ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ip-2 အခန်း ၈ စာ. ၄၇-၅၄
  • မှောက်မှားသော ဘာသာတရား—ယင်း၏ အံ့ဖွယ်နိဂုံးကို ကြိုမြင်ရ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မှောက်မှားသော ဘာသာတရား—ယင်း၏ အံ့ဖွယ်နိဂုံးကို ကြိုမြင်ရ
  • ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဗာဗုလုန်မြို့ မြေမှုန့်ဘဝ ရောက်
  • ရက်စက်ကြမ်းကြုတ်မှု၏ အခ
  • ဗာဗုလုန် ပြိုလဲခြင်းအကြောင်း ကြိုဟောခဲ့
  • အဓမ္မအမှုကို ကိုးစားခြင်း
  • ဗာဗုလုန်၏ တိုင်ပင်ဖက်များ ရှုံးနိမ့်
  • မျက်မှောက်ခေတ် ဗာဗုလုန်
  • ရောက်ရှိလာတော့မည့် မဟာဗာဗုလုန်၏ နိဂုံး
  • ယေဟောဝါသည် မာန်မာနထောင်လွှားသော မြို့ကို နှိမ့်ချတော်မူ၏
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
  • မြို့ကြီး ပျက်သုဉ်းခြင်း
    ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
  • မဟာဗာဗုလုန် ပြိုလဲ၍တရားစီရင်ခံရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • မဟာဗာဗုလုန်ဆိုတာ ဘာလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၂
ip-2 အခန်း ၈ စာ. ၄၇-၅၄

အခန်း ရှစ်

မှောက်မှားသော ဘာသာတရား—ယင်း၏ အံ့ဖွယ်နိဂုံးကို ကြိုမြင်ရ

ဟေရှာယ ၄၇:၁-၁၅

၁၊ ၂။ (က) မကြာမီ ကမ္ဘာ့ဘာသာရေး အခြေအနေ မြေလှန်ပြောင်းလဲသွားမည် ဟူသည့် အဆိုသည် အချို့သူများအတွက် အဘယ်ကြောင့် မဖြစ်နိုင်ပုံရသနည်း။ (ခ) ဟေရှာယ အခန်းကြီး ၄၇ ပါ စကားများသည် အနာဂတ် အဖြစ်အပျက်နှင့် ဆက်စပ်မှု ရှိကြောင်း ကျွန်ုပ်တို့ မည်သို့ သိရသနည်း။ (ဂ) မှောက်မှားသော ဘာသာအားလုံးကို “မဟာဗာဗုလုန်” ဟု သမုတ်ခြင်းသည် အဘယ်ကြောင့် သင့်လျော်သနည်း။

“ဘာသာတရား ပြန်လည်ခေတ်စားလာ။” ယင်းသည် သည်နယူးယောက်တိုင်းမ်စ် မဂ္ဂဇင်း ဆောင်းပါးတစ်ခုတွင် ဖော်ပြထားသော သတင်းစကား ဖြစ်သည်။ ဤဆောင်းပါးက ဘာသာရေးသည် ယခုထိတိုင် သန်းနှင့်ချီသော လူတို့၏ စိတ်နှလုံးထဲတွင် ကိန်းအောင်းနေဆဲ ရှိပုံရသည်ဟု ဖော်ပြသည်။ ထို့ကြောင့် ကမ္ဘာ့ဘာသာရေး အခြေအနေ မြေလှန်ပြောင်းလဲတော့မည် ဆိုသည်ကို ယုံရခက်နေပေမည်။ သို့သော် ထိုကဲ့သို့သော ပြောင်းလဲမှုအကြောင်းကို ဟေရှာယ အခန်းကြီး ၄၇ တွင် ဖော်ပြထားသည်။

၂ ဟေရှာယ၏ စကားများသည် လွန်ခဲ့သော နှစ်ပေါင်း ၂,၅၀၀ ကတည်းက ပြည့်စုံခဲ့ပြီး ဖြစ်သည်။ သို့ရာတွင် ဟေရှာယ ၄၇:၈ တွင် မှတ်တမ်းတင်ထားသော စကားများကို ဗျာဒိတ်ကျမ်းတွင် ကိုးကားထားပြီး အနာဂတ် သက်ဆိုင်ပုံကို ဖော်ပြထားသည်။ ထိုတွင် ပြည့်တန်ဆာနှင့်တူသော အဖွဲ့အစည်း ဖြစ်သော “မဟာဗာဗုလုန်” ဟု ခေါ်ဆိုထားသည့် မှောက်မှားသော ကမ္ဘာ့ဘာသာရေး အင်ပါယာ၏ နိဂုံးကို ကျမ်းစာထဲတွင် ကြိုဟောထား၏။ (ဗျာဒိတ် ၁၆:၁၉၊ ကဘ) ရှေးဗာဗုလုန်မြို့မှ မှောက်မှားသော ဘာသာတရား အစပြုခဲ့ခြင်းကြောင့် မှောက်မှားသော ကမ္ဘာ့ဘာသာတရားများကို “ဗာဗုလုန်” ဟူ၍ သမုတ်ခြင်းသည် သင့်လျော်ပါသည်။ ၎င်းအရပ်မှ မြေကြီးလေးမျက်နှာသို့ ပျံ့နှံ့ခဲ့သည်။ (ကမ္ဘာဦး ၁၁:၁-၉) မသေနိုင်သော ဝိညာဉ်၊ မီးငရဲနှင့် သုံးပါးပေါင်းတစ်ဆူ ဘုရားများ ကိုးကွယ်ခြင်းစသော ဗာဗုလုန်တွင် အစပြုခဲ့သည့် ဘာသာရေး အယူဝါဒများကို ခရစ်ယာန်ဘောင် အပါအဝင် ဘာသာတရား အားလုံးနီးပါးက သက်ဝင်ယုံကြည်ကြသည်။a ဟေရှာယ၏ ပရောဖက်ပြုချက်သည် ဘာသာတရား၏ အနာဂတ်အပေါ် အလင်းထွန်းလင်းမှု ပေးပါသလော။

ဗာဗုလုန်မြို့ မြေမှုန့်ဘဝ ရောက်

၃။ ဗာဗုလုန် ကမ္ဘာ့အာဏာစက်၏ ကြီးကျယ်ခမ်းနားမှုကို ဖော်ပြပါ။

၃ စိတ်လှုပ်ရှားဖွယ်ကောင်းသော ဘုရားသခင်၏ ဤကြေညာချက်ကို နားထောင်ပါ– “အို ဗာဗုလုန် သတို့သမီးကညာ ဆင်း၍ မြေမှုန့်၌ ထိုင်လော့။ အို ခါလဒဲသတို့သမီး ရာဇပလ္လင် မရှိဘဲ မြေပေါ်မှာ ထိုင်လော့။ သင့်ကို နူးညံ့သိမ်မွေ့သောသူဟူ၍ နောက်တစ်ဖန် မခေါ်ရ။” (ဟေရှာယ ၄၇:၁) ဗာဗုလုန်သည် နှစ်ပေါင်းများစွာ တန်ခိုးကြီး ကမ္ဘာ့အာဏာစက်အဖြစ် မင်းမူလာခဲ့သည်။ အောင်မြင်သော ဘာသာတရား၊ စီးပွားရေးနှင့် စစ်အချက်အချာ ဖြစ်သည့် “တိုင်းနိုင်ငံတို့၏ အထွတ်” ဖြစ်ခဲ့သည်။ (ဟေရှာယ ၁၃:၁၉) ဗာဗုလုန် အထွတ်အထိပ် ရောက်ချိန်တွင် သူ၏ အင်ပါယာသည် တောင်ဘက်ရှိ အီဂျစ်ပြည် နယ်နိမိတ်အထိ ကျယ်ဝန်းခဲ့သည်။ ထို့ပြင် ဘီ.စီ.အီး. ၆၀၇ ၌ ယေရုရှလင်မြို့ကို အောင်နိုင်ချိန်တွင် ဘုရားသခင် ကိုယ်တော်တိုင်ပင် သူ၏ အောင်မြင်မှုကို မတားဆီးနိုင်သည့်အလား ဖြစ်ခဲ့သည်! သို့ဖြစ်၍ သူသည် မိမိကိုယ်ကို “သတို့သမီးကညာ၊” တိုင်းတစ်ပါး ကျူးကျော်တိုက်ခိုက်မှုကို မည်သည့်အခါမျှ မခံရမည့်သူအဖြစ် ရှုမြင်သည်။b

၄။ ဗာဗုလုန်သည် အဘယ်အရာနှင့် ကြုံတွေ့ရမည်နည်း။

၄ သို့ရာတွင်၊ ဤမာန်မာနထောင်လွှားသော “ကညာ” သည် ပြိုင်ဘက်မဲ့သော တန်ခိုးကြီး ကမ္ဘာ့အာဏာစက်အဖြစ်မှ နန်းချခံရမည် ဖြစ်ပြီး “မြေပေါ်မှာ ထိုင်” ရသည်အထိ နှိမ့်ချခံရမည် ဖြစ်သည်။ (ဟေရှာယ ၂၆:၅) ကာမဂုဏ်စည်းစိမ် ခံစားရသော ဘုရင်မတစ်ဦးကဲ့သို့ “နူးညံ့သိမ်မွေ့သောသူ” အဖြစ် ယူမှတ်ခံရတော့မည် မဟုတ်ပါ။ သို့ဖြစ်၍ ယေဟောဝါ ဤသို့ မိန့်တော်မူ၏– “ကြိတ်ဆုံကို ယူ၍ စပါးကို ကြိတ်လော့။ မျက်နှာဖုံးကို ဖွင့်လော့။ ရှည်သော အင်္ကျီကို ချွတ်လော့။ ပေါင်အဝတ်ကို ပင့်၍ မြစ်ကို ကူးလော့။” (ဟေရှာယ ၄၇:၂) ယုဒလူမျိုးတစ်မျိုးလုံးကို ကျွန်ပြုခဲ့သော ဗာဗုလုန်သည် ယခု သူကိုယ်တိုင် ကျွန်တစ်ဦးကဲ့သို့ ဆက်ဆံခံရမည်! သူ၏ တန်ခိုးအာဏာရှိ အနေအထားကို ဖယ်ရှားသူများ ဖြစ်သော မေဒိနှင့် ပေရသိတို့သည် သူမအား ချိုးနှိမ်သော အလုပ်ကြမ်း မိမိတို့အတွက် လုပ်ပေးစေရန် အတင်းအကျပ်ပြုကြမည်။

၅။ (က) ဗာဗုလုန်သည် သူ၏ ‘မျက်နှာဖုံးနှင့် အင်္ကျီရှည်’ မည်သို့ ချွတ်ပစ်ခြင်း ခံရမည်နည်း။ (ခ) “မြစ်ကို ကူးလော့” ဟု အမိန့်ပေးခံရခြင်းသည် အဘယ်အရာ ဖြစ်နိုင်သနည်း။

၅ ထို့ကြောင့် ဗာဗုလုန်သည် သူ၏ ‘မျက်နှာဖုံးနှင့် အင်္ကျီရှည်’ ချွတ်ပစ်ခြင်း ခံရမည် ဖြစ်ပြီး ယခင်က ရှိခဲ့သည့် ကြီးမြတ်မှုနှင့် ဂုဏ်အသရေအားလုံး ဆုံးရှုံးသွားမည်။ သူ၏ အလုပ်ကြပ်က “မြစ်ကို ကူးလော့” ဟု အမိန့်ပေးမည်။ ဗာဗုလုန်လူမျိုးအချို့သည် ကျေးကျွန်ကဲ့သို့ ကွင်းပြင်တွင် အလုပ်ကြမ်း လုပ်ရန် အမိန့်ပေးခံရဖွယ် ရှိသည်။ သို့မဟုတ် အချို့သူများသည် သုံ့ပန်းများအဖြစ် ခေါ်ဆောင်ခံရသောကြောင့် စာသားအရ မြစ်များကို ဖြတ်ကျော် ဒယဉ့်တိုက်ဆွဲခေါ်ခံရကြခြင်းကို ပရောဖက်ပြုချက်က ဆိုလိုခြင်း ဖြစ်ပေမည်။ မည်သို့ပင်ဖြစ်စေ ဗာဗုလုန်သည် ချောင်းကို ကူးသည့်အခါ ဝေါ သို့မဟုတ် မြင်းရထားဖြင့် သယ်ဆောင်ခြင်း ခံရသော ဘုရင်မတစ်ဦးကဲ့သို့ ခမ်းနားထည်ဝါစွာ ခရီးသွားရတော့မည် မဟုတ်ပါ။ ယင်းအစား သူသည် မြစ်ကို ဖြတ်ကူးရန် မိမိ၏ ခြေထောက်များ ပေါ်သည့်အထိ ဂါဝန်ကို မကာ ရှက်ကြောက်တွန့်ဆုတ်မှု မရှိသော ကျွန်တစ်ဦးနှင့် တူမည်။ အလွန် နှိမ့်ချခံရခြင်းပါတကား!

၆။ (က) ဗာဗုလုန်၏ အဝတ်အချည်းစည်း ဖြစ်မှုသည် အဘယ်သဘောဖြင့် ဖော်ထုတ်ခံရမည်နည်း။ (ခ) ဘုရားသခင်သည် မည်သို့ “မညှာတာဘဲ” နေမည်နည်း။ (အောက်ခြေမှတ်ချက်ကို ကြည့်ပါ။)

၆ ယေဟောဝါ ဤသို့ ဆက်၍ ရှုတ်ချတော်မူ၏– “သင်သည် အဝတ်အချည်းစည်း ရှိ၍ အရှက်ကွဲခြင်းကို ခံရမည်။ ငါသည် မညှာတာဘဲ လက်စားချေမည်။” (ဟေရှာယ ၄၇:၃၊ သမ္မာ)c မှန်ပါသည်၊ ဗာဗုလုန်သည် အရှက်ခွဲခြင်းနှင့် ရှုတ်ချခြင်း ခံရမည်။ သူ၏ ဆိုးသွမ်းသော အကျင့်နှင့် ဘုရားသခင့် လူမျိုးအပေါ် ရက်စက်ကြမ်းကြုတ်စွာ ပြုမူမှုတို့ကို လူသိရှင်ကြား ဖော်ထုတ်မည်။ မည်သည့်လူသားမျှ ဘုရားသခင်၏ လက်စားချေမှုကို မဆီးတားနိုင်ပါ!

၇။ (က) ဗာဗုလုန် ကျဆုံးသည့် သတင်းကို ပြည်နှင်ခံဂျူးများ မည်သို့ တုံ့ပြန်ကြမည်နည်း။ (ခ) ယေဟောဝါသည် မိမိ၏ လူမျိုးကို မည်သည့်နည်းဖြင့် ရွေးနုတ်မည်နည်း။

၇ အင်အားကြီး ဗာဗုလုန်နိုင်ငံတွင် အနှစ် ၇၀ သုံ့ပန်းအဖြစ် ချုပ်နှောင်ခံခဲ့ရပြီးနောက်တွင် ယင်းမြို့ ကျဆုံးသွားခြင်းကို ဘုရားသခင့် လူမျိုးသည် အလွန် ရွှင်လန်းဝမ်းမြောက်ကြမည်။ သူတို့ ဤသို့ ကြွေးကြော်ကြမည်– “ငါတို့ကို ရွေးနုတ်သောသူကား ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား [ယေဟောဝါ]၊ ဣသရေလအမျိုး၏ သန့်ရှင်းသော ဘုရားတည်းဟူသော ဘွဲ့နာမ ရှိတော်မူ၏။” (ဟေရှာယ ၄၇:၄) မောရှေပညတ်အောက်တွင် ဣသရေလလူတစ်ဦးသည် မိမိ၏ အကြွေးကို ဆပ်ရန်အတွက် ကျွန်အဖြစ် မိမိကိုယ်ကို ရောင်းခဲ့မည်ဆိုလျှင် ရွေးနုတ်သူတစ်ဦး (သွေးသားရင်းချာတစ်ဦး) သည် သူ့ကို ပြန်ဝယ်ယူနိုင် သို့မဟုတ် ကျွန်ဘဝမှ လွတ်မြောက်ရန် ရွေးနုတ်နိုင်သည်။ (ဝတ်ပြုရာ ၂၅:၄၇-၅၄) ဂျူးလူမျိုးများသည် ဗာဗုလုန်သို့ ကျွန်အဖြစ် ရောင်းချခံခဲ့ရခြင်း ဖြစ်ရာ သူတို့ကို ပြန်လည်ဝယ်ယူရန် သို့မဟုတ် လွတ်လပ်သွားရန်အတွက် လုပ်ဆောင်ပေးဖို့ လိုအပ်သည်။ တိုက်ပွဲ အောင်မြင်ခြင်းသည် ကျွန်များအတွက် သာမန်အနေနှင့် သခင်ပြောင်းသွားရုံမျှသာ ဖြစ်သည်။ သို့သော် ယေဟောဝါသည် ဂျူးလူမျိုးများအား ကျွန်ဘဝမှ လွှတ်ပေးရန် အောင်ပွဲရ ကုရုမင်းကို စေ့ဆော်ပေးမည်။ ဂျူးများအစား အီဂျစ်၊ အီသီယိုးပီးယားနှင့် သေဘလူတို့ကို ‘ရွေးနုတ်ဖိုး’ အဖြစ် ကုရုအား ပေးမည် ဖြစ်သည်။ (ဟေရှာယ ၄၃:၃) သင့်လျော်စွာပင် ဣသရေလလူမျိုးအား ရွေးနုတ်သော အရှင်ကို “ကောင်းကင်ဗိုလ်ခြေအရှင် ယေဟောဝါ” ဟု ခေါ်ဆိုထားပုံပေါက်သည်။ ဗာဗုလုန်၏ တန်ခိုးကြီးသော စစ်အင်အားသည် မျက်မြင်မရသော ယေဟောဝါ၏ ကောင်းကင်တမန် ဗိုလ်ခြေများနှင့် နှိုင်းယှဉ်လိုက်လျှင် ပမွှားလေးသာ ဖြစ်သွားသည်။

ရက်စက်ကြမ်းကြုတ်မှု၏ အခ

၈။ ဗာဗုလုန်သည် အဘယ်သဘောဖြင့် “မှောင်မိုက်ထဲသို့ ဝင်သွား” မည်နည်း။

၈ ယေဟောဝါသည် ဗာဗုလုန်နှင့်ပတ်သက်သော ပရောဖက်ပြု ကြေညာချက်ကို ဤသို့ ထပ်၍ ဖော်ပြတော်မူ၏– “အိုခါလဒဲသတို့သမီး မှောင်မိုက်ထဲသို့ ဝင်သွား၍ တိတ်ဆိတ်စွာ ထိုင်နေလော့။ သင့်ကို နိုင်ငံတို့၏ အရှင်မဟူ၍ နောက်တစ်ဖန် မခေါ်ရ။” (ဟေရှာယ ၄၇:၅၊ သမ္မာ) ဗာဗုလုန်သည် အမှောင်ထဲတွင် မှိုင်တွေ၍သာ နေရတော့မည်။ ရက်စက်ကြမ်းကြုတ်သော သခင်မအဖြစ် အခြားနိုင်ငံများအပေါ် စိုးမိုးတော့မည် မဟုတ်ပါ။—ဟေရှာယ ၁၄:၄။

၉။ ယေဟောဝါသည် ဂျူးများအား အဘယ်ကြောင့် အမျက်ထွက်သနည်း။

၉ ဦးဆုံးအနေနှင့် ဗာဗုလုန်ကို ဘုရားသခင့် လူမျိုးတော်အပေါ် အန္တရာယ်ပြုရန် အဘယ်ကြောင့် ခွင့်ပြုသနည်း။ ယေဟောဝါ ဤသို့ ရှင်းပြတော်မူ၏– “ငါသည် ငါ၏ လူတို့ကို အမျက်ထွက်သောကြောင့် ငါ၏ အမွေကို ရှုတ်ချ၍ သင့်လက်သို့ အပ်လိုက်၏။” (ဟေရှာယ ၄၇:၆က) ယေဟောဝါသည် ဂျူးများအပေါ် အမျက်ထွက်ရန် ခြေမြစ်သော အကြောင်း ရှိသည်။ မိမိ၏ ပညတ်ကို နာမခံပါက ပြည်တော်မှ နှင်ထုတ်ခြင်း ခံရမည်ဟု ရှေးယခင်ကတည်းက သူတို့ကို ကိုယ်တော် သတိပေးခဲ့သည်။ (တရားဟောရာ ၂၈:၆၄) သူတို့ ရုပ်တုကိုးကွယ်ကြကာ လိင်စာရိတ္တ ယိုယွင်းနေသည့်အချိန်တွင် ယေဟောဝါသည် စင်ကြယ်သော ဝတ်ပြုရေးသို့ သူတို့ ပြန်ဦးလှည့်လာစေရန် ပရောဖက်များကို မေတ္တာပါစွာ စေလွှတ်ခဲ့သည်။ သို့သော် ‘သူတို့သည် ဘုရားသခင်၏ တမန်တို့ကို ပြက်ရယ်ပြု၍ အမိန့်တော်ကို နားမထောင်၊ ပရောဖက်တော်တို့ကို ညှဉ်းဆဲသောကြောင့် ထာဝရဘုရား၏ အမျက်တော် မငြိမ်းနိုင်အောင် မိမိလူမျိုးအပေါ်သို့ ရောက်ခဲ့သည်။’ (၂ ရာဇဝင်ချုပ် ၃၆:၁၆) ထို့ကြောင့် ပြည်တော်အား ဗာဗုလုန်တို့ ကျူးကျော်တိုက်ခိုက်ပြီး ကိုယ်တော်၏ သန့်ရှင်းသော ဗိမာန်တော်ကို ညစ်ညူးစေသောအခါ မိမိ၏ အမွေတော်၊ ယုဒလူမျိုးအား ရှုတ်ချစေရန် ဘုရားသခင် ခွင့်ပြုခြင်း ဖြစ်သည်။—ဆာလံ ၇၉:၁; ယေဇကျေလ ၂၄:၂၁။

၁၀၊ ၁၁။ မိမိ၏ လူမျိုးကို ဗာဗုလုန် အောင်နိုင်ခြင်းသည် ကိုယ်တော်၏ အလိုတော် ဖြစ်သော်လည်း ဗာဗုလုန်အပေါ် ယေဟောဝါ အဘယ်ကြောင့် အမျက်ထွက်သနည်း။

၁၀ ယင်းအကြောင်းကြောင့် ဗာဗုလုန်သည် ဂျူးလူမျိုးများအား ကျွန်ခံစေခြင်းသည် ဘုရားသခင့် အလိုတော် ဆောင်ရွက်ခြင်းမျှသာ ဖြစ်သည် မဟုတ်လော။ မဟုတ်ပါ၊ ဘုရားသခင် ဤသို့ မိန့်တော်မူ၏– “သင်သည် သနားသောစိတ် မရှိ။ အသက်ကြီးသူတို့အပေါ်မှာ လေးသော ထမ်းပိုးကို တင်လေပြီ။ သင်ကလည်း ‘ငါသည် အရှင်မ၏ အရာ၌ အစဉ်အမြဲ နေမည်’ ဟု ထင်သောကြောင့် ဤအမှုအရာတို့ကို မဆင်ခြင်၊ သင်၌ နောက်ဆုံး ဖြစ်လတ္တံ့သောအမှု [“ဇာတ်သိမ်း၊” ကဘ] ကို မအောက်မေ့။” (ဟေရှာယ ၄၇:၆ခ၊ ၇) ‘အသက်ကြီးသောသူတို့ကိုပင်’ ညှာတာမှု မပြသည့်အထိ တရားလွန် ရက်စက်ကြမ်းကြုတ်စွာ ပြုမူရန် ဗာဗုလုန်ကို ဘုရားသခင် မမိန့်မှာခဲ့ပါ။ (မြည်တမ်းစကား ၄:၁၆; ၅:၁၂) ဂျူးသုံ့ပန်းများအား ပြောင်လှောင်ခြင်းဖြင့် သူတို့ ပျော်ရန်လည်း ကိုယ်တော် မတိုက်တွန်းခဲ့ပါ။—ဆာလံ ၁၃၇:၃။

၁၁ ဂျူးများကို ဖမ်းချုပ်ထားခြင်းသည် ယာယီမျှသာ ဖြစ်ကြောင်းကို ဗာဗုလုန် သဘောမပေါက်ပါ။ ယေဟောဝါသည် အချိန်တန်လျှင် မိမိ၏ လူမျိုးကို လွတ်မြောက်စေမည်ဟူသော ဟေရှာယ၏ သတိပေးချက်များကို သူ မသိကျိုးကျွန် ပြုခဲ့သည်။ သူသည် ဂျူးလူမျိုးအပေါ် ထာဝစဉ် အုပ်စိုးပိုင်ခွင့် ရှိပြီး မိမိ၏ လက်အောက်ခံနိုင်ငံများအပေါ် ထာဝစဉ် သခင်မ ဖြစ်သွားမည့်အလား ပြုမူနေသည်။ သူ၏ နိုင်ထက်စီးနင်း အုပ်ချုပ်မှု “ဇာတ်သိမ်း” မည်ဟူသော သတင်းစကားကို မျက်ကွယ်ပြုခြင်းပေတည်း!

ဗာဗုလုန် ပြိုလဲခြင်းအကြောင်း ကြိုဟောခဲ့

၁၂။ ဗာဗုလုန်ကို “ကာမဂုဏ်၌ ပျော်မွေ့ . . . သူ” ဟု အဘယ်ကြောင့် ခေါ်သနည်း။

၁၂ ယေဟောဝါ ဤသို့ ကြေညာ၏– “ကာမဂုဏ်၌ ပျော်မွေ့၍ သောက ကင်းလွတ်လျက် နေသောသူ၊ ‘ငါရှိ၏။ ငါမှတစ်ပါး အဘယ်သူမျှ မရှိ။ ငါသည် မုဆိုးမကဲ့သို့ ထိုင်၍ မနေရ။ သားဆုံးခြင်းကို ငါမခံရ’ ဟု အောက်မေ့သောသူ နားထောင်လော့။” (ဟေရှာယ ၄၇:၈) ဗာဗုလုန်၏ ကာမဂုဏ် လိုက်စားမှု သတင်းသည် နာမည်ကြီးသည်။ ဘီ.စီ.အီး. ငါးရာစုမှ ဂရိသမိုင်းပညာရှင် ဟဲရိုဒိုးတပ်စ်က ဗာဗုလုန်လူမျိုးတို့၏ “ရှက်ဖွယ်အကောင်းဆုံး ထုံးစံ” တစ်ခုအကြောင်း ပြောပြ၏၊ ၎င်းမှာ အမျိုးသမီးအားလုံးသည် သူတို့၏ အချစ်ဘုရားမကို ဂါရဝပြုသည့်အနေနှင့် မိမိကိုယ်ကို ပြည့်တန်ဆာများ လုပ်ရန် တောင်းဆိုခံရခြင်း ဖြစ်သည်။ ထိုနည်းတူပင် ရှေးသမိုင်းဆရာ စာတီးယပ်စ်က ဤသို့ ပြောခဲ့၏– “အဘယ် ညစ်ညူးမှုမျိုးကမျှ ဤမြို့၏ ညစ်ညူးမှုကို မမီပေ၊ သောက်စား ကာမဂုဏ် အပျော်ကြူးရန် လှုံ့ဆော်သွေးဆောင်ရာတွင် မည်သည့် တမင်ကြံရွယ် အကျင့်ပျက် ဖောက်ပြားမှုကမျှ ယင်းကို မမီချေ။”

၁၃။ ကာမဂုဏ် အပျော်ကြူးမှု လိုက်စားခြင်းဘက်၌ ဗာဗုလုန်၏ စိတ်အားကြီးခြင်းက မည်သို့ လျင်မြန်စွာ ပြိုလဲသွားမည်နည်း။

၁၃ ကာမဂုဏ် အပျော်ကြူးမှု လိုက်စားခြင်းဘက်၌ ဗာဗုလုန်၏ စိတ်အားကြီးခြင်းက သူ့အား လျင်မြန်စွာ ပြိုလဲကျဆုံးစေမည်။ သူ ကျဆုံးခါနီးအချိန်တွင် ဘုရင်နှင့် သူ၏ မှူးမတ်တို့သည် စားသောက်ပွဲကြီး တည်ခင်းနေမည် ဖြစ်ပြီး မူးသည်အထိ သောက်စားနေကြမည်။ ထို့ကြောင့် သူတို့သည် မီဒို-ပါးရှား စစ်တပ်များ မြို့တွင်းသို့ ချင်းနင်းဝင်ရောက်လာသည်ကို သတိမပြုမိကြပါ။ (ဒံယေလ ၅:၁-၄) ဖြိုဖျက်၍ မရနိုင်ပုံရသော မြို့ရိုးများနှင့် ကျုံးများသည် ချင်းနင်းတိုက်ခိုက်သူများရန်မှ အကာအကွယ် ပေးမည်ဟု ဗာဗုလုန်လူတို့ ယူမှတ်ခဲ့ကြ၍ “သောက ကင်းလွတ်လျက် နေကြခြင်း” ဖြစ်မည်။ သူမ၏ အခွင့်အာဏာ ရာထူးကို သိမ်းပိုက်နိုင်မည့်သူ “အဘယ်သူမျှ မရှိ” ဟု မိမိကိုယ်ကို ပြောဆို၏။ မိမိ၏ အင်ပါယာမှ အုပ်စိုးသူများအပြင် ‘သားသမီးများ’ သို့မဟုတ် တိုင်းသူပြည်သားများကို ဆုံးရှုံးကာ “မုဆိုးမ” ဖြစ်လာနိုင်သည်ဟူသော အချက်ကို မတွေးမိပါ။ သို့သော်လည်း လက်စားချေသူ ယေဟောဝါ ဘုရားသခင်၏ လက်တော်မှ မည်သည့် မြို့ရိုးမဆိုသည် အကာအကွယ် မပေးနိုင်ပါ! နောက်ပိုင်းတွင် ယေဟောဝါ ဤသို့ မိန့်တော်မူ၏– “ဗာဗုလုန်မြို့သည် မိုးကောင်းကင်သို့ တက်၍ မြို့ရိုးအထွတ်ကို ခိုင်ခံ့စွာ တည်သော်လည်း ငါစေလွှတ်၍ လုယူသောသူတို့သည် သူ ရှိရာသို့ ရောက်ကြလိမ့်မည်။”—ယေရမိ ၅၁:၅၃။

၁၄။ ဗာဗုလုန်သည် “သားဆုံးခြင်းနှင့် လင်ဆုံးခြင်း” နှစ်မျိုးစလုံးကို မည်သည့်နည်းများဖြင့် ခံစားရမည်နည်း။

၁၄ ဗာဗုလုန်၌ အဘယ်အရာ ဖြစ်ပျက်မည်နည်း။ ယေဟောဝါ ဤသို့ ဆက်၍ မိန့်တော်မူ၏– “သင်သည် ပြုစားသောအတတ်နှင့် နတ်ဝိဇ္ဇာအတတ်များတို့ကို အလွန် ပြုစုသော်လည်း တစ်နေ့တစ်ခဏချင်းတွင် သားဆုံးခြင်းနှင့် လင်ဆုံးခြင်း တည်းဟူသော ဘေးနှစ်ပါးတို့သည် သင်၌ ရောက်လိမ့်မည်။ သင်၏ အပေါ်၌ အကုန်အစင် သင့်ရောက်လိမ့်မည်။” (ဟေရှာယ ၄၇:၉) မှန်ပါသည်၊ ကမ္ဘာ့အာဏာစက်တစ်ခုအနေနှင့် ဗာဗုလုန်၏ အာဏာသည် ရုတ်တရက် အဆုံးတိုင်သွားမည်။ ရှေးခေတ်က အရှေ့တိုင်းဒေသများတွင် အမျိုးသမီးတစ်ဦး ကြုံတွေ့ရသည့် အဆိုးဆုံး အဖြစ်အပျက်မှာ မုဆိုးမတစ်ဦး ဖြစ်ခြင်းနှင့် သားသမီး ဆုံးရှုံးခြင်း ဖြစ်သည်။ ဗာဗုလုန် ကျဆုံးသည့် ညတွင် သူ၏ ‘သားသမီးများ’ မည်မျှ ဆုံးရှုံးသွားသည်ကို ကျွန်ုပ်တို့ မသိရပါ။d သို့ရာတွင် အချိန်တန်လျှင် ထိုမြို့သည် လုံးဝ စွန့်ပစ်ခြင်း ခံရမည်။ (ယေရမိ ၅၁:၂၉) သူ၏ ဘုရင်များသည် နန်းချခံရမည် ဖြစ်သောကြောင့် လင်ဆုံးသည့် ဘဝသို့ ရောက်ရှိသွားမည်။

၁၅။ ဂျူးလူမျိုးအပေါ် ဗာဗုလုန်၏ ရက်စက်ကြမ်းကြုတ်မှုအပြင် အဘယ် ထပ်ဆင့်အကြောင်းအရာကြောင့် ယေဟောဝါ အမျက်ထွက်ရခြင်း ဖြစ်သနည်း။

၁၅ သို့ရာတွင် ဂျူးများအပေါ် ဗာဗုလုန်၏ မတော်မတရား ပြုမူဆက်ဆံမှု တစ်ခုတည်းကြောင့်သာ ယေဟောဝါ အမျက်ထွက်ရခြင်း မဟုတ်ပါ။ ‘ပြုစားတတ်သော အတတ်ကို အလွန် ပြုစု’ ခြင်းကလည်း ကိုယ်တော်၏ အမျက်ကို မထွက်ထွက်အောင် လှုံ့ဆော်ပေးသည်။ ဣသရေလလူမျိုးအား ပေးသော ဘုရားသခင့် ပညတ်တွင် နတ်ဝိဇ္ဇာအတတ်ကို ရှုတ်ချထားသည်၊ သို့သော်လည်း ဗာဗုလုန်လူတို့သည် မှော်အတတ်ပညာကို မက်မက်မောမော လိုက်စားကြသည်။ (တရားဟောရာ ၁၈:၁၀-၁၂; ယေဇကျေလ ၂၁:၂၁) အာရှုရိနှင့် ဗာဗုလုန်လူမျိုးတို့၏ လူမှုရေးဘဝ စာအုပ်၌ ဗာဗုလုန်လူမျိုးများက “နတ်ဆိုးအမျိုးပေါင်းများစွာသည် မိမိတို့ကို ဝန်းရံနေသည်ဟု ယုံကြည်ကြပြီး အမြဲ ကြောက်ကြောက်ရွံ့ရွံ့နှင့် အသက်ရှင်နေထိုင်ရကြသည်” ဟု ဆိုထားသည်။

အဓမ္မအမှုကို ကိုးစားခြင်း

၁၆၊ ၁၇။ (က) ဗာဗုလုန်သည် မည်သို့ ‘မကောင်းသောအမှုကို ကိုးစား’ သနည်း။ (ခ) ဗာဗုလုန်၏ ပျက်စီးခြင်းကို အဘယ်ကြောင့် ရှောင်လွှဲမပေးနိုင်သနည်း။

၁၆ ဗာဗုလုန်ရှိ ဗေဒင်ဆရာများသည် မိမိတို့နိုင်ငံကို ကယ်တင်နိုင်မည်လော။ ယေဟောဝါ ဤသို့ အဖြေပေး၏– “သင်သည် ကိုယ်ပြုသော အဓမ္မအမှုကို ကိုးစားပြီ။ ‘ငါ့ကို အဘယ်သူမျှ မမြင်’ ဟု ဆိုပြီ။ သင့်ပညာနှင့် သင့်အတတ်သည် သင့်ကို လမ်းလွဲစေသည် ဖြစ်၍ သင်က ‘ငါရှိ၏။ ငါမှတစ်ပါး အဘယ်သူမျှ မရှိ’ ဟု အောက်မေ့ပြီ။” (ဟေရှာယ ၄၇:၁၀၊ သမ္မာ) ဗာဗုလုန်က မိမိ ကမ္ဘာ့အာဏာစက်အဖြစ် ရပ်တည်နေနိုင်ခြင်းမှာ မိမိ၏ လောကီအတတ်ပညာ၊ ဘာသာရေး ဉာဏ်ပညာ၊ စစ်အင်အား၊ ပါးနပ်သော ရက်စက်ကြမ်းကြုတ်မှုကြောင့် ဖြစ်သည်ဟု ယူမှတ်နေလေသည်။ သူ့ကို မည်သူမျှ မ “မြင်၊” ဆိုလိုသည်မှာ သူ၏ ဆိုးသွမ်းသော လုပ်ရပ်များအတွက် မည်သူ့ကိုမျှ ဖြေရှင်းရန် တာဝန် မရှိဟု ယူမှတ်နေလေသည်။ မိုးကုပ်စက်ဝိုင်းတစ်ဆုံး မိမိကို ယှဉ်ပြိုင်မည့်သူကိုလည်း မမြင်ပါ။ “ငါရှိ၏၊ ငါမှတစ်ပါး အဘယ်သူမျှ မရှိ’ ဟု မိမိကိုယ်ကို ပြန်ပြောနေလေ၏။

၁၇ သို့ရာတွင် ယေဟောဝါသည် မိမိ၏ အခြားပရောဖက်များအားဖြင့် ဤသို့ သတိပေးထား၏– “ငါမမြင်စေခြင်းငှာ အဘယ်သူသည် မထင်ရှားသောအရပ်၌ ပုန်းရှောင်၍ နေနိုင်သနည်း။” (ယေရမိ ၂၃:၂၄; ဟေဗြဲ ၄:၁၃) ထို့ကြောင့် ယေဟောဝါ ဤသို့ ကြွေးကြော်တော်မူ၏– “မန်းမှုတ်၍ မကွယ်ကာနိုင်သော ဘေး၊ ဖြေ၍ မကင်းပျောက်နိုင်သော ဥပဒ်၊ လက်ဆောင်ထိုး၍ မလွန်နိုင်သော ရုတ်တရက် ဖျက်ဆီးခြင်းသည် သင့်အပေါ်သို့ ရောက်လိမ့်မည်။” (ဟေရှာယ ၄၇:၁၁၊ သမ္မာ) ဗာဗုလုန်ဘုရားများနှင့် နတ်ဝိဇ္ဇာ အတတ်ပညာ လိုက်စားသူများ၏ မှော်အတတ်ပညာဖြင့် “မန်းမှုတ်” ခြင်းတို့သည် ရောက်ရှိလာတော့မည့်—ဘယ်အရာနှင့်မျှ မတူဘဲ တစ်ခါမျှ မကြုံတွေ့ဖူးသည့်—ဘေးကို ရှောင်လွှဲပေးနိုင်မည် မဟုတ်ပါ!

ဗာဗုလုန်၏ တိုင်ပင်ဖက်များ ရှုံးနိမ့်

၁၈၊ ၁၉။ တိုင်ပင်ဖက်များအပေါ် ဗာဗုလုန်၏ ယုံကြည်ကိုးစားမှုသည် ဘေးဒုက္ခသာ ဖြစ်စေကြောင်း မည်သို့ ထင်ရှားလာမည်နည်း။

၁၈ ယေဟောဝါသည် နာကြည်းစူးရှဖွယ်စကားဖြင့် ဤသို့ မိန့်တော်မူ၏– “သင်သည် ငယ်သောအရွယ်မှစ၍ ကိုယ်ကို ပင်ပန်းစေသော နတ်ဝိဇ္ဇာအတတ်နှင့် ပြုစားသော အတတ်အမျိုးမျိုးကို အမှီပြု၍ တည်နေလော့။ အကျိုး ရကောင်း ရလိမ့်မည်။ ချောက်လှန့်ကောင်း ချောက်လှန့်နိုင်လိမ့်မည်။” (ဟေရှာယ ၄၇:၁၂၊ သမ္မာ) ဗာဗုလုန်သည် သူ၏ မှော်အတတ် လိုက်စားခြင်းတွင် “တည်နေ” ရန် သို့မဟုတ် မပြောင်းလဲဘဲ စွဲစွဲမြဲမြဲ လိုက်စားရန် စိန်ခေါ်ခံရသည်။ အမှန်မှာ၊ သူသည် လူမျိုးတစ်မျိုးအနေနှင့် “ငယ်သောအရွယ်” မှစ၍ မှော်အတတ်ပညာများ ထွန်းကားလာစေဖို့ လုံးပန်းခဲ့သည်။

၁၉ ယေဟောဝါသည် သူတို့ကို သရော်ပြောင်လှောင်ကာ ဤသို့ မိန့်တော်မူ၏– “သင်သည် များပြားသော တိုင်ပင်ဖက်တို့အားဖြင့် ပင်ပန်းလှပြီ။ အာကာသကောင်းကင်ကို ပိုင်းခြား၍ ကြယ်နက္ခတ်များကို စေ့စေ့ ကြည့်မှတ်သဖြင့် တစ်လနောက်တစ်လ သင်၌ အဘယ်သို့ ဖြစ်မည်ကို ဟောတတ်သောသူသည် ယခု ထ၍ သင့်ကို ကယ်တင်ကြစေ။” (ဟေရှာယ ၄၇:၁၃၊ သမ္မာ)e ဗာဗုလုန်သည် သူ၏ တိုင်ပင်ဖက်တို့၏ လုံးဝ အသုံးမကျမှုကို တွေ့မြင်ရမည်။ ရာစုနှစ်ချီ၍ နက္ခတ္တဗေဒဆိုင်ရာ ဟောချက်များသည် ဗာဗုလုန်လူမျိုးများ၏ နက္ခတ်ဗေဒင်အတတ် ထွန်းကားရေးကို အစပျိုးပေးခဲ့သည်မှာ အမှန် ဖြစ်သည်။ သို့သော် ထိုမြို့ ကျဆုံးသည့် ညတွင် နက္ခတ်ဗေဒင်ဆရာများ၏ သနားဖွယ်ကောင်းလောက်အောင် အသုံးမကျမှုက အနာဂတ် ဟောချက်များသည် အသုံးမဝင်ကြောင်း ဖော်ထုတ်ပြမည်။—ဒံယေလ ၅:၇၊ ၈။

၂၀။ ဗာဗုလုန် တိုင်ပင်ဖက်များတွင် အဘယ် ကြမ္မာဆိုး ဝင်မည်နည်း။

၂၀ ယေဟောဝါသည် ပရောဖက်ပြုချက်၏ ဤအပိုင်းကို ဤသို့ မိန့်တော်မူ၍ နိဂုံးချုပ်ထား၏– “သူတို့သည် ကောက်ရိုးကဲ့သို့ ဖြစ်၍ မီးလောင်ခြင်းကို ခံရကြလိမ့်မည်။ မီးလျှံအရှိန်မှ မိမိတို့ကို မကယ်မလွှတ်နိုင်ကြ။ နွေးစရာဖို့ မီးတစ်ခဲမျှ၊ လှုံစရာဖို့ မီးအလျှင်းမျှ မကျန်ရစ်ရ။ သင် ငယ်သောအရွယ်မှစ၍ ကိုယ်ကို ပင်ပန်းစေလျက် သင်နှင့်အတူ မန်းမှုတ်ဖက်တို့သည် ထိုသို့ ဖြစ်ကြ၍ ကိုယ်စီကိုယ်စီ ဆိုင်ရာ လွင့်သွားသဖြင့် သင့်ကို ကယ်တင်သောသူ တစ်စုံတစ်ယောက်မျှ မရှိချေ။” (ဟေရှာယ ၄၇:၁၄၊ ၁၅၊ သမ္မာ) မှန်ပါသည်၊ ထိုမှောက်မှားသော တိုင်ပင်ဖက်များကို မီးလောင်မည့်အချိန် ရောက်လာတော့မည်။ လူများ အနွေးဓာတ် ရရန် ဝိုင်းပတ်၍ လှုံရသည့် မီးမျိုး မဟုတ်ဘဲ မှောက်မှားသော တိုင်ပင်ဖက်များသည် အသုံးမဝင်သော ကောက်ရိုးများ ဖြစ်ကြောင်း ထင်ရှားသိသာစေမည့် ပျက်စီးခြင်း၊ လောင်ကျွမ်းခြင်းမီး ဖြစ်မည်။ ထို့ကြောင့် ဗာဗုလုန် တိုင်ပင်ဖက်များသည် ကြောက်လန့်တကြား ထွက်ပြေးကြခြင်းသည် အံ့ဩစရာ မဟုတ်ပါ! ဗာဗုလုန်၏ နောက်ဆုံး အထောက်အမ ပျက်စီးသွားခြင်းဖြင့် သူ့ကို ကယ်တင်မည့်သူ မည်သူမျှ ရှိတော့မည် မဟုတ်ပါ။ ယေရုရှလင်မြို့အပေါ် သူ ကျရောက်စေခဲ့သည့် ကြမ္မာဆိုးကို ပြန်လည်ခံစားရမည်။—ယေရမိ ၁၁:၁၂။

၂၁။ ဟေရှာယ၏ ပရောဖက်ပြုစကားများသည် မည်သို့နှင့် မည်သည့်အချိန်တွင် ပြည့်စုံလာသနည်း။

၂၁ ဘီ.စီ.အီး. ၅၃၉ ခုနှစ်တွင် ထိုမှုတ်သွင်းခံစကားများ စတင် ပြည့်စုံလာခဲ့သည်။ ကုရု ဦးဆောင်လာသော မေဒိနှင့် ပေရသိစစ်တပ်များသည် မြို့ကို သိမ်းပိုက်ပြီး လက်ရှိဘုရင်၊ ဗေလရှာဇာကို ကွပ်မျက်ကြသည်။ (ဒံယေလ ၅:၁-၄၊ ၃၀) ဗာဗုလုန်သည် ညတွင်းချင်းပင် ကမ္ဘာ့တန်ခိုးအာဏာရှိ အခြေအနေမှ လျှောကျသွားလေသည်။ ထို့ကြောင့် ရာစုနှစ်ချီ၍ တည်တံ့ခဲ့သော ဆီးမိုက်အာဏာသည် ဆုံးခန်းတိုင်သွားရာ ယခု ကမ္ဘာကြီးသည် အေရီယံလူမျိုးတို့၏ လက်အောက်သို့ ကျရောက်သွားသည်။ ဗာဗုလုန်အတွက်မူ ရာစုနှစ်နှင့်ချီ ရှည်ကြာသော ကာလတွင် တစ်စတစ်စ ပျက်ယွင်းသွားလေသည်။ စီ.အီး. လေးရာစုတိုင်လေသော် “ကျောက်ပုံ” အဖြစ်မှလွဲ၍ အဘယ်အရာမျှ မကျန်ရှိတော့ပါ။ (ယေရမိ ၅၁:၃၇၊ ကဘ) ထို့ကြောင့် ဟေရှာယ၏ ပရောဖက်ပြုချက် လုံးလုံး ပြည့်စုံသွားသည်။

မျက်မှောက်ခေတ် ဗာဗုလုန်

၂၂။ ဗာဗုလုန် ကျဆုံးခြင်းက မာနကြီးခြင်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့အား အဘယ်အရာ သင်ပေးသနည်း။

၂၂ ဟေရှာယ၏ ပရောဖက်ပြုချက်တွင် စဉ်းစားဆင်ခြင်စရာ အကြောင်းအရာများစွာ ပေးထားသည်။ တစ်ခုမှာ မာနကြီးခြင်းနှင့် ထောင်လွှားခြင်း၏ အန္တရာယ်များကို အလေးပေးဖော်ပြထား၏။ မာနကြီးသော ဗာဗုလုန် ကျဆုံးခြင်းကို သုတ္တံကျမ်းက ဤသို့ ဖော်ပြ၏– “မာနသည် ပျက်စီးခြင်းအရင်၊ ထောင်လွှားသော သဘောသည် ရှုတ်ချခြင်းအရင်၌ နေရာကျတတ်၏။” (သုတ္တံ ၁၆:၁၈) တစ်ခါတစ်ရံ မာနသည် ကျွန်ုပ်တို့၏ မစုံလင်သော ဇာတိသဘောကို စိုးမိုးထားကာ “မာနနှင့် ယစ်မူး” ခြင်းသည် “မာရ်နတ် ဖမ်းမိခြင်း” ကို ခံရစေနိုင်သည်။ (၁ တိမောသေ ၃:၆၊ ၇) သို့ဖြစ်၍ ကျွန်ုပ်တို့သည် ယာကုပ်၏ ဤဆုံးမသြဝါဒကို လိုက်လျှောက်သင့်သည်– “ဘုရားသခင့်ရှေ့တော်၌ ကိုယ်ကိုကိုယ် နှိမ့်ချကြလော့။ သို့ပြုလျှင်၊ သင်တို့ကို ချီးမြှောက်တော်မူလိမ့်မည်။”—ယာကုပ် ၄:၁၀။

၂၃။ ဟေရှာယ၏ ပရောဖက်ပြုချက်က ကျွန်ုပ်တို့၌ အဘယ် ယုံကြည်ကိုးစားမှု ရှိရန် အကူအညီ ပေးသနည်း။

၂၃ ထိုပရောဖက်ပြုချက်စကားများသည် ကိုယ်တော့်ကို ဆန့်ကျင်သူအားလုံးထက် ပို၍ တန်ခိုးကြီးသော ယေဟောဝါအား ယုံကြည်ကိုးစားရန်လည်း ကျွန်ုပ်တို့ကို အထောက်အကူပြုသည်။ (ဆာလံ ၂၄:၈; ၃၄:၇; ၅၀:၁၅; ၉၁:၁၄၊ ၁၅) ၎င်းသည် ဤခက်ခဲသော နေ့ရက်များအတွင်း နှစ်သိမ့်မှု ပေးသော နှိုးဆော်ချက်တစ်ရပ် ဖြစ်သည်။ “[စုံလင်သောသူ] သည် အဆုံး၌ ငြိမ်သက်ခြင်းကို ခံစားရလိမ့်မည်” ကို သိထားကာ ယေဟောဝါအား ယုံကြည်ကိုးစားခြင်းက ကိုယ်တော့်ရှေ့မှောက်တွင် အပြစ်တင်ခွင့်နှင့် ကင်းအောင် ဆက်နေထိုင်ရန် ကျွန်ုပ်တို့၏ ဆုံးဖြတ်ချက်ကို ခိုင်ခံ့စေသည်။ (ဆာလံ ၃၇:၃၇၊ ၃၈၊ သမ္မာ) စာတန်၏ “ဉာဏ်နီဉာဏ်နက်များသော လုပ်ရပ်များ” နှင့် ရင်ဆိုင်ရသည့်အခါ ယေဟောဝါအား မျှော်ကိုးပြီး ကျွန်ုပ်တို့၏ ကိုယ်ပိုင်စွမ်းရည်ကို အမှီမပြုခြင်းသည် အမြဲပင် ပညာရှိရာကျပါသည်။—ဧဖက် ၆:၁၁၊ ကဘ၊ အောက်ခြေမှတ်ချက်။

၂၄၊ ၂၅။ (က) နက္ခတ်ဗေဒင်ပညာသည် အဘယ်ကြောင့် ဆင်ခြင်တုံတရားနှင့် မညီသနည်း၊ သို့သော် များစွာသောသူတို့သည် အဘယ်ကြောင့် ယင်းကို ကိုးစားကြသနည်း။ (ခ) အယူသီးမှုကို ခရစ်ယာန်တို့ ရှောင်ကြဉ်ရသည့် အကြောင်းရင်းအချို့မှာ အဘယ်နည်း။

၂၄ နတ်ဝိဇ္ဇာအတတ်ပညာများ၊ အထူးသဖြင့် နက္ခတ်ဗေဒင်နှင့်ပတ်သက်၍ ကျွန်ုပ်တို့အား အတိအလင်း သတိပေးထားသည်။ (ဂလာတိ ၅:၂၀၊ ၂၁) ဗာဗုလုန် ကျဆုံးချိန်တွင် နက္ခတ်ဗေဒင် အတတ်ပညာသည် ပြည်သူပြည်သားများအပေါ် ချုပ်ကိုင်နိုင်စွမ်း မပျောက်သွားပါ။ စိတ်ဝင်စားစရာမှာ ရှေးကမ္ဘာ့မြို့ပြကြီးများစာအုပ်၌ ဗာဗုလုန်လူမျိုးများ ဇယားချထားသော နက္ခတ်တာရာများသည် ရှေးက ရှိခဲ့သည့် ယင်းတို့၏ မူလနေရာများမှ “ရွှေ့သွား” ရာ “[နက္ခတ်ဗေဒင်ပညာ၏] အယူအဆတစ်ခုလုံးကို လွဲချော်သွားစေသည်” ဟု မှတ်သားဖော်ပြထားသည်။ သို့သော် နက္ခတ်ဗေဒင်ပညာသည် ဆက်၍ တိုးတက်ထွန်းကားလျက် ရှိပြီး သတင်းစာများစွာတွင် စာဖတ်သူများ မိမိတို့၏ ဇာတာကို အလွယ်တကူ ကြည့်နိုင်သည့် ကော်လံများကို ထည့်ပေးထားသည်။

၂၅ လူများစွာ—အများစုသည် ပညာတတ် ဖြစ်သူများ—သည် အဘယ်အရာကြောင့် ကြယ်နက္ခတ်များ ကြည့်ရှုခြင်း သို့မဟုတ်၊ အခြားဆင်ခြင်တုံတရားနှင့် မညီသော အယူသီးသည့် အကျင့်ဓလေ့များ လုပ်ဆောင်ကြခြင်း ဖြစ်သနည်း။ ကမ္ဘာ့စာအုပ်စွယ်စုံကျမ်း၌ ဤသို့ ဆို၏– “လူလူချင်း တစ်ဦးကို တစ်ဦး ကြောက်ရွံ့နေကြပြီး အနာဂတ်နှင့်ပတ်သက်၍ မသေချာ မရေရာ ဖြစ်နေသ၍ ကာလပတ်လုံး အယူသီးမှုများသည် ဘဝအသက်တာ၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေနိုင်သည်။” ကြောက်ရွံ့ခြင်းနှင့် မသေချာ မရေရာ ဖြစ်ခြင်းသည် လူများအား အယူသီးသူများ ဖြစ်လာစေရန် တွန်းပို့ပေးနိုင်သည်။ သို့ရာတွင် ခရစ်ယာန်များသည် အယူသီးမှုကို ရှောင်ကြဉ်ကြသည်။ သူတို့သည် လူကို မကြောက်ပါ—ယေဟောဝါသည် သူတို့ကို ထောက်မတော်မူရှင် ဖြစ်၏။ (ဆာလံ ၆:၄-၁၀) ထို့ပြင် သူတို့သည် အနာဂတ်နှင့်ပတ်သက်၍ မသေချာ မရေရာ မဖြစ်ကြပါ၊ ယေဟောဝါ ဖွင့်ပြပေးခဲ့သော ရည်ရွယ်ချက်များကို သူတို့ သိရှိကြပြီး “ထာဝရဘုရား၏ ပြဋ္ဌာန်းတော်မူခြင်းသည် ကာလအနန္တနှင့်ဆိုင်၍ . . . တည်ကြလိမ့်မည်” ကို ယုံကြည်စိတ်ချကြသည်။ (ဆာလံ ၃၃:၁၁) ကျွန်ုပ်တို့၏ အသက်တာကို ယေဟောဝါ၏ ပြဋ္ဌာန်းချက်နှင့် ကိုက်ညီစေခြင်းဖြင့် ပျော်ရွှင်သော ရေရှည်အနာဂတ် ရရှိမည်မှာ သေချာသည်။

၂၆။ “ပညာရှိတို့၏ အကြံအစည်တို့သည် အချည်းနှီး ဖြစ်” ကြောင်း မည်သို့ ထင်ရှားခဲ့ပြီနည်း။

၂၆ မကြာသေးမီနှစ်များက အချို့သူများသည် အနာဂတ်ကို ပို၍ “သိပ္ပံ” နည်းကျကျ ဆင်ခြင်သုံးသပ်ရန် ကြိုးစားခဲ့ကြသည်။ “လက်ရှိ ခေတ်ရေစီးကြောင်းပေါ် အခြေခံ၍ အနာဂတ် ဖြစ်နိုင်ခြေများကို ဖော်ပြသည့် လေ့လာမှုပညာရပ်” ဟူ၍ အဓိပ္ပာယ်ဖွင့်သော အနာဂတ် ဗေဒပညာဟု ခေါ်သည့် လေ့လာနည်းစနစ်တစ်ခုပင် ရှိနေပြီ။ ဥပမာ၊ ၁၉၇၂ ခုနှစ်တွင် ရောမကလပ်အမည်ရှိ တက္ကသိုလ် ပညာတတ်များနှင့် စီးပွားရေး ပညာရှင်အုပ်စုတစ်စုက ၁၉၉၂ ခုနှစ်တွင် ရွှေ၊ ပြဒါး၊ သွပ်နှင့် ရေနံ အစရှိသော ကမ္ဘာ့သယံဇာတပစ္စည်းအားလုံး ကုန်ခန်းလိမ့်မည်ဟု ဟောကိန်းထုတ်ခဲ့သည်။ ၁၉၇၂ ကတည်းက ကမ္ဘာသည် ထိတ်လန့်စရာကောင်းသော ပြဿနာများနှင့် ကြုံတွေ့ခဲ့ရသည်မှာ မှန်သော်လည်း ထိုတင်ကူးဟောကြားချက်များ လုံးဝ မှားခဲ့သည်။ ဤကမ္ဘာပေါ်တွင် ရွှေ၊ ပြဒါး၊ သွပ်နှင့် ရေနံများ ကျန်ရှိနေဆဲ ဖြစ်သည်။ လူသည် အပင်ပန်းခံပြီး အနာဂတ်ကို ကြိုဟောရန် ကြိုးစားခဲ့ကြသော်သည်း သူ၏ မှန်းဆချက်များသည် အမြဲ ယုံကြည်စိတ်ချ၍ မရပါ။ အမှန်ပင်၊ “ပညာရှိတို့၏ အကြံအစည်တို့သည် အချည်းနှီး ဖြစ်” သည်!—၁ ကောရိန္သု ၃:၂၀။

ရောက်ရှိလာတော့မည့် မဟာဗာဗုလုန်၏ နိဂုံး

၂၇။ ဘီ.စီ.အီး. ၅၃၉ တွင် ဗာဗုလုန် ကျဆုံးခဲ့သကဲ့သို့ မဟာဗာဗုလုန်သည် မည်သည့်အချိန်တွင်နှင့် မည်သည့်နည်းဖြင့် ကျဆုံးခဲ့သနည်း။

၂၇ မျက်မှောက်ခေတ် ဘာသာတရားများသည် ရှေးဗာဗုလုန်၏ အယူဝါဒများစွာကို ဆက်ထိန်းသိမ်းခံယူထားကြသည်။ ထို့ကြောင့် မှောက်မှားသော ကမ္ဘာ့ဘာသာရေး အင်ပါယာကို မဟာဗာဗုလုန်ဟူ၍ အမည်ပေးခြင်းသည် သင့်လျော်ပါသည်။ (ဗျာဒိတ် ၁၇:၅၊ ကဘ) ထိုအပြည်ပြည်ဆိုင်ရာ ဘာသာရေး အဖွဲ့အစည်းသည် ဘီ.စီ.အီး. ၅၃၉ တွင် ရှေးဗာဗုလုန်ကဲ့သို့ပင် ကျဆုံးနေပြီ ဖြစ်သည်။ (ဗျာဒိတ် ၁၄:၈; ၁၈:၂) ၁၉၁၉ ခုနှစ်တွင် ခရစ်တော်၏ ညီတော် အကြွင်းအကျန်သည် ဝိညာဏ သုံ့ပန်းဘဝမှ ထွက်လာခဲ့ကြပြီး မဟာဗာဗုလုန်၏ အဓိက အစိတ်အပိုင်း ဖြစ်သော ခရစ်ယာန်ဘောင်၏ ဘာသာရေး ဩဇာလွှမ်းမိုးမှုမှ အလွတ်ရုန်းထွက်ခဲ့ကြသည်။ ထိုအချိန်မှစ၍ ခရစ်ယာန်ဘောင်သည် ယခင်က ဩဇာအရှိန်အဝါ ကြီးမားခဲ့သော ဒေသများစွာတွင် ဩဇာအရှိန်အဝါ လျော့ပါးလာသည်။

၂၈။ မဟာဗာဗုလုန်သည် မည်သို့ ကြွားဝါပြီး အဘယ်အရာသည် သူ့ကို စောင့်ကြိုနေသနည်း။

၂၈ သို့ရာတွင် ထိုကျဆုံးခြင်းသည် မှောက်မှားသော ဘာသာရေး လုံးဝ ပျက်စီးရန် ရှေ့ပြေးအရိပ်တစ်ခုမျှသာ ဖြစ်ခဲ့သည်။ စိတ်ဝင်စားစရာမှာ မဟာဗာဗုလုန် ပျက်စီးခြင်းနှင့်ပတ်သက်သော ဗျာဒိတ်ကျမ်း ပရောဖက်ပြုချက်သည် ဟေရှာယ ၄၇:၈၊ ၉ တွင် မှတ်တမ်းတင်ထားသော ပရောဖက်ပြုချက်စကားများကို ကျွန်ုပ်တို့အား ပြန်၍ အမှတ်ရစေသည်။ ရှေးဗာဗုလုန်ကဲ့သို့ပင် မျက်မှောက်ခေတ် မဟာဗာဗုလုန်က “ငါသည် ဘုရင်မအဖြစ် စံမြန်း၏။ မုဆိုးမ မဟုတ်။ ငါသည် ဘယ်တော့မျှ ငိုကြွေးမြည်တမ်းရမည် မဟုတ်” ဟု ဆို၏။ သို့သော် “သူမပေါ်သို့ ကပ်များ၊ ငိုကြွေးမြည်တမ်းခြင်း၊ သေခြင်းနှင့် မွတ်သိပ်ခြင်း တစ်ရက်အတွင်း ကျရောက်၍ သူမသည် ကျွမ်းလောင်ခြင်း ခံရလိမ့်မည်။ အကြောင်းမှာ သူမအား တရားစီရင်တော်မူသော ယေဟောဝါ ဘုရားသခင်သည် အားကြီးတော်မူ၏။” ထို့ကြောင့် ဟေရှာယ အခန်းကြီး ၄၇ တွင် မှတ်တမ်းတင်ထားသော ပရောဖက်ပြုချက်စကားများသည် မှောက်မှားသော ဘာသာနှင့် ဆက်စပ်လျက် ရှိနေသေးသူများအတွက် သတိပေးချက်တစ်ရပ် ဖြစ်သည်။ ယင်း၏ ပျက်စီးခြင်းဘေးတွင် ရော၍ မပါသွားစေရန် “သူ၏ အထဲမှ ထွက်လော့” ဟူသော မှုတ်သွင်းခံ အမိန့်တော်ကို လိုက်နာပါလေ!—ဗျာဒိတ် ၁၈:၄၊ ၇၊ ၈၊ ကဘ။

[အောက်ခြေမှတ်ချက်များ]

a မှောက်မှားသော ဘာသာရေး အယူဝါဒများ ထွန်းကားလာပုံဆိုင်ရာ အသေးစိတ် အချက်အလက်များအတွက် ယေဟောဝါသက်သေများ ထုတ်ဝေသည့် ဘုရားသခင်ကို လူသားများ ရှာပုံတော်၊ [လိပ်] စာအုပ်ကိုရှု။

b ဟေဗြဲဘာသာစကားတွင် “ဗာဗုလုန် သတို့သမီးကညာ” ဟူသည် ဗာဗုလုန်မြို့ သို့မဟုတ် ဗာဗုလုန် ပြည်သူပြည်သားများကို ရည်ညွှန်းသည့် အထူးအသုံးအနှုန်းတစ်ခု ဖြစ်သည်။ သူသည် “ကညာ” ဖြစ်သည်၊ အကြောင်းမှာ ကမ္ဘာ့အာဏာစက် ဖြစ်ကတည်းက အောင်နိုင်သူတစ်ဦး၏ အနိုင်ယူတိုက်ခိုက်မှုကို မခံခဲ့ရ၍ ဖြစ်သည်။

c “ငါသည် မညှာတာဘဲ” ဟူ၍ ပြန်ဆိုသော ဟေဗြဲအသုံးအနှုန်းကို ကျမ်းပညာရှင်များက ဘာသာပြန်ရန် “အလွန့်အလွန် ခက်ခဲသော စကားစု” အဖြစ် ဖော်ပြခဲ့ကြသည်။ ကမ္ဘာသစ်ဘာသာပြန်ကျမ်းက ၎င်းကို “ငါသည် မည်သူ့ကိုမျှ ကြင်နာစွာ တွေ့ဆုံမည် မဟုတ်” ဟူ၍ ပြန်ဆိုသည်။ ဗာဗုလုန်ကို ကယ်ဖို့ လာသည့် မည်သည့် ပြင်ပအကူအညီကိုမျှ ကိုယ်တော် ခွင့်ပြုမည် မဟုတ်ကြောင်း အဓိပ္ပာယ် ပေါ်စေရန် “ကြင်နာစွာ” ဟူသော စကားလုံးကို ထပ်ထည့်ပေးထားသည်။ ဂျူးစာပေအသင်းက ယင်းစာပိုဒ်ကို ဤသို့ ပြန်ဆို၏– “ငါသည် . . . မည်သူတစ်ဦးတစ်ယောက်ကိုမျှ ကြားဝင်ခွင့် ပြုမည် မဟုတ်။”

d နဗိုနိုက်ဒတ်စ် မှတ်တမ်း၌ ဗာဗုလုန်အား ကျူးကျော်တိုက်ခိုက်သူများသည် “ခုခံတိုက်ခိုက်မှု မရှိဘဲ” ဝင်ရောက်ခဲ့သည်ဟု ဖော်ပြထားသော်လည်း ဂရိသမိုင်းပညာရှင် ဇီနိုဖုန်းက အတော်အတန် တိုက်ပွဲဖြစ်ခဲ့နိုင်သည်ဟု ဖော်ပြထားကြောင်း ရေမဲန် ပီ. ဒေါရတီ၏ နဗိုနိုက်ဒတ်စ်နှင့် ဗေလရှာဇာ စာအုပ်၌ ဖော်ပြထားသည်။

e “အာကာသ ကောင်းကင်ကို ပိုင်းခြား၍” ဟူသော အသုံးအနှုန်းသည် ဇာတာဖွဲ့ရန် ကောင်းကင်ပြင်ကို အပိုင်းပိုင်း ခွဲခြားသည့် လုပ်ဆောင်မှုကို ရည်ညွှန်းကြောင်း ထင်ရှားသည်။ ကမ္ဘာသစ်ဘာသာပြန်ကျမ်းက ၎င်း၏ ဟေဗြဲအသုံးအနှုန်းကို “ကောင်းကင်ကို ဝတ်ပြုသူများ” အဖြစ် ပြန်ဆိုထားသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ