာနထောင်လွှားလာပြီး နာခံမှုကင်းမဲ့လာသည်။ ထို့ကြောင့် ယေဟောဝါသည် သူ့ကို ဘုရင်အဖြစ်မှ ဖယ်ရှားလိုက်ပြီး ဒါဝိဒ်အမည်ရှိ နောက်လူငယ်တစ်ဦးကို ခန့်အပ်ရန် ရှမွေလကိုမိန့်မှာသည်။ သို့သော် နှစ်ပေါင်းများစွာကြာပြီးနောက်မှ ဒါဝိဒ် ဘုရင်ဖြစ်လာသည်။

ဒါဝိဒ်သည် ဆယ်ကျော်သက်အရွယ်သာရှိသေးချိန်တွင် ရှောလု၏စစ်တပ်၌ အမှုထမ်းနေသော သူ၏အစ်ကိုများထံ သွားရောက်ခဲ့သည်။ ထိုအချိန်တွင် စစ်တပ်တစ်တပ်လုံးသည် ဂေါလျတ်အမည်ရှိ ရန်သူစစ်သားတစ်ဦးကြောင့် ကြောက်ရွံ့တုန်လှုပ်နေသည်။ ထိုလူထွားကြီးသည် တစ်တပ်လုံးအပြင် သူတို့၏ဘုရားသခင်ကိုပါ ကဲ့ရဲ့ရှုတ်ချနေ၏။ ဒါဝိဒ်သည် အလွန်အမျက်ထွက်ပြီး ထိုသူနှင့်ယှဉ်ပြိုင်တိုက်ခိုက်ရန် သဘောတူလိုက်သည်။ လူငယ်ဒါဝိဒ်သည် လောက်လွှဲနှင့်ကျောက်ခဲအနည်းငယ်သာယူလျက် အရပ်ကိုးပေကျော်မြင့်သော တစ်ဘက်ရန်သူကို ယှဉ်ပြိုင်ရန် ထွက်သွား၏။ ဂေါလျတ်က ဒါဝိဒ်ကို ပြောင်လှောင်သောအခါ ဒါဝိဒ်က မိမိသည် ယေဟောဝါဘုရားသခင်၏နာမနှင့် ထိုလူထွားကြီးရှိရာသို့ထွက်လာသောကြောင့် သူ့ထက် ပို၍လက်နက်အပြည့်အစုံရှိသည်ဟု ပြန်ပြောလိုက်သည်။ ဒါဝိဒ်သည် ကျောက်ခဲတစ်လုံးတည်းနှင့် ဂေါလျတ်ကို အနိုင်ရလိုက်ပြီး သူ၏ဓားနှင့်ပင် သူ့ခေါင်းကိုပြန်ဖြတ်လိုက်သည်။ ထို့ကြောင့် ဖိလိတ္တိစစ်တပ်မှာ ကြောက်လန့်တကြားထွက်ပြေးကုန်သည်။

အစပိုင်းတွင် ရှောလုသည် ဒါဝိဒ်၏ရဲစွမ်းသတ္တိကို အထင်ကြီးပြီး သူ၏စစ်တပ်တွင် စစ်သူရဲအုပ်အရာ၌ ခန့်ထားလေ၏။ သို့သော် ဒါဝိဒ်၏အောင်မြင်မှုများကို ရှောလု မနာလိုဖြစ်လာသည်။ ထို့ကြောင့် ဒါဝိဒ်သည် အသက်လု၍ထွက်ပြေးရပြီး ဝရမ်းပြေးအဖြစ် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရသည်။ သို့တိုင် ဘုရင်ရှောလုကို ယေဟောဝါဘုရားသခင် ခန့်အပ်ထားသည်ဟူသောအတွေးကြောင့် ဒါဝိဒ်သည် မိမိကိုသတ်လိုသောဘုရင်အပေါ် ဆက်၍တည်ကြည်ခဲ့သည်။ နောက်ဆုံး၊ စစ်ပွဲတစ်ခုတွင် ရှောလုသေဆုံးသွားသည်။ ထို့နောက် မကြာမီတွင် ယေဟောဝါကတိပြုထားသည့်အတိုင်း ဒါဝိဒ် ဘုရင်ဖြစ်လာသည်။

“သူထိုင်သောရာဇပလ္လင် . . . ကို အစဉ်အမြဲ ငါတည်စေမည်။”​—၂ ဓမ္မရာဇဝင် ၇:၁၃

ဘုရင်တစ်ဦးအနေနှင့် ဒါဝိဒ်သည် ယေဟောဝါအတွက် ဝတ်ပြုရာအိမ်တော်တည်ဆောက်ရန် ဆန္ဒပြင်းပြခဲ့သည်။ သို့သော် ဒါဝိဒ်၏သားစဉ်မြေးဆက်တစ်ဦးက ယင်းကိုဆောက်လုပ်ရမည်ဟု ဒါဝိဒ်ကို ယေဟောဝါမိန့်ဆိုခဲ့သည်။ ထိုသူမှာ ဒါဝိဒ်၏သား ရှောလမုန်ဖြစ်လာသည်။ သို့တိုင် ဘုရားသခင်သည် ဒါဝိဒ်၏မိသားစုမျိုးရိုးမှ သူမတူသော မင်းမျိုးမင်းနွယ်ပေါ်ထွန်းလာမည်ဟူသော စိတ်လှုပ်ရှားဖွယ်ကောင်းသည့် ပဋိညာဉ်တစ်ခုကို ဒါဝိဒ်နှင့်ဖွဲ့ခြင်းဖြင့် သူ့ကို ကောင်းချီးပေးခဲ့သည်။ နောက်ဆုံး၊ ဧဒင်တွင်ကတိပြုထားသည့် ကယ်နုတ်သူ သို့မဟုတ် အမျိုးအနွယ်သည် ဒါဝိဒ်၏မျိုးရိုးမှ ပေါ်ထွက်လာမည်။ ထိုသူသည် ဘုရင်အဖြစ် ဘုရားသခင်ခန့်အပ်မည့် မေရှိယဖြစ်လာမည်။ မေရှိယသည် ထာဝစဉ်တည်တံ့မည့်အစိုးရ သို့မဟုတ် နိုင်ငံ၏ဘုရင်ဖြစ်လိမ့်မည်ဟု ယေဟောဝါကတိပြုသည်။

ဒါဝိဒ်သည် ကျေးဇူးတင်လေးမြတ်စိတ်အပြည့်ဖြင့် ဝတ်ပြုရာအိမ်တော်ဆောက်လုပ်ရေးစီမံကိန်းအတွက် ဆောက်လုပ်ရေးပစ္စည်းများနှင့် အဖိုးတန်သတ္တုအမြောက်အမြားကို စုဆောင်းခဲ့သည်။ ဆာလံသီချင်းများစွာကိုလည်း စွမ်းအားတော်လမ်းညွှန်မှုဖြင့် သီကုံးစပ်ဆိုခဲ့သည်။ သူ၏အသက်တာအဆုံးပိုင်းတွင် ဒါဝိဒ်ဤသို့အသိအမှတ်ပြုခဲ့၏– ‘ယေဟောဝါဘုရားသခင်၏စွမ်းအားတော်သည် ငါ့အားဖြင့် မိန့်တော်မူ၏။ တရားစကားတော်သည် ငါ့လျှာ၌တည်၏။’—၂ ဓမ္မရာဇဝင် ၂၃:၂၊ ကဘ။

—၁ ဓမ္မရာဇဝင် ;၂ ဓမ္မရာဇဝင်; ၁ ရာဇဝင်ချုပ်; ဟေရှာယ ၉:၇; မဿဲ ၂၁:၉; လုကာ ၁:၃၂; ယောဟန် ၇:၄၂ ကိုအခြေခံသည်။

  • ယေဟောဝါသည် ဘုရင်ရှောလုကို အဘယ်ကြောင့် ဒါဝိဒ်နှင့်အစားထိုးခဲ့သနည်း။

  • ဘုရင်မဖြစ်မီကပင် အဘယ်အရည်အသွေးများကို ဒါဝိဒ်တင်ပြခဲ့သနည်း။

  • ဒါဝိဒ်၏မျိုးရိုးမှဆင်းသက်လာမည်ဟု ကြိုဟောထားသည့် ကတိထားရာအမျိုးအနွယ် သို့မဟုတ် ကယ်နုတ်သူကား မည်သူနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ