သင်ခန်းစာ ၇
လေ့လာမှုသည် အကျိုးဖြစ်ထွန်းစေ
၁။ လေ့လာမှုသည် ကျွန်ုပ်တို့အား အဘယ်အရာအဖို့ ပြင်ဆင်ပေးပါသနည်း။
၁ သင့်ယုံကြည်ခြင်း တိုးများလာခြင်း၊ ဘုရားသခင်အတွက် မေတ္တာခိုင်မာလာခြင်း၊ ပိုမိုပိုင်းခြားသိမြင်ခြင်း၊ သင့်ဓမ္မအမှုကြိုးပမ်းမှုများမှ ပိုမိုအသီးသီးခြင်းကို သင်တွေ့လိုပါသလော။ ဤနေရာများ၌ သင်၏တိုးတက်မှုသည် သင်၏ကိုယ်ပိုင်နှင့် အိမ်ထောင်လိုက် လေ့လာမှုတွင် သင်ဘာလုပ်သည်အကြောင်းပေါ် အတော်အတန် မူတည်၏။ ဤသို့လေ့လာမှုသည် ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့အသက်တာများ၌ အရေးကြီးသော အစိတ်အပိုင်းဖြစ်သည်။ အခုအချိန် ဘုရားရှင် အမှုတော်ထမ်းရာ၌ ကူညီပေးသည်သာမက ဘုရားသခင့် ကမ္ဘာသစ်အသက်တာအတွက်လည်း ပြင်ဆင်ပေး၏။ သင်ပြုသင့်သည့်အတိုင်း ကိုယ်ပိုင်လေ့လာပါသလော။—မ. ၄:၄။
၂၊ ၃။ လေ့လာဖို့ အချိန်ကို ကျွန်ုပ်တို့ မည်သို့ရှာယူနိုင်မည်နည်း။
၂ လေ့လာဖို့ အချိန်လုံလောက်စွာ ရှာယူထားဖို့ အများအားဖြင့် ခက်ခဲမည်ဖြစ်သော်လည်း ၎င်းသည် အဖြေမရှာနိုင်သော အခက်အခဲကြီးတစ်ခု မဟုတ်ပါ။ သင်၏လေ့လာမှုကို တိုးချဲ့ပေးဖို့လိုကြောင်း အသင်သိသောအခါ ပတ်စဉ်အချိန်ဇယားကွက်ကို စိစစ်ကြည့်ပါ။ အခြားလုပ်ငန်းအတွက် အသုံးပြုထားပြီးကြောင်း သင်တွေ့မည်မှာအမှန်။ သို့သော် ကျမ်းစာက အခြားကိစ္စများမှ ‘အချိန်ကိုရွေးနုတ်’ ဖို့ကျွန်ုပ်တို့အား နှိုးဆော်ထား၏။ (ဧ. ၅:၁၅-၁၇) သင်တို့၌ ရုပ်မြင်သံကြားရှိပါက တစ်ပတ်အတွင်း ၎င်းကိုကြည့်ချိန် မည်မျှရှိကြောင်း မှတ်ထားပါ။ ထိုနည်းဖြင့် အသုံးပြုသောအချိန်အရေအတွက်ကို သင်အံ့အားသင့်သွားမည်။ တယ်လီဖုန်းဖြင့် “အာလာပသလ္လာပ” ပြောခြင်း၊ အိမ်နီးချင်းသို့ လည်ပတ်မှု၊ သတင်းစာ သို့မဟုတ် လောကီစာပေများ ဖတ်ခြင်းအတွက် အချိန်မည်မျှအသုံးပြုသနည်း။ ပတ်စဉ် ဤအချိန်များကိုယူပြီး ပိုမိုအကျိုးရှိမည့် လေ့လာမှုအတွက် ပြုပြင်ပေးနိုင်ပါမည်လော။ ဤသို့လေ့လာမှုကို နေ့လယ်အတွင်း သို့မဟုတ် ညနေ သို့မဟုတ် သင့်အတွက် အကောင်းဆုံးအချိန် အဘယ်အချိန်၌မဆို ပြုလုပ်နိုင်ပါ၏။ အများအားဖြင့် လူတစ်ဦးတစ်ယောက်သည် မိမိအတွက် အရေးကြီးဆုံးသောအရာများအတွက် အချိန်ရှာယူပါလိမ့်မည်။ ယေဟောဝါရှင်နှင့် မိမိဆက်ဆံရေးကို ‘အရေးကြီးဆုံးသောအရာ’ ဟူ၍သတ်မှတ်သောသူအဖို့ ဘုရားနှုတ်ကပါဌ်တော်ကို လေ့လာမှုသည် အရေးကြီးသောအချိန်ဖြစ်ကြောင်း လုံးဝသံသယမရှိချေ။—ဖိ. ၁:၉-၁၁; သု. ၂:၁-၅။
၃ ပထမတွင် ထိုင်ပြီး လေ့လာဖို့ အာရုံစိုက်ရန် ခဲယဉ်းကြောင်း တွေ့မည်ဖြစ်သော်လည်း နောင်တွင် ၎င်းသည် လွယ်ကူလာပြီး စိတ်ဝင်စားစရာ ဖြစ်လာပါမည်။ သို့သော် ၎င်းအရေးကြီးမှုကို နားလည်ဖို့လို၏။ မှန်မှန်ပြုလုပ်ဖို့ အချိန်သတ်မှတ်ထားလျက် တကယ်ပင် ကြိုးစားမှုတင်ပြပါ။
၄၊ ၅။ လေ့လာခြင်း၌ အဘယ်အရာများ ပါမည်ဖြစ်၍ လေ့လာချိန်များ မစခင် ဆုတောင်းဖို့ အဘယ်ကြောင့် သင့်တော်သနည်း။
၄ လေ့လာမှုလုပ်ရာတွင် ထိုအကြောင်းအရာကို ပြန်လည်သတိရ၍ ရှင်းလင်းစွာ ဖြေရှင်းပြနိုင်ဖို့ရန် ရည်ရွယ်ချက်ထားပြီး လေ့လာပါ။ အပျင်းပြေ စာဖတ်ရှုခြင်းသည် ကျွန်ုပ်တို့အသက်တာတွင် ထိုက်သင့်သောနေရာရှိသော်လည်း ၎င်းကို လေ့လာမှုဟု မခေါ်နိုင်။ လေ့လာရာတွင် စူးစမ်းရှာဖွေမှု၊ စဉ်းစားဆင်ခြင်မှုနှင့် ပြန်လည်အသုံးချဖို့လိုအပ်၏။ သင်၏အကျိုး ထိရောက်နိုင်စေသည်ထက်ပိုပြီး အကြောင်းအမြောက်အမြားကို လေ့လာဖို့မလုပ်ပါနှင့်။ သို့မဟုတ် သင်၏လေ့လာမှုသည် တန်ဖိုးလျော့နည်း အကျိုးမဖြစ်ထွန်းဘဲနေမည်။ စူးစမ်းရှာဖွေမှုနှင့် ပြန်လည်တွေးတောစဉ်းစားဖို့အချိန်ပေးပါ။ သို့ရာတွင် သတ်မှတ်ထားသည်အထိ ပြီးမြောက်စေပါ။ တကယ်ပင် အကျိုးရှိကြောင်း တွေ့မြင်ပါမည်။
၅ ခရစ်ယာန်ကျောင်းသားတစ်ဦးသည် ဘုရားရှင်နှုတ်ကပါဌ်တော် သမ္မာတရား၏ လေးနက်ရာအချက်များကို မိမိကိုယ်ပိုင်ဉာဏ်ကိုမှီပြီး မလေ့လာပါ။ ဘုရားရှင့်သန့်ရှင်းသောဝိညာဉ်တော်၊ ဆက်ကပ်အပ်နှံထားသော ကျေးကျွန်များပါဝင်သော ဘုရားရှင်၏အဖွဲ့အစည်းနှင့် နှုတ်ကပါဌ်တော်ကိုယ်နှိုက်၏ အကူအညီ လိုအပ်ကြောင်း သူနားလည်၏။ ထို့ကြောင့် ဤသို့လေ့လာချိန်များ၌ ဆုတောင်းခြင်းဖြင့် ဘုရားရှင်ကောင်းချီးမင်္ဂလာကို တောင်းလျှောက်ဖို့ သင့်လျော်၏။—ယာ. ၁:၅; လု. ၁၁:၉-၁၃။
၆၊ ၇။ အိမ်ထောင်လိုက် ကျမ်းစာဖတ်ရှုခြင်းမှ ပိုမိုအကျိုးရှိဖို့ အဘယ်အကူအညီ ဖြစ်စေသည့် အကြံဉာဏ်ပေးချက်များကို ကြိုးစားလုပ်သင့်သနည်း။
၆ ကျမ်းစာလေ့လာခြင်း။ သီအိုကရက်တစ်ဓမ္မအမှုကျောင်းတွင် ပတ်စဉ်သမ္မာကျမ်းမှအပိုင်းအချို့ကို ဖတ်ရှုဖို့ အများအားဖြင့် စီစဉ်ထား၏။ အများအားဖြင့် အိမ်ထောင်စုလိုက် ညနေပိုင်း၌ တစ်ခန်းနှစ်ခန်းကို ဖတ်ရှုနိုင်ပါ၏။ ဤသို့ဖတ်ရှုခြင်းမှ အကျိုးရှိနိုင်ဖို့ အပိုဒ်တစ်ခုကိုဖတ်ပြီးနောက် ဖတ်ရှုသူ သို့မဟုတ် အဖွဲ့ထဲမှတစ်ဦးတစ်ယောက်က ၎င်းစာပိုဒ်၏ အဓိကအချက်ကို မှတ်ချက်ပေးပါက အကူအညီဖြစ်စေပါမည်။ သင်ကိုယ်တိုင် ဖတ်နေပါက တင်ပြထားသောအချက်ကို တွေးတောစဉ်းစားဖို့အချိန်အနည်းငယ်ယူပြီး ၎င်းအချက်သည်ကျန်အချက်နှင့် အဘယ်သို့ဆက်စပ်ကြောင်းကို စဉ်းစား၍ သင့်ကိုယ်ကိုအဘယ်သို့ အကျိုးရှိစေကြောင်း စဉ်းစားပါ။
၇ သမ္မာကျမ်းစာ ဖတ်ရှုခြင်းပြီး၍ အချို့အချက်များကို မရှင်းလင်းပါက စူးစမ်းရှာဖွေမှုလုပ်ဖို့ အချိန်ရှာယူဖို့ သင့်တော်ပါမည်။ ကျမ်းချက်တစ်ချက်၏ အဓိပ္ပာယ်သည် သင့်အဖို့ မရှင်းလင်းဘဲ ဖြစ်ကောင်းဖြစ်ပေမည်။ ဤအကြောင်းနှင့်ပတ်သက်၍ ပိုမိုနားလည်မှုကို မည်သို့ရှာယူနိုင်မည်နည်း။ ကျမ်းချက်ကို အဘယ်နေရာတွင် ရှင်းပြထားကြောင်း သိရှိရန် ကင်းမျှော်စင် စာပေမာတိကာများ၏ ကျမ်းချက်မာတိကာအပိုင်းကို ဦးစွာစစ်ဆေးကြည့်လိုမည်။ သင့်မေးခွန်းက “သန့်ရှင်းစေခြင်း” သို့မဟုတ် “မဟာဗာဗုလုန်” စသည့် ကျမ်းချက်ပါ အခေါ်အဝေါ်တစ်ခုခုနှင့် စပ်လျဉ်းမည်ဆိုလျှင် သင့်စာကြည့်ခန်းရှိ ကင်းမျှော်စင်စာပေ မာတိကာများမှ အကြောင်းအရာမာတိကာတွင် ရှာကြည့်ခြင်းအားဖြင့် ထပ်ဆင့်မှတ်ချက်များကို သင်တွေ့ရှိပေမည်။ ကျမ်းစာပါ ပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် နေရာတစ်ခုအကြောင်း ထပ်ဆင့်သိလိုလျှင်လည်း ထပ်တူနည်းကို အသုံးပြုနိုင်ပါသည်။ ပုဂ္ဂိုလ်များနှင့် နေရာများအကြောင်း ကျမ်းစာစောင်များအပေါ် ထိုးထွင်းသိမြင်ခြင်းစာအုပ် သို့မဟုတ် သင့်ကမ္ဘာသစ်ဘာသာပြန်ကျမ်း နောက်တွင်ရှိသော အက္ခရာစဉ်အလိုက် ဖော်ပြထားသည့် ကျမ်းချက်မာတိကာသို့ဖွင့်၍ ကျမ်းချက်ကိုးကားချက်များကို ဖတ်ရှုခြင်းအားဖြင့် သိရှိနိုင်ပါလိမ့်မည်။
၈၊ ၉။ ကျမ်းစာဆိုင်ရာ မေးခွန်းများ၏ အဖြေများကို အဘယ်သို့ရှာယူပြီး အဖြေများအပြင် အဘယ်အရာကိုလည်း ရှာယူသင့်သနည်း။
၈ အဖြေများကိုရှာဖွေဖို့ စူးစမ်းခြင်း။ တစ်ခါတစ်ရံ ပြန်လည်ပတ်မှုတစ်ခု၌သော်လည်းကောင်း၊ ကျမ်းစာသင်အံမှုတစ်ခု၌သော်လည်းကောင်း သင်အဘယ်သို့ဖြေဆိုရမည်ကို မသိသော မေးခွန်းတစ်ခု ပေါ်ပေါက်လာပေမည်။ ဤသို့သောမေးခွန်းများနှင့်ပတ်သက်၍ စူးစမ်းရှာဖွေမှုကို သင့်အိမ်တွင်းလေ့လာချိန်အတွင်း ပြုလုပ်နိုင်၏။ သို့ဖြင့် ‘သမ္မာတရားကို မှန်ကန်စွာ ပိုင်းခြားနေကြောင်း’ သေချာနိုင်မည်။ (၂ တိ. ၂:၁၅) အနည်းငယ် ကြိုးစားမှုဖြင့် စိတ်ကျေနပ်စေနိုင်သောအဖြေကို ရရှိပါမည်။ ပထမဦးဆုံးအနေနှင့် ကျမ်းချက်တစ်ချက်၏ အဓိပ္ပာယ်မရှင်းလင်းပါက အထက်အောက် ကျမ်းပိုဒ်များကိုဖတ်ဖို့ သတိပြုပါ။ ၎င်းကျမ်းပိုဒ်များတွင် မည်သည့်အကြောင်း ဆွေးနွေးနေသဖြင့် ယခုသိလိုသော ကျမ်းချက်၏အဓိပ္ပာယ်က အဘယ်နည်း။ ယင်းကို သေချာပြီဆိုလျှင် ကင်းမျှော်စင် စာပေမာတိကာများ၏ ကျမ်းချက်မာတိကာအပိုင်းကို စစ်ဆေးကြည့်ခြင်းဖြင့် ထပ်ဆင့်အကူအညီရနိုင်သည်။ အယူဝါဒတရားတစ်ခု သို့မဟုတ် ပရောဖက်ပြုချက်တစ်ချက်အကြောင်းလော။ သို့မဟုတ် မိမိအသက်တာ၌ ကျမ်းစာကျင့်ဝတ်စဉ်များ ပြုကျင့်ခြင်းအကြောင်းလော။ ကင်းမျှော်စင် စာပေမာတိကာများ၏ အကြောင်းအရာမာတိကာအပြင် ကျမ်းချက်မာတိကာအပိုင်းတို့က သင်သိလိုသောအကြောင်းကို ရရှိရန် အထောက်အကူပြုမည်။
၉ အဖြေရရှိပြီဖြစ်ကြောင်း ကျေနပ်သောအခါ ၎င်းအတွက် အဘယ်သက်သေသာဓကများ ရရှိသည်ကို သင့်ကိုယ်သင် မေးစမ်းကြည့်ပါ။ အဖြေသည် တင်ပြချက်တစ်ခုမျှသာ ဖြစ်နေ၍ နားထောင်သူအဖို့ တစ်ယူသန်ဖြစ်၏ဟု ထင်ကောင်းထင်စေမည်လော။ သို့မဟုတ် အသင်းမကြီး စာပေများ၌ တင်ပြချက်များတွင် အကြောင်းကောင်းများကို တွေ့မြင်နားလည်နိုင်ပါသလော။ ၎င်းတို့သည် တကယ်ပင် မှန်ကန်ကြောင်း သင်လက်တွေ့ တင်ပြနိုင်ပါမည်လော။ သင်လည်ပတ်တွေ့ဆုံသောသူသည် သင့်အဆိုသွင်းချက်များအတွက် အကြောင်းကောင်းများပေး၍ ဖြေရှင်းစေလိုပါမည်။ ကျမ်းချက်များနှင့် ထောက်ထားပြစေလိုမည်။ ထိုအချက်ကို သက်သေတင်ပြနိုင်ပါမည်လော။ ထိုသူသည် အမှန်အတိုင်း နားလည်နိုင်ဖို့ ကူညီစေမည့် ထိန်းကျောင်းမေးခွန်းများ သင်အသုံးပြုဖို့ ရှိပါသလော။ ထိုအကြောင်းကို လေ့လာထား၍ အဖြေကို ထိရောက်စွာ တင်ပြနိုင်ဖို့ ကူညီပေးပါမည်။
၁၀၊ ၁၁။ ကင်းမျှော်စင်သင်တန်းနှင့် အသင်းတော်စာအုပ်ကြီးသင်တန်းအတွက် အဘယ်သို့ ပြင်ဆင်ရမည်ကို အကြံဉာဏ်များ ပေးပါ။
၁၀ “ကင်းမျှော်စင်” သင်တန်းအတွက် ပြင်ဆင်ခြင်း။ အချို့တိုင်းပြည်များတွင် ယေဟောဝါသက်သေများ၏လုပ်ငန်းကို ဆန့်ကျင်သဖြင့် ကင်းမျှော်စင်ကို မှန်မှန်မရရှိနိုင်ပေ။ ဤနေရာများ၌ ညီအစ်ကိုများသည် စာစောင်အဟောင်းများကို ပြန်လည်ဆွေးနွေးရ၏။ သို့မဟုတ် ယခင်သင်တန်းများမှ သတိရသလောက်ကို ပြန်လည်မေးမြန်းရ၏။ သင်တို့လေ့လာခဲ့သည့် မကြာခင်ကထုတ်သော ကင်းမျှော်စင် စာစောင်တို့မှ အဓိကအချက်အလက်များကို သင်သတိရပါသလော။ မိမိတို့အသက်တာ၌လည်းကောင်း၊ လယ်ကွင်းဓမ္မအမှု၌လည်းကောင်း နောင်တွင် ပြန်အသုံးချနိုင်ဖို့ သတိရနိုင်အောင် လေ့လာသင့်သည်။
၁၁ မဂ္ဂဇင်းကို ရရှိသည်နှင့်တစ်ပြိုင်နက် အစမှအဆုံး ဖတ်ကြည့်ပါက အကျိုးရှိ၏။ သို့ဖြင့် ထိုအကြောင်းအရာ၏ အချုပ်ကို နားလည်ပါမည်။ ထိုနောက် အသင်းတော်လိုက် မလေ့လာခင် ကိုယ်တိုင်သော်လည်းကောင်း၊ အိမ်ထောင်စုနှင့်သော်လည်းကောင်း ပြန်လည်လေ့လာသင့်၏။ ဤသို့လေ့လာရာတွင် ဦးဆုံးအနေနှင့် ဆောင်းပါး၏ ခေါင်းစဉ်ကိုလည်းကောင်း၊ အဓိကကျမ်းချက်ကိုလည်းကောင်း၊ ဆောင်းပါးတစ်ခုလုံးအတွက် စာလုံးနက် ခေါင်းစဉ်ငယ်များကိုလည်းကောင်း သတိပြုပါ။ သို့ဖြင့် ဆောင်းပါး၏အချုပ်ကို နားလည်စေပြီး အပိုဒ်အသီးသီးပါ အသေးစိတ်အချက်အလက်များ မည်သို့ဆက်စပ်ကြောင်းကို နားလည်ဖို့ အကူအညီရမည်။ ယခုတွင် တစ်ပိုဒ်ပြီးတစ်ပိုဒ် ဖတ်ရှုလျက် မေးခွန်းများ၏ အဖြေများကို ရှာယူ၍ နောင်အသုံးပြုနိုင်ဖို့ အဓိကအချက်များကိုသာ မျဉ်းသားပါ။ အပိုဒ်တစ်ခုစီပြီးနောက် မေးခွန်းကို ကိုယ်ပိုင်စကားနှင့် မဖြေနိုင်လျှင် ဖြေနိုင်ဖို့အတွက် အပိုဒ်ကို ပြန်ဖတ်ပါက အကျိုးရှိမည်။ ပေးထားသောအဖြေများအတွက် ထောက်ထားသည့် ကျမ်းချက်များကို သတိပြု၍ ကိုးကားပြသောကျမ်းချက်များကို ဖွင့်ရှာပြီး အစည်းအဝေး၌ သင်ဖြေဆိုလိုသော အချက်များကို သတိပြုမှတ်သားထားပါ။ ခေါင်းစဉ်ငယ်တစ်ခုအောက်ရှိ အပိုဒ်အားလုံးကို ပြီးဆုံးသောအခါ ခဏရပ်နားလျက် ထိုအကြောင်းသည် ခေါင်းစဉ်အကြောင်းတစ်ခုလုံးကို အဘယ်သို့ဖြည့်စွက်ပေးကြောင်း ပြန်လည်စဉ်းစားပါ။ ဆောင်းပါးတစ်ခုလုံး အဆုံး၌လည်း ဤသို့ထပ်ပြုလုပ်ပါ။ သင်နားလည်သောအကြောင်းများကို အဘယ်နေရာတွင် အသုံးပြုနိုင်မည်အကြောင်း၊ သင့်ဘဝအသက်တာနှင့် မည်သို့သက်ဆိုင်သည်၊ သို့မဟုတ် အခြားသူတစ်ဦးကို မည်သို့ ဖြေရှင်းပြမည်အကြောင်း မေးမြန်းကြည့်ပါ။ ဤသို့ဖြင့် အဖြေများမှတ်သားသည်သာမဟုတ်ဘဲ ဉာဏ်ပညာနှင့် နားလည်တတ်ကျွမ်းမှုကိုပါ သင်ရယူပါမည်။ (သု. ၄:၇) အသင်းတော်နှင့် ကင်းမျှော်စင်လေ့လာသောသင်တန်း၌ ပိုမို၍ ပျော်ရွှင်မှုရရှိပါမည်။ အသင်းတော်စာအုပ်ကြီးသင်တန်းအတွက် ပြင်ဆင်ရာ၌လည်း ထိုနည်းတူပင်ပြုနိုင်၏။
၁၂–၁၄။ အိမ်ထောင်လိုက် လေ့လာမှုသည် အဘယ်ကြောင့် အလွန်အရေးကြီးသနည်း။
၁၂ အိမ်ထောင်လိုက် လေ့လာခြင်း။ ထိုပင်မကသေး လေ့လာမှုအစီအစဉ်၌ သင့်အိမ်ထောင်ကိုလည်း ပါဝင်စေပါ။ သို့မှသာ ယောက်စီယောက်တိုင်း အပြည့်အဝအကျိုးခံစားရမည်။ အိမ်ထောင်ဦးစီးသည် သေချာစွာ လေ့လာပြီး မိမိဇနီးနှင့်ကလေးများမူ ဝိညာဉ်ရေး၌ ငတ်မွတ်နေပါက မေတ္တာပြသည်ဟု ခေါ်နိုင်မည်လော။ အိမ်ထောင်ဦးစီးသည် ကိုယ်ကာယအတွက်သာမက ဝိညာဉ်ရေး၌လည်း ‘မိမိလူတို့ကို ပြုစု၊ ထိုမျှမက မိမိအိမ်သူအိမ်သားတို့ကို ပြုစု’ ရမည်ဖြစ်သည်။ (၁ တိ. ၅:၈) မိမိကလေးများကို စောစောကတည်းက ကျမ်းစာအရ လေ့ကျင့်ပေးခြင်း၏ ဉာဏ်ပညာကို သုတ္တံ ၂၂:၆ ပါသြဝါဒ၌ တွေ့ရ၏– “သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့။ သို့ပြုလျှင် သူသည် အိုသောအခါ ထိုလမ်းမှ မလွှဲ၊ လိုက်သွားလိမ့်မည်။” သင်၏ ကလေးအတွက် အကျိုးဖြစ်ထွန်းနိုင်ဖို့ ငယ်လွန်း၏ဟု မထင်မှတ်ပါနှင့်။ နို့စို့သူငယ်ဘဝမှပင် ကလေးများ သင်ယူနိုင်၏။ (၂ တိ. ၃:၁၅) အများဆုံးနှင့် အမြန်ဆုံးတိုးတက်မှုရှိသော အိမ်ထောင်များသည် အများအားဖြင့် အိမ်ထောင်လိုက် ဖတ်ရှုလေ့လာခြင်းပြုဖို့ အလေ့အကျင့်ရှိသူများ ဖြစ်ကြ၏။ မှန်မှန်လေ့လာခြင်းသည် အလွန်အရေးကြီးသည်။
၁၃ သင့်အိမ်ထောင်နှင့် နေ့စဉ်ကျမ်းချက်ကို ဆွေးနွေးပြီး သူတို့နားလည်ကြောင်း တင်ပြဖို့ သူတို့အား ဖြေဆိုမေးခွန်းမေးစေပါသလော။ ဤသို့ပြုလုပ်ခြင်းသည် သင့်အိမ်ထောင်အတွက် ဝိညာဉ်အစာ ကြွယ်ဝစေမည်။ အိမ်ထောင်အမြောက်အမြားသည် အစာစားချိန်၌ ဤသို့ပြုလုပ်ကြ၏။ ထို့ပြင် အိမ်ထောင်တစ်ခုအနေနှင့် ပိုမိုအကျယ်တဝင့် လေ့လာမှုပြုလုပ်ရန်အတွက် ပတ်စဉ်မှန်မှန် အချိန်သတ်မှတ်ထားသင့်၏။ ညနေ၌ဖြစ်စေ၊ သင့်တော်သောအချိန်တစ်ချိန်၌ဖြစ်စေ သတ်မှတ်ထားနိုင်၏။ ကျမ်းစာပါ အကြောင်းအရာများကို ကျေနပ်စွာ နားလည်နိုင်ဖို့လည်းကောင်း၊ ယင်းအချက်များကို အဘက်ဘက်မှ နားလည်ထားနိုင်ဖို့လည်းကောင်း၊ နှလုံး၌ စွဲမြဲစေဖို့လည်းကောင်း အချိန်လုံလောက်စွာ လေ့လာသင့်၏။ ဤသို့အတူတကွ လေ့လာမှုမှ အားလုံးကို အကျိုးဖြစ်ထွန်းစေ၏။ ဤသို့အိမ်ထောင်လိုက် လေ့လာပါသလော။ သင့်အိမ်၌ မှန်မှန်မလေ့လာပါက ယနေ့ တစ်အိမ်ထောင်လုံးနှင့် ဤအကြောင်းကို ဆွေးနွေး၍ ယင်းသည် သင့်ဘဝ၏ တစ်စိတ်တစ်ပိုင်းဖြစ်စေဖို့ရန် စပြုလုပ်ပါက ကောင်းမည်မဟုတ်လော။—ဧ. ၆:၄; တရား. ၆:၄-၇။
၁၄ ကလေးများသည် ငယ်သေးပါက သူတို့အတွက် နားလည်လွယ်၍ အကူအညီဖြစ်စေမည့်အကြောင်းကို ထည့်လေ့လာပါက ကောင်းပါမည်။ သို့သော် အလွန်ခက်ခဲသောအကြောင်းကိုပင်လျှင် သူတို့နားလည်နိုင်မည့်အချက်အပေါ် လွယ်ကူသည့်မေးခွန်းများကို တစ်ခါတစ်ရံ မေးပြီး ဆွေးနွေးခြင်းအားဖြင့် သူတို့ကို ပါဝင်စေနိုင်၏။ အိမ်ထောင်အများသည် သူတို့အိမ်ထောင်လိုက် လေ့လာချိန်၌ ကင်းမျှော်စင် သင်တန်းအတွက် ပြင်ဆင်ကြ၏။ သို့သော် အိမ်ထောင်လိုအပ်ချက်ကိုလိုက်ပြီး အဘယ်အကြောင်းကိုမဆို လေ့လာနိုင်၏။ ဤသို့လေ့ကျင့်ခြင်းဖြင့် အိမ်ထောင်ဆက်ဆံရေးကို ခိုင်မာစေလျက် ဝိညာဉ်ရေးကို တန်ဖိုးထားလေးစားမှုလည်း တိုးများစေမည်။
၁၅–၁၇။ မှန်မှန်လေ့လာမှုအားဖြင့် အဘယ်အကျိုးကျေးဇူးများ ရရှိနိုင်သနည်း။
၁၅ ကြိုးစားမှုအတွက် အကျိုးကျေးဇူးများ။ ဤသို့ကြိုးစားလေ့လာမှုတွက် ချက်ချင်းရရှိနိုင်သော အကျိုးမှာ လေ့ကျင့်မှုနှင့် လှုံ့ဆော်မှုကြောင့် မှတ်ဉာဏ်ကို တိုး၍ကောင်းစေ၏။ လယ်ကွင်းဓမ္မအမှုနှင့် အသင်းတော်စည်းဝေးများ၌ လေ့လာခဲ့ပြီးသောအချက်များကို ပြန်လည်သတိရစေပြီး ဖြေဆိုဖို့ လွယ်ကူစေမည်။ စိတ်ပါဝင်စားသူ လူသစ်များ၏ မေးခွန်းများကို ချက်ချင်းဖြေဆိုနိုင်ကြောင်း၊ ကျွန်ုပ်တို့ဖြေဆိုချက်များကို ထောက်ထားပေးသည့် ကျမ်းချက်များကိုပါ ချက်ချင်းဖွင့်ပြနိုင်ကြောင်း တွေ့ရပါလိမ့်မည်။ သို့သော် ထိုထက်ပင်မကသေး လေ့လာခြင်းဖြင့် ဘုရားသခင်၏ နှုတ်ကပါဌ်တော်ကို အရာရာတိုင်း၌ ပိုမိုနားလည်လာစေနိုင်၏။ ယုံကြည်ခြင်း ပိုမိုခိုင်မာစေပြီး ကျမ်းစာကျင့်စဉ်များကို ပိုမိုရှင်းလင်းစွာ ဆင်ခြင်စဉ်းစားနိုင်ကာ ယေဟောဝါရှင်ကို ဝတ်ပြုရာ၌ ပိုမိုဝမ်းမြောက်မှု ဖြစ်စေနိုင်၏။—ဟေဗြဲ ၅:၁၄။
၁၆ ပညာရှိသူများသည် မိမိတို့ ဝိညာဉ်ရေးအသက်တာနှင့်ဆိုင်သောကိစ္စများကို ပထမဦးဆုံးနေရာ၌ ထားကြ၏။ အချိန်မလုံလောက်သဖြင့် အခြားအရေးမကြီးသည့်ကိစ္စများကို ဖျက်ပယ်ပေမည်။ သို့သော် အသက်စာစောင်ကို လေ့လာခြင်းမူကား မပယ်ဖျက်သင့်။ ဤသို့ပြုလုပ်သူတို့အား ယေဟောဝါရှင်က ‘အတွေ့ခံတော်မူမည်’ ဟုကတိပြုသည်။ (၅ ရာ. ၂၈:၉) ဦးနှောက်၌ ဉာဏ်ပညာတိုးဖို့သာမဟုတ်ဘဲ စိတ်နှလုံးကိုပါ ကျွေးမွေးပေးဖို့ လေ့လာမှုပြုလုပ်ပါက ဤအတိုင်း အထူးသဖြင့်ဖြစ်မည်။ ကိုယ်တော်၏ နှုတ်ကပါဌ်တော်ကို လေ့လာစဉ် ယေဟောဝါရှင်နှင့် ကိုယ်တော်၏ အံ့သြဖွယ်ရာအမှုတော်များကို တန်ဖိုးထားလေးစားခြင်းနှင့် ချစ်မြတ်နိုးခြင်းကို တိုးပွားစေပါ။
၁၇ ဘုရားသခင့် အမှုဆောင်များ လေ့လာမှုပြုခြင်း၏ ရည်ရွယ်ချက် အစစ်အမှန်ကို ကောလောသဲ ၁:၉၊ ၁၀ ၌မှတ်တမ်းတင်ရေးထားသော တမန်တော်ပေါလု၏ ဆုတောင်းချက်က ရှင်းလင်းစွာ ဖော်ပြထားသည်– “သင်တို့သည် ကောင်းသောအကျင့်အမျိုးမျိုးတည်းဟူသော အသီးကိုသီးခြင်း၊ ဘုရားသခင်ကို သိသောဉာဏ် တိုးပွားခြင်းရှိသဖြင့် . . . ခမည်းတော်ဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်းလျက် သခင်ဘုရားနှင့် ထိုက်လျောက်စွာကျင့်၍ အရာရာ၌ နှစ်သက်တော်မူခြင်းငှာ ပညာအမျိုးမျိုး၊ ဓမ္မဉာဏ်အမျိုးမျိုးအားဖြင့် အလိုတော်ကို အကုန်အစင်နားလည်ပါမည်အကြောင်း ဆုတောင်းပတ္ထနာပြု၏။”