ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • sg သင်ခန်းစာ ၈ စာ. ၃၇-၄၂
  • ပြင်ဆင်ခြင်း၏တန်ဖိုး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပြင်ဆင်ခြင်း၏တန်ဖိုး
  • သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျောင်းအတွက် ကျောင်းသားတာဝန်များကို ပြင်ဆင်ခြင်း
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • တာဝန်ကျအကြောင်းအရာကို အသုံးပြုခြင်း
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • အသင်းတော်အတွက် ဟောပြောချက်များ ပြင်ဆင်ခြင်း
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • အောက်လိုင်းတစ်ခု ရေးဆွဲခြင်း
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
နောက်ထပ် ကြည့်ပါ
သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
sg သင်ခန်းစာ ၈ စာ. ၃၇-၄၂

သင်ခန်းစာ ၈

ပြင်ဆင်ခြင်း၏တန်ဖိုး

၁–၅။ ပြင်ဆင်ခြင်းသည် မည်သူတို့အတွက် တန်ဖိုးရှိ၍ အဘယ်ကြောင့်နည်း။

၁ လူမျိုးခြားတို့၏တမန်တော်ဖြစ်သောပေါလုသည် သူ၏ အမှုဆောင်ပေါက်ဖော်ချင်း တိတုအား ‘ကောင်းသောအမှုအမျိုးမျိုးတို့ကိုပြု၍ အသင့်ဖြစ်စေခြင်းငှာ . . . (ခရစ်ယာန်များကို) သတိပေးလော့’ ဟုမှာကြားသည်။ (တိ. ၃:၁) ဆိုလိုသည်မှာ သူတို့သည် အနာဂတ်လုပ်ဆောင်မှုအချို့အတွက် စိတ်၊ သဘောထားတွင် ပြင်ဆင်ထားရမည်ဖြစ်၏။

၂ သီအိုကရက်တစ်ဆိုင်ရာ အဘယ်လုပ်ငန်း၌မဆို ပြင်ဆင်ခြင်းသည် အမှန်ပင်တန်ဖိုးရှိ၏။ လုပ်ငန်းတစ်ခု၌ ပထမဦးဆုံးပါဝင်ချိန်တွင် ထိုလုပ်ငန်းသည် သင့်အဖို့ အသစ်ဖြစ်သောကြောင့် ပိုမိုပြင်ဆင်ဖို့လိုပေမည်။ သို့သော် ပညာတိုးလာသော် အရင်ကလေ့လာမှုမှလည်းကောင်း၊ ရရှိလာခဲ့သော အတွေ့အကြုံမှလည်းကောင်း အသုံးချနိုင်ကြောင်း တွေ့ရှိရ၏။ သို့ပင်ငြားလည်း အဘယ်လုပ်ငန်းတာဝန်တစ်ခုခုကို အကြိမ်ကြိမ်လုပ်ကိုင်ရဦးတော့ ပြင်ဆင်ခြင်းသည် အမြဲတစေ တန်ဖိုးရှိ၏။

၃  ဟောပြောချက်တာဝန်တစ်ခု ရရှိသောသူများသာမဟုတ် သတင်းတရား၏ အရည်အချင်းပြည့်သည့် အမှုဆောင်ဖြစ်လိုသူတိုင်း ပြင်ဆင်ထားဖို့လိုအပ်၏။ တစ်အိမ်မှတစ်အိမ်လုပ်ငန်း၌ နှစ်လပေါင်းများစွာ ပါဝင်ခဲ့ပြီးသော် အမှုဆောင်ထွက်သွားသည့်အခါတိုင်း ပြင်ဆင်ဖို့ များစွာမလိုအပ်တော့ကြောင်း တွေ့ရှိကြမည်။ သို့သော် အကယ်၍ ပြင်ဆင်လိုက်ပါက ပိုမိုထိရောက်မည်မှာ အမှန်ပင်။ ကျမ်းစာသင်အံမှု ကျင်းပရာ၌လည်း ထိုနည်းတူပင်။ ပထမဦးဆုံးကျင်းပသော ကျမ်းစာသင်အံမှုအဖို့ များစွာပြင်ဆင်ရန် လိုအပ်ပေမည်။ သို့သော် ထိုအကြောင်းအရာကို အကြိမ်မည်မျှလေ့လာထားပြီးဖြစ်ပါစေ ကိုယ်သင်ပေးမည့်ကျောင်းသားကိုစိတ်ထဲထားလျက် ပြန်သုံးသပ်ပါက ပိုမိုကောင်းမွန်စွာ သင်အံမှုလုပ်နိုင်လိမ့်မည်။ စင်မြင့်ပေါ်မှ ဟောပြောခြင်းသည်လည်း ထပ်တူပင်ဖြစ်၏။ နှစ်ပေါင်းများစွာရရှိထားသော အတွေ့အကြုံသည် များစွာအကူအညီပေး၏။ သို့သော် ဟောပြောချက်ပေးရမည်ဟု ကြိုတင်သိရှိထားလျှင် ပြင်ဆင်မှုမရှိဘဲ မပေးပါနှင့်။

၄ သီအိုကရက်တစ်ဓမ္မအမှုကျောင်းနှင့်ပတ်သက်၍ ပြင်ဆင်ထားခြင်းသည် ကျွန်ုပ်တို့အားလုံးအတွက် များစွာအကျိုးရှိ၏။ ကျောင်းသားတိုင်း ကျောင်းအစီအစဉ်ရရှိထား၍ ပေးထားသောနေ့စွဲ၌ ပြင်ဆင်ထားရမည့် ကျမ်းစာအခန်းများ သို့မဟုတ် အခြားအကြောင်းအရာများကို သတိပြု လေ့လာနိုင်၏။ တတ်နိုင်သမျှ ပြင်ဆင်မှုပြုလေလေ၊ ကျောင်းမှ ပိုမိုအကျိုးရရှိလေလေ ဖြစ်၏။ ကြိုတင်ပြင်ဆင်ခြင်း၏ တန်ဖိုးကို အသိအမှတ်မပြုပါက တကယ့်အကျိုးကျေးဇူးများကို လက်လွတ်သွားနိုင်သည်။

၅ ပြင်ဆင်ဖို့ အချိန်လိုသော်လည်း အကျိုးနပ်ပါသည်။ ပြင်ဆင်မှုသည် နှုတ်တိုက်ပြန်လည်မေးမြန်းရာ၌ ပါဝင်ဖို့ ကူညီပေးသည်သာမက ယေဟောဝါ၏ စိတ်ဉာဏ်သဘောကိုရရှိစေပြီး သမ္မာတရား၏ “စင်ကြယ်သောဘာသာစကား” ကိုလက်ခံနိုင်ဖို့ ကူညီပေး၏။ (ဇေ. ၃:၉) ကျောင်းအတွက် ကြိုတင်ပြင်ဆင်မှုကို အကျင့်ဖြစ်စေရန် ဤသို့ဖတ်ရှုလေ့လာခြင်းကို အိမ်ထောင်နှင့်လည်းကောင်း၊ သူငယ်ချင်းများနှင့်လည်းကောင်း ပြုလုပ်နိုင်သည်။ ကျောင်းတွင် နာမည်စာရင်းသွင်းထားသူတိုင်း ဟောပြောခွင့်ရ၍ ဟောပြောချက်ကို အဘယ်ပုံအဘယ်နည်းဖြင့် တင်ပြသင့်ကြောင်း အကြံဉာဏ်တောင်းနိုင်သည်။

၆။ ဓမ္မအမှုကျောင်းတွင် ကျမ်းစာဖတ်ရှုခြင်းတာဝန်ကို မည်သို့ပြင်ဆင်မည်နည်း။

၆ ဖတ်ရှုခြင်းတာဝန်များ။ သီအိုကရက်တစ်ဓမ္မအမှုကျောင်းအစီအစဉ်တွင် ဖတ်ရှုခြင်းတာဝန်များ ရံဖန်ရံခါ ရရှိ၏။ ယင်းအတွက် ပြင်ဆင်ရာ၌ အကြောင်းအရာကို သေချာစွာ ဖတ်ရှုပါ။ နာမည်များနှင့် ခက်ခဲသောစာလုံးအသံထွက်ပုံကို လေ့ကျင့်ပါ။ မတွန့်ဆုတ်ဘဲ၊ အမှားများမပါဘဲ၊ အပြန်အလှန်စကားပြောဆိုနေသကဲ့သို့ ချောမောစွာဖတ်ရှုနိုင်ရန် အသံကျယ်ကျယ်နှင့် လေ့ကျင့်ဖတ်ပါ။ သတ်မှတ်ထားချိန်အတွင်း ဖတ်ရှုနိုင်ဖို့လည်း သေချာစွာစစ်ဆေးပါ။

၇–၁၁။ စာပေတစ်ခုမှ ဟောပြောချက်တစ်ခု စီစဉ်ရာ၌ အသုံးပြုရမည့်အကြောင်းအတိအကျကို ရွေးချယ်ရာတွင် အဘယ်အချက်များက အကူအညီဖြစ်မည်နည်း။

၇ ထုတ်ဝေထားသောဆောင်းပါးမှ ဟောပြောချက်ပြင်ဆင်ခြင်း။ ပထမဦးဆုံး လုပ်ရမည်မှာ ထိုအကြောင်းအရာကို သေချာစွာဖတ်ရှုခြင်းဖြစ်သည်။ အဓိကအချက်များကို သတိပြု မျဉ်းသားပါ။ သို့မဟုတ် စာရွက်တစ်ရွက်၌ အကြမ်းဖျင်းရေးထားပါ။ အဓိကအချက်များကို သေချာစွာ နားလည်ထားပါ။ သတ်မှတ်ထားသောအချိန်အတွင်း သင်အသုံးပြုနိုင်သည်ထက် ပိုမိုအကြောင်းများပြားနေသောကြောင့် အဘယ်အချက်များကို ရွေးယူမည်နည်း။ အောက်ပါအချက်များပေါ်တွင် မူတည်၍ ရွေးယူရပါမည်– (၁) သင့်ပရိသတ်နှင့် ဇာတ်အိမ်​—အကြောင်းအရာကို မည်သို့လက်တွေ့အသုံးပြုနိုင်ကြောင်း ဇာတ်အိမ်က သရုပ်ပြလျှင်၊ ထို့ပြင် (၂) သင့်အဓိကခေါင်းစဉ်နှင့် တင်ပြမည့်အကြောင်းအရာ၏သက်ဆိုင်ပုံ။

၈ ပရိသတ်ကို သတိပြုပြီး ဆောင်းပါးမှ သူတို့အတွက် စိတ်ဝင်စားစရာ၊ အကျိုးရှိရာကို ရွေးယူလိုမည်။ အချို့အပိုဒ်များသည် ပရိသတ်အဖို့ နက်နဲမည်ထင်လျှင် အခြားအပိုဒ်များကို အာရုံစိုက်ပါ။ ထို့ပြင် သင်ရွေးပြီးသုံးသောကျမ်းချက်အချို့သည် သင်ပြောသောအကြောင်းကို ရှင်းပြပါမည်။ ပရိသတ်ကို သတိပြုပါက အကြောင်းအရာအမြောက်အမြား ထည့်ပြောမည်မဟုတ်။ အကြောင်းမှာ အကုန်အစုံပါအောင် မြန်မြန်ပြောပါက ၎င်း၏တန်ဖိုး ပျောက်ဆုံးသွားမည်။ ထိုကြောင့် အချက်အနည်းငယ်ကိုသာ ကောင်းမွန်စွာတင်ပြခြင်းက ပိုမိုအကျိုးရှိ၏။

၉ ကျောင်းသားဟောပြောချက်များ၌ သင့်တင်ဆက်မှုအတွက် တိကျသောဇာတ်အိမ်ရှိခြင်းက အကျိုးရှိ၏။ တစ်အိမ်မှတစ်အိမ်လုပ်ငန်း၌ တစ်ဦးတစ်ယောက်ကို စကားပြောသကဲ့သို့လည်းကောင်း၊ ပြန်လည်ပတ်မှုတစ်ခု၌ မေးခွန်းတစ်ခု ဖြေဆိုနေခြင်းကဲ့သို့လည်းကောင်း၊ အလွတ်သဘောသက်သေခံခြင်းကဲ့သို့လည်းကောင်း တင်ပြနိုင်သည်။ သင့်ကလေးတစ်ယောက်ကို ဖြေရှင်းပြနေသကဲ့သို့ တင်ပြနိုင်၏။ အခြားဇာတ်အိမ်အမျိုးမျိုးကို အသုံးပြုနိုင်၏။ ဇာတ်အိမ်အသုံးပြုသောအခါ အရေးကြီးဆုံးအချက်မှာ တတ်နိုင်သ၍ သဘာဝကျဖို့ဖြစ်၏။ ထို့ကြောင့် သေချာစွာ စဉ်းစားပေးပါ။ အခြားကြေညာသူများနှင့်လည်း ဆွေးနွေးပါ။ သူတို့၌ ကောင်းသောအကြံဉာဏ်များ ရှိကောင်းရှိမည်။

၁၀ အဘယ်ခေါင်းစဉ်မျိုး ရွေးထားပြီး ဟောပြောရန်အကြောင်းအရာကို အဘယ်သို့ လက်တွေ့အသုံးပြုနိုင်အောင် တင်ပြမည်နည်း။ သင့်တော်သလို အချက်အလက်များ ရွေးချယ်ပါ။ သင့်အဓိကအချက်နှင့် ရည်မှန်းချက်ကို အကူအညီမပေးသောအချက်များကို ထုတ်နုတ်ပစ်ပါ။ အများအားဖြင့် တင်ပြရမည့်အချက်များကို ဆောင်းပါးတွင် တွေ့ရမည်ဖြစ်သောကြောင့် ပြင်ပအချက်အမြောက်အမြား ထည့်မည့်အစား ဆောင်းပါးပါ အချက်အလက်များကို ပိုဂရုပြုသင့်၏။ သို့သော် သင့်လျော်သည့် ပုံဥပမာတစ်ခုကို ထည့်မပြောရ၊ သို့မဟုတ် ဟောပြောချက်၏ တန်ဖိုးကို နားလည်ဖို့ အကူအညီဖြစ်စေမည့် အခြားအချက်တစ်ခုကို ထည့်မပြောရဟု မဆိုလိုပါ။ တတ်နိုင်သ၍ ပရိသတ်နှင့် သက်ဆိုင်စေပါက အားလုံး အကျိုးအများဆုံး ခံစားရပေမည်။

၁၁ သင့်ခေါင်းစဉ်နှင့် ဇာတ်အိမ်ကို ရွေးချယ်ပြီးနောက် ထုတ်ဝေထားသောဆောင်းပါးရှိ အချို့အပိုဒ်များသည် သင့်ဟောပြောချက်နှင့်မဆီလျော်ကြောင်း တွေ့ရှိပေမည်။ အပိုဒ်တိုင်းရှိ အချက်အားလုံးကို အသုံးပြုဖို့မလိုပါ။ သို့သော် ဖြစ်နိုင်သမျှ ထိုဆောင်းပါးမှအချက်အလက်များကို အသုံးပြုနိုင်မည့် ခေါင်းစဉ်နှင့် ဇာတ်အိမ်ကို ရွေးချယ်ဖို့ ကြိုးစားပါ။

၁၂။ အစဉ်လိုက်ရေးထားသော ကျမ်းချက်များကို ဟောပြောချက်အဖြစ် ပြင်ဆင်ရာ၌ အဘယ်သို့စီစဉ်မည်နည်း။

၁၂ အစဉ်လိုက်ရေးထားသောကျမ်းချက်များမှ ဟောပြောချက်တစ်ခု တင်ပြခြင်း။ ဆွေးနွေးရန်ကျမ်းစာအကြောင်းများ၊ သို့မဟုတ် ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း စာအုပ်မှ အစဉ်လိုက်ရေးထားသောကျမ်းချက်များကို အခြေခံ၍ ဟောပြောဖို့ တစ်ခါတစ်ရံ တာဝန်ကျပေမည်။ သို့ဖြစ်လျှင် သင်၏ရည်ရွယ်ချက်မှာ ဤကျမ်းချက်များကို ဟောပြောချက်အနေနှင့် တင်ပြနိုင်သည်။ သို့မဟုတ် အမှုဆောင်လယ်ကွင်းတွင်သုံးသည့် ဟောပြောချက်အဖြစ် တင်ပြနိုင်သည်။ ပေးထားသောအချိန်၌ ထိရောက်စွာ တင်ပြနိုင်သည်ထက် ကျမ်းချက်များလွန်းနေပါက သင်သုံးလိုသည်များကိုရွေးသုံးပါ။ ထိုနောက် သင်အသုံးပြုမည့် ကျမ်းချက်တစ်ခုစီကို သုံးသပ်ပါ။ ယင်းကို အသုံးပြုရသည့်အကြောင်းရင်းကို ဆုံးဖြတ်ပါ။ ၎င်းကိုအသုံးပြုရသည့်အကြောင်းရင်းအပေါ် အသုံးပြုသောကျမ်းချက်တစ်ခုစီကို စူးစိုက်စေရန် သင့်ဟောပြောချက်ကို ပြင်ဆင်ပါ။ ထို့ပြင် သင်ကျမ်းချက်ဖတ်ရှုပုံသည် ၎င်း၏အဓိကအချက်ကို ပေါ်လွင်စေသင့်သည်။ နောက်ဆုံး ၎င်းသက်ဆိုင်ပုံကို သင်တင်ပြခြင်းဖြင့် အဓိကအချက်ကို စွဲမှတ်စေ၏။

၁၃–၁၅။ အခြေခံအဖြစ် အဘယ်စာစောင်တစ်ခုကိုမျှ မပေးထားဘဲနှင့် အကြောင်းအရာတစ်ခုအပေါ် ဟောပြောချက်ပြင်ဆင်ရာ၌ အဘယ်သို့အကျိုးရှိစွာ အဆင့်ဆင့်ပြုလုပ်မည်နည်း။

၁၃  အကြောင်းအရာတစ်ခုကိုသာ တာဝန်ပေးခံရသော်။ သီအိုကရက်တစ်ဓမ္မအမှုကျောင်း၌သော်လည်းကောင်း၊ အမှုဆောင်စည်းဝေး၌သော်လည်းကောင်း၊ အခြားအစီအစဉ်များ၌သော်လည်းကောင်း အကြောင်းအရာတစ်ခုတည်းကိုသာ သင့်အား တာဝန်ချ၍ဟောပြောရသောအချိန်အခါများ ရှိပေမည်။ ၎င်းကိုတင်ပြရန် အခြေခံအဖြစ် အသုံးပြုဖို့ အဘယ်စာစောင်အကြောင်းအရာတစ်ခုမျှ မပေးထား။ ဤသို့သောအခါများ၌ ပြုလုပ်ရမည်မှာ သင့်အသိဉာဏ်ကိုစစ်ဆေးပြီး တင်ပြထိုက်သည်ဟု အထင်ရှိသော အချက်တို့ကို ရေးချပါ။ ဤပထမအဆင့်သည် အရေးကြီးသည်။ သင့်ဟောပြောချက် သစ်လွင်ဖို့၊ အခြားသူများ တင်ပြပြီးသည့်အချက်များကို ပြန်တင်ပြရုံ မဖြစ်ဖို့ ဤတွင်ဆုံးဖြတ်နိုင်သည်။ ထို့ပြင် အခြားအကျိုးမဲ့ ရှာဖွေဖတ်ရှုမှု၌ အချိန်မကုန်စေပါ။ ထိုထက်ပင်မကသေး ကိုယ်ပိုင်မူဟန်ဖြင့် ကိုယ်ဟောတတ်သလိုဟောဖို့အကြောင်း ပိုများသည်။ သင်၏အကြောင်းအရာကို ပါရမီရင့်သူများနှင့် တိုင်ပင်ပါက အထောက်အကူဖြစ်မည်။ မည်သို့ပြင်ဆင်ရမည်အပေါ် အကြံဉာဏ်ကောင်းများ ရရှိနိုင်ပေမည်။

၁၄ မှန်ပြမာတိကာနှင့် အသင်းမ၏မာတိကာများကို အသုံးပြုလျက် ကျမ်းစာနှင့် အခြားစာပေများတွင် ရှာဖွေလေ့လာခြင်းဖြင့် အသိပညာထပ်မံတိုးစေဖို့ အဆင်သင့်ရှိပြီ။ စာပေတစ်ခု၌ ပါဝင်သောမာတိကာကို ဦးစွာစစ်ဆေးခြင်းဖြင့် အများဆုံး အကျိုးသက်ရောက်စေမည်။ ထိုနောက် သင့်အတွက် အကူအညီအဖြစ်ဆုံးအကြောင်းအရာကို သိရှိနိုင်ဖို့ မာတိကာကို စစ်ဆေးပါ။ ရွေးချယ်ဖတ်ခြင်းဖြင့် သင့်အဖို့ အဓိက အချိန်သက်သာစေမည်။ ဤသို့ဖတ်ရှုရာတွင် လောလောဆယ် သင့်ခေါင်းစဉ်နှင့် မဆီလျော်သော အခြားစိတ်ဝင်စားစရာအကြောင်းများဖြင့် ဘေးချော်သွားမည့်အန္တရာယ်ရှိသည်။ အသုံးပြုနိုင်သော အပိုင်းများကိုသာ မှတ်လျက် အခြားအချက်များကို ကျော်ဖတ်ပါ။ အများအားဖြင့် သင်ပြုနိုင်သည်မှာ အပိုဒ်တစ်ခု၏ ထိပ်စာကြောင်းများကို ဖတ်ကြည့်ပြီး သင်အသုံးပြုနိုင်သည့် ဆီလျော်သောအပိုဒ်များကိုသာ ဖတ်ရှုပါ။

၁၅ သင်ကိုယ်တိုင် စဉ်းစားထားသည့်အချက်များနှင့် အခြားအရင်းအမြစ်မှရရှိထားသည့်အချက်များဖြင့် ပေးထားသည့်အချိန်အတွင်းဟောနိုင်ရန် အကောင်းဆုံးကို ရွေးချယ်သုံးနိုင်ပြီ။ ရွေးချယ်ရာ၌ ယင်းသည်လက်တွေ့ကျသလော။ စိတ်ဝင်စားဖွယ်လော။ ကျွန်ုပ်၏ခေါင်းစဉ်ကို ပေါ်လွင်စေမည်လော အစရှိသည့် မေးခွန်းများကို ထည့်စဉ်းစား၍ ရွေးပါ။

၁၆၊ ၁၇။ မှတ်ချက်များယူရာ၌ အဘယ်အကြံဉာဏ်ပေးချက်များရှိသနည်း။

၁၆ မှတ်ချက်ယူခြင်း။ ဟောပြောရန်တာဝန်တစ်ခုအတွက် ပြင်ဆင်ပြီး ရှာဖွေလေ့လာမှုပြုရာတွင် ပေါ်လာသောအချက် အမြောက်အမြားကို သတိရနိုင်အောင် မှတ်သားထားဖို့လိုပေမည်။ အချို့ကျောင်းသားများသည် အချက်တစ်ခုစီကို ကတ်ပြားငယ်များ (သို့) စာရွက်ပိုင်းများပေါ်တွင် ရေးမှတ်ထားခြင်းသည် သင့်တော်ကြောင်း တွေ့ရှိခဲ့ရ၏။

၁၇ အချက်ကို သတိရလာစေဖို့မျှသာဖြစ်စေရန် မှတ်ချက်များသည် အလွန်တိုတုတ်ပေမည်။ ဤကဲ့သို့တိုတုတ်စွာ ရေးမှတ်ထားခြင်းဖြင့် အခြားသူတစ်ဦးထံမှရရှိသည့် စကားများကို အသုံးပြုခြင်းမဟုတ်ဘဲ လတ်တလော မိမိစကားနှင့်မိမိ တင်ပြရသောဟောပြောချက်တစ်ခု ဖြစ်စေမည်။ လိုအပ်ခဲ့သော် ပြန်၍ရှာတွေ့နိုင်ရန် အချက်အလက်များတွေ့ရှိသည့် စာစောင်၏ စာမျက်နှာနှင့် အပိုဒ်ကို ရေးမှတ်ထားပါ။ ထို့ပြင် အသုံးပြုမည့် အဓိကကျမ်းချက်ကိုလည်း မှတ်သားထားပါ။ ဤသို့ ကတ်ပြားငယ် (သို့) စာရွက်ပိုင်းများပေါ်ရေးထားခြင်းဖြင့် အချက်အသစ်များ ထပ်မံထည့်ပြီး တခြားအချက်ဟောင်းများကို ထုတ်ပစ်လိုလျှင် ထုတ်ပစ်နိုင်သည်။ များစွာပြန်ရေးမှတ်ဖို့ မလိုတော့ချေ။

၁၈။ ကျွန်ုပ်တို့သည် အဘယ်ကြောင့် ပြင်ဆင်ထားသောလူမျိုးဖြစ်လိုသင့်သနည်း။

၁၈ ပြင်ဆင်ထားသောလူမျိုး။ သီအိုကရက်တစ်ဆိုင်ရာ တာဝန်တစ်ခုခုနှင့်ပတ်သက်၍ ပြင်ဆင်မှုများ မပြုလုပ်ဘဲ လျစ်လျူရှုလိုသောစိတ်ရှိပါက ယေဟောဝါ၏မျက်နှာသာကို ရလိုသူများသည် ပြင်ဆင်ထားဖို့ အရေးကြီးကြောင်း ပြန်လည်စဉ်းစားကြည့်သင့်၏။ ဥပမာ၊ နှစ်ခြင်းဆရာယောဟန်သည် ‘ယေဟောဝါအဖို့အလိုငှာ ပြင်ဆင်ထားသောလူမျိုး ဖြစ်စေခြင်းငှာပြုလုပ်’ ဖို့ခန့်အပ်ခံခဲ့ရ၏။ (လု. ၁:၁၇) ထို “ပြင်ဆင်ခံရသော” ဣသရေလလူမျိုးမှာ သူတို့အား ကိုယ်တော်ပြုစေလိုသောလုပ်ငန်းများကို ပြုလုပ်နိုင်ဖို့ အရည်အချင်းရှိအောင် ယေဟောဝါက သူတို့နှင့် ဆက်ဆံခြင်းအားဖြင့် သူတို့ကိုယ်ကိုသူတို့ အကျိုးရှိစွာ ပုံသွင်းထားသောသူများဖြစ်၏။ ကျွန်ုပ်တို့လည်း ထိုနည်းတူပင်ဖြစ်ရမည်။ သီအိုကရက်တစ်ဓမ္မအမှုကျောင်းမှ အကျိုးဖြစ်ထွန်းစေရန် တာဝန်တိုင်းအတွက် ကောင်းစွာပြင်ဆင်ထားခြင်းဖြင့် ယေဟောဝါပြင်ဆင်ထားတော်မူသော ပညာပေးအစီအစဉ်အားဖြင့် ကျွန်ုပ်တို့ကိုယ်ကိုကျွန်ုပ်တို့ ပုံသွင်းနိုင်၏။ ဤနည်းအားဖြင့် ကျွန်ုပ်တို့လည်း ဘုရားသခင်၏ဓမ္မအမှုဆောင်များအနေနှင့် ထိရောက်စွာ အမှုထမ်းဖို့ အရည်အချင်းရှိလာပါမည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ