နောက်ဆက်တွဲ
ရှီးအိုးလ်နဲ့ ဟေးဒီးစ်ဆိုတာ ဘာလဲ
မူရင်းဘာသာစကားမှာ ဟေဗြဲစကားလုံး ရှီးအိုးလ်နဲ့ အဲဒါနဲ့အဓိပ္ပာယ်တူတဲ့ ဂရိစကားလုံး ဟေးဒီးစ်ကို သမ္မာကျမ်းစာမှာ အကြိမ် ၇၀ ကျော်အသုံးပြုထားတယ်။ အဲဒီစကားလုံး နှစ်ခုစလုံးဟာ သေခြင်းနဲ့ဆက်စပ်တဲ့စကားလုံးတွေ ဖြစ်တယ်။ ဘာသာပြန်ကျမ်းတချို့က အဲဒီစကားလုံးတွေကို “သင်္ချိုင်း၊” “ငရဲ၊” ဒါမှမဟုတ် “မရဏာနိုင်ငံ” လို့ပြန်ဆိုတယ်။ ဒါပေမဲ့ ဘာသာစကားအများစုမှာ အဲဒီ ဟေဗြဲနဲ့ ဂရိစကားလုံးတွေရဲ့အဓိပ္ပာယ် အတိအကျကို ဖော်ပြပေးနိုင်တဲ့စကားလုံး မရှိဘူး။ အဲဒီစကားလုံးတွေရဲ့ အဓိပ္ပာယ်အမှန်က ဘာလဲ။ ဒီစကားလုံးတွေကို ကျမ်းချက်တွေမှာ ဘယ်လိုအသုံးပြုထားတယ်ဆိုတာ သုံးသပ်ကြည့်ကြစို့။
ဒေသနာ ၉:၁၀ မှာ ဒီလိုဖော်ပြထားတယ်– “သင်ယခုသွား၍ ရောက်ရလတ္တံ့သော အရပ်တည်းဟူသော မရဏာနိုင်ငံ [ရှီးအိုးလ်] ၌ လုပ်ဆောင်ခြင်းမရှိ၊ ကြံစည်ခြင်းမရှိ၊ သိပ္ပံအတတ်မရှိ၊ ပညာမရှိပါတကား။” ဒီအချက်က ရှီးအိုးလ်ဆိုတာ ကျွန်ုပ်တို့ ချစ်မြတ်နိုးရသူတွေကို မြှုပ်နှံတဲ့ သတ်သတ်မှတ်မှတ် ဒါမှမဟုတ် တစ်ဦးအတွက်သာဖြစ်တဲ့ သင်္ချိုင်းဂူနေရာတစ်ခုကို ရည်ညွှန်းတာလား။ မဟုတ်ပါဘူး။ သမ္မာကျမ်းစာက လူတွေကိုမြှုပ်တဲ့ သတ်သတ်မှတ်မှတ်နေရာတစ်ခုဖြစ်တဲ့ သင်္ချိုင်းအတွက် ရှီးအိုးလ်နဲ့ ဟေးဒီးစ်ဆိုတဲ့စကားလုံးကို အသုံးမပြုဘူး။—ကမ္ဘာဦး ၄၉:၃၀၊ ၃၁။
ဒါဆိုရင် “ရှီးအိုးလ်” က ဘယ်လိုနေရာကို ရည်ညွှန်းတာလဲ။ သမ္မာကျမ်းစာက “ရှီးအိုးလ်” ဒါမှမဟုတ် “ဟေးဒီးစ်” ဟာ ဂူတွေအများကြီးရှိတဲ့ သင်္ချိုင်းကြီးတစ်ခုထက်မကကို ရည်ညွှန်းကြောင်း ဖော်ပြတယ်။ ဥပမာ၊ ဟေရှာယ ၅:၁၄ မှာ “မရဏာနိုင်ငံ [ရှီးအိုးလ်] သည် မိမိလောဘကိုကျယ်စေ၍ မိမိပါးစပ်ကို အတိုင်းအရှည်မရှိဘဲ ဖွင့်ဟ” တယ်လို့ ဖော်ပြထားတယ်။ ရှီးအိုးလ်မှာ မရေမတွက်နိုင်တဲ့လူသေများစွာကို မြှုပ်နှံထားပြီးဖြစ်ပေမဲ့ ဆန္ဒမပြည့်ဝနိုင်တဲ့ပုံ တွေ့ရတယ်။ (သုတ္တံ ၃၀:၁၅၊ ၁၆) လူသေအရေအတွက်အနည်းငယ်သာ မြှုပ်နှံနိုင်တဲ့ ပကတိမြေနေရာနဲ့မတူဘဲ ‘မရဏာနိုင်ငံ [ရှီးအိုးလ်] ဟာ အလိုမပြည့်စုံတတ်’ ဘူး။ (သုတ္တံ ၂၇:၂၀) ရှီးအိုးလ်မှာ ပြည့်သွားပြီဆိုတာမရှိဘူး။ အရေအတွက် အကန့်အသတ်မရှိဘူး။ ဒါကြောင့် ရှီးအိုးလ်၊ ဒါမှမဟုတ် ဟေးဒီးစ်ဟာ သတ်သတ်မှတ်မှတ်နေရာတစ်ခု မဟုတ်ဘူး၊ ပုံဆောင်နေရာတစ်ခုသာဖြစ်တယ်။ သေခြင်းမှာအိပ်ပျော်နေတဲ့လူတွေ ရောက်ရှိနေတဲ့ ပုံဆောင်နေရာတစ်ခုဖြစ်တယ်။
ရှင်ပြန်ထမြောက်ခြင်းနဲ့ပတ်သက်တဲ့ ကျမ်းစာသွန်သင်ချက်က “ရှီးအိုးလ်” နဲ့ “ဟေးဒီးစ်” တို့ရဲ့အဓိပ္ပာယ်ကို ပိုနားလည်ဖို့ ကူညီပေးတယ်။ သမ္မာကျမ်းစာက ရှီးအိုးလ်နဲ့ ဟေးဒီးစ်တို့ကို ရှင်ပြန်ထမြောက်ကြမယ့်သူတွေရဲ့ သေခြင်းနဲ့ ဆက်စပ်ဖော်ပြတယ်။a (ယောဘ ၁၄:၁၃; တမန်တော် ၂:၃၁; ဗျာဒိတ် ၂၀:၁၃) ရှီးအိုးလ် ဒါမှမဟုတ် ဟေးဒီးစ်မှာရှိသူတွေထဲမှာ ယေဟောဝါကိုဝတ်ပြုသူတွေသာမက ကိုယ်တော့်ကို ဝတ်မပြုသူများစွာလည်းပါတယ်ဆိုတာ သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ (ကမ္ဘာဦး ၃၇:၃၅; ဆာလံ ၅၅:၁၅) ဒါကြောင့် ကျမ်းစာက “ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူတို့သည် ရှင်ပြန်ထမြောက်ကြလိမ့်မည်” ဆိုပြီး သွန်သင်ခြင်းဖြစ်တယ်။—တမန်တော် ၂၄:၁၅။