သင်၏အသက်တာသည် အဘယ်ဆီသို့ ဦးတည်နေသနည်း
• လူများစွာသည် နေ့စဉ်ဘဝအသက်တာ၏ လုပ်ငန်းဆောင်တာများဖြင့် လုံးပန်းနေကြသောကြောင့် သူတို့ အဘယ်ဆီသို့ ဦးတည်နေကြသည်ကို မစဉ်းစားမိသလောက်ဖြစ်နေကြသည်။
• သမ္မာကျမ်းစာက ရှေ့တွင်ဖြစ်မည့် အံ့ဖွယ်အဖြစ်အပျက်များကို ကြို၍အသိပေးထားသည်။ ကမ္ဘာတစ်ဝန်းရှိ လူ့အဖွဲ့အစည်းများတွင် ကြီးမားသည့်ပြောင်းလဲမှုများ ဖြစ်လာမည်ကိုလည်း သတိပေးထား၏။ ကျွန်ုပ်တို့သည် ထိုသတိပေးချက်မှ အကျိုးရယူပြီး ဘေးဆိုးများကို ရှောင်နိုင်ရန် အပြုသဘောပါသောလုပ်ဆောင်မှုကို အရေးတကြီးလုပ်ဆောင်ရမည်။
• သမ္မာကျမ်းစာမိန့်ဆိုချက်ကို သိထားပြီး ထိုအတိုင်းလက်တွေ့ကျင့်သုံးရန် ကြိုးစားကြသူ တချို့ရှိသော်လည်း ဘဝ၏ စိုးရိမ်ပူပန်မှုများက လမ်းမှားသို့ဦးတည်သွားစေသည်။
• သင့်ဘဝလမ်းစဉ် ဦးတည်ရာကို အသင် နှစ်သက်ပါသလော။ သင်လုပ်ဆောင်မည့်အရာများကို အစီအစဉ်ဆွဲသည့်အခါ ယင်းအစီအစဉ်တို့သည် သင့်ဘဝ ရေရှည်ပန်းတိုင်များအပေါ် မည်သို့အကျိုးသက်ရောက်နိုင်သည်ကို ထည့်သွင်းသုံးသပ်ပါသလော။
[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
သင့်အတွက် အဘယ်အရာသည် အရေးအကြီးဆုံးဖြစ်သနည်း
သင်သည် အောက်ပါတို့ကို မည်သို့ အဆင့်သတ်မှတ်မည်နည်း။ အမှတ်စဉ်တပ်ကြည့်ပါ။
ယင်းတို့ထဲမှများစွာသည် ဘဝအသက်တာ၌ သင့်လျော်နေရာ ရှိကြသည်၊ သို့သော် သင်ရွေးချယ်ရမည်ဆိုလျှင် အဘယ်အရာကို ပထမနေရာ၊ ဒုတိယနေရာစသဖြင့် ထားရှိမည်နည်း။
— ဖျော်ဖြေမှု/အပန်းဖြေမှု
— ကျွန်ုပ်၏အလုပ် သို့မဟုတ် အသက်မွေးဝမ်းကျောင်း
— ကျွန်ုပ်၏ကျန်းမာရေး
— ကိုယ်ကိုယ်တိုင်၏ပျော်ရွှင်မှု
— ကျွန်ုပ်၏အိမ်ထောင်ဖက်
— ကျွန်ုပ်၏မိဘ
— ကျွန်ုပ်၏သားသမီးများ
— အိမ်ကောင်းကောင်း၊ ဝတ်ကောင်းစားလှ
— ကျွန်ုပ်လုပ်ဆောင်လေသမျှတွင် အကောင်းဆုံးဖြစ်ရေး
— ဘုရားသခင်အားဝတ်ပြုခြင်း
[စာမျက်နှာ ၁၀၊ ၁၁ ပါ လေးထောင့်ကွက်]
သင့်ရွေးချယ်မှုများသည် သင်အမှန်တကယ်အလိုရှိရာဆီသို့ ဦးတည်နေစေသလော
ဤမေးခွန်းများကို သုံးသပ်ကြည့်ပါ
ဖျော်ဖြေမှု/အပန်းဖြေမှု– ကျွန်ုပ်ရွေးချယ်သော အပန်းဖြေမှုသည် ကျွန်ုပ်အား လန်းဆန်းစေသလော။ ကျွန်ုပ်၏ကျန်းမာရေးကို အန္တရာယ်ပြုနိုင်သည့် သို့မဟုတ် တစ်သက်လုံး မသန်မစွမ်းဖြစ်သွားစေနိုင်သည့် သည်းထိတ်ရင်ဖိုစွန့်စားမှုများ ပါဝင်ပါသလော။ နာရီအနည်းငယ် စိတ်လှုပ်ရှားစေသော်လည်း ရေရှည်ကြေကွဲမှုဖြစ်စေနိုင်သည့် “ပျော်ရွှင်မှု” မျိုးလော။ ကျွန်ုပ်ရွေးချယ်သော အပန်းဖြေမှုသည် ကောင်းကျိုးဖြစ်စေသည့်တိုင် ပိုမိုအရေးကြီးသောအရာများကို ပစ်ပယ်ရသည့်အထိ ယင်းတွင် အချိန်များစွာ အသုံးပြုနေပါသလော။
ကျွန်ုပ်၏အလုပ် သို့မဟုတ် အသက်မွေးဝမ်းကျောင်း– ဝမ်းရေးအတွက် ထောက်ပံ့ရန်အတွက်လော၊ သို့မဟုတ် ကျွန်ုပ်သည် အမှန်တွင် အလုပ်၏ကျေးကျွန်ဖြစ်နေသလော။ ကျွန်ုပ်၏ကျန်းမာရေးကို ချို့ယွင်းစေသည်အထိ လုပ်ဆောင်ရန်လိုအပ်သည့် အလုပ်လော။ ကျွန်ုပ်သည် အချိန်ပိုဆင်းခြင်းကို ပိုနှစ်သက်သလော၊ သို့မဟုတ် ကျွန်ုပ်၏အိမ်ထောင်ဖက်၊ သားသမီးများနှင့်အတူ အချိန်အသုံးပြုခြင်းကို ပိုနှစ်သက်သလော။ ကျွန်ုပ်၏အလုပ်ရှင်သည် ကျွန်ုပ်၏ကိုယ်ကိုကိုယ်သိသောစိတ်ကို အနှောင့်အယှက်ပေးသည့် သို့မဟုတ် ဝိညာဉ်ရေးအကျိုးစီးပွားကို မကြာခဏပစ်ပယ်ရသည့်အထိ အလုပ်လုပ်ရန်တောင်းဆိုတတ်လျှင် ထိုအလုပ်ကို ဆက်လုပ်မြဲလုပ်နေမည်လော။
ကျွန်ုပ်၏ကျန်းမာရေး– ကျွန်ုပ်သည် ကျန်းမာရေးကို ဂရုမစိုက်ဘဲနေသလော၊ သို့မဟုတ် အမြဲဂရုစိုက်သလော။ ကျွန်ုပ်စကားပြောတိုင်း ကျန်းမာရေးအကြောင်း ပါနေသလော။ ကျွန်ုပ်၏ကျန်းမာရေးဂရုစိုက်ပုံက ကျွန်ုပ်မိသားစုအတွက် စိုးရိမ်မကင်းဖြစ်ကြောင်း တင်ပြပါသလော။
ကိုယ်ကိုယ်တိုင်၏ပျော်ရွှင်မှု– ယင်းသည် ကျွန်ုပ်အဓိကစဉ်းစားရာလော။ ကျွန်ုပ်၏အိမ်ထောင်ဖက် သို့မဟုတ် ကျွန်ုပ်၏မိသားစု ပျော်ရွှင်မှုထက် ကျွန်ုပ်၏ပျော်ရွှင်မှုကို ရှေ့တန်းတင်ပါသလော။ စစ်မှန်သောဘုရားသခင်အား ကိုးကွယ်သူတစ်ဦးနှင့် လိုက်လျောညီထွေမှုရှိသည့် ပျော်ရွှင်မှုနည်းလမ်းကို ကျွန်ုပ်ရှာဖွေပါသလော။
ကျွန်ုပ်၏အိမ်ထောင်ဖက်– ကျွန်ုပ်နှင့် စိတ်သဘောကိုက်ညီနေသည့်အချိန်၌သာ ကျွန်ုပ်၏အိမ်ထောင်ဖက်ကို အဖော်အဖက်အဖြစ် ရှုမြင်ပါသလော။ ကျွန်ုပ်၏အိမ်ထောင်ဖက်ကို ကိုယ်ပိုင်ဂုဏ်သိက္ခာရှိသူတစ်ဦးအဖြစ် လေးမြတ်မှုဖြင့် ဆက်ဆံပါသလော။ ဘုရားသခင်ကိုယုံကြည်ခြင်းသည် အိမ်ထောင်ဖက်အား ကျွန်ုပ်၏ရှုမြင်ပုံအပေါ် ဩဇာသက်ရောက်ပါသလော။
ကျွန်ုပ်၏မိဘ– ကျွန်ုပ်သည် အရွယ်မရောက်သေးသူဖြစ်မည်ဆိုလျှင် မိဘစကားကို နားထောင်ပါသလော—ရိုသေလေးစားစွာ ပြန်ပြောဆိုခြင်း၊ ပေးထားသောအိမ်အလုပ်များကို လုပ်ဆောင်ခြင်း၊ သူတို့သတ်မှတ်ထားသော အချိန်တွင် အိမ်အရောက်ပြန်လာခြင်း၊ သူတို့တားမြစ်သော အပေါင်းအသင်းများနှင့် လုပ်ဆောင်မှုများကို ရှောင်ကြဉ်ခြင်းတို့တွင် နာခံပါသလော။ ကျွန်ုပ်သည် အရွယ်ရောက်သူတစ်ဦးဖြစ်မည်ဆိုလျှင် မိဘစကားကို လေးလေးစားစား နားထောင်ပါသလော၊ အကူအညီလိုအပ်သည့်အခါ သင့်လျော်သောအကူအညီ ပေးပါသလော။ မိဘအား ကျွန်ုပ်ဆက်ဆံပုံသည် ကိုယ်ကျိုးကြောင့်လော၊ သို့မဟုတ် ဘုရားသခင့်နှုတ်မြွက်တော်မှ ဆုံးမစကားများကြောင့်လော။
ကျွန်ုပ်၏သားသမီးများ– သားသမီးများအား သင့်လျော်သော ကိုယ်ကျင့်တရားစံနှုန်းများကို သွန်သင်ပေးရန် တာဝန်ရှိသည်ဟု ကျွန်ုပ်ယူမှတ်ပါသလော၊ သို့မဟုတ် ယင်းကို ကျောင်းတွင် သွန်သင်ပေးမည်ဟု မျှော်လင့်ပါသလော။ ကျွန်ုပ်သည် ကလေးများနှင့် အချိန်အသုံးပြုပါသလော၊ သို့မဟုတ် ကစားစရာအရုပ်များ၊ ရုပ်မြင်သံကြား သို့မဟုတ် ကွန်ပျူတာတို့ဖြင့် အချိန်ကုန်စေရန် မျှော်လင့်ပါသလော။ ဘုရားသခင့်သတိပေးချက်များကို သားသမီးများ လျစ်လျူရှုသည့်အခါတိုင်း သူတို့ကို မပြတ်ပဲ့ပြင်ဆုံးမပါသလော၊ သို့မဟုတ် ကျွန်ုပ်အား စိတ်ဆိုးစေသည့်အချိန်၌သာ ဆုံးမပါသလော။
အိမ်ကောင်းကောင်း၊ ဝတ်ကောင်းစားလှ– ကျွန်ုပ်၏အသွင်အပြင်နှင့် ပိုင်ဆိုင်ရာများကို အာရုံစိုက်ရသည့် အကြောင်းရင်းကား အဘယ်နည်း—အိမ်နီးချင်းများကို အထင်ကြီးစေလို၍လော။ ကျွန်ုပ်မိသားစု၏ ကောင်းကျိုးအတွက်လော။ ကျွန်ုပ်သည် ဘုရားသခင်အား ဝတ်ပြုကိုးကွယ်သူတစ်ဦး ဖြစ်နေခြင်းကြောင့်လော။
ကျွန်ုပ်လုပ်ဆောင်လေသမျှတွင် အကောင်းဆုံးဖြစ်ရေး– အဘယ်အရာကိုမဆို ကောင်းမွန်စွာလုပ်ဆောင်ရန် အရေးကြီးသည်ဟု ကျွန်ုပ်ယူမှတ်ပါသလော။ အကောင်းဆုံးဖြစ်ရေးအတွက် ကျွန်ုပ်ကြိုးစားပါသလော။ တစ်စုံတစ်ယောက်က သာလွန်အောင်လုပ်ဆောင်သည့်အခါ ကျွန်ုပ် စိတ်အနှောင့်အယှက်ဖြစ်ပါသလော။
ဘုရားသခင်အားဝတ်ပြုခြင်း– ဘုရားသခင်၏ နှစ်သက်လက်ခံမှုရခြင်းသည် ကျွန်ုပ်၏အိမ်ထောင်ဖက်၊ သားသမီး၊ မိဘ၊ သို့မဟုတ် အလုပ်ဖော်များ၏ နှစ်သက်လက်ခံမှုရခြင်းထက် ပိုအရေးကြီးပါသလော။ သက်သောင့်သက်သာရှိသော ဘဝပုံစံကို ထိန်းသိမ်းဖို့ ယေဟောဝါအမှုတော်ဆောင်ခြင်းကို ဒုတိယနေရာတွင် ထားမည်လော။
သမ္မာကျမ်းစာပါ ဆုံးမစကားများကို ဂရုတစိုက် ဆင်ခြင်သုံးသပ်ပါ
သင့်အသက်တာတွင် ဘုရားသခင်သည် အဘယ်နေရာ၌ ရှိသနည်း။
ဒေ. ၁၂:၁၃– “ဘုရားသခင်ကိုကြောက်ရွံ့၍ ပညတ်တော်တို့ကို စောင့်ရှောက်လော့။ ဤရွေ့ကား လူနှင့်ဆိုင်သော အမှုအရာအလုံးစုံတို့ကို ချုပ်ခြာသတည်း။”
သင့်ကိုသင် ဤသို့မေးပါ– ထိုကျမ်းစာစကားအတိုင်း ရှုမြင်ကြောင်း ကျွန်ုပ်၏အသက်တာက ဖော်ပြသလော။ ဘုရားသခင့်ပညတ်များကို နာခံခြင်းသည် အိမ်၊ လုပ်ငန်းခွင် သို့မဟုတ် ကျောင်းတွင် တာဝန်များလုပ်ဆောင်ပုံအပေါ် ဩဇာသက်ရောက်ပါသလော။ အခြားစိတ်ဝင်စားရာများ သို့မဟုတ် ဘဝဖိစီးမှုများသည် ဘုရားသခင်အတွက် ဖယ်ထားသောအချိန်အပေါ် ဩဇာသက်ရောက်ပါသလော။
ဘုရားသခင်နှင့် အဘယ်သို့သောဆက်ဆံရေးမျိုး သင်၌ရှိသနည်း။
သု. ၃:၅၊ ၆– “ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ကိုးစားလော့။ ကိုယ်ဉာဏ်ကို အမှီမပြုနှင့်။ သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက်ပြုလော့။ သို့ပြုလျှင် သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။”
မဿဲ ၄:၁၀– “သင်၏ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ်ရမည်။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည်။”
သင့်ကိုသင် ဤသို့မေးပါ– အထက်ပါကျမ်းစကားများသည် ဘုရားသခင်နှင့်ပတ်သက်၍ ကျွန်ုပ်၏ခံယူချက်များဖြစ်သလော။ ကျွန်ုပ်၏ နေ့စဉ်လုပ်ငန်းဆောင်တာများအပြင် ခက်ခဲသည့်အခြေအနေများ ရင်ဆိုင်ဖြေရှင်းရသည့်အခါ ထိုသို့သော ယုံကြည်စိတ်ချမှုနှင့် ဆည်းကပ်ဝတ်ပြုမှုတို့ကို ကျွန်ုပ်တင်ပြပါသလော။
သမ္မာကျမ်းစာဖတ်ရှုခြင်းနှင့် လေ့လာခြင်းသည် သင့်အတွက် မည်မျှအရေးကြီးသနည်း။
ယောဟန် ၁၇:၃– “ထာဝရအသက်ဟူမူကား၊ မှန်သောဘုရားသခင်တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူသော ယေရှုခရစ်ကိုလည်းကောင်း သိကျွမ်းခြင်းတည်း။”
သင့်ကိုသင် ဤသို့မေးပါ– ဘုရားသခင့်နှုတ်မြွက်တော်ကို ဖတ်ရှုပြီး လေးလေးနက်နက်တွေးတောခြင်းဖြင့် သမ္မာကျမ်းစာကို အမှန်တကယ်ယုံကြည်ကြောင်း တင်ပြပါသလော။
ခရစ်ယာန်အသင်းတော် အစည်းအဝေးများကို တက်ရောက်ခြင်းသည် သင့်အတွက် မည်မျှ အရေးကြီးသနည်း။
ဟေဗြဲ ၁၀:၂၄၊ ၂၅– “မေတ္တာစိတ်ရှိစေခြင်းငှာလည်းကောင်း၊ ကောင်းသောအကျင့်ကို ကျင့်စေခြင်းငှာလည်းကောင်း တိုက်တွန်းနှိုးဆော်ရသောအခွင့်ကိုရှာ၍ အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ထောက်စာကြည့်ရှုကြကုန်အံ့။ . . . အချင်းချင်းစည်းဝေးခြင်းအမှုကို မရှောင်မလွှဲကြနှင့်။ အချင်းချင်းတို့ကို တိုက်တွန်းနှိုးဆော်ကြလော့။ ကာလအချိန်ရောက်လုနီးသည်ကိုထောက်သဖြင့် သာ၍ကြိုးစားကြလော့။”
ဆာလံ ၁၂၂:၁– “ ‘ငါတို့သည် ထာဝရဘုရား၏အိမ်တော်သို့ သွားကြကုန်အံ့’ ဟုသူတစ်ပါးတို့သည် ပြောကြသောအခါ ငါသည် ဝမ်းမြောက်ခြင်းရှိ၏။”
သင့်ကိုသင် ဤသို့မေးပါ– ကျွန်ုပ်၏ဘဝပုံစံသည် ဘုရားသခင့်နှုတ်မြွက်တော်တွင် တွေ့ရသော ယင်းညွှန်ကြားချက်ကို လေးမြတ်ကြောင်း တင်ပြပါသလော။ လွန်ခဲ့သောလအတွင်း တခြားအရာတစ်ခုခုကို ဦးစားပေးခဲ့သောကြောင့် ခရစ်ယာန်အစည်းအဝေးတစ်ခုခုကို ပျက်ကွက်ခဲ့ပါသလော။
သင်သည် ဘုရားသခင်နှင့် ကိုယ်တော့်ရည်ရွယ်ချက်အကြောင်း အခြားသူများအား ပြောပြရာတွင် ထက်သန်စွာ ပါဝင်သလော။
မဿဲ ၂၄:၁၄– “သက်သေဖြစ်မည်အကြောင်း[ဘုရားသခင့်] နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို လောကီနိုင်ငံ အရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ဖြစ်လတ္တံ့။”
မဿဲ ၂၈:၁၉၊ ၂၀– “သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက် . . . ငါသည် သင်တို့အားပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ ဆုံးမသြဝါဒပေးကြလော့။”
ဆာလံ ၉၆:၂– “ထာဝရဘုရားအား သီချင်းဆို၍ နာမတော်ကို ကောင်းချီးပေးကြလော့။ ကယ်တင်တော်မူခြင်းတရားကို တစ်နေ့ထက်တစ်နေ့ ညွှန်ကြားကြလော့။”
သင့်ကိုသင် ဤသို့မေးပါ– ယင်းလုပ်ဆောင်မှုကို ကျွန်ုပ်၏အသက်တာတွင် ထားအပ်သည့်နေရာ၌ အမှန်တကယ် ထားရှိပါသလော။ ကျွန်ုပ်တို့အသက်ရှင်နေရသည့် အချိန်ကာလ၏ အရေးတကြီးဖြစ်မှုကို ယုံကြည်စိတ်ချကြောင်း ယင်းလုပ်ငန်းတွင် ကျွန်ုပ်၏အားထုတ်ပါဝင်မှုက ထင်ရှားဖော်ပြပါသလော။