အခန်း နှစ်ဆယ့်ငါး
နောင်တနှင့် သက်ဆိုင်သော ဆုတောင်းချက်
၁၊ ၂။ (က) ဘုရားသခင် ဆုံးမအပြစ်ပေးခြင်း၏ ရည်ရွယ်ချက်ကား အဘယ်နည်း။ (ခ) ယေဟောဝါ၏ ဆုံးမအပြစ်ပေးမှုကို ခံရပြီးနောက် ဂျူးလူမျိုးသည် အဘယ် ရွေးချယ်စရာ ရှိမည်နည်း။
ဘီ.စီ.အီး. ၆၀၇ တွင် ယေရုရှလင်မြို့နှင့် ၎င်း၏ ဗိမာန်တော် ဖျက်ဆီးခံရခြင်းသည် ကိုယ်တော် လုံးဝ မနှစ်သက်ကြောင်း ဖော်ပြချက်တစ်ရပ် ဖြစ်သည့် ယေဟောဝါထံတော်မှ ဆုံးမအပြစ်ပေးခြင်း ဖြစ်သည်။ နာခံမှု မရှိသော ယုဒလူမျိုးသည် ပြင်းထန်သော ဆုံးမအပြစ်ပေးမှုကို ခံထိုက်ခဲ့သည်။ သို့သော်၊ ယေဟောဝါသည် ဂျူးလူမျိုးကို လုံးလုံး ဖျက်ဆီးပစ်ရန် မရည်ရွယ်ခဲ့ပါ။ တမန်တော် ပေါလုက ယေဟောဝါ ဆုံးမအပြစ်ပေးခြင်း၏ ရည်ရွယ်ချက်ကို ဤသို့ ဖော်ပြခဲ့၏– “ဆုံးမခြင်းမည်သည်ကား ခံရစဉ်အခါ ဝမ်းမြောက်စရာ မထင်၊ ဝမ်းနည်းစရာ ထင်တတ်၏။ သို့သော်လည်း၊ ဆုံးမခြင်းကို ခံရသောသူတို့သည် နောက်မှ ငြိမ်သက်ခြင်းနှင့် စပ်ဆိုင်သော ဖြောင့်မတ်ခြင်းအကျိုးကို ခံရကြ၏။”—ဟေဗြဲ ၁၂:၁၁။
၂ ဂျူးလူမျိုးသည် ပြင်းထန်နာကျင်သော အတွေ့အကြုံကို မည်သို့ တုံ့ပြန်ကြမည်နည်း။ သူတို့သည် ယေဟောဝါ၏ ဆုံးမအပြစ်ပေးမှုကို ရွံမုန်းကြမည်လော။ (ဆာလံ ၅၀:၁၆၊ ၁၇) သို့မဟုတ်၊ လေ့ကျင့်သွန်သင်ပေးမှုအဖြစ် လက်ခံကြမည်လော။ နောင်တယူကြပြီး ကုစားခံကြမည်လော။ (ဟေရှာယ ၅၇:၁၈; ယေဇကျေလ ၁၈:၂၃) အနည်းဆုံး ယုဒပြည်သူပြည်သားအချို့သည် ဆုံးမအပြစ်ပေးမှုကို ကောင်းစွာ တုံ့ပြန်ကြမည်ဟု ဟေရှာယ ပရောဖက်ပြုချက်၌ ဖော်ပြထားသည်။ အခန်းကြီး ၆၃ ၏ နောက်ဆုံး အခန်းငယ်များမှစ၍ အခန်းကြီး ၆၄ တစ်လျှောက်လုံးတွင် ယုဒလူမျိုးကို ယေဟောဝါအား နှလုံးပါပါ ဆုတောင်းချဉ်းကပ်ကြသော နောင်တရသူများအဖြစ် ဖော်ပြထားသည်။ ပရောဖက် ဟေရှာယက နောင်တွင် ပြည်နှင်ခံရသော ပြည်သားချင်းတို့၏ အကျိုးအတွက် နောင်တနှင့် စပ်ဆိုင်သော ဆုတောင်းချက်တစ်ခုကို ထုတ်ဖော်ပြောဆိုသည်။ ထိုသို့ ပြောစဉ်တွင် အနာဂတ်တွင် ဖြစ်မည့် အဖြစ်အပျက်များကို သူ့မျက်စိရှေ့မှောက်တွင် ဖြစ်နေဘိသကဲ့သို့ ဖော်ပြထားသည်။
ကြင်နာထောက်ထားသော ဖခင်တစ်ဦး
၃။ (က) ဟေရှာယ၏ ပရောဖက်ပြုချက်ဆိုင်ရာ ဆုတောင်းချက်သည် ယေဟောဝါအား မည်သို့ ချီးမြှောက်ထားသနည်း။ (ခ) ဟေရှာယ၏ ပရောဖက်ပြုချက်ဆိုင်ရာ ဆုတောင်းချက်သည် ဗာဗုလုန်ရှိ နောင်တရသော ဂျူးများ၏ စိတ်သဘောထားကို ဖော်ပြခြင်း ဖြစ်ကြောင်း ဒံယေလ၏ ဆုတောင်းချက်က မည်သို့ တင်ပြသနည်း။ (စာမျက်နှာ ၁၇၂ မှ လေးထောင့်ကွက်ကိုရှု။)
၃ ဟေရှာယသည် ယေဟောဝါအား ဤသို့ဆုတောင်း၏– “ကောင်းကင်ဘုံက ငုံ့ကြည့်တော်မူပါ။ သန့်ရှင်း၍ ဘုန်းကြီးသော နေရာက ကြည့်ရှုတော်မူပါ။” ပရောဖက်က ယေဟောဝါနှင့် ကိုယ်တော်၏ နာမ်ဝိညာဉ် သတ္တဝါများ ကျိန်းဝပ်တော်မူရာ ဝိညာဏ ကောင်းကင်ကို ပြောနေခြင်း ဖြစ်သည်။ ပြည်နှင်ခံရသော ဂျူးများ၏ စိတ်သဘောထားကို ဖော်ပြကာ ဟေရှာယ ဤသို့ ဆက်ဆို၏– “စိတ်တော်အားကြီး၍ တန်ခိုးကို ပြတော်မူခြင်း၊ ကရုဏာတော် လှုပ်ရှား၍ အကျွန်ုပ်တို့ကို သနားစုံမက်တော်မူခြင်းသည် အဘယ်မှာ ရှိပါသနည်း။ ချုပ်တည်းတော်မူသလော။” (ဟေရှာယ ၆၃:၁၅) ယေဟောဝါသည် လူမျိုးတော်အပေါ် ကိုယ်တော်၏ တန်ခိုးတော်၊ ကိုယ်တော်၏ နက်ရှိုင်းသော ခံစားချက်—“[ကိုယ်တော်၏] ကရုဏာတော် [နှင့် ကိုယ်တော်၏] သနားစုံမက်တော်မူခြင်း”—ကို ထိန်းချုပ်၊ ချုပ်တည်းထားခဲ့၏။ သို့တိုင်၊ ယေဟောဝါသည် ဂျူးလူမျိုး၏ “အဘ” ဖြစ်တော်မူ၏။ အာဗြဟံနှင့် ဣသရေလ (ယာကုပ်) တို့သည် သူတို့ ဆင်းသက်လာရာ ဘိုးဘေး ဖြစ်သည်၊ သို့သော် သူတို့ အသက်ပြန်ရှင်ခဲ့မည်ဆိုလျှင် အယူဖောက်ပြန်နေသော သူတို့၏ သားမြေးများကို ငြင်းပယ်ပေမည်။ ယေဟောဝါတွင် ကြင်နာထောက်ထားမှု ပို၍ ရှိတော်မူ၏။ (ဆာလံ ၂၇:၁၀) ဟေရှာယက ကျေးဇူးတင်လေးမြတ်စွာဖြင့် ဤသို့ ဆို၏– “အိုထာဝရဘုရား ကိုယ်တော်သည် အကျွန်ုပ်တို့အဘ ဖြစ်တော်မူ၏။ ရှေးကာလမှစ၍ အကျွန်ုပ်တို့ကို ရွေးနုတ်သောဘုရား ဖြစ်တော်မူ၏။”—ဟေရှာယ ၆၃:၁၆။
၄၊ ၅။ (က) ယေဟောဝါသည် မိမိလူမျိုးတော်ကို အဘယ် သဘောမျိုးဖြင့် ကိုယ်တော်၏ လမ်းမှ လွဲစေတော်မူသနည်း။ (ခ) အဘယ် ဝတ်ပြုကိုးကွယ်မှုမျိုးကို ယေဟောဝါ အလိုရှိတော်မူသနည်း။
၄ ဟေရှာယသည် နှလုံးအပြည့်ဖြင့် ဤသို့ ဖော်ပြ၏– “အိုထာဝရဘုရား ကိုယ်တော်၏ လမ်းမှ အကျွန်ုပ်တို့ကို အဘယ်ကြောင့် လွှဲစေတော်မူသနည်း။ ကိုယ်တော်ကို မကြောက်ရွံ့မည်အကြောင်း အကျွန်ုပ်တို့၏ စိတ်နှလုံးကို အဘယ်ကြောင့် ခိုင်မာစေတော်မူသနည်း။ ကိုယ်တော်၏ ကျွန်တို့အတွက်၊ အမွေတော် ဖြစ်သော အနွယ်တို့အတွက် ပြန်လာတော်မူပါ။” (ဟေရှာယ ၆၃:၁၇) မှန်ပါသည်၊ ယေဟောဝါသည် ကိုယ်တော်၏ ကျေးကျွန်များဘက်သို့ တစ်ဖန် အာရုံပြန်လှည့်ပါမည်အကြောင်း ဟေရှာယ ဆုတောင်းသည်။ သို့သော်၊ ယေဟောဝါသည် အဘယ်သဘောမျိုးဖြင့် ဂျူးလူမျိုးများကို ကိုယ်တော်၏ လမ်းမှ လမ်းလွဲစေတော်မူသနည်း။ ကိုယ်တော်ကို မကြောက်ရွံ့သော သူတို့၏ နှလုံးခိုင်မာမှုအတွက် ယေဟောဝါ၌ တာဝန် ရှိပါသလော။ မရှိပါ၊ သို့သော်၊ ယင်းသို့ ဖြစ်ရန် ကိုယ်တော် ခွင့်ပြုခြင်း ဖြစ်ကာ ဂျူးလူမျိုးတို့သည် သူတို့၏ စိတ်ပျက်လက်ပျက် အခြေအနေတွင် ယေဟောဝါ သူတို့ကို ထိုသို့သော လွတ်လပ်ခွင့် ပေးထားသည်ကို မြည်တမ်းကြသည်။ (ထွက်မြောက်ရာ ၄:၂၁; နေဟမိ ၉:၁၆) သူတို့ အမှား မပြုလုပ်ရန် ယေဟောဝါ ဝင်ရောက်တားဆီးပေးခဲ့ဖို့ သူတို့ အလိုရှိကြသည်။
၅ ဘုရားသခင်သည် လူများနှင့် ထိုသို့ ပြုမူဆက်ဆံမည် မဟုတ်။ ကျွန်ုပ်တို့သည် လွတ်လပ်စွာ ရွေးချယ်ခွင့် ရှိသူများ ဖြစ်ပြီး ယေဟောဝါအား နာခံရန် သို့မဟုတ် မနာခံရန် ကိုယ်တိုင် ရွေးချယ်ဆုံးဖြတ်ဖို့ ကိုယ်တော် ခွင့်ပြုတော်မူ၏။ (တရားဟောရာ ၃၀:၁၅-၁၉) စစ်မှန်သော မေတ္တာဖြင့် လှုံ့ဆော်မှု ခံရသော စိတ်နှလုံးမှ အခြေခံသည့် ဝတ်ပြုကိုးကွယ်မှုကို ယေဟောဝါ အလိုရှိတော်မူ၏။ ထို့ကြောင့် ကိုယ်တော်သည် ဂျူးလူမျိုးအား လွတ်လပ်စွာ ရွေးချယ်တင်ပြရန် ခွင့်ပြုတော်မူခဲ့သည်၊ ယင်းသည် ကိုယ်တော်အား ပုန်ကန်မှုကိုပင် ဖြစ်စေခဲ့သည့်တိုင် ကိုယ်တော် ခွင့်ပြုခဲ့သည်။ ဤသဘောမျိုးဖြင့် သူတို့၏ နှလုံးကို ကိုယ်တော် ခိုင်မာစေခြင်း ဖြစ်သည်။—၂ ရာဇဝင်ချုပ် ၃၆:၁၄-၂၁။
၆၊ ၇။ (က) ယေဟောဝါ၏ နည်းလမ်းတော်များကို ဂျူးလူမျိုး စွန့်ပစ်ခြင်းမှ အဘယ်ရလဒ်များ ရရှိသနည်း။ (ခ) အချည်းနှီး ဖြစ်သော အဘယ်ဆန္ဒကို ဖော်ပြထားသနည်း၊ သို့သော် ဂျူးလူမျိုးသည် အဘယ်အရာကို မျှော်လင့်ပိုင်ခွင့် မရှိသနည်း။
၆ ရလဒ်ကား အဘယ်နည်း။ ပရောဖက်ပြုချက်အဖြစ် ဟေရှာယ ဤသို့ ဆို၏– “ကိုယ်တော်၏ သန့်ရှင်းသူတို့သည် ခဏသာ အစိုးရပြီးမှ ရန်သူတို့သည် သန့်ရှင်းရာ ဌာနတော်ကို ကျော်နင်းကြသည် ဖြစ်၍၊ အကျွန်ုပ်တို့သည် ကိုယ်တော်ကို မအုပ်စိုးဖူးသောသူကဲ့သို့လည်းကောင်း၊ နာမတော်ဖြင့် သမုတ်ခြင်းကို မခံဖူးသောသူကဲ့သို့လည်းကောင်း ဖြစ်ကြပါ၏။” (ဟေရှာယ ၆၃:၁၈၊ ၁၉) ယေဟောဝါ၏ လူမျိုးတော်သည် ကိုယ်တော်၏ သန့်ရှင်းရာ ဌာနတော်ကို ခဏတာ ပိုင်ဆိုင်ခဲ့ကြသည်။ ထို့နောက် ယေဟောဝါသည် ယင်းကို ဖျက်ဆီးရန်နှင့် လူမျိုးတော်ကို ပြည်နှင်ခံများအဖြစ် ခေါ်ဆောင်သွားရန် ခွင့်ပြုခဲ့သည်။ ထိုသို့ ဖြစ်ပျက်ခဲ့ချိန်တွင် ကိုယ်တော်နှင့် အာဗြဟံ၏ သားမြေးများစပ်ကြား အဘယ် ပဋိညာဉ်မျှ မဖွဲ့ခဲ့သကဲ့သို့၊ သူတို့သည် ကိုယ်တော်၏ နာမတော်ဖြင့် သမုတ်ခြင်း မခံဖူးသကဲ့သို့ ဖြစ်ခဲ့သည်။ ယခု ဗာဗုလုန်တွင် သုံ့ပန်းဖြစ်နေသော ဂျူးများသည် မျှော်လင့်ချက်မဲ့စွာ ဤသို့ အော်ဟစ်ကြ၏– “ကိုယ်တော်သည် မိုးကောင်းကင်ကို ဖွင့်လှစ်၍ ဆင်းသက်တော်မူပါစေသော။ ရှေ့တော်၌ တောင်တို့သည် လှုပ်ကြပါစေသော။ မီးသည် အမှိုက်ကို လောင်သကဲ့သို့လည်းကောင်း၊ ရေကို ဆူစေသကဲ့သို့လည်းကောင်း ဖြစ်ပါစေသော။ သို့ဖြစ်လျှင် ကိုယ်တော်၏ ရန်သူတို့သည် နာမတော်ကို သိ၍ ရှေ့တော်၌ လူအမျိုးမျိုးတို့သည် တုန်လှုပ်ကြပါလိမ့်မည်။” (ဟေရှာယ ၆၄:၁၊ ၂) ယေဟောဝါ၌ ကယ်တင်နိုင်သော တန်ခိုးတော် အမှန် ရှိတော်မူ၏။ ကိုယ်တော်သည် ကောင်းကင်ကဲ့သို့သော အစိုးရဆိုင်ရာ စနစ်များကို တခြားစီ ခွဲဖြတ်ကာ တောင်ကဲ့သို့သော အင်ပါယာများကို ချိုးဖျက်ခြင်းဖြင့် မိမိလူမျိုးတော်အတွက် အမှန်ပင် ဆင်းသက်တော်မူပြီး တိုက်ခိုက်နိုင်တော်မူသည်။ ယေဟောဝါသည် မိမိလူမျိုးတော် အကျိုးအတွက် တောက်လောင်သော စိတ်ထက်သန်မှု တင်ပြခြင်းဖြင့် ကိုယ်တော်၏ နာမတော် ထင်ရှားအောင် ပြုလုပ်နိုင်တော်မူ၏။
၇ ယေဟောဝါသည် အတိတ်ကာလက ထိုသို့ ပြုလုပ်တော်မူခဲ့သည်။ ဟေရှာယ ဤသို့ ပြန်ပြောင်းပြောပြ၏– “အကျွန်ုပ်တို့ မျှော်လင့်သည်ထက် အံ့ဖွယ်သော အမှုတို့ကို ပြုတော်မူသောအခါ ဆင်းသက်တော်မူ၍ တောင်တို့သည် ရှေ့တော်၌ လှုပ်ကြပါ၏။” (ဟေရှာယ ၆၄:၃) ထိုကြီးသောအမှုတို့က ယေဟောဝါ၏ တန်ခိုးတော်နှင့် ဘုရားအဖြစ်အနေကို ထင်ရှားဖော်ပြခဲ့သည်။ သို့သော် ဟေရှာယခေတ်ရှိ သစ္စာမဲ့သော ဂျူးများသည် မိမိတို့၏ အကျိုးအတွက် ယေဟောဝါ ထိုသို့ လုပ်ဆောင်တော်မူရန် မျှော်လင့်ပိုင်ခွင့် မရှိပါ။
ယေဟောဝါ တစ်ပါးတည်းသာ ကယ်တင်နိုင်တော်မူ၏
၈။ (က) ယေဟောဝါသည် လူမျိုးများ၏ မှောက်မှားသော ဘုရားများနှင့် ကွဲပြားခြားနားသည့် တစ်နည်းမှာ အဘယ်နည်း။ (ခ) ယေဟောဝါသည် မိမိလူမျိုးကို ကယ်တင်နိုင်သော်လည်း အဘယ်ကြောင့် မကယ်တင်သနည်း။ (ဂ) ပေါလုသည် ဟေရှာယ ၆၄:၄ ကို မည်သို့ ကိုးကားပြီး ဆက်စပ်ဖော်ပြသနည်း။ (စာမျက်နှာ ၁၇၄ မှ လေးထောင့်ကွက်ကိုရှု။)
၈ မှောက်မှားသော ဘုရားများသည် မိမိတို့အား ဝတ်ပြုကိုးကွယ်သူများကို ကယ်တင်ရန် တန်ခိုးပါသော လုပ်ရပ်များကို မပြုလုပ်ကြပါ။ ဟေရှာယ ဤသို့ ရေး၏– “ကိုယ်တော်ကို မျှော်လင့်သောသူတို့အဖို့အလိုငှာ ကျေးဇူးပြုတော်မူသောဘုရား၊ ကိုယ်တော်မှတစ်ပါး အခြားသော ဘုရားသခင်ကို ကမ္ဘာဦးမှစ၍ အဘယ်သူမျှ မကြားမသိပါ။ နားဖြင့် မကြား၊ မျက်စိဖြင့် မမြင်စဖူးပါ။ ဝမ်းမြောက်သောစိတ်နှင့် ဖြောင့်မတ်စွာ ကျင့်သောသူ၊ တရားတော်လမ်းတို့၌ ကိုယ်တော်ကို အောက်မေ့သောသူတို့နှင့် ကိုယ်တော်သည် မိတ်သဟာယ ဖွဲ့တော်မူ၏။” (ဟေရှာယ ၆၄:၄၊ ၅က) ယေဟောဝါ တစ်ပါးတည်းသာလျှင် “ကိုယ်တော်ကို ရှာသောသူအား အကျိုးပေးတော်မူ” သောအရှင် ဖြစ်တော်မူ၏။ (ဟေဗြဲ ၁၁:၆) ကိုယ်တော်သည် ဖြောင့်မတ်စွာ ကျင့်သောသူများနှင့် ကိုယ်တော်အား အောက်မေ့သောသူများကို ကယ်တင်ရန် လုပ်ဆောင်တော်မူ၏။ (ဟေရှာယ ၃၀:၁၈) ဂျူးလူမျိုးသည် ထိုသို့ ပြုကျင့်ခဲ့ကြပါသလော။ မပြုကျင့်ခဲ့ကြပါ။ ဟေရှာယသည် ယေဟောဝါအား ဤသို့ ဆို၏– “ထိုလမ်းတို့မှ အကျွန်ုပ်တို့သည် အစဉ် လွှဲတတ်သောကြောင့် အမျက်ထွက်တော်မူ၏။ ကယ်တင်ခြင်းသို့ ရောက်ရကြပါမည်လော။” (ဟေရှာယ ၆၄:၅ခ) ဘုရားသခင်၏ လူမျိုးတော်သည် ထပ်တလဲလဲ အပြစ်ပြုခဲ့သည့် မှတ်တမ်းရှည် ရှိသောကြောင့် ယေဟောဝါ၏ အမျက်ဒေါသကို ချုပ်တည်းကာ သူတို့ကို ကယ်တင်စရာအကြောင်း မရှိပါ။
၉။ နောင်တရသော ဂျူးများသည် အဘယ်အရာကို မျှော်လင့်နိုင်သနည်း၊ ယင်းမှ ကျွန်ုပ်တို့ အဘယ်အရာ သင်ယူနိုင်သနည်း။
၉ ဂျူးလူမျိုးများသည် အတိတ်ကာလကို မချေဖျက်နိုင်ပါ၊ သို့သော်၊ သူတို့သည် နောင်တယူပြီး စင်ကြယ်သော ဝတ်ပြုရေးသို့ ပြန်လှည့်လာမည်ဆိုပါက ခွင့်လွှတ်မှုနှင့် အနာဂတ် ကောင်းချီးများ ခံစားရရန် မျှော်လင့်နိုင်သည်။ ယေဟောဝါသည် ကိုယ်တော် သတ်မှတ်ထားချိန်တွင် ဗာဗုလုန်သုံ့ပန်းဘဝမှ လွတ်မြောက်စေခြင်းဖြင့် နောင်တရသူများကို ဆုချတော်မူမည်။ သို့သော်၊ သူတို့သည် စိတ်ရှည်ရန် လိုအပ်သည်။ သူတို့ နောင်တရလင့်ကစား ယေဟောဝါသည် မိမိ၏ အချိန်ဇယားကို ပြောင်းလဲမည် မဟုတ်ပါ။ သို့ရာတွင်၊ သူတို့သည် နိုးနိုးကြားကြား ရှိပြီး ယေဟောဝါ၏ အလိုတော်ကို တုံ့ပြန်ကြမည်ဆိုပါက နောက်ဆုံးတွင် သူတို့ လွတ်မြောက်မည်ကို အာမခံထားသည်။ ထိုနည်းတူပင် ယနေ့ ခရစ်ယာန်များသည် စိတ်ရှည်စွာ ယေဟောဝါအား ဆက်၍ မျှော်လင့်နေကြသည်။ (၂ ပေတရု ၃:၁၁၊ ၁၂) ကျွန်ုပ်တို့သည် တမန်တော် ပေါလု၏ ဤစကားများကို နှလုံးသွင်းကြသည်– “ငါတို့သည် အားမလျော့၊ စိတ်မပျက်ဘဲ ကောင်းသောအကျင့်ကို ကျင့်ကြကုန်အံ့။ ထိုသို့ တည်ကြည်၍ ကျင့်လျှင် အချိန်တန်သောကာလ၌ အသီးအနှံကို ရိတ်ရကြလိမ့်မည်။”—ဂလာတိ ၆:၉။
၁၀။ ဟေရှာယ၏ ဆုတောင်းချက်ထဲတွင် အဘယ် အစွမ်းအစ မရှိမှုကို ပွင့်လင်းစွာ ဝန်ခံထားသနည်း။
၁၀ ဟေရှာယ၏ ပရောဖက်ပြုချက်ဆိုင်ရာ ဆုတောင်းချက်သည် အပြစ်ဝန်ခံခြင်းမျှသာ မဟုတ်ပါ။ ယင်းတွင် လူမျိုးတော်သည် မိမိတို့ကိုယ်ကို ကယ်တင်နိုင်စွမ်း မရှိကြောင်း စိတ်ရင်းမှန်ဖြင့် အသိအမှတ်ပြု ဖော်ပြချက် ပါရှိသည်။ ပရောဖက်က ဤသို့ ဆို၏– “အကျွန်ုပ်တို့ ရှိသမျှသည် စင်ကြယ်ခြင်း မရှိပါ။ ပြုဖူးသမျှသော ကုသိုလ်ကောင်းမှု [“ဖြောင့်မတ်ခြင်းအမှု၊” ကဘ] တို့သည် ညစ်သောအဝတ်နှင့် တူကြပါ၏။ အကျွန်ုပ်တို့ ရှိသမျှသည် သစ်ရွက်ကဲ့သို့ ညှိုးနွမ်းလျက် ရှိ၍ ကိုယ်အပြစ်တို့သည် လေကဲ့သို့ အကျွန်ုပ်တို့ကို တိုက်သွားပါပြီ။” (ဟေရှာယ ၆၄:၆) ပြည်နှင်ခံရပြီးနောက် နောင်တရသော ဂျူးများသည် အယူဖောက်ပြန်သော အမူအကျင့်များ ပြုလုပ်ခြင်းကို ရပ်ဆိုင်းခဲ့ကြပေမည်။ သူတို့သည် ဖြောင့်မတ်သော လုပ်ရပ်များဖြင့် ယေဟောဝါထံတော်သို့ ပြန်လှည့်လာခဲ့ကြပေမည်။ သို့သော်၊ သူတို့သည် မစုံလင်သောသူများ ဖြစ်နေကြဆဲ ဖြစ်သည်။ သူတို့၏ လုပ်ရပ်မွန်များသည် ချီးမွမ်းဖွယ် ဖြစ်သည့်တိုင် ညစ်သောအဝတ်ကဲ့သို့ပင် ဖြစ်သည်။ ယေဟောဝါ၏ ခွင့်လွှတ်မှုဟူသည် ကိုယ်တော်၏ ကရုဏာတော်က လှုံ့ဆော်ပေးသော မခံစားထိုက်သည့် ဆုကျေးဇူး ဖြစ်သည်။ ရထိုက်၍ ရနိုင်ရာ မဟုတ်ပါ။—ရောမ ၃:၂၃၊ ၂၄။
၁၁။ (က) ပြည်နှင်ခံဂျူး အများစုတွင် ကျန်းခံ့မှု မရှိသော အဘယ် ဝိညာဉ်ရေး အခြေအနေ ရှိသနည်း၊ ယင်းသို့ မည်သို့ ဖြစ်နိုင်သနည်း။ (ခ) ပြည်နှင်ခံရချိန်အတွင်း မည်သူတို့သည် ယုံကြည်ခြင်း ရှိသည့် ကောင်းသော ပုံသက်သေများ ဖြစ်သနည်း။
၁၁ ဟေရှာယသည် ရှေ့သို့ ရှုမျှော်ရာတွင် အဘယ်အရာကို တွေ့မြင်ရသနည်း။ ပရောဖက်က ဤသို့ ဆုတောင်း၏– “နာမတော်ကို ပတ္ထနာပြုသောသူ၊ ကိုယ်တော်ကို မှီဝဲခြင်းငှာ ကိုယ်ကိုကိုယ် နှိုးဆော်သောသူ တစ်ယောက်မျှ မရှိပါ။ အကြောင်းမူကား မျက်နှာတော်ကို လွှဲ၍ အကျွန်ုပ်တို့ကို ဒုစရိုက်အပြစ်အားဖြင့် ဆုံးရှုံးစေတော်မူပြီ။” (ဟေရှာယ ၆၄:၇) လူမျိုးတော်၏ ဝိညာဉ်ရေး အခြေအနေသည် အလွန် ဆိုးရွားသည်။ လူများသည် ဆုတောင်းရာတွင် ဘုရားသခင့် နာမတော်ကို မသုံးကြပါ။ အလွန် ဆိုးရွားသော ရုပ်ပုံကိုးကွယ်ခြင်းအပြစ်ကို မပြုလုပ်ကြသော်လည်း သူတို့သည် ဝတ်ပြုရေးကို လျစ်လျူရှုကြသည်မှာ ထင်ရှားသည်၊ ထို့ပြင် ယေဟောဝါကို “မှီဝဲခြင်းငှာ ကိုယ်ကိုကိုယ် နှိုးဆော်သောသူ တစ်ယောက်မျှ မရှိပါ။” သူတို့သည် ဖန်ဆင်းရှင်နှင့် ကောင်းသော ဆက်ဆံရေး၌ မပျော်မွေ့ကြသည်မှာ ရှင်းနေပါသည်။ အချို့သူတို့သည် ယေဟောဝါထံ ဆုတောင်းရန် မထိုက်တန်ဟု ခံစားရပေမည်။ အခြားသူများမှာမူ ကိုယ်တော်ကို လုံးဝ ထည့်မတွက်ဘဲ နေ့စဉ်လုပ်ငန်းဆောင်တာများနှင့် လုံးပန်းနေပေမည်။ ပြည်နှင်ခံရသူများထဲတွင် ဒံယေလ၊ ဟာနနိ၊ မိရှေလ၊ အာဇရိ၊ ယေဇကျေလတို့ကဲ့သို့သော ယုံကြည်ခြင်းတွင် ကောင်းသော ပုံသက်သေ ရှိသူများတော့ ရှိပါသည်။ (ဟေဗြဲ ၁၁:၃၃၊ ၃၄) အနှစ် ၇၀ သုံ့ပန်းခံရချိန် ကုန်ဆုံးလာသည်နှင့်အမျှ ဟဂ္ဂဲ၊ ဇာခရိ၊ ဇေရုဗဗေလနှင့် ယဇ်ပုရောဟိတ်မင်းကြီး ယောရှုတို့သည် ယေဟောဝါ၏ နာမတော်ကို ပတ္ထနာပြုရာတွင် ကောင်းစွာ ဦးဆောင်ဖို့ အသင့်ရှိကြသည်။ သို့တိုင် ဟေရှာယ၏ ပရောဖက်ပြုချက်ဆိုင်ရာ ဆုတောင်းချက်သည် ပြည်နှင်ခံအများစု၏ အခြေအနေကို ဖော်ပြပုံရသည်။
“နာခံမှုသည် ယဇ်မျိုးထက် သာ၍ ကောင်း၏”
၁၂။ နောင်တရသော ဂျူးများသည် သူတို့၏ အမူအကျင့်များကို ပြောင်းလဲရန် လိုလိုလားလား ရှိကြောင်း ဟေရှာယ မည်သို့ ဖော်ပြသနည်း။
၁၂ နောင်တရသော ဂျူးများသည် ပြောင်းလဲရန် လိုလိုလားလား ရှိကြသည်။ သူတို့ကို ကိုယ်စားပြုကာ ဟေရှာယက ယေဟောဝါထံ ဤသို့ ဆုတောင်း၏– “အိုထာဝရဘုရား ကိုယ်တော်သည် အကျွန်ုပ်တို့အဘ ဖြစ်တော်မူ၏။ အကျွန်ုပ်တို့သည် အိုးမြေ ဖြစ်ပါ၏။ ကိုယ်တော်သည် အကျွန်ုပ်တို့၏ အိုးထိန်း ဖြစ်တော်မူ၏။ အကျွန်ုပ်တို့ ရှိသမျှသည် လက်တော်နှင့် ဖန်ဆင်းသောအရာ ဖြစ်ပါ၏။” (ဟေရှာယ ၆၄:၈) ထိုစကားများက ခမည်းတော် သို့မဟုတ် အသက်ပေးရှင်အဖြစ် ယေဟောဝါ၏ အခွင့်အာဏာကို တစ်ဖန် အသိအမှတ်ပြုခြင်း ဖြစ်သည်။ (ယောဘ ၁၀:၉) နောင်တရသော ဂျူးများကို ပုံသွင်းရလွယ်သော ရွှံ့နှင့် နှိုင်းယှဉ်ထားသည်။ ယေဟောဝါ၏ ဆုံးမအပြစ်ပေးမှု တုံ့ပြန်သူများကို ပုံဆောင်သဘောအရ ဘုရားသခင်၏ စံနှုန်းများနှင့်အညီ ပုံသွင်းနိုင်ပါသည်။ သို့သော်၊ ယင်းကို အိုးထိန်း ဖြစ်သူ၊ ယေဟောဝါက အပြစ်လွှတ်မှသာ ဖြစ်နိုင်၏။ ထို့ကြောင့် ဟေရှာယက ဂျူးလူမျိုးသည် ကိုယ်တော်၏ လူများ ဖြစ်ကြောင်း အောက်မေ့သတိရရန် ကိုယ်တော်အား နှစ်ကြိမ်တိုင် အသနားခံခြင်း ဖြစ်၏– “အိုထာဝရဘုရား ပြင်းစွာ အမျက်ထွက်တော်မမူပါနှင့်။ ပြစ်မှားမိသော အပြစ်တို့ကို အစဉ်မပြတ် အောက်မေ့တော်မမူပါနှင့်။ ကြည့်ရှုတော်မူပါ။ အကျွန်ုပ်တို့ ရှိသမျှသည် ကိုယ်တော်၏လူ ဖြစ်ကြပါ၏။”—ဟေရှာယ ၆၄:၉။
၁၃။ ဘုရားသခင့်လူမျိုး ပြည်နှင်ခံရချိန်တွင် ဣသရေလပြည်သည် အဘယ် အခြေအနေ၌ ရှိသနည်း။
၁၃ ပြည်နှင်ခံရချိန်အတွင်း ဂျူးလူမျိုးသည် တိတ္ထိပြည်တွင် ကျွန်ခံရခြင်းမျှသာ မကပါ။ ယေရုရှလင်မြို့နှင့် ၎င်း၏ ဗိမာန်တော်၏ ပျက်စီးယိုယွင်းနေသော အခြေအနေက သူတို့နှင့် သူတို့၏ ဘုရားသခင်အား ကဲ့ရဲ့ပြစ်တင်ရှုတ်ချမှု ခံရစေသည်။ နောင်တနှင့်ဆိုင်သော ဟေရှာယ၏ ဆုတောင်းချက်တွင် ထိုသို့သော ပြစ်တင်ရှုတ်ချမှုကို ဖြစ်စေသည့် အကြောင်းအချို့ကို ပြန်ပြောပြထား၏– “သန့်ရှင်းသော မြို့တော်တို့သည် တောဖြစ်ကြပါပြီ။ ဇိအုန်တောင်လည်း တောဖြစ်ပါပြီ။ ယေရုရှလင်မြို့လည်း ပျက်စီးပါပြီ။ ကိုယ်တော်ကို ဘိုးဘေးတို့ ချီးမွမ်းရာအရပ်၊ အကျွန်ုပ်တို့၏ သန့်ရှင်းတင့်တယ်သော ဗိမာန်တော်ကို မီးလောင်ပါပြီ။ အကျွန်ုပ်တို့ နှစ်သက်ဖွယ်သောအရာ ရှိသမျှတို့သည် သုတ်သင်ပယ်ရှင်းလျက် ရှိကြပါ၏။”—ဟေရှာယ ၆၄:၁၀၊ ၁၁။
၁၄။ (က) လက်ရှိ ဖြစ်ပျက်နေသော အခြေအနေနှင့်ပတ်သက်၍ ယေဟောဝါ မည်သို့ သတိပေးခဲ့ပြီး ဖြစ်သနည်း။ (ခ) ယေဟောဝါသည် ကိုယ်တော်၏ ဗိမာန်တော်နှင့် ယင်းတွင် ပြုလုပ်သော ပူဇော်သကာများကို နှစ်သက်သော်လည်း ပို၍ အရေးကြီးသောအရာမှာ အဘယ်နည်း။
၁၄ ယေဟောဝါသည် ဂျူးလူမျိုး၏ ဘိုးဘပိုင် နယ်မြေအခြေအနေကို အမှန်ပင် သိတော်မူသည်။ လူမျိုးတော်သည် ကိုယ်တော့် ပညတ်တော်များမှ လွဲပြီး အခြားဘုရားများကို ဝတ်ပြုကြမည်ဆိုလျှင် “[သူတို့] ကို ငါပေးသော ပြည်မှ ငါပယ်ဖြတ်မည်၊” ကိုယ်တော်၏ တင့်တယ်သော ဗိမာန်တော်ကို “အပျက်အစီး ကျောက်ပုံ” ဖြစ်စေမည်ဟု ယေရုရှလင်မြို့ မပျက်စီးမီ နှစ်ပေါင်း ၄၂၀ ခန့်က ကိုယ်တော် သတိပေးခဲ့ပြီး ဖြစ်သည်။ (၃ ဓမ္မရာဇဝင် ၉:၆-၉၊ ကဘ) ယေဟောဝါသည် လူမျိုးတော်အား ကိုယ်တော် ပေးခဲ့သော ပြည်တော်၊ ကိုယ်တော့်ကို ဂုဏ်တင်ချီးမြှောက်စေသည့် တင့်တယ်လှပသော ဗိမာန်တော်နှင့် ကိုယ်တော်ကို ပူဇော်ကြသော ပူဇော်သကာများကို အမှန်ပင် နှစ်သက်ခဲ့၏။ သို့သော်၊ သစ္စာစောင့်သိမှုနှင့် နာခံမှုသည် ရုပ်ဝတ္ထုများ၊ ပူဇော်သကာများထက်ပင် ပို၍ အရေးကြီးသည်။ ပရောဖက် ရှမွေလက ဘုရင် ရှောလုကို ဤသို့ ဆိုခဲ့ခြင်းသည် သင့်လျော်ပါသည်– “ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ခြင်း၌ အားရတော်မူသကဲ့သို့ မီးရှို့ရာယဇ် အစရှိသော ယဇ်မျိုးတို့ကို ပူဇော်ခြင်း၌ အားရတော်မူမည်လော။ အလိုတော်သို့ လိုက် [“နာခံခြင်း၊” ကဘ] ခြင်းသည် ယဇ်မျိုးထက် သာ၍ ကောင်း၏။ နားထောင်ခြင်းသည် သိုးထီးဆီဥထက် သာ၍ ကောင်း၏။”—၁ ဓမ္မရာဇဝင် ၁၅:၂၂။
၁၅။ (က) ဟေရှာယသည် ယေဟောဝါအား ပရောဖက်ပြုချက်နှင့်ဆိုင်သည့် အဘယ် အသနားခံချက်ကို တောင်းဆိုသနည်း၊ မည်သို့ အဖြေရသနည်း။ (ခ) ဣသရေလလူမျိုးသည် အဘယ် အဖြစ်အပျက်များကြောင့် လူမျိုးတစ်မျိုးအဖြစ် ယေဟောဝါ၏ နောက်ဆုံး ငြင်းပယ်ခြင်းကို ခံရသနည်း။
၁၅ သို့သော်၊ ဣသရေလလူမျိုး၏ ဘုရားသခင်သည် နောင်တရသော မိမိ၏ လူများ ဒုက္ခဆင်းရဲ ခံနေရသည်ကို ဤအတိုင်း ကြည့်ကာ သနားစိတ် ကင်းမဲ့နိုင်ပါမည်လော။ ဟေရှာယ၏ ပရောဖက်ပြုချက်ဆိုင်ရာ ဆုတောင်းချက်ကို ထိုကဲ့သို့သော မေးခွန်းမျိုးဖြင့် နိဂုံးချုပ်ထားသည်။ ပြည်နှင်ခံဂျူးများ၏ အကျိုးအတွက် သူ ဤသို့ တောင်းလျှောက်၏– “အိုထာဝရဘုရား ဤအမှုတို့ကို သည်းခံတော်မူမည်လော။ အောင့်လျက် နေ၍ အကျွန်ုပ်တို့ကို အလွန် ဆင်းရဲစေတော်မူမည်လော။” (ဟေရှာယ ၆၄:၁၂) နောက်ဆုံးတွင် ယေဟောဝါသည် လူမျိုးတော်ကို အမှန် ခွင့်လွှတ်တော်မူပြီး ဘီ.စီ.အီး. ၅၃၇ တွင် သူတို့၏ ပြည်တော်သို့ ပြန်လည်ပို့ဆောင်တော်မူကာ ထိုနေရာတွင် စင်ကြယ်သော ဝတ်ပြုရေးကို ပြန်လည်တည်ထောင်ရန် အလို့ငှာ ဖြစ်သည်။ (ယောလ ၂:၁၃) သို့ရာတွင် ရာစုနှစ်များစွာ ကြာပြီးနောက် ယေရုရှလင်မြို့နှင့် ၎င်း၏ ဗိမာန်တော်သည် တစ်ဖန် ဖျက်ဆီးခံခဲ့ရပြီး ဘုရားသခင်နှင့် ပဋိညာဉ် ဖွဲ့ထားသော လူမျိုးသည် နောက်ဆုံးတွင် ကိုယ်တော်၏ ငြင်းပယ်မှု ခံခဲ့ရသည်။ အဘယ်ကြောင့်နည်း။ ယေဟောဝါ၏ လူမျိုးတော်သည် ကိုယ်တော့် ပညတ်တော်များမှ လမ်းလွဲခဲ့ကြပြီး မေရှိယကို ငြင်းပယ်ခဲ့ကြသောကြောင့် ဖြစ်သည်။ (ယောဟန် ၁:၁၁; ၃:၁၉၊ ၂၀) ထိုအရာ ဖြစ်ပျက်ခဲ့ချိန်တွင် ယေဟောဝါသည် ဣသရေလလူမျိုးနေရာတွင် ဝိညာဏလူမျိုး ဖြစ်သော လူမျိုးသစ်၊ “ဘုရားသခင်၏ ဣသရေလအမျိုး” ဖြင့် အစားထိုးခဲ့သည်။—ဂလာတိ ၆:၁၆; ၁ ပေတရု ၂:၉။
ယေဟောဝါ၊ “ပတ္ထနာစကားကို နားထောင်တော်မူသော ဘုရား”
၁၆။ ယေဟောဝါ၏ ခွင့်လွှတ်မှုနှင့်ပတ်သက်၍ သမ္မာကျမ်းစာက အဘယ်အရာ သင်ပေးသနည်း။
၁၆ ဣသရေလလူမျိုးတွင် ဖြစ်ပျက်ခဲ့ရာများမှ အရေးကြီးသော သင်ခန်းစာများကို သင်ယူနိုင်ပါသည်။ ယေဟောဝါသည် “ကောင်းသော သဘော၊ ခွင့်လွှတ်ရန် အသင့်ရှိသော သဘော” နှင့် ပြည့်စုံကြောင်း ကျွန်ုပ်တို့ တွေ့ရသည်။ (ဆာလံ ၈၆:၅၊ ကဘ) မစုံလင်သော သတ္တဝါများအနေနှင့် ကျွန်ုပ်တို့သည် ကယ်တင်ခြင်း ရရန် ကိုယ်တော်၏ ကရုဏာတော်နှင့် ခွင့်လွှတ်မှုအပေါ် မှီခိုအားထားကြသည်။ ကျွန်ုပ်တို့၏ မည်သည့် လုပ်ရပ်မဆိုသည် ထိုကောင်းချီးများကို ခံစားရရန် မဖြစ်နိုင်စေပါ။ သို့ရာတွင်၊ ယေဟောဝါသည် ပိုင်းခြားဝေဖန်ခြင်း မရှိဘဲ ခွင့်လွှတ်ခြင်း မဟုတ်ပါ။ မိမိတို့၏ အပြစ်များအတွက် နောင်တယူပြီး ပြောင်းလဲသူများသာလျှင် ဘုရားသခင်၏ ခွင့်လွှတ်မှု ရရန် အနေအထားတွင် ရှိသည်။—တမန်တော် ၃:၁၉။
၁၇၊ ၁၈။ (က) ယေဟောဝါသည် ကျွန်ုပ်တို့၏ သဘောထားနှင့် ခံစားချက်များကို အမှန် စိတ်ဝင်စားကြောင်း ကျွန်ုပ်တို့ မည်သို့ သိနိုင်သနည်း။ (ခ) ယေဟောဝါသည် အပြစ်ရှိသော လူသားများကို အဘယ်ကြောင့် သည်းခံမှု တင်ပြတော်မူသနည်း။
၁၇ ကျွန်ုပ်တို့သည် ယေဟောဝါထံ ဆုတောင်းခြင်းဖြင့် တင်ပြကြသော ကျွန်ုပ်တို့၏ သဘောထားများနှင့် ခံစားချက်များကို ကိုယ်တော် အလွန် စိတ်ဝင်စားကြောင်းကိုလည်း ကျွန်ုပ်တို့ သင်ယူရရှိကြသည်။ ကိုယ်တော်သည် “ပတ္ထနာစကားကို နားထောင်တော်မူသောဘုရား” ဖြစ်တော်မူ၏။ (ဆာလံ ၆၅:၂၊ ၃) တမန်တော် ပေတရုက ကျွန်ုပ်တို့ကို ဤသို့ အာမခံထား၏– “ထာဝရဘုရားသည် ဖြောင့်မတ်သောသူတို့ကို ကြည့်ရှုတော်မူ၏။ သူတို့ ဆုတောင်းခြင်းကိုလည်း နားထောင်တော်မူ၏။” (၁ ပေတရု ၃:၁၂) ထို့ပြင် နောင်တနှင့် စပ်ဆိုင်သော ဆုတောင်းချက်တွင် အပြစ်ကို နှိမ့်ချစွာ ဖော်ပြဝန်ခံခြင်းလည်း ပါဝင်ရမည်ကို ကျွန်ုပ်တို့ သင်ယူရရှိကြသည်။ (သုတ္တံ ၂၈:၁၃) သို့သော်၊ ယင်းက ကျွန်ုပ်တို့သည် ဘုရားသခင့် ကရုဏာတော်အပေါ် ရောင့်တက်နိုင်သည်ဟူသည့် သဘောမသက်ရောက်ပါ။ သမ္မာကျမ်းစာက ခရစ်ယာန်များသည် “ဘုရားသခင်၏ မခံစားထိုက်သော ကျေးဇူးကရုဏာတော်ကို လက်ခံပြီး ၎င်း၏ ရည်ရွယ်ချက်၏ အကျိုးကို မခံစားဘဲ [“အကျိုးမဲ့၊” သမ] မဖြစ်စေကြနှင့်” ဟု သတိပေးထားသည်။—၂ ကောရိန္သု ၆:၁။
၁၈ နောက်ဆုံးအနေနှင့် အပြစ်ရှိသော လူမျိုးတော်အပေါ် ဘုရားသခင် သည်းခံခြင်း၏ ရည်ရွယ်ချက်ကို ကျွန်ုပ်တို့ သင်ယူရရှိကြသည်။ တမန်တော် ပေတရုက ယေဟောဝါသည် “အဘယ်သူမျှ မပျက်စီးဘဲ၊ ရှိသမျှတို့သည် နောင်တရစေခြင်းငှာ အလိုတော် ရှိ၍” သည်းခံတော်မူသည်ဟု ရှင်းပြခဲ့သည်။ (၂ ပေတရု ၃:၉) သို့သော် ဘုရားသခင့် သည်းခံမှုကို အဆက်မပြတ် လွဲမှားစွာ အသုံးပြုသူများသည် နောက်ဆုံးတွင် ဖျက်ဆီးခံရမည်။ ယင်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့ ဤသို့ ဖတ်ရ၏– “[ယေဟောဝါ] သည် လူအသီးအသီးတို့အား မိမိတို့အကျင့်နှင့်အလျောက် အကျိုးအပြစ်ကို ဆပ်ပေးတော်မူလတ္တံ့။ ကောင်းသော အကျင့်ကို အမြဲ ကျင့်၍ ဘုန်းအသရေကိုလည်းကောင်း၊ မဖောက်ပြန်သော ဇာတိကိုလည်းကောင်း ရှာသောသူတို့အား ထာဝရအသက်ကို ပေးတော်မူလတ္တံ့။ ငြင်းဆန်သောသဘော ရှိ၍ သမ္မာတရားကို နားမထောင်ဘဲ မတရားသဖြင့် ကျင့်သောသူတို့ကိုကား ပြင်းစွာသော ဒေါသအမျက် ထွက်တော်မူလတ္တံ့။”—ရောမ ၂:၆-၈။
၁၉။ ယေဟောဝါသည် အဘယ် မပြောင်းလဲနိုင်သော အရည်အချင်းများကို အစဉ် တင်ပြတော်မူမည်နည်း။
၁၉ ဤသည်တို့မှာ ရှေးဣသရေလလူမျိုးနှင့် ဘုရားသခင် ဆက်ဆံသည့် နည်းလမ်း ဖြစ်သည်။ ကိုယ်တော်သည် မပြောင်းလဲသောကြောင့် ယနေ့ ယေဟောဝါနှင့် ကျွန်ုပ်တို့၏ ဆက်ဆံရေးသည် ထိုမူများနှင့်အညီ ထိန်းချုပ်ထားသည်။ ထိုက်သင့်သော ဆုံးမအပြစ်ပေးခြင်း ဖြစ်သော်လည်း ကိုယ်တော်သည် “ချစ်သနားခြင်းမေတ္တာ ကရုဏာနှင့် ပြည့်စုံ၍ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ သစ္စာစောင့်ခြင်းနှင့် ကြွယ်ဝတော်မူထသော၊ အထောင်အသောင်းများသောသူတို့အား သနားခြင်း ကျေးဇူးတရားကို စောင့်တော်မူထသော၊ အဓမ္မကျင့်ခြင်း၊ တရားတော်ကို လွန်ကျူးခြင်း၊ ပြစ်မှားခြင်းအပြစ်တို့ကို ဖြေလွှတ် [တော်မူသော ယေဟောဝါ]” အစဉ် ဖြစ်တော်မူ၏။—ထွက်မြောက်ရာ ၃၄:၆၊ ၇။
[စာမျက်နှာ ၁၇၂ ပါ လေးထောင့်ကွက်]
နောင်တနှင့် သက်ဆိုင်သော ဒံယေလ၏ ဆုတောင်းချက်
ပရောဖက် ဒံယေလသည် ဂျူးလူမျိုး သုံ့ပန်းခံရချိန် အနှစ် ၇၀ လုံးလုံး ဗာဗုလုန်တွင် နေထိုင်ခဲ့သည်။ ပြည်နှင်ခံရပြီး ၆၈ နှစ်မြောက်နှစ်တွင် ဣသရေလလူမျိုး ပြည်နှင်ခံရသည့်အချိန် အဆုံးတိုင်တော့မည် ဖြစ်ကြောင်း ဒံယေလသည် ယေရမိ၏ ပရောဖက်ပြုချက်မှ ပိုင်းခြားသိမြင်ခဲ့သည်။ (ယေရမိ ၂၅:၁၁; ၂၉:၁၀; ဒံယေလ ၉:၁၊ ၂) ဒံယေလသည် ယေဟောဝါအား ဆုတောင်းခဲ့သည်—ဂျူးလူမျိုးတစ်မျိုးလုံး၏ အကျိုးအတွက် နောင်တနှင့် သက်ဆိုင်သော ဆုတောင်းချက် ဖြစ်သည်။ ဒံယေလ ဤသို့ ဖော်ပြ၏– “အစာကို ရှောင်လျက်၊ လျှော်တေအဝတ်ကို ဝတ်လျက်၊ ပြာနှင့် လူးလျက် အရှင်ဘုရားသခင့်ထံတော်သို့ ချဉ်းကပ်၍ ဆုတောင်းပတ္ထနာပြု၏။ ထိုသို့ အပြစ်ကို ဖော်ပြတောင်းပန်၍ ငါကိုးကွယ်သော ဘုရားသခင် ထာဝရဘုရားထံ ငါ . . . ပတ္ထနာ” ပြု၏။—ဒံယေလ ၉:၃၊ ၄။
ဟေရှာယ အခန်းကြီး ၆၃ နှင့် ၆၄ တွင် တွေ့ရသော ပရောဖက်ပြုချက်ဆိုင်ရာ ဆုတောင်းချက်များကို ရေးသားခဲ့ပြီး နှစ်ပေါင်း နှစ်ရာခန့်အချိန်တွင် ဒံယေလ ဆုတောင်းခဲ့ခြင်း ဖြစ်သည်။ စိတ်ရိုးမှန်သော ဂျူးများစွာသည် ခက်ခဲသော ပြည်နှင်ခံရချိန်နှစ်များအတွင်း ယေဟောဝါထံ ဆုတောင်းခဲ့ကြသည်မှာ ယုံမှားဖွယ် မရှိချေ။ သို့ရာတွင် သမ္မာကျမ်းစာက သစ္စာရှိ ဂျူးများစွာ၏ ခံစားချက်များကို ဖော်ပြခြင်း ဖြစ်နိုင်သော ဒံယေလ၏ ဆုတောင်းချက်ကို ပေါ်လွင်စွာ ဖော်ပြသည်။ ထို့ကြောင့်၊ သူ၏ ဆုတောင်းချက်က ဟေရှာယ၏ ပရောဖက်ပြုချက်ဆိုင်ရာ ဆုတောင်းချက်၌ ပါသော သဘောထားသည် ဗာဗုလုန်ရှိ သစ္စာရှိဂျူးများ၏ သဘောထား အမှန်ပင် ဖြစ်ကြောင်း ဖော်ပြသည်။
ဒံယေလနှင့် ဟေရှာယတို့၏ ဆုတောင်းချက်၌ ပါသော ဆင်တူချက်တချို့ကို သတိပြုပါ။
ဟေရှာယ ၆၄:၁၀၊ ၁၁ ဒံယေလ ၉:၁၆-၁၈
[စာမျက်နှာ ၁၇၄ ပါ လေးထောင့်ကွက်]
“မျက်စိဖြင့် မမြင်”
ကောရိန္သုမြို့သားများထံ ရေးသော တမန်တော် ပေါလု၏ စာထဲတွင် ဟေရှာယကျမ်းကို ကိုးကား၍ ဤသို့ ရေးသားခဲ့၏– “ကျမ်းစာလာသည်နှင့်အညီ ‘ဘုရားသခင်ကို ချစ်သော သူတို့အဖို့ အလို့ငှာ ဘုရားသခင် ပြင်ဆင်တော်မူသောအရာတို့ကို လူမျက်စိဖြင့် မမြင်၊ နားဖြင့် မကြား၊ စိတ်နှလုံးဖြင့် မကြံစည်သေး။’” (၁ ကောရိန္သု ၂:၉)a ပေါလု၏ ဖော်ပြချက်၌သော်လည်းကောင်း၊ ဟေရှာယ၏ စကားများ၌သော်လည်းကောင်း ယေဟောဝါသည် မိမိ၏ လူမျိုးအတွက် ကောင်းကင်တွင် အမွေခံရန် သို့မဟုတ် အနာဂတ် မြေကြီးပရဒိသု အသက်တာ ရရန် ပြင်ဆင်ပေးခဲ့သည်ဟု ရည်ညွှန်းခြင်း မဟုတ်ပါ။ ပထမရာစု ခရစ်ယာန်များ ခံစားနေရပြီး ဖြစ်သည့် ဘုရားသခင်၏ နက်နဲရာများကို နားလည်သဘောပေါက်ခြင်း၊ ယေဟောဝါထံမှ ဝိညာဏအလင်း ရရှိခြင်း ကဲ့သို့သော ကောင်းချီးများကို ဟေရှာယ၏ စကားများနှင့် ဆက်စပ်၍ ပေါလု ဖော်ပြနေခြင်း ဖြစ်သည်။
ဝိညာဉ်ရေးနှင့်ဆိုင်သော နက်နဲရာများကို ယေဟောဝါ သတ်မှတ်ထားချိန်တွင် ကိုယ်တော် ဖွင့်ပြမှသာ ကျွန်ုပ်တို့ နားလည်သဘောပေါက်နိုင်သည်—သို့ဖြစ်သည့်တိုင် ကျွန်ုပ်တို့သည် ယေဟောဝါနှင့် ရင်းနှီးသော ဆက်ဆံရေး ရှိသည့် ဝိညာဏလူများ ဖြစ်မှသာ နားလည်နိုင်သည်။ ပေါလု၏ စကားများသည် ဝိညာဉ်ရေးရာ အနည်းအကျဉ်း ရှိသူများ သို့မဟုတ် မဲ့သူများနှင့် သက်ဆိုင်သည်။ သူတို့၏ မျက်စိသည် ဝိညာဉ်ရေး အမှန်တရားကို မမြင်နိုင်၊ သို့မဟုတ် ခွဲခြားမသိနိုင်ပါ၊ သူတို့၏ နားသည် ထိုအရာများကို မကြားနိုင်၊ သို့မဟုတ် နားမလည်နိုင်ချေ။ ဘုရားသခင်ကို ချစ်မြတ်နိုးသူများအတွက် ကိုယ်တော် ပြင်ဆင်ပေးခဲ့သော အသိပညာများသည် ထိုကဲ့သို့သောသူများ၏ နှလုံးထဲသို့ ဝင်ပင် မဝင်နိုင်ချေ။ သို့သော် ပေါလုကဲ့သို့ ဘုရားသခင်ထံ ဆက်ကပ်အပ်နှံထားသူများအတွက် ဘုရားသခင်သည် ကိုယ်တော်၏ ဝိညာဉ်တော်အားဖြင့် ထိုအရာများကို ဖွင့်ပြတော်မူခဲ့သည်။—၁ ကောရိန္သု ၂:၁-၁၆။
[အောက်ခြေမှတ်ချက်]
a ပေါလု ကိုးကားခဲ့သကဲ့သို့သော အတိအကျ စကားများကို ဟေဗြဲကျမ်းစာထဲတွင် မတွေ့ရပါ။ သူသည် ဟေရှာယ ၅၂:၁၅; ၆၄:၄; နှင့် ဟေရှာယ ၆၅:၁၇ တွင် ပါသော အကြောင်းအရာကို စုပေါင်းဖော်ပြခြင်း ဖြစ်ပုံရသည်။