သင်ခန်းစာ ၁၀
သွန်သင်မှုနည်းပညာကို တိုးတက်စေခြင်း
၁–၃။ သွန်သင်ခြင်း၌ အဘယ်အရာများ ပါဝင်၍ သွန်သင်ပေးဖို့ အဘယ်အခွင့်အရေးများ ရရှိသနည်း။
၁ ခရစ်ယာန်စစ်များအနေနှင့် ယေဟောဝါရှင်နှင့်ယေရှုခရစ်တို့ကို ကျွန်ုပ်တို့၏ကြီးမြတ်သောဆရာများအဖြစ် ကြည့်မှတ်ကြ၏။ “အလိုတော်ကို လိုက်စေမည်အကြောင်း သွန်သင်တော်မူပါ” ဟုယေဟောဝါထံ ဆုတောင်းခဲ့သောဆာလံဆရာနှင့် ကျွန်ုပ်တို့ပူးပေါင်းကြသည်။ (ဆာ. ၁၄၃:၁၀) ယေရှု၏ ပထမရာစု တပည့်တော်များသည် “ဆရာ” ဟူ၍ ကိုယ်တော့်အား ပြောသကဲ့သို့ ပြောလို၏။ ယေရှုသည် အမှန်ပင်ကြီးမြတ်သောဆရာပါတကား! တောင်ပေါ်ဒေသနာကိုဟောတော်မူပြီးနောက် “ပရိသတ်အပေါင်းတို့သည် ဆုံးမသြဝါဒပေးတော်မူခြင်းကို အလွန်အံ့သြကြ၏။ အကြောင်းမူကား . . . အစိုးရသောသူနည်းတူ ဆုံးမသြဝါဒပေးတော်မူ၏။” (မ. ၇:၂၈၊ ၂၉) ဤပုဂ္ဂိုလ်များသည် အကြီးမြတ်ဆုံးသောဆရာများဖြစ်ကြသည်။ သူတို့ကို ကျွန်ုပ်တို့တုပကြသည်။
၂ သွန်သင်မှုနည်းပညာသည် မွေးမြူပေးရမည့် အရည်အချင်းဖြစ်၏။ ကိစ္စတစ်ခု၏ အဘယ်အရာ၊ အဘယ်သို့၊ အဘယ်ကြောင့်၊ အဘယ်မှာ၊ အဘယ်အချိန်မှစသည်တို့ကို ရှင်းလင်းပေးခြင်းဖြစ်၏။ “လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေ . . . ခြင်းငှာ ဆုံးမသြဝါဒပေးကြလော့” ဟုခရစ်တော်သွန်သင်ချက်အရ ခရစ်ယာန်တိုင်း ဤအရည်အချင်းကို တိုးတက်စေသင့်၏။ (မ. ၂၈:၁၉၊ ၂၀) စွမ်းရည်လိုအပ်ကြောင်း တိမောသေအားပေးသော ပေါလု၏သြဝါဒမှ နားလည်ရ၏– “စိတ်ရှည်မှုအပေါင်းနှင့် သွန်သင်မှုနည်းပညာဖြင့် တိုက်တွန်းလော့။”—၂ တိ. ၄:၂၊ ကဘ။
၃ သွန်သင်ပေးဖို့အခွင့်အရေး များစွာရှိ၏။ မိဘများက သားသမီးကိုသင်ရန်လိုသည်။ သတင်းကောင်းပြောသူများက ကျမ်းစာသင်အံမှုဖြင့် စိတ်ဝင်စားသူများကိုသင်ရန်လိုသည်၊ ကြေညာသူသစ်များကို သွန်သင်ရန်အခွင့်အလမ်းရှိနိုင်၏။ အမှုဆောင်စည်းဝေး၊ လူထုဟောပြောပွဲတွင် ညီအစ်ကိုအများ ဟောခွင့်ရသည်။ သီအိုကရက်တစ်ဓမ္မအမှုကျောင်းတွင်ပါဝင်သော ကျောင်းသားအားလုံး ဆရာများအဖြစ်တိုးတက်နေကြောင်းပြသရန် စိတ်ပြင်းပြသင့်သည်။ ဓမ္မအမှုဆောင်ခြင်းဆိုင်ရာ ဤသွန်သင်ပေးသည့်ကဏ္ဍကို တိုးတက်စေခြင်းမှ အားရကျေနပ်မှုနှင့် ကြွယ်ဝသောဆုလာဘ် အမှန်ရရှိပေမည်။ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို သွန်သင်ပေးရာမှ လူတစ်ဦးဝိညာဉ်ရေးတွင် တိုးတက်လာသည်ကို တွေ့ရခြင်းထက် ပျော်ရွှင်စရာကောင်းသည့်အရာ မရှိပါ။
၄၊ ၅။ သွန်သင်မှုပေးရာတွင် အဘယ်သူနှင့် အဘယ်အပေါ် မှီခိုသင့်သနည်း။
၄ ယေဟောဝါကို မှီခိုခြင်း။ သတင်းကောင်း၏ဆရာအဖြစ် ထိရောက်နိုင်ဖို့ အရေးကြီးသောလိုအပ်ချက်တစ်ခုမှာ ယေဟောဝါကို မှီခိုအားထားခြင်း၊ ကိုယ်တော်ကိုဂရုပြု၍ လမ်းပြညွှန်ကြားမှုကို အမှီပြုကာ ကိုယ်တော့်အကူအညီကို တောင်းဆိုခြင်းဖြစ်၏။ (သု. ၃:၅၊ ၆) ယေရှုပင် ဤသို့ဆိုသည်– “ငါဟောသောဒေသနာသည် ငါ၏ဒေသနာမဟုတ်။ ငါ့ကိုစေလွှတ်တော်မူသောသူ၏ဒေသနာဖြစ်၏။” (ယော. ၇:၁၆) မှတ်တမ်းတင်ထားသော ကိုယ်တော့်စကားများတွင် ဘုရားသခင့်နှုတ်ကပါဌ်တော် ဟေဗြဲကျမ်းစာစောင် တစ်ဝက်မျှကို ကိုးကားတော်မူ၏။ ထိုကြောင့် အခြားသူများကိုသွန်သင်ရာတွင် ယေရှုနည်းတူ ကျမ်းစာကိုအမှီပြုပါ။ လူများကို ယေရှု၏တပည့်များဖြစ်လာရန် သွန်သင်ရာ၌ အဓိကကျမ်းစာတစ်ခုတည်းသာရှိသည့်အတွက် ၎င်းမှ အဖြေရှာပါ။—၂ တိ. ၃:၁၆။
၅ ယေဟောဝါကို အမှန်မှီခိုပါက သင်မစွမ်းဆောင်နိုင်ဟု ထင်ရန်မလိုပါ။ ကိုယ်တော်၏နှုတ်ကပါဌ်တော် သမ္မာတရားတွင်ဖော်ပြထားသည့်အတိုင်း ဘုရားရှင်၏ရည်ရွယ်ချက်များကိုနားလည်နိုင်စွမ်း ပေးထားသည်။ ဤသမ္မာတရားများနှင့်ဆိုင်သော သင်၏အသိပညာကို အခြားသူတို့အား ဝေမျှပေးပါက ယေဟောဝါသည် သင့်အားထောက်ကူပေးပါမည်။ “ငါဟာဆရာမဟုတ်ပါ” ဟုမပြောသင့်။ ယေဟောဝါအပေါ်အားကိုးလျက် ဆုတောင်းပါက ဖြစ်နိုင်ပါ၏။—၂ ကော. ၃:၅။
၆–၈။ ထိရောက်စွာ သွန်သင်ခြင်း၌ ပြင်ဆင်မှုသည် အဘယ်ကဏ္ဍ၌ပါဝင်သနည်း။
၆ ပြင်ဆင်ခြင်း။ သို့သော် သင့်အကြောင်းအရာကို သိရှိဖို့အစားထိုးနည်းမရှိပါ။ သူတစ်ပါးကို မသွန်သင်ခင် ကိုယ်တိုင် ကောင်းစွာနားလည်ထားဖို့ လိုသည်။ (ရော. ၂:၂၁) အသိပညာတိုးလာသော် ပိုမိုကောင်းသောဆရာ ဖြစ်လာမည်။ အခြေခံသမ္မာတရား အနည်းအကျဉ်းသာသိသည့်တိုင် သင်ပေးနိုင်သည်။ သိသည်ကို ပြောပြပါ။ ကလေးများပင် မိဘထံမှသိရှိသည်ကို သူငယ်ချင်းများအား သွန်သင်ပေးနိုင်သည်။ သီအိုကရက်တစ်ကျောင်းက သွန်သင်မှုစွမ်းရည်တိုးအောင် ကူညီပေးမည်။
၇ ကျမ်းစာသင်မည် သို့မဟုတ် ဟောပြောချက်ပေးမည်ဆိုလျှင် ပထမဦးဆုံး အကြောင်းအရာအား ထောက်ခံသည့်အကြောင်းပြချက်တို့ကို ကောင်းစွာ နားလည်ထားရန်လိုသည်။ အဘယ်ကြောင့် ထိုသို့ဖြစ်ရသည်ကို ဆုံးဖြတ်ပါ။ မိမိစကားနှင့် ထိုအချက်တို့ကို တင်ပြနိုင်မနိုင်ကြည့်ပါ။ ကျမ်းဆိုင်ရာအထောက်အထားများကို ကောင်းစွာနားလည်ရန်ပြုပါ။ ကျမ်းချက်တို့ကို ထိရောက်စွာ တင်ပြနိုင်ရန် အဆင်သင့်ရှိပါ။
၈ ပြင်ဆင်လေ့လာရာတွင် နောက်တစ်ချက်မှာ ကျမ်းစာလေ့လာသူ၏ ဘာသာရေးအခြေခံကို စဉ်းစားပြီး ပေါ်ပေါက်လာမည့်မေးခွန်းများကို ကြိုတင်စဉ်းစားခြင်းဖြစ်သည်။ ယင်းက ကျောင်းသားနှင့်အထူးအံဝင်မည့်အချက်များကို ပြင်ဆင်ထားနိုင်မည်။ သူသိထားသည့်အကြောင်းကို သိထားခြင်းဖြင့် အကြောင်းအသစ်အတွက် အခြေခံချဖို့သင့်ကိုထောက်ကူနိုင်ပြီး သူ့အား တိုးတက်စေနိုင်မည်။ အခြားကျမ်းစာသင်သားတစ်ဦးမှာမူ သူ၏နောက်ခံကြောင့် အခြားနည်းဖြင့် တင်ပြပေးရန် လိုပေမည်။ ထို့ကြောင့် သင့်သင်သားကို သိထားခြင်းဖြင့် သင့်ကိုပြင်ဆင်ရန် ထောက်ကူသည်။
၉။ ကျမ်းစာသင်သားများသည် ကိုယ်ပိုင်စကားနှင့်ဖြေကြားဖို့ မည်သို့အားပေးမည်နည်း။
၉ မေးခွန်းများ။ ယေရှုခရစ်တင်ပြခဲ့သကဲ့သို့ပင် ထိရောက်စွာသွန်သင်ပေးရာ၌ မေးခွန်းများသည် များစွာကူညီပေး၏။ (လု. ၁၀:၃၆) ကိုယ်တော့်နည်းကိုအသုံးပြုကာ စာအုပ်၌ပါသောမေးခွန်းများကိုမေးပါ။ သို့သော် သင်သည် စေ့စပ်သောဆရာဖြစ်ပါက သင်သားက စာအုပ်မှအဖြေကိုဖတ်ရုံဖြင့် ကျေနပ်မည်မဟုတ်ချေ။ ယင်းသို့ဖြစ်လျှင် သူ့စကားနှင့်သူ ဖြေကြားနိုင်ဖို့ ထပ်ဆင့်မေးခွန်းများ မေးပါ။ တစ်ခါတစ်ရံ “အဲ့ဒါမှန်တယ်၊ ဒါပေမဲ့ ကိုယ့်စကားနဲ့ကိုယ် ဘယ်လိုဖြေမလဲ” ဟုမေးပါ။
၁၀။ ထိန်းကျောင်းမေးခွန်းများအသုံးပြုခြင်းကို ရှင်းပြပါ။
၁၀ ထိန်းကျောင်းမေးခွန်းများလည်း အကူအညီဖြစ်သည်။ ယင်းသည် သူသိထားပြီးသည့်အကြောင်းကို အခြေခံလျက် သူလုံးဝမစဉ်းစားမိသည့်အချက်တစ်ခုသို့ ရောက်သွားအောင် သူ၏စိတ်ဉာဏ်ကို ဦးဆောင်ပေးနိုင်သည့် မေးခွန်းများဖြစ်သည်။ (မ. ၁၇:၂၅၊ ၂၆; ၂၂:၄၁-၄၆) တစ်နည်းအားဖြင့် သင့်ကိုယ်သင် ဤသို့ဆိုခြင်းဖြစ်သည်– ‘ဒီအကြောင်းကို ကျမ်းစာသင်သားသိထားတဲ့အတွက် ကျိုးကြောင်းညီတဲ့ မေးခွန်းများမေးရင် အဖြေမှန်ကို သူသိနိုင်မယ်။ ထိန်းကျောင်းမေးခွန်းတွေကိုကျော်ပြီး အဓိကမေးခွန်းကိုမေးလိုက်ရင် တလွဲတချော်ယူမှတ်သွားနိုင်တယ်။’ ဆိုလိုသည်ကား သင်သား၌ အဖြေသို့ရောက်ရှိနိုင်သည့် အကြောင်းအချက်များရှိထားသည်။ သို့သော် အကူအညီလို၏။ အလွယ်ကူဆုံးနည်းက သူ့ကိုအဖြေပြောပြခြင်းဖြစ်၏။ သို့သော် ထိန်းကျောင်းမေးခွန်းများမေးခြင်းဖြင့် သင်သားကိုယ်တိုင်အဖြေပေးလိုက်ရသည့်အတွက် ပိုလက်ခံလိုရုံမက သူ့စဉ်းစားဉာဏ်ကို ဖြစ်ထွန်းစေရန် အထောက်အကူပြုသည်။ သင့်မေးခွန်းများက အဖြေမှန်ပေါ်စေရန် သူ့အား ကျိုးကြောင်းညီညွတ်စွာ တွေးတောစေသည်။ ယင်းက နောင်တွင် သူ့အတွက် များစွာအဖိုးတန်သောအရာဖြစ်ပေလိမ့်မည်။
၁၁။ သဘောထားမေးခွန်းများကို မည်သို့အသုံးပြုမည်နည်း။
၁၁ သဘောထားမေးခွန်းများမေးခြင်းဖြင့် တစ်ခါတစ်ရံ သူကိုယ်တိုင် အဘယ်သို့ထင်မှတ်သည်ကို သင်သိရှိနိုင်မည်။ ဥပမာ၊ မတရားမေထုန်နှင့်ပတ်သက်၍ ဘုရားပညတ်က အဘယ်သို့ရှိကြောင်း သူ့အားမေးမည်။ မှားကြောင်း ကျမ်းချက်ကိုသူကိုးကားပြနိုင်ပေမည်။ သို့သော် သူပေးသည့်အဖြေနှင့် သူသဘောတူပါသလော။ ထိုအတိုင်း ရှုမြင်ပါသလော။ မတရားမေထုန်အကြောင်း သူအဘယ်သို့ထင်မှတ်ကြောင်းသိရှိရန် ဤသို့မေးဖို့လိုမည်။ “အဲ့ဒီအတိုင်း နေနေမနေနေ အကြောင်းထူးမလား။” ထို့နောက် အဘယ်နေရာများတွင် အကူအညီလိုသေးသည်ကို တွေ့ မြင်နိုင်ပြီး ကူညီပေးနိုင်မည်။ သဘောထားမေးခွန်းများက သင်သား၏နှလုံးထဲ မှတ်မိစွဲလမ်းစေရန်ထောက်ကူသည်။
၁၂၊ ၁၃။ တစ်အိမ်မှတစ်အိမ်လုပ်ငန်းနှင့် စင်မြင့်ပေါ်မှ မေးခွန်းမေးခြင်းသည် အဘယ်ကြောင့် အကျိုးရှိသနည်း။
၁၂ တစ်အိမ်မှတစ်အိမ်လုပ်ငန်းတွင် မေးခွန်းများသည်လည်း အကူအညီဖြစ်၏။ ဥပမာ၊ ကျမ်းစာသမ္မာတရားများရစေလို၍ ကူညီပေးလိုသည့်အတွက် သူတို့၏ထင်မြင်ချက်ကို သိလို၏။ မိမိသဘောထားကို တင်ပြခွင့်ရပါက သင်ပြောသည့်စကားကို ပိုပြီးနားထောင်လက်ခံမည်ကို သိသည့်အတွက် သူ့ကိုမေးခွန်းမေးပြီး မှတ်ချက်ပေးရန် ပြောမည်။
၁၃ စင်မြင့်ပေါ်မှ ဟောပြောချက်ပေးသည့်အခါ၌ပင် အဖြေရလိုသည့်မေးခွန်းများမေးပါ။ ပရိသတ်ကိုတုံ့ပြန်ဖို့ ဖိတ်ခေါ်ပါ။ သို့သော် ပရိသတ်ထံမှ အဖြေကိုရဖို့မမျှော်လင့်ဘဲ စဉ်းစားဉာဏ်ကို လှုံ့ဆော်ပေးရန် မေးသောမေးခွန်းမျိုးလည်းရှိ၏။ (လု. ၁၂:၄၉-၅၁) သင်ကိုယ်တိုင် ဖြေဆိုမည်။ တစ်ခါတစ်ရံ မေးခွန်းများကို ဆက်တိုက်မေးသွားပြီး နောက်ဆုံးတစ်ခုရောက်မှအဖြေပေးသည့်အခါမျိုးရှိမည်။ သင်အသုံးပြုသည့်မေးခွန်းမျိုးသည် သင့်ပရိသတ်အပေါ်နှင့် သင်သွန်သင်ပေးနေသောအချက်အပေါ် မူတည်၏။
၁၄၊ ၁၅။ ပုံဥပမာများနှင့် ထပ်တလဲလဲပြောခြင်းသည် အဘယ်အကျိုးဖြစ်ထွန်းစေသနည်း။
၁၄ ပုံဥပမာများ။ ယေရှုသွန်သင်ပေးရာ၌ ယင်းတို့သည် အရေးပါသောကဏ္ဍဖြစ်သည်။ ထို့အတူ ခရစ်ယာန်ဆရာများသည် နားထောင်သူများစိတ်ထဲတွင် သွန်သင်ချက်ကောင်းများစွဲမှတ်သွားစေရန် ထောက်ကူဖို့ ပုံဥပမာများအတွက် နေ့စဉ်ဘဝအသက်တာကိစ္စများနှင့် တွေ့ ကြုံမှုများမှကောက်နုတ်နိုင်၏။ (မ. ၁၃:၃၄၊ ၃၅) လွယ်ကူသောဥပမာများပေးပါ။ ခက်ခဲပါက နားလည်ဖို့ ခဲယဉ်းသည်မက အကြောင်းပြချက်မှ လမ်းလွဲသွားစေမည်။ ယာကုပ်၏စာတွင် လေခတ်၍လှုပ်ရှားတတ်သော လှိုင်းတံပိုး၊ မြင်းကို ဇက်ခွံ့တပ်ခြင်း၊ မှန်ကြည့်ခြင်း အစရှိသည့် ပုံဥပမာများစွာပါဝင်သည်။ ယင်းတို့သည် သာမန်ဘဝကိစ္စများမှယူခြင်းဖြစ်သည်။ နိုးကြားသောဆရာတစ်ဦးသည် ပုံဥပမာများကို ကျမ်းစာသင်သား၏အခြေအနေ၊ အသက်အရွယ်၊ ဘာသာတရား၊ ယဉ်ကျေးမှု အစရှိသည်တို့ကို ထောက်ထား၍ သက်ဆိုင်သလို အသုံးပြုပါမည်။ ပုံဥပမာများကို ဟောပြောချက်တွင်သာမက တစ်ဦးတစ်ယောက်ကို သွန်သင်ပေးချိန်၌လည်း အသုံးပြုနိုင်သည်။
၁၅ ထပ်တလဲလဲပြောခြင်း။ ဤနည်းသည် စင်မြင့်ပေါ်၌ဖြစ်စေ၊ အိမ်၌လူတစ်ဦးကိုဖြစ်စေ သွန်သင်နေပါက အောင်မြင်သောသွန်သင်မှုအတွက် အလွန်အရေးကြီးသည်။ အဓိကစကားလုံးများနှင့်စကားစုများ၊ အထူးသဖြင့် ကျမ်းချက်များကို သင်သားစိတ်ထဲစွဲမှတ်စေဖို့ ကြိုးစားပါ။ အိမ်ရှင်နှင့်ကျောင်းသားဟောပြောချက်ပြုလုပ်ရပါက ပြန်လည်သုံးသပ်သောမေးခွန်းများ မေးနိုင်သည်၊ ထပ်တလဲလဲပြောခြင်းဖြင့် အချက်များကို လေးနက်စေပါ။ သို့ဖြင့် သူသဘောပေါက်ကြောင်း သေချာနိုင်သည်။ တစ်နည်းအားဖြင့် ယေရှုနည်းတူ “ဤအရာအလုံးစုံတို့ကို သင်တို့သည် နားလည်ကြသလော” ဟုသင်မေးနေ၏။—မ. ၁၃:၅၁။
၁၆။ ဟောပြောသူသည် ကောင်းစွာသွန်သင်ပေးတတ်သူဖြစ်ပါက သူ့ဟောပြောချက်ကြားနာပြီးနောက် ဘာကိုမှတ်မိနေမည်နည်း။
၁၆ သွန်သင်ပေးသည့် ဟောပြောချက်များ။ မိမိအများဆုံးသင်ယူရရှိသည့် ဟောပြောချက်များကို လေးမြတ်စွာ စွဲမှတ်ထားတတ်သည်။ သို့ဖြင့် ဟောပြောသူအချို့သည် အဘယ်ကြောင့် ဆရာကောင်းများဖြစ်ကြသည်ကို သတိပြုပါ။ သူတို့ဟောပြောချက်များကို အဘယ်ကြောင့်မှတ်ရ လွယ်ကူသည်ကို သတိပြုပါ။ သူတို့သည် အလျင်စလိုမဟောကြပါ။ ပရိသတ်ဖြေကြားဖို့၊ သို့မဟုတ် စဉ်းစားဉာဏ်ကိုလှုံ့ဆော်ဖို့ အဖြေမလိုသောမေးခွန်းများမေးကြပေမည်။ အဓိကကျမ်းချက်များကို ဖွင့်ကြည့်စေပြီး ဖတ်စဉ်လိုက်ကြည့်စေကာ ယင်းကိုကျိုးကြောင်းဆင်ခြင်၊ အကျယ်ချဲ့ကာ အဓိကအချက်များကို ပေါ်လွင်စေသည်။ အချို့က ရုပ်မြင်အထောက်အကူများကို အသုံးပြုကြ၏။ သို့သော် အကျဉ်းတင်ပြသောအချက်များစွာထက် သေချာစွာ ရှင်းပြသောအချက်အနည်းငယ်ကို ပိုမိုသတိရဖို့ လွယ်ကူစေသည်။ သွန်သင်မှုနည်းပညာကို အသုံးပြုပါက ဟောပြောချက်ကိုကြားနာသူသည် အလွယ်တကူနှင့် ခေါင်းစဉ်၊ အဓိကအချက်နှင့် အသုံးပြုခဲ့သည့် ပေါ်လွင်သောကျမ်းချက်တစ်ချက်နှစ်ချက်ကို အသင့်ပြောနိုင်သင့်သည်။
၁၇၊ ၁၈။ ကြီးမြတ်သောဆရာများကို အာရုံစိုက်ရန် အဘယ်နည်းဖြင့် အဘယ်ကြောင့် ညွှန်ပြပေးသင့်သနည်း။
၁၇ ကြီးမြတ်သောဆရာများထံသို့ အာရုံစိုက်ရန်ညွှန်ပြခြင်း။ ခရစ်ယာန်ဆရာတစ်ဦးအနေနှင့် ယေဟောဝါကို အသက်ပိုင်ရှင် ပင်ရင်းအမြစ်အဖြစ်လည်းကောင်း၊ ယေရှုခရစ်ကို အသက်နှင့် ကောင်းချီးများ ချပေးဖို့ ဘုရားသခင့်လမ်းကြောင်းအဖြစ်လည်းကောင်း ညွှန်ပြပေးရန် အရေးကြီးကြောင်း အမြဲသတိပြုပါ။ (ယော. ၁၇:၃) ကြီးမြတ်သောဆရာများကို အမှန်တန်ဖိုးထားလေးစားတတ်ဖို့ ကူညီပေးပါ။
၁၈ သွန်သင်မှုနည်းပညာကို သင်ကျွမ်းကျင်လာသော် မေတ္တာ၏ လုပ်ဆောင်သောအပိုင်းကိုလည်း နားလည်လာပေမည်။ ကျမ်းစာသင်သားသည် ယေဟောဝါကို အမှန်ချစ်မြတ်နိုးလာပါက သူသည် ကိုယ်တော့်ကို သစ္စာရှိရှိ ဝတ်ပြုပါမည်။ ထို့ကြောင့် လေ့လာသည့်အချိန်တွင် သင့်တော်သောနေရာများ၌ အပြစ်သားများအတွက် ဘုရားသခင်ပြုလုပ်ခဲ့သောအရာများနှင့် ပြုလုပ်ဆဲရှိအရာများကို ညွှန်ပြပါ။ နာခံသောလူသားများ၏အကျိုးအတွက် ကောင်းစွာရောစပ်မိသော အရည်အသွေးများဖြစ်သည့် ဘုရားသခင်၏ ဉာဏ်ပညာ၊ တရားမျှတမှု၊ မေတ္တာနှင့် တန်ခိုးတို့ကို ပေါ်လွင်စေပါ။ ကျမ်းစာသင်သား၏စိတ်သဘောထား မှန်ကန်မည်ဆိုလျှင် သူသည် ယေဟောဝါအပေါ် သစ္စာတည်ကြည်လိုပြီး နာမတော်ထင်ရှားရေးလုပ်ငန်း၌ ပါဝင်လိုလာမည်။