ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၄/၁၁ စာ. ၄-၅
  • သေခြင်းတရားရဲ့အဖြစ်မှန်ကို လက်ခံခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သေခြင်းတရားရဲ့အဖြစ်မှန်ကို လက်ခံခြင်း
  • နိုးလော့!—၂၀၁၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ကျွန်တော့်အတွက် ဝမ်းနည်းရမယ့်အချိန်မရှိဘူး”
  • “အမေမရှိတော့ အိမ်က ခြောက်ကပ်ကပ်ဖြစ်နေတယ်”
  • ဝမ်းနည်းပူဆွေး နေသူတို့အတွက် အကူအညီ
    နိုးလော့!—၂၀၁၁
  • ပူဆွေးသောကနှင့် ကျွန်ုပ်မည်သို့ စခန်းသွားရမည်နည်း
    သင်ချစ်ရသူတစ်ဦး ကွယ်လွန်သည့်အခါ
  • ဝမ်းနည်းပူဆွေးမှုကို ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲ
    လူငယ်များအမေး
  • ဤကဲ့သို့သောခံစားချက်သည် ဖြစ်ရိုးဖြစ်စဉ်ဓမ္မတာလော
    သင်ချစ်ရသူတစ်ဦး ကွယ်လွန်သည့်အခါ
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၁
န ၄/၁၁ စာ. ၄-၅

သေခြင်းတရားရဲ့အဖြစ်မှန်ကို လက်ခံခြင်း

“အဖေဆုံးပြီဆိုတဲ့သတင်းကြောင့် ကျွန်မထိတ်လန့်သွားပြီး စိတ်ပျက်လက်ပျက်ဖြစ်သွားတယ်။ သူသေဆုံးချိန်မှာ သူ့အနား ကျွန်မ,မရှိခဲ့လို့ ငါ့မှာအပြစ်ရှိတယ်ဆိုတဲ့ခံစားချက်က မခံရပ်နိုင်လောက်အောင်ပါပဲ။ ချစ်ရသူတစ်ဦးဆုံးရှုံးတဲ့အခါ ဘယ်လောက်စိတ်နာကျင်ရတယ်ဆိုတာ မပြောပြနိုင်လောက်တဲ့အထိပဲ။ ကျွန်မ အဖေ့ကို အရမ်းသတိရတယ်။”—စာရာ။

ဘယ်ယဉ်ကျေးမှု၊ ဘယ်ဘာသာဝင်ပဲဖြစ်ပါစေ လူအများက သေခြင်းအကြောင်းကို သိပ်မဆွေးနွေးချင်ကြဘူး။ ဒါကြောင့် တချို့ဘာသာစကားမှာ စကားယဉ်လေးတွေကို သုံးတတ်ကြတယ်။ မြန်မာစကားမှာလည်း လူတစ်ဦးသေတယ်လို့ပြောမယ့်အစား “ကွယ်လွန်သွားပြီ၊” “ဆုံးသွားပြီ၊” “မရှိတော့ဘူး” လို့ပြောတတ်ကြတယ်။

ဒါပေမဲ့ အသိမ်မွေ့ဆုံးစကားလုံးလေးတွေကတောင် ချစ်ရသူတစ်ဦးဆုံးရှုံးခြင်းကြောင့် ခံစားရတဲ့ ပူဆွေးဝမ်းနည်းမှုကို အနည်းငယ်သာ သက်သာအောင် လုပ်နိုင်တယ်။ တချို့သူတွေဟာ အဖြစ်မှန်ကို လက်မခံနိုင်လောက်တဲ့အထိ အရမ်းပူဆွေးဝမ်းနည်းနေကြတယ်။

သင်လည်း ချစ်ရသူတစ်ဦးကို သေခြင်းမှာဆုံးရှုံးဖူးတယ်ဆိုရင် အဖြစ်မှန်ကို လက်ခံရခက်မှန်း သိပါလိမ့်မယ်။ အပြင်ပန်းမှာတော့ ဘာမှမဖြစ်သလို နေပြနိုင်ပေမဲ့ စိတ်ထဲမှာတော့ တစ်မျိုးဖြစ်နေပါလိမ့်မယ်။ မှန်ပါတယ်၊ တစ်ဦးနဲ့တစ်ဦး ဝမ်းနည်းပုံချင်းမတူတဲ့အတွက် သင့်ဝမ်းနည်းပူးဆွေးမှုကို ပေါ်ပေါ်ထင်ထင်မတင်ပြဘူးဆိုရင် ဒါက သင်ဝမ်းမနည်းဘူးဆိုတဲ့သဘောမျိုး မဟုတ်ပါဘူး။a ဒါပေမဲ့ ဝမ်းနည်းကြေကွဲနေကြတဲ့ မိသားစုဝင်တွေရှေ့မှာ ကိုယ်လည်း သူတို့လို ဝမ်းနည်းမှုကိုဖော်ပြဖို့လိုတယ်လို့ ခံစားရတယ်ဆိုရင်တော့ အခက်အခဲတွေရှိလာနိုင်တယ်။

“ကျွန်တော့်အတွက် ဝမ်းနည်းရမယ့်အချိန်မရှိဘူး”

အသက် ၂၄ နှစ်အရွယ်မှာ မိခင်ကိုဆုံးရှုံးလိုက်ရတဲ့ လူငယ် နာသာနေလ်ရဲ့တွေ့ကြုံမှုကို သုံးသပ်ကြည့်ပါ။ “ပထမတော့ ကျွန်တော် စိတ်ရှုပ်ထွေးခဲ့တယ်။ အဖေနဲ့ ဝမ်းနည်းပူဆွေးနေကြတဲ့ အမေ့မိတ်ဆွေတွေကို နှစ်သိမ့်အားပေးဖို့လိုတယ်လို့ ခံစားရတယ်။ ကျွန်တော့်အတွက် ဝမ်းနည်းပူဆွေးနေဖို့ အချိန်မရှိဘူး” လို့သူပြောတယ်။

တစ်နှစ်ကျော်ကြာပြီးတဲ့နောက် သူကိုယ်တိုင်ရဲ့ခံစားချက်ကို ကောင်းကောင်းမကုစားရသေးကြောင်း နာသာနေလ် သိလိုက်ရတယ်။ “အဖေက သူ့ရဲ့ဝမ်းနည်းမှုကို ထုတ်ပြောဖို့ ကျွန်တော့်ကို ခေါ်လေ့ရှိတယ်။ ဒီလိုလုပ်တာ ကောင်းတယ်။ သူ့ရဲ့ဝမ်းနည်းကြေကွဲမှုကို ထုတ်ပြောဖို့ လိုအပ်တယ်လေ။ အဖေ့ကို ကူညီခွင့်ရတာ ဝမ်းသာပါတယ်။ ဒါပေမဲ့ ကျွန်တော် နှစ်သိမ့်အားပေးမှုလိုအပ်တဲ့အခါကျတော့ ဘယ်သူ့ဆီသွားရမှန်းမသိဘူး ဖြစ်နေတယ်။”

သေခြင်းရဲ့အဖြစ်မှန်ကို မကြာခဏရင်ဆိုင်ရတဲ့ ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူတွေအပါအဝင် လူနာစောင့်ရှောက်သူတွေဟာ သူတို့ရဲ့ခံစားချက်ကို မျိုသိပ်ထားဖို့လိုတယ်လို့ ယူမှတ်မိနိုင်တယ်။ နှစ်ပေါင်း ၂၀ ကျော်ကြာ ဆရာဝန်တစ်ဦးဖြစ်ခဲ့သူ ဟီလူးစီယာရဲ့အဖြစ်ကို သုံးသပ်ကြည့်ပါ။ သူက တစ်ဦးနဲ့တစ်ဦးသိကျွမ်းတဲ့အသိုင်းအဝိုင်းတစ်ခုမှာ အလုပ်လုပ်ခဲ့ပြီး သူ့ရဲ့လူနာတွေနဲ့ အကျွမ်းတဝင်ရှိတယ်။ “လူနာတွေသေဆုံးတဲ့အခါ အများအားဖြင့် သူတို့အနားမှာ ကျွန်မရှိနေခဲ့ပြီး တချို့သူတွေဆိုရင် ကျွန်မ အရမ်းချစ်ခင်ရတဲ့မိတ်ဆွေတွေဖြစ်တယ်” လို့ပြောတယ်။

ငိုချလိုက်တာက ဝမ်းနည်းပူဆွေးမှုကို အလိုလိုသက်သာစေတယ်ဆိုတာ ဟီလူးစီယာ သိတယ်။ “ဒါပေမဲ့ ကျွန်မ ငိုဖို့ ခက်နေတယ်။ ကျွန်မပါလိုက်ဝမ်းနည်းနေရင် အခြားသူတွေအတွက် ပိုဆိုးမယ်ထင်လို့ ကျွန်မရဲ့ခံစားချက်ကို မျိုသိပ်ထားလိုက်တယ်။ တခြားသူတွေ ကျွန်မဆီက ဒီလိုပဲ မျှော်လင့်ထားမယ်လို့ ထင်ခဲ့တယ်” လို့သူပြန်ပြောပြတယ်။

“အမေမရှိတော့ အိမ်က ခြောက်ကပ်ကပ်ဖြစ်နေတယ်”

ချစ်ရသူတစ်ဦးကို ဆုံးရှုံးလိုက်ရသူတွေ ရင်ဆိုင်ရတဲ့အခက်ခဲဆုံးစိန်ခေါ်ချက်တစ်ခုက အထီးကျန်ခြင်းဖြစ်နိုင်တယ်။ ဥပမာ၊ အက်ရှ်လေ ၁၉ နှစ်အရွယ်မှာ သူ့အမေဟာ ကင်ဆာရောဂါနဲ့ သေဆုံးခဲ့တယ်။ “အမေဆုံးပြီးတဲ့နောက်မှာ အားလုံးဆုံးရှုံးသွားပြီး တစ်ယောက်တည်းပဲကျန်တော့တယ်လို့ ခံစားရတယ်။ အမေက ကျွန်မရဲ့အကောင်းဆုံးသူငယ်ချင်းပဲ။ အမေနဲ့ အမြဲတတွဲတွဲရှိခဲ့တာ။”

အိမ်မှာအမေမရှိတော့ဘူးဆိုတဲ့သိစိတ်ကြောင့် အက်ရှ်လေအဖို့ နေ့တိုင်း အိမ်ပြန်ရခက်နေတာကို နားလည်နိုင်ပါတယ်။ “အမေမရှိတော့ အိမ်က ခြောက်ကပ်ကပ်ကြီးဖြစ်နေတယ်။ ဒါကြောင့် အခန်းထဲကိုပြေးဝင်ပြီး အမေ့ဓာတ်ပုံကိုကြည့်ရင်း၊ သူနဲ့အတူတူလုပ်ခဲ့တာတွေကို တွေးရင်း ငိုခဲ့ရတဲ့အကြိမ်တွေ မနည်းဘူး” လို့သူပြောပြတယ်။

မိသားစုဝင်တစ်ဦး (သို့) ရင်းနှီးတဲ့မိတ်ဆွေတစ်ဦးကို ဆုံးရှုံးခဲ့ရလို့ ဝမ်းနည်းပူဆွေးနေတယ်ဆိုရင် ဒီလိုခံစားချက်မျိုးကို တခြားသူများစွာလည်း ခံစားဖူးကြတယ်ဆိုတာ သတိရပါ။ လူအတော်များများက သူတို့ရဲ့ခံစားချက်ကို နားလည်ပြီး ဖြည်းဖြည်းချင်းကုစားနိုင်ခဲ့တယ်ဆိုတာ နောက်ဆောင်းပါးမှာ တွေ့ရလိမ့်မယ်။

[အောက်ခြေမှတ်ချက်]

a ဝမ်းနည်းပူဆွေးပုံချင်းမတူကြတဲ့အတွက် ချစ်ရသူတစ်ဦးသေဆုံးခြင်းကြောင့် ဝမ်းနည်းပူးဆွေးမှုကို ပေါ်ပေါ်ထင်ထင်မတင်ပြတဲ့သူတွေအပေါ် တစ်မျိုးတစ်မည်ကောက်ချက်မချသင့်ပါ။

[စာမျက်နှာ ၅ ပါ အကျဉ်းဖော်ပြချက်]

“အားလုံးဆုံးရှုံးသွားပြီး တစ်ယောက်တည်း ကျန်တော့တယ်လို့ ခံစားရတယ်။ အမေက ကျွန်မရဲ့အကောင်းဆုံးသူငယ်ချင်းပဲ”—အက်ရှ်လေ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ