ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • kp စာ. ၁၂-၁၅
  • ‘တရားစီရင်ချိန်’ ရောက်ပြီ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ‘တရားစီရင်ချိန်’ ရောက်ပြီ
  • စောင့်နေကြလော့!
  • ဆင်တူတဲ့ အကြောင်းအရာ
  • မှောက်မှားသော ဘာသာတရား—ယင်း၏ အံ့ဖွယ်နိဂုံးကို ကြိုမြင်ရ
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၂
  • မြို့ကြီး ပျက်သုဉ်းခြင်း
    ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
  • မဟာဗာဗုလုန်ဆိုတာ ဘာလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • မဟာဗာဗုလုန် ပြိုလဲ၍တရားစီရင်ခံရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
နောက်ထပ် ကြည့်ပါ
စောင့်နေကြလော့!
kp စာ. ၁၂-၁၅

‘တရားစီရင်ချိန်’ ရောက်ပြီ

သမ္မာကျမ်းစာ၏ နောက်ဆုံးကျမ်းဖြစ်သော ဗျာ.ကျမ်းက “ထာဝရဧဝံဂေလိတရားကိုဟောရသော” ကောင်းကင်အလယ်၌ ပျံဝဲနေသည့် ကောင်းကင်တမန်တစ်ပါးကို ကျွန်ုပ်တို့အား သတိပြုစေသည်။ ကျယ်သောအသံနှင့် သူဤသို့ဆို၏– “ဘုရားသခင်ကိုကြောက်ရွံ့၍ ချီးမွမ်းကြလော့။ တရားစီရင်တော်မူသောအချိန်ရောက်လာပြီ။” (ဗျာ. ၁၄:၆၊ ၇) ထို ‘တရားစီရင်ချိန်’ တွင် ဘုရာသခင့်တရားစီရင်ချက်အကြောင်း သတိပေးကြေညာခြင်းနှင့် စီရင်ချက်ချခြင်းနှစ်မျိုးစလုံး ပါဝင်သည်။ တရားစီရင်ခြင်းသည် ကျွန်ုပ်တို့ ယခုအသက်ရှင်နေသော ‘နောက်ဆုံးကာလ’ ၏ အထွတ်အထိပ်အဖြစ် ရောက်ရှိလာသည်။—၂  တိမောသေ ၃:၁။

‘တရားစီရင်ချိန်’သည် ဖြောင့်မတ်ခြင်းတရားကို ချစ်မြတ်နိုးသူများအတွက် သတင်းကောင်းဖြစ်သည်။ ထိုအချိန်တွင် ဘုရားသခင်သည် အကြမ်းဖက်သော၊ မေတ္တာကင်းမဲ့သော ဤအစီအစဉ်စနစ်တွင် နှောင့်ယှက်ခံနေရသည့် မိမိ၏ကျေးကျွန်များကို ကယ်လွှတ်တော်မူမည်။

လက်ရှိဆိုးသွမ်းသော အစီအစဉ်စနစ်ကို အပြီးသတ်ဖျက်ဆီးမည့် ‘တရားစီရင်ချိန်’ မရောက်မီ ယခုအချိန်တွင် “ဘုရားသခင်ကိုကြောက်ရွံ့၍ ချီးမွမ်းကြ” ရန် ကျွန်ုပ်တို့ကို တိုက်တွန်းထားသည်။ ကျွန်ုပ်တို့သည် ယင်းသို့ လုပ်ဆောင်နေပါသလော။ ယင်းတွင် “ဘုရားသခင်ကို ယုံကြည်ပါသည်” ဟုပြောခြင်းထက်မက ပါဝင်ပတ်သက်သည်။ (မဿဲ ၇:၂၁-၂၃; ယာကုပ် ၂:၁၉၊ ၂၀) ဘုရားသခင်အား သင့်လျော်စွာကြောက်ရွံ့ခြင်းသည် ကိုယ်တော်အား ခန့်ညားစိုးရွံ့ခြင်း ဖြစ်သင့်သည်။ ယင်းက ကျွန်ုပ်တို့အား မကောင်းမှုကို ရှောင်စေ၏။ (သု. ၈:၁၃) ကောင်းမှုကို ချစ်မြတ်နိုးပြီး မကောင်းမှုကို မုန်းစေ၏။ (အာမုတ် ၅:၁၄၊ ၁၅) ကျွန်ုပ်တို့သည် ဘုရားသခင်အား ဂုဏ်တင်မည်ဆိုလျှင် ရိုသေလေးစားမှုအပြည့်ဖြင့် ကိုယ်တော်၏စကားကို နားထောင်ကြမည်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏ နှုတ်မြွက်တော်၊ သမ္မာကျမ်းစာကို မှန်မှန်မဖတ်နိုင်လောက်အောင် အခြားအရာများနှင့် အလုပ်များလွန်းကြမည်မဟုတ်ပါ။ ကျွန်ုပ်တို့သည် ကိုယ်တော်ကို အချိန်တိုင်း နှလုံးအကြွင်းမဲ့ ယုံကြည်ကိုးစားကြမည်။ (ဆာလံ ၆၂:၈; သု. ၃:၅၊ ၆) ကိုယ်တော်အား အမှန်တကယ် ဂုဏ်တင်သူများသည် ကိုယ်တော်အား ကောင်းကင်မြေကြီးဖန်ဆင်းရှင်၊ စကြဝဠာပိုင်သအုပ်စိုးရှင်အဖြစ် အသိအမှတ်ပြုကြပြီး မိမိတို့၏အသက်တာကို ကိုယ်တော်အား ပိုင်သအုပ်စိုးရှင်အဖြစ် မေတ္တာအပြည့်ဖြင့် လက်အောက်ခံကြသည်။ ကျွန်ုပ်တို့သည် ထိုအချက်များကို ပို၍အာရုံစိုက်သင့်ကြောင်း သိနားလည်ကြမည်ဆိုလျှင် ဖင့်နွှဲခြင်းမရှိဘဲ ယခုပင်လုပ်ဆောင်ကြပါစို့။

ကောင်းကင်တမန်မိန့်ဆိုခဲ့သော တရားစီရင်ရာအချိန်ကို “ယေဟောဝါ၏နေ့” အဖြစ်လည်း သိထားကြသည်။ ထိုကဲ့သို့သော “နေ့” တစ်နေ့သည် ဘီ.စီ.အီး. ၆၀၇ တွင် ရှေးယေရုရှလင်မြို့ပေါ် ကျရောက်ခဲ့သည်၊ အကြောင်းမှာ မြို့သူမြို့သားများသည် ပရောဖက်များအားဖြင့်ပေးသော ယေဟောဝါ၏ သတိပေးချက်များကို ဂရုမပြုခဲ့ကြသောကြောင့်ဖြစ်သည်။ သူတို့၏စိတ်ထဲတွင် ယေဟောဝါ၏နေ့သည် ဆိုင်းလင့်နေသောကြောင့် သူတို့၏အသက်တာအပေါ် ဘေးအန္တရာယ်သက်ရောက်ခဲ့သည်။ ‘ထာဝရဘုရားသခင်၏နေ့ကြီးနီးပြီ။ နီးပြီ။ အလျင်အမြန်လာ၏’ ဟု ယေဟောဝါ သူတို့ကို သတိပေးခဲ့ပြီးဖြစ်သည်။ (ဇေဖနိ ၁:၁၄) နောက်ထပ် ‘ထာဝရဘုရားသခင်၏နေ့’ သည် ဘီ.စီ.အီး. ၅၃၉ တွင် ရှေးဗာဗုလုန်ပေါ်သို့ ကျရောက်ခဲ့သည်။ (ဟေရှာယ ၁၃:၁၊ ၆) ဗာဗုလုန်လူမျိုးတို့သည် သူတို့၏ခံတပ်များ၊ နတ်ဘုရားများအား ယုံကြည်ကိုးစားကြသောကြောင့် ယေဟောဝါ၏ ပရောဖက်များပြောသည့် သတိပေးချက်များကို လျစ်လျူရှုခဲ့ကြသည်။ သို့သော် ဗာဗုလုန်သည် တစ်ညတည်းနှင့် မေဒိနှင့် ပါးရှားလက်သို့ ကျရောက်ခဲ့သည်။

ယနေ့ ကျွန်ုပ်တို့အဘယ်အရာကို ရင်ဆိုင်ရမည်နည်း။ နောက်ထပ်သာ၍ကြီးမားသော ‘ယေဟောဝါ၏နေ့’ ကြီးကို ရင်ဆိုင်ကြရမည်။ (၂ ပေတရု ၃:၁၁-၁၄) ဘုရားသခင့် တရားစီရင်ချက်ကို ‘မဟာဗာဗုလုန်’ အပေါ် ကြေညာထားပြီးဖြစ်သည်။ ဗျာ. ၁၄:၈ အရ ကောင်းကင်တမန်တစ်ပါးက “ဗာဗုလုန်မြို့ကြီး ပြိုလဲပြီ” ဟုကြွေးကြော်၏။ ယင်းသို့ အမှန်ပြိုလဲခဲ့ပြီ။ သူသည် ယေဟောဝါအားဝတ်ပြုသူများကို မထိန်းချုပ်နိုင်တော့ပါ။ သူကိုယ်တိုင်၏ ဖောက်ပြန်မှု၊ စစ်တွင်ပါဝင်ပတ်သက်မှုတို့မှာ အထင်အရှား ဖော်ထုတ်ခံခဲ့ရသည်။ ယခု နောက်ဆုံးပျက်စီးခြင်း နီးကပ်နေပြီ။ ယင်းကြောင့် သမ္မာကျမ်းစာက နေရာတိုင်းရှိ လူများအား ဤသို့တိုက်တွန်း၏– “သူ [မဟာဗာဗုလုန်] ၏အပြစ်တို့ကို ဆက်ဆံခြင်းနှင့်လည်းကောင်း၊ သူ၏ဘေးဒဏ်များကို ခံခြင်းနှင့်လည်းကောင်း ကင်းလွတ်အံ့သောငှာ သူ၏အထဲက ထွက်ကြလော့။ သူ၏အပြစ်တို့သည် ကောင်းကင်ဘုံတိုင်အောင် မီကြသည်ဖြစ်၍ သူ၏မတရားသောအမှုတို့ကို ဘုရားသခင်သတိရတော်မူပြီ။”—ဗျာ. ၁၈:၄၊ ၅။

မဟာဗာဗုလုန်ကား အဘယ်နည်း။ ရှေးခေတ်ဗာဗုလုန်၏ လက္ခဏာများကို တင်ပြကြသည့် ကမ္ဘာချီဘာသာရေးအဖွဲ့အစည်းတစ်ခုဖြစ်သည်။ (ဗျာ. အခန်းကြီး ၁၇၊ ၁၈) ဆင်တူချက်တချို့ကို သုံးသပ်ကြည့်ပါ–

• ရှေးခေတ်ဗာဗုလုန်၏ ယဇ်ပုရောဟိတ်များသည် နိုင်ငံရေးကိစ္စရပ်များတွင် အလွန်အမင်း ပါဝင်စွက်ဖက်ကြသည်။ ယနေ့ဘာသာတရားများစွာလည်း ထိုအတိုင်းဖြစ်သည်။

• ဗာဗုလုန်၏ ယဇ်ပုရောဟိတ်များသည် နိုင်ငံရေးစစ်ပွဲများဖြစ်အောင် လှုံ့ဆော်ပေးလေ့ရှိခဲ့ကြသည်။ မျက်မှောက်ခေတ်ဘာသာရေးသည်လည်း နိုင်ငံများ စစ်ဖြစ်သည့်အခါ စစ်သားများအား ဦးဆောင်ကောင်းချီးပေးလေ့ရှိကြသည်။

• ရှေးခေတ်ဗာဗုလုန်၏ သွန်သင်ချက်များနှင့် အကျင့်အကြံများသည် နိုင်ငံအတွင်း အကျင့်ယိုယွင်းမှုကို ဆိုးဆိုးရွားရွား ဖြစ်စေခဲ့သည်။ ယနေ့ ဘာသာရေးခေါင်းဆောင်များသည် ကိုယ်ကျင့်တရားဆိုင်ရာကျမ်းစာစံနှုန်းများကို လျစ်လျူရှုကြပြီး ဓမ္မဆရာများနှင့် သာမညလူတန်းစားနှစ်ရပ်စလုံးတွင် အကျင့်ယိုယွင်းမှုများ ပျံ့နှံ့နေသည်။ မဟာဗာဗုလုန်သည် မိမိကိုယ်ကို ဤလောကနှင့် ယင်း၏နိုင်ငံရေးစနစ်များတွင် ပါဝင်ပတ်သက်မှုကြောင့် ပြည့်တန်ဆာတစ်ဦးအဖြစ် ဗျာ.ကျမ်း၌ ပုံဖော်ပြခြင်းသည်လည်း မှတ်သားဖွယ်ဖြစ်သည်။

• မဟာဗာဗုလုန်သည် “ကာမဂုဏ်၌ ပျော်မွေ့သည်” ဟူ၍လည်း သမ္မာကျမ်းစာ၌ ဆိုထား၏။ ရှေးခေတ်ဗာဗုလုန်၏ ဝတ်ပြုရေး အစီအစဉ်တွင် နယ်မြေကြီးမားကျယ်ပြန့်စွာ ပိုင်ဆိုင်ရန်လိုအပ်ပြီး ယဇ်ပုရောဟိတ်များသည် စီးပွားရေးလုပ်ငန်းများတွင် အထင်ကရများ ဖြစ်လာခဲ့ကြသည်။ ယနေ့အချိန်တွင်မဟာဗာဗုလုန်သည် ဝတ်ပြုကိုးကွယ်ရာနေရာများအပြင် စီးပွားရေးလုပ်ငန်းမြောက်မြားစွာ ပိုင်ဆိုင်ကြသည်။ ယင်း၏သွန်သင်ချက်များနှင့် ပွဲလမ်းသဘင်များသည် မဟာဗာဗုလုန်ကိုယ်တိုင်ရော အခြားစီးပွားရေးသမားများကိုပါ ကြီးပွားချမ်းသာစေသည်။

• ရုပ်ပုံများအသုံးပြုခြင်း၊ နတ်ဝိဇ္ဇာအတတ်၊ မှော်အတတ်တို့သည် ရှေးဗာဗုလုန်တွင် သာမန်အရာများဖြစ်သည်၊ အလားတူပင် ယင်းတို့ကို ယနေ့ နေရာတိုင်းတွင် တွေ့ရသည်။ သေခြင်းကို ဘဝတစ်မျိုးသို့ ကူးပြောင်းခြင်းဟု ယူမှတ်ခဲ့ကြသည်။ ဗာဗုလုန်တွင် နတ်ဘုရားများကို ဝတ်ပြုကိုးကွယ်သည့် ကျောင်းကြီး၊ ကျောင်းငယ်များပြည့်နေသော်လည်း ဗာဗုလုန်လူမျိုးတို့သည် ယေဟောဝါအား ဝတ်ပြုကိုးကွယ်သူများကိုမူ ဆန့်ကျင်ခဲ့ကြသည်။ အလားတူ ယုံကြည်ချက်များနှင့် အကျင့်အကြံများကို မဟာဗာဗုလုန်တွင် တွေ့ရသည်။

ရှေးအချိန်က ယေဟောဝါနှင့် ကိုယ်တော်၏အလိုတော်ကို မပြတ်လျစ်လျူရှုခဲ့သူများအား အပြစ်ပေးရန် ကိုယ်တော်သည် နိုင်ငံရေးနှင့် စစ်ရေးတို့တွင် အင်အားကြီးသော လူမျိုးတို့ကို အသုံးပြုခဲ့သည်။ ထို့ကြောင့် ရှမာရိသည် ဘီ.စီ.အီး. ၇၄၀ တွင် အာရှုရိလက်ချက်ဖြင့် ပျက်စီးခဲ့ရသည်။ ယေရုရှလင်မြို့သည် ဘီ.စီ.အီး. ၆၀၇ တွင် ဗာဗုလုန်လူမျိုးတို့ လက်ချက်ဖြင့်လည်းကောင်း၊ စီ.အီး. ၇၀ တွင် ရောမတို့လက်ချက်ဖြင့်လည်းကောင်း သိမ်းရုံးဖျက်ဆီးခံခဲ့ရသည်။ ဗာဗုလုန်သည် ဘီ.စီ.အီး. ၅၃၉ တွင် မေဒိနှင့် ပါးရှားတို့၏ အနိုင်ယူတိုက်ခိုက်ခြင်းခံခဲ့ရသည်။ ကျွန်ုပ်တို့ခေတ်တွင် သားရဲနှင့်တူသော နိုင်ငံရေးအစိုးရများသည် “ပြည့်တန်ဆာ” ကိုတိုက်ခိုက်ပြီး ဝတ်လစ်စားလစ်ဖြစ်စေကာ သူ၏စရိုက်အစစ်အမှန်ကို ဖော်ထုတ်ကြမည်ဟု သမ္မာကျမ်းစာတွင် ကြိုပြောထားသည်။ သူ့ကို လုံးလုံးဖျက်ဆီးကြပါလိမ့်မည်။—ဗျာ. ၁၇:၁၆။

လောကအစိုးရများသည် ယင်းသို့ အမှန်တကယ် လုပ်ဆောင်ကြမည်လော။ ‘ဘုရားသခင်သည် သူတို့ကို အကြံပေးတော်မူမည်’ ဟုသမ္မာကျမ်းစာ၌ ဖော်ပြထား၏။ (ဗျာ. ၁၇:၁၇) ယင်းသည် အံ့သြထိတ်လန့်ဖွယ် ရုတ်တရက်ဖြစ်မည်၊ ကြိုသိမည်မဟုတ်ပါ၊ တဖြည်းဖြည်းဖြစ်မည်လည်းမဟုတ်ပါ။

သင်အဘယ်အရာ လုပ်ဆောင်ရန်လိုသနည်း။ သင့်ကိုသင် ဤသို့မေးပါ– ‘ကျွန်ုပ်သည် မဟာဗာဗုလုန်၏ သွန်သင်ချက်များ၊ အကျင့်အကြံများနှင့် ညစ်စွန်းနေသော ဘာသာရေးအဖွဲ့အစည်းတစ်ခုကို စွဲကပ်နေဆဲလော။’ ယင်းအသင်းသားတစ်ဦးမဟုတ်သည့်တိုင် သင့်ကိုသင် ဤသို့မေးနိုင်ပါသည်– ‘ကျွန်ုပ်သည် ယင်းစိတ်ဓာတ်၏ အလွှမ်းမိုးခံသလော။’ အဘယ်စိတ်ဓာတ်မျိုးနည်း။ ကိုယ်ကျင့်တရားလျော့ရဲမှု၊ ရုပ်ပစ္စည်းတပ်မက်မှု၊ ဘုရားသခင်ထက် အပျော်အပါးကို သာ၍နှစ်သက်မြတ်နိုးမှု သို့မဟုတ် ယေဟောဝါ၏ နှုတ်မြွက်တော်ကို (သေးငယ်ပုံရသည့်အရာများ၌ပင်) တမင်တကာလျစ်လျူရှုသည့်စိတ်ဓာတ်ဖြစ်သည်။ သင့်အဖြေကို သေသေချာချာ စဉ်းစားကြည့်ပါ။

ယေဟောဝါ၏မျက်နှာသာရရှိရန် ကျွန်ုပ်တို့၏ လုပ်ဆောင်မှုများရော စိတ်နှလုံးအလိုဆန္ဒများပါ အရေးပါပြီး မဟာဗာဗုလုန်နှင့် အမှန်တကယ်မပတ်သက်ကြောင်း ကျွန်ုပ်တို့ထင်ရှားစေကြသည်။ နှောင့်နှေးနေရမည့်အချိန် မဟုတ်ပါ။ အဆုံးသည် ရုတ်တရက်ရောက်လာမည်ဟု သတိပေးပြီးနောက် သမ္မာကျမ်းစာက ဤသို့ဆို၏– “ဗာဗုလုန်မြို့ကြီးကို ပြင်းထန်စွာချပစ်၍ နောက်တစ်ဖန်မပေါ်မရှိရ။”—ဗျာ. ၁၈:၂၁။

သို့သော် နောက်ထပ်ရှိသေးသည်။ ‘တရားစီရင်ချိန်’ နှင့်ပတ်သက်သည့် အခြားကဏ္ဍမှာ ယေဟောဝါဘုရားသခင်သည် ကမ္ဘာ့နိုင်ငံရေးစနစ်များ၊ ၎င်း၏အုပ်စိုးရှင်များ၊ ယေရှုခရစ်အား အပ်နှင်းထားသည့် ကောင်းကင်နိုင်ငံတော်အားဖြင့် ကိုယ်တော်၏အုပ်ချုပ်ပိုင်ခွင့်ကို လျစ်လျူရှုသူအားလုံးကို တရားစီရင်တော်မူမည်။ (ဗျာ. ၁၃:၁၊ ၂; ၁၉:၁၉-၂၁) ဒံယေလ ၂:၂၀-၄၅ တွင်မှတ်တမ်းတင်ထားသော ပရောဖက်ပြုချက်ရူပါရုံ၌ ရှေးခေတ်ဗာဗုလုန်အချိန်မှစ၍ မျက်မှောက်ခေတ်အထိ အုပ်ချုပ်ခဲ့သော နိုင်ငံရေးအုပ်ချုပ်မှုများကို ရွှေ၊ ငွေ၊ ကြေးဝါ၊ သံ၊ သရွတ်တို့ဖြင့်ပြုလုပ်ထားသော ရုပ်တုကြီးတစ်ခုဖြင့် ပုံဖော်ထားသည်။ ကျွန်ုပ်တို့ခေတ်ကာလနှင့်ပတ်သက်၍ ပရောဖက်ပြုချက်၌ ဤသို့ကြိုပြောခဲ့၏– “ပျက်စီးခြင်းသို့မရောက်နိုင်သော နိုင်ငံတစ်ခုကို . . . ကောင်းကင်ဘုံရှင်ဘုရားသခင်သည် တည်ထောင်စေတော်မူမည်။” ယေဟောဝါ၏ ‘တရားစီရင်ချိန်’ အတွင်း ထိုနိုင်ငံတော် လုပ်ဆောင်မည့်အရာနှင့်ပတ်သက်၍ သမ္မာကျမ်းစာက ဤသို့ကြေညာ၏– “ထိုနိုင်ငံသည် အခြားသောလူမျိုးလက်သို့မရောက်ရဘဲ အထက်ဆိုခဲ့ပြီးသော [လူသား] နိုင်ငံရှိသမျှတို့ကို ချိုးဖဲ့ဖျက်ဆီး၍ အစဉ်အမြဲတည်လိမ့်မည်။”—ဒံယေလ ၂:၄၅။

စစ်မှန်သော ဝတ်ပြုကိုးကွယ်သူများအား စစ်မှန်သောဘုရားသခင်ထံမှ စိမ်းကားသည့် ဤလောက,က အားပေးအားမြှောက်ပြုသည့်ဘဝပုံစံဖြစ်သော “လောက၌ရှိသောအရာတို့” ကို မချစ်ရန် သမ္မာကျမ်းစာက သတိပေးထားသည်။ (၁ ယောဟန် ၂:၁၅-၁၇) သင့်ဆုံးဖြတ်ချက်များနှင့် လုပ်ဆောင်မှုများသည် ဘုရားသခင့်နိုင်ငံတော်ကို လုံးလုံးထောက်ခံကြောင်း တင်ပြပါသလော။ ယင်းကို သင့်အသက်တာတွင် အမှန်ပင် ပထမထားပါသလော။—မဿဲ ၆:၃၃; ယောဟန် ၁၇:၁၆၊ ၁၇။

[စာမျက်နှာ ၁၄ ပါ လေးထောင့်ကွက်]

အဘယ်အချိန်တွင် အဆုံးရောက်လာမည်နည်း

“သင်တို့မထင်မမှတ်သောအချိန်နာရီ၌ လူသားသည် ကြွလာလိမ့်မည်။”—မဿဲ ၂၄:၄၄။

“လူသားသည် ကြွလာအံ့သောနေ့ရက်အချိန်နာရီကို သင်တို့သည်မသိသောကြောင့် စောင့်နေကြလော့။”—မဿဲ ၂၅:၁၃။

“နောက်မကျဘဲ ဧကန်အမှန်ရောက်လိမ့်မည်။” —ဟဗက္ကုတ် ၂:၃။

[စာမျက်နှာ ၁၄ ပါ လေးထောင့်ကွက်]

သင်သိမည်ဆိုလျှင် သင့်ကို ထူးခြားသွားစေမည်လော

ရောက်လာတော့မည့် ဘုရားသခင့်တရားစီရင်ရာနေ့သည် နောက်ထပ်နှစ်အနည်းငယ်အတွင်း လာဦးမည်မဟုတ်ဟု သင်သိထားမည်ဆိုလျှင် သင့်အသက်တာ အသုံးပြုပုံကို ပြောင်းလဲစေမည်လော။ ဤစနစ်ဟောင်း၏နိဂုံးသည် သင်မျှော်မှန်းထားသည်ထက် နောက်ကျနေခြင်းကြောင့် ယေဟောဝါ၏လုပ်ငန်းတော်တွင် အရှိန်လျှော့ပစ်လိုက်ပြီလော။—ဟေဗြဲ ၁၀:၃၆-၃၈။

အချိန်အတိအကျ မသိခြင်းကြောင့် ကျွန်ုပ်တို့သည် စင်ကြယ်သောစိတ်ဖြင့် ဘုရားသခင့်အမှုတော်ကို ထမ်းဆောင်ခြင်းဖြစ်ကြောင်း တင်ပြရန် အခွင့်အရေးရရှိစေသည်။ ယေဟောဝါသည် နှလုံးကိုသိမြင်တော်မူသောကြောင့် အဆုံးရောက်ခါနီးမှ ဇွဲရှိကြောင်း တင်ပြသူတို့ကို ကိုယ်တော်သိရှိတော်မူပြီး ထိုသူတို့ကို ဘုရားသခင် နှစ်သက်မည်မဟုတ်ပါ။—ယေရမိ ၁၇:၁၀; ဟေဗြဲ ၄:၁၃။

ယေဟောဝါအား အမှန်တကယ် ချစ်မြတ်နိုးသူများသည် ကိုယ်တော်ကို ပထမနေရာတွင် အမြဲထားကြသည်။ အခြားသူများကဲ့သို့ပင် စစ်မှန်သောခရစ်ယာန်များသည် လောကအလုပ်ကို လုပ်ကိုင်ရပေမည်။ သို့ရာတွင် သူတို့၏ရည်မှန်းချက်မှာ ချမ်းသာကြွယ်ဝရန်မဟုတ်ဘဲ ပစ္စည်းဥစ္စာအလုံအလောက်ရရှိရန်နှင့် ပိုလျှံရာအနည်းငယ်ကို အခြားသူတို့အား ဝေမျှရန်ဖြစ်သည်။ (ဧဖက် ၄:၂၈; ၁ တိမောသေ ၆:၇-၁၂) ထို့ပြင် သူတို့သည် အကျိုးပြုသော အပန်းဖြေမှုများတွင် ပျော်မွေ့ကြသည်၊ သူတို့၏ဆန္ဒမှာ လန်းဆန်းသွားစေရန်ဖြစ်သည်၊ အခြားလူတိုင်းလုပ်နေ၍ လိုက်လုပ်ရန်မဟုတ်ပါ။ (မာကု ၆:၃၁; ရောမ ၁၂:၂) ယေရှုခရစ်ကဲ့သို့ပင် သူတို့သည် ဘုရားသခင့်အလိုတော်ဆောင်ရာ၌ ပျော်မွေ့ကြသည်။—ဆာလံ ၃၇:၄; ၄၀:၈။

စစ်မှန်သောခရစ်ယာန်များသည် ထာဝစဉ်အသက်ရှင်ကာ ယေဟောဝါအား ထာဝစဉ်ဝတ်ပြုကိုးကွယ်လိုကြသည်။ တစ်စုံတစ်ရာသော ကောင်းချီးများရရှိရန် အချို့သူများ မျှော်လင့်ထားပုံရသည်ထက် အချိန်အနည်းငယ်ပို၍ စောင့်ရသောကြောင့် ယင်းမျှော်လင့်ချက်သည် တန်ဖိုးလျှော့မသွားပါ။

[စာမျက်နှာ ၁၅ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

အကြွင်းမဲ့ပိုင်သအုပ်စိုးမှုနှင့်ဆိုင်သော အရေးကိစ္စ

ဤမျှများပြားသော ခက်ခဲဆင်းရဲမှုများကို ဘုရားသခင် အဘယ်ကြောင့်ခွင့်ပြုထားရကြောင်းကို နားလည်သဘောပေါက်ရန် ကျွန်ုပ်တို့သည် အကြွင်းမဲ့ပိုင်သအုပ်စိုးမှုနှင့်ဆိုင်သော အရေးကိစ္စအကြောင်း နားလည်သဘောပေါက်ထားရန်လိုသည်။

ယေဟောဝါသည် ဖန်ဆင်းရှင်ဖြစ်တော်မူသောကြောင့် မြေကြီးနှင့် မြေကြီးပေါ်ရှိအရာအားလုံးအပေါ် အုပ်ချုပ်ပိုင်ခွင့်ရှိသည်။ သို့သော် လူ့သမိုင်းအစတွင် ယေဟောဝါ၏ အကြွင်းမဲ့ပိုင်သအုပ်စိုးမှု စိန်ခေါ်ခံခဲ့ရကြောင်း သမ္မာကျမ်းစာ၌ ရှင်းပြထား၏။ စာတန်က ယေဟောဝါသည် တရားလွန်ကန့်သတ်ချုပ်ချယ်သည်၊ ကျွန်ုပ်တို့၏ ပထမမိဘနှစ်ပါးသည် ဘုရားသခင့်ပညတ်ကို လျစ်လျူရှုပြီး ကိုယ်နည်းကိုယ့်ဟန်ဖြင့် ကိစ္စရပ်များကိုလုပ်ဆောင်မည်ဆိုပါက အဘယ်အရာဖြစ်ပျက်လာမည်နှင့်ပတ်သက်၍ ကိုယ်တော်သည် သူတို့ကို လိမ်လည်ထားကြောင်း၊ သူတို့သည် ဘုရားသခင့် လက်အောက်မှထွက်ကာ မိမိတို့ကိုယ်တိုင် စီမံလုပ်ကိုင်ခြင်းသည် ပိုကောင်းမည်ဖြစ်ကြောင်း အခိုင်အမာပြောဆိုခဲ့သည်။—ကမ္ဘာဦး အခန်းကြီး ၂၊ ၃။

ဘုရားသခင်သည် ပုန်ကန်သူများကို ချက်ချင်းဖျက်ဆီးပစ်မည်ဆိုလျှင် ကိုယ်တော်၏တန်ခိုးတော်ကို ဖော်ပြရာရောက်ပေမည်၊ သို့သော် ပေါ်ပေါက်ခဲ့သောအရေးကိစ္စမှာမူ ပြေလည်သွားမည်မဟုတ်ပါ။ ယေဟောဝါသည် ပုန်ကန်သူများကို ချက်ချင်းဖျက်ဆီးပစ်မည့်အစား ပုန်ကန်ခြင်း၏ရလဒ်ကို အသိဉာဏ်ရှိသတ္တဝါအားလုံးအား တွေ့မြင်ခွင့်ပြုခဲ့သည်။ ယင်းကြောင့် ခက်ခဲဆင်းရဲမှုများ ဖြစ်ပေါ်ခဲ့သော်လည်း ကျွန်ုပ်တို့ မွေးဖွားလာခွင့်ကိုလည်း ဖြစ်စေခဲ့သည်။

ထို့ပြင် ယေဟောဝါသည် အကြီးအကျယ်ကိုယ်ကျိုးစွန့်ကာ ကိုယ်တော်အားနာခံပြီး ကိုယ်တော့်သားတော်၏ ရွေးနုတ်ဖိုးပူဇော်ရာယဇ်ကို ယုံကြည်ကြောင်းတင်ပြမည့် လူသားများအား အပြစ်နှင့် ယင်း၏ဆိုးကျိုးမှ လွတ်မြောက်ပြီး ပရဒိသုတွင် အသက်ရှင်စေနိုင်မည့် အစီအစဉ်တစ်ခုကို မေတ္တာပါစွာ စီစဉ်တော်မူခဲ့သည်။ လိုအပ်မည်ဆိုလျှင် သေခြင်းမှ ထမြောက်စေခြင်းဖြင့် ပရဒိသုတွင် အသက်ရှင်နိုင်သည်။

ထိုအရေးကိစ္စကိုဖြေရှင်းရန် အချိန်ပေးခြင်းဖြင့် ဘုရားသခင့်ကျေးကျွန်များသည် ဘုရားသခင့်မေတ္တာတော်ကို တုံ့ပြန်နိုင်ခွင့်ရရှိကြပြီး မည်သည့်အခြေအနေမျိုးမဆိုတွင် ယေဟောဝါအပေါ် သူတို့၏တည်ကြည်မှုကို တင်ပြခွင့်ရရှိကြသည်။ ဘုရားသခင်၏ အကြွင်းမဲ့ပိုင်သအုပ်စိုးမှုအရေးကိစ္စအပြင် လူသားတို့၏ တည်ကြည်မှုနှင့်ပတ်သက်သော အရေးကိစ္စကို ဖြေရှင်းခြင်းသည် စကြဝဠာတစ်ခုလုံးတွင် ဘုရားသခင်၏ပညတ်ဥပဒေကို သင့်တော်လျောက်ပတ်သည့် လေးစားမှု ရှိစေသည်။ ထိုသို့သောလေးစားမှုမရှိပါက စစ်မှန်သည့်ငြိမ်သက်မှု ဘယ်တော့မျှ ရရှိနိုင်မည်မဟုတ်ပါ။a

[အောက်ခြေမှတ်ချက်]

a ဤအရေးကိစ္စများနှင့် ယင်းနှင့်ဆက်နွှယ်နေသော အကြောင်းအရာများကို ယေဟောဝါသက်သေများထုတ်ဝေသည့် ယေဟောဝါထံချဉ်းကပ်လော့စာအုပ်တွင် ပို၍အသေးစိတ် ရှင်းပြထားသည်။

[ရုပ်ပုံ]

ကမ္ဘာ့နိုင်ငံရေး အုပ်ချုပ်မှုစနစ် အဆုံးတိုင်ပါတော့မည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ